← Chapters

ဆန်းကြယ်သော ဆေးပညာ

Vol. 05 Ch. 242

ဆန်းကြယ်သော ဆေးပညာ

Vol. 05 Ch. 242

စုချန်ဟီသည် စုကျေးရွာတွင် မြင့်မားသော  ဂုဏ်ရှိသည်။ သည်နှစ်များတွင် သစ်သီးပင်များ စိုက်ပျိုးမှု၊ ကောက်ပဲသီးနှံများအား ကြီးထွားစေရန်စိုက်ပျိုးမှုတို့တွင် ဒေသခံများအား ဦးဆောင်ခဲ့ပြီး အခက်အခဲများ သို့မဟုတ် ပြသနာများ ရှိသော မည်သည့်မိသားစုကိုမဆို မည်သည့်ရှေ့ဆုံးမှ ကူညီတတ်သူဖြစ်သည်။ လက်ရှိ စုရွာ၏သူကြီးဖြစ်နေသူ သူ၏သားပင်လျှင် စုချန်ဟီအား အနှိုင်းမဲ့ လေးစားကာ သားသမီးဝတ် လွန်စွာ ကျေပွန်လှသည်။

“ရှုအာ… မင်း ငါ့ကို မှတ်မိသေးလား။”

စုချန်ဟီသည် သိမ်မွေ့သောသူတစ်ယောက်ဖြစ်သည်။ ထန်ရှုအား မြင်လိုက်သည်တွင် သူ၏မျက်နှာထက်မှ အရေးအကြောင်းများ ဆန့်သွားသည့်အထိ အားပါးတရ ပြုံးကာ နှုတ်ဆက်သည်။

ထန်ရှုက ပြုံးရယ်လိုက်ရင်း

“ရွာသူကြီးဟောင်းအဖိုး…”

စုချန်ဟီက အားပါးတရ ရယ်မောရင်း

“အွန်း… မဆိုးပါဘူး။ မင်းတောင် အရွယ်ရောက်လာပြီပဲ။ မင်း ပြန်မလာတာ ၂နှစ် ရှိသွားပြီမဟုတ်လား။ အခု အရပ်ပိုရှည်လာသလိုပဲ။”

“အမှန်ပါပဲခင်ဗျာ။ ကျွန်တော် ပြန်မလာဖြစ်တာ ၂နှစ်နီးပါး ရှိပြီ။ မတော်တဆမှုသာ မဖြစ်ခဲ့ရင် ဒီ့ထက်စောစော ကျွန်တော် ပြန်လာဖြစ်မှာပါ။” ထန်ရှုက ပြောသည်။

စုချန်ဟီက ခေါင်းညိတ်လျက်

“မင်းက စုမျိုးရိုးအမည် မဟုတ်ပေမယ့် ငါတို့ စုကျေးရွာက ကလေးပါပဲ။ ငါ ဘင်လေးဆီက ကြားတာတော့ မင်းအဖွားရဲ့ဒဏ်ရာကို ကိုယ်တိုင်ကုဖို့ ပြန်ခေါ်လာတယ်ဆို။ ထန်ရှု… အိုမင်းတဲ့လူတစ်ယောက်ရဲ့ခြေထောက်ကျိုးတာကို ကုသတယ်ဆိုတာ လွယ်တဲ့အရာ မဟုတ်ဘူးနော်။ မင်း ကုသတာ မကောင်းခဲ့ရင် ဆိုးရွားသွားလိမ့်မယ်။ မင်းမှာ ယုံကြည်ချက်ရှိလား။”

ထန်ရှုက အခိုင်အမာ ပြောလိုက်သည်။

“ကျွန်တော် ယုံကြည်ချက် ရှိပါတယ် ရွာသူကြီးဟောင်းအဖိုးခင်ဗျာ။ ကျွန်တော် လက်ရှိမှာလည်း ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံကြီးမှာ တာဝန်ကျဆရာဝန်အဖြစ် ထမ်းဆောင်နေတာမို့ ကျွန်တော့်ကို အခုဆိုရင် သမားတော်တစ်ယောက်အဖြစ်  ယူဆနိုင်ပါတယ်။”

