← Chapters

အပြောင်းအလဲ မြန်သော စိတ်သဘောထား

Vol. 05 Ch. 243

အပြောင်းအလဲ မြန်သော စိတ်သဘောထား

Vol. 05 Ch. 243

ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံတွင် ဖြစ်သည်။

စိတ်အတွင်း မသက်မသာဖြစ်နေသော သိုက်ရှင်းရွှယ်သည် စုကျေးရွာမှ လူနာ၅ယောက်အား ရှာတွေ့ခဲ့သည်။ လူနာများ၏အခြေအနေအား စစ်ဆေးသိရှိပြီးနောက် အတွင်းလူနာဆောင်ဋ္ဌာနမှူး၏နားနေခန်းသို့ အပြေးထွက်လာသည်။

“ဒေါက်…ဒေါက်…”

“ဝင်ခဲ့ပါ။”

အတွင်းလူနာဆောင်ဋ္ဌာနမှူး၏အသံသည် အခန်းတွင်းမှ ထွက်ပေါ်လာသည်။ တံခါးအား တွန်းဖွင့်ကာ အခန်းတွင်းသို့ ဝင်လာသော သိုက်ရှင်းရွှယ်သည် ဋ္ဌာနမှူးအား တစ်ယောက်အိပ်ကုတင်ပေါ်တွင် ထိုင်လျက် သူ၏ကုတ်အကျီၤအား သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်နေသည်ကို တွေ့ရသည်။

“မင်းက….?”

အတွင်းလူနာဆောင်ဋ္ဌာနမှူက သိုက်ရှင်းရွှယ်အား အာရုံသိပ်မစိုက်ထားမိချေ။ သိုက်ရှင်းရွှယ်အား မြင်ဖူးနေသည်ဟု ခံစားမိခြင်းကြောင့်သာ စူးစမ်းလိုက်သည်။

“ဋ္ဌာနမှူး… ကျွန်မက အလုပ်သင် သိုက်ရှင်းရွှယ်ပါ။ ဋ္ဌာနမှူးနဲ့ ပြောရမယ့် ကိစ္စလေးတစ်ခုရှိနေလို့ပါ။” သူမက ပြောလိုက်သည်။

အတွင်းလူနာဆောင်ဋ္ဌာနမှူးက အတော် စိတ်အနှောင့်အယှက်ဖြစ်သွားရသည်။ သူသည် နေ့မအား ညမအား အလုပ်များလွန်းလှသောကြောင့် အိပ်ချိန်ပင် ၂နာရီ ၃နာရီခန့်သာ ရပေသည်။ သို့သော် ထိုစိတ်ပျက်မှုအား သူ၏မျက်နှာထက်တွင် မပေါ်လွင်စေရဘဲ ခေါင်းညိတ်နေရင်း “ငါ့ကို ပြောပါ။”

“ဋ္ဌာနမှူး… လူနာ၅ယောက် အခုလေးတင် ရောက်လာပါတယ်။ သူတို့ကို ဆေးကုသပေးပြီးပေမယ့် လူနာဆောင် မရသေးလို့ အခု ကော်ရစ်ဒါက ကြမ်းပြင်ပေါ်မှာ နေ နေရတယ်။ သူတို့အတွက် ဋ္ဌာနမှူးများ တစ်ခုခု စီစဉ်ပေးနိုင်မလား။”

ထိုစကားအား ကြားသည်နှင့် အတွင်းလူနာဆောင်ဋ္ဌာနမှူးက ဒေါသတကြီး တုံ့ပြန်လိုက်သည်။

“ငါတို့ဆေးရုံက အတော့်ကို လူနာများနေတယ်။ ငါတို့မှာ လူနာဆောင် အလုံအလောက် မရှိတာကို သူတို့အတွက် ငါ့ကို စီစဉ်စေချင်သေးတာလား။”

