← Chapters

ဆေးကုသပေးခြင်း

Vol. 05 Ch. 232

ဆေးကုသပေးခြင်း

Vol. 05 Ch. 232

မနက်၈နာရီခွဲ ဖြစ်သည်။

လီဟွန်ဂျီကိုယ်တိုင် ပေးထားသော အဖြူရောင်ကုတ်အကျီအား ဝတ်ဆင်လျက် ထန်ရှုသည် ရောဂါစမ်းသပ်ဆွေးနွေးမည့် စားပွဲတွင် တည်ငြိမ်အေးဆေးစွာ ထိုင်ရင်း ပထမဆုံးလူနာလာမည်ကို စောင့်နေပေသည်။ သူ၏ဘေးတွင် အသက်၂၀ ဝန်းကျင်ခန့်ရှိမည်ဖြစ်သော မိန်းမပျိုလေးတစ်ဦးသည် သူ့အား စူးစမ်းသောအကြည့်ဖြင့် မျက်ခြည်မပြတ် ကြည့်လျက်ရှိသည်။ သိုက်ရှင်းရွှယ်သည် ဆေးရုံဆေးဝါးဋ္ဌာနမှ အသစ်ရောက်လာသူဖြစ်ပြီး သူမ အလုပ်ဝင်သည်မှာ လအနည်းငယ်ခန့်သာ ရှိသေးသည်။

သို့သော်လည်း သူမသည် တရုတ်တိုင်းရင်းဆေးပညာနောက်ခံအသိုင်းအဝိုင်း ရှိပေသည်။ သူမ၏အဘိုးဖြစ်သူမှာ စီနီယာကျသော တရုတ်တိုင်းရင်းဆေးသမားတော်တစ်ဦးဖြစ်သည့်အပြင် သူမ၏မိဘများသည်လည်း ဆေးပညာဆိုင်ရာအလုပ်အား လုပ်ကိုင်ကြသူများဖြစ်ပေသည်။ ထို့ကြောင့် သူမ၏မိသားစု လွှမ်းမိုးမှုအရ သူမတွင်လည်း အရည်အချင်းအချို့ရှိပေသည်။

သိုက်ရှင်းရွှယ်သည် ထန်ရှုအကြောင်းအား စိတ်ဝင်စားနေရင်း လေးစားနေမိသည်။ သူမနှင့် သက်တူရွယ်တူဖြစ်သော လူငယ်လေးသည် သေချာပေါက် အံ့အားသင့်စရာကောင်းသော အောင်မြင်မှု ရှိခဲ့ပြီး မမျှော်လင့်ထားဘဲ တာဝန်ကျဆရာဝန်ဖြစ်လာနိုင်သည့် အရည်အချင်းရှိပေသည်။

“ဒေါက်… ဒေါက်…”

ထန်ရှု၏ဆေးကုသစစ်ဆေးပေးမည့်အခန်းတံခါးခေါက်သံအား ကြားရပြီး များစွာသော မိသားစုဝင်များသည် လူနာအား အတွင်းသို့ မလာကာ ဝင်ရောက်လာသည်။ ဦးဆောင်လာသူအား သူ သိသဖြင့် ထန်ရှု မျက်မှောင်ကြုပ်သွားရသည်။ မြင့်မားသော နဂါး သိုင်းသင်တန်းကျောင်းအား နှိမ်နင်းစဉ်က တွေ့ခဲ့ဖူးသည့် အဖိုးအို ရန်ရှန်ယုပင် ဖြစ်တော့သည်။

“ဟယ်လို… ဒေါက်တာ ထန်..”