စုချန်ဟီက အံ့သြတုန်လှုပ်သွားကာ

“ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေတယ်ဟုတ်လား။ မင်းက အခုမှ အထက်တန်းကျောင်းသားတစ်ယောက် ဖြစ်ပြီး ဒီနှစ်မှ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေတာမဟုတ်လား။ ဘယ်လိုဖြစ်ပြီး…”

ထန်ရှုက ပြုံးလိုက်ရင်း

“ရွာသူကြီးဟောင်းအဖိုးရဲ့မှတ်ဉာဏ်က တကယ်ကို ကောင်းတာပဲ။ ကျွန်တော် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုပြီးသွားတာလည်း မှန်ပါတယ်။ မနက်ကျရင် ဝင်ခွင့်အောင်စာရင်းထွက်ပြီဆိုတော့ အဖိုး ကျွန်တော့်အမှတ်တွေ ဝင်ပြီးကြည့်လို့ရပြီပေါ့။ ကျွန်တော် ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေရတဲ့အကြောင်းရင်းက ဆေးရုံအုပ်ကြီးကိုယ်တိုင် ကျွန်တော့်ကို ဖိတ်ခဲ့လို့ပါခင်ဗျာ။”

ဘေးတွင်ရပ်နေသော စုဘင်မှ ရုတ်တရက် ဝင်ပြောလိုက်သည်။

“ထန်ရှု… မင်း ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံကြီးက တာဝန်ရှိတဲ့သူတစ်ယောက်ယောက်များ သိမလား။ ငါတို့ရွာက ဒဏ်ရာရတဲ့ အခြားသူတွေ ကြယ်တာရာဆေးရုံကို သွားကြတယ်။ ငါ ရွာသူကြီးအဖိုးအိမ်ကို ရောက်နေတုန်းက ဂျန်းဇီက ငါ့ကို ပြောတာက သူတို့တွေ ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံကြီးကို ခုပဲရောက်တယ်တဲ့။ ဒါပေမယ့်…”

ထန်ရှု မျက်မှောင်ကြုပ်သွားရင်း

“ဒါပေမယ့်… ဘာဖြစ်လဲ။”

စုဘင်က မချိပြုံး ပြုံးလိုက်ရင်း

“နတ်ဆေးသမားတော်တစ်ယောက်က ခုတလော အဲ့ဒီမှာ ဆေးကုပေးနေလို့ နေရာအနှံ့က လူနာတွေ အများကြီး ရောက်နေတယ်လို့ ကြားတယ်တဲ့။ တာဝန်ကျဆရာဝန်တွေ ရှိပေမယ့် လူနာဆောင်တွေက မလစ်လပ်ဘူးဖြစ်နေတယ်။”

ထန်ရှုက သူ၏ဖုန်းအား ထုတ်ကာ နံပါတ်တစ်ခုအား ခေါ်လိုက်သည်။

“ဟယ်လို ဆရာသခင်လား။”

သိုက်ရှင်းရွှယ်၏အသံသည် ဖုန်းထဲမှ ထွက်ပေါ်လာသည်။ ဖုန်းထဲတွင် ဆူညံသံများ ကြားနေရသောကြောင့် ကြည့်ရသည်မှာ ထိုဆေးရုံတွင် လူနာတွေများကာ အုတ်အုတ်ကျက်ကျက် ဖြစ်နေဟန်ရှိသည်။

“မင်း ဆေးရုံမှာလား။” ထန်ရှု မေးလိုက်သည်။

“ဟုတ်ပါတယ် ဆရာသခင်။ ဒီည လူနာတွေ အများကြီး ရောက်လာလို့ အရမ်း အလုပ်ရှုပ်နေတာ။ တစ်ခုခု လိုအပ်တာများ ရှိလို့လား ဆရာသခင်။” သိုက်ရှင်းရွှယ်က ပြောသည်။