သိုက်ရှင်းရွှယ်က အသံတိမ်တိမ်ဖြင့် ပြန်ဖြေသည်။ “ဟုတ်ကဲ့။ ကျွန်မ ဋ္ဌာနမှူးကို ဒီအကြောင်း ပြောချင်တာပါ။”

“အဓိပ္ပာယ် မရှိတာတွေ။”

ဋ္ဌာနမှူးက စိတ်ဆိုးမာန်ဆိုးဖြင့် ဆက်ပြောသည်။

“မင်းလည်း ငါတို့ဆေးရုံက ဆရာဝန်တစ်ယောက်ပဲ။ အခုဆေးရုံထဲမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေကို မသိဘူးလား။ မင်းရဲ့အထက်လူကြီးဆီ တန်းသွားပြီး ဆေးရုံစည်းကမ်းတွေ သင်ပြီးပြီလား။ အရာရာတိုင်းက ပုံမှန်လုပ်ရိုးလုပ်စဉ်တွေအတိုင်း အစီအစဉ်တကျ သွားရမယ်။ ပြောပါဦး။ မင်းက ဘယ်ဋ္ဌာနကလဲ။”

သိုက်ရှင်းရွှယ် တွေဝေသွားပြီး အသံတိုးတိုးဖြင့် ပြန်ဖြေသည်။

“ပြင်ပလူနာဆေးကုသမှုအတွက် တောက်တိုမည်ရ အလုပ်တွေနဲ့ သမားတော်ကို ကူညီပေးတာပါ။”

“ပြင်ပလူနာဋ္ဌာန ဟုတ်လား။”

ဋ္ဌာနမှူး၏မျက်ခုံးအစုံ မြင့်တက်သွားပြီး အေးစက်စွာ နှာခေါင်းတစ်ချက် မှုတ်လိုက်သည်။

“အဲ့လိုဆိုမှဖြင့် မင်းရဲ့တောက်တိုမည်ရအလုပ်တွေ လုပ်ချေပါ။ နောက်ဆို ဒီလိုကိစ္စတွေနဲ့ ငါ့ကို လာမရှာနဲ့။ နေစမ်းပါဦး…မင်းရဲ့အထက်လူကြီးက ဘယ်သူလဲ။”

သိုက်ရှင်းရွှယ်က ခါးသီးစွာ ပြောလိုက်သည်။ “ဆရာထန်ရှုပါ။”

“ဟမ့်” အတွင်းလူနာဆောင်ဋ္ဌာနမှူးက အော်ပြောသည်။

“ငါ့ကို အဲ့လို အရေးမကြီးတာတွေအတွက် လာမနှောင့်ယှက်ဖို့ သူ့လက်အောက်ငယ်သားတွေကို ထိန်းလို့ အဲ့ဒီထန်ရှုကို ပြော…ပြော…”

သူ၏စကားသံမှာ တစ်ဝက်တစ်ပျက် ရပ်သွားသည်။ လူတစ်ယောက်အား သတိရသွားသောကြောင့် သူ၏မျက်နှာပေါ်မှ ဒေါသများ အေးခဲသွားခဲ့သည်။ ထို့နောက် သူက သိုက်ရှင်းရွှယ်အား ကြည့်ကာ မေးလိုက်သည်။

“မင်း… ခုနက ပြောလိုက်တဲ့ အထက်လူကြီးနာမည်က ဘယ်သူ…”

သိုက်ရှင်းရွယ်က ပြောပြသည်။

“ပြင်ပလူနာဆောင်မှာ ဆေးကုသပေးနေတဲ့ ဆရာထန်ရှုပါ။ ကျွန်မတို့ဆေးရုံကို ရောက်လာတာ မကြာသေးဘူးလေ။”

အတွင်းလူနာဆောင်ဋ္ဌာနမှူး၏မျက်နှာထက်တွင် အမူအရာအမျိုးမျိုး ဖြစ်ပေါ်လာပြီး နောက်ဆုံးတွင် သူက ပြုံးပြလိုက်ကာ

