← Chapters

ပြသနာများကို ဖယ်ရှားခြင်း

Vol. 05 Ch. 241

ပြသနာများကို ဖယ်ရှားခြင်း

Vol. 05 Ch. 241

ကျန်းရှီက ပြုံးလိုက်ကာ

“သားးဦးလေးနဲ့ သားအကြားက ပြသနာတစ်ခုကို သားအမေက အဖွားကို ပြောပြပြီးပြီ။ အဖွား သားကို အပြစ်မတင်ပါဘူး။ ရှန်းဝမ်…သူ…သူက အမှန်တကယ်ကို ပြောင်းလဲသွားတာပဲ။ သားအဖိုး မသေခင် သူအမျှော်လင့်ဆုံးက ဘာလဲ သားသိလား။”

“ဘာများလဲ အဖွား။” ထန်ရှု၏အပြုံးက တဖြည်းဖြည်းပျောက်ကွယ်လာကာ လေသံတိုးတိုးဖြင့် မေးလိုက်သည်။

“ရှန်းဝမ် ဒေဝါလီခံရဖို့ သူ မျှော်လင့်ခဲ့တယ်။” ကျန်းရှီက သက်ပြင်းချကာ ပြောလိုက်သည်။

ထန်ရှု ပဟေဠိဖြစ်သွားကာ မျက်ခုံးအစုံတို့ မြင့်တက်သွားရပြီး

“ဘာဖြစ်လို့လဲ အဖွား။”

“သူ ပိုက်ဆံမရှိခင်တုန်းက သူက သိမ်မွေ့ပြီး ဘယ်သူ့ကိုမဆို ယဉ်ယဉ်ကျေးကျေး ဆက်ဆံတတ်တဲ့ စရိုက်ကောင်း ရှိပါတယ်။ ဒါပေမယ့် သူ ချမ်းသာလာပြီးနောက်ပိုင်း ရွာထဲက ငယ်တဲ့သူတွေကို အနိုင်ကျင့်ပြီး ကြီးတဲ့သူတွေကို ပမာမခန့် လုပ်လာတယ်။ အဲ့ဒါအပြင် ရွာကို မလာတော့တာ ၃နှစ်ရှိသွားပြီ။ သားနဲ့သားအမေကတော့ ကြယ်တာရာမှာ ဒီနှစ်တွေက နာကျင်ခက်ခဲခဲ့တဲ့ အချိန်တွေ ဖြစ်ခဲ့ပေမယ့် သူကတော့…ဟူး…”

ထိုစကားများအား နားထောင်နေသည့် ထန်ရှု၏ရင်တွင်းတွင် နွေးထွေးသွားရသည်။ သို့သော်လည်း အဖွား၏ခါးသီးသော ခံစားမှုများအား သူ သိသိသာသာ ခံစားမိနေပေသည်။ မည်သို့ပင်ဖြစ်စေကာမူ စုရှန်းဝမ်သည် သူမ မွေးခဲ့ရသော သားတစ်ယောက်ဖြစ်ပေရာ သားဖြစ်သူအား မကောင်းစေချင်ဘဲ မည်သို့ ရှိလိမ့်မည်နည်း။

ထန်ရှုသည် တစ်ခဏမျှ တွေးတောပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။

“အဖွား…သူ့ကို ထောင်ထဲမှာ နှစ်နည်းနည်းလောက် ပေးနေလိုက်ပါဦး။ လုံလုံလောက်လောက် အပြစ်ဆေးကြောပြီးသွားတဲ့အခါ စိတ်သစ်လူသစ်နဲ့ ပိုပြီး လူပီသလာပါလိမ့်မယ်။ သူ့ကို ထောင်ကနေ ထုတ်ပေးဖို့ ကျွန်တော်လည်း နည်းလမ်းရှာပါ့မယ်။”

ကျန်းရှီ၏မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် အရောင်လက်လာခဲ့ပြီး တိတ်ဆိတ်စွာ ခေါင်းညိတ်ပြသည်။