“အဲ့ဒီမှာ ချင်ဟီဒေသကလာပြီး စုမျိုးရိုးနာမည်နဲ့ ဒဏ်ရာ ရထားတဲ့၊ ဆေးကုသဖို့ စောင့်နေတဲ့ လူနာ၅ယောက် ရှိလားလို့ မင်းကို စစ်ခိုင်းချင်လို့ပါ။ သူတို့ကို ရှာတွေ့ရင် သူတို့အတွက် လူနာဆောင် စီစဉ်ပေးပါ။”

“ဆရာသခင်… ကျွန်..ကျွန်မမှာ အဲ့လိုလုပ်ပိုင်ခွင့် မရှိဘူးလေ။” သိုက်ရှင်းရွှယ်က တွန့်ဆုတ် တွန့်ဆုတ် လေသံဖြင့် ပြောလာသည်။

ထန်ရှုက ပြုံးလိုက်ရင်း

“ကောင်းပြီ။ မင်း မတတ်နိုင်ရင် စွန်းဝမ်ကျင်းဆီ သွားပါ။ သူမလည်း အဲ့ဒါကို မလုပ်နိုင်ရင် ဆေးရုံအုပ် လီဟွန်ဂျီဆီသာ တန်းသွားလိုက်ပါ။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ငါ့ကို ဒီည အဲ့ဒါလေး ကူညီပြီး စီစဉ်ပေးပါဦး။”

“နားလည်ပါပြီ။” သိုက်ရှင်းရွှယ် သောကရောက်နေသော အမူအရာလေးနှင့် ဖုန်းချလိုက်သည်။

ထန်ရှုက စုဘင်နှင့် စုချန်ဟီတို့ကို ကြည့်ကာ ပြောလိုက်သည်။

“ကျေးဇူးပြုပြီး စိတ်မပူပါနဲ့တော့။ တစ်ယောက်ယောက်ကို ခေါ်ပြီး စီစဉ်ခိုင်းလိုက်ပြီဆိုတော့ ဒါ အမြန် အဆင်ပြေသွားမှာပါ။ အစ်ကိုဘင်က ဟိုဘက်က အခြေအနေ သိရအောင် သူတို့နဲ့ အဆက်အသွယ် မပြတ်စေနဲ့။ အခု အထဲဝင်ကြရအောင်။ ကျွန်တော် အဖွားကို ကုတော့မယ်။”

“အထဲကို ဝင်ရအောင်။” စုချန်ဟီ လက်ဝှေ့ယမ်းကာ အလျင်အမြန် ပြောလိုက်သည်။

ပျက်စီးအိုဟောင်းနေသော အိမ်အမိုးအတွင်းတွင် မီးရောင်မှိန်မှိန်လေးသည် လှုပ်ယမ်းလျက်ရှိသည်။ လေတိုက်ခတ်မှုကြောင့် ကြိုးတန်းလန်းကျနေသော မီးလုံးသည် လွှဲယမ်းနေပေရာ အရိပ်များသည်လည်း ထပ်ခါထပ်ခါ ပြောင်းလဲသွားကြသည်။

ကျန်းရှီ၏ဘေးတွင် ငုတ်တုပ်ထိုင်ရင်း ထန်ရှုက သူမ၏ခြေထောက်အား ညင်သာစွာ မလိုက်သည်။

“အဖွား… ကျွန်တော် ကုတဲ့အချိန်မှာ နည်းနည်းလေးတော့ နာမှာမို့ ကျေးဇူးပြုပြီး ခဏ သည်းခံပေးပါခင်ဗျာ။ အဖွားရဲ့ဒဏ်ရာကို ကျွန်တော် ကုပါတော့မယ်။”

ကျန်းရှီက ပြုံးပြလျက်

“လုပ်သာ လုပ်ပါ။ အဖွား ခံနိုင်ရည် ရှိပါတယ်။”

