← Chapters

ဂုဏ်သတင်း ပျံ့နှံ့ခြင်း

Vol. 05 Ch. 233

ဂုဏ်သတင်း ပျံ့နှံ့ခြင်း

Vol. 05 Ch. 233

“မင်း အဲ့ဒီလို လုပ်နိုင်တယ်ဆိုမှတော့ သွေး၊ ချီနဲ့ အသက်ရှူနှုန်း တိုတောင်းတဲ့ လူနာတွေနဲ့ ကြုံတွေ့လာရင် သူတို့ရဲ့မရီဒျာန်လမ်းကြောင်းက ချီ ပိတ်ဆို့နေလားဆိုပြီး ဆုံးဖြတ်ဖို့ သူတို့ရဲ့သွေးခုန်နှုန်းကို ရိုက်ပြီး စစ်ဆေးပါ။ အဲ့လိုပိတ်ဆို့နေတယ်ဆိုရင် နောက်ဆက်တွဲမှာ ပြင်းထန်တဲ့ ဗိုက်အောင့်မှုကို ဖြစ်ပေါ်စေတယ်။ ငါ့လက်တွေရဲ့လှုပ်ရှားမှုကို အာရုံစိုက်ထားပြီး ရိုက်သွားတဲ့ နေရာတွေနဲ့ ရိုက်တဲ့နှုန်းကို မှတ်သားထားပါ။” ထန်ရှုက ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်သည့် သိုက်ရှင်းရွှယ်မှာ ထန်ရှုက သူမအား ဆေးပညာနည်းစနစ်များအား လမ်းညွှန်ပေးနေသည်ကို ချက်ချင်း နားလည်သွားရပြီး အပျော်လွန်သွားရသည်။ ခေါင်းအထပ်ထပ်ညိတ်ပြလိုက်ရင်း ထန်ရှု၏ ရိုက်ခြင်းနည်းစနစ်အား အသေအချာ ကြည့်ရှု မှတ်သားလေတော့သည်။

၂မိနစ်ကြာသော် လူရွယ်သည် အကြိမ်ရေအနည်းငယ် ချောင်းဆိုးလိုက်ပြီးနောက် အလွန်ရှည်လျား နံဟောင်သော လေလည်ခြင်းအမှုအား ပြုလာခဲ့ပြီး သူ၏မျက်နှာထက်မှ နာကျင်မှုသည် ပျောက်ကွယ်သွားတော့သည်။

ထန်ရှုလည်း ထိုလူရွယ်၏ပခုံးအား ဆုပ်ကိုင်ထားရာမှ လွှတ်ပေးလိုက်ကာ စမ်းသပ်စားပွဲနောက်မှ ကုလားထိုင်တွင် ပြန်သွားထိုင်လိုက်ပြီးနောက် အပြုံးဖြင့်

“ငယ်ရွယ်တာက ကောင်းမွန်တဲ့ အရာတစ်ခုဆိုပေမယ့် ခင်ဗျားရဲ့ခန္ဓာကိုယ်ကိုလည်း ဂရုစိုက်သင့်တယ်။ ကျန်းမာတဲ့ ခန္ဓာကိုယ်တစ်ခုဆိုတာ ကောင်းမွန်တဲ့ဘဝအတွက် ကိုယ့်ရဲ့ပိုင်ဆိုင်မှုပဲဗျ။ ဒီလိုပုံစံမျိုးနဲ့ ကိုယ့်ခန္ဓာ ကိုယ်ကို အဆံမရှိသလို လျော့ရဲစေမယ်ဆိုရင် ခင်ဗျားရဲ့လိင်မှုဆက်ဆံတဲ့ဘဝမှာ တအား ခံစားနေရလိမ့်မယ်။”

လူရွယ် ချက်ချင်းဆိုသလိုပင် ထန်ရှု မည်သည်ကို ပြောချင်နေသည်ကို နားလည်လိုက်သည်။ သူ၏မျက်နှာထက်တွင် ရှက်ကိုးရှက်ကန်း အမူအရာ ဖြစ်ပေါ်လာပြီး

