← Chapters

ပြသနာ၏ရင်းမြစ်များ

Vol. 05 Ch. 239

ပြသနာ၏ရင်းမြစ်များ

Vol. 05 Ch. 239

ချင်ဟီဒေသသည် ကြယ်တာရာမြို့တော်ထဲတွင် အဝေးဆုံးဒေသဖြစ်သည်။ လူဦးရေ တစ်သိန်းခန့်ရှိပြီး စီးပွားရေးဖွံ့ဖြိုးမှု နောက်ကျသော ဒေသဖြစ်ကာ ကြယ်တာရာမှ ကီလိုမီတာရာများစွာ ဝေးကွာပေသည်။

လမ်းမီးရောင်မှိန်မှိန်အောက်တွင် လင့်ရိုဗာကားတစ်စီးသည် မညီညာသော လမ်းများထက်တွင် အရှိန်အဟုန်ပြင်းစွာဖြင့် ဒေသဆေးရုံလေးဆီသို့ ဦးတည်မောင်းနှင်လျက်ရှိသည်။

ညသန်းခေါင်ယံ ၁၂နာရီတိတိအချိန်တွင်…

အဆိုပါလင့်ရိုဗာကားသည် ဆေးရုံ၏ဝင်ပေါက်သို့ ရောက်လာသည်။ ဝင်ပေါက်ရှိ ပျင်းရိလေးတွဲ့နေသော လုံခြုံရေးဝန်ထမ်း၂ဦးသည် တုန်လှုပ်သွားကာ အရိုအသေပင် ပေးနေကြသည်။

“အမေ… ကျွန်တော်တို့ ရောက်ပြီ။”

ထန်ရှုသည် ပင်ပန်းနေသောကြောင့် စုလင်းယွမ်အား တိုးညှင်းသော လေသံဖြင့် ခေါ်လိုက်သည်။

စုလင်းယွမ်သည် သတိဝင်လာပြီး မီးရောင်မှိန်မှိန်အောက်မှ မြင်ကွင်းအား ကြည့်ကာ အံ့အားသင့်သွားလျက်

“ရောက်တာ မြန်လှချည်လား။”

ထန်ရှုက

“ချင်ဟီဒေသက ကြယ်တာရာနဲ့ မဝေးပေမယ့် ကျွန်တော် ၂နာရီကျော်ကျော် မောင်းလိုက်ရတယ်။ လမ်းသာ ကောင်းရင် တစ်နာရီခွဲလောက်တောင် ကြာမှာမဟုတ်ဘူး။ အမေ… ဒုတိယဒေါ်လေးကို အဖွား အထဲမှာ ရှိလားဆိုပြီး ဖုန်းဆက်မေးပါဦး။”

စုလင်းယွမ်သည် အိပ်မက်မှ နိုးထလာသကဲ့သို့ ဖြစ်နေသည်။ သူမ၏ဖုန်းအား ဆွဲထုတ်ကာ နံပါတ်တစ်ခုအား ခေါ်ဆိုလိုက်ပြီး တစ်ခဏမျှ စကားပြောဆိုသည်။ သူမ၏အမူအရာသည် အလွန်ကြည့်ရဆိုးလာခဲ့ပြီး ထန်ရှုဘက် လှည့်ကာ

“မင်းအဖွား… သူမ…သူမ ခွဲစိတ်ဖို့အတွက် ဆရာဝန်ကို စောင့်နေရတုန်းရှိသေးတယ်။ ကြည့်ရတာ ခြေထောက် ကျိုးသွားတဲ့ပုံပဲ။”

“ဘာ…”

ထန်ရှု မိခင်အား မယုံကြည်နိုင်စွာ ကြည့်မိသည်။ သူ၏အဖွား ဒဏ်ရာရသည့်အချိန်မှဆိုပါက ၃နာရီမှ ၄နာရီအတွင်း ရှိနေပြီဖြစ်ပြီး ရွာမှ ဒေသဆေးရုံသို့ နာရီဝက်သာ ကြာပေရာ ယခုချိန်ထိ မည်သည့်အကြောင်းကြောင့်များ မခွဲစိတ်ရပါသေးသနည်း။

