← Chapters

ကိန်းခမ်းကြီးသူတစ်ယောက်သဖွယ် ပြုမူခြင်း

Vol. 05 Ch. 230

ကိန်းခမ်းကြီးသူတစ်ယောက်သဖွယ် ပြုမူခြင်း

Vol. 05 Ch. 230

“စိတ်မပူပါနဲ့ သူဋ္ဌေး။ ဒီ ဓားအမာရွတ်ချန်က မင်းရဲ့နောက်လိုက်ပါပဲ။ ငါ သေသွားရင်တောင်မှ မင်းရဲ့ဝိညာဉ်ဖြစ်နေလိမ့်မယ်။ ဘာလုပ်ရမယ်ဆိုတာသာ ပြောပါ ငါ အကောင်းဆုံး လုပ်မှာပါ။”

ထန်ရှု ကျေနပ်စွာ ခေါင်းညိတ်လျက်

“ဂိုဒေါင်ရှေ့မှာ အစောင့်မရှိတာ ကျွန်တော် တွေ့တယ်။ ကျွန်တော် ခင်ဗျားကို ပေးတဲ့ ဖော်စပ်နည်းစနစ်က လျှို့ဝှက်ချက်တစ်ခုဆိုတာ စိတ်ထဲမှတ်ထားပါ။ နောက်ပြီး ဝိုင်ဖောက်တဲ့ ထုတ်လုပ်နည်းအဆင့်ဆင့်ကို သီးခြားနေရာခွဲထုတ်ပြီး လုပ်ဆောင်မှဖြစ်မယ်။ ခင်ဗျားငှားထားတဲ့ အလုပ်သမားတွေက အဲ့ဒီအဆင့်တစ်ခုတည်းအတွက်ပဲ တာဝန်ယူရမယ်။ ဝိုင်လုပ်ငန်း ပြန်ဆောက်ပြီးတဲ့အထိ စောင့်ပါ။ ပြီးသွားတာနဲ့ ခင်ဗျား ဝိုင်တွေ အများကြီး ထုတ်ရတော့မှာပါ။ ခန်းရှကို လုံခြုံရေးတွေ ငှားဖို့ ကျွန်တော် ပြောလိုက်မယ်။ အရာရာကို လျှို့ဝှက်ချက်တစ်ခုအနေနဲ့ လုပ်ဆောင်ရမယ်။”

“ဟုတ်ကဲ့ သူဋ္ဌေး။ ငါကလွဲပြီး ဘယ်သူကိုမှ ဝိုင်ထုတ်လုပ်နည်းစနစ်ကိုရော ဖော်စပ်နည်းအညွှန်းကိုရော မသိစေရပါဘူး။ လူတစ်ချို့ကို ဒီနေရာကို စောင့်ကြပ်ဖို့ ငါ စီစဉ်လိုက်မယ်။ ဘယ်သူမှ အထဲဝင်ခွင့်မပြုဘူး။” ဓားအမာရွတ်ချန်က ပြောသည်။

ထန်ရှုက သူ၏ပခုံးအား လှမ်းပုတ်လိုက်ပြီး

“ကောင်းတယ်။ ပြောသင့်ပြောထိုက်တာတွေ ပြောပြီးသွားပြီးဆိုတော့ ကျန်တဲ့အပိုင်းကို ခင်ဗျား အကောင်းဆုံး စီမံဆောင်ရွက်ပါ။”

“ငါ အပြင်ကို လိုက်ပို့ပေးမယ်။” ဓားအမာရွတ်ချန်က လျင်မြန်စွာ ပြောလိုက်သည်။

ထန်ရှုလည်း မငြင်းဆန်ဘဲ ဓားအမာရွတ်ချန် အပြင်ကို လိုက်ပို့ပေးသည်ကို ခွင့်ပြုလိုက်သည်။ သည်နေရာတွင် မည်သည့်ပို့ဆောင်ရေးမှ မရှိသည်ကို သူ ရုတ်တရက် သတိထားမိသွားသည်။ သို့သော်လည်း သူ့အား ဓားအမာရွတ်ချန်က ကားဖြင့် လိုက်ပို့ပေးမည် ပြောသည်ကို လက်မခံခဲ့ချေ။ ၂ကီလိုမီတာ လမ်းလျှောက်လိုက်ပြီးနောက် တက္ကစီတစ်စီးအား သူ မြင်တွေ့ရတော့သည်။

