အိမ်အပြန်
Vol. 05 Ch. 240
ထန်ရှုက စုလင်းယွမ်၏ပြောစကားအား ငြင်းဆန်လိုက်သည်။ သူ လိုအပ်နေသည်မှာ ဆေးပင်များနှင့် ငွေအပ်များ ရှာရန်ဖြစ်သည်။ အလျင်စလို ထွက်လာရပြီး အဖွားဖြစ်သူ၏ အခြေအနေအား တိတိကျကျ မသိရသောကြောင့် သူမ၏ဒဏ်ရာအား ကုသရန် မည်သည့်အရာမှ သယ်မလာမိပါချေ။
“ညီအစ်ကို ဘင် အိပ်ချင်နေပြီလား။” ထန်ရှုက မေးလိုက်သည်။
စုဘင်က ခေါင်းခါပြလျက် “ငါ မအိပ်ချင်သေးဘူး။”
“အဲ့ဒါဆို ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါလား။ ကျွန်တော် တစ်ချို့အရာတွေ တတ်နိုင်သမျှ မြန်မြန် ရှာဖို့လိုတယ်။ ပြီးရင် ပြန်လာပြီး အဖွားဒဏ်ရာတွေကို ကုရမယ်။”
“ကောင်းပြီ။” စုဘင် ခေါင်းညိတ်သည်။
စုဘင် အလွန်ကောင်းသည်ကို ထန်ရှု သိသည်။ ငယ်ရွယ်စဉ်ကတည်းက ကြီးပြင်းသည်အထိ ရိုးသားကာ အေးဆေးသူတစ်ယောက်ဖြစ်သည်။ ပုံမှန်အားဖြင့် စကားပြောနည်းသည်။ သို့သော် ရွာထဲရှိ မည်သည့်မိသားစုတွင် အခက်အခဲရှိရှိ စုဘင်က ကူညီလေ့ရှိသည်။ သည်အမူအကျင့်သည် အသက်ငယ်ငယ်နှင့် သေဆုံးသွားသည့် ရိုးသားကြင်နာတတ်သည့် ဖခင်ဖြစ်သူထံမှ စုဘင်က အမွေရရှိထားခြင်းဖြစ်ပေတော့သည်။ တောင်သူလယ်သမားတစ်ယောက်သည် ကောင်းကင်ကို ကျောပေးကာ ပင်ပန်းဆင်းရဲစွာဖြင့် အသက်မွေးဝမ်းကျောင်းပြုရပေသည်။
အမှန်တကယ်အားဖြင့် ထန်ရှုသည် ကလေးဘဝက စုကျေးရွာတွင် ၁၀နှစ်ခန့် နေခဲ့သော်လည်း သူ့တွင် စုမျိုးရိုးနာမည် မရှိပေ။ စုမျိုးရိုးနာမည်သည် မိခင်၏မျိုးရိုးနာမည်ဖြစ်သောကြောင့် မိခင်ဘက်က ဆွေမျိုးတော်စပ်သော ဦးလေးများနှင့် အဒေါ်များတွင် စုမျိုးရိုးနာမည် ဖြစ်ပြီး စုမျိုးရိုးအား လင်ယောကျာ်းတော်ထားသော ချန်ဟွေ့ရင်ကဲ့သို့ အမျိုးသမီးများတွင်လည်း စုမျိုးရိုးနာမည် မရှိသည်မှာ သဘာဝကျပေသည်။ ထိုသို့ မရှိခြင်းအတွက် ထန်ရှု မခံစားရစေရန် ထန်ရှုသည် ဖခင်၏မျိုးရိုးအမည်အား ယူထားသောကြောင့်ဟု စုလင်းယွမ်က သူ့အား ရှင်းပြထားခဲ့သည်။