ထန်ရှုက ဆက်ပြောလိုက်သည်။

“အဖွား… ကျွန်တော် အဖွားရဲ့ခြေထောက် ဒဏ်ရာတွေကို ကုပေးပြီးသွားရင် ကျွန်တော်တို့နဲ့ ကြယ်တာရာမှာ လိုက်နေရင်ရော ဘယ်လိုလဲ။ ကျွန်တော်တို့မိသားစုအခြေအနေက အရင်ကထက်စာရင် အများကြီး ပိုကောင်းလာပါပြီ။ အမေက စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ထားပြီး အမေ့စီးပွားရေးက တအားကောင်းတယ်..ဟဲဟဲ..။ ကျွန်တော်က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေပြီးထားရုံဆိုပေမယ့်လည်း စီးပွားရေးတစ်ချို့လုပ်ပြီး ငွေရှာနေပါပြီ။ အဖွား အနာဂတ်မှာ ပျော်ပျော်ရွှင်ရွှင် ကောင်းကောင်းမွန်မွန်ဖြစ်အောင် ကျွန်တော်တို့နဲ့ လာနေသင့်တယ်။”

ကျန်းရှီက ရယ်မောလိုက်ရင်း

“ရှုအာ.. အဖွားက သားရဲ့မြေးဝတ္တရားကျေပွန်တာကို ကျေးဇူးတင်ပါတယ်ကွယ်။ ဒါပေမယ့် အဖွားက ဆုတ်ယုတ်နေပြီ။ သချိုင်းကုန်းတောင် ခြေတစ်ဖက်တောင် လှမ်းထားရသလိုဆိုတော့ အဖွားသာ သွားရင် ငါ့မြေးတို့ကို ဒုက္ခပေးရာ ရောက်လိမ့်မယ်မဟုတ်ဘူးလား။ အဲ့ဒါကို မတွေးနဲ့တော့။ ဘဝတစ်လျှောက်လုံး အဖွား ဒီရွာလေးမှာ နေထိုင်လာတာဆိုတော့ နောက်ဆုံးအချိန်ထိ ဒီမှာပဲ နေသွားတော့မယ် မြေးရေ။”

ထန်ရှုက ပြောလိုက်သည်။

“အဖွား… အဖွားမှာ ကျွန်တော် ရှိပါသေးတယ်။ ပြီးတော့ အဖွားက အသက်အရှည်ကြီး နေနိုင်ပါသေးတယ်ဗျ။ စိတ်မလျှော့ပါနဲ့ အေးဆေးပါ။ ကျွန်တော်တို့နဲ့ ကြယ်တာရာကိုသာ လိုက်ခဲ့ပါ။ အဖွားက ကျွန်တော်တို့အတွက် ဒုက္ခမဟုတ်ပါဘူး။ ကျွန်တော်လည်း မကြာခင် တက္ကသိုလ် သွားတက်ရတော့မှာဆိုတော့ အမေက ကြယ်တာရာမှာ တစ်ယောက်တည်း ကျန်ခဲ့မှာ။ အဖွားသာ လိုက်နေရင် အမေလည်း အဖော်ရတာပေါ့။”

“ဒါ…” ကျန်းရှီသည် မျှော်လင့်ချက်အပြည့်ရှိနေသော စုလင်းယွမ်အား ချီတုံချတုံဖြစ်စွာဖြင့် ကြည့်လိုက်သည်။

စုလင်းယွမ်က အလျင်အမြန်ပင်

“အမေ… အမေ့ကို ဒီမှာ တစ်ယောက်တည်း ထားရတာ ကျွန်မ တကယ်ကို စိတ်မသက်သာလှဘူး။ ရှုအာရဲ့စကားကို ကျေးဇူးပြုပြီး နားထောင်လိုက်ပါနော် အမေ။ ကြယ်တာရာကို ကျွန်မတို့နဲ့လိုက်ခဲ့ပါ။ အမေနဲ့ကျွန်မ အတူတူ နေလို့ရပြီလေ။ ကျွန်မတို့အခြေအနေလည်း အရင်က မကောင်းခဲ့ပေမယ့် အခုတော့ ပိုကောင်းလာပါပြီ။ အိမ်ကြီးကြီးတစ်လုံးနဲ့ စားသောက်ဆိုင်တစ်ဆိုင်ရှိတယ်။ ရှုအာမှာလည်း လုပ်ငန်းစုတစ်ခု ရှိနေပြီလေအမေ။”