“ညီလေး.. ဘယ်သွားမလဲ။” တက္ကစီမောင်းသူက မေးလိုက်သည်။

“ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံကို သွားမလို့ဗျ။”

“အိုကေ။”

တက္ကစီမောင်းသူက ပြန်ဖြေကာ ကားအား စတင်မောင်းလိုက်သည်။ မကြာမီ ထန်ရှုသည် လျင်မြန်စွာဖြင့် ကြယ်တာရာတရုတ်တိုင်းရင်းဆေးဝင်ပေါက်သို့ ရောက်သွားသည်။ ကားမောင်းသူအား ကျသင့်ငွေ ပေးချေပြီးနောက် ဆေးရုံသို့ ထန်ရှု တန်းမသွားသေးဘဲ အနီးနားရှိ ဘဏ်တစ်ခုဆီသို့ ဦးတည်လိုက်သည်။

ဂူရင်အား ငွေအချို့ပေးမည်ဟု သူ ကတိပေးထားသော်လည်း သူ၏လက်ထဲတွင် ငွေသိပ်မရှိသောကြောင့် လိုအပ်ပါက အိမ်တွင် ငွေအနည်းငယ် ဆောင်ထားရန် သူ ဆုံးဖြတ်ထားသည်။

ဘဏ်ထဲတွင်…

ငွေထုတ်သူ၊ ငွေသွင်းသူများဖြင့် လူအများကြီး ဖြစ်နေသည်။ နံပါတ်တစ်ခု ယူပြီးနောက် ထန်ရှုသည် ထောင့်တစ်နေရာတွင် ရပ်ကာ တိတ်ဆိတ်စွာ စောင့်နေလိုက်သည်။ ယခုဘဏ်သည် ဘဏ်ခွဲအသေးဖြစ်သောကြောင့် ကောင်တာ၃ခုသာ ရှိသည်။ တစ်နာရီ ကြာစောင့်ပြီးသော် ထန်ရှု မျက်မှောင်ကြုတ်လာရတော့သည်။ သူ၏နံပါတ်မှာ ကြီးသောကြောင့် သူ၏အရှေ့တွင် လူ ၂၃ယောက် တန်းစီနေသေးသည်။ နံပါတ်များအား အေနှင့် ဗွီဟု ဖော်ပြထားသည်။ အေနေရာတွင် ကောင်တာတစ်ခုသာ ရှိပြီး ဗွီနေရာတွင် ကောင်တာ၂ခုရှိသည်။ ထိုဗွီကောင်တာ၂ခုအနက်မှ တစ်ခုတွင် မည်သူမျှ ဝန်ဆောင်မှု ပေးမနေပါချေ။

“အခု ၄နာရီတောင် ထိုးတော့မယ်။ ဗွီကောင်တာတစ်ခုရှေ့မှာ လူ၅ယောက်ပဲ ရှိတယ်။ ငါက ဘယ်လောက်ကြာအောင် စောင့်ရဦးမလဲ မသိဘူး။”

ထန်ရှု အောင့်သက်သက် ပြုံးလိုက်ပြီး ခေါင်းကိုသာ ယမ်းမိသည်။ သည်နေရာတွင် စောင့်ဆိုင်းနေရခြင်းသည် အချိန်ဖြုန်းမှုတစ်ခုဟု သူ ခံစားရသည်။ သူသည် ကြယ်တာရာတိုင်းရင်းဆေးရုံကို လာပြီး လီဟွန်ဂျီနှင့် သည်ကနေ့တွင် တွေ့ဆုံကာ သူ၏ရုံးခန်းအား တစ်ချက်ဝင်ကြည့်ပြီး ပြုဖွယ်ကိစ္စများအား ဆောင်ရွက်ရန် စီစဉ်ထားသည်။ သို့သော် ဘဏ်ထဲတွင် အချိန်အကြာကြီး ဖင့်လေးနေရလိမ့်မည်ဟု မည်သူက တွေးမိနိုင်ပါမည်နည်း။

