ယူကျုံးမရဖြစ်လောက်အောင် ဖိနှိပ်ခြင်း
Vol. 05 Ch. 244
“သူက ဟောင်ချန်းရင်… ငါတို့နိုင်ငံက ဧကရာဇ်တော်ဝင်ရှုခင်းအိမ်ခြံမြေလုပ်ငန်းရဲ့သူဋ္ဌေးပဲ။ ပြီးခဲ့တဲ့ရက်အနည်းငယ်က သူနဲ့ အပြာရောင်မြို့တော်က စီးပွားရေးသမားတစ်ယောက်တို့က ငါတို့နေရာမှာ စက်မှုဇုန်တစ်ခု တည်ဆောက်ချင်နေကြတယ်။ အစိုးရရဲ့သဘောတူညီချက် ရအောင်နဲ့ ဒီစီမံကိန်းမှာ အစိုးရပါ ပါဝင်လာအောင် သူ ဘယ်လို လုပ်သွားတာလဲဆိုတာတော့ ငါ မသိပေမယ့် အစိုးရက အိမ်ခြံမြေဆိုင်ရာ လျှောက်လွှာတစ်ခုကို ထုတ်ပြန်ပေးခဲ့တယ်။” စုဘင်က မချိပြုံး ပြုံးလျက် ပြောပြသည်။
“ဟောင်ချန်းရင်ရဲ့နောက်ခံကာ ဘာလဲ။” ထန်ရှုက မေးလိုက်သည်။
“သူက ချင်ဟီဒေသရဲ့တရားရုံးအဖွဲ့ခေါင်းဆောင် မစ္စတာဟောင်ရဲ့တူပဲ။”
ထန်ရှု ရုတ်တရက် သဘောပေါက်သွားသည်။ နောက်ဆုံးတွင် ဒေသဆေးရုံမှ ဆရာဝန်များအား ဝယ်ယူနိုင်သော ဟောင်ချန်းရင်၏လွှမ်းမိုးနိုင်မှုကြီးအား သူ နားလည်သဘောပေါက်သွားပြီဖြစ်သည်။ သို့သော် တစ်ဖက်လူ၏နောက်ခံအင်အား ဘာကြီးဖြစ်နေပါစေ သူ ဂရုစိုက်မည်မဟုတ်ပေ။ ထိုသူများသည် သူ၏အဖွားအား ထိခိုက်နာကျင်အောင် လုပ်ဆောင်ရဲမှတော့ သေချာပေါက်ပင် ခါးသီးနာကျင်သော တန်ဖိုးအား ပြန်လည်ပေးဆပ်စေရန် သူ လုပ်မည်ဖြစ်သည်။ ဟောင်ချန်းရင်သာမက တရားရုံးအဖွဲ့ခေါင်းဆောင် မစ္စတာဟောင်နှင့် ဒေသဆိုင်ရာဆေးရုံခေါင်းဆောင်များပင် ဖြစ်စေကာမူ နာကျင်သော တန်ဖိုးအား ပေးဆပ်ရပေလိမ့်မည်။
ထန်ရှုသည် သူ၏ဖုန်းအား ထုတ်ကာ အင်တာနက်ဖွင့်ပြီး ချင်ဟီဒေသရှိ ဧကရာဇ်တော်ဝင်ရှုခင်း အိမ်ခြံမြေလုပ်ငန်းအကြောင်း ရှာလိုက်သည်။ မကြာမီ ဟောင်ချန်းရင်၏ ကိုယ်ရေးအချက်အလက်များအား လျင်မြန်စွာ သူ ရှာတွေ့သွားခဲ့သည်။
“အစ်ကိုဘင်…သွားနားတော့လေ။ မနက်ဖြန်ကျရင် ကျွန်တော့်ကို ငွေနဂါးမြက်ပင် ပေးဖို့ မမေ့နဲ့ဦး။”
စုဘင်က ခေါင်းညိတ်ကာ ထွက်ခွာသွားသည်။ ထန်ရှုသည် ကားထဲမှ စောင်တစ်ထည်အား ယူကာ အဖွားဖြစ်သူ၏အခန်းဆီသို့ ပြန်သွားလိုက်သည်။ အဖွားသည် အိပ်ပျော်နေဆဲဖြစ်ပြီး မိခင်ဖြစ်သူ စုလင်းယွမ်အား အိပ်ရာထက်တွင် ငိုက်မြည်းလျက်ရှိနေသည်ကို တွေ့လိုက်ရသည်။
