← Chapters

အခြားဆွေမျိုးများ

Vol. 05 Ch. 238

အခြားဆွေမျိုးများ

Vol. 05 Ch. 238

နောက်ရက်များတွင် ထန်ရှုသည် ဆေးရုံတွင် ဆေးကုသမှု ပေးနေခဲ့သည်။ သူ ကုသပေးရသည့် လူနာအရေအတွက်သည်လည်း တိုးမြင့်လာခဲ့သည်။ သူ၏နာမည်ဂုဏ်သတင်းသည် လျင်မြန်စွာ ကျော်ကြားလာပြီး ကြယ်တာရာမြို့တွင်သာမက နိုင်ငံံ၏နေရာအနှံ့မှ လူနာများအား ဆွဲဆောင်နိုင်ခဲ့သည်။ ထို့အပြင် ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံကြီးတွင် ထန်ရှု ဆေးကုသပေးနေသည့်ရက်များအတွင်း ကုသရန် အလွန်ခက်ခဲသော ရောဂါများနှင့် အခြားသူများ မကုသနိုင်သော ရောဂါများအား ကုသပေးနိုင်သဖြင့် ဆေးလောကတွင် သူ၏ဂုဏ်သတင်းမှာ အကြီးအကျယ် ပျံ့နှံ့သွားသောကြောင့် ပေကျင်းနှင့် ရှန်ဟိုင်းမှ နာမည်ကြီး ဆေးရုံများမှ ဆေးရုံအုပ်ကြီးများပင် လီဟွန်ဂျီထံ ဆက်သွယ်ကာ ထန်ရှုအကြောင်း စုံစမ်းလာကြလေသည်။

ထန်ရှုသည် ဆေးရုံ၏စမ်းသပ်ဆွေးနွေးခန်းမှ ထွက်ခွာလာစဉ် သူ၏ကားကို မှီကာ ရပ်နေသော လုံကျန့်ယုသည် ပြုံးလျက် ကြည့်နေသည်ကို တွေ့လိုက်ရသည်။

“ဘယ်လေတိုက်ပြီး ရောက်လာတာတုန်း။” ထန်ရှုက စပ်စုလိုက်သည်။

လုံကျန့်ယုက ကားတံခါးအား ဖတ်ကနဲ မြည်အောင် ရိုက်လိုက်ကာ

“မနက်ဖြန်ဆိုရင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်စာရင်း ထွက်တော့မယ်။ ဒါပေမယ့် မင်းကို ကြိုပြီး ဂုဏ်ပြုဖို့ ဒီနေရာကို လာတာမဟုတ်ဘူး။ ဒါနဲ့ မင်း ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံကြီးမှာ ဆေးကုသပေးတာ တံခွန်အလံတွေ ရာကျော် ရနေပြီလို့ ငါ ကြားတယ် ဟုတ်လား။”

ထန်ရှုက ရယ်မောလိုက်ရင်း

“ဟုတ်တယ်။ ဒါပေမယ့် အဲ့ဒီတံခွန်အလံတွေက အသာထားလိုက်ပါ။ ဒါတွေက လူနာရှင်တွေက ကျေးဇူးတရားကို ဖော်ပြဖို့အတွက်ပဲ အသုံးမဝင်တဲ့အရာတွေပါ။ အဲ့ဒါကြောင့် ဆေးရုံအုပ်လီဟွန်ဂျီကို ပေးလိုက်ပြီ။ ဒီတံခွန်အလံတွေကို ဘာလုပ်မလဲဆိုတာကတော့ သူ့သဘောပဲ။”

