← Chapters

ကင်ဆာရောဂါအား ကုသခြင်း

Vol. 05 Ch. 236

ကင်ဆာရောဂါအား ကုသခြင်း

Vol. 05 Ch. 236

သိုက်ရှင်းရွှယ် ခေါင်းခါလိုက်ကာ အပြုံးဖြင့်

“အစ်မက ဘယ်လို အဲ့ဒီလို လုပ်နိုင်မှာလဲ။ စီနီယာညီမလေးရဲ့လက်ဆောင်က သေချာပေါက်ကို အစ်မ ကြိုက်မှာပါ။”

ပြောပြီးသည်နှင့် သူမက ညင်သာစွာ ကြိုးဖြည်လိုက်သည်။ ပန်းချီကားဆီသို့ သူမ၏အကြည့်များ ရောက်သွားသောအခါတွင် သူမ၏အမူအရာသည် အံ့အားသင့်နေသော အမူအရာသို့ မသိမသာ ပြောင်းလဲသွားတော့သည်။

အစက ဂူရင်၏အသက်အရွယ်အရ တစ်ခုခု ရေးဆွဲခဲ့ရင်တောင်မှ ကောင်းနိုင်မည်မဟုတ်ဟု ထင်မိသည်။ သို့သော်လည်း ပန်းချီကားသည် တကယ်ကို လက်ရာမြောက်လှပေသည်။ စိမ်းစိုနေသော တောင်ကုန်းတစ်ခုအား ရစ်ခွေဖွဲ့စီးဆင်းနေသော စမ်းချောင်းလေးတစ်ခုနှင့်အတူ တောင်ခြေတွင် အင်မတန်မှ ရင်းနှီးကျွမ်းဝင်နေဟန်ရှိသော အိမ်တစ်လုံးအား ရေးဆွဲထားသည့် ရှုခင်းပန်းချီကားတစ်ချပ် ဖြစ်တော့သည်။ သေချာစွာ ကြည့်ရှုသုံးသပ်ပြီးသည့်နောက် ထိုပန်းချီကားထဲမှ အိမ်သည် သူမ ယခုရောက်ရှိနေသော အိမ်နှင့် ထပ်တူထပ်မျှ တူညီနေသည်ကို  သိုက်ရှင်းရွှယ် နားလည်သွားရသည်။

“ပန်းချီကားကောင်းတစ်ချပ်ပဲ။” သိုက်ရှင်းရွှယ် ရိုးသားစွာ ချီးမွမ်းလိုက်သည်။

ထန်ရှုသည်လည်း ထိုပန်းချီကားအား တွေတွေကြီး ကြည့်နေမိသည်။ အံ့အားသင့်နေသော မျက်ဝန်းများနှင့်အတူ သူက အပြုံးဖြင့် မေးလိုက်သည်။

“ရင်ရင်.. ငါတို့အိမ်ကို နောက်ခံထားပြီး ပုံတူဆွဲလိုက်တာလား။”

ဂူရင်က ရယ်လိုက်ရင်း

“ဆရာသခင်… ပုံမှန်ဆိုရင် အတန်းမရှိတဲ့အချိန်တွေမှာ ရင်ရင် ပျင်းလာရင် အချိန်ကုန်အောင် ရှာကြံလုပ်နေတာ။ အဲ့လိုနဲ့ ပန်းချီဆွဲတာက စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာ ရင်ရင် သိသွားတာ။”

ထန်ရှုက ရယ်လိုက်ရင်း “ကောင်းပြီ။ နောက်ပိုင်း ငါ အားတဲ့အခါ မင်းကို ပန်းချီ ဘယ်လိုဆွဲရလဲဆိုတာ သင်ပေးမယ်။”

“အိုကေပါရှင်။” ဂူရင်က ပြုံးကာ ခေါင်းညိတ်ပြသည်။

“အမေက ဘယ်ရောက်နေတာလဲ။ ဘာကြောင့် အိမ်မှာ မရှိတာလဲ။” ထန်ရှု မေးလိုက်သည်။

“အဖွားက စားသောက်ဆိုင်ဘက်သွားတယ်။ နည်းနည်းနောက်ကျမယ်လို့ ပြောသွားတယ်။” ဂူရင်က ဖြေသည်။

