← Chapters

စိတ်အားထက်သန်သော

Vol. 05 Ch. 235

စိတ်အားထက်သန်သော

Vol. 05 Ch. 235

စွန်းဝမ်ကျင်းအား ကြည့်ရသည်မှာ အနေရခက်နေဟန်ရှိသည်။ သို့သော် သူမ၏မိခင်ဖြစ်သူအတွက် သူမ အရှက်တကွဲ ဖြစ်ခဲ့လျှင်တောင်မှ သူမ ရဲရင့်ရမည်ဖြစ်သည်။ သူမက ပြုံးပြလိုက်ပြီး

“ဒေါက်တာထန်… အရင်တုန်းက ကျွန်မရဲ့အပြုအမူအတွက် တကယ့်ကို တောင်းပန်ပါတယ်ရှင်။ ကျွန်မ ရှင့်ရဲ့ရုပ်ရည်သွင်ပြင်အရ မျက်တောင်တစ်ဆုံးပဲ ကြည့်ပြီး အကဲဖြတ်မိခဲ့မိတယ်။ ဒီ၂ရက်အတွင်း ရှင့်ရဲ့ဆေးပညာကျွမ်းကျင်မှုနဲ့ စိတ်နေသဘောထား အရမ်းကောင်းတဲ့အကြောင်း သတင်းတွေ ကျွန်မ ကြားပါတယ်။ ကျေးဇူးပြုပြီး ကျွန်မရဲ့အဆင့်နဲ့တစ်တန်းတည်းဖြစ်အောင် ရှင့်ကိုယ်ရှင် မနှိမ့်ချလိုက်ပါနဲ့နော်။”

ထိုစကားအား ကြားလိုက်ရသော ထန်ရှု၏မျက်ဝန်းများထဲတွင် အံ့အားသင့်သော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။ စွန်းဝမ်ကျင်းသည် သူ့အား ရန်တွေ့ရန်လာသည်ဟု အစက သူ ထင်နေခဲ့မိသည်။ မမျှော်လင့်ဘဲ သူမက တောင်းပန်စကားဆိုရန် လာခြင်းဖြစ်နေသည်။ သူမက ရိုးသားစွာ တောင်းပန်နေသဖြင့် ထန်ရှုမှာ မျက်နှာအေးစက်စက်နှင့်နေရန် မသင့်တော်တော့ချေ။ သင့်အား ပြုံးပြနေသော သူများအား ရိုက်နှက်မည့်အစား လက်ကမ်းပေးရမည်ဟု ဆိုရိုးစကားပင် ရှိသေးသည်မဟုတ်တုံလော။ ထို့ကြောင့် ထန်ရှုက လက်ဝှေ့ယမ်းလိုက်ပြီး

“ပြီးခဲ့တာတွေ ပြီးပါစေတော့။ ဒါပေမယ့် နောက်ပိုင်းကျ ဂရုစိုက်ပေါ့ဗျာ။”

စွန်းဝမ်ကျင်း တိတ်တဆိတ် စိတ်သက်သာရာ ရသွားသည်။

“ကျွန်မ ဒီသင်ခန်းစာကို စိတ်ထဲမှတ်ထားမှာပါ။ လူတွေကို သူတို့ရဲ့အသွင်အပြင်ကိုပဲ ကြည့်ပြီး အကဲမဖြတ်မိဖို့နဲ့ နှစ်သက်ဖွယ်ကောင်းပြီး စောင့်ထိန်းတတ်တဲ့ စိတ်သဘောထားနဲ့ အရာရာကို ရင်ဆိုင်ဖို့ လုပ်သွားမှာပါ။”

“ခင်ဗျားရဲ့တောင်းပန်စကားကို ကျွန်တော် လက်ခံပါတယ်။ ထိုင်ပြီး ကျွန်တော်တို့နဲ့ နေ့လည်စာ စားပါဦးလား။”

“ဒေါက်တာ ထန်… အမှန်တကယ်တော့ ကျွန်မမှာ ရှင့်ကို တောင်းဆိုစရာ ကိစ္စတစ်ခု ရှိနေတာပါ။” စွန်းဝမ်ကျင်းက ပြောသည်။

“ဘာများလဲ။” ထန်ရှုက မျက်မှောင်တွန့်သွားကာ မေးသည်။

“လတ်တလောမှာ ကျွန်မရဲ့စိတ်အခြေအနေ မကောင်းရတာက ကျွန်မရဲ့အမေ နေမကောင်းဖြစ်ပြီး ဒီဆေးရုံမှာပဲ တက်နေရလို့ပါ။”