“အမေ…သွားအိပ်တော့လေ။” ထန်ရှုက ညင်သာစွာ ပြောလိုက်သည်။
စုလင်းယွမ်က မော့ကြည့်လိုက်သည်။ သူမ၏မျက်နှာထက်တွင် အပြုံးတစ်ချက် ပေါ်ထွက်လာပြီး ညင်သာစွာ ခေါင်းယမ်းလိုက်ကာ
“သားအတွက် ဘေးအခန်းမှာ အမေ အိပ်ရာ ပြင်ပေးထားတယ်။ အခု အတော် နောက်ကျနေပြီ။ သား အနားယူသင့်နေပြီ။ အမေ မနက်စာ စားဖို့ နောက်မှ သားကို ထပ်ခေါ်လိုက်မယ်။”
“အမေ… ကျွန်တော်က အခု မအိပ်ချင်သေးဘူး။ ဒါပေမယ့် အမေ့ကြည့်ရတာ တအားပင်ပန်းနေပုံပေါက်တယ်။ ဘာဖြစ်လို့ ကိုယ့်ကိုကိုယ် ဖိအားပေးနေသေးတာလဲ အမေ။ အဖွားရဲ့ဒဏ်ရာ ပြန်ကောင်းလာစေရမယ်လို့ ကျွန်တော် ကတိပေးထားတယ်လေ။” ထန်ရှုက ပြောသည်။
စုလင်းယွမ်က တွေဝေနေရင်း ခေါင်းညိတ်လိုက်ကာ
“ကောင်းပြီ။ မေမေ နည်းနည်း အိပ်လိုက်မယ်။”
မိနစ်အနည်းငယ် ကြာသောအခါ ဆိုဖာထက်တွင် ဟောက်ကာ အိပ်ပျော်နေသော မိခင်အား ကြည့်ပြီးနောက် ထန်ရှုသည် အိမ်ထဲမှ တိတ်ဆိတ်စွာ ထွက်လာပြီး ကားပေါ်တက်ကာ ချင်ဟီဒေသဆေးရုံသို့ တိုက်ရိုက်မောင်းနှင်လာခဲ့သည်။
ဟောင်ချန်းရင်၏အချက်အလက်များအား သူ ရှာတွေ့ခဲ့ပြီးနောက် သူ၏ရုပ်သွင်အား သိရှိသွားပြီးနောက် ဒီညတွင် အတိုး ပြန်ယူရန် သူ စဉ်းစားထားသည်။
ချင်ဟီဒေသဆေးရုံ…
ဟောင်ချန်းရင်၏နောက်ခံကြောင့် ဒဏ်ရာရနေသော စုကျေးရွာသားများအား ဆေးကုသမှုငြင်းဆိုရန် ဆရာဝန်များအား ညွှန်ကြားနိုင်ပေသည်။ ပဋိပက္ခအတွင်း သူသည်လည်း ဒဏ်ရာရခဲ့သောကြောင့် ဆေးရုံတက်ကုသနေရပေသည်။
သို့သော်လည်း ထန်ရှုသည် ချင်ဟီဒေသဆေးရုံသို့ တန်းမသွားဘဲ ဆေးရုံအနီးရှိ ဆိုင်ရှေ့တွင် ကားရပ်လိုက်သည်။ ထို့နောက် သူသည် အနီးရှိ လမ်းကြားလေးထဲသို့ တိတ်တဆိတ် ဝင်ရောက်လိုက်ပြီးနောက် မိနစ်အနည်းငယ်ကြာသော် ဆေးရုံထဲသို့ တိတ်တဆိတ် ရောက်ရှိသွားတော့သည်။
ထန်ရှုသည် ဆေးရုံအဆောက်အဦး၏ အမှောင်ထောင့်တစ်ခုသို့ ချဉ်းကပ်လိုက်သည်။ ဘေးပတ်ဝန်းကျင်အား အကဲခတ်ရန် သူ၏စိတ်ဝိညာဉ်အာရုံအား အသုံးပြုလိုက်ရာ အတွင်းလူနာဆောင်၏တတိယထပ်တွင် အိပ်ပျော်နေသော ဟောင်ချန်းရင်အား အလွယ်တကူ သူ ရှာတွေ့သွားသည်။ အခြားအိပ်ရာထက်တွင် မိန်းကလေးငယ်တစ်ဦး လဲလျောင်းနေခဲ့သည်။