ထန်ရှု၏အမူအရာမှာ မှုန်မှိုင်းသွားသည်။

သူက လေးနက်သော အသံဖြင့်

“အမေ… အထဲဝင်ရအောင်။”

စုလင်းယွမ် စိတ်လေးလံစွာ ခေါင်းညိတ်ပြသည်။ သူမသည် ကားတံခါးဖွင့်ကာ ဆင်းလာပြီး ကုသဆောင်ထဲသို့ အပြေးသွားနေသည်။ မိနစ်အနည်းငယ် ကြာပြီးသော် သားအမိနှစ်ယောက်သည် ကုသဆောင်၏ လေးလွှာတွင်ရှိသော ခွဲစိတ်ခန်းရှေ့သို့ ရောက်လာကြသည်။ ခွဲစိတ်ခန်းအပြင်ဘက် ကော်ရစ်ဒါနေရာတွင် အဖွားဖြစ်သူအား လူနာတွန်းလှည်းပေါ်တွင် လဲလျောင်းလျက် အနီးတွင် အိမ်နီးချင်း ဒုတိယဒေါ်လေးနှင့် သူမ၏သားဖြစ်သူ စုဘင်တို့ မတ်တတ်ရပ်လျက် ရှိနေသည်ကို တွေ့လိုက်ရသည်။

“ညီမ လင်းယွမ်… နောက်ဆုံးတော့ နင် ရောက်လာပြီ။ ဒေါ်ဒေါ်…ဒေါ်ဒေါ်က အပြင်းအထန် ဒဏ်ရာ ရနေပေမယ့် ခွဲစိတ်ဖို့ တန်းစီတာ မရဘူး။” စုလင်းယွမ် ရောက်လာသည်ကို မြင်လိုက်သည့် ချန်ဟွေ့ရင်က အံ့သြဝမ်းသာစွာဖြင့် ချက်ချင်း နှုတ်ဆက်လာသည်။

စုလင်းယွမ် လျင်မြန်စွာ မေးလိုက်သည်။

“ဟွေ့ရင်… ဘာတွေ ဖြစ်ခဲ့တာလဲ။ ဒီနေ့ ခွဲစိတ်ရမယ့်လူတွေ အများကြီး ရှိနေတာလား။”

ချန်ဟွေ့ရင် အားယူပြုံးလိုက်ရင်း

“ဒီခွဲခန်းထဲမှာ ဆရာဝန်နည်းနည်းပဲရှိပြီး ခွဲစိတ်နေရတဲ့ လူနာမရှိဘူးဆိုတာ ငါ ပြောရဲတယ်။ သူတို့က ရည်ရွယ်ချက်ရှိရှိ နှောင့်နှေးအောင် လုပ်နေတာ။ ငါတို့ရွာက ဒဏ်ရာရတဲ့သူ စုစုပေါင်း၆ယောက် ရှိတယ်။ ကျန်တဲ့သူတွေက ဆေးရုံပြောင်းမယ်ဆိုပြီး သူတို့မိသားစုဝင်တွေက ခေါ်သွားကြပြီ။ စုချွမ်က သူ့အလုပ်ကားလေးနဲ့ လိုက်ပို့ပေးနေတယ်။ ဒါပေမယ့် ဘင်လေးက သူတို့နဲ့အဆက်အသွယ်ရတဲ့အချိန်မှာ အခြားဆေးရုံတွေမှာလည်း နှောင့်နှေးနေတာကို သိရတယ်။ အဲ့ဒါကြောင့် စိတ်သောကတွေနဲ့ ကြယ်တာရာမြို့ကို သွားကြပြီ။”

