နောင်တများ
Vol. 05 Ch. 234
လူရွယ်၏မျက်နှာမှာ ကွက်ကနဲ ပျက်သွားကာ ကသိကအောက် ဖြစ်သွားသည့်ဟန်ရှိသည်။ တရုတ်တိုင်းရင်းဆေးရုံကြီး၏သမားတော်တစ်ယောက်အား နှုတ်ဖြင့် စော်ကားခဲ့မိပြီကို သိလိုက်ရသည့်အချိန်တွင် စိတ်တွင်းမှ ကြိတ်ကာ နောင်တရမိတော့သည်။ ထို့ပြင် ပျံ့လွင့်နေသော ကောလဟလများအရ ထိုသမားတော်သည် နတ်ဆေးသမားတော်တစ်ယောက်ပင် ဖြစ်နေပေသည်။ သူက ခယသောအပြုံးဖြင့်
“ဒေါက်တာ… အရင်တုန်းက ကျွန်တော် ထောင်လွှားခဲ့မိတဲ့အတွက် တကယ်ကို တောင်းပန်ပါတယ်။ ဒေါက်တာ့လို ကြီးမြတ်တဲ့လူတစ်ယောက်ကို ကျွန်တော့်လို နိမ့်ကျတဲ့သူတစ်ယောက်က ပြစ်မှားမိတာ ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့ဗျာ။ မနေ့က တရုတ်တိုင်းရင်းဆေးရုံကို နတ်ဆေးသမားတော်တစ်ယောက် လာပြီး ရောဂါအတွက် တိုင်ပင်ဆွေးနွေးမှုတွေ၊ ရောဂါကို လျင်မြန်စွာ ကုသပေးနိုင်တာတွေကို ကျွန်တော် ကြားခဲ့တယ်။”
ထန်ရှုသည် စိတ်သဘောထား သေးသိမ်သည့် လူတစ်ယောက် မဟုတ်ချေ။ လူရွယ်၏တောင်းပန်စကားအား ကြားသောအခါ သူက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်ပြီး သူ၏စားပွဲရှေ့တွင် ထိုင်နေသော သက်လတ်ပိုင်း အမျိုးသမီးအား ကြည့်လိုက်သည်။
“ဘယ်နေရာက မသက်မသာ ခံစားနေရလဲ။”
“ကျွန်မရဲ့ကျောကပါ ဒေါက်တာ။”
ထန်ရှုသည် သူမ၏သွေးခုန်နှုန်းအား စမ်းသပ်လိုက်သည်။ သွေးခုန်နှုန်းအရ သူမ၏လက်ကောက်ဝတ်နေရာမှ သွေးကြောပိတ်ဆို့နေသည်မှအပ သူမ၏ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ပေသည်။ ထို့ကြောင့် သူက ထရပ်လိုက်ပြီး
“ဟိုဘက်က လူနာကုတင်မှာ လှဲလိုက်ပါ။ ကျွန်တော် ခင်ဗျားကို တွီနာအနှိပ် တစ်ကြိမ် နှိပ်ပေးမယ်။ ခင်ဗျားရဲ့ကျောအောက်ပိုင်းက တင်းနေတယ်ဗျ။”
“ဟုတ်ကဲ့ပါ။”
သက်လတ်ပိုင်း အမျိုးသမီးသည် ထန်ရှု၏ညွှန်ကြားချက်အတိုင်း လိုက်နာကာ လူနာကုတင်ပေါ်တွင် လှဲလိုက်သည်။
ထန်ရှုက ထိုအမျိုးသမီး၏ခါးတစ်ဝိုက်အား စမ်းသပ်လိုက်ပြီးနောက် ခေါင်းယမ်းလိုက်ကာ
