ပြသနာများအား အရှိန်ပြင်းပြင်း ဖြေရှင်းခြင်း
Vol. 05 Ch. 245
ဟောင်ချန်းရင် ငယ်သံပါအောင် ထပ်ခါထပ်ခါ အော်ဟစ်နေရသည်အထိ ထန်ရှုက စိတ်ကြိုက်ထိုးကြိတ်ကန်ကျောက်လိုက်ပြီးနောက် မြေပြင်ပေါ်တွင် ထိုင်ခိုင်းလိုက်သည်။ သူ၏အရှေ့တွင် ထန်ရှုက ဝင်ထိုင်လိုက်ပြီး နွေးထွေးသောအပြုံးဖြင့်
“ဟောင်မိသားစုရဲ့မျိုးဆက် ပြတ်သွားမယ်လို့တော့ ငါ မထင်ပါဘူး။ ဘာကြောင့်လဲမင်းသိလား။”
ထိုခဏတွင် ဟောင်ချန်းရင်သည် ထန်ရှုအား အလန့်တကြား ကြည့်မိသည်။ သူ့ကဲ့သို့ အညှာအတာကင်းမဲ့ကာ ရက်စက်သောလူမျိုးအား တစ်ခါမျှ မတွေ့ဖူးခဲ့ပါချေ။ ဟောင်ချန်းရင်တစ်ယောက် သူ၏အသက်ကလေးအား လွန်မင်းစွာ စိုးရိမ်ပူပန်နေမိသည်။ သို့သော် ခုခံရုန်းကန်ရန်လည်း မလုပ်ရဲပါချေ။ ဟောင်ချန်းရင် အပြုံးတစ်ခု ဖျစ်ညှစ်ပြုံးကာ မေးလိုက်သည်။
“ဘာကြောင့်များလဲ”
“ဘာဖြစ်လို့လဲဆိုတော့ မင်းအဖေရော ဦးလေးရောက သက်ရှိထင်ရှား ရှိနေသေးတယ်လေ။ မင်းက ယောကျာ်းတစ်ယောက်လို မစွမ်းဆောင်နိုင်တော့ဘူးဆိုရင် သူတို့ဘဝအတွက် ကလေးတွေ မွေးပေးနိုင်ဖို့ အမျိုးသမီးတစ်ယောက်စီ ရှာနိုင်သေးတာပဲ။ ကလေးတစ်ယောက်မှ မရခဲ့ရင်တော့ မင်းတို့ဟောင်မိသားစု ကံမကောင်းတာပဲပေါ့။”
ဟောင်ချန်းရင် ပိုမို စိုးရိမ်သောကရောက်လာလေ မျက်ရည်များ ပိုမိုကျလာလေဖြစ်သည်။ သူက မျှော်လင့်ချက်မဲ့စွာ ခေါင်းယမ်းလိုက်ပြီး အော်ငိုလိုက်သည်။
“ညီ..ညီအစ်ကို… မင်းရဲ့လက်တွေက အရမ်းကို မြင့်မြတ်လှပါတယ်။ ကျေးဇူးပြုပြီး ငါ့ကို ညှာတာပေးပါကွာ။ မင်း ဘာလိုချင်လဲ ငါ့ကို ပြောပါ။ မျက်စိစုံမှိတ်ပြီးကို ငါ လုပ်ပေးမှာပါ။”
ထန်ရှု တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် မေးလိုက်သည်။
“မင်းရဲ့သရုပ်ဆောင်မှုစွမ်းရည်က ဘယ်လိုရှိလဲ။”
ဟောင်ချန်းရင် ကြောင်ပြီး စိုက်ကြည့်နေမိပြီးနောက် ချက်ချင်းပင် ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်ကာ
“ကောင်းတယ်။ မင်း စိတ်ကျေနပ်လောက်အောင်ထိကို ငါ စွမ်းဆောင်နိုင်ပါတယ်။ ငါ့ကို ဘယ်လိုသရုပ်ဆောင်စေချင်လဲ။”
