သံသယများ
Vol. 05 Ch. 231
နွေရာသီ မနက်ခင်းပိုင်း ဖြစ်သည်။ ညကန့်လန့်ကာ ဆွဲတင်သွားသည်နှင့် နိုးထလာသော အပူလှိုင်းသည် တစ်ကမ္ဘာလုံးအား လွှမ်းခြုံထားသည့်နှယ်ဖြစ်တော့သည်။ မနက်စာ စားပြီးသည်နှင့် ထန်ရှုသည် ကြယ်တာရာတိုင်းရင်းဆေးရုံသို့ အပြေးထွက်လာလိုက်သည်။
“နောက်ဆုံးတော့ မင်းလာပြီပေါ့ ထန်ရှု..”
တောက်ပသော မျက်နှာအမူအရာနှင့် လီဟွန်ဂျီသည် ဆေးရုံ၏အဓိကအပေါက်ဝတွင် ရပ်ကာ ထန်ရှုအား စောင့်ကြိုနေပေသည်။ သူ၏ဘေးတစ်ဖက်တစ်ချက်တွင် ရပ်လျက်ရှိသော ဆေးရုံ၏အရေးကြီးသည့် ခေါင်းဆောင်များသည် ထန်ရှုအား ကြိုဆိုရန် သူ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပေသည်။
“၈နာရီ မထိုးသေးပေမယ့် ကျွန်တော် လာတာ နောက်မကျဘူးမဟုတ်လား။” ထန်ရှုက ပြုံးရင်း စကားဆိုလိုက်သည်။
လီဟွန်ဂျီက ခေါင်းကို ယမ်းလျက်
“နောက်မကျပါဘူးကွာ။ ပြောရမယ်ဆိုရင် စိတ်မရှည်တဲ့ ငါ့ကိုသာ ပြောရမှာ။ သွားကြစို့။ မင်း ဆေးကုသမှုပေးရမယ့်အခန်းကို ကြည့်ဖို့ ငါ ခေါ်သွားပေးမယ်။ တစ်ခုခု အဆင်မပြေတာရှိရင် ပြောင်းပေးဖို့ တစ်ယောက်ယောက်ကို ငါ ပြောလိုက်မယ်လေ။”
“ကောင်းပါပြီဗျာ။” ထန်ရှုက ပြန်ဖြေလိုက်သည်။ “ဆေးရုံအုပ်လီခင်ဗျ… ကျွန်တော်က ဆေးကုသဖို့ လာတာပါဗျာ။ အလုပ်ကို စစ်ဆေးဖို့ လာတဲ့လူမဟုတ်လို့ ဒီခေါင်းဆောင်တွေကို သူတို့အလုပ်မှာ အာရုံစိုက်လို့ရအောင် ပြန်လွှတ်လိုက်ပါဗျာ။”
လီဟွန်ဂျီသည် ထန်ရှုနှင့် အကြိမ်အနည်းငယ်ခန့် တွေ့ထားပြီးပြီဖြစ်သောကြောင့် ထန်ရှုသည် တခမ်းတနား လုပ်ကာ ထင်ပေါ်ကျော်ကြားခြင်းကို မနှစ်သက်ကြောင်းကို သိရှိထားသည်။ တစ်ချက်ပြုံးလိုက်ရင်း လီဟွန်ဂျီကာ ခေါင်းဆောင်များအား ပြန်လွှတ်လိုက်ကာ သူကိုယ်တိုင်သာ ထန်ရှု ဆေးကုသပေးမည့်အခန်းအား ကြည့်ရှုရန် ခေါ်ဆောင်လာခဲ့သည်။
“နေရာကောင်းတစ်ခုပါဗျာ။ ဒါပေမယ့် တစ်ခုခု လိုအပ်ရင် ကျွန်တော့်ကို ကူညီဖို့ ဆေးဝန်ထမ်းလက်ထောက်တစ်ယောက် စီစဉ်ပေးဖို့ ဆေးရုံအုပ်ကြီးကို ပြောရတော့မှာပဲ။” ဆေးကုသပေးရမည့် အခန်းအား ကြည့်ရှုရင်း ထန်ရှု ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ငါကိုယ်တိုင် မင်းကို ကူညီပါ့မယ်။ အဲ့ဒါဆိုရင် မင်းနောက်ကို အဆင်ပြေပြေလိုက်ပြီး ငါ သင်ယူနိုင်ပြီပေါ့။” လီဟွန်ဂျီက ပြုံးကာ ပြောလိုက်သည်။