ထန်ရှုက ဇဝေဇဝါဟန်ဖြင့် “အမေက ဘာရောဂါဖြစ်တာလဲ။”

စွန်းဝမ်ကျင်း၏အမူအရာမှာ နာကျင်နေဟန်ရှိသည်။

“အသည်းကင်ဆာ အလယ်အဆင့်ပါ။ ကင်ဆာဆဲလ်တွေက တစ်ကိုယ်လုံးကို ပျံ့နေပါပြီ။”

ထန်ရှု၏မျက်ခုံးများ မြင့်တက်သွားရရင်း

“ဆိုလိုတဲ့သဘောက ခင်ဗျားအမေကို ကျွန်တော် ကုပေးစေချင်တာလား။”

စွန်းဝမ်ကျင်းက ခေါင်းညိတ်ပြကာ ဖြေလိုက်သည်။

“ကောလဟလအရ ရှင်က နတ်ဆေးသမားတော်တစ်ယောက်ပါပဲ။ ဆေးရုံအုပ်ကြီးကတောင်မှ သူက ရှင်နဲ့ဆိုရင် အဝေးကြီးမှာ ရှိပါသေးတယ်တဲ့။ ဒီကမ္ဘာမှာ ကျွန်မရဲ့အမေကို ကယ်တင်နိုင်တဲ့သူ ရှိမယ်ဆိုရင် အဲ့ဒီလူက ရှင်ပါပဲလို့ ကျွန်မကို ပြောတယ်။ နောက်ပြီး ဆေးရုံအုပ်ကြီးက သူ့ရဲ့အတ္တအရဆိုရင် ဆေးပညာလောကမှာ အံဖွယ်တစ်ခုကို သူ ဖန်တီးချင်နေတာ။”

တစ်ခဏမျှ ထန်ရှု တိတ်ဆိတ်သွားရသည်။ ထို့နောက် သူက ခေါင်းကို ဖြည်းညှင်းစွာ ယမ်းလိုက်ရင်း

“ကျွန်တော်က လူတွေ ပြောသလောက် မတော်ပါဘူးဗျာ။ ခင်ဗျားရဲ့အမေရောဂါအတွက် ဘာမှ မလုပ်ပေးနိုင်တာ စိုးရွံ့မိပါတယ်။ ခင်ဗျားနဲ့ဆေးရုံအုပ်ကြီးကို စိတ်ပျက်စေမိတဲ့အတွက် တကယ် စိတ်မကောင်းပါဘူး။”

စွန်းဝမ်ကျင်းက တောင်းပန်စကား ဆိုတော့သည်။

“တစ်ချက်လေး ကြိုးစားကြည့်ပေးပါလား ဒေါက်တာထန်။ ကျေးဇူးပြုပြီး။ ရှင် ဘာကိုပဲတောင်းဆို တောင်းဆို ကျွန်မ် အကောင်းဆုံးဖြစ်အောင် ကြိုးစားပါမယ်။ ကျွန်မတို့ မောင်နှမတွေ ရှင့်ရဲ့တောင်းဆိုချက်ကို ဖြည့်ဆည်းပေးဖို့ ပူးပေါင်းဆောင်ရွက်ပါမယ်ရှင်။ ကျွန်မတို့မောင်နှမ၄ယောက်ကို အမေက ကြီးပြင်းလာတဲ့အထိ တစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့ရတာပါ။ သူမရဲ့ဘဝတစ်ခုလုံးကို ကျွန်မတို့နဲ့ ကလေးတွေအတွက်ပဲ ပုံအပ်ထားခဲ့တာ။ သူမရဲ့ဘ၀ ပျော်ရွှင်ရုံပဲ ရှိသေး အခု ကင်ဆာရောဂါ ဖြစ်နေပြီလို့ ရှင် ပြောနိုင်ပါတယ်။ အမေ… ဝေဒနာကို ခံစားရင်းနဲ့ ကျွန်မတို့ကို ခွဲခွာသွားတာမျိုး တကယ်ကို ကျွန်မ မမြင်တွေ့ချင်ပါဘူး။ ကျေးဇူးပြုပြီး ကျွန်မ တောင်းပန်ပါတယ်။ ကြိုးစားပေးပါရှင်။”