“ဘာကြောင့်လဲ။ ဆေးရုံက အလုပ်တာဝန်က သေလုမျောပါး ဖြစ်နေတာတွေ၊ ဒဏ်ရာတွေကို ကုသပေးဖို့တွေ မဟုတ်လား။ ဘာကြောင့်များ အရမ်းနောက်ကျ…”

ချန်ဟွေ့ရင်က မချိပြုံး ပြုံးကာ သူမ၏စကားအား ဖြတ်ပြောလိုက်သည်။

“တစ်စုံတစ်ယောက်က ငါတို့ရွာကို ဒုက္ခတွေ သယ်လာတယ်။ ငါတို့ရွာသားတွေကို ထိခိုက်ဒဏ်ရာ ရအောင် လုပ်ခဲ့တဲ့သူလည်း ဖြစ်တဲ့အပြင် တစ်ချိန်တည်းမှာ နှစ်ယောက်ထပ်ပိုပြီး ဒဏ်ရာ ရစေတယ်။ ငါ ကြားတာကတော့ သူက ချမ်းသာပြီး အင်အားကြီးတဲ့ မိသားစုက လာတာပဲ။ ပြည်သူ့လုံခြုံရေးဋ္ဌာနဖြစ်စေ ကျန်းမာရေးဋ္ဌာနဖြစ်စေ သူတို့လူတွေချည်းပဲ။ အဲ့ဒါကြောင့် သူတို့က ကြိုးကိုင်ထားတာပဲ ဖြစ်ရမယ်။”

ထန်ရှုက စကားဖြတ်ပြောလိုက်သည်။

“ဒုတိယဒေါ်လေး… ပြသနာ ဖြစ်ရတဲ့ အကြောင်းရင်းက ဘာလဲ။”

ထန်ရှုအား ကြည့်ကာ ချန်ဟွေ့ရင်က ဖျစ်ညစ်ပြုံးပြလိုက်ပြီး

“အစိုးရက ငါတို့မြေကို သိမ်းချင်နေတယ် သူတို့ ပြောတာတော့ စက်မှုဇုန်တစ်ခု တည်ဆောက်ဖို့လို့ ပြောတာပဲ။ အစက ရည်ရွယ်ချက်ကောင်းတစ်ခု ဆိုပေမယ့် နောက်ကျတော့ မိသားစုတိုင်းရဲ့မြေအတွက် တစ်မူကို ယွမ်၂သောင်းစီသာ ဈေးပေးမယ်ဆိုပြီး ဖြစ်သွားတယ်။ ထန်ရှု… နင်လည်း ခေတ်ပညာတတ်ပဲ ရှင်းရှင်းလင်းလင်း စဉ်းစားလို့ရတာပဲ။ နင် ပြောကြည့်… ဒီခေတ်ကြီးထဲမှာ ယွမ်နှစ်သောင်းက ဘာလုပ်လို့ ရမှာလဲ။ ငါတို့က စိုက်ပျိုးရေးနဲ့ လုပ်ကိုင်စားသောက် နေရတဲ့ သာမန်လူတွေပါဟယ်။ ဒီလောက်ငွေကြေးလေးနဲ့ တစ်ခါပဲ စားလို့ရမယ်။ ပြီးရင် ရေသောက်ဗိုက်မှောက် နေရတော့မယ်။”

ထန်ရှု မျက်ဝန်းအစုံမှ ဒေါသမီးလျှံများ တရှိန်ရှိန်ထွက်လာကာ အသက်ပြင်းပြင်း တစ်ချက် ရှုလိုက်ရသည်။

ဒုတိယဒေါ်လေး မှန်သည်ကို သူ သိသည်။ ကျေးလက်ဒေသရှိ လူများမှာ သူတို့၏မြေအား မှီခိုနေရသည်။ သူတို့တွင် မြေသာ မရှိပါက အနာဂတ်တွင် မည်သို့ နေနိုင်ပါမည်နည်း။