ရန်ရှန်ယုက ခါးညွတ်ကာ အရိုအသေပေးရင်း အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

ထန်ရှုက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်ပြီး မတ်တတ်ရပ်ကာ ရွေ့လျားလူနာကုတင်ပေါ်မှ အဖွားအိုအား ကြည့်လိုက်ရာ သူ၏မျက်ခုံးများ တွန့်ချိုးသွားရသည်။ ထန်ရှုက ရှေ့ကို လျှောက်လာပြီး အဖွားအို၏လက်ကောက်ဝတ်အား သွေးခုန်နှုန်း စမ်းသပ်လိုက်သည်။ မိနစ်ဝက်ကြာမျှ တိတ်ဆိတ်စွာ စစ်ဆေးပြီးနောက် ရန်ရှန်ယုဘက်သို့ လှည့်လိုက်ကာ

“အဖွားကို အရင်တုန်းက ဆရာဝန် ပြဖူးလား။ အခြားဆရာဝန်တွေက ခင်ဗျားကို ဘာပြောခဲ့လဲ။”

ရန်ရှန်ယုက ရိုကျိုးစွာဖြင့် ဖြေလိုက်သည်။

“ရှင်မက လေဖြတ်သွားတာလို့ ဆရာဝန်တွေက ပြောပေမယ့် ငါကတော့ အဲ့ဒါကို မယုံဘူး။”

“ဘာကြောင့် အဲ့လို မယုံတာလဲ။” ထန်ရှုက မေးလိုက်သည်။

“ရှင်မရဲ့ရောဂါပုံစံက လေဖြတ်တဲ့ပုံစံနဲ့ဆင်တူပေမယ့် သူမက ရှင်းရှင်းလင်းလင်း စကားပြောနိုင်တယ်။ သူမ ပြောတဲ့ အကြောင်းအရာတွေက နတ်ဘုရားတွေ၊ ဘုရားရှင်တွေနဲ့ ဝိညာဉ်တွေအကြောင်းတွေ ဖြစ်နေတယ်။ အဲ့ဒါ တအား ထူးဆန်းတယ်။ ငါ ထင်တာကတော့ သူမက လေဖြတ်တာ မဟုတ်ဘဲ ပြုစားခံရတာနဲ့ ပိုတူနေတယ်။” ရန်ရှန်ယုက ပြောပြသည်။

ထန်ရှုက ခေါင်းညိတ်ပြလိုက်ရင်း “ခင်ဗျား မှန်တယ်။ အဖွားက တွယ်ကပ်ခြင်းခံနေရတယ်။”

ရန်ရှန်ယု တစ်ခဏမျှ အံံ့အားသင့်သွားခဲ့ပြီး သူ၏အမူအရာသည်လည်း ရုတ်ခြည်းပင် ပြောင်းလဲသွားရသည်။ သူက အလျင်အမြန်ပင် စကားဆိုလာသည်။

“ဒေါက်တာထန်… ရှင်မက တွယ်ကပ်ခြင်းခံနေရတာကို မြင်နိုင်တယ်ဆိုမှတော့ အဲ့ဒါကို ကုသပေးနိုင်တယ်လို့ ငါ ယုံကြည်လို့ရမလား။ မြင့်မားတဲ့ နဂါးသိုင်းသင်တန်းကျောင်းမှာတုန်းက ငါ ဒေါက်တာ့ကို ပြစ်မှားမိပါတယ်။ အဲ့ဒါကို သဘောထားကြီးစွာနဲ့ ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်ကွာ။”

“ပြီးခဲ့တာတွေ ပြီးပါစေတော့လေ။ အဖွားရဲ့ရှေ့နဖူးထက်က တန့်ရန်အမှတ်ကို နတ်ဆိုးချီတွေ တိုက်ခိုက်နေတယ်။ ဒါပေမယ့် ကံကောင်းတာက သူမမှာ အားကောင်းတဲ့ ယန်ဓာတ် ရှိနေတော့ နတ်ဆိုးချီတွေက သူမရဲ့အသိစိတ်ပင်လယ်ကို မတိုက်ခိုက်နိုင်သေးဘူး။ နို့မဟုတ်လို့ကတော့ အရူးတစ်ယောက်လို ဖြစ်သွားလိမ့်မယ်။” ထန်ရှုက ခပ်ဖွဖွ ပြောလိုက်သည်။