လုံကျန့်ယုက လက်မထောင်ပြလိုက်ပြီး

“အရိုးသားဆုံး ပြောရရင် ငါ့ရဲ့ကောင်းကျိုးမပေးတဲ့ ညီငယ်လေးကို တကယ်ကျေးဇူးတင်မိတယ်။ မင်းကို ငါ့ဆီ ခေါ်ဆောင်လာပေးတာ သူ့ဘဝမှာ အမှန်ကန်ဆုံး လုပ်ရပ်ပဲ။ သွားကြစို့… ငါ လုံစားသောက်ခန်းမမှာ အခန်းတစ်ခု ကြိုတင်စာရင်းပေးထားတယ်။ ပိုင်ထောင်နဲ့ချူယီတို့နှစ်ယောက်လည်း အဲ့ဒီကို ရောက်နေကြပြီ။ ဒီနေ့ည မူးတဲ့အထိအောင် အိမ်မပြန်ဘဲ သောက်ကြရအောင်။”

ထန်ရှုက ယာဉ်မောင်းဘေးမှ ထိုင်ခုံတွင် ဝင်ထိုင်တော့မည့်ဆဲဆဲတွင် လုံကျန့်ယုက တားလိုက်ကာ ကားမောင်းသူထိုင်ခုံနေရာမှ စာရွက်စာတမ်းဖိုင်တွဲတစ်ခုအား ယူကာ ထန်ရှုအား လှမ်းပေးရင်း

“မင်း မောင်း။ မင်းရဲ့ကားမောင်းစွမ်းရည်ကို ငါ စမ်းသပ်ပါရစေ။”

ထန်ရှုက ပဟေဠိဖြစ်စွာဖြင့် တုံ့ပြန်လိုက်သည်။

“ငါ ခုထိ ကားမောင်းလိုင်စင် မရသေးဘူးလေ။ မင်းက ငါ့ကို မောင်းစေချင်တာလား။”

“ဖိုင်ကို ဖွင့်ပြီး တစ်ချက် ကြည့်ပါဦး။” လုံကျန့်ယုက ရယ်မောနေသည်။

ဖိုင်တွဲအား ဖွင့်လိုက်ရာ သူ၏ကားမောင်းလိုင်စင်နှင့်အတူ သော့နှစ်ချောင်းအား ထန်ရှု တွေ့လိုက်ရသည်။ သော့များအား ယူလိုက်ပြီး ထန်ရှုက မေးသည်။

“ဒါတွေက ဘာလဲ။”

“ငါက မင်းကို အိမ်ပေးထားတယ်ဆိုတော့ မင်းကို အထောက်အပံ့ပေးနေတယ်လို့ မင်း စဉ်းစားနိုင်တယ် မဟုတ်ဘူးလား။ ကားတစ်စီးမပါဘဲ အိမ်တစ်လုံး လက်ဆောင်ပေးတာက အလုပ်မဖြစ်ဘူးလေ။ ဘယ်ကားအမျိုးအစား မင်း ကြိုက်မှန်းမသိလို့ လူလူရဲ့ကားနဲ့ တူညီတဲ့ ကားကိုပဲ ငါ ဝယ်လိုက်တယ်။ ကောင်းတယ်… ဘာပဲဖြစ်ဖြစ် ဒါကို ချစ်သူရဲ့ပုံစံလို့ မင်း စဉ်းစားနိုင်တာပေါ့။”

“လင်ရိုဗာအမျိုးအစားထဲက ရိမ်းချ်ရိုဗာအမျိုးအစားလား။” ထန်ရှု အံ့အားသင့်သွားသည်။

“ကြည့်ရတာ မင်းက တကယ့်ကို လူလူရဲ့အကြိုက်ကို ကောင်းကောင်း သိနေတာပဲ။ အရောင်ကလည်း သူမရဲ့ကားလို အဖြူရောင် အတူတူပဲ။ ကားပုံစံက မိုက်တယ်ကွ။ ကားက လုံစားသောက်ခန်းမရဲ့မြေအောက် ကားပါကင်ထဲမှာ ရပ်ထားတယ်။” လုံကျန့်ယုက တစ်ချက်ပြုံးရင်း ပြောပြသည်။