စွန်းဝမ်ကျင်း၏ စိုးရိမ်တကြီး တောင်းပန်နေသော အမူအရာနှင့် ထန်ရှုအား စိုက်ကြည့်နေသည်ကို ကြည့်ရင်း ကြင်နာတတ်သော နှလုံးသားရှိသည့် သိုက်ရှင်းရွှယ်မှာ တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားကာ လေသံတိုးတိုးဖြင့်

“ဒေါက်တာထန်… တစ်ချက်လောက် ကြိုးစားပေးပါလား။ အသက်ကြီးတဲ့လူတွေက အတော်သနားဖို့ကောင်းပါတယ်။ ဆရာ သူမကို မကုနိုင်ရင်တောင်မှ ဒေါက်တာစွန်းက အပြစ်တင်မှာ မဟုတ်ပါဘူး။”

ထန်ရှု စိတ်တွင်းမှ သက်ပြင်းချလိုက်မိသည်။ စွန်းဝမ်ကျင်းအား သူ သဘောမကျသော်လည်း သူမ၏သားသမီးဝတ်တရားသည် သူ၏နှလုံးသားအား လှုပ်ရှားစေသည်။ တစ်ခဏမျှ တိတ်ဆိတ်နေပြီးမှ သူက ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ကျွန်တော့်မှာ လိုအပ်ချက် ၃ခု ရှိတယ်။”

“ကျေးဇူးပြုပြီး ကျွန်မကို ပြောပါ။” စွန်းဝမ်ကျင်း၏မျက်လုံးများ အရောင်တောက်သွားကာ လျင်မြန်စွာ ပြန်ဖြေလိုက်သည်။

“ပထမဦးဆုံး ကျွန်တော် ခင်ဗျားအမေကို ဘယ်လိုပဲကုကု ဘယ်သူကိုမှ အသိပေးလို့မရဘူး ဆေးရုံအုပ်ကြီးပါအပါပေါ့။ အဲ့ဒါကို လျှို့ဝှက်ချက်အနေနဲ့ ထားရမယ်။” ထန်ရှုက ပြောသည်။

“ကျွန်မ လုပ်နိုင်ပါတယ်။” စွန်းဝမ်ကျင်းက ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလိုက်သည်။

“ဒုတိယအချက်က ယွမ်တစ်သိန်း ပြင်ဆင်ထားပြီး ဆေးရုံမှာ ဆင်းရဲတဲ့လူနာတွေအတွက် လှူပေးပါ။ ခင်ဗျား လှူချင်တဲ့ လူတွေအတွက် ခင်ဗျားကိုယ်တိုင် ရှာပါ။”

“ပြသနာ မရှိဘူး။” စွန်းဝမ်ကျင်းက တွေဝေခြင်းအလျဉ်းမရှိဘဲ ပြောသည်။

ထန်ရှုက ဆက်ပြောသည်။

“တတိယအချက်အနေနဲ့ အမေကို ဆေးရုံက ဆင်းပြီး အိမ်ပြန်ခေါ်သွားပါ။ ကျွန်တော် ညဘက် ခင်ဗျားတို့အိမ်မှာ လာကြည့်ပေးပါမယ်။ လိုအပ်တဲ့ ဆေးရုံသုံးကိရိယာတွေအတွက် ခင်ဗျား ဝယ်ထားမှ ရမယ်။”

စွန်းဝမ်ကျင်းက တစ်ခဏမျှ တွေဝေသွားပြီး

“ဒေါက်တာထန်… ကုသမှုအတွက် ရှင် အချိန်ဘယ်လောက်လိုအပ်မလဲ။”

“ကျွန်တော့်အချိန်က အကန့်အသတ်ရှိတယ်။ ၁၀ရက်အတွင်း ကျွန်တော် မကုနိုင်ဘူးဆိုရင် ခင်ဗျားတို့ ဆေးကုသမှု ဆက်လုပ်နေဖို့လည်း မလိုအပ်တော့ မထူးတော့ဘူး။”

စကန့်အနည်းငယ်မျှ စဉ်းစားလိုက်ပြီးနောက် စွန်းဝမ်ကျင်းက

“ဒီနေ့လည်ခင်းမှာ ဆေးရုံဆင်းဖို့အတွက် ကျွန်မ ပြင်ဆင်လိုက်ပါမယ်။ ဒေါက်တာ့ကို ညနေ ကျွန်မတို့အိမ်မှာပဲ စောင့်နေလိုက်မယ်။ အိမ်လိပ်စာကို ကျွန်မ ဖုန်းကနေ ပို့ပေးလိုက်ပါမယ်။”