“ကျေးဇူးပါ ဒေါက်တာ။  ခင်ဗျား ပြောတာကို ကျွန်တော် မှတ်ထားပါမယ်ခင်ဗျ။ ခင်ဗျားက တကယ်ကို နတ်ဆေးသမားတော်တစ်ယောက်ပဲ။ ခုနက ကျွန်တော် ဗိုက်အောင့်တာ တော်တော်ဆိုးဆိုးပါဗျာ။ ဒေါက်တာ ရိုက်ပြီးတော့ လုံးဝကို ဗိုက်အောင့်တာမရှိတော့ဘူး။ ကျွန်တော့် ခန္ဓာကိုယ်တစ်ခုလုံး သက်တောင့်သက်သာ ဖြစ်ပြီး နွေးထွေးနေတယ်လို့တောင် ခံစားနေရတယ်။”

ထန်ရှုက ပြုံးလိုက်ရင်း

“အားမနာပါနဲ့ဗျာ။ ဒါ ကျွန်တော် လုပ်ပေးသင့်တဲ့အရာပါ။ အခု ခင်ဗျား ပြန်လို့ရပါပြီ။ ခင်ဗျားနောက်မှာ တခြားလူနာတွေ စောင့်နေသေးတယ်။”

“ဟုတ်…ဟုတ်ကဲ့ဗျ။”

ဗိုက်ကို နှိပ်ကာ လာခဲ့သော လူရွယ်သည် အခုတော့ ခါးမတ်ရင်ကော့ကာ ပြန်သွားပြီဖြစ်လေသည်။ အခန်းရှေ့တွင် စောင့်နေကြသော လူနာများနှင့် မိသားစုဝင်များသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြပြန်သည်။ သူတို့ အခန်းရှေ့ကို ရောက်ရုံရှိသေးချိန်တွင် အတော်စိတ်ပျက်နေခဲ့ရပြီး ယခုအခါ ထန်ရှုက ထိုကဲ့သို့ ဆိုးရွားလှသော ဗိုက်အောင့်ရောဂါအား လွယ်ကူလျင်မြန်စွာ ကုသပေးနိုင်သည့် အရည်အချင်း ရှိလိမ့်မည်ဟု မထင်ထားမိခဲ့ချေ။

“ဝိုး…မိုက်လိုက်တာ။ ပင်လယ်ပြင်ကို အိုးတစ်လုံးနဲ့ မတိုင်းတာနိုင်သလို လူတစ်ယောက်ရဲ့ရုပ်ရည်သွင်ပြင်ကို ကြည့်ပြီး ငါတို့ တကယ်ကို အကဲမဖြတ်နိုင်ဘူးပဲ။ ဒီဆရာဝန်ငယ်လေးမှာ သည်လို အံ့အားသင့်စရာကောင်းတဲ့ ဆေးပညာအရည်အချင်းရှိလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ အနာဂတ်မှာ ကမ္ဘာသိကျော်ကြားတဲ့ နတ်ဆေးသမားတစ်ယောက် ဖြစ်လာလိမ့်မယ်။”

“တကယ်ကို အံ့သြဖို့ကောင်းတယ်။ ငါ အရည်အချင်းရှိတဲ့ဆရာဝန်အချို့ကို ကြားဖူးပေမယ့် တစ်ယောက်မှ အသက်မငယ်ကြတော့ဘူး။ ဒီတရုတ်တိုင်းရင်းဆေးရုံကို ဆေးကုသဖို့လာလိုက်တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်သွားပြီနဲ့တူတယ်။”

“ကျွန်မ အလှည့်…”

သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး အခန်းတွင်းသို့ ဝင်လာပြီး ထန်ရှုအား စာရင်းသွားထားသည့်စာရွက်အား လှမ်းပေးလိုက်ပြီးနောက်

“ဟိုင်း ဒေါက်တာ ကျွန်မ ခုတလော မူး မူးနေလို့။ တစ်ခါတလေဆိုရင် အော်ဂလီဆန်ပြီး အန်ချင်တယ်။ ညဘက်တွေမှာလည်း မကြာခဏဆိုသလို အိပ်မပျော်ဘူး။ ကျွန်မကို စစ်ဆေးပြီး ဘာရောဂါရှိနေလဲဆိုတာ ပြောပြပေးနိုင်မလား။”