ထန်ရှု ငိုရအခက် ရယ်ရအခက် ဖြစ်သွားရကာ ပြောလိုက်သည်။

“မင်း တကယ်ပဲ ငါတို့၂ယောက်ကို အတွဲဖြစ်အောင် လုပ်နေတာ မဟုတ်ဘူးလား။ ငါ မင်းကို ပြောလိုက်မယ် လူလူ့အပေါ်ထားတဲ့ ငါ့စိတ်က ဖြူစင်ပါတယ်။ ဒါပေမယ့် ကားကိုတော့ ငါ အတော်ကြီး ကြိုက်တယ်။ လက်ဆောင်ပေးပို့တဲ့အတွက် မင်းကို ကျေးဇူးအများကြီးတင်ပါတယ်။ ဒါနဲ့… သွားကြစို့ ဒီညအတွက် သောက်သမျှ ငါ ဒကာခံမယ်။”

“ကောင်းတယ်။ ကျော်ကြားတဲ့ သခင်လေးထန်က ငွေကုန်ခံချင်တယ်ဆိုမှတော့ ငါက သေချာပေါက်ကို သောက်ရဦးမှာပေါ့။” လုံကျန့်ယုက ရယ်ကာ ပြောလိုက်သည်။

ထန်ရှုက ကားမောင်းသူနေရာတွင် ထိုင်လိုက်သည်။ ကား စတင်မမောင်းခင် ကား၏သဘောသဘာဝနှင့် ရင်းနှီးကျွမ်းဝင်မှုရှိအောင် အချိန်ယူလိုက်ပြီးနောက် စတင်မောင်းနှင်တော့သည်။ စစချင်းတွင် ကားမောင်းရာ၌ သူ ကျွမ်းကျင်မှု မရှိသော်လည်း မိနစ်အနည်းငယ် ကြာလာသောအခါ တဖြည်းဖြည်း အကျွမ်းတဝင် ရှိလာသည်။

သည်ဟာသည် သူ၏ပထမဆုံးအကြိမ် ကားမောင်းခြင်း ဖြစ်သော်လည်း လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းအား ချိုးဖောက်ခြင်းအလျဉ်းမရှိဘဲ လုံစားသောက်ခန်းမ၏မြေအောက်ကားပါကင်နေရာသို့ မောင်းလိုက်သည်။ ကျေနပ်စွာဖြင့် ကားစတီယာရင်အား ပုတ်ကာ ခေါင်းညိတ်လျက်

“ကားကောင်းက တကယ်ကို ကားကောင်းပါပဲဗျာ။ ကားမောင်းလေ့ကျင့်တုန်းက ကားထက်စာရင် အတော်ကြီးကို မိုက်တယ်။”

“မင်းက ငါ့ရဲ့မာ့ဇယ်ရတီကားကို ကြိုက်လို့လား။ ငါ အဲ့ဒါကို မင်းကို ပေးမယ်ဆိုရင်ရော ဘယ်လိုလဲ။”

“ဟင့်အင်း။ ထားလိုက်တော့။ မင်းကားထဲမှာ ထူးဆန်းတဲ့အနံ့တစ်ခု ရနေတယ်။” ထန်ရှုက ခေါင်းခါလိုက်သည်။

“ထူးဆန်းတဲ့အနံ့ဟုတ်လား။” လုံကျန့်ယု စဉ်းစားရကြပ်သွားသည်။ “မဟုတ်သေးပါဘူး။ ငါ့ကားထဲမှာ ထည့်ထားတဲ့ ကားရေမွှေးက ကမာမှာ အကောင်းဆုံးပဲ။ တစ်ပုလင်းကို သိန်းဂဏန်းအထိ ပေးရတာ။ အဲ့ဒီရနံ့ကလွဲရင် ဘယ်နေရာက ထူးဆန်းတဲ့ အနံ့ရှိမှာလဲ။”