“ကောင်းပါပြီ။” ထန်ရှုက သူ၏ဖုန်းနံပါတ်အား စွန်းဝမ်ကျင်းကို ပြောပြလိုက်ပြီး သူမအား ပြန်လွှတ်လိုက်သည်။

သိုက်ရှင်းရွှယ်က ထန်ရှုအား စူးစမ်းလိုသောအကြည့်ဖြင့်  ကြည့်ကာ လေသံတိုးတိုးဖြင့်

“ဒေါက်တာထန်… ဆရာ့ကို ကျွန်မ သိတာ ရက်ပိုင်းလောက်ပဲ ရှိသေးပေမယ့် ဆရာက အလွန်လျှို့ဝှက်ဆန်းကြယ်တဲ့သူတစ်ယောက်ဆိုတာ ကျွန်မ ပြောနိုင်တယ်။ ဒေါက်တာစွန်းရဲ့အမေကို အိမ်ပြန်ခေါ်ဖို့ ပြောလိုက်ပြီဆိုတော့ သူမအမေရဲ့ရောဂါ ကုသတာကို ဆရာ လျှို့ဝှက်ထားချင်တာ ဖြစ်နိုင်မလား။”

ထန်ရှုက ပေါ့ပါးစွာ ပြုံးလိုက်ရင်း “မင်း အရမ်းတွေးလွန်းနေပြီ။”

“ဟင့်အင်း။ ကျွန်မ အရမ်းတွေးတာ မဟုတ်ပါဘူး။ ဒေါက်တာရဲ့ဆေးပညာကျွမ်းကျင်မှုကို ကျွန်မ တကယ်လေးစားတာပါ။ ဆေးသိပ္ပံလောကမှာ ဒေါက်တာက သာလွန်အဆင့်လို့တောင် ကျွန်မ ပြောနိုင်တယ်။ မနေ့ကနေ ဒီနေ့မနက်ထိ ကျွန်မရေတွက်ထားတာ ဒေါက်တာနဲ့တိုင်ပင်ကုသခဲ့တဲ့ လူနာစုစုပေါင်း ၁၆၈ယောက်ရှိတယ်။ ၅၇ယောက်က နေရာမှာတင် ပျောက်ကင်းသွားကြတယ်။ ကျန်တဲ့သူတွေက အရင်ကထက် ပိုသက်သာလာခဲ့ကြတယ်။ ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ အချိန်သိပ်မလိုဘူးလို့ ကျွန်မကိုယ်တိုင် ယုံကြည်ထားတာလေ။” သိုက်ရှင်းရွှယ်က ခေါင်းကိုယမ်းပြကာ ပြန်ပြောသည်။

“မင်း အဲ့ဒါကို ရှင်းရှင်းလင်းလင်းကြီး မှတ်မိနေတာလား။” ထန်ရှု အံ့အားသင့်သွားသည်။

သိုက်ရှင်းရွှယ်က ခပ်ဖွဖွ ပြုံးလိုက်ပြီး

“ကျွန်မ အမှန်တကယ် စိတ်ဝင်စားတဲ့အရာက ကိန်းဂဏန်းတွေပဲ။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှာ သချာၤနဲ့ပတ်သက်တဲ့ မေဂျာကို လျှောက်ထားခဲ့ပေမယ့် အဖိုးက အဲ့ဒါကို မလျှောက်စေချင်ဘူး။ ဆေးကျောင်းကို လျှောက်ခိုင်းခဲ့တာ။ အဲ့ဒါကြောင့် ကျွန်မက သချာၤကို ဝါသနာတစ်ခုလို သဘောထားပြီး ကိန်းဂဏန်းမှတ်မိတဲ့နေရာမှာ တော်တယ်လေ။”