ထန်ရှုက သူမအား အကဲဖြတ်ကြည့်လိုက်ရာ သူမ၏နှုတ်ခမ်းများသည် ဖြူဖျော့ကာ ခရမ်းနုရောင် ဖြစ်နေသည်ကို သတိပြုမိသည်။ ထို့ပြင် သူမ၏နဖူးထက်တွင်လည်း ချွေးများ စို့နေသဖြင့် သူက ချက်ချင်းပင် တုံ့ပြန်လိုက်သည်။

“ခင်ဗျားရဲ့အခြေအနေကို မပြောခင် သွေးခုန်နှုန်း ကျွန်တော် စမ်းသပ်ကြည့်ပါမယ်။”

သက်လတ်အမျိုးသမီးက လျင်မြန်စွာပင် သူမ၏လက်ကောက်ဝတ်အား ဆန့်ထုတ်ပေးလိုက်သည်။

သွေးခုန်နှုန်းအား စမ်းသပ်ကြည့်ပြီးနောက် သူမ၏ရောဂါမှာ သေးသေးမွှားမွှား မဟုတ်သည်ကို ထန်ရှု သိသွားသည်။ သူမ၏ကျောက်ကပ်စွမ်းဆောင်ရည်တွင် ပြသနာ ရှိနေရုံသာမက ကျောက်ကပ်ပျက်စီးနေသည့် ရောဂါလက္ခဏာအချို့ပါ ရှိနေသည်။ သူမသည် အိပ်မပျော်သည့်ရောဂါအား ပြင်းထန်စွာ ခံစားနေရသောကြောင့် ၎င်းအား မကုသပါက သူမ၏ခန္ဓာကိုယ်သည် အများဆုံး၂လအတွင်း ပြိုလဲသွားတော့မည်ဖြစ်ပေသည်။

ထန်ရှုက တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် သက်လတ်ပိုင်းအမျိုးသမီး၏လက်ကောက်ဝတ်အား လွှတ်ပေးလိုက်ရင်း

“ဖိနပ်နဲ့ ခြေအိတ်တွေ ချွတ်လိုက်ပါ။ ကုလားထိုင်ကို ဖယ်ပြီး ကျွန်တော့်ရှေ့မှာ ထိုင်လိုက်ပါ။”

သက်လတ်ပိုင်း အမျိုးသမီးမှာ ဇဝေဇဝါ ဖြစ်နေသော်လည်း ထန်ရှု၏ညွှန်ကြားချက်အတိုင်း လုပ်ဆောင်လျက်ရှိသည်။ သူမသည် ထန်ရှု၏ရှေ့တွင် ထိုင်ပြီး ဖိနပ်နှင့် ခြေအိတ်များကို ချွတ်လိုက်သည်။

ထန်ရှုက သက်လတ်ပိုင်းအမျိုးသမီး၏ ဗလာကျင်းနေသော ခြေဖဝါးများအား ယူကာ သူ၏ခြေထောက်ပေါ်တွင် တင်လိုက်ပြီးနောက် ခြေဖဝါးထက်မှ အရေးကြီးသော သွေးကြောမှတ်များအား ပွတ်တိုက်ဖိနှိပ်သည့်နည်းတူ နှိပ်နယ်မှုကိုလည်း လုပ်ဆောင်ပေးတော့သည်။

သက်လတ်ပိုင်း အမျိုးသမီးက နာကျင်သည့် အမူအရာ ဖြစ်ပေါ်လာသဖြင့် ထန်ရှုက ခပ်ဖွဖွ မေးလိုက်သည်။

“အဲ့ဒီနေရာက နာသလား။”

နာကျင်နေသောအမူအရာနှင့်အတူ သက်လတ်ပိုင်းအမျိုးသမီးက လေးလံစွာ ခေါင်းညိတ်လိုက်ပြီး

“အဲ့ဒါက တအားနာတယ်။”