“မင်းက ထန်ရှုရဲ့လက်ထောက်လား။ မင်းရဲ့နာမည်က ဘယ်သူ။ သိုက်…”

“သိုက်ရှင်းရွှယ်ပါရှင်။”

အတွင်းလူနာဆောင်ဋ္ဌာနမှူးက ခေါင်းတဆတ်ဆတ် ညိတ်နေရင်း သူ၏အပြုံးမှာ ပိုမိုထင်ရှားလာခဲ့သည်။

“အာ ဟုတ်ပြီ။ မင်းက သိုက်ရှင်းရွှယ်။ ထန်ရှုက ပြီးခဲ့တဲ့ရက်ပိုင်းက သိုက်ရှင်းရွှယ်လို့ခေါ်တဲ့ တပည့်တစ်ယောက် လက်ခံခဲ့တယ်လို့ ငါကြားတယ်။ အဲ့ဒါ မင်း ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး။ ဆိုတော့ မင်း အခု ရောက်လာတာ ထန်ရှုက ခိုင်းလိုက်တာလား။”

သိုက်ရှင်းရွှယ်က ပွင့်လင်းစွာ ပြောလိုက်သည်။

“ဟုတ်ကဲ့။ ဆရာ ခိုင်းလိုက်လို့ပါ။ အဲ့ဒီလူနာတွေက ကြည့်ရတာ ဆရာ့ဇာတိကနဲ့တူတယ်။”

အတွင်းလူနာဆောင်ဋ္ဌာနမှူး ချက်ချင်းပင် ထရပ်လိုက်မိပြီးနောက် လေးနက်သော အသံဖြင့်

“ငါနဲ့လိုက်ခဲ့။ အရေးကြီးလူနာတွေအတွက် အခန်း၂ခန်း ကျန်သေးတာ ငါ အခုမှ သတိရတယ်။ အဲ့ဒီလူနာတွေက ထန်ရှုရဲ့ဆွေမျိုးတွေဆိုမှတော့ သူတို့အတွက် ငါ စီစဉ်ပေးလိုက်မယ်။”

သူက အရူးမှ မဟုတ်တာ။

လက်ရှိကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံကြီး၏ရပ်တည်မှုသည် အတိတ်နှင့် မနှိုင်းယှဉ်နိုင်ပေ။ ဆေးရုံ သို့မဟုတ် ထန်ရှု၏ဂုဏ်သတင်းသည် ဝေးလံသော အရပ်များသို့ပါ ပျံ့နှံ့နေပြီဖြစ်သည်။ ခရိုင်ဒေသ၏နေရာအနှံ့မှ များပြားလှသော လူနာများကို မဆိုထားဘိ နိုင်ငံအနှံ့မှ လူနာများပင်လျှင် ထိုသတင်းအား ကြားသိကြသည်။

ထို့ပြင် လွန်ခဲ့သော ရက်များက ရုပ်မြင်သံကြားဋ္ဌာနမှ ဂျာနယ်လစ်များက အင်တာဗျူးတစ်ခု ပြုလုပ်ချင်နေကြသည်။ ဆေးရုံအုပ်ကြီးက အေးအေးဆေးဆေး နေလိုသော ထန်ရှု၏အကြောင်းအား သိနေသောကြောင့် ငြင်းဆိုလိုက်သည်။ သူသည် အတွင်းလူနာဆောင်ဋ္ဌာနမှူးတစ်ယောက်ဖြစ်ပြီး လျင်မြန်စွာ ရာထူးများ တိုးခဲ့သော်လည်း သူ့တွင် ကိုယ်ပိုင်အသိစိတ်ရှိသူဖြစ်သည်။ သူသည် ထန်ရှုနှင့် လုံး၀ မယှဉ်နိုင်ပေ။ ဆေးရုံအုပ်ကြီးပင် ထိုငယ်ရွယ်သူ ဘိုးတော်လေးအား ယဉ်ယဉ်ကျေးကျေး ဆက်ဆံရပေသည်။ ထန်ရှု ဆေးရုံသို့ ရောက်သည်မှာ တစ်ပတ်မရှိသေးသော်လည်း ဆေးရုံအုပ်ကြီးက ထန်ရှုအား  အဖော်လုပ်ကာ နေ့လည်စာ စားသည်မှာ အကြိမ်အနည်းငယ်ခန့် ရှိနေပြီလားပင် သူ မမှတ်မိချေ။