“ဒေသဆေးရုံက ဒုဆေးရုံအုပ် ကျုံးထောင်ကို ဖုန်းခေါ်ပြီး ဒီကိုလာပြီးပြောလိုက်။ သူတစ်ယောက်တည်း လာဖို့ ပြောရမှာ။ တစ်ယောက်ယောက်ပါလာခဲ့ရင် ငါ မင်းကို ချက်ချင်းသတ်ပြီး အဝေးတစ်နေရာကို ထွက်သွားရုံပဲ။”
ဟောင်ချိန်းရင် တွေဝေသွားပြီးမှ ခေါင်းညိတ်လာခဲ့သည်။
ချင်ဟီဒေသ၏ ဝါးတားကျူ့ အထက်တန်းလွှာနေရာတွင်…
ကျုံးထောင်သည် သူ၏ဖုန်းမြည်လာမှုကြောင့် နိုးလာသည်။ အချိန်ကို ကြည့်လိုက်သော် သူ၏မျက်နှာထက်တွင် ဒေါသရိပ်များ ထွက်ပေါ်လာတော့သည်။ ဖုန်းအား ကောက်ကြည့်လိုက်ရာ သူ မသိသော နံပါတ်အစိမ်းဖြစ်နေသည်ကို တွေ့လိုက်ရသည်။ တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးမှ လေးလံသော အသံဖြင့် ပြန်ဖြေလိုက်သည်။
“ကျုံးထောင် စကားပြောနေပါတယ်။ ဘယ်သူပါလဲ။”
“ငါပါ။ ဟောင်ချန်းရင်။” ဟောင်ချန်းရင်၏အသံက ဖုန်းထဲမှ ထွက်ပေါ်လာသည်။
ကျုံးထောင် ပဟေဠိဖြစ်သွားသော အမူအရာဖြင့်
“သူဋ္ဌေးဟောင်… အခု အချိန် အရမ်းနောက်ကျနေပြီ။ ခင်ဗျား တစ်ခုခု လိုအပ်တာများ ရှိလို့လား။”
“သူဋ္ဌေးကျုံး… ငါ ဒီနေ့ မင်းကို အကူအညီတောင်းထားတဲ့ ကိစ္စ မှတ်မိတယ်မဟုတ်လား။ အခု ပြသနာအကြီးကြီး ဖြစ်နေပြီ။ ငါ ချင်ဟီဒေသကို အခု မသွားနိုင်တော့ဘူး။ အဲ့ဒါကြောင့် မင်းလည်း မင်းဘာသာ ပြင်ဆင်ထားသင့်တယ်။ မေးခွန်းအများကြီး မမေးနဲ့။ အတိုချုံးပြောရရင် ကြီးမားတဲ့ပုံရိပ်တစ်ခုကို ငါ ပြစ်မှားမိသွားပြီ။ ပြီးတော့ ငါ မင်းကိုလည်း တောင်းပန်ပါတယ်။ ဖြစ်နိုင်တာက မင်းလည်း ငါ့ကြောင့် အရှုပ်ထဲ ရောက်သွားနိုင်တယ်။”
“ခင်ဗျား ဘာပြောတာလဲ။” ကျုံးထောင်၏ငိုက်မြည်းနေမှုသည် ချက်ချင်း လွင့်ပြယ်သွားရသည်။ ချက်ချင်း အိပ်ရာထဲမှ ထလိုက်ကာ အလျင်စလို မေးလိုက်သည်။
“သူဋ္ဌေးဟောင် ဘာကိစ္စတွေ ဖြစ်ခဲ့တာလဲ။”
ဟောင်ချန်းရင်က ခါးသီးစွာ ရယ်မောလိုက်ပြီး
“ထူးခြားတဲ့ အခြေအနေဆိုတာ ဖုန်းထဲမှာ ပြောလို့ မရဘူး။ အတိုချုပ်ပြောရမယ်ဆိုရင် ငါ့ဦးလေးတောင်မှ ငါ့ကို မကူညီနိုင်လို့ သူ့ကို ရှုပ်မိတောင် စိုးရိမ်နေရတယ်။ အဲ့ဒါကြောင့်မို့လို့ ဒေသဆေးရုံမှာ ဆေးရုံအုပ်ဖြစ်ချင်တဲ့ မင်းရဲ့အိပ်မက်လည်း ပျက်စီးသွားနိုင်လောက်တယ်။ မင်းလည်း ထောင်ကျသွားတာမျိုး ဖြစ်နိုင်တယ်။ အား…ဒါတွေက ငါ့ရဲ့အမှားတွေပါ။ နောက်ဘဝမှာ အခွင့်အရေးရှိရင် မင်းကို ပြန်ပေးဆပ်ပါမယ်။”