ဆေးရုံ၏လှေကားများနှင့် ဓာတ်လှေကားများတွင် စောင့်ကြည့်ကင်မရာများ တပ်ဆင်ထားသောကြောင့် ထန်ရှုသည် ထိုအရာများအား အသုံးမပြုချေ။ ဆေးရုံအပြင်ဘက် ပိုက်လိုင်းမှတစ်ဆင့် ဟောင်ချန်းရင်၏ပြတင်းပေါက်ဆီသို့ သွားခဲ့သည်။ ပြတင်းပေါက်အား တိတ်ဆိတ်စွာ ဖွင့်လိုက်ကာ အခန်းတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
“ဖောက်…”
ထန်ရှုက အလျင်အမြန် လှုပ်ရှားကာ အိပ်ပျော်နေသော မိန်းကလေးငယ်လေး၏ဦးခေါင်းထက်ရှိ အမှတ်အား နှိပ်လိုက်သည်။ ထို့နောက် ချက်ချင်း နိုးတစ်ဝက် အိပ်တစ်ဝက်ဖြစ်လာသော ဟောင်ချန်းရင်အား လက်သီးဖြင့် ထိုးလိုက်သည်။ ခွေးသေတစ်ကောင်အား သယ်လာသကဲ့သို့ ဟောင်ချန်းရင်အား ပခုံးဖြင့် ထမ်းကာ ပြတင်းပေါက်မှ ထန်ရှု ဆင်းလိုက်ပြီး လာရာလမ်းအတိုင်း ဆေးရုံထဲမှ ထွက်ခွာသွားတော့သည်။ ကားဆီသို့ ပြန်ရောက်သောအခါ ဟောင်ချန်းရင်အား ကားနောက်ခန်းထဲတွင် ထည့်လိုက်ပြီး ရွာ၏အောက်ပိုင်းသို့ မောင်းနှင်သွားသည်။
“ကျွီ…”
မစိုက်ပျိုးထားသော မြေပြန့်တစ်နေရာသို့ ရောက်သောအခါ ကားရပ်လိုက်ပြီး ဟောင်ချန်းရင်အား ကားထဲမှ ဆွဲထုတ်ကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
“ဖုန်း…”
နိုးတစ်ဝက် အိပ်တစ်ဝက်ဖြစ်နေသော ဟောင်ချန်းရင်သည် နာကျင်မှုကြောင့် နိုးလာခဲ့သည်။ သူသည် ကျေးလက်ဒေသတွင် ရောက်ရှိနေပြီး မြေပြင်ပေါ်သို့ ပစ်ချခံရသည်ကို ခံစားရသောအခါ အိပ်မက်တစ်ခုဟု ထင်နေခဲ့သည်။ ထို့ကြောင့် နာကျင်မှုအား ပြေပျောက်စေရန် ပွတ်လိုက်ပြီး ခပ်တိုးတိုး ဆဲဆိုလိုက်သည်။
“သေစမ်းကွာ။ ဘာလို့ ဒီဖေဖေက ဒီလိုရယ်စရာ အိပ်မက်ကို မက်နေရတာလဲ။ အိပ်မက်ထဲမှာဆို တကယ်မနာဘူးလို့ ဘယ်သောက်ရူးတွေက ပြောခဲ့တာလဲကွ။ ချီးတဲ့မှပဲ…ဘာလို့ အလှလေးတွေ ငါ့ဘေးမှာ ဝိုင်းပြီး ကစားနေတာမျိုးကို မမက်ရတာလဲ…”
ထန်ရှုက ဟောင်ချန်းရင်၏ပခုံးအား နောက်မှ ဆုပ်ကိုင်ကာ ဆွဲလှည့်လိုက်ပြီး ထိုသူ၏မျက်နှာအား ပြင်းထန်စွာ လက်ဝါးနှင့်ရိုက်လိုက်သည်။ ဟောင်ချန်းရင်သည် ငါးမီတာ ခြောက်မီတာအကွာသို့ လွင့်ထွက်သွားကာ ပါးစပ်မှ သွေးများ ထွက်လာပြီး သွားနှစ်ချောင်း ကျွတ်လာသည်အထိ ထန်ရှုက ထိုးကြိတ်လိုက်သည်။