၁၀မိနစ်ကြာပြီးနောက် စုကျေးရွာမှ လူနာများသည် ကျယ်ဝန်းသော လူနာခန်းနှစ်ခန်းဆီသို့ နေရာချထားခံရပြီး လူနာကုတင်၃လုံးအား ထပ်ထည့်ပေးထားသည်။ လူနာများနှင့် စုကျေးရွာမှ ရွာသား ၇ယောက် သို့မဟုတ် ၈ယောက်ပါရှိနေသည့်တိုင် အခန်းသည် ကျယ်ဝန်းနေသေးသည်။

“မင်းတို့အားလုံး ဒီမှာ နေကြပါ။ ဆေးရုံခေါင်းဆောင်တွေက မှာထားပါတယ်။ မင်းတို့ရဲ့ဆေးရုံစရိတ်တွေကို မယူဖို့နဲ့ သွင်းထားတဲ့ငွေတွေကိုလည်း ပြန်ထုတ်ပေးဖို့ပါ။ မိသားစုဝင်တွေ ပါလာတယ်ဆိုတော့ လူနာတွေကို ပြုစုစောင့်ရှောက်ဖို့ သူနာပြုတွေတော့ မလွှတ်တော့ဘူး။ အကြောင်းကိစ္စရှိရင် ငါ့ကို ဆက်သွယ်နိုင်တယ်။ ငါက အတွင်းလူနာဆောင်ဋ္ဌာနမှူး ဖြစ်တာမို့ ဒီဝန်ဆောင်မှုကို သေချာပေါက် ပြီးပြည့်စုံအောင် လုပ်ရလိမ့်မယ်။”

အတွင်းလူနာဆောင်ဋ္ဌာနမှူးက ပြုံးရွှင်စွာ ပြောကြားလိုက်သည်။

အခန်းအတွင်းရှိ လူနာများနှင့် မိသားစုဝင်များမှာ ကျေးဇူးတင်သော အမူအရာဖြင့် ရှိနေကြသည်။ သို့သော် သူတို့၏ရင်တွင်းတွင် ဇဝေဇဝါနှင့် ပဟေဠိ ဖြစ်နေကြပေသည်။ အထူးသဖြင့် စုချွမ်ဖြစ်သည်။

သူသည် ပုံမှန်အားဖြင့် လူတွေ၏စကားများတဆင့် ထိုလူများ၏အတွေးအား ထိုးထွင်းသိမြင်ရာတွင် ကျွမ်းကျင်သော သူတစ်ယောက်ဖြစ်သည်။ ဆေးရုံမှ ယခင် ပြသခဲ့သော အမူအရာနှင့်သဘောထားများအား ပြန်လည်တွေးတောရင်း ယခုမြင်ကွင်းနှင့် နှိုင်းယှဉ်ကြည့်သောအခါ သူသည် ပြသနာအား ချက်ချင်း သိနားလည်သွားတော့သည်။

သူသည် ချီတုံချတုံဖြစ်နေပြီးနောက် သိုက်ရှင်းရွှယ်အား လှမ်းကြည့်လိုက်သည်။  သူမသည် အလှလေးတစ်ယောက်ဖြစ်ပြီး သူမ၏စိတ်နေသဘောထားသည် နှစ်သက်ဖွယ်ကောင်းသော်လည်း အထက်တန်းလွှာထဲမှ လူတစ်ယောက်နှင့်မတူချေ။ ထို့ကြောင့် စုချွမ်သည် သူမဆီသို့သွားကာ လေသံတိုးတိုးဖြင့် မေးလိုက်သည်။