“ဟေ့ မင်း ဘယ်လိုပြောလိုက်တာလဲ။” ရန်ရှန်ယု၏နောက်တွင် ရပ်နေသော ရန်ကျန်းတင်းက ဒေါသတကြီး ပြောလိုက်သည်။

“ပါးစပ်ပိတ်ထားစမ်း။” ရန်ရှန်ယု၏မျက်နှာ ပျက်သွားပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။

“အဖေ…ဒီချာတိတ်က တာဝန်မဲ့ ပြောနေတာလေ။ သူပြောသလို အမေက ဘယ်လိုလုပ် တွယ်ကပ်ခံရတာ ဖြစ်နိုင်မှာလဲ။ ဆေးရုံက လေဖြတ်တယ်လို့ စစ်ဆေးပြီးပြီကို။ ကျွန်တော်တို့က ကုသမှုကို လိုက်နာပြီး ဖြည်းဖြည်းချင်း အမေ ပြန်ကျန်းမာလာအောင် လုပ်ဖို့ပဲ လိုတာ။ အမေ ပြန်ကောင်းလာလိမ့်မယ်လို့ ကျွန်တော် ယုံတယ်။”

“ဖြန်း…”

ရန်ရှန်ယုက ရန်ကျန်းတင်း၏မျက်နှာအား ရိုက်လိုက်ပြီး လေသံမာမာဖြင့် ပြောလိုက်သည်။

“မင်း နောက်တစ်ခွန်း ထပ်ပြောရဲရင် ပြောကြည့် ငါ့သား မဟုတ်တော့ဘူး။ အဖေ့ကိုလည်း နောက်ထပ်လာမတွေ့နဲ့တော့။”

ထိုစကားကို ကြားလိုက်သည့် ရန်ကျန်းတင်းမှာ တုန်လှုပ်သွားရသည်။ သူ၏ခေါင်းအား ငုံ့ထားလိုက်ပြီး မည်သည့်စကားမျှ မဆိုတော့ချေ။

ထန်ရှုသည ခေါင်းကို ယမ်းလိုက်ပြီး ခပ်ဖွဖွ ပြောလိုက်သည်။

“ခင်ဗျားတို့အားလုံး အပြင်ထွက်ပေးပါ။”

ထန်ရှု၏စကားအား နားလည်မှုလွဲသွားသည့် ရန်ရှန်ယုမှာ အလျင်စလို ပြောရှာသည်။

“ဒေါက်တာထန်… ကျေးဇူးပြုပြီး ငါ့သားပြောတာကို ဗွေမယူပါနဲ့ကွာ။ ဒါ ငါဆုံးမတာ ညံ့ဖျင်းလို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျေးဇူးပြုပြီး ဇနီးဖြစ်သူကို ကယ်တင်ပေးပါ။”

“ကျွန်တော်ထွက်သွားခိုင်းတယ်ဆိုတာက သူမကို အခု ကုသတော့မလို့လေ။”

“အာ..ကောင်းပါပြီ။” ရန်ရှန်ယု ဝမ်းသာလုံးဆို့ကာ သူ၏သားသမီးများနှင့် ချက်ချင်းထွက်သွားသည်။

ထန်ရှုက သိုက်ရှင်းရွှယ်အား ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။

“မင်း ခုနက ယူလာတဲ့ ငွေအပ်တွေကို ထုတ်ပြီး အရက်ပြန်နဲ့ ပိုးသတ်လိုက်ပါ။”

“ကောင်းပါပြီ။”

သိုက်ရှင်းရွှယ် နာခံစွာဖြင့် ငွေအပ်ဗူးလေးအား ထုတ်ကာ ပိုးသတ်လိုက်ပြီး ဗူးထဲ ပြန်ထည့်ထားလိုက်သည်။

ထန်ရှုက အဖွားအိုအား ထူမပေးလိုက်ပြီး

“အဖွားကို အောက်ခံအဝတ်အစားက လွဲပြီး ကျန်တာ အကုန် ချွတ်လိုက်ပါ။”