ထန်ရှုက သူ့အား ကျီစယ်လိုက်သည်။

“ဒီကားထဲမှာ အမျိုးသမီးဘယ်နှစ်ယောက်နဲ့ မင်း ကစားခဲ့လဲဆိုတာ ဘယ်သူသိမှာလဲ။ ထူးဆန်းတဲ့ အနံ့ လုံးဝမရှိဘူးဆိုမှသာ အတော်ထူးဆန်းနေမှာကွ။ သွားရအောင်… ငါ့ကားကို ကြည့်ဖို့ ခေါ်သွားဦး။”

“ငလူးလေး…”

လုံကျန့်ယုက ရယ်ရခက် စိတ်ဆိုးရခက် ဖြစ်သွားကာ ကားမောင်းသူဘေးရှိ ထိုင်ခုံမှ ဆင်းလိုက်သည်။

သူက လျင်မြန်စွာပင် ထန်ရှုအား အဖြူရောင် လင်ရိုဗာကားသစ်ကြီးဆီသို့ ခေါ်သွားကာ

“မင်း ဘာမှ မသောက်စားခင် စမ်းပြီး မောင်းကြည့်ချင်သေးလား။”

“ထားလိုက်ပါ။ ဒါပေမယ့် ဒီကားရဲ့ကားနံပါတ်ပြားက အရမ်းကြီး ကောင်းလွန်းနေတယ်မဟုတ်လား။ ၆၆၆ ဆိုတာက တော်တော်ကြီးကို သိသာလွန်းနေတယ်။” ထန်ရှုက ခေါင်းကို ယမ်းလျက် ပေါ့ပါးစွာ ရယ်လိုက်သည်။

လုံကျန့်ယု ပြုံးလိုက်ရင်း

“ဒီကားက မင်းရဲ့အိုင်ဒီကတ်နဲ့ ဝယ်ထားပြီးတော့ ကားလိုင်စင်နံပါတ်ပြားကလည်း မင်းရဲ့အိုင်ဒီနံပါတ်ပဲလေ။ ၆၆၆ ဂိုး..ဂိုး..ဂိုး…။ ငါကတော့ ကောင်းတယ်လို့ ထင်တာပဲ အရမ်းကြီးလည်း မထင်ပေါ်ဘူး။”

ထန်ရှုက ခေါင်းကို ယမ်းလိုက်ရင်း

“အပေါ်ထပ် သွားပြီး သောက်ကြစို့။ ဒါနဲ့ ဟို၂ယောက် ကြယ်တာရာကို လာတယ်ဆိုတော့ ကိစ္စတွေက ပြီးသွားပြီ မဟုတ်လား။”

“ဟုတ်တယ် ပြီးသွားပြီ။ ကျန်းတွေရဲ့ပိုင်ဆိုင်မှုတွေထဲက ၉၀ရာခိုင်နှုန်းလောက်ကို ငါတို့ ခွဲပြီးပြီ။ ကျန်တဲ့ အသုံးမဝင်တဲ့ ၁၀%ကို ကျန်းတွေရဲ့အရေးမပါတဲ့ နောက်လိုက်အချို့နဲ့ ဘဏ်တွေဆီ သွားလိုက်တယ်။ ဒီတစ်ခေါက်တော့ ငါတို့အားလုံး အပြည့်အ၀ စံစားလိုက်ရတာပဲ။ ပိုင်ထောင်နဲ့ ချူယီက ပါလာတဲ့အချိန် နောက်ကျတယ်ဆိုတော့ နည်းနည်းပဲ ရလိုက်ပေမယ့် သူတို့လည်း မဆိုးဘူးလို့ ဆိုနိုင်တယ်။ စီမံကိန်းကြီး ပြင်ဆင်မှုထဲကို ဘီလီယီများစွာ အရင်းအနှီးအဖြစ် သူတို့ ခွဲထည့်ထားသေးတယ်လေ။ နောက်ရက်အနည်းငယ်ကြာရင် ငါတို့အဖွဲ့တိုင်းရဲ့ခေါင်းဆောင်တွေ ရှယ်ယာခွဲဖို့ စုဝေးကြလိမ့်မယ်။”