“ငါ သဘောပေါက်ပြီ။ မင်း ငါ့ကို အဲ့ဒီလို ယုံကြည်ချက် ရှိပေမယ့် သူမအမေကို ကုသတဲနေရာမှာ မအောင်မြင်ခဲ့ရင် မင်းကို စိတ်ပျက်မိစေမှာ စိုးပါတယ်။ ဒါပေမယ့် စိတ်သက်တောင့်သက်သာ ထားပါ။ သူမရဲ့အမေကို ငါ အကောင်းဆုံး ကုသပေးဖို့ ကြိုးစားပြီး မင်းရဲ့အံ့အားသင့်မှုတွေကို ဆက်ထိန်းထားနိုင်ရပါစေမယ်။” ထန်ရှုက ရယ်ကာ ပြောလိုက်သည်။

သိုက်ရှင်းရွယ်၏မျက်လုံးများထဲတွင် အရောက်တစ်ချက် လက်သွားကာ သူမက ပြုံးလိုက်ပြီး

“ဒေါက်တာက ဒေါက်တာစွန်းရဲ့အမေကို ကုသပေးနိုင်ရင် ကျွန်မ ဒေါက်တာ့ကို ဆရာတစ်ယောက်အဖြစ် သတ်မှတ်လေးစားပြီး ဒေါက်တာရဲ့ဆေးပညာကို အပြင်းအထန် လေ့လာပါ့မယ်။”

ဆေးပညာကျွမ်းကျင်မှုကို သင်ယူလေ့လာဖို့ တပည့်တစ်ယောက် ဖြစ်ချင်နေတာလား။

ထန်ရှု၏မျက်နှာထက်တွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။ သူသည် တပည့်အချို့အား လက်ခံခဲ့သော်လည်း ထိုတပည့်များသည် သူ့ထံမှ ကျင့်ကြံခြင်းအား သင်ယူမည့်တပည့်များ ဖြစ်ပေသည်။ တစ်စုံတစ်ယောက်မှ သူ၏ဆေးပညာအား သင်ယူရန်အတွက် တပည့်အဖြစ်တောင်းဆိုခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ပေသည်။

ရုတ်တရက် သူ၏စိတ်ဝင်စားမှုသည် ကတ်သီးကတ်သပ်ဖြစ်လာသည်။ ဆေးလောကတွင် သူ၏တပည့်ဖြစ်သူက ကြီးကျယ်ခမ်းနားသော ပုံရိပ်ဖြစ်လာမည်ကို ရုတ်ခြည်းပင် သူ စိတ်ကူးကြည့်မိလိုက်သည်။ ထိုစိတ်ကူးသည် အတော်ပင် စိတ်ဝင်စားစရာကောင်းလှသည်။

သိုက်ရှင်းရွှယ်၏တင့်တယ်လှပသော မျက်နှာလေးအား တစ်ချက်ကြည့်ရင်း ထန်ရှုက ခေါင်းညိတ်လိုက်ကာ

“အရိုးသားဆုံးပြောရရင် ဒီဆေးလောကမှာ တပည့်တစ်ယောက်လက်ခံဖို့ ငါ တစ်ခါမှ မတွေးမိဘူး။ ကောင်းပြီ။ စွန်းဝမ်ကျင်းရဲ့အမေကို ငါ ကုသပေးနိုင်ရင် ငါ့ရဲ့ဆေးပညာကျွမ်းကျင်မှုက ကောင်းတယ်ဆိုတာ သက်သေပြလိုက်တာပဲ။ အဲ့ဒီအချိန်ကျရင် မင်းကို တပည့်အဖြစ်လက်ခံပြီး ငါ တတ်မြောက်ထားတဲ့ ဆေးပညာတွေကို သင်ကြားပေးမယ်။”

ထန်ရှုအား မူလက သွေးတိုးစမ်းနေသော သိုက်ရှင်းရွှယ်တစ်ယောက် သူ၏တုံ့ပြန်မှုအား ကြားလိုက်ရသည့်အခါ ရုတ်တရက် အံ့အားသင့်ကာ ဝမ်းသာသွားရသည်။

“ကျေးဇူးပါ ဆရာ။ ဆရာလုပ်နိုင်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။”

သူ၏လက်အား ဝှေ့ယမ်းလျက် ထန်ရှုက

“စိတ်လှုပ်ရှားပြီး ငါ့ကို ဆရာလို့ မခေါ်ပါနဲ့ဦး။ အဲ့လိုခေါ်မယ့်အစား လူနာကို ငါကုသပေးနိုင်တဲ့အထိ စောင့်ပါ။ အဲ့ဒီအချိန်ကျ အခေါ်အဝေါ်လည်း ပြောင်းသင့်တယ်။”