ထိုအချိန်တွင် နေကာမျက်မှန်တပ်ဆင်ထားသော လူရွယ်တစ်ယောက်သည် နံပါတ်ထုတ်ပေးသော စက်ဆီသို့လာကာ နံပါတ်တစ်ခုယူပြီးနောက် ထိုနံပါတ်မှာ ချက်ချင်း အခေါ်ခံရသဖြင့် လူရွယ်က ဗွီကောင်တာသို့ တန်းသွားလိုက်သည်။

ထန်ရှု ပဟေဠိဖြစ်ကာ မျက်မှောင်ကြုတ်လိုက်သည်။ တစ်ခဏမျှ ချီတုံချတုံ ဖြစ်ပြီးနောက် ဧည့်ကြိုမန်နေဂျာရင်ထိုးချိတ်ထားသော လူတစ်ယောက်အား လျင်မြန်စွာ ရှာကာ ထိုသူ့ဆီသွားပြီး မေးလိုက်သည်။

“ဟယ်လို… ကျွန်တော် တစ်ခုလောက် မေးလို့ရမလား။ သည်လူက အခုမှ ရောက်တာကို ဘာကြောင့် ချက်ချင်း ဝန်ဆောင်မှု တန်းရတာလဲ။ ကျွန်တော်က တစ်နာရီကြာအောင် စောင့်နေခဲ့တာတောင် ကျွန်တော့်အလှည့်က ခုထိ မရောက်သေးဘူးလေ။”

ဧည့်ကြိုမန်နေဂျာမှာ သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးဖြစ်သည်။ ထန်ရှု၏မေးမြန်းမှုအား ကြားသောအခါ

“ကျေးဇူးပြုပြီး ရှင့်ရဲ့နံပါတ်ကို ပြပေးပါလား။”

ထန်ရှု လှမ်းပေးလိုက်သည်။

ဧည့်ကြိုမန်နေဂျာက ထိုနံပါတ်အား ကြည့်လိုက်ပြီး ထန်ရှုအား ပြန်ပေးလိုက်ရင်း

“ရှင့်ရဲ့နံပါတ်က ပုံမှန်နံပါတ်တစ်ခု ဖြစ်နေတာမို့ပါ။ အဲ့ဒီလူက အထူးဖောက်သည်မို့လို့ ဗွီအိုင်ပီကောင်တာကို တန်းသွားလို့ရတာ။ သူ့လိုမျိုး အတူတူဖြစ်ချင်ပြီး တန်းမစီချင်ဘူးဆိုရင် ရှင့်ရဲ့အကောင့်ကို ကျွန်မတို့ဘဏ်ရဲ့အထူးဖောက်သည်အဖြစ် မြှင့်တင်လို့ရပါတယ်။”

“ခင်ဗျားတို့ဘဏ်ရဲ့အထူးဖောက်သည်အဖြစ် ကျွန်တော်  ဘယ်လို လုပ်လို့ရနိုင်မလဲ။” ထန်ရှု ပဟေဠိဖြစ်စွာနှင့် မေးလိုက်သည်။

“ရှင့်အကောင့်ထဲက ပိုက်ဆံက ၂လကျော်ကျော်အတွင်း အနည်းဆုံး တစ်သိန်းထက် မနည်းရဘူး။ နောက်ဆုံး၂လအတွင်း ရှင့်အကောင့်ထဲမှာ လတ်တလော ငွေအသွားအလာရှိလားလို့ မေးပါရစေ။ နေ့တိုင်း တစ်သိန်းထက်ပိုပြီးတော့ရော ရှိခဲ့လား။” ဧည့်ကြိုမန်နေဂျာက ပြောလိုက်သည်။