လမ်းလျှောက်ရင်း လုံကျန့်ယုက ရှင်းပြနေသည်။

“ပိုင်ထောင်နဲ့ ချူယီက ဂုဏ်သရေရှိတဲ့ မိသားစုကြီးတွေက မျိုးဆက်တွေ ဖြစ်ပေမယ့် ဘာပဲဖြစ်ဖြစ် ချမ်းသာတဲ့မိသားစုတွေက မျိုးဆက်တွေရဲ့ မောက်မာတဲ့ အငွေ့အသက်တွေ မရှိဘူး။ ဒါကြောင့်ပဲ ငါ သူတို့ကို သဘောကျတာ။ အထူးသဖြင့် ချူယီ… သူက အတော်စမတ်ကျပြီး အားကိုးယုံကြည်နိုင်တယ်။ လခွမ်း… မင်းသာ သူတို့အကြောင်း မပြောရင် ငါ မေ့တော့မလို့။ ငါ ချူယီ့ကို အကြွေးဆပ်စရာ ပိုက်ဆံ ရှိသေးတယ်။”

“မင်းက သူ့ကို ပေးစရာ အကြွေးရှိတယ် ဟုတ်လား။ ဘာအတွက်လဲ။” လုံကျန့်ယု ပဟေဠိ ဖြစ်သွားသည်။

ထန်ရှုက ပြုံးလိုက်ပြီး

“ချူယီက တန်ဖိုးကြီး ဆေးပင်တစ်သေတ္တာ ပို့ထားတယ်။ ငါ သူ့ကို အခုထိ ပိုက်ဆံမပေးရသေးဘူး။ ထားလိုက်ပါတော့။ အခုတော့ ငါ ဒါကို မပြောသေးဘူး။ ပိုက်ဆံရလာတဲ့အခါကျမှ သူ့ကို ပြန်ပေးလိုက်မယ်။ နောက်ပြီး သူက ချမ်းသာတဲ့ သူဋ္ဌေးတစ်ယောက်ဆိုတော့ ပိုက်ဆံ မပြတ်လောက်ပါဘူး။”

လုံကျန့်ယုက ရယ်မောရင်း

“ဒါ မှန်တယ်။ သူက ချမ်းသာတဲ့ သူဋ္ဌေးတစ်ယောက်ဆိုတော့ ပိုက်ဆံ ပြတ်မှာ မဟုတ်ဘူး။ ဒါပေမယ့် မင်းက အခု ပိုက်ဆံပြတ်နေပြီလား။ ငါ ပြီးခဲ့တဲ့ရက်တွေက ခန်းရှဆီက ကြားတယ် … မင်း သူမကို ပိုက်ဆံအချို့ လွှဲခိုင်းတယ်ဆို။”

ပြီးခဲ့တဲ့ရက်တွေက ဟုတ်လား။

ထန်ရှု လျှပ်တစ်ပြက်အတွင်း သဘောပေါက်သွားကာ

“မင်းပြောတာ ၂၀မီလီယံလား။”