“မလုပ်ပါနဲ့ဗျာ။ ခင်ဗျားက တရုတ်တိုင်းရင်းဆေးရုံကြီးမှာ ထင်ရှားကျော်ကြားတဲ့ ဆေးရုံအုပ်ကြီးပါ။ ကျွန်တော့်နောက်လိုက်ပြီး အဲ့လိုမျိုးလုပ်မယ်ဆိုရင် သတင်းတွေ ပျံ့သွားပြီး အနှောင့်အယှက်တစ်ခု ဖြစ်လာလိမ့်မယ် မဟုတ်ပေဘူးလား။ တစ်ခြားတစ်ယောက်သာ အမြန် စီစဉ်ပေးပါဗျ။” ထန်ရှုက မပြုံးမရယ်သော မျက်နှာဖြင့် ပြောလိုက်သည်။
ချီတုံချတုံ ဖြစ်လျက် လီဟွန်ဂျီက ခေါင်းညိတ်လိုက်ကာ
“အဲ့ဒါဆို ဒီနေရာမှာ ခဏစောင့်ပေးပါ။ ဆေးကုသမယ့်ဝန်ဆောင်မှုက ၈နာရီခွဲမှ စမှာဆိုတော့ ငါ အခုပဲ တစ်ယောက်ယောက်ကို စီစဉ်ပေးဖို့ သွားလိုက်ဦးမယ်။”
“ကျေးဇူးပါဗျ။”
ထန်ရှုသည် ရောဂါစစ်ဆေးသော စားပွဲဆီသို့ လျှောက်သွားကာ ၎င်းဘေးမှ ကုလားထိုင်တွင် ထိုင်လိုက်သည်။ စားပွဲပေါ်ရှိ ဆရာဝန်သုံးနားကြပ်ကိရိယာနှင့် အခြားဆေးပညာဆိုင်ရာ ကိရိယာများအား ကြည့်လိုက်ပြီး အံဆွဲထဲတွင် ဖြည့်ဆင်းပေးထားသော ပစ္စည်းများကိုပါ ကြည့်လိုက်သည်။ သူ့အနေဖြင့် အနောက်တိုင်း ဆေးပညာဆိုင်ရာကိရိယာများအား အသုံးပြုလိမ့်မည်မဟုတ်သောကြောင့် ထိုအရာများအား မလိုအပ်ပေ။ တရုတ်တိုင်းရင်းဆေးပညာရှင်တစ်ယောက်အနေဖြင့် လူနာ၏စကားများနှင့် အမူအရာ သွင်ပြင်လက္ခဏာကိုသာ အာရုံစိုက်ပြီး စစ်ဆေးရန်နှင့် လူနာများ၏အခြေအနေအား သိရှိရန် သွေးခုန်နှုန်းမှတဆင့် ထိုသူများ၏ရောဂါအား စီစစ်သုံးသပ်ရန်ဖြစ်သည်။
မိနစ်အနည်းငယ် ကြာပြီးသော်…
လီဟွန်ဂျီသည် ထန်ရှု ဆေးကုသပေးမည့်အခန်းသို့ အနည်းငယ်ဆွဲဆောင်မှုရှိသော သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးနှင့်အတူ ပြန်ရောက်လာသည်။ ထိုအမျိုးသမီးသည် အဖြူရောင်ကုတ်အကျီၤအား ဝတ်ဆင်ထားပြီး သူမ၏လက်နှစ်ဖက်အား ကုတ်အကျီအိတ်များထဲတွင် ထည့်ထားရာ ထင်ရှားသည့် ဆရာဝန်တစ်ယောက်၏ပုံဟန် ဖြစ်တော့သည်။