ထန်ရှု ခေါင်းညိတ်လိုက်ရင်း ငွေအပ်များကို ထုတ်ကာ ကျိုးနေသော အရိုးအနီးနားမှ အမှတ်များအား လျင်မြန်စွာ ချိတ်ပိတ်လိုက်သည်။ သူ၏လက်ချောင်းလေးများသည် ငွေအပ်များအား စည်းချက်ညီညီ ပွတ်သပ်လိုက်သည်။ မကြာမီ ကျန်းရှီ၏ခြေထောက်မှ နီမှိုင်းဖူးရောင်နေသော ဧရိယာသည် ခရမ်းနက်ရောင်အသွင်သို့ ပြောင်းလာပြီး ဖူးယောင်နေသောနေရာသည် တဖြည်းဖြည်း ကြီးလာသည်။ မိနစ်ဝက်ကြာပြီးနောက် ထန်ရှု၏လက်ချောင်းများသည် ငွေအပ်တစ်ချောင်းအား ဖြည်းညှင်းစွာ ယူလိုက်သည်။ တစ်စက္ကန့်အတွင်း အနက်ရောင်သွေးများ အရှိန်အဟုန်နှင့် ပန်းထွက်လာသည်။ အပ်များအားလုံး ဖယ်ရှားလိုက်ပြီးသော် အပ်စိုက်ထားခြင်းမရှိသော နေရာများကပါ အနက်ရောင်သွေးများ ပန်းထွက်လာခဲ့သည်။

“ရှုအာ…ဒါ…”

စုလင်းယွမ်၏မျက်လုံးများ ဝိုင်းစက်သွားကာ ထိုမျက်ဝန်းအစုံမှ ထိတ်လန့်မှုကိုပင် မြင်တွေ့နိုင်မည်ဖြစ်သည်။

ထန်ရှုက အေးဆေးစွာ ရှင်းပြသည်။

“အဖွားရဲ့အရိုးက ကျိုးသွားပြီးတော့ ကျိုးတဲ့အပိုင်းအစတွေက သွေးကြောမျှင်လေးတွေအတွင်းမှာ စိုက်နေခဲ့တာမို့ ကျွန်တော်တို့ အဲ့ဒါကို အရင်ရှင်းမှရမယ်။”

စုလင်းယွမ် ရုတ်ခြည်းပင် သဘောပေါက်သွားကာ အတန်ငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

ထန်ရှုသည် ငွေအပ်တစ်ချောင်းအား လှည့်ထည့်လိုက်သည်။ အနက်ရောင်သွေးထွက်မှု ရပ်တန့်သွားချိန်တွင် သူ၏လက်အစုံပေါ်တွင် အားသက်ရောက်စေလျက် ကျိုးနေသော ခြေထောက်နေရာအား ကိုင်လိုက်သည်။ ကြယ်စွမ်းအားကို ထိန်းချုပ်ကာ ကျိုးနေသော အရိုးအား မူလအခြေအနေအတိုင်း ပြန်ဖြစ်စေသည်။ အရိုးအတန်းငယ်၂ခုအား မူလနေရာသို့ရောက်အောင် တိကျစွာ ထိန်းညှိပေးလိုက်သည်။

“နာလိုက်တာ။”

ကျန်းရှီ၏နဖူးထက်မှ ချွေးသီးချွေးပေါက်များစွာသည် သူမ၏အရေးအကြောင်းမျက်နှာပေါ်သို့ ကျလာသည်။

ထန်ရှု၏လက်များအား ကြယ်တာရာစွမ်းအားဖြင့် အပြည့်အ၀ ဖုံးအုပ်ထားသည်။ ထိုအခိုက်အတန့်တွင် အဖွားဖြစ်သူ ပြင်းစွာနာကျင်မည်ကို သူ သိရှိထားပင်လျှင် ထန်ရှု အတော် စိတ်မသက်မသာ ဖြစ်မိရသည်။