ထန်ရှု၏ညွှန်ကြားချက်အတိုင်း သိုက်ရှင်းရွှယ်တစ်ယောက် ချီတုံချတုံ ဖြစ်နေပြီးမှ လုပ်ဆောင်လိုက်သည်။ မကြာမီ အဖွားအိုမှာ အောက်ခံအဝတ်အစားနှင့် ဖြစ်သွားတော့သည်။ ထန်ရှုသည် အဖွားအိုအား သူနှင့်မျက်နှာချင်းဆိုင်နေရာမှ ကျောဘက်သို့ လှည့်လိုက်သည်။ ထို့နောက် ငွေအပ်များကို ထုတ်ကာ သူမ၏ကျောပြင်မှ အမှတ်များအား လျင်မြန်စွာ ထိုးစိုက်လေသည်။

ထန်ရှု၏လက်ချောင်းများသည် ငွေအပ်များအား ညင်သာစွာ ဖိလျက် မရီဒျာန်လမ်းကြောင်းတစ်လျှောက်သို့ အဆက်မပြတ် ရွေ့လျားသွားသည်။

၂မိနစ်ကြာသောအခါ…

“အဟွတ်…အဟွတ်…” အဖွားအိုသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ နိုးလာခဲ့သည်။ သူမသည် တစ်ခဏမျှ ချောင်းဆိုးနေပြီးမှ မျက်လုံးပွင့်လာခဲ့ပြီဖြစ်သည်။

ထန်ရှု၏မျက်ဝန်းများ အရောင်လက်သွားခဲ့ပြီး သူသည် ငွေအပ်များအား အလင်းကဲ့သို့ လျင်မြန်သောအရှိန်ဖြင့် ဆွဲထုတ်ကာ သူမ၏နဖူးပေါ်ရှိ တန့်ရန်အမှတ်အား လျင်မြန်စွာ ထိုးစိုက်လိုက်တော့သည်။ သူ၏အပ်စိုက်ခြင်းနည်းစနစ်မှာ အလွန်တရာမှ ထူးဆန်းလှချေသည်။ သူသည် အမှတ်၃မှတ်အား ထိုးစိုက်ကာ တစ်ခုကို ဆွဲထုတ်သည်။ အခြားအမှတ်အား ထိုးစိုက်ကာ တစ်ဖန်ဆွဲထုတ်လိုက်ပြန်ပြီး နောက်ထပ်အမှတ်၃နေရာအား ထိုးစိုက်လိုက်တော့သည်။

လှည့်သည်၊ ဆွဲထုတ်သည်၊ ထိုးစိုက်သည်။

ထိုကဲ့သို့ ၉ကြိမ်တိုင်တိုင် လုပ်ပြီးသောအခါ ထန်ရှုသည် အပ်များအားလုံးအား လျင်မြန်စွာ ဆွဲထုတ်လိုက်တော့သည်။

“အာ…ဘယ်လိုအနံ့ဆိုးကြီးလဲ။”

အဖွားအို၏တန့်ရန်အမှတ်မှ အပ်များအား ထန်ရှု ဆွဲထုတ်လိုက်သောအခါ အဖွားအို၏ဘေးနားတွင် ရပ်နေသော သိုက်ရှင်းရွှယ်သည် ရုတ်တရက် အနံ့ဆိုးအား ရှူလိုက်မိသည်။ ထိုထိုးစိုက်လိုက်သောအမှတ်မှ အမည်းရောင်ဖျော့ဖျော့ အခိုးအငွေ့တန်း ထွက်လာသည်ကိုပင် သူမ ရှင်းလင်းစွာ မြင်နေရသည်။