“စကားမစပ် နောက်ရက်အနည်းငယ်ကြာရင် ငါ ခရီးထွက်ဖို့ရှိတယ်။ ရင်ရင့်ကိုပါ အတူခေါ်သွားမယ်။”

ဂူရင်က ဝမ်းသာအံ့သြစွာဖြင့် “တကယ်လား ဆရာသခင်။ ရင်ရင်တို့ ဘယ်သွားကြမှာလဲ။”

“မင်းရဲ့စီနီယာအစ်မကြီးကို တွေ့ဖို့ ခေါ်သွားမှာ။” ထန်ရှုက ပြောသည်။

“ရှင်…” ဂူရင် စပ်စုလိုက်သည်။ “ဆရာသခင်… ရင်ရင့်မှာ စီနီယာအစ်မရှိတာလား။ အရင်တုန်းက ဘာလို့ ပြောသံမကြားရတာလဲ။”

ထန်ရှုက သူမ၏မေးခွန်းအား မဖြေတော့ဘဲ မီးဖိုဆောင်ဆီသွားရာ ကလေးထိန်းအမျိုးသမီးမှ ညစာပြင်ပေးနေသည်ကို တွေ့ရသဖြင့် ညစာစားပြီးမှ စွန်းဝမ်ကျင်း၏အိမ်သို့ သွားရန် ဆုံးဖြတ်လိုက်သည်။

ကြယ်တာရာမြို့၏အထက်တန်းအိမ်ရာတစ်ခုဖြစ်သည့် ရွှေခရမ်းဥယျာဉ်အိမ်ရာ…

စတုရန်း၁၆၀မီတာမက ကျယ်ဝန်းသည့် အိမ်၏အတွင်းဘက်တွင် ခေတ်မီသော အိမ်တွင်း အပြင်အဆင်များ၊ အထက်တန်းကျသော ပရိဘောဂများသည် အစီအရီ ရှိနေပေသည်။ ထိုခဏတွင် စွန်းဝမ်ကျင်းသည် ဆိုဖာပေါ်တွင် ထိုင်ကာ သူမ၏အစ်ကိုကြီးနှစ်ယောက်နှင့်ညီမဖြစ်သူ၏မေးခွန်းများအား ရင်ဆိုင်နေရသည်။ အထူးသဖြင့် ထိုသူများ၏မျက်နှာအမူအရာများသည် မှုန်မှိုင်းလျက်ရှိသည်။

“ငါ နင်တို့ကို ပြောပြတဲ့အတိုင်း ထန်ရှုက ငါတို့ တရုတ်တိုင်းရင်းဆေးရုံကြီးမှာ အကျွမ်းကျင်ဆုံးသမားတော် တစ်ယောက်ပဲ။ သူ့ကို နတ်ဆေးသမားတော်တစ်ယောက်လို့တောင်မှ တင်စားခေါ်ဝေါ်ကြတယ်။ ဆေးရုံအုပ်ကြီးကတောင် သူ့ရဲ့ဆေးပညာအရည်အချင်းက ထန်ရှုကို မှီဖို့ အဝေးကြီးလိုသေးတယ်ဆိုပြီး ဝန်ခံထားရတာ။ သူသာ အမေ့ရောဂါကို မကုနိုင်ရင် ဒီကမ္ဘာပေါ်မှာ ကုနိုင်တဲ့သူ မရှိတော့ဘူး။ အဲ့ဒါကြောင့် နင်တို့ ဘာမှ ထပ်မပြောနဲ့တော့။ သူ့ကို အမေ့ကိုသာ ကုခိုင်းလိုက်ပါ။” စွန်းဝမ်ကျင်းက အလေးအနက်ထားကာ ပြောလိုက်သည်။

စွန်းကျန့်ဟိုင်မှာ ကြယ်တာရာ ဘဏ္ဍာရေးဋ္ဌာန၏ တာဝန်ခံဒါရိုက်တာတစ်ယောက်ဖြစ်ပြီး သားအကြီးဆုံးလည်းဖြစ်သည်။ သည်အချိန်တွင် ညီမဖြစ်သူ စွန်းဝမ်ကျင်းအား စူးနစ်စွာ ကြည့်လိုက်ပြီးနောက်

“လီဟွန်ဂျီက သူ့ဆေးပညာက ထန်ရှုလောက် မကောင်းဘူးလို့ ပြောခဲ့တာလား။”