ယွမ်၂သောင်း ဟုတ်စ။

ချင်ဟီဒေသရှိ အိမ်များသည် တစ်စတုရန်းပေလျှင် ယွမ်နှစ်ထောင်မှ သုံးထောင်အထိ ဈေးပေါက်နေပြီးသား ဖြစ်သည်။ အိမ်တစ်လုံးဝယ်မည်ဆိုပါက ယွမ်နှစ်သောင်းဖြင့် လုံလောက်ပါမည်လော။ လုံလောက်မည်မဟုတ်သည်က သေချာပေါက်ပင်။ ထို့ပြင် သိမ်းယူခြင်းခံရမည့် မြေများ၏ ဈေးနှုန်းနှင့် လျော်ကြေးမှာ ယွမ်၂သောင်းထက် သေချာပေါက် ၁၂ဆ သို့မဟုတ် အဆပေါင်းများစွာ တန်ကြေးရှိပေမည်။

လူနာတွန်းလှည်းပေါ်တွင် လဲလျောင်းနေသော အဖွားဖြစ်သူအား မျက်မှောင်ကြုပ်ကာ ကြည့်မိရင်း နာကျင်နေသော အမူအရာအား တွေ့မြင်ရသဖြင့် ထန်ရှု၏သတ်ဖြတ်လိုသောစိတ်သည် တရိပ်ရိပ် မြင့်တက်လာသည်။

အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ကာ မုန်းတီးစိတ်များအား ရင်တွင်း၌ ဖိနှိပ်ထားလိုက်ပြီး အဖွားဖြစ်သူအား ခြုံထားသောဂွမ်းစောင်ပါးအား မလိုက်သည်။ သူမအား ညင်သာစွာ ကိုင်ကာ ကုလားထိုင်ပေါ်တွင် နေရာချထားပြီးနောက် သူက စုဘင်အား ကြည့်ကာ

“ညီအစ်ကို ဘင်… အဖွားကို ကူပြီး ကိုင်ထားပေးပါ။ ကျွန်တော် အဖွားရဲ့ဒဏ်ရာတွေကို စစ်ကြည့်လိုက်ဦးမယ်။”

ချီဟွေ့ရန်က စိတ်ပူပန်စွာ ပြောလိုက်သည်။

“ထန်ရှု… မလိုအပ်တာတွေ မလုပ်စမ်းနဲ့။ မင်းအဖွားက ခြေထောက်ပဲ ကျိုးတာမဟုတ်ဘူး။ ဟိုခွေးသူတောင်းစားရဲ့ အစေအပါးတွေက အဖွားကို အကြိမ်အနည်းငယ် ကန်ကျောက်ထားကြသေးတယ်။ သူမရဲ့အရိုးတွေ ပြုတ်ထွက်ကျိုးပဲ့နေလားဆိုတာ ငါတို့ မသိကြဘူးလေ။”

ထန်ရှုက သူမအား ကြည့်ကာ ခေါင်းယမ်းပြလိုက်သည်။ စုဘင်က သူ၏အဖွားအား ထူမပေးထားသောကြောင့် အဖွားဖြစ်သူ၏ဘောင်းဘီရှည်အား အသာအယာ စုတ်ဖြဲလိုက်သည်။ တံခေါက်ကွေးအနားထိ ဆုတ်ဖြဲလိုက်ပြီးနောက် ကြည့်လိုက်ရာ ခြေထောက်မှာတွဲလွဲကျသည်အထိ ကျိုးနေပြီး ကျိုးနေသောအရိုးမှာ သိသာစွာ ငေါထွက်နေသည်ကို တွေ့ရသဖြင့် ထန်ရှုအား စိတ်မသက်မသာ ဖြစ်သွားစေသည်။

“အာ…ဒါ ရှုအာ မဟုတ်လား။”