“ကြည့်ရတာ ခင်ဗျားရဲ့ခါးကြွက်သားတွေ တင်းမာနေတာက မရိုးရှင်းဘူးပဲ။ ပိုပြီး တင်းမာလာလေ ခါးကြွက်သားဒစ်က အရိုးအဆစ်လွဲလေ ဖြစ်နေတာ။ အရိုးအနေအထားကို နေရာတကျ ဖြစ်စေချင်ရင် အရမ်းနာကျင်တာကို ခင်ဗျား မခံနိုင်မှာ ကျွန်တော် စိုးတယ်။ နာကျင်မှုဒဏ်ကို ခင်ဗျား ခံနိုင်ရဲ့လား။”
သက်လတ်ပိုင်းအမျိုးသမီးက လျင်မြန်စွာ မေးလိုက်သည်။
“အဲ့ဒါဆို လုံး၀ အရှင်းပျောက်သွားနိုင်လား။”
ထန်ရှုက ခေါင်းညိတ်ပြလိုက်ပြီး
“ပြသနာ မရှိဘူး။ ဒါပေမယ့် လုံး၀ အရှင်းပျောက်ဖို့ဆို ရက်အနည်းငယ်လောက် အချိန်ယူရလိမ့်မယ်။ ခင်ဗျား မနက်တစ်ကြိမ် ညနေတစ်ကြိမ် တစ်နေ့နှစ်ကြိမ် တူညီတဲ့အချိန်မှာ လာဖို့လိုတယ်။ ၃ရက်ဆို လုံလောက်ပါပြီ။”
သက်လတ်ပိုင်း အမျိုးသမီးက စိတ်ဆုံးဖြတ်ထားဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး
“ကျွန်မ ဒါကို ခံနိုင်မှာပါ။ ဒေါက်တာကို ဒုက္ခပေးမိပါပြီ။”
ထန်ရှုက ခေါင်းညိတ်ပြလိုက်ပြီး သက်လတ်ပိုင်းအမျိုးသမီးအား တွီနာနှိပ်နယ်မှုကို စတင်လိုက်သည်။ သူ၏ခွန်အားအား စတင်တိုးလိုက်ကာ လက်ချောင်းလေးများဖြင့် အမျိုးသမီးကြီး၏ခါးအရိုးများအား နှိပ်နယ်မှု ပြုလုပ်လိုက်သည်။
ပထမအကြိမ်…ဒုတိယအကြိမ်…. အကြိမ်တိုင်းတွင် ထန်ရှု၏ခွန်အားသည် နောက်ဆုံးအကြိမ်ထက် ပိုပို တိုးလာခဲ့သည်။
သက်လတ်ပိုင်း အမျိုးသမီးကြီး၏မျက်နှာထက်တွင် နာကျင်နေသော အမူအရာအား ထင်ရှားစွာ မြင်တွေ့နိုင်မည် ဖြစ်သည်။ ထန်ရှု ပိုမို အားစိုက်လေ၊ သူမ၏မျက်နှာထက်တွင် နာကျင်မှုအမူအရာအား ပိုမိုတွေ့ရလေဖြစ်သည်။ နောက်ပိုင်းတွင် သူမမှာ မရပ်မနား အော်ဟစ်နေရတော့သည်။
၁၀မိနစ်ကြာသည့်အခါ အမျိုးသမီးကြီး၏ခံနိုင်ရည်မှာ အကန့်အသတ်သို့ ရောက်ရှိခါနီး ဖြစ်နေပြီဖြစ်သောကြောင့် ထန်ရှု နှိပ်နယ်ခြင်းအား ရပ်တန့်လိုက်သည်။
“ကုတင်ပေါ်မှာ လှဲနေလိုက်ပါဦး။ ခါးက နာကျင်တာ လျော့သွားတဲ့အထိ စောင့်ပါ။”
ပြီးနောက် ချက်ချင်းပင် ထန်ရှုသည် နောက်လူနာတစ်ယောက်အား ခေါ်လိုက်သည်။ ထိုလူနာအား ကုသပေးပြီးသည့်အချိန်တွင် သက်လတ်ပိုင်းအမျိုးသမီးကြီးသည် ကုတင်ထက်မှ ထလာခဲ့သည်။ သူမ၏မျက်နှာပေါ်တွင်လည်း အံ့အားသင့်နေဟန်ဖြင့်
“နောက်ထပ် မနာတော့ဘူး။ ကျွန်မရဲ့ခါးနေရာမှာ နွေးပြီး သက်တောင့်သက်သာ ဖြစ်နေတယ်။”