ထန်ရှု တစ်ခဏမျှ တွေဝေသွားပြီးနောက် ခေါင်းကို ယမ်းလျက် ပြောလိုက်သည်။ “မရှိခဲ့ဘူးဗျ။”

ဧည့်ကြိုမန်နေဂျာ၏မျက်ဝန်းများထဲတွင် အထင်သေးမှုအား ဖော်ပြလျက် မျက်နှာသေဖြင့် ပြောလိုက်သည်။

“မရှိရင်တော့ ကျေးဇူးပြုပြီး စောင့်ပါ။ တခြားသူတွေလည်း စောင့်နေတာမို့လို့ ရှင်လည်း စောင့်ရမှာပါ။”

ထန်ရှု၏မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။

“အထူးဖောက်သည်တစ်ယောက် ဖြစ်လာဖို့ ခင်ဗျားတို့ဘဏ်မှာ ဒီတစ်နည်းထဲ ရှိတာမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ် ဟုတ်တယ်မလား။”

ဧည့်ကြိုမန်နေဂျာ၏မျက်နှာထက်တွင် စိတ်မရှည်မှုအား မြင်တွေ့နိုင်မည်ဖြစ်ပြီး

“ဒါပေါ့.. တစ်နည်းထဲတော့ ဘယ်ဟုတ်ပ့ါမလဲ။ ဒါပေမယ့် ရှင့်အကောင့်ထဲမှာ တစ်သန်းရှိလို့လား။ ဒါမှဟုတ် တစ်သန်းထက်ပိုပြီး ငွေအသွားအလာ လုပ်ထားတာတစ်ခုရှိလား။ ကောင်းပြီ.. ရှိတယ်ဆိုရင်တော့ ရှင်လည်း အထူးဖောက်သည်ဝန်ဆောင်မှုကို ယူနိုင်တယ်။” ထိုသို့ ပြောပြီးနောက် သူမက ထန်ရှုအား စကားပြောရန် အခွင့်အရေးမပေးတော့ဘဲ အခြားတစ်ဖက်သို့ လျှောက်သွားတော့သည်။

ထန်ရှုက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ကာ သူမအား မီရန် အပြေးလိုက်သွားပြီး လေးနက်သောအသံဖြင့်

“ငွေအသွားအလာက တစ်သန်းထက်ပိုရင် ဝန်ဆောင်မှုကို ချက်ချင်းရနိုင်တယ်လို့ ခင်ဗျား ပြောလိုက်တာလား။”

ဧည့်ကြိုမန်နေဂျာက ထန်ရှုအား အထင်သေးစွာ ကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။

“အခြားနံပါတ်တစ်ခု ယူပြီး ဗွီနေရာက တစ်ခုနဲ့ အစားထိုးပါ။ ဒါပေမယ့် ကျွန်မ ပြောထားတဲ့အတိုင်း ရှင့်ရဲ့ငွေက တစ်သန်းထက်နည်းရင် ဗွီအိုင်ပီကောင်တာက ဝန်ဆောင်မှု ပေးမှာမဟုတ်ဘူးနော်။”

ထိုအချိန်တွင် နေကာမျက်မှန်နှင့်လူရွယ်မှာ သူ့အတွက် ဝန်ဆောင်မှု ပြီးစီးသွားသဖြင့် ပြန်ထွက်လာသည်။ ထန်ရှုနှင့် ဧည့်ကြိုမန်နေဂျာတို့၏အနားမှ ဖြတ်သွားရင်း ပြောဆိုနေသည်များအား ကြားလိုက်သဖြင့် သူ၏မျက်နှာထက်တွင် အထင်သေးမှုများ ဖြစ်ပေါ်လာကာ

“ဟေ့လူ… ခင်ဗျားမှာ ပိုက်ဆံအများကြီး ရှိတဲ့ပုံစံ လုပ်မနေစမ်းပါနဲ့ဗျာ။ ခင်ဗျား အသက်အရွယ်အရဆိုရင် ငွေကြေးအသွားအလာက တစ်သန်းထက် ပိုမယ်ဆိုတာ ဟာသတစ်ခု ဖြစ်နေလိမ့်မယ်။”