“မင်းက အခုထိ အိပ်မက် မက်နေတယ်လို့ တွေးနေတုန်းပဲလား။ ဒီနေရာမှာ အလှလေးတွေ ရှာဖို့ စဉ်းစားမနေနဲ့။ အဲ့ဒါထက် တောဝက်သိုးနဲ့ ခွေးအတွေကတော့ အများကြီး ရှိတယ်။ မင်းရဲ့ပိုလျှံနေတဲ့ ဟော်မုန်းတွေ ထုတ်လွှတ်ဖို့ အဲ့ဒီကောင်တွေအချို့ ကို မင်းအတွက် ရှာပေးစေချင်လား။”
ထန်ရှုက ဟောင်ချန်းရင်ဆီသို့ လျှောက်လာကာ သူ၏ပခုံးအား ကိုင်လိုက်ပြီး သရော်လိုက်သည်။
ပြင်းထန်သော ရိုက်ချက်၊ ပူလောင်ပြင်းထန်သော နာကျင်မှုနှင့် သွေးရနံ့ပြင်းပြင်းကြောင့် ဟောင်ချန်းရင် ရုတ်ခြည်းပင် နိုးထလာခဲ့သည်။ သူက အိပ်မက် မက်နေခြင်း မဟုတ်ပါချေ။ ပြီးခဲ့တဲ့အချိန်က ဆေးရုံလူနာခန်းထဲတွင် သူ အိပ်ပျော်နေစဉ် တစ်စုံတစ်ယောက်က သူ့အား အပြင်ထုတ်လာခဲ့ပြီဖြစ်သည်။
တစ်စက္ကန့်အတွင်း ဟောင်ချန်းရင်သည် သူ၏တစ်ကိုယ်လုံး အေးစက်သွားသည့်နှယ် ခံစားလိုက်ရသည်။ ထိုအေးစက်မှုသည် သူ၏ရင်ထဲထိတိုင် ဝင်ရောက်သွားခဲ့လေသည်။ ခက်ခက်ခဲခဲ မတ်တတ်ရပ်လိုက်ပြီးနောက် ဟောင်ချန်းရင်က ထန်ရှုအား ကြည့်ကာ နှုုတ်လှန်ထိုးလိုက်သည်။
“ယီးလိုမှပဲ မင်းက ဘယ်သူလဲ။ ငါက ဘာကြောင့် ဒီနေရာကို ရောက်နေရတာတုန်း။ ငါ ဘယ်သူလဲဆိုတာရော မင်း သိရဲ့လားကွ။”
ထန်ရှုက သရော်သံဖြင့်
“ဟောင်ချန်းရင်… မင်းကို ငါက ပြန်ပေးဆွဲလာမှတော့ မင်း ဘယ်သူလဲဆိုတာ ငါသိနေတယ်လို့ ဆိုလိုတာပဲကွ။ ဒါပေမယ့် မင်းကို ငါ ဖျော်ဖြေမှု မပေးသလို သောက်စားဖို့လည်း ခေါ်လာတာမဟုတ်ဘူး။ သတ်ဖို့ ခေါ်လာခဲ့တာပဲ။ စိတ်ထားကောင်းရင် ကောင်းကျိုးရမှာဖြစ်သလို မကောင်းမှုတွေအတွက်လည်း ပြစ်ဒဏ်ချမှတ်ခြင်းဆိုတာ ရှိတယ်။ မင်းလည်း ဒီသဘောတရားကို သိမှာပါ။ မင်းက မကောင်းတာတွေ အများကြီး လုပ်ခဲ့တဲ့အတွက် ပြန်လည်ပေးဆပ်ဖို့ အချိန်ကျပြီ။ မသေခင်မှာ မင်း အခု ပြောစရာတစ်ခုခုများ ရှိသေးလား။”
အကြောက်တရားသည် ဟောင်ချန်းရင်၏မျက်နှာပေါ်တွင် ပေါ်လာခဲ့ပြီး ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်သွားကာ ထန်ရှုအား သေချာစွာ စိုက်ကြည့်လျက် မေးလိုက်သည်။
“ညီလေး… ငါ မင်းကို သိလား။”
ထန်ရှုက အေးစက်သော လေသံဖြင့်
“မသိဘူး။ ငါတို့ တစ်ခါမှ မတွေ့ဖူးဘူး။”