“ကျွန်တော် ပြောခဲ့တာတွေ မှတ်ထားပါ။ ဒီ၃ရက်အတွင်း ပြန်လာပါ။ တခြားအထွေအထူး ကိစ္စမရှိရင် ကျွန်တော် ဒီမှာ ၃ရက်လောက် ရှိလိမ့်မယ်။”
“ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ် ဒေါက်တာ။” သက်လတ်ပိုင်း အမျိုးသမီးကြီးက ကျေးဇူးတင်စွာ ပြောလိုက်သည်။
ထန်ရှု၏ ထိုကဲ့သို့ အံ့မခန်းစွမ်းရည်အား မြင်တွေ့နေရသည့် လူရွယ်သည် သူ့အား လေးစားလာရသည်။ သူက ထန်ရှုအား မျက်နှာချင်းဆိုင် လိုက်ပြီး
“ကျွန်တော် တကယ်ကို ကျေးဇူးတင်ပါတယ် ဒေါက်တာ။ ကျွန်တော့်အမေရဲ့ခါးဆစ်ရိုး နာကျင်တာ နှစ်အနည်းငယ် ရှိနေပြီ။ အိပ်ပျော်နေတဲ့အခါလည်း မကြာခဏဆိုသလို နာကျင်ပါတယ်။ ဒေါက်တာသာ အမေ့ကို လုံးဝပျောက်ကင်းအောင် ကုပေးနိုင်ရင် ဘယ်လောက်ကုန်ကျ ကုန်ကျ ဒေါက်တာ့ကို ကျွန်တော်တို့ ပေးပါမယ်။”
ထန်ရှုက အံ့အားသင့်သွားပြီး “ခင်ဗျားတို့ မိသားစုက တအား ချမ်းသာတာလား။”
လူရွယ်က တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားကာ
“ကျွန်တော်တို့ တအားကြီး မချမ်းသာပါဘူး။ ဒါပေမယ့် သာမန်မိသားစုထက်တော့ ပိုပြီး အခြေအနေကောင်းတယ်လို့ ဆိုနိုင်ပါတယ်။”
“အဲ့ဒါဆို ကျွန်တော့်ကို ကျေးဇူးတင်တယ်လို့ သဘောထားပြီး မရှိတဲ့လူတွေကိုပဲ လှူလိုက်ပါ။” ထန်ရှုက ပြောလိုက်သည်။
အလှူလုပ်ရမယ်ဟုတ်လား?
လူရွယ် တစ်ခဏမျှ အံ့အားသင့်သွားရသည်။ မူလက သူသည် ထန်ရှုအား အန်ပေါင်းအိတ်ဖြင့် ငွေလှူရန် ရည်ရွယ်ထားခဲ့သော်လည်း ထန်ရှုက ငြင်းဆိုခဲ့သည်။ ထန်ရှုသည် ရင်ထဲက လှိုက်လှဲစွာ ပြောလိုက်သည်မှန်းဖြစ်သည်ကို သူ ခံစားမိသဖြင့် သူ၏အပေါ်ယံအတွေးနှင့် အတိတ်က မောက်မာမှုများအတွက် စိတ်တွင်းမှ တိတ်တဆိတ် အရှက်ရနေခဲ့မိသည်။
အတွင်းလူနာဆောင်အထဲတွင်…
လီဟွန်ဂျီသည် အတွင်းလူနာဆောင်ဋ္ဌာနမှူးအား အဖော်လုပ်လျက် အထူးလူနာဆောင်နေရာသို့ လာခဲ့သည်။ သူသည် ဆေးရုံမှဆရာဝန်တစ်ဦးဖြစ်သော စွန်းဝမ်ကျင်းအား လူနာကုတင်ဘေးတွင် ရှိနေသည်ကို တွေ့ရသောအခါ ချက်ချင်း မေးလိုက်သည်။
“မင်း ဒီမှာ ဘာဖြစ်လို့ ရှိနေတာလဲ။”
ဆေးရုံအုပ်ကြီးအား အတွင်းလူနာဆောင်ဋ္ဌာနမှူးနှင့်အတူ ရောက်လာသည်ကို တွေ့လိုက်ရသော စွန်းဝမ်ကျင်းလည်း ချက်ချင်း ပြန်ဖြေသည်။