“ဒေါက်တာလှလှ… ဒီမှာ ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော် မေးလို့ရမလားဗျ။ ကျွန်တော်တို့လူနာတွေရဲ့မိသားစုဝင်တွေကလည်း ဆေးရုံမှာ လူနာအခန်းတွေ မလုံလောက်ဖြစ်နေတာ သတိပြုမိတယ်ခင်ဗျ။ ဒါပေမယ့် ရုတ်တရက်ကြီး ကျွန်တော်တို့ ဒီလောက်ကောင်းတဲ့အခန်းကို ဘယ်လိုများ ရလိုက်တာခင်ဗျာ။ လူနာ၅ဦးစလုံး ဒီနေရာမှာ တစ်စုတစ်ဝေးတည်း ရသွားတာလား။”

သိုက်ရှင်းရွှယ်က ခပ်ဖွဖွ ပြုံးလိုက်ပြီး

“ကျွန်မရဲ့ဆရာသခင်က အတွင်းလူနာဆောင်ဋ္ဌာနမှူးကို တောင်းဆိုလိုက်လို့ပါ။”

“ဒေါက်တာရဲ့ဆရာသခင်က ဘယ်သူများလဲ။ သူက ကျွန်တော်တို့ကို သိလို့လား။” စုချွမ် ပိုမို စိတ်ရှုပ်ထွေးသွားကာ ထပ်မေးလိုက်သည်။

“ကျွန်မရဲ့ဆရာသခင်က ထန်ရှုပါ။ သူက ဒီဆေးရုံရဲ့သမားတော်တစ်ယောက်လည်း ဖြစ်ပါတယ်။”

ထန်ရှုလား။

စုချွမ် အံ့အားသင့်ကာ  ကြက်သေ သေသွားသည်။ သူ၏မျက်နှာထက်တွင် မယုံကြည်နိုင်ဟန်အမူအရာ ပေါ်လာပြီး

“ဒေါက်တာရဲ့ဆရာသခင်က ကြယ်တာရာအမှတ်(၁)အထက်တန်းကျောင်းမှာ ကျောင်းတက်နေတဲ့ ထန်ရှုနဲ့တော့ မတူဘူး ဟုတ်တယ်မလား။”

“ခိ…ခိ…” သိုက်ရှင်းရွှယ်က ရယ်မောလိုက်ရင်း “ကျွန်မရဲ့ဆရာသခင်က အမှန်တကယ်ကို အရင်က ကြယ်တာရာအမှတ်(၁)အထက်တန်းကျောင်းမှာ ကျောင်းတက်ခဲ့တယ်။ ဒီနှစ်ရဲ့တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ဖြေဆိုထားပါတယ်။”

စုချွမ်၏နှုတ်ခမ်းများ အကြိမ်အနည်းငယ်မျှ တုန်ရီသွားသည်။ သူ၏ကလေးဘဝအမှတ်တရများမှ လူငယ်လေးသည် ယခုအခါတွင် ခြားနားချက် ရှိနေပုံရသည်ကို သူ ရုတ်ခြည်းပင် နားလည်လိုက်သည်။ ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံကြီးတွင် သမားတော်တစ်ယောက် ဖြစ်နေရုံသာမက ယခုအခါ လက်ထောက်လှလှလေးတစ်ယောက်ပင် ရှိနေပြီဖြစ်သည်။ သူ့အား ပိုမို အံ့အားသင့်စေရသည်မှာ အတွင်းလူနာဆောင်ဋ္ဌာနမှူးကိုယ်တိုင် လူတိုင်းအတွက် ဆေးရုံတွင် နေစရာအဆင်ပြေမှု ရရှိစေရန် စီစဉ်ပေးနေခြင်းဖြစ်တော့သည်။