“ကျွန်မက ဘယ်လို အခေါ်အဝေါ်ပြောင်းသင့်မှာလဲ။” သိုက်ရှင်းရွှယ်က သိလိုစိတ်ဖြင့် မေးသည်။

“ဆရာသခင်…”

(ထန်ရှု၏တပည့်များမှ ထန်ရှုအား ခေါ်သည့် အခေါ်အဝေါ်အား ဆရာသခင်ဟု ပြောင်းလဲသုံးနှုန်းပါမည်။)

သိုက်ရှင်းရွှယ်၏မျက်ဝန်းများ အရောင်လက်သွားကာ ထခုန်မိမတတ် စိတ်လှုပ်ရှားသွားရသည်။ ဉာဏ်ကောင်းသောသူတစ်ယောက်ပီပီ “ဆရာသခင်” ဟူသည့်စကားလုံး၏ နက်ရှိုင်းမှုအား မသိရှိပဲ မနေပါချေ။

ခေတ်သစ်ကာလကြီးမှ လူတစ်ယောက်တွင် အမျိုးမျိုးအထွေထွေသော ဆရာများ ရှိနိုင်မည်ဖြစ်သော်လည်း ဆရာသခင် ဟူသည့်အရေအတွက်မှာ အနည်းငယ်ခန့်သာ ရှိပေမည်။ ဆရာသခင်တစ်ယောက်၏စစ်မှန်သော တရားဝင်တပည့်တစ်ယောက် ဖြစ်လာခြင်းဆိုသည်မှာ ထိုဆရာသခင်၏ ပညာရပ်များအား ညွှန်ကြားပြသမှုကို လက်ခံရရှိမည့် တိုက်ရိုက်တပည့်တစ်ယောက် ဖြစ်လာသည်ဟု ဆိုလိုခြင်းပင် ဖြစ်တော့သည်။

“နေ့လည်စာ မြန်မြန်စားတော့။ နေ့လည်မှာ ကြည့်ရမယ့် လူနာတွေ ရှိသေးတယ်။” ထန်ရှုက ပြုံးကာ ပြောလိုက်သည်။

ညနေပိုင်းတွင်…

ထန်ရှုသည် နောက်ဆုံးလူနာ ကြည့်ပေးမှု ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ သူသည် ဆေးရုံမှ အလျင်အမြန် ထွက်ခွာလာခဲ့ပြီး သိုက်ရှင်းရွှယ်သည်လည်း သူ၏နောက်မှ အရိပ်ပမာ ကပ်ပါလာခဲ့ပြီး တောင်တံခါးအိမ်ရာသို့ အပြေးအလွှား ပြန်လာခဲ့သည်။

“ဆရာသခင်ရဲ့မိသားစုက ဒီမှာ နေတာလား။” အိမ်ရာဝင်းသို့ ရောက်သည်နှင့် သိုက်ရှင်းရွှယ်၏မျက်နှာသည် အံ့သြတုန်လှုပ်မှုများနှင့် ပြည့်နေခဲ့သည်။

“မင်း ငါနဲ့အတူ အထဲကို လာခဲ့။ သည်နေရာက ငါ့အိမ်မဟုတ်ဘူးဆိုရင် တစ်ယောက်ယောက်က ငါတို့ဝင်လာတာနဲ့ ရဲတွေကို အကြောင်းကြားပြီးဖြစ်နေလောက်ပြီပေါ့။ ကဲ… ထိုင်ပါဦး။ ငါ ယူစရာလေးတွေ ယူလိုက်ဦးမယ်။” ထန်ရှုက ပြုံးရင်း ပြောလိုက်သည်။

သူသည် ဒုတိယထပ်သို့ တက်လာကာ သူ ဖော်စပ်ထားသော ခန္ဓာကိုယ်သန့်စင်ဆေးရည်အား ယူလိုက်သည်။ ကင်ဆာအမျိုးမျိုး၏ရောဂါအခြေအနေများအကြောင်းအား သင်ယူထားခဲ့ပြီးဖြစ်ပြီး ခန္ဓာကိုယ်သန့်စင်ဆေးရည်သည် သေချာပေါက် ထိုရောဂါများအား ကုသပေးနိုင်သည့် အံ့မခန်းအစွမ်း ရှိသည်။ ထိုဆေးရည်သာ လူနာ၏ခန္ဓာကိုယ်အား သန်မာကြံ့ခိုင်စေပြီး တစ်ဖက်မှလည်း လူနာ၏ကိုယ်တွင်းမှ ကင်ဆာဆဲလ်များအား အဆုံးသတ်ပေးနိုင်မည်ဖြစ်သည်။