ထန်ရှုသည် စုဘင်အား ဦးဆောင်လျက် ကားဆီသို့ ခေါ်လာကာ ရွာအပြင်ဘက်သို့ မောင်းလာခဲ့သည်။ စုရွာ၏ မြောက်ဘက်တွင် ယုကျိုးကုန်းမြေနှင့် ၁၀မီတာ ကျယ်ဝန်းသော မြစ်တစ်စင်း ရှိသည်။ မြေပြန့်လွင်ပြင်၏ တစ်ဖက်တွင် တောင်ကုန်းနှင့် အခြားတစ်ဖက်တွင် ရေ ရှိသည်ဟု စဉ်းစားနိုင်သည်။ စိုက်ပျိုးရေးအတွက် မြေသြဇာကောင်းသော မြေဖြစ်သည်။
ထန်ရှုသည် မြို့ထဲသို့ သွားခြင်းလည်းမဟုတ်၊ ဒေသလမ်းဆီသို့ သွားခြင်းလည်းမဟုတ်ဘဲ ရွာ၏မြောက်ဘက်ရှိ တောင်ဆီသို့ ဦးတည်နေသည်ကို တွေ့လိုက်ရသဖြင့် စုဘင် ဇဝေဇဝါဖြစ်သွားကာ ရုတ်ခြည်းပင် မေးလိုက်သည်။
“ထန်ရှု… ငါတို့ ဘာဖြစ်လို့ အဲ့ဒီဘက်ကို သွားနေတာလဲ။”
ထန်ရှုက ပြုံးလိုက်ပြီး
“ကျွန်တော်တို့ ငယ်ငယ်တုန်းက အလေ့ကျ သစ်သီးတွေ ခူးဖို့ အစ်ကိုဘင်က တောင်တန်းဆီကို ခေါ်သွားတာ မှတ်မိသေးလား။ အရင်တုန်းက အဲ့ဒီမှာ သဘာဝအတိုင်းပေါက်တဲ့ ဆေးပင်တွေ အများကြီး ရှိတာ မြင်ဖူးတယ်။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းကတော့ ဆေးပင်တွေအကြောင်းမသိတော့ အလကားအပင်တွေလို့ ထင်ခဲ့မိတယ်။ အခု ဆေးပညာကို လေ့လာပြီးတော့မှ ဒါတွေကို ခူးလို့ရတယ်ဆိုတာ သေချာသိတော့တယ်။ အဲ့ဒါကြောင့် အဲ့ဒီနေရာမှာ ဆေးပင်တစ်ချို့သွားခူးပြီး ပြန်လာကြတာပေါ့။”
စုဘင် လျှပ်တစ်ပြက်အတွင်း နားလည်သွားသည်။ သူက လက်မထောင်ပြကာ ပြောလိုက်သည်။
“မင်းက တကယ့်ကို တော်တာပဲ ထန်ရှု။ မင်း ကြယ်တာရာမြို့ကို စာသင်ဖို့ သွားတာ ၆နှစ်လောက်ပဲ ရှိသေးတာ မဟုတ်လား။ ဒါပေမယ့် အခု မင်းက လင့်ရိုဗာနဲ့ ပြန်လာနိုင်ရုံသာမကဘူး ဆေးပညာပါ တတ်မြောက်လာသေးတယ်။ အဲ့လိုမှန်းသိ ငါလည်း ကြယ်တာရာကို စောစောသွားခဲ့ပါတယ်ကွာ။”