ထန်ရှုက သက်ပြင်းချလျက်

“ခင်ဗျားက ခန္ဓာကိုယ်ကို လျစ်လျူရှုထားလွန်းတာကိုးဗျ။ ပြင်းထန်တဲ့ အိပ်မပျော်တဲ့ ရောဂါလည်း ရှိတယ်။ သွေးခုန်နှုန်းကလည်း အားနည်းနေတယ်။ ကျောက်ကပ်စွမ်းဆောင်ရည်တွင် ပြသနာ ရှိနေရုံသာမကဘူး ကျောက်ကပ်ပျက်စီးနေသည့် ရောဂါလက္ခဏာအချို့ပါ ရှိနေတယ်ခင်ဗျ။ ချက်ချင်း ကုသမှု မခံယူဘူးဆိုရင် အကျိုးဆက်က တအား ပြင်းထန်သွားလိမ့်မယ်။ နေရတာ သက်တောင့်သက်သာ မဖြစ်တာကို ပျောက်သွားအောင်လို့ ကျွန်တော် သွေးကြောမှတ်တွေကို နှိပ်ပေးလိုက်မယ်။ အရှင်းပျောက်ချင်ရင်တော့ ဖြည်းဖြည်းချင်း ကုသွားဖို့လိုတယ်။ တရုတ်တိုင်းရင်းဆေးအညွှန်းအချို့ ပေးလိုက်မယ်။ အဲ့ဒါတွေ ဝယ်ပြီးရင်  ကျိုပြီးတော့ မနက်တစ်ခါ ညနေတစ်ခါ နေ့တိုင်းကို တစ်လလောက် စွဲသောက်ပါ။”

သက်လတ်ပိုင်း အမျိုးသမီးက မေးလိုက်သည်။

“တစ်လသောက်ပြီးသွားရင် ကျွန်မ ကောင်းသွားနိုင်လား။”

“ကောင်းသွားလိမ့်မယ်။ ပိုပြီးတော့ကို သန်မာလာလိမ့်မယ်။”

သက်လတ်ပိုင်း အမျိုးသမီး ဝမ်းသာလုံးဆို့သွားပြီးမှ ချီတုံချတုံဖြင့်

“ဒါပေမယ့် ဒေါက်တာ… ရေးပေးမယ့် ဆေးပင်တွေက ဈေးကြီးလား။ ငါ.. ကျွန်မတို့မိသားစုက အတော်ဆင်းရဲပါတယ်။ အရမ်းဈေးကြီးနေရင် ဝယ်သောက်နိုင်မှာ မဟုတ်ပါဘူး။”

“ဈေးမကြီးပါဘူး။ ခင်ဗျား ယွမ်တစ်ဆယ်လောက်ပဲ ကျသင့်မှာပါ။”

ထိုစကားအား ကြားလိုက်သည့် သက်လတ်ပိုင်းအမျိုးသမီးခမျာ စိတ်သက်သာရာ ရသွားပြီး ကျေးဇူးတင်သော အမူအရာဖြင့်

“ကျေးဇူး အများကြီး တင်ပါတယ် ဒေါက်တာ။”

ထန်ရှု ခေါင်းယမ်းပြလျက် သူမအား မိနစ်အနည်းငယ် နှိပ်နယ်ပေးလိုက်သည်။ နှိပ်နယ်ပြီးနောက် သူမအား ခြေအိတ်နှင့် ဖိနပ်များ ပြန်ဝတ်ခိုင်းလိုက်သည်။ ထို့နောက် သူ၏လက်များအား ဆေးကြောကာ ဆေးညွှန်းတစ်စောင် ရေးကာ ပေးလိုက်သည်။

“နေ့တိုင်း ဆေး ပုံမှန်သောက်ပါ။ အဲ့လိုမှမဟုတ်ရင် ခင်ဗျား ဗုန်းဗုန်းလဲသွားလိမ့်မယ်။”

“ကျွန်မ မှတ်ထားပါမယ်။” သက်လတ်ပိုင်းအမျိုးသမီးက လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။