ထန်ရှုသည် ငွေအပ်များအား ချကာ အဖွားအို၏မျက်နှာအား ညင်သာစွာ ကိုင်တွယ်လိုက်သည်။ သူ၏လက်ငါးချောင်းနှင့်အတူ အသာအယာ နှိပ်နယ်ပေးလိုက်ရာ အဖွားအို၏ရွဲ့နေသော ပါးစပ်သည် ပြောင်းလဲလာခဲ့ပေသည်။ သေချာစွာပင် အဖွားအို၏မျက်နှာကြွက်သားများ ပုံမှန်ဖြစ်စေရန် ထန်ရှုမှ ကြယ်စွမ်းအား သုံးကာ နှိပ်နယ်ပေးနေသည်ကို မည်သူမျှ သိမည် မဟုတ်ပါချေ။

အစမှအဆုံးထိ ထန်ရှု၏ကုသပေးချိန်မှာ ၁၀မိနစ်ခန့်သာ ကြာပေသည်။

အဖွားအို၏မျက်နှာအနေအထားမှာ သာမန်လူတစ်ယောက်နီးပါး ဖြစ်လာသောအခါတွင် ထန်ရှုသည် သူ၏လက်များအား ပြန်ရုတ်သိမ်းလိုက်သည်။ သူမ၏ကျောပြင်မှ ငွေအပ်များအား ထုတ်ယူလိုက်ပြီးနောက်

“အဖွားကို အကျီပြန်ဝတ်ပေးပြီးရင် မိသားစုဝင်တွေကို ဝင်လာဖို့ ပြောလိုက်တော့။”

ထိုခဏတွင် သိုက်ရှင်းရွယ်သည် အဖွားအို၏မျက်နှာအား ကြက်သေသေကာ ကြည့်နေရင်း ထန်ရှု၏စကားအား ကြားသောအခါ ရုတ်တရက် ထိတ်လန့်သွားသည်။ ထို့ကြောင့် သူမက အလျင်စလို မေးလိုက်သည်။

“ထန်..ဒေါက်တာ ထန်။ ရှင် ဘာပြောလိုက်တာလဲ။ ကျွန်မ တကယ်တောင်းပန်ပါတယ် မကြားလိုက်မိလို့။”

ထန်ရှုက သူပြောလိုက်သည့်စကားအား နောက်တစ်ခေါက် ပြောပြလိုက်ပြီးနောက် လက်ဆေးရန်အတွက် ဘေစင်ဆီသို့ သွားကာ သူ၏လက်များအား ဆေးကြောသန့်စင်ပြီး စားပွဲနောက်တွင် ပြန်ထိုင်လိုက်သည်။

သိပ်မကြာမီ ရန်ရှန်ယုနှင့် သူ၏သားသမီးများသည် အခန်းတွင်းသို့ ဝင်လာကြသည်။ အဖွားအို၏အနေအထားအား မြင်လိုက်ရသောအခါ လူတိုင်း၏မျက်နှာထက်တွင် မယုံကြည်နိုင်သောအကြည့်များ ပေါ်ပေါက်လာလေသည်။

“ဒေါက်တာထန်…ငါ့ဇနီး…သူမ..”

“ကျွန်တော် ကုပေးပြီးသွားပြီ။ ဒီဟာက အသေးအဖွဲပြသနာလေးမို့ ကျွန်တော် ဆေးအညွှန်းရေးပေးလိုက်မယ်။ အဲ့ဒါတွေကို ကျိုချက်ပြီး တိုက်ပေးပါ။ ရက်ပိုင်းလောက် အနားယူပြီးသွားရင် ထူထူထောင်ထောင် ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် သူမရဲ့ပတ်ဝန်းကျင်နားက အရာတွေကိုတော့ ခင်ဗျား စစ်ဆေးသင့်တယ်လို့ ကျွန်တော် ထင်တယ်။ ယင်နဲ့ နတ်ဆိုးချီပါနေတဲ့ ပစ္စည်းတွေ ရှိရမယ်။ အဲ့ဒါကို ဂရုမထားလိုက်ရင် နောက်ပိုင်း နတ်ဆိုးချီက သူမကို ပြန်လွှမ်းမိုးလာဦးမှာပဲ။ အဲ့ဒီအခါကျရင်တော့ ဒီလိုလွယ်လွယ် ကုလို့ရတော့မှာ မဟုတ်ဘူး။”