ကျန်းရှီသည် နာကျင်မှုဝေဒနာကြားမှ နိုးလာခဲ့ပြီး သူမ၏အရှေ့တွင် ငုတ်တုတ်လေးထိုင်နေသူမှာ မြေးဖြစ်သူ ထန်ရှုမှန်း သိသွားသည့်အခါ သူမ၏ရှုံ့တွနေသော မျက်နှာထက်တွင် အပြုံးတစ်ပွင့်အား ဖျစ်ညှစ်ပြုံးပြလိုက်သည်။ စကားပြောနေရင်းဖြင့်ပင် သူမ၏ပိန်လှီသော လက်ဖဝါးလေးဖြင့် မြေးဖြစ်သူ၏ဦးခေါင်းအား အသာ ရိုက်လိုက်သေး၏။

ထန်ရှုသည် ပေါ့တီးပေါ့ဆဟန်ဆောင်လျက် အဖွားအား ကြည့်ကာ ပြုံးပြလိုက်ရင်း

“အဖွား… ကျွန်တော် အဖွားရဲ့ဒဏ်ရာတွေကို စစ်ဆေးနေတဲ့အချိန် နာကျင်ခဲ့ရင် ကျေးဇူးပြုပြီး သည်းခံပေးပါခင်ဗျာ။ ကျွန်တော် ဆေးပညာတတ်ကျွမ်းတာကို အမေ သိသလို ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံကြီးက ကျွမ်းကျင်တဲ့ သမားတော်တစ်ယောက်ဆိုလည်း ဟုတ်ပါတယ်။”

စုလင်းယွမ်က ကျန်းရှီ၏ဘေးသို့လာကာ စိုးရိမ်ပူပန်မှုအပြည့်ဖြင့် ပြောသည်။

“ရှုအာ… သား ဒါကို ကုသနိုင်ရဲ့လား။ သားအဖွားရဲ့ဒဏ်ရာတွေ ပိုဆိုးလာအောင်တော့ မလုပ်နဲ့နော်။”

“အမေ… မစိုးရိမ်ပါနဲ့။” ထန်ရှုက ပြောသည်။

ထိုသို့ ပြောပြီး သူ၏လက်ဖဝါးများသည် ကျန်းရှီ၏တွဲလွဲကျ ကျိုးနေသော ခြေထောက်အား ညင်သာစွာ ဖိလိုက်ပြီး ကျိုးသွားခဲ့သော အရိုးအား ရှာဖွေလိုက်သည်။ အခြားဆရာဝန်များသာ ထိုဒဏ်ရာအား ကုသမည်ဆိုပါက အလွန်အခက်တွေ့သွားနိုင်သည့် ကျိုးခြင်းမျိုး ဖြစ်သည်။ ထို့ပြင် အဖွားဖြစ်သူမှာ အိုမင်းနေပြီဖြစ်သောကြောင့် သူမ၏အရိုး ပြန်လည်ဆက်ရန်ဆိုသည်မှာ အလွန်ခက်ခဲပေလိမ့်မည်။ သို့သော် သည်ကဲ့သို့သော အခြေအနေသည် သူ့အတွက်တော့ ပြသနာတစ်ခု မဟုတ်ပါချေ။

“ဒေါ်လေး…ဒီကို ဘယ်လိုလာခဲ့လဲ။” ထန်ရှုက မော့ကြည့်ကာ မေးသည်။

ချန်ဟွေ့ရင်က ပြောပြသည်။

“စုချွမ်က ငါတို့ကို ကားနဲ့ ပို့ပေးတာ။ တခြားလူတွေကိုလည်း သူ ကြယ်တာရာကို မောင်းပို့ပေးတယ်။”

ထန်ရှုက ခေါင်းညိတ်ကာ ခွဲစိတ်ခန်းအား ကြည့်လိုက်သည်။ အတွင်းတွင် ဂျူတီကုတ်အဖြူရောင် ဝတ်ဆင်ထားသော ဆရာဝန်အနည်းငယ် ရှိလိမ့်မည်ကို သူ ရှင်းရှင်းလင်းလင်း သိပေသည်။ ချန်ဟွေ့ရင် ပြောသည့်အတိုင်း ခွဲစိတ်ခန်းအတွင်း မည်သည့်လူနာမှ ရှိမနေဘဲ ဆရာဝန်သုံးယောက်သာလျှင် ဖဲကစားနေပေလိမ့်မည်။