ဘေးတွင် ရပ်နေသော သိုက်ရှင်းရွှယ်၏မျက်လုံးအများ အရောင်တစ်ဖျတ်ဖျတ် လင်းလက်လျက်ရှိသည်။ ထန်ရှု၏ ဆေးကုသမှုသည် ထိုကဲ့သို့ အံ့သြစရာကောင်းလိမ့်မည်ဟု သူမ ထင်မထားခဲ့မိချေ။ လူနာ၃ယောက် ဆေးကုသရန်လာခဲ့ရာတွင် ၂ယောက်မှာ နေရာမှာတင် ရောဂါပျောက်ကင်းသွားပြီး တတိယမြောက်လူနာအား နှိပ်ပေးခဲ့သည်။ သက်လတ်ပိုင်းအမျိုးသမီး၏ ဖြူလျော်နေသော မျက်နှာထက်တွင် နှင်းဆီရောင်သန်းလာပြီး သူမ၏အမူအရာနှင့် စကားပြောဆိုဟန်တို့မှာ ယခင်ကထက် ကျန်းမာသန်စွမ်းလာပုံ ရှိသည်။

“နောက်လူနာ…”

သက်လတ်ပိုင်း အမျိုးသမီး ထွက်ခွာသွားပြီး ထန်ရှုက အော်ခေါ်လိုက်သည်။

ယနေ့မနက်ခင်းတွင် ထန်ရှုသည် လူနာဒါဇင်ပေါင်းများစွာအား စစ်ဆေးကုသပေးခဲ့သည်။ အချို့မှာ နေရာမှာတင် ရောဂါပျောက်ကင်းသွားကြပြီး ကျန်လူနာများမှာ ရောဂါအခြေအနေအရ ဆေးစွဲသောက်ရမည်ဖြစ်သဖြင့် ရိုးရှင်းသော ဆေးစာအား ရေးပေးလိုက်သည်။

ထိုအချိန်တွင် ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံကြီးတစ်ခုလုံးရှိ ခေါင်းဆောင်ပိုင်းများ၊ ဆရာဝန်များ၊ သူနာပြုများနှင့် ဆေးရုံသို့ လာသောလူနာအများအပြားသည် နတ်ဆေးသမားတော်တစ်ယောက် ပေါ်ထွက်လာသည်ကို ကြားရလေသည်။

ဆေးရုံ၏အစည်းအဝေးခန်းထဲတွင်….

လီဟွန်ဂျီ၊ အထူးကုများနှင့် ဆရာဝန်များသည် အစည်းအဝေးစားပွဲတွင် ထိုင်ကာ အခန်းထဲရှိ ကြီးမားသော LCD မျက်နှာပြင်အား ကြည့်နေကြသည်။ မျက်နှာပြင်ထက်တွင် ထန်ရှု၏ဆေးကုသမှုအခန်းအား ပြသလျက်ရှိသည်။ ၃နာရီခွဲခန့်ကြာသည့်တိုင် တစ်ဦးတစ်ယောက်ကမျှ စားပွဲဆီမှ ခြေတစ်လှမ်းမှ မထွက်ခွာသလို စကားများလည်း မပြောကြပါချေ။ သူတို့အားလုံး၏အာရုံသည် LCD မျက်နှာပြင်ထက်တွင်သာ ရှိနေပြီး အံ့သြတုန်လှုပ်မှုသည် အချိန်တိုင်းတွင် ဖြစ်ပေါ်လျက်ရှိပေသည်။

“ဟူး…”

လူနာတစ်ယောက်အား ထန်ရှုက အောင်မြင်စွာ ကုသပေးလိုက်သည်ကို ကြည့်ပြီးနောက် လီဟွန်ဂျီ သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။ သူက အစည်းအဝေးခန်းထဲရှိ အထူးကုများနှင့် ဆရာဝန်များဘက်သို့ လှည့်ကာ မေးလိုက်သည်။

“မင်းတို့ ဘယ်လိုထင်လဲ။ သူက ငါကိုယ်တိုင် ငှားထားတဲ့ ဆရာဝန်ပဲ။ သူ့ရဲ့အဆင့်က သေချာပေါက် ကျွမ်းကျင်မှုရှိတယ် ဟုတ်လား။”

အထူးကုများနှင့် ဆရာဝန်များသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏မျက်နှာထက်တွင် ခါးသီးသော အမူအရာများ ရှိနေကြသည်။