“ဆေးရုံအုပ်ကြီး… ဒီနေ့အတွက် ကျွန်မရဲ့အလုပ်က ပြီးသွားပါပြီ။ ဒါကြောင့် ဒီမှာ အမေ့ကို လာကြည့်တာပါ။”
“ဒီလူနာက မင်းအမေလား။” လီဟွန်ဂျီ အံ့သြသွားသည်။
စွန်းဝမ်ကျင်းက ခေါင်းညိတ်ပြကာ “ဟုတ်ပါတယ်ရှင့်။”
“အမေက ဘာရောဂါ ဖြစ်တာလဲ။” လီဟွန်ဂျီက မေးသည်။
ခါးသက်သော အမူအရာဖြင့် စွန်းဝမ်ကျင်းက ဖြေသည်။ “အမေက အသည်းကင်ဆာ အလယ်အဆင့်ရောက်နေလို့ ဆေးရုံရဲ့ကုသမှုအောက်မှာ ရှိနေတာပါ။”
အသည်းကင်ဆာ အလယ်အဆင့်လား။
လီဟွန်ဂျီ တိတ်တဆိတ်သာ သက်ပြင်းချလိုက်သည်။ အစောပိုင်းကင်ဆာအဆင့် ဖြစ်ပါက ကုသရန် ဖြစ်နိုင်ပေလိမ့်မည်။ သို့သော် ကင်ဆာဆဲလ်များ ပျံ့နှံ့ပြီးဖြစ်ပါက ကောင်းကင်ပြာပြာသို့ ရောက်ရန် ခက်ခဲသကဲ့သို့ပင် ဖြစ်တော့သည်။ သူသည် စွန်းဝမ်ကျင်းအား နှစ်သိမ့်ရန် စကားအနည်းငယ် ပြောလိုသော်လည်း မည်သည့်စကား ပြောရမည်မသိ ဖြစ်နေပေသည်။ သူသည် ခေါင်းကိုသာ တိတ်တဆိတ် ယမ်းလိုက်ရင်း
“အမေ့ကို ဂရုစိုက်လိုက်ပါ။ မင်း ဆေးရုံအလုပ်တွေနဲ့ မအားရရင် ငါ မင်းကို အားလပ်ရက် ပေးပါမယ်။”
“ကျေးဇူးတင်ပါတယ် ဆေးရုံအုပ်ကြီး။ ကျွန်မမှာ ဆွေမျိုးများတော့ အလုပ်ကိုတော့ မထိခိုက်ပါဘူး။” ခေါင်းကို ဖြည်းညှင်းစွာ ယမ်းလျက် စွန်းဝမ်ကျင်းက ပြန်ဖြေသည်။
လီဟွန်ဂျီ ခေါင်းညိတ်လိုက်ရင်း ထွက်ခွာတော့မည့်ဆဲဆဲတွင် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။ သူ၏မျက်နှာထက်တွင် ထူးဆန်းသော အမူအရာဖြင့်
“မင်းအမေရဲ့ရောဂါက ကုသဖို့ ခက်ခဲတယ်။ ထန်ရှုကို ခေါ်ပြီး သူ့ကို စစ်ဆေးခိုင်းရင်ရော ဘယ်လိုလဲ။”
“ထန်ရှုလား။”
စွန်းဝမ်ကျင်း တစ်ခဏမျှ တွေဝေသွားပြီးနောက် သူမ၏မျက်နှာအမူအရာ ပျက်သွားခဲ့ရသည်။ သည်၂ရက်အတွင်း နတ်ဆေးသမားတော်တစ်ယောက်မှ ဆေးရုံတွင် လူနာများနှင့် ရောဂါအကြောင်း ဆွေးနွေးပေးခြင်း၊ ကုသပေးခြင်းများ ပြုလုပ်ပေးနေသည်ဟူသော ကောလဟလများ ကျယ်ကျယ်ပြန့်ပြန့် ကြားသိနေရသည်။ သူမ ဘေးပတ်ဝန်းကျင်အား စုံစမ်းပြီးသကာလတွင် ထိုနတ်ဆေးသမားတော်ဟု လူသိများနေသူမှာ ထန်ရှု ဖြစ်နေသည်ကို သိခဲ့ရသည်။ သူ၏ရုပ်ရည်သွင်ပြင်အား ကြည့်ကာ အကဲဖြတ်ပြီး ထန်ရှု၏လက်ထောက်လုပ်ရန် ငြင်းဆိုခဲ့မှုအတွက် ယခုအခါ စွန်းဝမ်ကျင်းတစ်ယောက် နောင်တကြီးစွာ ရလျက်ရှိသည်။