“သွားရအောင်။” ထန်ရှုက ကျန်းရှီအား အသာချီမလိုက်ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။

စုလင်းယွမ်က အလျင်စလို မေးလာသည်။

“ရှုအာ… အမေတို့ ဘယ်သွားကြမှာလဲ။ မင်းအဖွားရဲ့ခွဲစိတ်မှုအတွက် စောင့်ရဦးမယ် မဟုတ်လား။”

ထန်ရှုက ခနဲ့တဲ့တဲ့အသံဖြင့်

“အမေ… မမြင်ဘူးလား။ လူတစ်ယောက်က ဒီဆေးရုံက လူတွေကို ဝယ်ထားတယ်လေ။ အဲ့ဒါမို့ သူတို့ အဖွားကို ခွဲစိတ်မှု လုပ်ပေးမှာ မဟုတ်ဘူး။ ဒီကိစ္စ ကို သူတို့နဲ့ ကျွန်တော် နောက်မှ လာရှင်းမယ်။ အခု အဖွားကို ခေါ်ပြီး အိမ်ကို အရင်သွားရအောင်။ အဖွားရဲ့ဒဏ်ရာအတွက် ကျွန်တော့်မှာ နည်းလမ်းတစ်ခုရှိပါတယ်။”

“သားမှာ တကယ်နည်းလမ်းတစ်ခုရှိတာလား။”

ကြယ်တာရာဆေးရုံအုပ်ကြီးကိုယ်တိုင် သားဖြစ်သူ ထန်ရှုအား လာရောက်ခေါ်ယူသည်ကို သူမ သိထားသော်လည်း ထန်ရှု လူနာများအား ဆေးကုသသည်ကို သူမ တစ်ခါမှ မမြင်ဖူးသောကြောင့် အတော် စိတ်ပူမိလေသည်။

ထန်ရှုက ပြောသည်။

“ကျွန်တော် လုပ်နိုင်ပါတယ် အမေ။ စိတ်မပူပါနဲ့။ အဖွားရဲ့ဒဏ်ရာတွေနဲ့ ကျွန်တော် မစနောက်ပါဘူး။”

စုလင်းယွမ် ခေါင်းညိတ်လိုက်သည်။ သူမက ချန်ဟွေ့ရင်အား ကြည့်ကာ

“ဟွေ့ရင်… သွားကြစို့။ ရှုအာက အမေ့ဒဏ်ရာတွေ ကုနိုင်တယ်ဆိုမှတော့ ငါတို့ ပြန်ရအောင်။”

ချန်ဟွေ့ရင် တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေခဲ့သည်။ သူမက ထန်ရှုနှင့် စုလင်းယွမ်အား တစ်လှည့်စီကြည့်လိုက်ပြီးနောက် စိတ်ပျက်လက်ပျက် ပြုံးကာ ခေါင်းညိတ်သည်။ သူမသည် အခြေအနေကို သိသောကြောင့် အမှန်တကယ်လည်း ထန်ရှုအား စိတ်ပျက်နေမိသည်။ ထန်ရှုသည် သိသာထင်ရှားစွာပင် အထက်တန်းကျောင်းသား တစ်ယောက်ဖြစ်ပြီး မည်သည့်နေရာမှ ဆေးပညာအား သင်ယူလာပါမည်နည်း။ အခြားသူများဆီမှ သင်ယူခဲ့သည်ဆိုရင်တောင်မှ ဆေးရုံတွင် နေကာ ခွဲစိတ်ကုသမှု ခံယူရန် စောင့်နေသည်က ပိုကောင်းလိမ့်မည် မဟုတ်ပါလော။