အသက်ကြီးသော တရုတ်တိုင်းရင်းသမားတော်က အားတင်းထားရသောအပြုံးဖြင့်

“ဆေးရုံအုပ်က ကျွန်တော်တို့ကို နောက်နေတာပဲ။ ဒီသမားတော်ငယ်လေးက ဘယ်လိုလုပ်ပြီး မကျွမ်းကျင်ပဲ နေပါ့မလဲ။ သူ့ရဲ့ဆေးပညာကျွမ်းကျင်မှုက တကယ့်ကို အံ့ဖွယ်ပါပဲ။ ကျွန်တော် ဆေးလောကထဲ ရောက်တာ အခုဆို အနှစ် ၄၀-၅၀ ရှိပြီ။ လူနာအများကြီးနဲ့ ရောဂါအများကြီးလည်း တွေ့ဖူး ကုသဖူးသလို ကျွမ်းကျင်တဲ့ တရုတ်သမားတော်တွေ အများကြီးကိုလည်း တွေ့ဖူးပါတယ်။ ဒါပေမယ့် သူ့လိုမျိုး ကျွမ်းကျင်တဲ့ တရုတ်တိုင်းရင်းသမားတော်ကို တစ်ခါမှ မတွေ့ဖူးဘူး။”

“သူက တကယ်ကို နတ်ဆေးသမားတော်တစ်ယောက်ပဲ။ သူ့ရဲ့ဆေးပညာကျွမ်းကျင်မှုက သံသယမရှိ ကျော်လွန်နေပြီ။ အခုဆိုရင် ကမ္ဘာပေါ်မှာ သူမကုနိုင်တဲ့ ရောဂါ ရှိပါ့မလားလို့တောင်မှ တွေးမိတယ်။” အခြားတရုတ်သမားတော်ကြီးတစ်ယောက်မှလည်း သက်ပြင်းချလိုက်သည်။

လီဟွန်ဂျီ၏နှုတ်ခမ်းထောင့်မှ အပြုံးတစ်ချက် ပေါ်လာသည်။ ကျေနပ်မှုနှင့်အတူ လူတိုင်းအား ဝေ့ကာကြည့်လျက် ခေါင်းညိတ်လိုက်ကာ

“ဆိုရိုးရှိတဲ့အတိုင်း ရာစုနှစ်များစွာအတွက် နိုင်ငံကို ကိုယ်စားပြုတဲ့ ခေါင်းဆောင်မှုအပိုင်းအတွက် ပိုပြီး ထူးချွန်တဲ့ ပါရမီရှိတဲ့ လူတွေ ပေါ်ထွက်လာလိမ့်မယ်။ ငါတို့တွေက အိုမင်းသွားကြတဲ့အခါ အနာဂတ်မှာ လူငယ်တွေက ကမ္ဘာကြီးကို အုပ်စိုးကြလိမ့်မယ်။ ထန်ရှုက ဆေးပညာလောကကို စိတ်မဝင်စားတာကတော့ စိတ်မကောင်းစရာပဲ။ အဲ့လိုမှမဟုတ်ရင် ဒီ့အတွက် အစစ်အမှန် ပျော်ရွှင်မှုဖြစ်လိုက်ချင်တာ။”

ပထမဆုံးစကားပြောခဲ့သည့် အသက်ကြီးသော တရုတ်တိုင်းရင်းသမားတော်က ပြန်ပြောလိုက်သည်။

“ဆေးရုံအုပ်ကြီး… သူ့လို ထူးချွန်ကျွမ်းကျင်ပြီး ငယ်ရွယ်တဲ့ တရုတ်တိုင်းရင်းသမားတော်ကို ကျွန်တော်တို့ဆီမှာ ထိန်းထားရမယ်။ ကျွန်တော်တို့ဆေးရုံမှာ သူ ရှိနေသရွေ့ ဆေးရုံက တအား နာမည်ကျော်ကြားလာမယ်လို့ ကျွန်တော် ယုံတယ်။”