“ဟုတ်တယ်။ အစက ဆေးရုံအုပ်လီက ကျွန်မကို ထန်ရှုရဲ့လက်ထောက်အဖြစ် စီစဉ်ပေးခဲ့တာ။ ဒါပေမယ့် ကျွန်မက သူ့ရဲ့ရုပ်ရည်သွင်ပြင်အပေါ်မှာ အကဲဖြတ်မှားခဲ့တယ်။ ကျွန်မ တွေးခဲ့တာက ထန်ရှုရဲ့ဆေးပညာက အရမ်းကောင်းတယ်ဆိုရင်တောင် သူ့အသက်အရွယ်နဲ့ ဘယ်လောက်တောင် ကောင်းနိုင်မှာလဲဆိုပြီးပေါ့။ နောက်မှ ကျွန်မရဲ့အတွေးတွေ ဘယ်လောက်တောင် ခေါင်လိုက်သလဲဆိုတာ ကျွန်မ သိလိုက်ရတယ်။ ဆေးရုံကို လာတဲ့ လူနာ၄ယောက်မှာ ၃ယောက်က နေရာမှာတင် ကောင်းသွားတယ်။ ကျန်တဲ့သူတွေက သူရဲ့ကုသမှုကို ခံယူပြီးတဲ့နောက်ပိုင်း နေရတာ သက်တောင့်သက်သာ ရှိသွားကြတယ်။ ကျွန်မ သိရသလောက် မနေ့က ကြယ်တာရာဆေးရုံမှာ ဆေးစကုတာ လူနာနဲ့ မိသားစုဝင်တွေဆီက တံခွန်အလံ၂၀ကျော် သူ လက်ခံခဲ့ရတယ်။”

“၂၀ကျော်လား။”

စွန်းကျန့်ဟိုင်သာ တုန်လှုပ်သွားရသည်မဟုတ်ဘဲ စွန်းကျန့်ကျွင်းနှင့် စွန်းဝမ်မင်းတို့ပါ အံ့အားသင့်သွားကြသည်။ လူနာ၏မိသားစုဝင်များမှ ဆရာဝန်သမားတော်များအား တံခွန်အလံပေးခြင်းဆိုသည်မှာ သူတို့၏ရင်တွင်းမှ ကျေးဇူးတရားအား လှိုက်လှိုက်လှဲလှဲ ပြသခြင်းဖြစ်သည်ဟု သူတို့အားလုံး သိကြသည်။

စွန်းဝမ်ကျင်းက ဆက်ပြောသည်။

“နင်တို့ မသိသေးတာ တစ်ခု ရှိသေးတယ်။ အမျိုးသမီးတစ်ဦးမှာ ခြောက်နှစ် ခုနှစ်နှစ်အရွယ် နေမကောင်းဖြစ်နေတဲ့ သမီးလေးတစ်ယောက်ရှိတယ်။ သူတို့သားအမိ၂ယောက်က နိုင်ငံအနှံ့က ဆေးရုံတွေဆီသွားပြီး တရုတ်တိုင်းရင်းသမားတော်တွေနဲ့ အနောက်တိုင်းဆရာဝန်ဆီတွေပါမကျန် ရောဂါကုဖို့ သွားရောက်ခဲ့တယ်။ ဒါပေမယ့် ဘယ်သမားတော်၊ ဘယ်ဆရာဝန်မှ အဲ့ဒီကလေးလေးရဲ့ရောဂါကို မကုပေးနိုင်ကြဘူး။ နောက်ဆုံး ထန်ရှုနဲ့ သူတို့ အမှတ်မထင် ဆုံတွေ့ရာကနေ အဲ့ဒီကလေးလေးရဲ့ ထူးဆန်းတဲ့ရောဂါကို ကုသပေးခဲ့တယ်။ အဲ့ဒါကြောင့် ဒေါက်တာထန် ရောက်လာရင် ဘယ်သူမှ သူ့ကို အထင်သေးသလို မဆက်ဆံပါနဲ့။ ကျွန်မကိုယ်တိုင်တောင် အမေ့ကို မကုသပေးနိုင်တာမို့ ထန်ရှုက ကျွန်မတို့အတွက် နောက်ဆုံးအခွင့်အရေးပဲ။”