သို့ပါသော်လည်း စုလင်းယွမ်မှ သွားရန် ပြောလာမှတော့ သူမလည်း မည်သည့်စကားမျှ မဆိုနိုင်တော့ချေ။

ထန်ရှုသည် ကျန်းရှီအား ကိုင်ကာ ဆေးရုံထဲမှ ထွက်လာပြီး ကားရပ်နားရာသို့ ဦးတည်သွားနေသည်။

စုဘင်က လျင်မြန်စွာ ပြောလိုက်သည်။

“ထန်ရှု… ငါတို့ သွားတာမှားနေတယ်။ ဒီလမ်းက ကားရပ်နားရာကို သွားတဲ့လမ်းကြီး။ ကားတစ်စီး ငှားဖို့ အနောက်ကို ပြန်ထွက်ပြီး အပြင်ကို ထွက်မှရမယ်။”

ထန်ရှု ခေါင်းခါပြကာ ကားရပ်နားရာနေရာသို့ တည့်တည့်မတ်မတ် သွားသည်။ သူက မိခင်စုလင်းယွမ်အား သူ၏အိတ်ကပ်ထဲမှ ကားသော့အား ထုတ်ယူစေကာ မည်သို့ သော့ဖွင့်ရမည်ကို သင်ပေးလိုက်သည်။ ထို့နောက် ကားတံခါး ပွင့်လာသောအခါ အဖွားဖြစ်သူ ကျန်းရှီအား နောက်ခန်းထိုင်ခုံပေါ်သို့ ဂရုစိုက်ညင်သာစွာ တင်လိုက်သည်။

“အမေနဲ့ ဒုတိယဒေါ်လေးက အဖွားရဲ့ဘေး တစ်ဖက်တစ်ချက်စီမှာ ထိုင်နော်။ ညီအစ်ကိုဘင်က ကျွန်တော့်ဘေးကထိုင်ခုံမှာ ထိုင်။”

စုလင်းယွမ်က ထန်ရှု၏အိတ်ကပ်ထဲမှ ကားသော့အား ယူလိုက်သည်ကို မြင်ကတည်းက ချန်ဟွေ့ရင်နှင့် စုဘင်မှာ ကြက်သေသေနေခဲ့စဉ်မှာပင် ကားမီးရောင်မှာ ဖျတ်ကနဲ လင်းလာခဲ့သည်။ သူတို့ရှေ့မှောက်ရှိကားသည် အမှန်တကယ်ကိုပင် ခမ်းနားကောင်းမွန်လွန်း လှချေသည်။ အထူးသဖြင့် ယခု၂၃နှစ်အရွယ်ရှိပြီ ဖြစ်သော စုဘင် ဖြစ်သည်။ သူသည် ဆောက်လုပ်ရေးအဖွဲ့နှင့် နေရာတိုင်းရှိ အိမ်များ ဆောက်လုပ်ရန် ရောက်ရသောကြောင့် ထိုလင့်ရိုဗာကားအမျိုးအစားအား သူ သိပေသည်။

“ထန်…ထန်ရှု ဒါ မင်းရဲ့ကားလား။”

ထိုစဉ်မှာပင် ထန်ရှု၏စကားသံအား ထပ်မံကြားလိုက်ရသောကြောင့် စုဘင်တစ်ယောက် သတိပြန်ဝင်လာပြီး စိတ်လှုပ်ရှားအံ့သြစွာ မေးလိုက်သည်။