သို့သော်လည်း လီဟွန်ဂျီက ထိုသို့ဆိုစေကာမူ မည်သို့ပင်ဖြစ်စေ သူမအနေဖြင့် ထိုစကားအား မယုံကြည်နိုင်သေးပါချေ။ အဘယ့်ကြောင့်ဆိုသော် မိခင်ဖြစ်သူ၏ကင်ဆာအလယ်အဆင့်အား ထန်ရှု ကုသနိုင်လိမ့်မည်ဟု သူမ မယုံကြည်သေးချေ။ ထို့ပြင် သူမက ထန်ရှုအား မျက်နှာသာမပေးထားခဲ့သောကြောင့် ထန်ရှု၏အကူအညီအား သူမ တောင်းဆိုပါလျှင် အားနာစိတ်နှင့် သေသွားရလိမ့်မည်ဖြစ်သည်။
စွန်းဝမ်ကျင်း၏အမူအရာအား ကြည့်နေရင်း လီဟွန်ဂျီက သူမ၏အတွေးများအား သိနိုင်ခဲ့သည်။ ထို့နောက် သူက ဖျော့တော့စွာဖြင့်
“သွားပြီး ကြိုးစားကြည့်ပါ။ ထန်ရှုရဲ့ဆေးပညာကျွမ်းကျင်မှုက တအား မြင့်မားတယ်။ နောက်ပြီး ငါ မင်းကို တစ်ခါ ပြောခဲ့ဖူးတာ သတိရပါ။ သူ့ရဲ့ဆေးပညာကျွမ်းကျင်မှုက ငါ့ထက်သာတယ်။ ငါက အမြီးမှန်း ခေါင်းမှန်း မပြောနိုင်တဲ့ ထူးဆန်းတဲ့ ရောဂါအများကြီးကို သူ ကုသပေးနိုင်တယ်။ အသည်းကင်ဆာအလယ်အဆင့်ကို ကုသပေးဖို့ သူ့မှာ နည်းလမ်းတစ်ခု ရှိနိုင်လောက်ပါတယ်။ မင်း မျက်နှာမပျက်ချင်ရင် မင်းရဲ့ဆွေမျိုးတွေကို သူ့ကို ခေါ်ပေးဖို့ တောင်းဆိုကြည့်ပါလား။”
“ဆေးရုံအုပ်… သူက ကြားနေရတဲ့အတိုင်း တကယ်ပဲ အစွမ်းရှိတာလား။” စွန်းဝမ်ကျင်းက ချီတုံချတုံဖြင့် မေးလိုက်သည်။
“သူက အံ့သြဖို့ကောင်းတယ်။ မင်းအမေဆီ သူ့ကို ရှာပြီး ခေါ်လာဖို့ တောင်းဆိုရတဲ့အကြောင်းရင်းက အမှန်တကယ်တော့ ငါ့ရဲ့တစ်ကိုယ်ကောင်းဆန်မှုလည်း ပါပါတယ်။ ဆေးလောကမှာ ထူးခြားတဲ့ အဖြစ်အပျက်တစ်ခုကို ဖန်တီးဖို့ သူ့ကို မျှော်လင့်ထားတယ်။” လီဟွန်ဂျီက ပြောပြသည်။
စွန်းဝမ်ကျင်း၏မျက်နှာမှာ ချက်ချင်း ပျက်သွားသည်။ နောက်ဆုံးတွင် သူမ၏မျက်နှာထက်တွင် အခိုင်အမာဆုံးဖြတ်ထားဟန်ဖြင့်
“ဆေးရုံအုပ်… သူ့ကို ကျွန်မရဲ့အမေကို ကြည့်ဖို့ ခေါ်ပါမယ်။”
လီဟွန်ဂျီက ခေါင်းညိတ်ပြလိုက်ပြီး
“သွားတော့။ သူ့မှာ အလွန်ကောင်းတဲ့ အကျင့်စရိုက်ရှိပါတယ်။ လူနာတွေ ကြည့်နေတဲ့အချိန်မှာ အရင်တုန်းက မင်းလုပ်ခဲ့တာတွေကို သူ ဂရုတောင် စိုက်မှာမဟုတ်ဘူး။”