ကျန်းရှီ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။

သူမက ခေါင်းယမ်းလိုက်ပြီး

“ယွမ်လေး…ရှုအာ… အမေ့ကို မဖျောင်းဖျပါနဲ့တော့။ အမေ ဒီမှာ နှစ်ပေါင်းများစွာ နေလာခဲ့တော့ ပတ်ဝန်းကျင် ရုတ်တရက်ပြောင်းသွားရင် အမေ နေတတ်မှာ မဟုတ်ဘူး။ အမေတို့ရွာလေးက အိမ်နီးနားချင်းတွေက ကောင်းကြပါတယ်။ အမေ့ကိုလည်း ဂရုစိုက်ကြတယ်။ နင်တို့ ကိုယ့်ဘဝကိုယ်သာ ဂရုစိုက်ကြပါ။ အမေ့အတွက် စိတ်ပူစရာမရှိပါဘူးကွယ်။”

စုလင်းယွမ်၏အမူအရာမှာ မှုန်မှိုင်းသွားရသည်။ သူမအမေ၏စိတ်ဓာတ်အား သူမ ကောင်းစွာ သိပေသည်။ ဗူးဆို ဖရုံမသီးတတ်သော ဆုံးဖြတ်ချက်ချပြီးပါက မည်သို့မျှ ပြင်တတ်လေ့မရှိသော အမေပင်ဖြစ်သည်။

ထန်ရှုက တစ်ခဏမျှ စဉ်းစားနေရင်း

“အဖွား… ကျွန်တော်တို့နဲ့ ကြယ်တာရာကို မလိုက်ဘဲ ဒီမှာပဲ နေချင်တယ်ဆိုလည်းရတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီအိမ်ကို ပြန်ပြင်ဆင်မယ်။ အိမ်ပြင်ဆောက်ဖို့ ကျွန်တော် ပိုက်ဆံအချို့လည်း ယူလာခဲ့တယ်။ နောက်ပြီး အဖွားအတွက် အဖော်ရအောင် ကြယ်တာရာက အကူနှစ်ယောက်ငှားပြီး အဖွားကို စောင့်ရှောက်ခိုင်းလိုက်မယ်။”

ကျန်းရှီက လက်ကို ဝှေ့ယမ်းကာ

“မလိုဘူး။ အဖွား ဒီမှာ နေပေမယ့် အိမ်ပြန်ဆောက်ဖို့ မလိုပါဘူး။ အဲ့ဒါ ပိုက်ဆံအများကြီး ကုန်လိမ့်မယ်။ နောက်ပြီး အဖွားက ဆင်းရဲတဲ့ အဖွားအိုကြီး တစ်ယောက်ပါ ဘာကြောင့် အဖွားကို ပြုစုဖို့ အကူလိုမှာတုန်း။ အဖွားက အသက်ကြီးပြီဆိုပေမယ့် အဖွားခြေလက်တွေက သန်မာပါသေးတယ်။ အဖွားကို ပြုစုဖို့ လူ မလိုပါဘူး။”

ဘေးတွင် ရပ်နေသော ချန်ဟွေ့ရင်၏မျက်ဝန်းအစုံတွင် အံ့အားသင့်မှုများအား မြင်တွေ့ရနိုင်ပြီး သူမက မေးလိုက်သည်။

“လင်းယွမ်… နင် အခု ပြောလိုက်တာတွေက အမှန်တွေလား။ နင့်စားသောက်ဆိုင်က ရောင်းအားကောင်းပြီး အိမ်အကြီးကြီးနဲ့ နေနေတာရယ် ထန်ရှုမှာ ကုမ္ပဏီတစ်ခုရှိတယ်ဆိုတာရယ်လေ။”

စုလင်းယွမ်က ခေါင်းညိတ်ပြလျက်

“ငါ အမှန်အတိုင်း ပြောနေတာပါ။ ပြီးခဲ့တဲ့၂လကစပြီး စီးပွားရေး ကောင်းလာခဲ့တယ်။ အိမ်အကြီးကြီးနဲ့ ကုမ္ပဏီကတော့ ထန်ရှုရဲ့ကြိုးစားမှုရလဒ်တွေပေါ့။”

ထန်ရှုအား ကြည့်နေသော ချန်ဟွေ့ရင်၏အမူအရာမှာ ရုတ်ခြည်းပင် ကွဲပြားသွားသည်။ ထန်ရှု အသုံးပြုသော ကားအား သတိရမိသည့်အခါ စုလင်းယွမ်တစ်ယောက် သူမအား လိမ်ညာမည်မဟုတ်မည်ကို သူမ ခံစားမိသည်။