ထန်ရှု ခပ်ဖွဖွသာ ပြုံးရင်း မည်သည့်စကားမျှ ထပ်မပြောတော့ချေ။ သူသည် ကြယ်တာရာတွင် စာပေသင်ကြားသည်ဆိုသည်မှာ အချက်အလက်တစ်ခု ဖြစ်သည်။ သို့သော် ကားမတော်တဆမှုနှင့် ကြီးကျယ်သော ဖြစ်ရပ်များအတွက် သူ၏အရည်အချင်းသာ မရှိခဲ့ပါက သူသည် ယခုချိန်ထိ ပညာတတ်မြောက်မှု နည်းပါးသော ကျောင်းသားတစ်ယောက် ဖြစ်နေနိုင်သေးသည်။ နေ့ရက်တိုင်းတွင် တစ်ဆင့်ပြီးတစ်ဆင့် သင်ယူလေ့လာရင်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအား စောင့်နေရပေလိမ့်မည်။
ကံတရားသည် တစ်ခါတရံတွင် အမှန်တကယ်ကို လျှို့ဝှက်ဆန်းကြယ်လှပေသည်။
ထန်ရှု အင်မော်တယ်ကမ္ဘာတွင် ကြီးမြတ်သူတစ်ယောက် ဖြစ်လာခဲ့ပြီးနောက် သူ၏ကံတရားနှင့် ကောင်းကင်ဘုံစည်းမျဉ်းဥပဒေအား ထိန်းချုပ်နိုင်ပြီဟု ထင်ခဲ့သဖြင့် ကံတရားအား ထပ်မံမယုံကြည်တော့ပေ။ သို့သော် ကံတရားနှင့် ကောင်းကင်ဘုံစည်းမျဉ်းဥပဒေတွင် သာမန်လူများအပေါ် ကြီးမြတ်သော လွှမ်းမိုးမှုနှင့် စွမ်းအား ရှိနေပေသည်။
ညသည် ပိန်းပိတ်အောင် မှောင်လျက်ရှိသည်။ နွေနှောင်းည၏အေးမြသော လေညှင်းအား ခံစားရင်း ထန်ရှု၏ သုန်မှုန်နေသော စိတ်များ ပျောက်ပြယ်သွားသည့်နှယ် ခံစားရသည်။ သူ့အဖွားအား ရိုက်နှက်မှုအပေါ် သူ စုံစမ်းရပေလိမ့်မည်။ တစ်ဖက်လူ၏နောက်ခံမှာ ဘာကြီးပဲဖြစ်နေပါစေ သူ ဂရုစိုက်သောသူများအား နာကျင်အောင် လုပ်သည့်အတွက် ထိုသူများအား သူ့အနေဖြင့် ခွင့်လွှတ်လိမ့်မည် မဟုတ်ချေ။
“ကျွန်တော် ကားပါကင်ထိုးပြီးရင် တောင်ပေါ်တက်ကြရအောင်။”
တောင်ခြေရောက်တွင် ခဏနားပြီးနောက် ထန်ရှုသည် ကားတံခါးဖွင့်ကာ အေးဆေးစွာ ပြောလိုက်သည်။
စုဘင်က ချီတုံချတုံဖြင့် ပြောလိုက်သည်။
“ထန်ရှု မင်းရဲ့ကားကို တစ်ယောက်ယောက် ခိုးသွားမှာ မကြောက်ဘူးလား။”
ထန်ရှုက ခပ်ယဲ့ယဲ့အပြုံးဖြင့်
“ညသန်းခေါင် ရှိနေပြီလေ။ ဒီအချိန်ကြီး ဘယ်သူက တောင်ပေါ်တက်ဖို့ စိတ်ကူးရှိမှာတုန်း။ နောက်ပြီး ဒီဟာကို ဘယ်သူ ခိုးနိုင်တဲ့အစွမ်း ရှိမှာလဲ။ ကောင်းပြီ။ ဆေးပင်ရှာဖို့က အရေးကြီးတာမို့ တခြားဟာတွေ တွေးမနေနဲ့တော့။”