သို့သော်လည်း အဖွား၏ခြေထောက်ဒဏ်ရာအား ကုသရမည်ဖြစ်သည့်အတွက် ထိုနေရာအား ထပ်မံဖိလိုက်သည်။ သူ၏ခွန်အားအား ဖြည်းညှင်းစွာ လျှော့ချလိုက်ပြီး ကြယ်တာရာစွမ်းအားအား အဖွား၏ဒဏ်ရာဆီသို့ စိမ့်ဝင်သွားစေလိုက်သည်။ ကြယ်စွမ်းအားသည် အရိုးနှင့် ကြွက်သားများအား အားဖြည့်ကာ ပြုပြင်ပေးနိုင်သည်။ ဒဏ်ရာပျောက်ကင်းမှုအရှိန်ကို မြန်စေသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ကျန်းရှီ၏မျက်နှာပေါ်မှ နာကျင်နေသော အမူအရာတစ်ချို့ ပျောက်ကွယ်သွားပြီး မျက်မှောင်ကြုပ်ထားသည်မှာလည်း ပြေလျော့လာခဲ့သည်။

၁၀မိနစ်ကြာသော် ကျန်းရှီသည် ထန်ရှုအား အံ့အားသင့်စွာ ကြည့်မိတော့သည်။ ယခုတွင် သူမ၏ခြေထောက်သည် နာကျင်မှု အနည်းငယ်သာ ရှိတော့ပြီး အာရုံမထားပါက နာကျင်နေမည်မှန်းပင် သိနိုင်မည်မဟုတ်ချေ။

နာရီဝက်ကြာပြီးနောက်တွင် ကျန်းရှီ၏မျက်နှာပေါ်မှ နာကျင်မှုခံစားနေရသည့်အမူအရာသည် လုံးဝကွယ်ပျောက်သွားပြီး သက်တောင့်သက်သာ ရှိသည့်ဟန်ဖြစ်လာသည်။ သူမ၏ခြေထောက်မှ နာကျင်မှုအားလုံးသည်လည်း လုံးဝကွယ်ပျောက်သွားခဲ့ပြီဖြစ်သည်။ ထိုအစား နွေးထွေးမှုနှင့်အတူ အေးမြမှုကိုပါ ခံစားလာရပြီဖြစ်သည်။ သူမ၏ကိုယ်တွင်းတွင် နွေးထွေးမှုဖြစ်ပေါ်လာခဲ့သည်။

တစ်နာရီကြာသွားသောအခါ ထန်ရှုသည် သူ၏လက်များအား ဖြေလျော့ပြီး အဖွားအား ကြည့်လိုက်သည်။ သူမသည် ယခုအခါတွင် နှစ်ခြိုက်စွာအိပ်ပျော်နေလေသည်။ အခန်းတွင်းရှိ အခြားသူများအား ဆိတ်ဆိတ်နေရန် လက်ဟန်ပြလျက် စောင်အား အပေါ်သို့ဆွဲကာ အဖွားဖြစ်သူကျန်းရှီအား ခြုံပေးလိုက်ပြီး လူတိုင်းအား အခန်းတွင်းမှ ထွက်ခွာရန် လက်ဟန်ပြလိုက်သည်။

အိမ်ရှေ့ကွက်လပ်တွင်…

စုလင်းယွမ်က အလျင်စလို မေးလိုက်သည်။

“ရှုအာ.. သားအဖွားဒဏ်ရာ အခု ဘယ်လိုနေလဲ။”

ထန်ရှုက ဖျော့တော့စွာ ပြုံးလိုက်ရင်း

“ကျွန်တော် ဖြေရှင်းပြီးပါပြီ။ အဖွားက တစ်ပတ်လောက်ဆိုရင် ပြန်ကောင်းသွားမှာပါ။ ဒါပေမယ့် အဲ့ဒီရက်တွေမှာတော့ လမ်းအများကြီး လျှောက်နိုင်ဦးမှာမဟုတ်ဘူး။ အာ ဟုတ်ပြီ။ နောက်ထပ် ကျိုးတာ ထပ်မဖြစ်အောင် အဖွားခြေထောက်မှာ ချည်ဖို့ ကျွန်တော်တို့ ပျဉ်ပြား၂ချပ် ရှာရမယ်။”