“ထန်ရှု… မင်းကို ကူညီဖို့ ငါ လူတစ်ယောက် ရှာလာခဲ့တယ်။ သူမက စွန်းဝမ်ကျင်းလို့ ခေါ်ပြီး ငါတို့ တရုတ်တိုင်းရင်းဆေးရုံက အလွန်ထူးချွန်တဲ့ ဆရာဝန်တစ်ယောက်ပဲ။ သူမက ဆေးပညာကျွမ်းကျင်မှုမှာသာမက ဆေးဝါးဆိုင်ရာအညွှန်းမှာလည်း အလွန်ကောင်းတယ်။ မင်း လူနာတွေ ကုသမှုပေးတဲ့အချိန်ကျရင် ကူညီပေးဖို့ ပြောထားတယ်။ လိုအပ်တာရှိရင် သူမကို ပြောလိုက်ပါ။ မဆိုင်းမတွပဲ သေချာပေါက် လုပ်ပေးလိမ့်မယ်။” လီဟွန်ဂျီက ပြုံးကာ ပြောလိုက်သည်။
ထန်ရှု ခေါင်းညိတ်ပြရင်း “ဒါ ကောင်းပါတယ်။ ကောင်းပါပြီ။ ဆေးရုံအုပ်ကြီးလည်း အခု ကိုယ့်အလုပ်ကိုယ် လုပ်နိုင်ပါပြီ။”
စွန်းဝမ်ကျင်း မျက်မှောင်တွန့်သွားသည်။ ထန်ရှု၏ရုပ်ရည်သွင်ပြင်အား မြင်ပြီးနောက် သည်ဟာသည် အတော် ယုတ္တိမရှိဟု သူမ ခံစားရလေသည်။ ယခု ထန်ရှုက ဆေးရုံအုပ်ကြီးအား ပြောလိုက်သည့်ဟန်ပန်အား မြင်ရကြားရသည့်အခါ သူမ မမေးဘဲမနေနိုင်တော့ပါပေ။
“ဆေးရုံအုပ်… ကျေးဇူးပြုပြီး အရင်မသွားပါနဲ့ဦး။ ဆရာ ကျွန်မကို နောက်နေတာများလား။ ကျွန်မရဲ့အလုပ်တွေကို ပစ်ပြီး ဒီကောင်လေးအတွက် တောက်တိုမည်ရ လုပ်ပေးစေချင်တာလား။”
လီဟွန်ဂျီ၏အမူအရာ အနည်းငယ် ပြောင်းသွားပြီး လေသံတိမ်တိမ်ဖြင့် သူမအား တင်းမာစွာ ပြောလိုက်သည်။
“ပါးစပ်ပိတ်ထား။ ထန်ရှုက ငါကိုယ်တိုင် အလုပ်ခန့်ထားတဲ့ ထူးချွန်တဲ့ တရုတ်တိုင်းရင်းသမားတော် တစ်ယောက်ဖြစ်တယ်။ မင်းရဲ့အလုပ်က ဆေးရုံက တာဝန်ပေးတဲ့ အလုပ်တွေကို ထမ်းဆောင်ဖို့ပဲလေ။ မင်း အဲ့ဒါကို မလုပ်နိုင်ဘူးဆိုရင် အခု ငါ့ကို ပြောပါ။ ငါ မင်းကို ချက်ချင်း ပြန်လွှတ်လိုက်မယ်။”
စွန်းဝမ်ကျင်းက တွန့်ဆိုင်းသောလေသံဖြင့်
“ဆေးရုံအုပ်… ဆရာ့ရဲ့အမိန့်ကို ကျွန်မ ခိုင်ခိုင်မာမာ လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့် ဒီလူငယ်လေးအတွက် ဒီနေရာမှာ တောက်တိုမယ်ရ ကျွန်မကို လုပ်စေချင်တာကတော့ ကျွန်မရဲ့အချိန်တွေကို ဖြုန်းတီးရာမရောက်ဘူးလားရှင်။ နာမည်ကျော်ကြားပြီး အလွန့်အလွန် ကျွမ်းကျင်တဲ့ ဆရာသမားဆီက သင်ယူခဲ့ရင်တောင်မှ သူက အသက်အရမ်းငယ်သေးတဲ့အတွက် အချိန်တိုအတွင်းမှာ အရာတော်တော်များများ သင်ယူနိုင်မှာ မဟုတ်လောက်ဘူးလေ။ ကျွန်မကို အဲ့လိုကြီး စိုက်ကြည့်မနေပါနဲ့… ကျွန်မ အမှန်တရားတွေ ပြောနေတာ ဆရာလည်း သိသားပဲ။”