လီဟွန်ဂျီက ကူကယ်ရာမဲ့စွာဖြင့် တုံ့ပြန်လိုက်သည်။

“ငါကရော သူ့ကို ဆေးရုံမှာ မရှိစေချင်ဘူးလို့ မင်း ထင်လား။ ငါ အစွမ်းရှိသလောက် ကြိုးစားခဲ့တယ်။ သူ့အမေ ဒီမှာ ဆေးရုံတက်ကတည်းက ငါတို့ဆေးရုံမှာ သူ ဆေးကုသချင်လာအောင် အစွမ်းကုန် ကုသဂရုစိုက်ပေးခဲ့တယ်။ ဒါပေမယ့် သူက နွေရာသီအားလပ်ရက်မှာ လုပ်ပေးမယ်လို့ပဲ သဘောတူထားတယ်။ ဒီနွေရာသီအားလပ်ရက် ပြီးသွားရင် သူက တက္ကသိုလ် သွားမှာဆိုတော့ နောက်ပိုင်းကျရင် သူ ငါတို့ဆေးရုံကို လာပြီး ဆေးကုသဖို့ဆိုတာ ခက်ခဲလိမ့်မယ်။”

အထူးကုများနှင့် ဆရာဝန်များက တိတ်ဆိတ်သွားကြသည်။

လီဟွန်ဂျီက သက်ပြင်းချလိုက်ပြီး

“အခု အဲ့ဒါကို မေ့ထားလိုက်ရအောင်။ တစ်စုံတစ်ခု မဖြစ်ဘူးဆိုရင် အဲ့ဒါကို ဖြစ်အောင် ကြိုးစားနေလို့လည်း အသုံးမဝင်ဘူးလေ။ နောက်ပိုင်း သူ ငါတို့ဆေးရုံကို လာပြီး ဆေးကုသပေးအောင်တော့ လုပ်နိုင်သမျှအရာတွေ ငါ လုပ်မှာပါ။ အဲ့ဒါအပြင် သူ ဒီမှာလာပြီး ဆေးကုသမယ်လို့ ဆုံးဖြတ်တာနဲ့ ငါတို့ ဒီသတင်းကို ချက်ချင်း ကြေညာရမယ်။ ထန်ရှုရဲ့ဆေးပညာက ကောင်းမွန်လွန်းတော့ အတွင်းလူနာဆောင်က ဆွေမျိုးပါလာကြတဲ့ ရောဂါကြီးကြီးမားမား ရှိသူတွေ၊ ကုသဖို့ ခက်ခဲတဲ့သူတွေကို ရွေးပြီး ထန်ရှုရဲ့စမ်းသပ်ခန်းကို နေ့ခင်းကျ လွှတ်ပေးလိုက်။ သူ ဒါကို ဖြေရှင်းနိုင်တာနဲ့ ငါတို့ဆေးရုံမှာ နတ်ဆေးသမားတော်တစ်ယောက် တာဝန်နဲ့ ရောက်နေတာကို ချက်ချင်း ကြေညာရမယ်။”

“နားလည်ပါပြီ။” လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။

နေ့လည်ခင်း ရောက်တော့မည်ဖြစ်သည်။

ထန်ရှုသည် ဆေးရုံတွင် နေ့လည်စာ စားနေသည်။ လီဟွန်ဂျီက ထန်ရှုနှင့်အတူ သူ၏လက်ထောက် သိုက်ရှင်းရွှယ်အား နေ့လည်စာစားရန် ဖိတ်ခေါ်ခဲ့သည်။ သို့သော်လည်း ရိုသေလေးစားရပြီး နာမည်ကြီးသော ဆေးရုံအုပ်နှင့်အတူ နေ့လည်စာ စားရသော သိုက်ရှင်းရွှယ်တစ်ယောက်မှာတော့ စိတ်ကျဉ်းကြပ်နေခဲ့လေသည်။

နေ့လည်စာ စားပြီးနောက် ထန်ရှုသည် သူ၏စမ်းသပ်ခန်းသို့ ပြန်လာသည်။ သူ၏အခန်းထဲတွင် စောင့်ကြည့်ကင်မရာတစ်လုံး ရှိသည်ကို သူသိသော်လည်း ဂရုမစိုက်ချေ။ လူနာများ သူနှင့်ဆွေးနွေးခြင်းနှင့် ကုသပေးခြင်းတို့အား ဆောင်ရွက်ရာတွင်ပင် ကင်မရာဘက်သို့ လှည့်ကာ ပြုလုပ်လိုက်သေးသည်။