အနေရခက်သော အမူအရာသည် စွန်းဝမ်ကျင်း၏မျက်နှာထက်တွင် တစ်ဖန် ပြန်ပေါ်လာခဲ့ပြီး ခေါင်းငုံ့သွားကာ မည်သည့်စကားမျှ ထွက်မလာတော့ချေ။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ထန်ရှု အတော် ခေါင်းကိုက်နေပြီဖြစ်သည်။ အချိန်သည် နေ့လည်စာ စားချိန်နီးနေပြီဖြစ်သော်လည်း အပြင်မှ တန်းစီထားသော လူများမှာ အတော်ရှည်လျားနေသေးသည်။ သည်နေ့လူနာမှာ မမျှော်မှန်းလောက်အောင် များပြားလာလိမ့်မည်ဟု သူ မမျှော်လင့်ထားမိပါချေ။ သည်မနက်ခင်းတွင် လူနာ အယောက်၄၀-၅၀ခန့်အား သူ ကြည့်ပေးခဲ့ပြီးပြီဖြစ်သည်။ အပြင်မှ လူတန်းရှည်ကြီးမှ ထို့ထက် ၂ဆခန့်ရှိပေမည်။
ချီတုံချတုံ ဖြစ်နေပြီးနောက် သူသည် သိုက်ရှင်းရွှယ်ဘက် လှည့်ကာ
“အပြင်ကို ထွက်ပြီး အခုချက်ချင်းကုမှရမယ့် လူနာ ဘယ်သူတွေ ရှိလဲလို့ မေးပေးပါ။ နေ့လည်စာ မစားခင် ၃ ၄ယောက် ကြည့်ပေးမယ်။ ပြီးရင် ၂နာရီမှ ပြန်စတော့မယ်။”
သိုက်ရှင်းရွှယ်လည်း ထန်ရှု ပြောသည့်စကားအား အလျင်အမြန် လိုက်နာကာ အပြင်သို့ ထွက်သွားသည်။ သိပ်မကြာမီ အရေးတကြီး ကုသပေးရမည့်လူနာများအား ခေါ်ဆောင်ကာ အခန်းတွင်း ပြန်ဝင်လာခဲ့သည်။ ထန်ရှုသည် ထိုသူများအား ကုသပေးလိုက်ရာ တစ်ယောက်သည် နေရာ၌ပင် ပျောက်ကင်းသွားပြီး အခြား၂ယောက်မှာ ယခင်ကထက် ပိုမိုသက်သာလာခဲ့သည်။
“ကျေးဇူးပြုပြီး လမ်းဖယ်ပေးပါ။”
ထန်ရှုသည် သူ၏အဖြူရောင်ကုတ်အကျီၤအား ချွတ်ကာ နေ့လည်စာ စားရန်အတွက် စားသောက်ဆိုင်သို့ သွားတော့မည့်ဆဲဆဲတွင် အပြင်ဘက်မှ ဆူညံသံများ ထွက်ပေါ်လာသည်။ လူအုပ်ကြီးက လမ်းဖယ်ပေးလိုက်ပြီး လူနာများ၏ဆွေမျိုးများ ဖြစ်ဟန်တူသော လူ ၄ယောက် ၅ယောက်ခန့်သည် တံခွန်အလံများနှင့် အခန်းတွင်းသို့ ဝင်ရောက်လာသည်။ ရှေ့ဆုံးမှ လူသည် ထန်ရှု ကုသပေးလိုက်သည့် ပထမဆုံးလူနာ၏ဆွေမျိုးဖြစ်သော ရန်ရှန်ယု ဖြစ်နေသောကြောင့်
“ခင်ဗျားတို့ ဒီနေရာမှာ ဘာလာလုပ်နေကြတာလဲဗျ။” တံခွန်အလံများကိုင်ဆောင်ထားသော လူ၅ယောက်အား ကြည့်ပြီး ထန်ရှု အံ့အားသင့်လျက်ရှိသည်။
ရန်ရှန်ယုက ပြုံးလိုက်ပြီး