လီဟွန်ဂျီက စွန်းဝမ်ကျင်းအား ရှုံ့မဲ့ကာ စိုက်ကြည့်မိတော့သည်။ ထို့နောက် ကသိကအောက်ဖြစ်သွားသော အပြုံးဖြင့် ထန်ရှုအား ချက်ချင်း ကြည့်လိုက်ကာ
“ထန်ရှု… မင်းက သဘောထားကြီးတယ်ဆိုတာ ငါသိပါတယ်။ အဲ့ဒါကြောင့် သူမ ပြောတဲ့စကားတွေကို ဘယ်လိုမှ သဘောမထားပါနဲ့ကွာ။ ဒီအမျိုးသမီးက အပေါ်ယံသွင်ပြင်ကို ကြည့်ပြီး ဘယ်လို အကဲဖြတ်ရမလဲဆိုတာလောက်ပဲ သိတာ။ သူမကို မေ့ထားလိုက်တော့။ ငါ သူမကို ပြန်ခေါ်သွားပြီး အခြားထူးချွန်တဲ့ ဆရာဝန်တစ်ယောက် ခေါ်လာပေးပါမယ်။”
စွန်းဝမ်ကျင်းနှင့်ပတ်သက်ပြီး ထန်ရှုကိုယ်တိုင် မကျေမနပ်ဖြစ်သွားသည်။ သည်အမျိုးသမီးသည် ကောင်းမွန်သော အရည်အချင်းရှိသောကြောင့် ဖြစ်လိမ့်မည် သို့မဟုတ်ပါက ဆေးရုံအုပ်ကြီးအား သေချာပေါက် ဆန့်ကျင်ပြောဆိုရဲလိမ့်မည် မဟုတ်ချေ။ သို့ပါသော်လည်း သူ့အတွက် တောက်တိုမည်ရ လုပ်ရန် တစ်စုံတစ်ယောက်သာ လိုအပ်ပြီး သူ၏ညွှန်ကြားချက်အား ချွင်းချက်မရှိ အကောင်အထည်ဖော်ပေးရမည်ဖြစ်သည်။ ထို့ကြောင့် သူက ခေါင်းညိတ်ပြလျက်
“အဲ့လိုဆိုမှဖြင့် သူမနေရာမှာ တခြားတစ်ယောက်ပဲ အစားထိုးလိုက်ပါ။ ဒီပုဂ္ဂိုလ်က အမျှော်အမြင် နည်းတဲ့အတွက် ကြီးလေးတဲ့တာဝန်ကို လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး။ ကျွန်တော် ဒီကို လာတာ ဆေးကုသပေးဖို့အတွက်ပဲ ဖြစ်တယ် ပြသနာရှာဖို့ မဟုတ်ဘူးလေ။”
စွန်းဝမ်ကျင်း၏မျက်နှာမှာ အကြီးအကျယ် ပြောင်းလဲသွားသည်။ သူမက ထန်ရှုအား စိတ်ဆိုးမာန်ဆိုး စိုက်ကြည့်ကာ ကြိမ်းမောင်းလိုက်သည်။
“”နင် ဘာပြောတာလဲ။ နင်သာ အမျှော်အမြင်နည်းပြီး ကြီးလေးတဲ့တာဝန်ကို မလုပ်ဆောင်နိုင်မှာ။ အသက်လေး ငယ်ငယ်နဲ့ တကယ်ကို ဘဝင်မြင့် မောက်မာနေတာပဲ။ ငါတို့ဆေးရုံအုပ်ကြီးက နူးညံံ့ဖော်ရွေတတ်လို့ နင့်ကို အရမ်းယဉ်ယဉ်ကျေးကျေး ဆက်ဆံပေးနေတာ။”
လီဟွန်ဂျီက စွန်းဝမ်ကျင်းအား အသိမဲ့ဟန်ဖြင့် ကြည့်လိုက်သည်။ ပုံမှန်အားဖြင့် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ကာ စိတ်အားထက်သန်မှုရှိသော စွန်းဝမ်ကျင်းသည် ဒီလိုနေ့လို ဖြစ်သွားလိမ့်မည်ဟု သူ မထင်ထားမိပါချေ။ သူမ ပြောသောစကားတိုင်းသည် သူ့အား ပိုမို ဒေါသထွက်လာစေသည်။ သူ ထန်ရှုအား ယဉ်ကျေးစွာ ဆက်ဆံနေသော်လည်း သူမက သည်နေရာတွင် မည်သည့်ပြသနာ ရှိနေသည်ကိုပင် မပြောနိုင်ပါချေ။