“ဟုတ်ပါ့။” လုံကျန့်ယု ခေါင်းညိတ်သည်။

“ငါ ပစည်းတစ်ခု ဝယ်ဖို့ ၂၀မီလီယံလောက် လိုနေလို့။ ငါ့မှာ မီလီယံအနည်းငယ်ပဲ ပါသွားတာမို့ သူ့ကို ပိုက်ဆံပို့ခိုင်းလိုက်တာ။ တကယ်တမ်းတော့ ဒါအမှန်ပဲ။ ငါ တကယ့်ကို ဆင်းရဲနေတယ်။ ပိုက်ဆံ မရှိလို့ အလကားကုန်းဆင်းရုံပဲ တတ်နိုင်တော့တယ်။ ဒါပေမယ့် မင်းက ချမ်းသာပြီး ကျော်ကြားတဲ့ သခင်လေးလုံဆိုတော့ ငါ့ကို မုန့်ဖိုးလေးဘာလေး မပေးချင်ဘူးလား။ မင်းမှာ အများကြီး မရှိရင်တောင်မှ ယွမ် ၁.၈ဘီလီယံလောက်ပဲ ပေးမယ်ဆိုရင် ငါ ငြင်းမှာ မဟုတ်ပါဘူးကွ။”

“သေလိုက်လေ။” လုံကျန့်ယု ရယ်မောကာ ဆဲဆိုလိုက်သည်။

နှစ်ယောက်သား ရွှင်မြူးစွာ ရယ်မောရင်း လုံစားသောက်ခန်းမ၏ ကြီးကျယ်ခမ်းနားသော အခန်းထဲသို့ နောက်ဆုံးတွင် ရောက်လာကြသည်။ ပိုင်ထောင်နှင့် ချူယီကိုလည်း တွေ့လိုက်ရပြီး လေးယောက်သား စုဝေးကာ စတင်စားသောက်ကြသည်။

“ဖုန်းမြည်သံ…”

ထန်ရှု၏အစာအိမ်ထဲသို့ နိုင်ငံခြားဝိုင်၂ခွက်မျှသာ ဝင်သေးရုံရှိသေးသည်။ သူ၏အိတ်ကပ်အတွင်းမှ ဖုန်းမြည်လာသဖြင့် ထုတ်ကာ ခေါ်ဆိုသူအား ကြည့်လိုက်ရာ သူ၏မိခင်ဖြစ်နေသည်။ ချက်ချင်းပင် သူသည် အခြားသူများအား ခွင့်ပန်လိုက်ပြီး အပြင်ဘက်ထွက်ကာ အပြုံးဖြင့် ဖုန်းဖြေဆိုလိုက်သည်။

“ဟယ်လို အမေ တစ်ခုခု ရှိလို့လား။”

စုလင်းယွမ်က ငိုသံခပ်သဲ့သဲ့ဖြင့် “ရှုအာ… သား အခု အိမ်ပြန်လာနိုင်မလား။ မင်းရဲအဖွား … မင်းရဲ့အဖွား ထိခိုက်သွားတယ်။ အဖွားကို ကြည့်ဖို့ အိမ်ပြန်ရအောင် အမေ့ကို အဖော်လုပ်ပေးစေချင်တယ်။”

အဖွားလား။ ရိုးသားဖော်ရွေသော မျက်နှာသည် ထန်ရှု၏မှတ်ဉာဏ်ထဲတွင် ပေါ်ပေါက်လာသည်။ နှစ်ပေါင်းတစ်သောင်း ကုန်ဆုံးခဲ့သော်လည်း သူ့အဖွား၏မျက်နှာအား ရှင်းရှင်းလင်းလင်း သူ မှတ်မိနေသေးသည်။ အဖွားသည် ကလေးဘဝက သူ့အား စုမောင်နှမများထက်ပင် ပိုမိုဂရုစိုက်သေးသည်။

“အမေ… စိတ်မပူပါနဲ့။ ဘာတွေဖြစ်သွားတာလဲဆိုတာကို ကျွန်တော့်ကို အတိအကျ ပြောပေးပါလား။ အဖွားက နယ်မှာ နေတာမဟုတ်လား။ ဘယ်လို ခိုက်မိသွားတာလဲ။” ထန်ရှုက မေးလိုက်သည်။