ရန်ရှန်ယု တုန်လှုပ်သွားပြီး  “ရှင်မက အခု ကောင်းသွားပြီလား။”

“ဘာလို့လဲ။ ကျွန်တော့်ကို မယုံတာလား။” ထန်ရှု မေးလိုက်သဖြင့် ရန်ရှန်ယုက ချက်ချင်း ခေါင်းယမ်းပြလိုက်ပြီး အလေးအနက် ပြောလိုက်သည်။

“ငါ ယုံပါတယ် နတ်ဆေးသမားတော် ထန်။ ကြယ်တာရာမှာ ဇနီးသည်နဲ့ အချိန်အကြာကြီးနေနေခဲ့တာ မင်းရဲ့ဆေးကုသပေးမှုကို စောင့်နေခဲ့တာပါ။ ကျေးဇူးတင်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်ကွာ။”

ထန်ရှု အံ့အားသင့်သွားသည်။ “ပြီးခဲ့တဲ့အချိန် မြင့်မားသောနဂါးသင်တန်းကျောင်းမှာ ခင်ဗျားကို တွေ့ခဲ့တာ အဲ့ဒါကြောင့်လား…”

ရန်ရှန်ယုက မချိပြုံးပြုံးလိုက်ပြီး

“ပြီးခဲ့တဲ့အချိန် ကြယ်တာရာကို ငါလာခဲ့တာ မင်းကို ရှာဖို့အတွက်ပဲ။ ကျင်းမန်ကျွန်းမှာ မိန်းကလေးငယ်လေးတစ်ယောက်ရဲ့ ထူးဆန်းတဲ့ရောဂါကို မင်း ပျောက်အောင် ကုပေးလိုက်တာကို ငါ ကြားတော့ မင်းက နတ်ဆေးသမားတော်တစ်ယောက်ပဲလို့ ငါ သိလိုက်တယ်။ အဲ့ဒီကတည်းက နေရာတိုင်းမှာ မေးမြန်းလာခဲ့တာ ကြယ်တာရာမှာ နေတယ်ဆိုတာပဲ ငါ သိတယ်။ မြင့်မားတဲ့ နဂါးသင်တန်းကျောင်းအုပ် ကျင်းဖုန်းက ငါရဲ့မိတ်ဆွေဟောင်းတစ်ဦးဆိုတော့ အဲ့ဒီနေ့က သူ့ဆီလာရင်း မင်းနဲ့ ဆုံဖြစ်သွားတာပဲ။”

ထန်ရှု သဘောပေါက်သွားပြီး ခေါင်းညိတ်လျက်

“ခင်ဗျား ကျင်းဖုန်းနဲ့ ထပ်တွေ့ရင် ပြောလိုက်ပါဗျာ။ သိုင်းသင်တန်းကျောင်းဖွင့်တယ်ဆိုတာ လူတွေကို ကျန်းမာကြံ့ခိုင်အောင် လေ့ကျင့်ပေးဖို့အပြင် မိခင်နိုင်ငံတော်ကိုပါ ကာကွယ်ဖို့အတွက်ဆိုတော့ ကုသိုလ်ရတဲ့ အလုပ်တစ်ခုပါ။ ဒါပေမယ့် အများပြည်သူကို အနိုင်ကျင့်ဖို့ သုံးတယ်ဆိုရင်တော့ သူ့ရဲ့ကျောင်းကို စောစောပိတ်လိုက်တာပဲ ကောင်းပါတယ်။”