“စွန်းဝမ်ကျင်း… မင်း တာဝန်ကနေ ရပ်ဆိုင်းတာ မခံချင်ရင် ပါးစပ်ပိတ်ထားလိုက်။ ဟမ့်… မင်းမှာ ဒီနေ့ ဘာကိစ္စပဲရှိရှိ ထန်ရှုကို ပြစ်မှားရဲရင် ငါ့ကို ပြစ်မှားတာနဲ့အတူတူပဲ။ ထန်ရှုကို ဖိတ်ဖို့ ကြီးစွာ အားထုတ်မှုပြုခဲ့ရပြီးနောက်မှာ ဒီကြီးမြတ်လှတဲ့ တရုတ်တိုင်းရင်းဆေးသမားတော်က ဒီနေရာကို လာဖို့ သဘောတူခဲ့တယ်လို့ မင်းကို ငါ ပြောပြဖူးတာကို ငါ ရှင်းရှင်းလင်းလင်းကြီး မှတ်မိပါသေးတယ်။ ပြီးတော့ ငါ မင်းကို ပြောဖို့ တစ်ခုကျန်သွားတယ်။ ငါ့ရဲ့ဆေးပညာကျွမ်းကျင်မှုတွေတောင်မှ ထန်ရှုနဲ့စာရင် အဝေးကြီးမှာ ရှိနေတယ်ဆိုတာပဲ။”
“ဘာ! မဖြစ်နိုင်ပါဘူး။”
စွန်းဝမ်ကျင်း ထိတ်လန့်သွားသည်။ သူမက လီဟွန်ဂျီနှင့် ထန်ရှုအား မယုံကြည်နိုင်စွာ ကြည့်မိသည်။ သို့သည့်တိုင် ထန်ရှု၏စမ်းသပ်မှုအခန်းမှ ပြန်မထွက်သွားမီ သူမက ထန်ရှုအား အထင်သေးဟန်ဖြင့် စိုက်ကြည့်သွားခဲ့လေသည်။ ဒီနေ့တွင် သူမ၏စိတ်ခံစားမှုအခြေအနေ အလွန့်အလွန် ဆိုးရွားနေပေသည်။ သူမ၏စိတ်ထားကောင်းသော မိခင်ဖြစ်သူမှာ အသည်းကင်ဆာအဆင့်(၃)ဖြစ်ပွားနေသည်ကို ရုတ်တရက် သိလိုက်ရသောကြောင့် ဖြစ်သည်။ ကင်ဆာဆဲလ်များ ပျံ့နှံံ့ပြီဖြစ်သောကြောင့် ထိုအရာအား အမြစ်ပြတ်အောင် ကုသရန်မှာ မဖြစ်နိုင်သောအရာပင် ဖြစ်ချေသည်။ သူမ၏လုပ်ဖော်ကိုင်ဖက်မှ မိခင်အား စစ်ဆေးပြီးသည့်နောက် အများဆုံးတစ်နှစ်သာ အသက်ရှင်နိုင်တော့မည်ဟု သူမအား ပြောပြခဲ့သည်။ ထို့ကြောင့် မိခင်ဖြစ်သူ၏အသည်းကင်ဆာရောဂါအား ကုသပေးနိုင်စွမ်းမရှိသည့် ဆေးပညာအားနည်းနေသည်ဟု သူမကိုယ်သူမ အမှန်တကယ်ပင် မုန်းတီးမိပေသည်။ ထို့အတူ ဂျူတီကုတ်အဖြူရောင် ဝတ်ဆင်ထားပြီး အမှန်တကယ် ကောင်းစွာ သင်ယူလေ့လာထားခြင်းမရှိသည့် ထိုဆရာဝန်များကိုလည်း မုန်းတီးမိသည်။ ထန်ရှု၏အသက်မှာ ၂၀ ဝန်းကျင်သာ ရှိသေးနိုင်သဖြင့် ဆေးရုံအုပ်ကြီးထက် ပိုမိုဆေးပညာကျွမ်းကျင်လိမ့်ဆိုသည်ကို အသာထားဘိ၊ အလွန်ကျွမ်းကျင်သော တရုတ်တိုင်းရင်းသမားတော်တစ်ယောက်ဖြစ်သည်ကိုပင် သူမ မယုံကြည်ပါချေ။ သူမ၏အမြင်အရ ဆေးရုံအုပ်ကြီးသည် တခြားသော အကြောင်းပြချက်တစ်ခုကြောင့်သာ ထန်ရှုအား မြှောက်ပင့်ရန် ကြိုးစားနေသည်ဟု ထင်မြင်မိသည်။