ရုတ်တရက် ထန်ရှု၏မျက်လုံးများ အရောင်တောက်လာကာ ချန်ဟွေ့ရင်အား ကြည့်ကာ မေးလိုက်သည်။

“ဒုတိယဒေါ်လေး… ကျွန်တော်တို့ အပြင်မှာ ခဏစကားပြောကြမလား။”

ချန်ဟွေ့ရင်က ဇဝေဇဝါဟန်ဖြင့် တုံ့ပြန်လိုက်သည်။

“အပြင်မှာ စကားပြောမှာလား။ ဘာဖြစ်လို့ အပြင်မှာ ပြောချင်ရတာလဲ။ တစ်ခုခုပြောစရာရှိရင် ဒီမှာ ပြောလည်းရပါတယ်။”

“ဒီမှာ ပြောလို့ မဖြစ်ဘူး။” ထန်ရှု ခေါင်းယမ်းလိုက်သည်။ “ကျွန်တော်က ဒေါ်လေးကို သီးသန့် ပြောဖို့လိုတယ်။ ညီအစ်ကို ဘင်ကိုလည်း ကျွန်တော် ပြောထားတယ်။ သူ စုဆောင်းထားတဲ့ ဆေးပင်တွေ ကျွန်တော် ဝယ်မယ်ဆိုတာကို။ ဒေါ်လေးတို့ သိုးတွေကို ကျွေးတဲ့ မြက်တွေထဲမှာ အထူးမြက်ပင်တစ်မျိုး ရောပါနေတယ်။ အဲ့ဒီမြက်ပင်က အလွန်ကောင်းတဲ့ ဆေးပင်ပဲ။”

ချန်ဟွေ့ရင် တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားပြီးနောက် သူမက ခေါင်းညိတ်ကာ ပြောသည်။

“ကောင်းပြီလေ။ ငါတို့ အပြင်မှာ စကားသွားပြောကြတာပေါ့။”

နှစ်ယောက်သား အပြင်ဘက်သို့ ထွက်လာခဲ့ကြသည်။ ထို့နောက် ထန်ရှုက စကားဆိုလိုက်သည်။

“ဒုတိယဒေါ်လေး… ဆေးပင်ကိစ္စက ကျွန်တော် အစ်ကိုဘင်နဲ့ ပြောပြီးပါပြီ။ အဲ့ဒီမြက်ပင်က ငွေနဂါးမြက်ပင်လို့ ခေါ်ပါတယ်။ တစ်ပင်ကို ယွမ်တစ်ထောင်နဲ့ ဒေါ်လေးတို့ဆီမှာ ရှိသမျှအပင် ကျွန်တော် ဝယ်မှာပါ။ ဒါပေမယ့် ဒေါ်လေးနဲ့ အပြင်မှာ ပြောချင်တဲ့အကြောင်းအရာက ဒါမဟုတ်ဘူး။ တစ်ခြားတစ်ခုပါ။”

ချန်ဟွေ့ရင်က ဆေးပင်အကြောင်း မသိသောကြောင့် မမေးပါချေ။ ထို့နောက် သူမက တုံ့ပြန်လာသည်။

“အိုကေ။ နင် ငါ့ကို ပြောမယ့်အကြောင်းကိုသာ ပြောပါ။”

“ဒုတိယဒေါ်လေး… အဖွားရဲ့စိတ်ဓာတ်ကို ဒေါ်လေးက ပိုသိမှာပါ။ အဖွားက ကျွန်တော်တို့နဲ့ ကြယ်တာရာကို မလိုက်ချင်ဘူးဆိုမှတော့ နောက်ပိုင်း ဒေါ်လေးက အဖွားကို ကျေးဇူးပြုပြီး စောင့်ရှောက်ပေးပါလားခင်ဗျာ။”

ချန်ဟွေ့ရင်က အားရပါးရ ရယ်မောလိုက်ရင်း

“ကလေး… နင် ဘာတွေ ပြောနေတာလဲ။ ငါတို့သာ သူမကို ဂရုမစိုက်ဘူးဆိုရင် ဒေသဆေးရုံကို သူမကို ခေါ်ဆောင်သွားပါ့မလား။ စိတ်မပူပါနဲ့ တူလေးရေ။ ဒေါ်လေးတို့ ဒီမှာ ရှိနေသရွေ့ နင့်ရဲ့အဖွား ဒုက္ခ မဖြစ်စေရဘူး။”