“နတ်ဆေးသမားတော် ထန်… မင်း သူ့အကြောင်း သေချာ မသိလို့ပါ။ ငါ့သူငယ်ချင်းဟောင်းက ဖြောင့်မတ်မှန်ကန်တဲ့ လူတစ်ယောက်ပါ။ သိုင်းပညာအားကိုးနဲ့ လူတွေအနိုင်ကျင့်တဲ့သူတွေကို သူ မုန်းတဲ့အပြင် သင်ခန်းစာတောင် ပြင်းပြင်းထန်ထန် ပေးပစ်တာ။ သူ့သိုင်းသင်တန်းကျောင်းက အဲ့လိုကောင်တွေကိုလည်း တပည့်အဖြစ်က စွန့်လွှတ်ပြီး နှင်ထုတ်လိုက်ပြီးပြီ။ ကျောင်းကိုလည်း အရင်ကထက်ပိုပြီးတော့ ကြပ်မတ်နေတယ်။”

“ကျွန်တော် သဘောပေါက်ပြီ။”

ထန်ရှုက ပြောပြီးသည်နှင့် ဆေးညွှန်းတစ်စောင်ရေးကာ ရန်ရှန်ယုဆီ ပေးလိုက်ရင်း

“အခု ဆေးညွှန်းအတိုင်း သွားဝယ်ပါ။ ဘယ်လို လုပ်ရမယ် ဘာတွေ ပါတယ်ဆိုတာ ရေးပေးထားတယ်။ ဂရုတစိုက် လုပ်ဆောင်ပါ။”

“ကျေးဇူး..ကျေးဇူးပါ နတ်ဆေးသမားတော် ထန်..” ရန်ရှန်ယုမှ ကျေးဇူးတင်စကား ဆိုလိုက်သည်။

ထန်ရှုက ခေါင်းယမ်းပြလျက် ထိုသူများ ထွက်ခွာသွားသည်ကို ကြည့်နေလိုက်သည်။ ထို့နောက် သိုက်ရှင်းရွှယ်အား ကြည့်ကာ ပေါ့ပါးစွာ မေးလိုက်သည်။

“ကဲ မင်းကရော ဘယ်လိုထင်မြင်ချက်ရှိလဲ။”

သိုက်ရှင်းရွှယ်၏မျက်နှာထက်မှ အံ့သြတုန်လှုပ်မှုသည် ပျောက်ကွယ်မသွားသေးပါချေ။ ထန်ရှု၏အမေးစကားအား သူမ ကြားလိုက်ရသည့်အခါ တလေးတစား အမူအရာများသည် သူမ၏မျက်နှာထက်တွင် ထွက်ပေါ်လာခဲ့သည်။

“ဒေါက်တာထန်… ရှင်က တကယ်ကို အံ့အားသင့်ဖို့ ကောင်းတာပဲ။ ဒါပေမယ့် ရှင်ပြောတဲ့ နတ်ဆိုးချီကို ကျွန်မ နားမလည်ဘူး။”

ထန်ရှုက ခပ်ဖွဖွ ပြန်ဖြေလိုက်သည်။

“မင်းက တကယ်တော်တဲ့ တရုတ်တိုင်းရင်းသမားတော် ဖြစ်ချင်ရင် လူနာရဲ့အခြေအနေကို နားလည်ဖို့ လိုရုံသာမကဘူး သူတို့ရဲ့ဒဏ်ရာနဲ့ ခံစားမှုတွေကိုပါ နားလည်ဖို့လိုအပ်တယ်။ ခက်ခဲတဲ့ အခြေအနေတွေက သာမန်လူတွေကိုလည်း နားလည်ရမယ်။ တွယ်ကပ်ခြင်းခံရတဲ့လူနာကို ကုသပေးတာ ဒီသဘောပဲ။ ဒီကမ္ဘာမှာ ဝိညာဉ်ချီ၊ အသက်ချီ၊ သေခြင်းချီ၊ အလောင်းကောင်ချီနဲ့ အပြစ်သင့်ချီဆိုပြီး ရှိတယ်။ အနာဂတ်မှာ အလားတူ လူနာတွေနဲ့ မင်းတွေ့ကြုံလာရင် လူနာတွေရဲ့ရောဂါလကဏာကိုပဲ မစဉ်းစားနဲ့… သိပ္ပံနည်းမကျတဲ့ ဒီလိုကိစ္စ ရပ်တွေကိုလည်း စဉ်းစားရမယ်။”