စုဘင် ခေါင်းညိတ်လိုက်သည်။ အဆုံးသတ်တွင် ဒီဟာသည် ထန်ရှု၏ကားသာ ဖြစ်သည်။ ယခုအချိန်တွင် သူ့အနေဖြင့် ထန်ရှုအကြောင်း အလွန်သိချင်နေမိသည်။ မည်သည့်နေရာက ရသည့်ပိုက်ဆံဖြင့် ထိုမျှကောင်းသော ဇိမ်ခံကားတစ်စီးအား ဝယ်ယူနိုင်သည်ကအစ ထန်ရှု၏ဆေးပညာစွမ်းရည် မည်မျှကောင်းမွန်သည်အဆုံး သိချင်မိပေသည်။
တောင်တက်လမ်းတစ်လျှောက် မြေပြန့်တွင် လေက ကြမ်းတမ်းစွာ တိုက်ခိုက်နေသဖြင့် ထန်ရှုနှင့် စုဘင်တို့နှစ်ယောက် တောင်မှ သစ်တောအတွင်းသို့ ဝင်ကာ ရှေ့ဆက်လာခဲ့သည်။ မိနစ်၂၀ကြာပြီးနောက် သူတို့သည် တောင်တစ်ဝက်သို့ ခရီးပေါက်ခဲ့ပြီဖြစ်သည်။
“ထန်ရှု အခု သတိထားတော့နော်။ မင်းလဲ ဒီတောင်က သစ်တောအကြောင်း သိသားပဲ။ ဒီသစ်တောမှာ ညဘက်ဆို သားရိုင်းကောင်တွေ အများကြီး ထွက်လာတယ်။ ငါတို့ ဝံပုလွေတွေ၊ ဝက်ဝံတွေနဲ့ ရင်ဆိုင်တွေ့ရင် ဒုက္ခရောက်ပြီပဲ။” စုဘင်က ရိုးသားအေးဆေးသောသူဖြစ်သော်လည်း နှံ့နှံ့စပ်စပ်နှင့် သတိကြီးသောသူတစ်ယောက်လည်း ဖြစ်သည်။
“စိတ်မပူပါနဲ့။” ထန်ရှုက သာမန်မျှသာ ခေါင်းညိတ်ပြသည်။ သည့်မတိုင်ခင်က ဆိုပါက သူသည် စုဘင်ထက် ပိုပြီး သတိကြီးသောသူ ဖြစ်ပေလိမ့်မည်။ သို့သော် လက်ရှိသူသည် အနည်းငယ်မျှ အားနည်းခြင်း မရှိတော့ပါပေ။ သာမန်သားရိုင်းကောင်များအတွက် သူ၏လက်သီးများနှင့် ခြေထောက်များဖြင့် လွယ်ကူစွာ အနိုင်တိုက်နိုင်ပေသည်။
“ထန်ရှု… မင်း ငယ်ငယ်ကတည်းက စမတ်ကျသူတစ်ယောက်ဆိုတာ ငါ သိပါတယ်။ ဒါပေမယ့် အခုက အရင်ကလို မတူတော့ဘူး။ ဒီတောင်မှာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က အရမ်းရက်စက်ကြမ်းကြုတ်တဲ့ ကျားသစ်တစ်ကောင် ပေါ်လာတယ်။ ဂျန်းဇီရဲ့အဖေ ဒီတောင်ကို အမဲလိုက်ဖို့လာတာမှာ ဒီမှာပဲ သေသွားရတယ်။ အဲ့ဒီအချိန်မှာပဲ ရွာသား၁၀ယောက်ကျော်လောက် အုပ်စုဖွဲ့ပြီး တောင်မှာ သူ့ကို ရှာဖို့သွားတာ အဝတ်နဲ့ အရိုးတွေပဲ ကျန်တော့တာကို တွေ့ခဲ့ရတယ်။ နောက်ပြီး ငါတို့လည်း နွားတစ်ကောင်အရွယ်အစားရှိတဲ့ ကျားသစ်နဲ့ ရင်ဆိုင်ခဲ့ရတာလေ။ ငါသာ သေနတ်တစ်လက် မပါလာဘူးဆိုရင် လူဆယ်ယောက်ကျော်လောက် သေသွားလိမ့်မယ်။”