ပြောပြီးသည်နှင့် ခေါင်းကို ယမ်းလျက် အထင်သေးသောမျက်နှာဖြင့် အပြင်ဘက်သို့ ထွက်သွားတော့သည်။

အထင်သေးတယ်ပေါ့ ဟုတ်လား။

ထန်ရှု စိတ်တွင်းမှ ကြိတ်ကာ ပြုံးလိုက်သည်။

မကြာမီ သူလည်း နံပါတ်စက်သို့သွားကာ ဗွီအိုင်ပီနံပါတ်တစ်ခုအား ယူလိုက်သည်။ သူ၏နံပါတ်အား ကြေညာသံကြားသည်နှင့် ထန်ရှုသည် ချက်ချင်း ဗွီအိုင်ပီကောင်တာသို့ သွားလိုက်သည်။ ထို့နောက် ကောင်တာမှ ဝန်ထမ်းအား

“ဟိုင်း… ကျွန်တော် ငွေအချို့ ထုတ်ချင်လို့ပါ။”

ဘဏ်ဝန်ထမ်းမှ ထန်ရှု၏ဘဏ်ကတ်အား ယူကာ မေးလိုက်သည်။

“ဘယ်လောက် ထုတ်ချင်ပါသလဲ။”

“ငွေတစ်သန်းပါ။” ထန်ရှု ပြောလိုက်သည်။

“တောင်းပန်ပါတယ် ဘယ်လောက်ထုတ်ချင်တာ?” ဝန်ထမ်းမှာ ကြက်သေ သေသွားပြီး ချက်ချင်း အံ့အားသင့်မှုသို့ ပြောင်းသွားသည်။

“တစ်သန်းပါ။” ထန်ရှု အသေအချာ ပြောလိုက်သည်။

ဘဏ်ဝန်ထမ်းမှာ ရုံးခန်းခေါင်းဆောင်ဖြစ်သူ သက်လတ်ပိုင်းအမျိုးသားတစ်ဦးဘက်သို့ လှည့်ကာ စကားအနည်းငယ် ပြောလိုက်သည်။ ထို့နောက် ဝန်ထမ်းအမျိုးသားက ထန်ရှုဘက်လှည့်လာပြီး

“ကျွန်တော် တကယ် စိတ်မကောင်းပါဘူး ဆရာ။ ခင်ဗျားလိုချင်တဲ့ငွေပမာဏက များတော့ ကျွန်တော်တို့ အဲ့လောက်ပမာဏကို ငွေသား မပြင်ဆင်ရသေးပါဘူး။ အဲ့ဒါကြောင့် ချိန်းဆိုမှုတစ်ခု  ကြိုလုပ်ပြီး မနက်ဖြန်အထိစောင့်ပေးဖို့ ဒုက ဖြစ်စေမိပါပြီ။”

“ဒါပေမယ့် ခင်ဗျားတို့ ဧည့်ကြိုမန်နေဂျာက ပြောတော့ ဗွီအိုင်ပီမဟုတ်တဲ့သူတွေအတွက် ဗွီအိုင်ပီကောင်တာက ငွေတစ်သန်းထက်မနည်းတဲ့ ငွေအသွားအလာကိုပဲ လုပ်ပေးတာဆိုဗျ။ အခု ကျွန်တော် ငွေတစ်သန်း ထုတ်ချင်တယ်။ ခင်ဗျားကျတော့ ချိန်းဆိုမှုကို အရင်လုပ်ရမယ် ပြောတယ်။ အဲ့ဒါ ရယ်စရာမကောင်းလွန်းဘူးလားဗျာ။”