စုလင်းယွမ်က ချက်ချင်း ပြန်ပြောလိုက်သည်။

“အမေ အခုပဲ သွားရှာလိုက်မယ်။”

ထန်ရှုက ပြုံးကာ ခေါင်းညိတ်ရင်း ရွာသူကြီးဟောင်း စုချန်ဟီ၊ ချန်ဟွေ့ရင်နှင့် စုဘင်တို့အား ကြည့်လိုက်ကာ

“နောက်ကျနေပြီ။ အဖိုးတို့တွေလည်း အခု အနားယူသင့်နေပြီ။ မနက်ကျမှ စကားပြောကြတာပေါ့။”

စုချန်ဟီ၊ ချန်ဟွေ့ရင်နှင့် စုဘင်တို့ တုပ်တုပ်မျှ မလှုပ်ကြချေ။ သူတို့သည် ထန်ရှုအား စိတ်ပျက်သောအမူအရာဖြင့် စိုက်ကြည့်နေကြသည့်အပြင် သိလိုစိတ်လည်း ရှိနေကြသည်။

ချန်ဟွေ့ရင်က မျိုသိပ်မထားတတ်သူပီပီ ပြောလိုက်သည်။

“ထန်ရှု… နင် ငါတို့ကို နောက်နေတာတော့ မဟုတ်ပါဘူးနော်။ အရိုးအမြန်ဆုံး ပြန်ထွက်တဲ့ ကလေးတွေတောင်မှ တစ်ပတ်အတွင်း ကျိုးနေတဲ့ ခြေထောက် ပြန်ကောင်းဖို့ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာ။ ပြင်းထန်တဲ့ ဒဏ်ရာကနေ ပြန်သက်သာဖို့ဆိုရင် အနည်းဆုံးရက်၁၀၀လောက် အချိန်ယူတာကို။ ဒါပေမယ့် နင်က…”

ထန်ရှုက တစ်ချက်ပြုံးလိုက်ပြီး သူမ၏စကားအား ကြားဖြတ်ကာ

“ဒုတိယဒေါ်လေး… အဒေါ်ရဲ့အတွေးအခေါ်ဟောင်းတွေကို ကျွန်တော် မပြောင်းလဲနိုင်သလို ဘယ်လိုရှင်းပြရမလဲဆိုတာ ကျွန်တော် မသိလို့ တစ်ပတ်စောင့်ကြည့်လိုက်ပါ။ ဒေါ်လေး အံ့အားသင့်သွားစေရမယ်လို့ ကျွန်တော် ပြောရဲတယ်။”

စုချန်ဟီ၏နှုတ်ခမ်းများ လှုပ်သွားသော်လည်း မည်သည့်စကားမျှ ထွက်မလာပေ။ သူသည် ခေါင်းကိုသာ ယမ်းလျက် သက်ပြင်းချကာ လှည့်ထွက်သွားသည်။ ချိန်ဟွေ့ရင်သည်လည်း ခေါင်းယမ်းရင်းသာ ပြန်သွားတော့သည်။

စုဘင်သည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်နေပြီးမှ ထန်ရှု၏ရင်သို့ လက်သီးဖြင့် ခပ်ဖွဖွ ထိုးကာ ပြုံးလျက်

“ထန်ရှု… ငါ မင်းကို ယုံတယ်။ မင်းက ကလေးဘဝကတည်း စမတ်ကျတယ် ဘယ်တော့မှ မလိမ်တတ်ဘူး။ မင်းအဖွားကို အရင်ကအတိုင်း ပြန်ကောင်းအောင်လုပ်နိုင်တယ် ပြောကတည်းက အဲ့ဒါ သေချာပေါက်ကို ဖြစ်လာမှာပါ။”

ယုံကြည်မှုကို ခံယူရခြင်းက တကယ်ကို ကောင်းတာပဲ။

ထန်ရှုက ပြုံးကာ သူ၏ပခုံးအား ပုတ်လိုက်ရင်း

“မင်း အခု အိပ်ချင်ပြီလား။ မအိပ်ချင်သေးရင် ကျွန်တော်နဲ့စကားပြောကြမလား။”