ထန်ရှု အံ့အားသင့်သွားသည်။
“ကျားသစ်က နွားတစ်ကောင်အရွယ်အစား ရှိတယ်ဟုတ်လား။ ကျွန်တော့်ကို နောက်နေတာလား။ အဲ့လောက်ကြီးတဲ့ ကျားသစ်တစ်ကောင် တကယ်သာရှိနေရင် သူက စိတ်ဝိညာဉ် သားရဲတစ်ကောင် အောင်မြင်စွာ ဖြစ်လာတော့မှာမလား။”
စုဘင်က အပြုံးတစ်ခုကို ဖျစ်ညှစ်ထုတ်လိုက်ပြီး
“ငါလည်း အဲ့လိုထင်တာပဲ။ အဲ့ဒီကျားသစ်က တကယ့်ကို စိတ်ဝိညာဉ်သားရဲတစ်ကောင် ဖြစ်လာနိုင်တယ်။ ငါတို့ငယ်ငယ်တုန်းက မြင်ဖူးတဲ့ ကျားထက် အနည်းဆုံး ၂ဆပိုမြန်တယ်။ ဂျန်းဇီနဲ့ငါ တောင်အနောက်ဘက်ကို တိတ်တဆိတ် ဝင်သွားတုန်းက အဲ့ဒီကျားသစ်က ဝံပုလွေတစ်ချို့ကို အလွယ် သတ်စားနေတာကို မြင်ဖူးတယ်။ အဲ့ဒီကောင်ကြီးကို ဝိုင်းထားတဲ့ ဝံပုလွေက တစ်ဒါဇင်မကဘူးဆိုတာတော့ မင်း သိရမယ်။”
ထန်ရှု၏မျက်လုံးများ အရောင်လက်သွားသည်။ စုဘင်၏ပြောပြချက်အရဆိုပါက ထိုကျားသစ်သည် သေချာပေါက်ပင် စိတ်ဝိညာဉ်အသိဉာဏ်ရှိသော သားရဲတစ်ကောင်ဆိုသည်မှာ သေချာနေပြီဖြစ်သည်။ သူ့တွင် သားရဲကောင်များ၏အရိုးများ ပြတ်လတ်ခြင်း မရှိသေးသော်လည်း ထိုအကောင်ကြီးအား အမဲလိုက်ကာ သတ်ဖြတ်ခြင်းသည် ကောင်းသောအရာတစ်ခုဖြစ်သည်။ အားလုံးအတွက် ပိုကောင်းစေသောအရာ ဖြစ်ပေလိမ့်မည်။
“ထန်ရှု ဆေးပင်တွေ မြန်မြန် ရှာရအောင်။ ငါ့ဖုန်းက အားကုန်ခါနီးဖြစ်နေလို့ အလင်းရောင်က ကြာကြာမခံတော့ဘူး။” အတွေးနက်နေသော ထန်ရှု၏မျက်နှာအား ကြည့်ရင်း စုဘင်က လေသံနှိမ့်ကာ ဆော်သြလိုက်သည်။
ထန်ရှု ခေါင်းညိတ်လိုက်သည်။ အမှန်စင်စစ်အားဖြင့် သူ့အတွက်မူ ဖုန်း၏အလင်းရောင် မလိုပေ။ သူ၏မျက်ဝန်းအစုံသည် ဘေးပတ်ဝန်းကျင်မှ အရာအားလုံးအား အမှောင်ထဲတွင်ပင် မြင်နိုင်ပေသည်။ ထို့ပြင် ဆေးပင်များအား ရှာရန် သူ၏မျက်ဝန်းအစုံအား မှီခိုမည်မဟုတ်ဘဲ သူ၏စိတ်ဝိညာဉ်အာရုံအား အသုံးပြုမည်ဖြစ်ပေသည်။
သူ၏စိတ်ဝိညာဉ်အာရုံအား ထုတ်လွှင့်ကာ မီတာ၂၀၀ပတ်လည်အတွင်းရှိ သစ်ပင်များ၊ အပင်များဆီသို့ ဖြန့်ကျက်လိုက်သည်။ သည်နည်းဖြင့်သာ ဆေးပင်များအား အချိန်တိုအတွင်း ရှာဖွေနိုင်မည်ဖြစ်သည်။