သူမသည် ဆရာဝန်တစ်ယောက်ဖြစ်သောကြောင့် အစစ်အမှန် အရည်အချင်းနှင့်ဗဟုသုတ မရှိသော လူငယ်တစ်ယောက်အတွက် တောက်တိုမည်ရ အလုပ်အား မလုပ်လိုပါချေ။
စွန်းဝမ်ကျင်း၏နောက်ကျောအား ကြည့်ရင်း လီဟွန်ဂျီတစ်ယောက် စိတ်တွင်းမှ အောင့်သက်သက် ပြုံးလိုက်မိသည်။ ထန်ရှုအား တောင်းပန်သည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး စမ်းသပ်ခန်းအပြင်သို့ လျှောက်သွားတော့သည်။
အပြင်ဘက်ရောက်သည်နှင့် စွန်းဝမ်ကျင်းအား အလျင်အမြန် မီအောင် လျှောက်ကာ သူမအား ခေါ်လိုက်ပြီး ဆူပူလိုက်သည်။
“မင်း ဒီနေ့ ဘာဖြစ်နေတာလဲ။ အမှန်တကယ်တော့ ငါက မင်းကို မျက်နှာသာပေးတာ။ ထန်ရှုကို ကူညီရင်း သူ့ဆီက ကောင်းမွန်တဲ့ဆေးပညာနည်းစနစ်တွေကို သင်ယူနိုင်ဖို့ မင်းကို မျှော်လင့်ထားခဲ့တာ။ ဒါပေမယ့် မင်းကတော့ ဒီလိုကောင်းမွန်တဲ့အရာကို ဖျက်ဆီးပစ်လိုက်တယ်။”
စွန်းဝမ်ကျင်းက လီဟွန်ဂျီအား ခွန်းတုံ့မပြန်ဝံ့သည့်တိုင်အောင် ပြန်ပြောလိုက်သေးသည်။
“ဆေးရုံအုပ်…ကျေးဇူးပြုပြီး ကျွန်မကို ဟာသမလုပ်ပါနဲ့တော့။ အဲ့ဒီလူငယ်လေးက တကယ်ကို ထူးချွန်နေရင် ကျွန်မရဲ့အကူအညီကို ဘာကြောင့် အရင် လိုအပ်လိမ့်မလဲ။”
လီဟွန်ဂျီ စိတ်ပေါက်ပေါက်နှင့်အော်ပစ်လိုက်သည်။
“ပါးစပ်ပိတ်ထား။ သူ့မှာ မြင့်မားတဲ့ အရည်အချင်း မရှိပဲနဲ့ ငါတို့ဆေးရုံမှာ ဆေးကုသပေးဖို့ စမ်းသပ်ခန်းတစ်ခန်း ပြင်ဆင်ထားတဲ့အထိ အများကြီး အားစိုက်ထားတဲ့ ငါ့အကျင့်စရိုက်ကို မင်း တွေးမိလား။ သူ့ရဲ့ဆေးပညာသာ မကောင်းခဲ့ရင် ငါက သူ့ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံပြီး အကောင်းဆုံး ဖြည့်ဆည်းပေးဖို့ လုပ်ပါ့မလား။ မင်းက ထက်မြက်ပြီး လူမှုဆက်ဆံရေး ကောင်းတယ်လို့ ငါ ထင်ထားတာ ဒီနေ့မှ မင်းက ဘယ်လို ဖြစ်နေတာတုန်း။”