ပြောပြီးသည်နှင့် ဖုန်း တန်းချသွားသည်။
သူ၏ဖုန်းမှ ဖုန်းချသွားသည့်အသံအား နားထောင်လျက် ကျုံးထောင် ကျောက်ရုပ်လိုဖြစ်ကာ ပါးစပ်အာစေးမိနေခဲ့သည်။ သူသည် မျက်တောင်ခတ်ကာ အသိဝင်လာပြီးမှ အတွင်းလူနာဆောင်ဋ္ဌာနမှူးဆီသို့ ဖုန်းဆက်ကာ အသံလေးလေးဖြင့် ပြောလိုက်သည်။
“ငါ ကျုံးထောင်ပါ။ သူဋ္ဌေးဟောင် သူ့အခန်းထဲမှာ ရှိသေးလား။”
“ကျေးဇူးပြုပြီး ခဏစောင့်ပေးပါ။”
မိနစ်အနည်းငယ် ကြာသော် ဖုန်းပြန်ခေါ်လိုက်သည်။
“ဟုတ်လား။ သူဋ္ဌေးဟောင် ရှိသေးတယ်တဲ့လား။”
“သူ ဒီမှာ မရှိတော့ဘူး။ သူ့မိန်းကလေးပဲ လူနာခန်းထဲမှာ အိပ်ပျော်နေတယ်။” အသံက ပြန်ဖြေသည်။
တစက္ကန့်အတွင်း အအေးဓာတ်များ သူ၏အကြောများထဲသို့ ဝင်ရောက်လာသည်ဟု ကျုံးထောင် ခံစားလိုက်ရသည်။ သူသည် မျှော်လင့်ကင်းမဲ့စွာဖြင့် အမှန်တကယ် မည်သည့်အရာမျာ ဖြစ်ပွားခဲ့သည်ကို သိလိုစိတ်ရှိနေသည်။ ထို့ကြောင့် အစောပိုင်းက သူ့အား ဆက်သွယ်ခဲ့သော ဖုန်းနံပါတ်အား ပြန်ခေါ်လိုက်သည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူ၏ဖုန်းအား ကိုင်လိုက်သည်ကို သိလိုက်ရသဖြင့်
“သူဋ္ဌေးဟောင်… အဲ့ဒီမှာ ဘာတွေ ဖြစ်နေတာလဲ ကျေးဇူးပြုပြီး ငါ့ကို ရှင်းရှင်းလင်းလင်း ပြောပါဦး။”
“ငါ ဒီဖုန်းနံပါတ်ကို ဖျက်ပစ်တော့မှာမို့ နောက်ထပ် မခေါ်တော့နဲ့။” ဟောင်ချန်းရင်က ပြောလိုက်သည်။
“နေဦး။” ကျုံးထောင် အော်လိုက်သည်။ “သူဋ္ဌေးဟောင်… အခု မင်း ဘယ်မှာလဲ။ ငါ ချက်ချင်းလာခဲ့မယ်။”
ဟောင်ချန်းရင်က ခါးသီးစွာ တုံ့ပြန်လိုက်သည်။
“ငါ စုကျေးရွာက ထွက်လာခဲ့ပြီး ရွာအနားက တောင်မှာ မနက်ဖြန်မနက်ထိ ပုန်းဖို့ ပြင်ဆင်နေတယ်။ ပြီးရင်တော့ ဒီနေရာက မြန်နိုင်သမျှမြန်မြန် ထွက်သွားတော့မယ်။”
“ငါ့ကို စောင့်ပါဦး။ အဲ့ဒီကို ငါ ချက်ချင်း လာခဲ့မယ်။” ကျုံးထောင် အော်ပြောလိုက်သည်။