“တွေ့ပြီ။”
၁၀မိနစ်ကြာသော် ထန်ရှု၏မျက်ဝန်းများ အရောင်လက်သွားသည်။ တောင်စွန်းတစ်ခုတွင် သူ လိုအပ်နေသော ဆေးပင်အား လျင်မြန်စွာ ရှာတွေ့သွားသည်။ ထိုအရာသည် ငွေနဂါးမြက်ပင် ဖြစ်သည်။
“ထန်ရှု… မင်းလိုအပ်တဲ့ဆေးပင်က ဘာလဲ။” စုဘင်၏အမူအရာမှာ အတော်ထူးဆန်းသွားသည့်ဟန် ရှိသည်။ ထန်ရှု၏လက်ထဲရှိ ဆေးပင်အား တစ်ခဏမျှ အသေအချာ စိုက်ကြည့်လိုက်ပြီး သူက သိလိုစိတ်ဖြင့် မေးလိုက်သည်။
ထန်ရှုက ပြောသည်။
“ဒါက ငွေနဂါးမြက်ပင်လေ။ သွေးလွန်တာ ရပ်တန့်စေသလို အရိုးတွေကိုလည်း အထောက်အပံ့ပေးတယ်။ ဒီဆေးပင်က ရှာရတာ မလွယ်ဘူး။ ကျွန်တော် ဒီကို လာရတဲ့အကြောင်းက ကျွန်တော်တို့ ငယ်ငယ် ဒီကိုတောင်လာတက်တုန်းက ဒီတောင်မှာ မြင်ဖူးနေတာကို သတိရလို့။”
စုဘင်က သူ၏နှာခေါင်းအား ထိကာ ကသိကအောက်ဖြစ်စွာ ပြုံးလိုက်ရင်း
“မင်း ဒီဆေးပင်လိုမယ်မှန်းသာ စောစော သိခဲ့ရင် ငါတို့ကိုယ်တိုင် ဒီကို အပြေးလာစရာ မလိုပါဘူးကွာ။ ပြီးခဲ့တဲ့ရက်တွေက ငါ သိုးတွေကို ကျွေးဖို့ မြက်တွေ ရိတ်တော့ ဒီဆေးပင်တွေ အများကြီး ပါလာတယ်။ အပင်အချို့တောင် တဲထဲမှာ ရှိနေသေးတယ်။”
“ဘာ…”
ထန်ရှု စုဘင်အား မယုံကြည်နိုင်ဟန် ကြည့်မိတော့သည်။ တစ်ခုသိရမည်မှာ သည်ဆေးပင်များသည် မြို့တော်ရှိ ဆေးပင်ဈေးကွက်တွင် ရောင်းချပါက ငွေနဂါးမြက်တစ်ပင်လျှင် ယွမ်တစ်ထောင် ဈေးပေါက်ပေသည်။ သို့သော် စုဘင်က သည်ဆေးပင်များအား သိုးများအစာကျွေးရန်အတွက် အသုံးပြုနေသည်လား။
ဒါ..ဒါကြီးက လွန်လွန်ကျူးကျူးကို အလဟသ ဖြုန်းတီးရာ မကျလွန်းဘူးလား။
ထန်ရှု တိတ်တဆိတ် ခေါင်းယမ်းမိလိုက်ပြီး အသက်မပါစွာ ပြုံးလိုက်မိသည်။
“အစ်ကို ဘင်… ကျွန်တော်တို့ အိမ်ပြန်ရောက်ရင် အဲ့ဒီဆေးပင်တွေကို အမြန်ထုတ်လိုက်ပါ။ အဲ့ဒီဆေးပင်တွေက တန်ဖိုးရှိတယ်ဆိုတာ စိတ်ထဲမှတ်ထားဦး။ အဲ့ဒီဆေးပင်တွေသာ အစ်ကို အများကြီး ရှာပေးနိုင်ရင် ကျွန်တော် တစ်ပင် တစ်ထောင်နဲ့ ဝယ်မယ်ဗျာ။”