“နတ်ဆေးသမားတော် ထန်… ဒေါက်တာက လေးစားရတဲ့ နတ်ဆေးသမားတော် တစ်ယောက်ပါ။ ဒေါက်တာက ငွေကြေးတွေ ဂရုမစိုက်မှန်း ငါတို့သိတော့ အန်ပေါင်းအိတ် ပေးဖို့ရာ အဆင်မပြေဖြစ်နေရတယ်။ အဲ့ဒါကြောင့် လူနာရဲ့ဆွေမျိုးတစ်ယောက်က ငါ့ဇနီးကိုလည်း ဒေါက်တာ ကုသပေးလိုက်မှန်း သိတယ်လေ။ ငါတို့တစ်ယောက်ချင်းစီက လေးစားမှုနဲ့ကျေးဇူးတရားကို ပြသဖို့ ဒီတံခွန်အလံတွေကို မင်းကို ပေးချင်လို့ပါ။”
ထန်ရှု ရယ်ရခက် ငိုရခက် ဖြစ်သွားရသည်။
“ကျွန်တော့်ရဲ့လက်ရှိအခြေအနေက သမားတော်တစ်ယောက်ပါ။ ကျွန်တော့်တာဝန်က လူနာတွေကို ကူညီပြီး ရောဂါခံစားနေရတာကနေ ကယ်တင်ဖို့ပါဗျာ။ ခင်ဗျားတို့ အပြုအမူတွေက…အာ…ထားလိုက်ပါတော့။ ကျွန်တော် ဒီတံခွန်အလံတွေကို လက်ခံထားလိုက်ပါမယ်။ ခင်ဗျားတို့ရဲ့ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေအတွက် ကျေးဇူးပါဗျ။”
ရန်ရှန်ယုနှင့် အခြားသူများသည် ချက်ချင်း ပြုံးလာကြပြီး ထန်ရှုအား ကျေးဇူးတင်စကားများ ပြောဆိုကာ ထွက်ခွာသွားကြသည်။
“အဲ့ဒါတွေကို စုပြီး တစ်နေရာမှာ ထားလိုက်ပါ။” ထန်ရှုက သိုက်ရှင်းရွှယ်အား ပြောလိုက်သည်။
“ရှင်…” သိုက်ရှင်းရွှယ် အံ့အားသင့်သွားသည်။ “ကျွန်မတို့ အဲ့ဒါတွေကို နံရံမှာ မချိတ်ဆွဲတော့ဘူးလား။”
ထန်ရှုက ခေါင်းယမ်းပြလိုက်ရင်း
“မလိုပါဘူးကွာ။ လူနာတွေနဲ့ သူတို့မိသားစုဝင်တွေက ကျေးဇူးတင်ကြောင်းပြသဖို့ ဒီတံခွန်အလံတွေကို ပေးပို့တယ်။ ငါတို့ကလည်း ဒါတွေကို လက်ခံထားပြီးပြီလေ။ ထပ်ပြီး အပိုအလုပ်တွေ လုပ်ဖို့ မလိုအပ်ပါဘူးဗျာ။”
ထိန်လန့်ခြင်းနှင့် လေးစားခြင်းတို့သည် သိုက်ရှင်းရွှယ်၏မျက်နှာလေးပေါ်တွင် ထင်ဟပ်လျက်ရှိပြီး ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလိုက်သည်။ ထန်ရှု၏နောက်သို့လိုက်ကာ အထောက်အကူ လုပ်ပေးသည်မှာ ၁ရက်၂ရက်သာ ရှိသေးသော်လည်း သူမ၏ဆေးပညာကျွမ်းကျင်မှုမှာ လျင်မြန်စွာ တိုးတက်လျက်ရှိပြီး အကြောင်းအရာများစွာကိုလည်း သင်ယူခဲ့ပြီးဖြစ်လေသည်။ ထိုအတိုင်းသာ ဆက်ဖြစ်နေစေရန်ပင် သူမ မျှော်လင့်နေမိသည်။
သူမ၏အဖိုးဖြစ်သူမှာ သူမအတွက် စံပြပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ အလွန်ကျော်ကြားပြီး စီနီယာကျသော တရုတ်တိုင်းရင်းသမားတော်တစ်ယောက်အနေဖြင့် သူ၏ဘဝအား လူနာများအား ကုသကယ်တင်ပေးရန်နှင့် ကောင်းမှုကုသိုလ်များ ပြုလုပ်ရန် မြှုပ်နှံထားပေသည်။