ထန်ရှုက ခေါင်းယမ်းလိုက်ရင်း

“ကျွန်တော်က အဲ့လို ဆိုလိုတာမဟုတ်ဘူး။ ဒုတိယဒေါ်လေး ပြောရမယ်ဆိုရင် စိုက်ပျိုးရေးကနေ နှစ်စဉ် ဝင်ငွေ ဘယ်လောက် ရှိလဲ။”

“ဟမ်…” ချန်ဟွေ့ရင် ပဟေဠိ ဖြစ်သွားသည်။ “နင် ဘာဖြစ်လို့ ဒီအကြောင်းကို မေးနေတာလဲ။”

ထန်ရှုက ပြောလိုက်သည်။ “ဒေါ်လေး နောက်တော့ သိလာပါလိမ့်မယ်။ ကျွန်တော့်ကိုသာ အရင်ဖြေပေးပါ။”

ချန်ဟွေ့ရင် တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားကာ တိတ်တဆိတ် တွက်ချက်လိုက်ပြီးနောက် လက်ချောင်းများကို ဆန့်ထုတ်လိုက်ရင်း

“ယွမ်တစ်သောင်း ဝန်းကျင်ရှိလောက်တယ်။ ငါ့မှာ သိုးတွေ အများကြီး မွေးထားပြီးတော့ မိသားစုကလည်း အသီးပင်အချို့စိုက်ထားတယ်လေ။”

ထန်ရှုက ရယ်မောလိုက်ရင်း

“အဖွားကို ကြည့်ရှုစောင့်ရှောက်ဖို့ ဒေါ်လေးကို တစ်နှစ် ယွမ်၂သောင်း ကျွန်တော် ပေးမယ်ဆိုရင် ဘယ်လိုလဲ။ ဒေါ်လေး လုပ်ချင်စိတ်ရှိလား။”

ချန်ဟွေ့ရင် မျက်မှောင်ကြုတ်သွားကာ

“ထန်ရှု… နင် ဘာကြောင့် အဓိပ္ပာယ် မရှိတာတွေ ပြောနေတာလဲ။ နင် ငါ့ကို ငွေမပေးရင်တောင်မှ ငါက နင့်အဖွားကို ဂရုစိုက်နေပါသေးတယ်။ ကောင်းပြီ။ နင် ပြောချင်တာကို ငါ နားလည်တယ်။ ငါ လမ်းလျှောက်နိုင်သရွေ့ ကျန်းမာနေသရွေ့ နင့်အဖွား အခက်အခဲ မဖြစ်စေရဘူး။”

ထန်ရှုက လက်မထောင်ပြလိုက်ရင်း

“ဒေါ်လေးက လူကောင်းတစ်ယောက်ပဲ။ ဒေါ်လေး ပိုက်ဆံမလိုချင်ဘူးဆိုရင် ကျွန်တော် ထပ်မပြောတော့ပါဘူး။ ဒါပေမယ့် ဒေါ်လေးကို အရင် ကျေးဇူးတင်ပါရစေ။”

ချန်ဟွေ့ရင်က ထန်ရှု၏လက်ဖျံရိုးအား ရိုက်လိုက်ရင်း ပြုံးကာ ဆူဆဲလိုက်သည်။

“ကောင်စုတ်လေး။ နင်က ငါ့ကို အပြင်လူတစ်ယောက်လို မြင်နေတဲ့ပုံပဲ။”

“ဒုတိယဒေါ်လေး… ကျွန်တော့်ကို ဘဏ်အကောင့်နံပါတ် ပေးနိုင်မလား။” ထန်ရှုက တောင်းလိုက်သည်။

ချန်ဟွေ့ရင်က ကြောင်တောင်တောင်ဖြစ်သွားပြီးမှ သူမ၏မျက်နှာအမူအရာသည် ရုတ်ခြည်း အေးစက်သွားကာ စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။

“ထန်ရှု… နင် ဘာဖြစ်နေတာလဲ။ နင့်ရဲ့ဒုတိယဒေါ်လေးကို ငွေပဲကြည့်တဲ့ လောဘကြီးတဲ့သူလို့ ထင်နေတာလား။ နင် ဒီလို ထပ်လုပ်နေမယ်ဆိုရင် နင့်အဖွားကို နောက်ဆို ငါ ဂရုမစိုက်တော့ဘူး။”