“ရှင် သင်ပြတာတွေ ကျွန်မ သတိရနေမှာပါ ဒေါက်တာထန်။”

သိုက်ရှင်းရွှယ်က ခေါင်းအထပ်ထပ်ညိတ်ပြလိုက်ရာ သိုက်ရှင်းရွှယ်၏အပြုအမူအား ထန်ရှုပင် အတော် ကျေနပ်သွားရသည်။ လူတစ်ယောက်၏ရုပ်ရည်သွင်ပြင်အား ကြည့်ကာ အကဲဖြတ်တတ်သော စွန်းဝမ်ကျင်းနှင့် နှိုင်းယှဉ်မည်ဆိုပါက သိုက်ရှင်းရွှယ်အား အစားထိုးလိုက်ခြင်းသည် အမှန်တကယ်ပင် ကောင်းမွန်သော ရွေးချယ်မှုတစ်ခုဟု သူ တွေးလိုက်မိသည်။ ထို့ကြောင့် ကြယ်တာရာတိုင်းရင်းဆေးရုံကြီးတွင် သူ ဆေးကုသပေးနေသော ကာလတွင် သူမအား သူ တတ်နိုင်သလောက် ဆေးပညာ သင်ကြားပေးမည်ဟု ဆုံးဖြတ်လိုက်သည်။

“ဒေါက်…ဒေါက်…”

တံခါးခေါက်သံ ထပ်မံ ထွက်ပေါ်လာပြီး လူရွယ်တစ်ယောက်သည် သူ၏ဗိုက်အား လက်ဖြင့် ဖိကာ အခန်းအတွင်းသို့ ဝင်ရောက်လာသည်။ သူသည် စမ်းသပ်မှုစားပွဲ၏အရှေ့တွင် ထိုင်ချလိုက်ပြီးနောက် နာကျင်နေသော အမူအရာဖြင့်

“ဟိုင်း ဒေါက်တာ… ကျွန်… ကျွန်တော် ဗိုက်အရမ်းအောင့်နေတယ်။”

“ခင်ဗျားရဲ့လက်ကောက်ဝတ် ကျွန်တော့်ကို ပြပါ။”

လူရွယ်က သူ၏လက်ကောက်ဝတ်အား ဆန့်ပေးလိုက်သဖြင့် ထန်ရှု စစ်ဆေးလိုက်သည်။ သူ၏နှုတ်ခမ်းထက်တွင် ခပ်ဖွဖွ အပြုံးတစ်ချက် ပေါ်ထွက်လာခဲ့သည်။ ထို့နောက် မတ်တတ်ရပ်ကာ လူရွယ်၏အနောက်သို့ လျှောက်သွားပြီး ထိုသူ၏ပခုံးအား လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် ကျောပြင်အား အခြားလက်တစ်ဖက်ဖြင့် ရိုက်လိုက်သည်။

“ဖုန်း…ဖုန်း…ဖုန်း…”

အဆက်မပြတ် ရိုက်သံများသည် အခန်းရှေ့တွင် စောင့်နေသော လူနာများနှင့် မိသားစုဝင်များအား မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်စေခဲ့သည်။ သိုက်ရှင်းရွှယ်ပင်လျှင် ပဟေဠိဖြစ်နေဟန်ရှိသည်။

ထန်ရှုက သူမအား စိုက်ကြည့်လိုက်ပြီး

“မင်း ရောဂါအခြေအနေကို စမ်းစစ်ဖို့ သွေးခုန်နှုန်း တိုင်းတတ်လား။”

သိုက်ရှင်းရွှယ်က အလျင်အမြန် ပြောလိုက်သည်။ “နည်းနည်းပါးပါး ရပါတယ်။ အဖိုးဆီက သင်ထားတယ်။ ယေဘူယျ ရောဂါအခြေအနေကို သေချာစစ်ဆေးပြီး စမ်းသပ်နိုင်ပါတယ်။”

***

All Chapters