စွန်းကျန့်ဟိုင်က လေးနက်စွာ ပြောသည်။

“သူသာ အမေ့ကို ကုသပေးနိုင်ရင် သူလိုချင်တာမှန်သမျှ ဘာမဆို ငါ လုပ်ပေးမယ်။ ဒုတိယညီမလေး… ယွမ်၂သိန်း ပြင်ဆင်ထားပါ။ သူ အမေ့ကို ကုသနိုင်ရင် ဒီပိုက်ဆံကို ကျေးဇူးတင်လက်ဆောင်အနေနဲ့ သူ့ကို ပေးရမယ်။”

“မဟုတ်ဘူး။ ကျွန်မတို့ သူ့ကို ငွေပေးလို့ မရဘူး။” စွန်းဝမ်ကျင်း ဒေါသတကြီး ပြောလိုက်သည်။

စွန်းကျန့်ဟိုင်က အံ့အားသင့်နေရင်း ပဟေဠိဖြစ်နေသောဟန်ဖြင့်

“အဲ့ဒါ နင် ဘာကို ဆိုလိုတာလဲ။”

“ထန်ရှုက အမေ့ကို ကုသဖို့ အခြေအနေ၃ရပ်တောင်းဆိုပြီးမှ သဘောတူထားတာ။ တစ်ခုက ဆေးရုံကို လာတဲ့ လူနာတွေအထဲမှာ ငွေကြေးအခက်အခဲရှိတဲ့သူတွေကို ယွမ်တစ်သိန်း လှူစေချင်တယ်။ သူကိုယ်တိုင်အတွက် ပိုက်ဆံ မလိုချင်ဘူး။”

“ဒါ…”

စွန်းကျန့်ဟိုင်နှင့် အခြား၃ယောက်မှာ ကြက်သေ သေသွားခဲ့သည်။ သူတို့နေထိုင်ကြီးပြင်းရသော ခေတ်ကာလတွင် ငွေကြေးသည်သာ အရာရာကို တိုင်းတာသော ပေတံတစ်ခုဖြစ်သည်။ ယနေ့ခေတ်တွင် ကြင်နာတတ်သော စိတ်နှလုံးသားရှိသည့် လူငယ်တစ်ယောက်ဆိုသည်ကို အသာထားဘိ တစ်စုံတစ်ယောက်သည် မြင့်မြတ်သော အကျင့်စရိုက်နှင့် မေးခွန်းထုတ်ရန်မလိုသော ဂုဏ်သိက္ခာတို့ဖြင့် ရှိနိုင်ပါအံ့နည်း။

စွန်းဝမ်မင်းက မေးလိုက်သည်။ “အစ်မကြီး… ဒေါက်တာထန် ပြောတဲ့ နောက်၂ချက်ကရော ဘာတွေလဲ။”

ထိုအခိုက်အတန့်သည် စွန်းကျန့်ဟိုင်နှင့် စွန်းကျန့်ကျွင်းတို့အတွက်လည်း သိလိုစိတ်ပြင်းပြနေသော အချိန်ဖြစ်တော့သည်။

စွန်းဝမ်ကျင်းက ပြောပြသည်။

“ဒုတိယတစ်ချက်က ကျွန်မက အမေ့ကို ဆေးရုံဆင်းခိုင်းပြီး အိမ်ကို ပြန်ခေါ်လာခဲ့ရမယ်။ သူက အိမ်ကိုလာပြီး အမေ့ကို ကုပေးမယ်။ နောက်ဆုံးတစ်ချက်က သူ အမေ့ကို ကုနိုင်သည်ဖြစ်စေ မကုနိုင်သည်ဖြစ်စေ ဒီအကြောင်းအရာကို ဘယ်သူကိုမှ ပြောလို့မရသလို အမေ့ကို သူ ကုသတဲ့အကြောင်းလည်း ဘယ်လိုနည်းနဲ့မှ တခြားသူတွေကို ပေးသိလို့မရဘူး။”