ထန်ရှုက အလျင်အမြန် ပြောလိုက်သည်။

“ဒုတိယဒေါ်လေး…ကျွန်တော် အဲ့ဒီလို မရည်ရွယ်ပါဘူးခင်ဗျာ။ ဘဏ်အကောင့်တောင်းတာက အမှန်တကယ်တော့ အဖွားအတွက် ကျွန်တော် ပိုက်ဆံပို့ပေးချင်လို့ပါ။ ကျေးဇူးပြုပြီး စဉ်းစားပါဦး။ အဖွားကို ပြုစုစောင့်ရှောက်တဲ့အခါ အဖွားအတွက် အဝတ်အစား၊ အစားသောက်နဲ့ တခြားလိုအပ်တာတွေအတွက် ဒေါ်လေး ပိုက်ဆံသုံးရလိမ့်မယ် မဟုတ်လား။ အဲ့ဒီအတွက် ကျွန်တော် ယွမ်တစ်သိန်း လွှဲပေးထားချင်လို့ပါ။ ပိုက်ဆံကုန်သွားရင် ဒေါ်လေး ကျွန်တော့်ဆီ ဖုန်းဆက်လိုက်ပါ ကျွန်တော် ပို့ပေးလိုက်ပါမယ်။”

ယွမ်တစ်သိန်းလား။

ချန်ဟွေ့ရင်၏ရင်ခုန်သံ မြန်လာခဲ့သည်။ သို့သော် စက္ကန့်အတော်ကြာပြီးနောက် သူမက ခေါင်းယမ်းလိုက်ကာ

“ထန်ရှု… ငါ တကယ်ကို ငွေ မယူချင်ပါဘူး။ အဲ့လိုမှမဟုတ်ရင် ရွာထဲက လူတိုင်း ငါ့နောက်ကွယ်မှာ လက်ညှိုးထိုးပြီး ပြောဆိုကုန်ကြလိမ့်မယ်။ အဖွားရဲ့စားဝတ်နေရေးအတွက် နင် စိတ်မပူပါနဲ့။ ငါတို့မိသားစုက အဖွားကို ဆာလောင်ရတာတွေ၊ အအေးဒဏ်တွေ အဖြစ်မခံပါဘူး။”

ထန်ရှု မချိပြုံး ပြုံးလိုက်သည်။ တစ်ခဏမျှ ချီတုံချတုံဖြစ်နေပြီးနောက် သူက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

“ဒုတိယဒေါ်လေးက ငွေ တကယ်မလိုဘူးဆိုမှတော့ အဲ့ဒါကို မေ့လိုက်ကြတာပေါ့။ ဒါပေမယ့် အစ်ကိုဘင်ကို ကျွန်တော်နဲ့ ထည့်လိုက်ရင်ရော…”

“နင်နဲ့ ထည့်လိုက်ဖို့လား။ နင် ရှန်ဟိုင်းကို မကြာခင် သွားတော့မှာလို့ ပြောခဲ့တာမဟုတ်ဘူးလား။ ဘင်လေးက ဘယ်လိုစိုက်ပျိုးရတယ်ဆိုတာနဲ့ အိမ်ဘယ်လိုဆောက်ရတယ်ဆိုတာပဲ သိတာ။ သူက အဲ့ဒီမှာ ဘာလုပ်ရမှာလဲ။” ချန်ဟွေ့ရင်က ပဟေဠိဖြစ်စွာ မေးလိုက်သည်။

“ကျွန်တော် သူ့အတွက် သင့်တော်တဲ့အလုပ်တစ်ခုနဲ့ လစာကောင်းကောင်း စီစဉ်ပေးမယ်လေ။ သူသာ ကြိုးကြိုးစားစားနဲ့ ဇွဲရှိရှိလုပ်မယ်ဆိုရင် နှစ်အနည်းငယ်ကြာတဲ့အခါ ကြယ်တာရာမှာ အိမ်တစ်လုံးဝယ်ဖို့ ပိုက်ဆံရနိုင်တယ်ဆိုတာ ကျွန်တော် သေချာပြောနိုင်တယ်။ ဒေါ်လေးလည်း အစ်ကိုဘင်ကို ရွာကထွက်ခွာပြီး အောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာဖို့အတွက် မျှော်လင့်ထားမယ်လို့ ကျွန်တော် ထင်တယ်။”