ဟောင်ချန်းရင်က ရုတ်တရက် တစ်စုံတစ်ခုအား သတိရသွားကာ အလျင်စလို မေးလိုက်သည်။
“မင်းရဲ့မျိုးရိုးနာမည်က ဘာလဲ။ စုကျေးရွာက စုမျိုးရိုးလား။”
ထန်ရှုက ပြုံးလိုက်သည်။
“ဟောင်ချန်းရင်… မင်း ငါ ဘယ်သူလဲဆိုတာ မှန်အောင် ခန့်မှန်းနိုင်မှတော့ အသက်ရှင်ဖို့ အခွင့်အလမ်း မရှိတော့ဘူး။ ငါ အကြောက်ဆုံးက ကြောက်နေတဲ့ တစ်စုံတစ်ယောက်ရဲ့ တစ်ချိန်မှာ ရောက်လာနိုင်တဲ့ စိတ်ရှုပ်စရာကောင်းတဲ့ ပြသနာတွေပဲ။ မင်း ငရဲသွားနိုင်ပြီ။”
ပြောပြီးသည်နှင့် ထန်ရှုက အလင်းကဲ့သို့ လျင်မြန်သောအရှိန်ဖြင့် ဟောင်ချန်းရင်ဆီသို့ ရောက်လာခဲ့သည်။ ဟောင်ချန်းရင် စတင်ပြေးလိုက်သော်လည်း ထန်ရှု၏လက်သီးက သူ၏ကျောပြင်အား ထိုးနှက်လိုက်သောကြောင့် ပါးစပ်အပြည့် သွေးတစ်လုပ်အန်ကာ မြေပြင်ပေါ် လဲကျသွားခဲ့သည်။ ထန်ရှု၏လက်သီးချက်သည် သူ၏အသက်အား နှုတ်မယူသွားသေးပေ။ ထန်ရှု၏အမုန်းတရားသည် သူ၏ဘဝအား ဖောက်ခွဲရန် နည်းလမ်းများစွာရှိသည်ဟု သူ ခံစားရသည်။
“ထစမ်း။ မင်း သေချင်ဟန်ဆောင်နေရင် မင်းကို မသန်မစွမ်းဖြစ်အောင် လုပ်ပစ်မယ်။ မင်း နောင်တတရားနဲ့ ရှင်သန်ရမယ်၊ ဒုက္ခခံရမယ်၊ မြည်တမ်းနေရမယ်။ မင်းကို ဒီနည်းနဲ့ သတ်တာကသာ ငါ့အတွက် ပျော်ရွှင်စရာ ဖြစ်လာမယ်။ ငါ ပျော်ရွှင်စေဖို့ မင်းကို ဖြည်းဖြည်းချင်း သေအောင်လုပ်ရမယ်။ ခဏခဏ သေလုမျောပါး ဖြစ်ရတာထက် အသက်ရှင်နေထိုင်ရတာက ပျော်ရွှင်စရာကောင်းတယ်ဆိုတာကို မင်းကို မြည်းစမ်းခိုင်းရမှာပေါ့။”
ထန်ရှုက ဟောင်ချန်းရင်၏ခါးအား ကန်ကျောက်ကာ အော်ဟစ်လိုက်သည်။
ကွင်းပြင်ထဲတွင် ပဲ့တင်ထပ်လာသော ထန်ရှု၏အော်သံသည် ပဲ့တင်ထပ်လာသော ကျိန်စာသဖွယ် ဟောင်ချန်းရင်အား မျှော်လင့်ချက် ကင်းမဲ့စေသည်။ သူသည် ရုတ်တရက်ဆိုသလိုပင် စုကျေးရွာအား စိတ်အနှောင့်အယှက်ပေးမိခြင်း၊ သည်အရူးအား စိတ်အနှောင့်အယှက် ပေးမိခြင်းတို့အတွက် နောင်တရလာခဲ့သည်။
မှန်ပေသည်။ သူ၏မျက်လုံးထဲတွင် ထန်ရှုသည် ရူးသွပ်နေသော လူတစ်ယောက်ဖြစ်သည်။ ရူးသွပ်နေသောသူတစ်ယောက်သာလျှင် ကြမ်းတမ်းရိုက်စက်သော နည်းလမ်းများကို အသုံးပြုကာ သူ၏သားကောင် ဒုက္ခခံစားနေရမှု၊ မပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုတို့ ပြည့်နှက်နေသော အသံများအား ကျေနပ်ပျော်ရွှင်နေလျက် သတ်လိမ့်မည်ဖြစ်သည်။