ဟောင်ချန်းရင် ဖုန်းမချသေးဘဲ တစ်မိနစ်မျှ တိတ်ဆိတ်နေပြီးမှ သူက ဖြည်းညှင်းစွာ ပြောသည်။
“ကျုံးထောင်… မင်း ငါ့ကို သစ္စာမဖောက်ဘူးဆိုတာ ငါ ယုံပါတယ်။ မင်း ဘယ်ပြသနာကြီးဖြစ်တယ်ဆိုတာ သိချင်မှတော့ အချိန်မဆွဲသင့်ဘူး။ ငါ အခု စုကျေးရွာနားက တောင်ခြေမှာ ရှိတယ်။ မင်းကလွဲပြီး ဘယ်သူမှ ငါ့နေရာကိ မသိဖို့ ဂရုစိုက်မှရမယ်။ မင်းလာရင် အဖော်ခေါ်မလာနဲ့ဦး။”
“နားလည်ပြီ။”
ကျုံးထောင် နာခံစွာဖြင့် ဖုန်းချလိုက်ပြီး အဝတ်အစား အမြန်လဲသည်။ ကားသော့ကိုင်ပြီး အပြေးထွက်လာလိုက်သည်။
စုကျေးရွာအနီးရှိ တောင်ခြေတွင်…
ထန်ရှုသည် ဟောင်ချန်းရင်၏ဖူးရောင်နေသောပါးအား ပုတ်ကာ ချီးကျုးလိုက်သည်။
“သောက်ကျိုးနည်း… မင်းရဲ့သရုပ်ဆောင်စွမ်းရည်က တကယ်ကောင်းတာပဲ။ ကြည့်ရတာ မင်းရဲ့အသက်ကို ချမ်းသာပေးဖို့ သနားစရာကောင်းတဲ့ တောင်းပန်မှုတွေကလည်း ဟန်ဆောင်နေတဲ့ပုံပဲ။”
ဟောင်ချန်းရင် မျက်လုံးအဝိုင်းသား ဖြစ်သွားရသည်။ မျှော်လင့်ချက်မဲ့စွာ ခေါင်းယမ်းပြရင်း
“အဲ့ဒါ ဟန်ဆောင်တာ မဟုတ်ဘူး။ တကယ်ကို မဟုတ်ပါဘူး။”
ထန်ရှု တစ်ချက်တွေးလိုက်ရင်း ဖြည်းညှင်းစွာ ပြောလိုက်သည်။
“စကားတွေက မယုံကြည်ရဘူး။ အလုပ်နဲ့ ငါ့ကို သက်သေပြပါ။”
“ငါက ဘယ်လိုပြရမှာလဲ။”
“မင်းခြေထောက်တစ်ဖက်ကို ချိုးပစ်လိုက်။” ထန်ရှုက မျက်နှာသေဖြင့် ပြောလိုက်သည်။
“ဘာပြောတာ။” ဟောင်ချန်းရင် တုန်ရီသွားကာ သူ၏မျက်နှာထက်တွင် ထိတ်လန့်သောအမူအရာများ ပေါ်လာသည်။
ထန်ရှုက ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။
“မင်း ဒါကို ကိုယ်တိုင်လုပ်ရမှာ ကြောက်နေရင် ငါ ကူညီပါ့မယ်။ ငါ့ရဲ့အကျင့်ကောင်းတစ်ခုက သူများတွေကို အကူအညီပေးရတာပဲ။”
ဟောင်ချန်းရင်က တုန်ရီနေသောအသံဖြင့်
“ညီ..ညီအစ်ကို… ငါ့ကို ချမ်းသာပေးပါကွာ။ မင်းသာ ငါ့ခြေထောက်ကို ချိုးလိုက်ရင် ငါ တစ်သက်လုံး မသန်မစွမ်း ဖြစ်သွားလိမ့်မယ်။ မင်းက ကြီးမြတ်တဲ့သူတစ်ယောက်ပါ။ ဒီတစ်ကြိမ် ငါ့ကို ခွင့်လွှတ်ပေးပါ။ ငါ့အခြေအနေအပေါ် အမှီပြုပြီး ဘယ်သူကိုမှ အနိုင်မကျင့်ရဲတော့ပါဘူး။ ဆိုးရွားတဲ့အလုပ်တွေလည်း ထပ်မလုပ်တော့ပါဘူး။ နောင်တစ်ချိန် မင်းနဲ့ ဆုံခဲ့ရင်တောင် ရှက်စိတ်နဲ့အဝေးကို ချက်ချင်း ပြေးမယ်လို့ ငါ ကတိပေးပါတယ်ကွာ။”