အံ့သြတုန်လှုပ်နေသည့် စုချွမ်အား ကြည့်ရင်း သိုက်ရှင်းရွှယ်က အသံလေးများထွက်အောင်ပင် ရယ်မောလျက် နူးညံ့စွာ ပြောလိုက်သည်။

“အမှန်တကယ်တော့ ရှင်တို့ ဒီဆေးရုံမှာ လူနာခန်း ဘာကြောင့် မရှာနိုင်လဲဆိုတာက ကျွန်မဆရာသခင်ရဲ့အပြစ်ပဲ။ သူ့ကြောင့်သာ မဟုတ်ရင် ရှင်တို့ ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံကြီးကို လာကတည်းက ဆေးရုံတက်ခွင့်ရလိမ့်မယ်။”

“ဟမ်…” စုချွမ် ထပ်မံ အံ့အားသင့်သွားရကာ ဇဝေဇဝါဟန်ဖြင့် မေးလိုက်သည်။ “အဲ့ဒါက ဘာကို ဆိုလိုတာလဲ။”

သိုက်ရှင်းရွှယ်က ရယ်မောလိုက်ရင်း

“ကျွန်မတို့ဆေးရုံ ဘာကြောင့် လူနာခန်းတွေ မလောက်တာလဲ ရှင်သိလား။”

စုချွမ်က ခေါင်းညိတ်ပြပြီး

“ကျွန်တော် ဘေးပတ်လည် စုံစမ်းပြီးပြီ။ အလွန်တော်တဲ့ နတ်ဆေးသမားတော်တစ်ယောက် ဒီကို ရောက်လာလို့ဆိုပြီး ကျွန်တော် ကြားသိရတယ်။ ဘယ်လိုရောဂါမျိုးမဆို နတ်ဆေးသမားတော်က အချိန်တိုအတွင်း ကုသပေးနိုင်တယ်။ အဲ့ဒါကြောင့် နိုင်ငံအနှံ့က လူနာတွေက သူ့အကြောင်းကြားပြီး ရောက်လာကြတယ်ဆိုပဲ။ ဟင်… ဒေါက်တာ ပြော…ပြောချင်တဲ့သဘောက…”

“ရှင်က မဆိုးဘူးပဲ။ ဒီဟာ မှန်ပါတယ်။ ဆေးရုံမှာ လက်ရှိအခြေအနေဖြစ်အောင် ဖန်တီးထားသူက ကျွန်မရဲ့ဆရာသခင် ထန်ရှုပဲလေ။” သိုက်ရှင်းရွှယ် ချိုသာသောအသံလေးဖြင့် ရယ်မောလိုက်သည်။

စုချွမ်၏နှုတ်ခမ်းများ တုန်ရီသွားကာ မည်သည့်စကားမျှ ထွက်မလာနိုင်တော့ချေ။  သို့သော်လည်း သူ၏ရင်ထဲရှိ နွေးထွေးမှုနှင့် ကျေးဇူးတရားသည် ယုတ်လျော့မသွားပါချေ။ ထန်ရှုသာ မရှိခဲ့ပါက သူ၏ရွာသားများသည် ကော်ရစ်ဒါတွင် လဲလျောင်းနေရဦးမည်သာ ဖြစ်သည်ကို သူ သိပေသည်။

“ဒေါက်တာရဲ့ဆရာသခင် ဘယ်ရောက်နေလဲခင်ဗျ။ ကျွန်တော် သူနဲ့ တွေ့လို့ရနိုင်မလား။”