ဝန်ထမ်းက မချိပြုံး ပြုံးလျက်

“ဆရာ… ကျွန်တော်တို့ကို ခွင့်လွတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ ဒီမှာ လုပ်နေတဲ့သက်တမ်းတစ်လျှောက် ဘဏ်ရဲ့စည်းမျဉ်းစည်းကမ်းတွေက ဒီအတိုင်းပါပဲ။ အဲ့ဒါကြောင့် တစ်ခြား ရွေးချယ်စရာ မရှိပါဘူး။”

ထန်ရှုက မျက်မှောင်ကြုတ်သွားရင်း

“အဲ့ဒါဆိုလည်း ကျွန်တော့်ကို ပြောပါဦး။ အခု ကျွန်တော်ထုတ်မယ်ဆိုရင် ဘယ်လောက်ထုတ်ပေးနိုင်မလဲ။”

“အနည်းဆုံး ၅သိန်းထုတ်မယ်ဆိုရင် ခင်ဗျား ချိန်းဆိုမှုတစ်ခု ကြိုလုပ်လိမ့်မယ်။” ဝန်ထမ်းက ချီတုံချတုံဖြစ်ကာ ဖြေလိုက်သည်။

“အဲ့ဒါဆို ကျွန်တော် ၅သိန်း ထုတ်မယ်။” ထန်ရှု ပြောလိုက်သည်။

ဝန်ထမ်းက သက်လတ်ပိုင်းခေါင်းဆောင်အား ထပ်ပြောလိုက်ပြန်သည်။ ထို့နောက် သူက မတ်တတ်ရပ်လိုက်ပြီး

“ဆရာ… ခင်ဗျားကို ဘေးက ဗွီအိုင်ပီအခန်းဆီ သွားဖို့ ဒုက္ခပေးရတော့မှာပဲ။ ခင်ဗျားက ငွေအများကြီး ထုတ်ချင်တယ်ဆိုတော့ မလိုလားအပ်တဲ့ ပြသနာတွေ မဖြစ်အောင် ကျွန်တော်တို့ အထဲမှာ ဆောင်ရွက်ကြတာပေါ့။”

“ဒုက္ခပါပဲဗျာ။”

ထန်ရှု သက်ပြင်းသာ ချမိတော့သည်။ ယခုတွင် သူသည် ကိုယ်ပိုင်ဘဏ်တစ်ခုကိုသာ တည်ထောင်လိုက်ချင်တော့ပေသည်။ သို့သော်လည်း တရုတ်ပြည်၏ ပုဂလိကဘဏ်များအား ဖွင့်ခွင့်ပေးမှုသည် အစိုးရနှင့် ချိတ်ဆက်ရာတွင် ပြသနာပေါင်းမြောက်များစွာ ရှိပေရာ ထိုဆက်နွယ်ရမှုကြောင့် သူသည် ဆနသာ ပြုနိုင်ပေသည်။

ဘဏ်မှ ပိုက်ဆံထည့်ထားသော အိတ်အနက်အား သယ်ယူပေးမှုကြောင့် ကြယ်တာရာတိုင်းရင်းဆေးရုံကို သွားမည့်အတွေးအား ထန်ရှု စွန့်လွှတ်လိုက်ရပြီး တောင်တံခါးအိမ်ရာသို့ တန်းပြန်လာခဲ့ရတော့သည်။ အိမ်ပြန်ရောက်သည်နှင့် လီဟွန်ဂျီအား ဖုန်းဆက်ကာ မနက်ဖြန်တွင် သူ၏ဆေးကုသပေးမှုအား ပြုလုပ်ရန် ဆေးရုံသို့ လာလိမ့်မည်ဖြစ်ကြောင်းပါ ပြောလိုက်သည်။ လီဟွန်ဂျီခမျာ ပျော်ရွှင်လွန်းသဖြင့် မနက်ဖြန်မနက်စောစောတွင် ကြယ်တာရာဆေးရုံ၌ သူ စောင့်နေမည်ဖြစ်ကြောင်း ထပ်ခါထပ်ခါ ကတိပေးလေသည်။