စုဘင်က ထွက်ခွာသွားပြီဖြစ်သော မိခင်၏နောက်ကျောအား ကြည့်ကာ အိတ်ကပ်ထဲမှ စီးကရက်တစ်ဘူးအား ဆွဲထုတ်လိုက်သည်။

“မင်း တစ်လိပ်သောက်ဦးမလား။”

ထန်ရှု တစ်ခဏမျှ တိတ်ဆိတ်နေပြီးမှ တစ်လိပ်ဆွဲယူလိုက်သည်။ သူ၏စိတ်များ ရှုပ်ထွေးနေသောနှစ်များအတွင်းက သူသည် အရက်လည်း သောက်တတ်ခဲ့သလို ဆေးလိပ်လည်း သောက်တတ်ခဲ့သည်။ သူက စီးကရက်အား မီးညှိလိုက်ကာ ခပ်ပြင်းပြင်း တစ်ချက် ဖွာရှိုက်လိုက်ရင်း ဖြည်းညှင်းစွာ စကားဆိုလိုက်သည်။

“အစ်ကိုဘင် ကျွန်တော်နဲ့ ကြယ်တာရာကို လိုက်မလား။”

စုဘင်က ကြက်သေသေသွားကာ ဇဝေဇဝါဟန်ဖြင့် ပြန်မေးသည်။

“ငါက အဲ့ဒီမှာ ဘာလုပ်ရမှာလဲ။”

“ကျွန်တော့်ကို ကူညီပြီး အလုပ်လုပ်ပေးလေ။” ထန်ရှုက ပြုံးလျက် ပြောသည်။

တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက် စုဘင်က ခေါင်းကို ယမ်းလျက်

“ထန်ရှု… ကိုယ်ပိုင်ကုမ္ပဏီ ထောင်နိုင်တဲ့အထိ မင်း အရည်အချင်း ရှိတာ ငါသိပါတယ်။ ဒါပေမယ့် ငါက လယ်ယာစိုက်ပျိုးရေးနဲ့ဆောက်လုပ်ရေးကလွဲပြီး ဘာမှ မသိဘူးလေကွာ။ ငါက မင်းအတွက် အသုံးဝင်မှာ မဟုတ်ဘူး။ မေ့လိုက်တော့ ငါ မင်းနဲ့ လိုက်ဖြစ်မှာ မဟုတ်ဘူး။”

ထန်ရှုက ပြုံးလျက်

“အဲ့ဒါက မင်း မသင်ယူနိုင်တာမှ မဟုတ်တာပဲ။ မင်းမှာသာ ကြိုးစားလိုစိတ်ရှိရင် မင်းအတွက် အလွန်ကောင်းမွန်တဲ့ တိုးတက်မှုရှိရစေမယ်လို့ ကျွန်တော် ကတိပေးတယ်။ အစ်ကိုဘင် ကျွန်တော်တို့ဘိုးဘေးတွေက ကောင်းကင်ကို ကျောပေးပြီး လယ်ယာကြိုးစားလုပ်ကိုင်ကြတဲ့ သမားရိုးကျ တောင်သူလယ်သမားတွေ ဖြစ်ကြတယ်။ မနက်စောစော အိပ်ရာထတယ်။ နေထွက်ကနေ နေဝင်ချိန် ၉နာရီကနေ ၅နာရီအထိ မျိုးဆက်တိုင်း ရှင်သန်နေထိုင်လာတဲ့ဘဝတွေပါ။ ဒီအရိုးကျနေတဲ့ဖြစ်စဉ်ကြီးကို အစ်ကိုဘင် မပြောင်းလဲချင်ဘူးလား။”

စုဘင် တွေဝေသွားသည်။

“အဲ့ဒီကို လိုက်ရင် ငါ့အတွက် ဘာအလုပ် စီစဉ်ပေးမှာလဲ။”