“အမေလည်း အသေးစိတ် မသိဘူး။ ဒါပေမယ့် လူတစ်ချို့က အဖွားကို အနိုင်ကျင့်ပြီး ရိုက်တဲ့ပုံပဲ။ အိမ်ဘေးက မင်းရဲ့ဒုတိယဒေါ်လေးက အမေ့ဆီ ဖုန်းဆက်တယ်။ အဖွားကို မြို့နယ်ဆေးရုံပို့ထားတယ်ဆိုပေမယ့် အမေလည်း ထပ်မသိတော့ဘူး။” စုလင်းယွမ်က ဖြေသည်။

ထန်ရှုက လေးနက်သောအသံဖြင့်

“စိတ်မပူပါနဲ့ အမေ။ ကျွန်တော် တောင်တံခါးအိမ်ရာကို ပြန်လာပြီး အမေ့ကို လာခေါ်မယ်။ ဒီညပဲ ကျွန်တော်တို့ မိသားစုအိမ်ကို သွားကြတာပေါ့။ ကျွန်တော် အဲ့ဒီမှာ ရှိနေသရွေ့ အဖွားကို ဘယ်သူမှ ဒုက္ခပေးလို့ မရစေရဘူး။”

“ကောင်းပြီ။” စုလင်းယွမ် ပြန်ပြောလိုက်သည်။

ထန်ရှု ဖုန်းချပြီးသည်နှင့် အခန်းထဲသို့ ပြန်သွားသည်။ သူက လေးလံသော အသံဖြင့်

“ငါ့မိသားစုအိမ်မှာ တစ်ခုခု ဖြစ်နေလို့ အခုပြန်ရတော့မယ်။ ကျေးဇူးပြုပြီးတော့ မင်းတို့ သောက်စရာရှိတာ ဆက်သောက်ပါ။ ကုန်ကျစရိတ်ကို ငါ့စာရင်းထဲ ထည့်လိုက်။ လုံစားသောက်ခန်းမရဲ့မန်ဘာတစ်ယောက်ကို ဒီဝန်ဆောင်မှုလေးတော့ လုပ်ပေးနိုင်မယ်ထင်ပါတယ်။”

“ထန်ရှု… ဘာတွေဖြစ်လို့လဲ။ ငါတို့ အကူအညီလိုသေးလား။” လုံကျန့်ယုက ဇဝေဇဝါဟန်ဖြင့် မေးလိုက်သည်။

ထန်ရှုက ခေါင်းယမ်းပြလိုက်ရင်း “အခုတော့ မလိုသေးဘူး။ နောက်ပိုင်း လိုအပ်လာရင် ငါ ဆက်သွယ်ပါမယ်။ အခု ငါ သွားလိုက်ဦးမယ်။”

ပြောပြီးသည်နှင့် သူ၏ဖိုင်တွဲအား ကောက်ယူလိုက်ပြီး လျင်မြန်စွာ အခန်းထဲမှ ထွက်ခွာသွားတော့သည်။ မြေအောက်ကားပါကင်သို့ ရောက်သည်နှင့် ဝိုင်အရက်သောက်ထားသည့်အရှိန်အား လစ်လျူရှုလိုက်ပြီး တောင်တံခါးအိမ်ရာသို့ သူ၏လင်ရိုဗာကားအား အမြန်မောင်းသွားတော့သည်။

ထိုအချိန်တွင် စိုးရိမ်သောကရောက်နေသော မျက်နှာဖြင့် စုလင်းယွမ်သည် အိမ်ရှေ့ကွက်လပ်တွင် မတ်တတ်ရပ်လျက် စောင့်မျှော်နေသည်။ ကားတစ်စီး သူမ၏အရှေ့တွင် ရပ်လာပြီး ထန်ရှု ဆင်းလာသည်ကို မြင်သောအခါ အံ့အားသင့်လျက် ချက်ချင်း မေးလိုက်သည်။

“သား ဆန်နီ။ ဘယ်ကနေ ဒီကား ရလာတာလဲ။ ဘယ်တုန်းက ကားမောင်းသင်လိုက်တာတုန်း။”