“ဆရာသခင် အခု ဘယ်ရောက်နေလဲ ကျွန်မလည်း မသိပါဘူး။” သိုက်ရှင်းရွှယ်က ဖြေသည်။

စုချွမ် စိတ်ပျက်သွားသည်။ ရုတ်တရက် သူ၏မျက်နှာ လင်းလက်လာခဲ့သည်။ ထန်ရှု၏အဘွားသည်လည်း သည်အဖြစ်အပျက်တွင် ဒဏ်ရာရခဲ့သည်ဖြစ်ရာ ထန်ရှုသည် စုကျေးရွာမှ သတင်းကြားပြီး ချင်ဟီဒေသကို သွားနေသည်ဖြစ်ရမည်။ သူက လျင်မြန်စွာပင် ဖုန်းအား ထုတ်ကာ စုဘင်အား ဆက်လိုက်သည်။

“အစ်ကိုဘင်… ခင်ဗျား ထန်ရှုနဲ့ တွေ့ပြီးပြီလား။”

စုကျေးရွာတွင်…

စုဘင်သည် ထန်ရှုနှင့် စကားထိုင်ပြောနေစဉ် စုချွမ်၏ဖုန်းခေါ်ဆိုမှုအား လက်ခံရရှိသဖြင့် ကိုင်လိုက်ရာ ထိုမေးခွန်းအား ကြားလိုက်ရသဖြင့် ပြောလိုက်သည်။

“ငါတို့ အခုပဲ စကားထိုင်ပြောနေတာ။”

စုချွမ်က ချက်ချင်း ပြောလိုက်သည်။ “သူ့ကို ဖုန်းအမြန်ပေး ပေးပါ။ ကျွန်တော် သူနဲ့စကားပြောချင်လို့။”

စုဘင်က အိုကေဟု ပြောကာ ရယ်မောရင်း ထန်ရှုအား ဖုန်းလှမ်းပေးလိုက်သည်။

“ဖုန်းဆက်တဲ့လူက မင်းနဲ့ ပြောချင်လို့တဲ့။”

ထန်ရှု ခပ်ဖွဖွ ပြုံးလိုက်သည်။ သူနှင့်စုဘင်သည် ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ အဘယ်ကြောင့်ဆိုသော် ထန်ရှု၏အဖွားနေအိမ်နှင့် စုဘင်တို့အိမ်သည် နံရံတစ်ချပ်သာ ခြားသောကြောင့် များသောအားဖြင့် ထန်ရှု ငယ်ငယ်က ကစားရန် စုဘင်၏နောက်သို့ လိုက်လေ့ရှိသည်။ ထိုနည်းတူ သူနှင့် စုချွမ်သည် သက်တူရွယ်တူ ဖြစ်ပြီး ကလေးဘဝက အပြင်ထွက်လည်ရာတွင် အတူတူဖြစ်သောကြောင့် စုချွမ်နှင့်လည်း ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ မြစ်တွင် ငါးသွားဖမ်းခြင်း၊ ငှက်ဥနှိုက်ရန် သစ်ပင်ပေါ်သို့ တက်ခြင်း…အစရှိသဖြင့် သူတို့သည် အလွန်ရင်းနှီးသော ကလေးဘဝသူငယ်ချင်းများ ဖြစ်ကြသည်။

“စုချွမ်… မင်း ငါ့ကို ရှာနေတာလား။” ထန်ရှုက တစ်ချက်ပြုံးလိုက်သည်။

“ထန်ရှု…တကယ်ပဲ မင်းလား။ မင်းက ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံကြီးမှာလည်း စီစဉ်ပေးခဲ့တာလား။”

“ဟား..ဟား..ဟား…” ထန်ရှုက ရယ်မောလိုက်ရင်း “မင်း အခု အဆင်ပြေသွားပြီမဟုတ်လား။ ငါ သူတို့ဆီကို ဖုန်းဆက်ထားတယ်။”