စွန်းကျန့်ဟိုင်က ဖြည်းညှင်းစွာ ပြောလိုက်သည်။

“သူ စိတ်ပူတာကို ငါ နားလည်ပြီ။ အသည်းကင်ဆာ အလယ်အဆင့်ကို ကုသပေးနိုင်တာ ဒီကမ္ဘာပေါ်မှာ ဘယ်သူမှ ဘယ်ကုထုံးမှ မရှိသေးဘူး။ အဲ့ဒါကြောင့် သူက ရုတ်ရုတ်သဲသဲ မဖြစ်စေချင်တာ။ သူ့လို ဆေးပညာထူးချွန်တဲ့ လူငယ်သမားတော်လေးတစ်ယောက်က ဒီလို နှိမ့်နှိမ့်ချချ နေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့မိဘူး။ အရိုးသားဆုံး ပြောရရင် အခုဆို ငါ သူ့ကို တကယ်မျှော်လင့်နေမိပြီ။”

စွန်းဝမ်မင်းက ပြောလိုက်သည်။

“အစ်ကိုကြီး… ကျွန်မ ယွမ်တစ်သိန်း ပြင်ထားလိုက်မယ်။ သူ အမေ့ကို ကုနိုင်သည်ဖြစ်စေ မကုနိုင်သည်ဖြစ်စေ ကျွန်မ ဒီပိုက်ဆံကို တရုတ်တိုင်းရင်းဆေးရုံက ဆင်းရဲတဲ့လူနာမိသားစုတွေကို လှူလိုစိတ်ရှိပါတယ်။”

စွန်းကျန့်ဟိုင်၏မျက်နှာထက်တွင် အပြုံးသဲ့သဲ့ ထွက်ပေါ်လာကာ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။

နာရီဝက်ကြာသော် တံခါးခေါင်းလောင်း မြည်လာသည်။ စွန်းဝမ်ကျင်းက တံခါးဆီသို့ အပြေးသွားပြီး ဖွင့်ပေးရာ ထန်ရှုနှင့် သိုက်ရှင်းရွှယ်တို့အား အပြင်ဘက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

“ဒေါက်တာ ထန်… ဒေါက်တာ သိုက်… ရှင်တို့ကို ဒုက္ခပေးမိသလို ဖြစ်သွားရတဲ့အတွက် တောင်းပန်ပါတယ်။” စွန်းဝမ်ကျင်းက ယဉ်ယဉ်ကျေးကျေး စကားဆိုသည်။

ထန်ရှုက ခေါင်းယမ်းပြလိုက်ကာ အခန်းထဲသို့ ဝင်လိုက်ရာ စွန်းဝမ်ကျင်း၏အစ်ကိုများနှင့် ညီမဖြစ်သူအား တွေ့လိုက်ရသည်။ မိတ်ဆက်စကားဆိုကြပြီးနောက် အာလာပသလာပစကားအနည်းငယ်အား ရွှင်ပျစွာ ပြောဆိုကြပြီး နောက်ဆုံးတွင် ထန်ရှုက မေးလိုက်သည်။

“လူနာကရော ဘယ်နေရာမှာလဲ။ လူနာအခြေအနေကြည့်ရအောင် ကျွန်တော့်ကို ခေါ်သွားပါဦး။”

စွန်းဝမ်ကျင်းက ပြောလိုက်သည်။ “ကျွန်မနောက်လိုက်ခဲ့ပါ။”

ကျယ်ဝန်းကာ အလင်းရောင်ကောင်းမွန်စွာ ရရှိသည့်အခန်းတစ်ခုထဲတွင် စွန်းဝမ်ကျင်း၏မိခင်သည် ကုတင်ထက်တွင် လဲလျောင်းကာ တီဗွီကြည့်နေသည်။ ထန်ရှုနှင့် သိုက်ရှင်းရွှယ်တို့အား သူမ၏သားသမီးများနှင့်အတူ ဝင်ရောက်လာသည်ကို တွေ့သောအခါ ချက်ချင်း ထထိုင်ကာ ပြုံးပြလိုက်သည်။

“ကလေး… ဒါက သမီးနဲ့ ဆေးရုံအုပ်လီတို့ ပြော ပြောနေကြတဲ့ ဒေါက်တာထန်လား။”

“ဟုတ်ကဲ့ အမေ။ သူက ဒေါက်တာ ထန်” စွန်းဝမ်ကျင်းက ဖြေလိုက်သည်။

ထန်ရှုက ခပ်ဖွဖွ ပြုံးလိုက်သည်။ အမျိုးသမီးကြီး၏ ဖျော့တော့သော မျက်နှာအား ကြည့်ရင်း သူက ညင်သာစွာ ပြောလိုက်သည်။