“ဘာကြီး…”
စုဘင် စိုက်ကြည့်မိရင်း သေလုနီးပါး ထိတ်လန့်သွားရသည်။
ယွမ်တစ်ထောင် ဟုတ်လား။
အိမ်တွင် စိုက်ပျိုးမွေးမြူရေး လုပ်သည့်အပြင် ဆောက်လုပ်ရေးအဖွဲ့မှ ရသော လုပ်အားခပါ အပါ တစ်နှစ်လုံးတွင် ငွေကြေးမည်မျှ သူ ရရှိပါလိမ့်မည်နည်း။ ယွမ်၂သောင်းမျှသာ ရပေသည်။
သည်ငွေနဂါးမြက်ပင်သည် ယွမ်တစ်ထောင်ထိုက်တန်သည်ဆိုပါလျှင် သူ့တွင် ၂၃ပင်ကျန်သေးသဖြင့် သူ၏နှစ်စဉ်ဝင်ငွေနှင့် တူညီလုနီးပါးပင် ဖြစ်နေပေတော့သည်။
“ထန်ရှု… မင်း ငါ့ကို နောက်နေတာ မဟုတ်ဘူးမလား။” စုဘင်က လေးလေးနက်နက် မေးလိုက်သည်။
“မနောက်ပါဘူးဗျ။” ထန်ရှုက ပြောသည်။ “အစ်ကိုဘင်သာ ငွေနဂါးမြက်ပင်တွေ ပိုပြီး ရှာနိုင်မယ်ဆိုရင် ကျွန်တော်က ယွမ်တစ်ထောင်စီ ပေးဝယ်မှာပါ။ ဒါပေမယ့် ဒီတောင်က သားရိုင်းကောင်တွေ ရှိတော့ အစ်ကိုသာ ဆေးပင်ခူး သွားတဲ့အခါ သူတို့နယ်မြေထဲ ဝင်မိပြီး အန္တရာယ် ဖြစ်လိမ့်မယ်။”
စုဘင်က ပြောသည်။ “မစိုးရိမ်ပါနဲ့။ ငါ့မှာ ကောင်းမွန်တဲ့ အရောင်းအဝယ်တစ်ခု ရှိပါတယ်။ အိမ်ပြန်ရောက်ရင် ငါ့မှာ ဘယ်နှစ်ပင် ကျန်သေးလဲလို့ ရှာဖွေလိုက်မယ်။”
“ကောင်းပြီ။” ထန်ရှု ခေါင်းညိတ်လိုက်သည်။
နှစ်ယောက်သား တောင်ပေါ်တွင် ထပ်မနေတော့ချေ။ သားရဲကောင်အနည်းငယ်ကိုမှ အမဲမလိုက်ရသောကြောင့် ထန်ရှု အတော် ယူကျုံးမရ ဖြစ်သော်လည်း အဖွား၏ဒဏ်ရာမှာ ပိုမိုအရေးကြီးသောကြောင့် သူ အချိန်ကြာရှည်စွာ နှောင့်နှေးမနေနိုင်ပေ။
ကားရပ်နားရာနေရာသို့ ပြန်လာပြီး စုကျေးရွာသို့ ပြန်လည်မောင်းနှင်လာကာ စုဘင်အား သူ၏အိမ်ရှေ့တွင် ချပေးလိုက်သည်။ ကျေးရွာသူကြီးထံတွင် ငွေနဂါးမြက်ပင်များစွာ ရှိသည်ဟု ပြောသောကြောင့် ထန်ရှုသည် အခြားနေရာသို့ သွားရောက်ရှာဖွေရန် မလိုတော့ပေ။
“ရှုအာ… သား လိုနေတာ ရှာတွေ့ခဲ့လား။” ထန်ရှု ပြန်လာသည်ကို မြင်သော စုလင်းယွမ်က မေးလိုက်သည်။