စုချွမ်က အံ့အားသင့်စွာ ပြောလိုက်သည်။

“သောက်ကျိုးနည်း အံ့သြဖို့ကောင်းတာ။ မင်းက အခု တကယ့်ကို အံ့သြဖို့ကောင်းတဲ့ကောင်ပဲကွာ။ မင်းဆီက ဖုန်းတစ်ချက်ရတာနဲ့ အတွင်းလူနာဆောင် ဋ္ဌာနမှူးကိုယ်တိုင် ငါတို့ကို လာပြီး စီစဉ်ပေးတာ ငါ့ကောင်ရ။ မယုံကြည်နိုင်စရာအကောင်းဆုံးကတော့ မင်းက ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံကြီးရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ နတ်ဆေးသမားတော် ဖြစ်နေတယ်ဆိုတာကိုပါပဲကွာ။”

ထန်ရှုက သူ့အား စလိုက်သည်။

“အိုကေ…အိုကေ… ချာတိတ်လေး။ မငိုနဲ့တော့ ဟုတ်ပြီလား။ မင်းတို့ ဘယ်အချိန် ကြယ်တာရာက ပြန်လာရမှာလဲ။”

“ငါက ဒီည ပြန်လာမယ်။ လူနာ၅ယောက်ကို ပြုစုစောင့်ရှောက်ဖို့က သူတို့မိသားစုဝင်တွေ ရှိတယ်။ ငါက သူတို့ကို လိုက်ပို့ဖို့ပဲ တာဝန်ရှိတာ။ ငါ့ကို အဲ့မှာ စောင့်နေဦး။ မင်းနဲ့မတွေ့ရတာ ၂နှစ်ရှိသွားပြီမို့ ငါတို့ ပုလင်းထောင်သင့်တယ်။ ငိငိ…” စုချွမ်က ပြောလိုက်သည်။

“ကောင်းပြီ။ ငါ မင်းကို စောင့်နေမယ်။” ထန်ရှုက ပြောပြီးသည်နှင့် ဖုန်းအား စုဘင်ကို ပြန်ပေးလိုက်သည်။

စုဘင်က ဖုန်းအား ပြန်သိမ်းလိုက်ကာ ရယ်မောလျက်

“မင်းတို့၂ယောက်က ကစားအတူ စားအတူနဲ့ တပူးတွဲတွဲ အတူ ကြီးပြင်းလာကြတယ်။ မင်းရော ချွမ်လေးရော စမတ်ကျတဲ့သူတွေ ဖြစ်နေကြပြီ။ နှစ်ယောက်စလုံးက ငါတို့ရွာမှာ စိတ်တူကိုယ်တူ အရှိဆုံးတွေပဲ။”

“အစ်ကိုဘင်…မင်း မှားနေပြီ။ ကျွန်တော်က အစ်ကိုနဲ့ရော မကစားလို့လား။ ကျွန်တော်တို့တွေ အစ်ကိုဘင်သွားလေရာနောက်က တစ်ကောက်ကောက်လိုက်ခဲ့ကြတာကို မှတ်မိနေသေးတယ်။”

စုဘင်က အားရပါးရ ရယ်မောလိုက်သည်။ ထန်ရှုသည်လည်း ပြုံးကာ သာမန်ထက်ပိုစွာ ရယ်မောမိတော့သည်။

သူ၏နှုတ်ခမ်းမှ စီးကရက်အားထုတ်ကာ ထန်ရှုက စကားပြောနေသောခေါင်းစဉ် ပြောင်းလိုက်သည်။

“အစ်ကိုဘင်… ကျွန်တော့်ကို ပြောပါဦး။ ရွာမှာ ဘာတွေဖြစ်ခဲ့တာလဲ။ ဘယ်သူက ဒီပြသနာတွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူလဲ။ သူတို့က အစိုးရရဲ့ ခွင့်ပြုချက် ရထားတယ်ဆိုပေမယ့် ရိုင်းစိုင်းမောက်မာလွန်းအားကြီးတယ်ဗျ။ ကြည့်ရတာ သူတို့နောက်ခံက အလွန်အင်အားကြီးတဲ့ နောက်ခံတစ်ခုလား။”

***

All Chapters