သို့သော်လည်း ခန္ဓာကိုယ်သန့်စင်ဆေးရည်၏အစွမ်းမှာ အရမ်းပြင်းထန်လှသဖြင့် သာမန်လူများမှာ ခံနိုင်ရည်ရှိမည်မဟုတ်ချေ။ ထိုအကြောင်းကြောင့် ထန်ရှုသည် ဆေးရည်အား ရေဖျော်ပြီးမှသာလျှင် စွန်းဝမ်ကျင်း၏နေအိမ်သို့ ယူဆောင်သွားရမည်ဖြစ်သည်။ ဆေးရုံမှ သယ်ဆောင်လာသော ငွေအပ်များသည် လွန်စွာ အသုံးဝင်ဖြစ်ပြီး ထိုငွေအပ်များ တွဲဖက်ပါက ခန္ဓာကိုယ်သန့်စင်ဆေးရည်အား ပိုမိုအကျိုးသက်ရောက်စေလိမ့်မည်ဖြစ်သည်။

ပထမထပ်သို့ ပြန်ရောက်လာသောအခါ ဂူရင်အား သိုက်ရှင်းရွှယ်၏အရှေ့တွင် မတ်တတ်ရပ်လျက် စူးစမ်းလိုသော အကြည့်တို့ဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။

“ရင်ရင်…” ထန်ရှုက ဂူရင်အား ခေါ်လိုက်သည်။

ဂူရင်သည် ဘေးသို့ လှည့်ကြည့်လိုက်ရာ ထန်ရှုအား တွေ့ရသဖြင့် ချက်ချင်း ပြေးလာသည်။ ဂူရင်က ထန်ရှု၏လက်အား ဆုပ်ကိုင်လျက်

“ဆရာသခင်…အဲ့ဒီအစ်မက ဆရာသခင်ရဲ့တပည့်ပဲဆို အဲ့ဒါဟုတ်လား။”

“သူမက ဖြစ်လာတော့မှာပါ။ လောလောဆယ်တော့ တရားဝင်တပည့် မဖြစ်သေးပေမယ့် ဆရာသခင်ရဲ့တပည့်တစ်ယောက်အဖြစ် လက်ခံဖို့ ပြင်ဆင်နေတယ်။” ထန်ရှုက ရှင်းပြသည်။

“အစ်မကို ကျင့်ကြံခြင်းနည်းစနစ်ပဲ သင်ကြားပေးမှာလား။” ဂူရင်က မေးလေရာ ထန်ရှုက ခေါင်းယမ်းပြလိုက်ရင်း

“မဟုတ်ဘူး။ သူမက ရင်ရင်နဲ့ အနည်းငယ် ကွဲပြားလိမ့်မယ်။ သူမက ဆေးပညာကို သင်ယူပြီး အနာဂတ်မှာ တရုတ်တိုင်းရင်းဆေးအကျော်အမော်တစ်ယောက် ဖြစ်လာချင်တာလေ။”

“ဆရာသခင်… ဆေးပညာသင်ယူတဲ့သူတွေကို ရင်ရင် သဘောအကျဆုံးပဲ။ ဖျားနာရင် နေလို့ထိုင်လို့မကောင်းဘူးလေ။ လူနာတွေကို ကုသပေးတာ ကုသိုလ်ကောင်းမှုတစ်ခုပါပဲ။” ဂူရင်က ရုတ်ခြည်းပင် နားလည်သွားကာ အပြုံးဖြင့် ပြောလိုက်သည်။

ထိုသို့ ပြောပြီးနောက် ဂူရင်က ထန်ရှု၏နောက်မှ လိုက်လာပြီး သိုက်ရှင်းရွှယ်၏အရှေ့တွင် ရပ်ကာ သူမ၏မျက်နှာနုနုလေးအား မော့လျက်