“ဟုတ်တယ်ဗျ။ ကျွန်တော့်ကားပါ။” ထန်ရှုက ပြောလိုက်သည်။

စုဘင်က တံတွေးတစ်ချက် မျိုချလိုက်ပြီး တုန်ရီနေသော နှုတ်ခမ်းအစုံဖြင့်

“ဒီလင့်ရိုဗာကားက လင့်ရိုဗာကားစီးရီးထဲက မဟုတ်လား။ ၁၀မီလီယံကျော် ပိုင်ဆိုင်မှုရှိတဲ့ သူဋ္ဌေးကြီးတစ်ယောက်က ဒီလိုကားမျိုး မောင်းတာ ငါ မြင်ဖူးတယ်။ ဒီကားက ဈေးအချိုဆုံးဆိုရင်တောင်မှ တစ်မီလီယံထက် များဦးမယ် ဟုတ်တယ်မလား။”

ထန်ရှုက မျက်နှာသေဖြင့်

“ကားအကြောင်း မပြောတော့ဘဲ ကျွန်တော်တို့ အရင် ပြန်ကြရအောင်။”

စုဘင်က တစ်ခဏမျှ တွေဝေသွားပြီး အံကြိတ်လိုက်လျက် ကားတံခါးဖွင့်ကာ အတွင်းသို့ အမြန်ဝင်လိုက်သည်။

နေရာထိုင်ခင်း ကျယ်ဝန်းမှုနှင့် သက်တောင့်သက်သာရှိကာ ဇိမ်ကျလှသော ထိုင်ခုံ၏အထိအတွေ့အား ခံစားနေရပြီး ကားကောင်းတစ်စီး တစ်ခါမှ မစီဖူးသောကြောင့် အိပ်မက် မက်နေသည့်အလား သူ ခံစားနေရသည်။ သူ၏လက်များနှင့် ခြေထောက်များအား မည်သည့်နေရာတွင် ထားရမည်မှန်းပင် မသိတော့ပါချေ။

ထန်ရှုက ကားအား စတင်မောင်းလိုက်ကာ ဆေးရုံဝင်းထဲမှ ကျွမ်းကျင်စွာ ထွက်လာခဲ့ပြီး ဆောင်လျိုမြို့လေးသို့ ဦးတည်လျက် စုမိသားစုရှိရာ ရွာလေးဆီသို့ ခရီးနှင်တော့သည်။ စုမိသားစုရွာလေးသည် ဒေသ၏အချက်အချာကျသော နေရာနှင့် သိပ်မဝေးလှချေ။ ၁၂မိနစ်ခန့်သာ မောင်းရပေမည်။ သို့ပါသော်လည်း ဆိုးရွားသော လမ်းအခြေအနေအရ အဖွားဖြစ်သူ အများကြီး တုန်ခါနေမည်ကိုစိုးသောကြောင့် ထန်ရှုသည် ဖြည်းညှင်းစွာ မောင်းလာခဲ့သည်။

ပန်းပင်ခြုံနွယ်များဖြင့် အိုမင်းဟောင်းနွမ်းနေသော အိမ်တစ်လုံး…

ကျန်းရှီသည် သည်နေရာတွင် နေသည်။ စုမိသားစု မျိုးဆက်များအားလုံး သည်နေရာတွင် နေထိုင်ခဲ့ကြသည်။ စုရွာကလေး၏ ရွာသားများအားလုံးသည် သူတို့ လက်ထပ်ယူခဲ့သော ဇနီးမယားမှတစ်ပါး မျိုးရိုးအမည် “စု” သာဖြစ်သည်။ မိသားစုတိုင်းနီးပါးသည် ဆွေမျိုးတော်စပ်ကြပြီး ဆက်စပ်မှု ရှိကြသည်။

“ကျွန်တော်တို့ အဖွားကို အရင် အထဲထည့်ရအောင်။ ကျွန်တော် တစ်ခုခု ပြင်ဆင်ဖို့ လိုတယ်။” ထန်ရှုက ပြောသည်။

စုလင်းယွမ်က ဇဝေဇဝါ ဖြစ်သွားကာ

“ရှုအာ… ဘာတွေ ပြင်ဆင်ဖို့ လိုအပ်လဲ။ အမေ့ကို ပြော အမေ ရှာလိုက်မယ်။”

***

All Chapters