“လုံခြုံရေးဝန်ထမ်းတစ်ယောက် ဖြစ်လာမယ်။” ထန်ရှုက ပြောသည်။

စုဘင်၏မျက်နှာထက်တွင် စိတ်ပျက်သွားသော အမူအရာတစ်ချက် ပေါ်ထွက်လာကာ ဖျစ်ညစ်ပြုံးလိုက်ပြီး

“လုံခြုံရေးဝန်ထမ်းတစ်ယောက်က လခဘယ်လောက်ရနိုင်လို့လဲ။ ရှန်ဟိုင်းကို လုံခြုံရေးဝန်ထမ်းလုပ်ဖို့ သွားကြတဲ့ ရွာသားအချို့ကတော့ တစ်လ ယွမ် ၅ထောင် ၆ထောင်လောက်ပဲ ရကြတာ။ သူတို့စားသောက်စရိတ် နှုတ်လိုက်ရင် တစ်လကို ယွမ်၂ထောင်တောင် မကျန်ကြတော့ဘူး။”

“သူတို့က သူတို့။ အစ်ကိုဘင်က အစ်ကိုဘင်ပဲလေ။ အစ်ကိုသာ ကြိုးကြိုးစားစား လုပ်ပြီး အခက်အခဲတွေကို ခံနိုင်ရည်ရှိတယ်ဆိုရင် ယွမ် ၅ထောင် ၆ထောင်မကဘဲ ယွမ် ၅သောင်း ၆သောင်းထိ ရှာနိုင်တယ်။”

စုဘင်က မိုက်ရူးရဲဆန်သောအမူအရာဖြင့် မေးလိုက်သည်။

“အဲ့လောက်ဝင်ငွေရတဲ့ လုံခြုံရေးအလုပ်က ဘယ်နေရာမှာ ရှိပြီး ဘယ်လိုရလိမ့်မလဲ။”

ထန်ရှုက ပြုံးလိုက်ရင်း

“ဒီဟာက အစ်ကိုဘင် အလုပ်လုပ်ပေးနေရတဲ့သူအပေါ်မှာ မှီခိုတယ်။ ဒါဆို ဆုံးဖြတ်ကြအောင်။ အစ်ကိုဘင်က ကျွန်တော်နဲ့ ကြယ်တာရာကို လိုက်ပြီး ရိုးရိုးလုံခြုံရေး ဝန်ထမ်းတစ်ယောက်အဖြစ် လုပ်ပေါ့။ နေရေးစားရေးအပြီး တစ်လကို ယွမ်၅ထောင် ရမယ်။ သုံးလပြီးသွားလို့ အစ်ကိုရဲ့လုပ်ရည်ကိုင်ရည် ကောင်းတယ်ဆိုရင် လုံခြုံရေးခေါင်းဆောင်အဖြစ် ရာထူးတိုးပေးမယ်။ အဲ့ဒီအချိန်ကျရင် အစ်ကိုဘင်ရဲ့လစာက ယွမ်တစ်သောင်း ဖြစ်သွားလိမ့်မယ်။ ဘယ်လိုလဲ။”

“ငါ လုပ်မယ်။” စုဘင်၏မျက်လုံးများ အရောင်လက်သွားကာ တွေဝေခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။

ထန်ရှုက ရယ်မောလိုက်ရင်း

“ကောင်းတယ်။ ကျွန်တော်တို့ အတူတကွ ကြီးပြင်းလာကြတယ်။ အစ်ကိုဘင်က ကျွန်တော့်ထက် နှစ်နည်းနည်း ကြီးတယ်ဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းမှုက နက်ရှိုင်းတယ်ဆိုတော့ အစ်ကိုဘင်သာ အရေးကြီးတဲ့ စီးပွားရေးလျို့ဝှက်ချက်အချို့သင်ယူမယ်ဆိုရင် ကျွန်တော် စိတ်အေးနိုင်ပါပြီဗျာ။”

“ငါ့တာဝန်သာ ထားလိုက်ပါ။ ငါ ကောင်းကောင်း လုပ်ပါမယ်။” စုဘင်က ရယ်မောလိုက်သည်။

***

All Chapters