နေ့လည်ခင်းတွင်လည်း ထန်ရှုသည် ပြင်းထန်သော ရောဂါရှိသည့် လူနာများစွာအား စမ်းသပ်စစ်ဆေးပေးနေခဲ့သည်။ ထိုသူများအား ချက်ချင်း ပျောက်ကင်းအောင် မကုသပေးနိုင်သော်လည်း ရောဂါသက်သာအောင် ကုသပေးခဲ့သည်။ သူ၏ညွှန်ကြားချက်အား ထိုသူများ လိုက်နာနေသရွေ့ လျင်မြန်စွာ ပျောက်ကင်းသွားမည်ဟု သူ ယုံကြည်ပေသည်။

ထန်ရှုသည် ဆေးကုသမှုအား မနက်ဖြန်တွင်လည်း ဆောင်ရွက်ပေးရန် ဆုံးဖြတ်လိုက်သည်။ လီဟွန်ဂျီအား ကတိပေးပြီးသည့်နောက်ပိုင်း ရက်များစွာ သူ နှောင့်နှေးခဲ့သည်။ ယခု ရက်အနည်းငယ်မျှ ဆေးကုသပေးပြီးနောက်တွင် သူသည်လည်း အတော် အလုပ်များတော့မည်ဖြစ်ပြီး သည်ဆေးရုံသို့ နောက်ပိုင်းတွင် လာရန် အချိန်ရှိနိုင်မည်မထင်ပေ။

နောက်တစ်နေ့ နေ့လည်ခင်းတွင်…

ထန်ရှုသည် သူ၏စမ်းသပ်ခန်းတွင် ဆေးကုသမှုလုပ်ပေးရင်း သိုက်ရှင်းရွှယ်အား ဆေးပညာဆိုင်ရာ ဗဟုသုတများ သင်ကြားပေးလျက်ရှိသည်။ လူ၏ခန္ဓာကိုယ်မှ ရောဂါလက္ခဏာအမျိုးမျိုးနှင့်ပတ်သက်ပြီး သူ့တွင် ပညာဗဟုသုတ နက်ရှိုင်းစွာ ရှိပေသည်။ ကမ္ဘာမြေကို ပြန်လာပြီးနောက်တွင် တရုတ်ဆေးပညာစာအုပ်များစွာအား ဖတ်ရှုထားသောကြောင့် များစွာသော ဆေးပညာဆိုင်ရာ၊ ရောဂါဆိုင်ရာ၊ ကုသမှုဆိုင်ရာ ပညာဗဟုသုတများသည် သူ၏လက်တွေ့ကုသမှုနှင့် ဆေးပညာဆိုင်ရာတွင် အုတ်မြစ်တစ်ခု ဖြစ်လာခဲ့ပေသည်။

“ဒေါက်…ဒေါက်…”

တံခါးခေါက်သံနှင့်အတူ လူရွယ်တစ်ယောက်သည် သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးအား တွဲကာ စမ်းသပ်ခန်းထဲသို့ ဝင်လာသည်။ ထိုလူရွယ်အား ထန်ရှုတွေ့သောအခါ သူ၏မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားရသည်။ လွန်ခဲ့သော၂ရက်က ဆေးရုံအပြင်ဘက်တွင် ထိုလူရွယ်နှင့်ဆုံခဲ့ဖူးပြီး သူ့အား ပြက်ရယ်ပြုသွားသောသူပင် ဖြစ်ပေသည်။

“မင်း ဘာကြောင့် ဒီနေရာမှာ ရှိနေတာလဲ။”

လူရွယ်လည်း ထန်ရှုအား မြင်သောအခါ ကြက်သေ သေသွားပြီး အံ့အားသင့်စွာ ပြောလိုက်သည်။

ထန်ရှုက ခံစားချက်ကင်းမဲ့သော လေသံဖြင့်

“ငါက ဘာကြောင့် မလာရမှာလဲ။ လူချမ်းသာတွေလည်း ဖျားနာတတ်ကြပြီး ဆရာဝန်တစ်ယောက် လိုအပ်တယ်မဟုတ်လား။ ငါက ပိုက်ဆံမရှိတော့ ဆရာဝန်တစ်ယောက်အဖြစ် အလုပ်လုပ်စရာ မရှိဘူးလို့ မင်း ထင်နေတာလား။”

***

All Chapters