ညနေခင်းတွင် ဂူရင်၏သင်တန်းဆရာမမှ သင်ကြားမှုပြီးဆုံးချိန်တွင် သူမနှင့်ထန်ရှု စကားအနည်းငယ် ပြောဆိုပြီးနောက် ဂူရင်၏လှူဒါန်းမှုအဖြစ် ယွမ်၂သောင်းအား ဆရာမထံ ပေးအပ်လိုက်သည်။

ကြယ်တာရာ ပိုင်ရှီဟိုတယ်…

ရန်ရှန်ယုသည် ဟိုတယ်ခန်း၏ပြတင်းပေါက်အနားတွင် စာအုပ်တစ်အုပ်ဖတ်နေစဉ် ချိနဲ့ကာ ကွေးကောက်နေသော အဘွားအိုတစ်ဦးသည် သူ၏အနီးနားရှိ ကုတင်ထက်တွင် အိပ်ပျော်လျက်ရှိသည်။

“ဖုန်းမြည်သံ…”

သူ၏ဖုန်းမြည်လာမှုကြောင့် ရန်ရှန်ယုတစ်ယောက် စာဖတ်ရာတွင် စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။ နာရီအား သူ လှမ်းကြည့်လိုက်ရာ ၈နာရီထိုးနေပြီဖြစ်သည်။ သည်အချိန်မှ မည်သူက ဖုန်းခေါ်ဆိုလိမ့်မည်ကို သူ မသိပါချေ။ ဖုန်းအား လှမ်းယူကာ ခေါ်ဆိုသူအား ကြည့်လိုက်ရာ သူ၏မျက်နှာအမူအရာ ရုတ်ခြည်းဆိုသလို ပြောင်းလဲသွားရပြီး ချက်ချင်းပင် ဖုန်းဖြေဆိုလိုက်သည်။

“ဟဲလို ဆေးရုံအုပ်လီ… ရန်ရှန်ယု ပြောနေပါတယ်ဗျာ။”

“ဟယ်လို မစ္စတာရန်… ကျွန်တော် နောက်ကျမှ ဖုန်းဆက်မိတာ ခင်ဗျားအနားယူတာကို အနှောင့်အယှက်များ ဖြစ်သွားသလားဗျ။” လီဟွန်ဂျီ၏ရယ်သံစွက်နေသော စကားပြောသံ ထွက်ပေါ်လာသည်။

ရန်ရှန်ယု အလျင်အမြန် ပြောလိုက်သည်။

“မဖြစ်ပါဘူးဗျာ။ ကျွန်တော်လည်း မအိပ်သေးပါဘူး။ အာ.. ဆေးရုံအုပ်လီ ခင်ဗျားဖုန်းခေါ်ရတဲ့အကြောင်းရင်းက ထန်ရှုက ခင်ဗျားဆေးရုံမှာ ဆေးကုပေးတော့မှာများ ဖြစ်နိုင်သလားဗျာ။”

“ဟုတ်တယ်ဗျ။ သူ မနက်ဖြန်မနက်မှာ ဆေးရုံလာမယ်လို့ ကျွန်တော့်ဆီ ဖုန်းဆက်လာတယ်။ ခင်ဗျား ကြယ်တာရာမှာ ရှိနေသေးရင် ကျေးဇူးပြုပြီး လာခဲ့ပါ။ ရှေးဆန်တဲ့အဖိုးကြီးရန်ရေ… ကျန်းဖုန်းက ကျွန်တော့်ကို နေ့တိုင်း အဲ့ဒီအကြောင်း ပြောနေတာဗျာ။” ဟု လီဟွန်ဂျီ ပြောလိုက်ရာ

ရန်ရှန်ယု ရယ်မောလိုက်ရင်း

“ဟားဟား…သိပါပြီဗျာ။ ဆေးရုံအုပ်လီရေ ကျေးဇူးပါဗျ။ ခင်ဗျား အလုပ်ရှုပ်နေတဲ့ကြားက ကျွန်တော့်ဇနီးရဲ့ကိစ္စတွေကို သတိရပေးတာ။ ထန်ရှု ဆေးကုသပြီးသွားးရင် ခင်ဗျားနဲ့ တစ်ခွက်တစ်ဖလား သောက်ဖို့ ဖိတ်ချင်ပါတယ်ဗျာ။”