“ညီ..ညီ..ညီအစ်ကို… ငါတို့ ဘာလို့ ညှိနှိုင်းမှု မလုပ်တာလဲ။” ဟောင်ချန်းရင် ခက်ခက်ခဲခဲ ရပ်လိုက်သည်။ ထန်ရှုက သူ့အား ဆက်မရိုက်သည်ကို တွေ့တော့မှ ထိတ်ထိတ်လန့်လန့် အော်ဟစ်လိုက်သည်။
ထန်ရှုက ကြိုတင်သိရှိစွာဖြင့် ခြိမ်းခြောက်သည့်လက်ဟန်တစ်ခု ပြုလုပ်လိုက်သော်လည်း ဟောင်ချန်းရင်၏စကားအား ကြားသော် စိတ်ဝင်စားဟန်ဆောင်လိုက်ကာ ပြုံးကာ ပြောလိုက်သည်။
“အာ… မင်းက ညှိနှိုင်းချင်သေးတာလား။ မင်းလို သေလူတစ်ယောက်က ငါ့ကို ဘာတွေ ကမ်းလှမ်းနိုင်မှာလဲ။ မင်းရဲ့အသက်ကို ပိုက်ဆံနဲ့ ဝယ်ချင်နေတာလား။ ဟားဟားဟား…အလွန်သောက်ကျိုးနည်းစရာကောင်းတဲ့ မဖြစ်နိုင်မှုကြီးကွ။ နောက်နှစ်ရဲ့ဒီနေ့ဟာ မင်းသေဆုံးမှု နှစ်ပတ်လည်ပေါ့ကွာ။ ကောင်းကင်ဘုံအင်ပါယာ လာရင်တောင်မှ ငါ မင်းကို သတ်ဦးမှာပဲ။”
ဟောင်ချန်းရင်၏အမူအရာ ပျက်ယွင်းသွားသော်လည်း သူက အော်ပြောလျက်ရှိသေးသည်။
“မဟုတ်ဘူး…မဟုတ်ဘူး။ မင်း ပိုက်ဆံမယူချင်ဘူးဆိုရင် ငါ တခြား ခံစားခွင့်တွေ ပေးနိုင်ပါတယ်။ မင်း ငါနဲ့ လိုက်ရင် ဘယ်..ဘယ်လိုလဲ။ ဒီချန်းရင် အောင်မြင်ရင် မင်းလည်း အောင်မြင်မယ်။ ပျော်ရွှင်မှု ချမ်းသာမှုတွေကို အတူ ခံစားကြမယ်။ ချင်ဟီဒေသမှာ မင်းလိုချင်တာမှန်သမျှ ရစေရမယ်။”
“ဖြန်း…ဖြန်း…ဖြန်း…”
ထန်ရှု လျှပ်စီးသဖွယ် ဟောင်ချန်းရင်၏မျက်နှာအား အကြိမ်များစွာ ရိုက်လိုက်သဖြင့် ပါးစပ်အပြည့် သွေးအန်ထုတ်လိုက်ရသည်။ ထို့နောက် ထန်ရှု ရပ်တန့်လိုက်ပြီး ခနဲ့သောလေသံဖြင့်
“မင်း ငါ့ကို အရူးတစ်ယောက် ငပေါတစ်ယောက်လို့ ထင်နေတာလား။ ဟဲဟဲ…ဒီနေ့ မင်းကိုသာ ငါ ပြန်လွှတ်ပေးလိုက်ရင် မင်းပြောတဲ့ ချမ်းသာ ကြွယ်ဝမှု ပျော်ရွှင်မှုတွေ ခံစားဖို့ ငါ့မှာ အချိန်တောင် ရလိုက်မှာမဟုတ်ဘူး။ မင်းက ငါ့ကို သတ်မှာမဟုတ်ဘူးလား။”
ဟောင်ချန်းရင်တွင် ထိုအတွေး ရှိနေပါသည်။ သို့သော် ထန်ရှု၏တုံ့ပြန်သံအား ကြားသောအခါ ချက်ချင်းပင် ထိတ်လန့်သွားရသည်။ အကြောက်တရားကြောင့် သူ၏ခါးနှင့်တစ်ကိုယ်လုံးရှိဒဏ်ရာများမှ နာကျင်လာပြီး အော်မိလုနီးပါး ဖြစ်သွားသည်။