ချန်ဟွေ့ရင်၏မျက်ဝန်းအစုံမှာ အရောင်လက်သွားခဲ့သည်။

ထန်ရှု၏စကားများသည် လက်ရှိတွင် သူမ၏ရင်တွင်း၌ အမှန်တကယ်ရှိနေသောအရာများ ဖြစ်သည်။ သူမ၏မိသားစုမှာ ငွေများစွာ မရှိသည့်အပြင်  သားဖြစ်သူမှာလည်း ကျွမ်းကျင်သောအရာ မရှိချေ။ အိမ်သစ်တစ်လုံး မဆောက်နိုင်သေးသောကြောင့် သည်ဟာသည် အခုချိန်ထိ စုဘင် လက်မထပ်ရသေးသော အကြောင်းရင်းပင် ဖြစ်တော့သည်။ စုဘင်နှင့် သက်တူရွယ်တူ အခြားလူရွယ်လေးများအား သူမတွေ့လေတိုင်း သူတို့အားလုံးသည် အိမ်သစ်များတွင် အားလုံးနေထိုင်ကြပြီး လက်ထပ်ပြီးကြကာ ကလေးများပင် အသင့်အတင့် အရွယ်ရောက်နေပြီဖြစ်သည်။ သည်အကြောင်းအရင်းသည် သူမ၏စိုးရိမ်ပူပန်နေရသော အကြောင်းရင်း ဖြစ်ပေသည်။

“ထန်ရှု… နင် တကယ်…တကယ်ပဲ ဘင်လေးအတွက် သင့်တော်တဲ့ ဝင်ငွေရမယ့် အလုပ်တစ်ခု စီစဉ်ပေးနိုင်တာလား။” ချန်ဟွေ့ရင် မယုံကြည်နိုင်ဖြစ်နေရင်း မေးလိုက်မိသည်။

“မစိုးရိမ်ပါနဲ့ ဒေါ်လေး။ သူ ကြိုးကြိုးစားစား လုပ်နေသရွေ့ အနာဂတ်မှာ ငွေအများကြီး ရှာနိုင်လိမ့်မယ်။ ဒါပေမယ့် သူ့ကို ကျွန်တော့် ကုမ္ပဏီမှာ အလုပ်လုပ်ဖို့ ခေါ်သွားမယ်။ သူ့ကို တစ်လ ယွမ်တစ်သောင်းနီးပါး ပေးဖို့ ပြသနာမရှိပါဘူး။”

ချန်ဟွေ့ရင်က စိတ်လှုပ်ရှားစွာ လက်ခုပ်တီးလိုက်ပြီး

“ကောင်းတယ်။ အဲ့ဒီအတွက် နင့်ကို ဒေါ်လေး ကျေးဇူးတင်ပါတယ်။ ပြီးတော့ ငါ…ငါ နင့်ရဲ့အဖွားကို သေချာပေါက် ဂရုစိုက်မှာပါ။ ငါ့ယောက္ခမလို သဘောထားပြီး ပြုစုစောင့်ရှောက်မှာပါ။”

ချန်ဟွေ့ရင်၏ကတိစကားအား နားထောင်ပြီးနောက် နောက်ဆုံးတွင် ထန်ရှု စိတ်သက်သာရာရသွားသည်။ ထို့နောက် သူက အပြုံးဖြင့်

“ဒုတိယဒေါ်လေး… ကျွန်တော်တို့ ပြောခဲ့တဲ့စကားတွေ အစ်ကိုဘင်အပါအဝင် ဘယ်သူကိုမှ ပြန်မပြောနဲ့ဦး။

ချန်ဟွေ့ရင်က လေးပင်စွာ ခေါင်းညိတ်လိုက်ပြီး

“အဲ့ဒီအတွက် စိတ်မပူပါနဲ့။ ငါ့ဗိုက်ထဲမှာ သိမ်းထားပါမယ်။”

“ထန်ရှု… ငါ ရလာပြီ။”

သူတို့စကားအဆုံးတွင် စုဘင်က သူတို့နှစ်ယောက်ဆီ အလျင်စလို အပြေးရောက်လာသည်။ သူ၏လက်ထဲတွင် သေတ္တာငယ်လေးတစ်လုံးအား မြှောက်ကာ အော်ပြောလိုက်သည်။ သူ့နောက်တွင် အသက်၇၀အရွယ် ရွာသူကြီးဟောင်း စုချန်ဟီက အသာပြေးလိုက်လာသည်။

***

All Chapters