“ရှေ့ရက်တွေက ကျွန်တော် ယာဉ်မောင်းလိုင်စင်ရဖို့ ကားမောင်းသင်တန်းကျောင်းကို သွားထားတယ် အမေ။ ဒီနေ့တော့ ရလာခဲ့ပြီ။ ကားက ကျွန်တော့်သူငယ်ချင်း လက်ဆောင်ပေးတာ။ အမေ… အမေ့ပစ္စည်းတွေ ယူတော့လေ။ ကျွန်တော်တို့ ဒီညပဲ မိသားစုအိမ်ကို သွားကြမယ်။”

“သား…သား အဲ့ဒီကို မောင်းသွားမှာလား။ သားမောင်းနိုင်တာ သေချာလား။” စုလင်းယွမ်က ပြောသည်။

“အမေ… ကျွန်တော် ယာဉ်မောင်းလိုင်စင်တောင် ရနေပြီ။ မောင်းဖို့ ပြသနာ မရှိပါဘူး။” ထန်ရှုက ဖြေလိုက်သည်။

စုလင်းယွမ်က ခေါင်းညိတ်ပြီး  “အမေ့ခရီးဆောင်အိတ်က ထုတ်ပိုးပြီးပြီ။ သားပစ္စည်းတွေ သွားထည့်ချေ။ အဲ့ဒီမှာ ရက်နည်းနည်းလောက် အမေတို့ နေရနိုင်တယ်။”

ထန်ရှုက တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခန်းရှအား ဖုန်းခေါ်လိုက်ရာ သူမ ဖုန်းကိုင်လိုက်သည်နှင့် ထန်ရှုက ပြောလိုက်သည်။

“ခန်းရှ… ကျွန်တော့်ကို မျက်နှာသာတစ်ခုလောက် ပေးလို့ရမလား။ ပုဂ္ဂိုလ်ရေးရာ ဖြစ်နေလို့ပါ။”

“သူဋ္ဌေး… ဘာတွေ ဖြစ်လို့လဲ။” ခန်းရှက မေးလာသည်။

“ကျွန်တော်တို့သားအမိနှစ်ယောက်က နယ်က မိသားစုအိမ်ကို သွားဖို့ လိုနေလို့။ ရင်ရင့်ကို ကြည့်ဖို့ ကလေးထိန်းတွေ ရှိတယ်ဆိုပေမယ့်လည်း ကျွန်တော် စိတ်မချဘူးဖြစ်နေတယ်။ ကျွန်တော်တို့ ခရီးသွားနေတုန်း တောင်တံခါးက ကျွန်တော့်အိမ်မှာ လာနေပြီး ရင့်ရင့်ကို စောင့်ရှောက်ပေးလို့ရမလား။” ထန်ရှုက ပြောလိုက်သည်။

“ရတာပေါ့ ပြသနာ မရှိပါဘူး။” ခန်းရှ တုံ့ပြန်လိုက်သည်။

ထန်ရှုက ခန်းရှအား ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် ဖုန်းချကာ အိမ်ထဲသို့ ဝင်လာပြီး သူ၏ပစည်းများအား ထုပ်ပိုးလိုက်သည်။ မိနစ်အနည်းငယ် ကြာပြီးသော် အဝတ်အစားများ ထည့်ပြီးသွားသဖြင့် မိခင်ဖြစ်သူ စုလင်းယွမ်နှင့်အတူ ဇာတိအိမ်လေးဆီသို့ မောင်းနှင်လာခဲ့သည်။ ယာဉ်မောင်းလိုင်စင် ရပြီးရုံသာ ရှိသေးသောကြောင့် ထန်ရှုသည် အလွန်မြန်မြန် မမောင်းဘဲ လမ်းပြစနစ်အား ကြည့်ကာ လမ်းများ ရှာဖွေမောင်းလာခဲ့တော့သည်။

***

All Chapters