“ဒါဆို ဆေးရုံအုပ်က ကျွန်မကို ဟာသလုပ်နေတာ မဟုတ်ဘူးပေါ့။” စွန်းဝမ်ကျင်း ဇဝေဇဝါ ဖြစ်သွားသည်။
လီဟွန်ဂျီက လေးနက်သော အသံဖြင့် တုံ့ပြန်လိုက်သည်။
“သူ့သမီးရဲ့ထူးဆန်းတဲ့ရောဂါကို ကုဖို့ ငါတို့ဆေးရုံကို ရောက်လာတဲ့ မုဆိုတဲ့ အမျိုးသမီးကို မင်း မှတ်မိသေးလား။”
စွန်းဝမ်ကျင်းက ခေါင်းညိတ်ပြရင်း
“ကျွန်မ သူမရဲ့အကြောင်းတွေ ကြားတယ်။ ဆေးရုံအုပ်ကြီးတောင်မှ သူ့သမီးလေးအတွက် မကုသပေးနိုင်ခဲ့ဘူး။ မုအမျိုးသမီးက သူ့သမီးလေးကို တစ်နိုင်ငံလုံးကို ခေါ်သွားပြီး ပြခဲ့ပေမယ့် ဘယ်သူမှ အဲ့ဒီထူးဆန်းတဲ့ ရောဂါကို မကုပေးနိုင်ကြဘူး။ ဆေးရုံအုပ်… အဲ့ဒီကိစ္စကို ရုတ်တရက်ကြီး ဘာကြောင့် ပြောတာလဲ။”
လီဟွန်ဂျီက ထီမထင်ဟန်ဖြင့်
“မှန်တယ်။ အဲ့ဒီမုအမျိုးသမီးက တရုတ်တိုင်းရင်းဆေးရုံနဲ့ အနောက်တိုင်းဆေးရုံအပါ ဆေးရုံကြီး ရာပေါင်းများစွာကို သွားရောက်ခဲ့ပေမယ့် သူ့သမီးရဲ့ထူးဆန်းတဲ့ရောဂါကို ဘယ်သူမှ မကုနိုင်ကြဘူး။ ဒါပေမယ့် ထန်ရှုက ကုပေးခဲ့လို့ အခုဆိုရင် ကျန်းမာနေပြီ။”
“တကယ်ကြီးလား။ ဆေးရုံအုပ် မှားနေတာတော့ မဟုတ်ပါဘူးနော်။” စွန်းဝမ်ကျင်း၏ပထမဆုံးတုံ့ပြန်မှုမှာ လီဟွန်ဂျီ ညာနေသည်ဟူသည့်သဘောပင်။
“ငါ ညာနေတယ်လို့ မင်းက ထင်နေတာလား။” လီဟွန်ဂျီက ခနဲ့လိုက်သည်။
စွန်းဝမ်ကျင်းက အလျင်အမြန် ခေါင်းယမ်းပြလိုက်သည်။ ဆေးရုံအုပ်ကြီး၏အကျင့်စိတ်ဓာတ်အား သူမ ရှင်းလင်းကောင်းမွန်စွာ သိရှိပေသည်။ သူမ၏ဆန့်ကျင်သော တုံ့ပြန်မှုသည် ထန်ရှုအား အထင်သေးသောကြောင့်သာ ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး ဆေးရုံအုပ်မှ ထိုကဲ့သို့သော ကိစ္စအား ဟာသလုပ်လိမ့်မည်ဟု သူမ မထင်ပါချေ။
လီဟွန်ဂျီက အေးစက်သော အမူအရာဖြင့် ဆက်ပြောလိုက်သည်။
“အဲ့ဒါအပြင် ဒဏ်ရာရထားတဲ့ လူနာတစ်ယောက်ကို ခွဲစိတ်မှုဆောင်ရွက်ခဲ့တဲ့ အရိုးအထူးကုဆရာဝန်၊ နှလုံးခွဲစိတ်ဆရာဝန် ၆ယောက် ၇ယောက်အကြောင်းရော မင်း သိမိမှာပါ။ လူနာက နှလုံးနားမှာ စတီးသံချောင်းအရှည်ကြီး ရှိနေခဲ့တာ။ မင်း အဲ့ဒီအကြောင်းကိုရော မကြားမိဘူးလား။”