“အစ်မကြီး…ညီမလေးနာမည်က ဂူရင်ပါ။ နောက်ဆို ရင်ရင်လို့ပဲ ခေါ်ပါ။ ရင်ရင်တို့က ဆရာသခင်ရဲ့တပည့်တွေ ဖြစ်သွားကြပြီဆိုတော့ အစ်မကြီးက ရင်ရင့်ရဲ့ဂျူနီယာညီမလေး ဖြစ်သွားပြီ။ တစ်စုံတစ်ယောက်က အစ်မကြီးကို အနိုင်ကျင့်ရင် ရင့်ရင့်ကို ပြောပါ။ သူတို့ကို ဆုံးမပေးမယ်။ အာ ဟုတ်သားပဲ။ ဂျူနီယာအစ်မကြီးကို လက်ဆောင်တစ်ခုခု ပေးရဦးမှာပေါ့။”

“ဘာရီး…”

သိုက်ရှင်းရွှယ်တစ်ယောက် ပြေးထွက်သွားသော ဂူရင်အား အံ့အားသင့်စွာ ငေးကြည့်ရင်း ကြက်သေသေနေတော့သည်။ သူမ၏နှုတ်ခမ်းသည်လည်း အကြိမ်အနည်းငယ်မျှ မဲ့ရွဲ့သွားရသည်။

ဘာကြောင့် ဒီကလေးမလေးကို သူက စီနီယာညီမဟု ခေါ်ရမလဲ။ ဒါက ဘာကြီးလဲ။ ဟာသပဲ။

ထန်ရှုက တည်ငြိမ်စွာ စကားဆိုလိုက်သည်။ “ရင်ရင် ပြောသွားတာ အမှန်ပဲ။ ငါ့ဆီမှာ မင်းက သူမထက် သင်ယူတာနောက်ကျတော့ ဂျူနီယာအစ်မဆိုတဲ့ အသုံးအနှုန်းက မှန်တယ်လေ။ ဒါပေမယ့် မင်းက ငါ့ကို ဆရာသခင်အဖြစ် တရားဝင် အသိအမှတ်မပြုရသေးဘူးဆိုတော့ နောက်ဆုတ်မယ်ဆို အခွင့်အရေး ရှိပါသေးတယ်။”

သိုက်ရှင်းရွှယ်က ထူးခြားသော အသံဖြင့်

“ဆရာသခင်… စီနီယာညီမလေးက ကျင့်ကြံခြင်းနည်းစနစ်အကြောင်း အခုပြောသွားတယ်။ အဲ့ဒါက ဘာများလဲ။ ကျွန်မတို့၂ယောက်ကို သင်တဲ့ပညာရပ်တွေက ကွဲပြားနေတာလား။”

“ဟုတ်တယ်။ ကွဲပြားတယ်။ စီနီယာညီမကို ငါ ဘာသင်လဲဆိုတာတော့ မင်း မေးဖို့ မလိုအပ်ဘူး။ အနာဂတ်မှာ မင်း ကောင်းကောင်း လုပ်ဆောင်နိုင်လာတဲ့အခါ ငါ ပြောပြပါမယ်။ သင်လည်း သင်ပေးနိုင်တယ်။ ဒါပေမယ့် မင်း အဲ့ဒါကို မသင်ချင်ဘူးဆိုရင်တော့ ငါ့ဆီက ဆေးပညာရပ်ကိုပဲ သင်ယူပေါ့လေ။” တည်ငြိမ်အေးဆေးသော အမူအရာဖြင့် ထန်ရှုက ပြန်ဖြေသည်။

သိလိုစိတ်အား ဖိနှိပ်ထားကာ သိုက်ရှင်းရွှယ် ခေါင်းညိတ်ပြလိုက်သည်။ “ကျွန်မ စိတ်ထဲမှာ စွဲနေအောင် မှတ်ထားပါမယ် ဆရာသခင်။”

စကားပြောနေစဉ်အတွင်း ဂူရင်သည် ပန်းချီကားလိပ်တစ်ခုအား လက်တွင် ကိုင်ဆောင်ကာ ဧည့်ခန်းသို့ ပြန်ရောက်လာပြီး သိုက်ရှင်းရွှယ်အား လှမ်းပေးကာ ပြောလိုက်သည်။

“ဂျူနီယာအစ်မ… အခုလောလောဆယ်တော့ ရင်ရင့်မှာ ပေးဖို့ ကောင်းတဲ့အရာ မရှိဘူးဖြစ်နေလို့ ရင်ရင်ကိုယ်တိုင်ဆွဲထားတဲ့ ပန်းချီကားလေးကို ပေးမယ်နော်။ ကျေးဇူးပြုပြီး မငြင်းလိုက်ပါနဲ့။”

***

All Chapters