“ညီ…ညီအစ်ကို… မင်း ဘာလိုချင်တာလဲ။ ငါ့ကို ပြောပါ။ ငါ ပေးပါမယ်။”
ထန်ရှုသည် သူ့အား မြေပေါ်လဲကျသွားသည်အထိ ထပ်မံထိုးကြိတ်လိုက်သည်။ သူသည် ဟောင်ချန်းရင်ဆီ လျှောက်သွားကာ သူ၏ခေါင်းအား တက်နင်းထားရင်း ထီမထင်သော လေသံဖြင့်
“ငါ့ကို ပြောစမ်း။ စုရွာသားတွေကို ဆေးကုဖို့ ငြင်းလိုက်တဲ့ ဆေးရုံက မင်းရဲ့အပေါင်းအပါက ဘယ်သူလဲ။”
သူ၏အရှေ့မှလူသည် စုကျေးရွာမှ လူတစ်ယောက်မှန်း ဟောင်ချန်းရင် ချက်ချင်း သဘောပေါက်သွားသည်။ သို့သော်လည်း သူ့တွင် ဦးညွှတ်ရုံမှတပါး ရွေးချယ်စရာမရှိချေ။ သူ့အား တိရိစ္ဆာန်စာ ကျွေးကာ ကြမ်းကြုတ်ရက်စက်စွာ သတ်မည်ကို သူ အမှန်တကယ် ထိတ်လန့် ကြောက်ရွံ့နေမိသည်။
“ကျုံးထောင်… ဒေသဆေးရုံရဲ့ဒုဆေးရုံအုပ်ပါ။ သူက ငါ့ဦးလေးရဲ့အကူအညီနဲ့ ဒုဆေးရုံအုပ် ဖြစ်လာတာ။ မင်း တခြား သိချင်တာရှိရင် ငါ..ငါ ပြောပါမယ်။”
ကျုံးထောင်?
ထန်ရှု ထိုနာမည်အား မှတ်ထားလိုက်သည်။ ဟောင်ချန်းရင်၏ဦးခေါင်းထက်မှ သူ၏ခြေထောက်အား ကြွလိုက်ကာ အေးစက်သော နှာမှုတ်သံတစ်ချက် ပြုလိုက်ရင်း
“ဟမ့်…ငါ ဒီနေ့ မင်းကို မသတ်ပေမယ့် မင်းရဲ့ကျန်တဲ့ဘဝတစ်လျှောက်မှာ ဒီနေ့ကို သတိရနေအောင် နည်းလမ်းတစ်ခုတော့ ရှာရမယ်။ ဟုတ်ပြီ။ မင်းက အမျိုးသမီးတွေကို သဘောကျတယ် မဟုတ်လား။ မင်းရဲ့မျိုးပွားအင်္ဂါလေးကို ဖြတ်ပေးလိုက်ရုံပေါ့။ ဒါဆို မင်း ကုန်းကုန်းတစ်ယောက် ဖြစ်သွားလိမ့်မယ်။”
ဟောင်ချန်းရင်၏မျက်လုံးအစုံမှာ ပြူးကျယ်သွားကာ သူ သတိမထားလိုက်မိပါဘဲ ခါးကုန်းကာ တောင်းပန်တော့သည်။
“ညီ..ညီအစ်ကို။ ကျေးဇူးပြုပြီး မလုပ်လိုက်ပါနဲ့။ ငါက ၃၂နှစ်ပဲ ရှိသေးတာပါ။ ကလေးတစ်ယောက်မှတောင် မရသေးပါဘူး။ ညီအစ်ကို ကျေးဇူးပြုပြီး ညှာတာပါ။ ငါ့ကို ပြင်းပြင်းထန်ထန် အပြစ်မပေးလိုက်ပါနဲ့။ ငါသာ ကုန်းကုန်းတစ်ယောက် ဖြစ်သွားခဲ့ရင် ငါတို့မိသားစုမျိုးဆက် ပြတ်သွားပါလိမ့်မယ်။”
ထန်ရှုက လှောင်လိုက်သည်။
“မင်းမှာ တရားရုံးအဖွဲ့ခေါင်းဆောင် ဦးလေးတစ်ယောက် ရှိသေးတယ် မဟုတ်လား။ သူ့မှာ သားတစ်ယောက်ရှိမှာပေါ့။”
“မရှိပါဘူး။ သူ့မှာ သမီးတစ်ယောက်ပဲရှိတာပါ။” ဟောင်ချန်းရင်က အမြန်ဖြေလိုက်သည်။
***