“အဲ့ဒီညက ကျွန်မ တာဝန်မကျပေမယ့် အဲ့ဒီအကြောင်းကို ကြားမိပါတယ်။ ဆေးရုံကို အဲ့ဒီညက အပြေးလာပြီး ခွဲစိတ်မှုလုပ်ပေးခဲ့တာ သူပဲလို့တော့ ကျွန်မကို မပြောနဲ့နော်။” စွန်းဝမ်ကျင်းက ပြောလိုက်သည်။
လီဟွန်ဂျီက မထီတထီလေသံဖြင့်
“သူကလွဲပြီး ဘယ်သူကများ အဲ့ဒီလို ကြီးကျယ်တဲ့စွမ်းရည်တွေ ရှိမှာတဲ့လဲ။ မင်း… အာ… နောက်ထပ်ဘာဆက်ပြောရမလဲဆိုတာတောင် ငါ တကယ်ကို မသိတော့ဘူး။ ဒီလိုကြီးမြတ်တဲ့ အခွင့်အရေးတစ်ခု ရှိတာကို မင်းက အလကား လုပ်ပစ်လိုက်တယ်။ မေ့လိုက်တော့။ ကိစ္စက ဖြစ်ပြီးသွားပြီဆိုတော့ ငါ မင်းကို ဆက်ပြောနေလည်း အသုံးမဝင်တော့ဘူး။ မင်းအလုပ်ကိုပဲ ပြန်သွားလိုက်တော့။”
ပြောပြီးသည်နှင့် လီဟွန်ဂျီက လက်ကို နောက်ပစ်ကာ သက်ပြင်းတစ်ချက် ချလျက် ကော်ရစ်ဒါဘက်သို့ ထွက်ခွာသွားတော့သည်။
ထွက်ခွာသွားသော လီဟွန်ဂျီ၏နောက်ကျောအား ကြည့်ရင်း စွန်းဝမ်ကျင်းမှာ ကြက်သေ သေလျက် လျှာအာစေးမိနေခဲ့သည်။ ရုတ်ခြည်းပင် နောင်တရမှုများသည် သူမ၏ရင်တွင်းတွင် ပျံ့နှံ့သွားခဲ့လေပြီ။
သည်အခြေအနေတွင် ဆေးရုံအုပ်လီသာ မညာခဲ့ရိုးမှန်ပါက ထန်ရှုသည် တကယ့်ကို အရည်အချင်းရှိသည့် တရုတ်တိုင်းရင်းသမားတော်တစ်ယောက် ဖြစ်ပေမည်။ တကယ့်အခွင့်အရေးကောင်းတစ်ခုအား သူမ လွဲချော်ခဲ့သည်များလား။ သို့သော် ထိုသို့ဆိုရင်တောင်မှ ထန်ရှုသည် အရမ်းငယ်ရွယ်လွန်းနေပေသည်။ မိခင်ဖြစ်သူ၏ဝမ်းဗိုက်ထဲတွင် ရှိစဉ်ကတည်းက လေ့လာခဲ့သည်ဆိုရင်တောင်မှ သူသည် နှစ်၂၀ခန့်သာ သင်ယူခဲ့ရသည် မဟုတ်ပေလော။ သူ၏ဆေးပညာအရည်အချင်း ကောင်းမွန်သည်ဆိုရင်တောင်မှ ထိုမျှအထိ ကောင်းမွန်နိုင်ပါမည်နည်း။
သူမ၏အတွေးများ ထိုနေရာသို့ အရောက်တွင် စွန်းဝမ်ကျင်းက သူမ၏အတွေးများအား ရပ်တန့်လိုက်ပြီး နှုတ်ခမ်းများ မဲ့လိုက်မိသည်။ သူမ၏ရုံးခန်းသို့ တန်းပြန်မသွားသေးဘဲ အတွင်းလူနာဆောင်သို့ ဆေးကုသမှု ခံယူနေသော မိခင်ဖြစ်သူအား ကြည့်ရန် လာလိုက်သည်။ လက်ရှိတွင် မိခင်ဖြစ်သူ၏ကင်ဆာဆဲလ်များမှာ ပျံ့နှံ့နေပြီဖြစ်သောကြောင့် အခြေအနေမှာ ဆိုးရွားနေပြီဖြစ်သည်။ သင့်တော်သော ဆေးကုသမှုမရှိခဲ့ပါက တစ်နှစ် သို့မဟုတ် နှစ်ဝက်သာ နေနိုင်တော့မည်ဖြစ်ပြီး သူမ၏အချိန်မှာ ၃လမှ ၅လသာ အကန့်အသတ် ရှိတော့သည်ဖြစ်သည်။
***