“အဒေါ်… ကျွန်တော် အဒေါ်ရဲ့အခြေအနေကို အရင် စစ်ကြည့်ပါမယ်။ ကျွန်တော် စပြီး ကုတဲ့အခါ အလွန် နာကျင်ကိုက်ခဲမှုကို ခံစားရနိုင်တယ်။ အဒေါ် အဲ့ဒါကို ခံနိုင်ပါ့မလား။”

အမျိုးသမီးကြီးက ပြုံးလျက်

“စိတ်မပူပါနဲ့ ဒေါက်တာ။ ဘယ်လိုနာကျင်မှုမျိုးကမှ ဒီအမျိုးသမီးအိုကြီးကို ဘဝမှာ နာကျင်အောင် မလုပ်နိုင်တော့ပါဘူး။ အဒေါ့်ခန္ဓာကိုယ်မှာ ဓားဒဏ်ရာ အမာရွတ်တွေ အများကြီးပဲ။ ဘယ်လောက်ပဲ နာကျင်ပါစေ အဒေါ် ခံနိုင်ပါတယ်။”

“အဒေါ့်ခန္ဓာကိုယ်မှာ ဓားဒဏ်ရာ အမာရွတ်တွေ အများကြီးပဲ ဟုတ်လား။” ထန်ရှုက ပဟေဠိ ဖြစ်သွားသည်။

အမျိုးသမီးကြီးက ရယ်မောလိုက်ရင်း

“အဒေါ် နေမကောင်းမဖြစ်ကတည်းက ခွဲစိတ်မှုတွေ အများကြီး ကြုံခဲ့ရတာလေ။ နောက်ပြီး ကလေးအမေတစ်ယောက်ဆိုတော့ ကလေးမွေးရတာလောက် အနာကျင်ဆုံးအရာ မရှိတော့ဘူး မဟုတ်လား။ ဘယ်လို နာကျင်မှုဖြစ်ဖြစ် အဒေါ်ခံနိုင်ပါတယ် ဒေါက်တာထန်။”

ထန်ရှု ရုတ်ခြည်းပင် နားလည်သွားသည်။ သူက ပြုံးကာ ခေါင်းညိတ်ပြရင်း

“ဒီကမ္ဘာပေါ်မှာ မိခင်တွေက အမှန်တကယ်ကို ခံနိုင်ရည်အရှိဆုံးသူတွေပါပဲ။ ပြောတဲ့စကားတွေက တကယ်ကို ခိုင်လုံပါပေတယ်။ ဒါကြောင့်လည်း သားသမီးဝတ်တရားဆိုတာ သူတော်ကောင်းတရားအားလုံးထဲမှာ အရေးကြီးဆုံးပဲ။ အဒေါ်ရဲ့သားသမီးတွေက တကယ်ကို တော်ကြပါတယ်။” ထိုသို့ပြောရင်း သူက အမျိုးသမီးကြီး၏လက်ကောက်ဝတ်အား ယူကာ သွေးခုန်နှုန်း စမ်းလိုက်ရာ သူမ၏ခန္ဓာကိုယ်ထဲတွင် ကင်ဆာဆဲလ်ဟု ဆေးပညာအသိုင်းအဝန်းမှ ခေါ်ဆိုကြသော မကောင်းသည့် အဆိပ်အတောက်အရာများစွာ အမှန်တကယ် ရှိနေသည်ကို သူ ချက်ချင်း သိလိုက်သည်။ ထို့အပြင် ထိုကင်ဆာဆဲလ်များသည် သူမ၏သွေးစီးဆင်းမှုလမ်းကြောင်းတွင် အများဆုံး ရှိနေသည်။

“ဒေါက်တာ ထန်… ရှင် စမ်းသပ်ကြည့်တော့ အခြေအနေ ဘယ်လိုရှိလဲ။” ထန်ရှု၏လက် ပြန်ရုတ်သိမ်းလိုက်သည်ကို ကြည့်ရင်း စွန်းဝမ်ကျင်းက စိတ်လှုပ်ရှားစွာ အလျင်စလို မေးလိုက်သည်။