သို့သော် မျှမျှတတ ဆိုရပါလျှင် အဖိုးဖြစ်သူ၏ဆေးပညာကျွမ်းကျင်မှုသည် ထန်ရှုနှင့် နှိုင်းယှဉ်ပါက မှီရန် ဝေးနေသေးသည်ဟု သူမ ထင်မြင်မိသည်။ ထို့ကြောင့် ယခု သူမ၏စံပြပုဂ္ဂိုလ်အသစ်မှာ ထန်ရှု ဖြစ်လာခဲ့ပေပြီ။ သူမ၏စိတ်နှလုံးအတွင်းတွင် ထန်ရှုအား သူမ၏ဆရာအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။
နာရီဝက်ကြာပြီးနောက် တရုတ်တိုင်းရင်းဆေးရုံကြီး၏ ကိုယ်တိုင်ယူစနစ် စားသောက်ဆိုင်တွင်…
ထန်ရှုနှင့် သိုက်ရှင်းရွှယ်တို့သည် နေ့လည်စာ စားရင်း ဆေးကုသမှုဆိုင်ရာအကြောင်းများအား စကားစမြည်ပြောကြသည်။ သိုက်ရှင်းရွှယ်သည် တကယ်တော်သည်ဟု ထန်ရှု ထင်မိသည်။ အထူးသဖြင့် သူမ၏ ဇွဲလုံ့လရှိမှု၊ သင်ယူလိုစိတ်ရှိမှုနှင့် စောင့်ထိန်းတတ်သော စိတ်နေသဘောထားအား သူ တကယ်ပင် သဘောကျမိပေသည်။ ထို့ကြောင့် သူ တတ်နိုင်သလောက် သူမအား သင်ကြားပေးလိုစိတ် ရှိချေသည်။
သည်၂ရက်အတောအတွင်း သူသည် ဆေးရုံတွင် လူနာအများအပြားနှင့် သူတို့၏ဆွေမျိုးများအား မြင်တွေ့ရသည်။ ရောက်လာချိန်တွင် မြင်တွေ့ရသော စိတ်ပျက်အားလျော့နေသည့် အမူအရာများနှင့် ထွက်ခွာသွားသောအခါ အပျော်လွန်နေသော အမူအရာများအား ကြည့်ရင်း သူ၏စိတ်နှလုံးတွင် ကျေနပ်နှစ်သိမ့်မိခဲ့သည်။ သူ ကမ္ဘာမြေကို ပြန်ရောက်လာစဉ်ကတည်းက သူ၏စိတ်နေစိတ်ထားသည် အင်မော်တယ်ကမ္ဘာတွင် ရှိစဉ်ကလိုမဟုတ်တော့ဘဲ လုံး၀ ကွဲပြားခြားနားနေသည်ကို သူ့ကိုယ်သူပင် သတိပြုမိသည်။ လက်ရှိအချိန်တွင် သူသည် တိုက်ပွဲဝင်စိတ်ဓာတ်အပြည့်နှင့် ဘဝအတွက် စိတ်အားထက်သန်မှုအပြည့်နှင့် ဖြစ်သည်။ ငွေရှာသည်ဖြစ်စေ၊ မိသားစုအား ဂရုစိုက်သည်ဖြစ်စေ၊ ကျင့်ကြံမှုအား လေ့ကျင့်သည်ဖြစ်စေ ထိုအရာများသည် ပျော်ရွှင်မှုအမျိုးအစား၏ အခြားတစ်ခုဖြစ်သည်ဟု သူ ခံစားမိနေပြီဖြစ်သည်။
“ကျွန်မကို ခွင့်ပြုပါ။” အမျိုးသမီးတစ်ယောက်၏အသံအား ကြားလိုက်ရသည်။
ထန်ရှုသည် အတွေးများအား ရပ်တန့်လိုက်သည်။ သူသည် လှည့်ကြည့်လိုက်ရာ လာနေသော လူမှာ စွန်းဝမ်ကျင်း ဖြစ်နေသောကြောင့် သူ၏အမူအရာမှာ ရုတ်တရက် အေးစက်သွားတော့သည်။
***