“ပြသနာ မရှိပါဘူးဗျာ။”

ဖုန်းချသွားပြီဖြစ်သည်။

ရန်ရှန်ယု၏မျက်နှာထက်တွင် စိတ်လှုပ်ရှားနေသော အမူအရာအား တွေ့မြင်နိုင်ပေမည်။ သည်ရက်ပိုင်းများသည် သူ့အတွက် ခံစားရသောရက်များသာ ဖြစ်ပြီး အင်မတန် ခက်ခဲလှသောရက်များသာ ဖြစ်သည်။ ကြယ်တာရာရှိ ဆေးရုံများသို့ ဇနီးဖြစ်သူနှင့်အတူ သွားရောက်ခဲ့သော်လည်း ဇနီးသည် ခံစားနေရသည့် ထူးဆန်းသည့်ရောဂါအား တစ်ဦးတစ်ယောက်မျှ မကုသပေးနိုင်ကြပါချေ။ ထို့ကြောင့် သူ၏မျှော်လင့်ချက်များအားလုံးအား ထန်ရှုအပေါ်တွင်သာ စုပုံထားလိုက်ပြီဖြစ်သည်။

ချက်ချင်းပင် သူ၏သားသမီးများ ဖုန်းခေါ်ဆိုလိုက်ကာ မည်မျှပင် အလုပ်များစေကာမူ ပစ်ထားခဲ့ပြီး ကြယ်တာရာသို့ ညတွင်းချင်း အမြန်လာခဲ့ရန် ပြောလိုက်သည်။ ထို့နောက် ကျေးဇူးတင်စကား ဆိုရန် ကျန်းဖုန်းဆီ ဖုန်းဆက်ခဲ့သည်။

“အဖိုးကြီးလီ… ကျုပ်တို့တွေ သူငယ်ချင်း ဖြစ်လာတာ နှစ်ကြာခဲ့ပြီလေ။ အဲ့လို ယဉ်ကျေးဖို့ မလိုပါဘူးဗျာ။ စောစော အနားယူလိုက်ဦး။ မနက်ဖြန် ကြယ်တာရာဆေးရုံမှာ ခင်ဗျားကို အဖော်လာလုပ်ပေးမယ်။” ကျန်းဖုန်းက ဖုန်းထဲတွင် ပြောလိုက်သည်။

“အဖိုးကြီးကျန်း… ခင်ဗျား လာပေးမလို့လား။” ရန်ရှန်ယု ကြက်သေ သေသွားကာ ချီတုံချတုံဖြစ်စွာနှင့် မေးမိသည်။

ကျန်းဖုန်းလည်း အံ့အားသင့်သွားရပြီးမှ ချက်ချင်းပင် ခါးသက်စွာ ရယ်မောလိုက်ကာ

“ခင်ဗျား မပြောရင်တောင် ကျွန်တော် အဲ့ဒါကို မေ့မှာမဟုတ်ပါဘူး။ နောက်ပြီး အရင်က သူနဲ့ ကိစ္စရပ်တွေ ရှိထားခဲ့သေးတယ်။ ထားလိုက်ပါတော့ ကျွန်တော် မနက်ဖြန် မလာတော့ပါဘူးဗျာ။”

တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးနောက် ရန်ရှန်ယု ပြောလိုက်သည်။

“ဒါက မလိုအပ်လောက်ပါဘူးဗျာ။ ခင်ဗျား လာခဲ့ပါ။ ခင်ဗျားနဲ့ထန်ရှုကြားက ပြသနာတွေကလည်း ဖြေရှင်းပြီးပြီဥစ္စာ။ သူက စိတ်သဘောထားသေးသိမ်တဲ့ လူမဟုတ်လောက်တော့ အဲ့ဒါကို စိတ်ထဲထားမှာ မဟုတ်ဘူးလို့ ကျွန်တော် ပြောနိုင်တယ်။”

***

All Chapters