“အဒေါ့်ကို ကုသနိုင်မယ်လို့ ၁၀၀% အာမခံချက် မရှိပေမယ့် မျှော်လင့်ချက်တော့ ရှိပါတယ်။ ရေနွေးတစ်ဇလုံနဲ့ သန့်ရှင်းတဲ့ မျက်နှာသုတ်ပုဝါအချို့ ပြင်ဆင်ပေးပါ။ ခင်ဗျားတို့ အမျိုးသမီး၂ယောက်က အဒေါ့်ဆီလာပြီး အဝတ်အစား ကူချွတ်ပေးပါ။ အောက်ခံအဝတ်အစားလောက်ပဲ ချန်ပါ။” ထန်ရှုက ပြောလိုက်သည်။

ရေနွေး… မျက်နှာသုတ်ပုဝါ…

စွန်းဝမ်ကျင်းနှင့် အခြားသူများ လျင်မြန်စွာ ပြင်ဆင်လိုက်သည်။ အမျိုးသမီးကြီး၏အဝတ်အစားများ ချွတ်ပြီးနောက် သူမက အိပ်ရာထက်တွင် လဲလျောင်းလိုက်သည်။

ထန်ရှုက ပြောသည်။ “ရေနွေးတစ်ခွက်လောက် လောင်းထည့်ပေးပါဦး။ အပူချိန် ၃၀ဒီဂရီကနေ ၄၀ဒီဂရီအတွင်း ရှိတဲ့ ရေနွေးဆို အကောင်းဆုံးပဲ။”

“နားလည်ပါပြီ။” စွန်းဝမ်ကျင်းက လျင်မြန်စွာပင် ထန်ရှု ပြောသည့်အတိုင်း ရေနွေးတစ်ခွက်အား လောင်းထည့်ကာ သူ့အား ကမ်းပေးလိုက်သည်။

ထန်ရှုက သူ၏အိတ်ကပ်ထဲမှ ခန္ဓာကိုယ်သန့်စင်ဆေးရည်ပုလင်းအား ထုတ်ကာ ရေနွေးခွက်ထဲသို့ အစက်၃စက်ချကာ မွှေလိုက်ပြီး အမျိုးသမီးကြီးဆီ ယူသွားရန် စွန်းဝမ်ကျင်းအား ပေးလိုက်သည်။

စွန်းမောင်နှမများသည် ရေနွေးခွက်ထဲသို့ ထန်ရှု မည်သည့်အရာ ထည့်လိုက်သည်ကို မမေးကြချေ။ သူတို့သည် ထန်ရှုအား ယုံကြည်မှုအပြည့်ဖြင့် ဘေးတွင် မတ်တတ်ရပ်ကာ တိတ်ဆိတ်စွာ ကြည့်နေကြသည်။

ထန်ရှုက ပြောလိုက်သည်။

“အဒေါ်ရဲ့ခြေတွေလက်တွေ ချုပ်ထားတာ ပိုကောင်းလိမ့်မယ်။ ပြီးတော့ အဒေါ်ကိုက်ထားဖို့ ပုဝါကို ပါးစပ်ထဲ ချက်ချင်း ထည့်လိုက်ပါ။ အဲ့လိုမှ မဟုတ်ရင် ကျွန်တော် ငွေအပ်စိုက်တဲ့အခါ နာကျင်လာရင် အဒေါ်က လှုပ်ရှားလိမ့်မယ်။”

“နားလည်ပြီ။” ထန်ရှု၏ညွှန်ကြားချက်အတိုင်း စွန်းညီအစ်ကိုများ လှုပ်ရှားလိုက်သည်။

မိနစ်အနည်းငယ်ကြာသောအခါ အမျိုးသမီးကြီးသည် ခန္ဓာကိုယ်သန့်စင်ဆေးရည် ရောစပ်ထားသော ရေနွေးခွက်တစ်ဝက်အား အသုံးပြုပြီးဖြစ်သောကြောင့် သူမ၏ခန္ဓာကိုယ်သည် အနည်းငယ် တုန်ရီစပြုလာသည်။ ထို့ပြင် အချိန်များ ကုန်လွန်လာသည်နှင့်အမျှ နာကျင်မှုသည်လည်း ပိုမိုပြင်းထန်လာသည်။ သူမ၏ကလေး၄ယောက်မှသာ ခြေလက်များအား မထိန်းချုပ်ထားပါက တွန့်လိမ်ကောက်ကွေးပြီးဖြစ်နေပေလိမ့်မည်။