“ဟုတ်ကဲ့ အမေ။” ထန်ရှုက ပြောသည်။ “အစ်ကိုဘင့်ဆီမှာ တစ်ချို့ရှိတော့ ကျွန်တော် အဖွားရဲ့ဒဏ်ရာကို ကုပေးနိုင်ပြီ။”
ချန်ဟွေ့ရင်မှာ အလွန်အိပ်ချင်နေသော်လည်း သူမ၏နေအိမ်သို့ ပြန်မအိပ်သေးပါချေ။ ကျန်းရှီ၏ဒဏ်ရာအား စိတ်ပူနေသည့်အပြင် သားဖြစ်သူကလည်း ထန်ရှုနှင့် ထွက်ခွာသွားသဖြင့် သူမက စုလင်းယွမ်နှင့်အတူ စောင့်လျက်ရှိပေသည်။ ထန်ရှု၏စကားအား ကြားသော် သူမက သိလိုစိတ်ဖြင့် မေးလိုက်သည်။
“သားဘင်က ထန်ရှုနဲ့အတူ သွားတာမဟုတ်ဘူးလား။ သူက ဘယ်မှာတုန်း။”
“သူက ရွာသူကြီးဆီ သွားနေတယ်။ ရွာသူကြီးဆီမှာ ငွေနဂါးမြက်ပင်တွေ အများကြီး ရှိတယ်လို့ သူက ပြောတယ်။” ထန်ရှုက ပြောသည်။
“အာ… ဟုတ်တယ်။” ချန်ဟွေ့ရင်က ခေါင်းညိတ်လိုက်ရင်း “ရွာအကြီးအကဲက လက်သင်သမားတော်တစ်ယောက်အဖြစ် အဲ့ဒီဆေးပင်ကို သုံးတယ်လေ။ လွန်ခဲ့တဲ့နှစ်များစွာက လူတစ်ချို့သေလုနီးပါးဖြစ်ရတဲ့ မတော်တဆမှုတွေသာ မရှိရင် ငါတို့ရွာမှာ စီနီယာသမားတော်တစ်ယောက် ရှိနေတော့မှာ။”
ထိုအခိုက်အတန့်တွင် ကျန်းရှီက နောက်ဆုံးနိုးလာသည်။ သူမ၏သမီးဖြစ်သူနှင့်လည်း စကားများစွာ ပြောနေခဲ့သည်။ ထန်ရှု ပြန်လာသည်ကို သိသည်နှင့် လက်ဝှေ့ယမ်းကာ ခေါ်လိုက်ပြီး
“ရှုအာ… အဖွားက အသုံးမကျတဲ့သူ ဖြစ်နေပြီ။ အဲ့ဒီလူက အဖွားကို ၂ခါပဲ အသာရိုက်တာကို ခြေထောက်က ကျိုးသွားရတယ်။”
ထန်ရှုက ခေါင်းယမ်းပြလိုက်ရင်း
“အဖွားက အိုနေပြီဆိုပေမယ့် ကျွန်တော့်နှလုံးသားထဲမှာတော့ အဖွားက တကယ့်ကို စွမ်းဆောင်နိုင်သူတစ်ယောက်ပါ။ ကျွန်တော် ငယ်ငယ်တုန်းကဆို အဖွားရဲ့ပင်လုံးကြိုင်ကိတ်ကို စားရတာ အကြိုက်ဆုံးပဲ။”
ကျန်းရှီက နာကျင်နေသော်လည်း ပြုံးလျက်ရှိနေပြီး
“အဖွားရဲ့ခြေထောက်တွေ ပိုကောင်းလာတဲ့အခါကျရင် ပင်လုံးကြိုင်ကိတ်ကို ငါ့မြေးအတွက် လုပ်ပေးမယ်။”
ထန်ရှုက ရယ်မောကာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် အဖွား။ အမေပြီးရင် အဖွားကလည်း ကျွန်တော့်အပေါ် ကောင်းတယ်ဆိုတာ ကျွန်တော် သိတယ်။”
***