အမျိုးသမီးကြီး၏ခန္ဓာကိုယ်ရှိ မွှေးညှင်းပေါက်များမှာ ချွေးများ ထွက်လာသည်ကို စောင့်ကြည့်နေရင်း အနီရောင်သို့ တဖြည်းဖြည်း ဖြစ်ပေါ်လာသည့်အချိန်တွင် ထန်ရှုက ချက်ချင်းပင် ငွေအပ်များအား ထုတ်ကာ သူမ၏ခန္ဓာကိုယ်ထက်ရှိ သွေးကြောအမှတ်ကြီး၉မှတ်အား လျင်မြန်စွာ ထိုးစိုက်လိုက်သည်။

အားလုံးပြီးစီးသည်နှင့် ထန်ရှုသည် ဘေးမှာ ရပ်နေကာ အမျိုးသမီးကြီး၏ တုံ့ပြန်မှုအား စောင့်နေသည်။

အမျိုးသမီးကြီး၏ ခန္ဓာကိုယ်တုန်ရီနေမှုသည် ပိုမိုပြင်းထန်လာခဲ့သည်။ နာကျင်မှုသည် သူမအား ဖျော့တော့စေပြီး အကြိမ်ကြိမ်အခါခါ သတိလစ်စေသော်လည်း အသက်ရှင်နေသေးသည်ကို သူမကိုယ်တိုင် သိရှိနေသည်။ စွန်းကျန့်ဟိုင်နှင့် စွန်းကျန့်ကျွင်းတို့သည် အလွန်အမင်း မျက်စိပျက် မျက်နှာပျက် ဖြစ်နေကြလျက် စွန်းဝမ်ကျင်းနှင့် စွန်းဝမ်မင်းတို့မှာလည်း မျက်ရည်များ တသွင်သွင်စီးကျလျက် ဖြစ်နေကြသော်လည်း  ချစ်မြတ်နိုးခြင်းနှင့် စိတ်ပူခြင်းတို့ကိုလည်း သူတို့ထံတွင် မြင်တွေ့နိုင်မည်ဖြစ်ပေသည်။

ထိုသူများ၏သွင်ပြင်အား ကြည့်နေရင်း ထန်ရှုသည် စွန်းမောင်နှမများအား စိတ်တွင်းမှ တိတ်တဆိတ် ချီးကျူးမိချေသည်။ ထိုကဲ့သို့ သားသမီးဝတ်တရား  ကျေပွန်သည့်သားသမီးများအား ရရှိထားသည့်အတွက် သည်အမျိုးသမီးကြီး၏ ဘဝတစ်လျှောက်လုံးသည် အမှန်တကယ်ပင် ထိုက်တန်တော့သည်ဖြစ်သည်။

“အာ… ဘာအနံ့ကြီးလဲ။” စွန်းကျန့်ဟိုင်က ရုတ်တရက် မျက်မှောင်ကြုပ်သွားကာ သူ၏နှာခေါင်းအား ဖုံးအုပ်လျက် မေးလိုက်သည်။

“ဒါ မကောင်းတဲ့ အပုပ်နံ့ပါ။” ထန်ရှုက ဖြေသည်။

စွန်းကျန့်ကျွင်းက ဇဝေဇဝါ ဖြစ်သွားကာ

“မကောင်းတဲ့ အပုပ်နံ ဟုတ်လား။ အဲ့ဒါ ဘယ်နေရာက လာတာလဲ။ အမေ့ခန္ဓာကိုယ်က…”

ထန်ရှုက ရှင်းပြသည်။ “ကျွန်တော့်အမြင်အရဆိုရင် အဒေါ့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကင်ဆာဆဲလ်တွေက သူမရဲ့ခန္ဓာကိုယ်ကို နာကျင်ပျက်စီးစေတယ်။ အဲ့ဒါက ချွေးနဲ့ရောပြီး အပုတ်နံ့ထွက်လာတာ။ ခင်ဗျားတို့ အဲ့ဒါကို ခံနိုင်ရည်ရှိရမှာဖြစ်သလို သူမကို ရေပြင်ညီအတိုင်း လဲလျောင်းတာဖြစ်စေဖို့ လုပ်ပေးရမယ်။ နို့မဟုတ်ရင် ခနာကိုယ်မှာ စိုက်ထားတဲ့ ငွေအပ်တွေ ရွေ့သွားရင် အရမ်း အန္တရာယ်များတယ်။”

***

All Chapters