ထန်ရှု ခေါင်းယမ်းလိုက်ရင်း
“ငါ မင်းကို ဒီည အသက်ရှင်ခွင့်ပေးမယ်။ အရုဏ်တက်ရင် မင်း သေရမယ်။ မင်းကို ခြေထောက်ချိုးခိုင်းတယ်ဆိုတာ အသက်ရှင်ဖို့ နောက်ဆုံးရွေးချယ်စရာပေးနေတာပဲ။ မင်း မလုပ်ချင်ဘူးဆိုရင်လည်း ပြသနာ မရှိဘူး။ မင်းအသက်ကို ယူလိုက်ရုံပေါ့။ ဒီရွေးချယ်စရာကို ယူတယ်၊ မယူဘူးကတော့ မင်းရဲ့ရွေးချယ်မှုပဲ။ တစ်မိနစ် အချိန်ပေးမယ်။ အဲ့ဒီအတွင်း မင်း မလုပ်ရင် ငရဲမှာ ပျော်ပျော်ကြီးနေပေတော့။”
“ငါ…” ဟောင်ချန်းရင်က ထန်ရှု၏မှုန်ကုပ်နေသော အမူအရာအား တစ်ချက်ကြည့်လိုက်သည်။ သူ၏ရင်ထဲမှ မျှော်လင့်ချက်မဲ့မှုသည် ပိုမိုကြီးထွားလာခဲ့သည်။ သူ၏စိတ်ထဲတွင် ထန်ရှုသည် အညှအတာကင်းမဲ့ကာ ရက်စက်သော နတ်ဆိုးတစ်ကောင် ဖြစ်သည်။ သူ မသေချင်ပါ။ သူသည် ချမ်းသာပြီး ကောင်းမွန်သော ဘဝတစ်ခု ပိုင်ဆိုင်ထားသည်။ ဆယ်စုနှစ်များစွာ အသက်ရှင်နေထိုင်နိုင်သေးသည်။
“အိုကေ…အိုကေ… ငါ့ခြေထောက်ကို ငါပဲ ချိုးလိုက်ပါမယ်။”
ဟောင်ချန်းရင်က ဘေးဘီဝဲယာအား လျင်မြန်စွာ ကြည့်လိုက်သည်။ မီတာအနည်းငယ်အကွာတွင် ကျောက်တုံးတစ်တုံးအား မြင်သောကြောင့် အမြန်တွားသွားလိုက်ကာ ကျောက်တုံးကို မလိုက်ပြီး သူ၏ခြေထောက်တစ်ဖက်အား ရိုက်ချိုးလိုက်တော့သည်။
“အား…”
စူးရှနာကျင်စွာ အော်လိုက်သော အသံသည် တောင်ခြေတစ်လျှောက်တွင် ပဲ့တင်ထပ်သွားခဲ့သည်။
ထန်ရှု ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ အဖွားဖြစ်သူ၏ခြေထောက်မှာ ကျိုးကြေသွားခဲ့ရသည်။ သူ၏ သာလွန်ထူးကဲသော ဆေးပညာ မရှိပါက ထိုအရာ၏နောက်ဆက်တွဲ ဝေဒနာများကိုပါ ခံစားရပေမည်။ ကုသခံနိုင်ရပါလျှင်တောင် မသန်မစွမ်း ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် သူသည် ထိုမကောင်းမှုအား ကျူးလွန်သူ ဟောင်ချန်းရင်အား မသန်စွမ်းသူတစ်ယောက် ဖြစ်လာရန် မည်ကဲ့သို့ ခံစားရသည်ကို မြည်းစမ်းခိုင်းလိုက်ခြင်းဖြစ်သည်။
သို့သော် ထန်ရှုသည် ဟောင်ချန်းရင်၏ နာကျင်စွာ ညည်းတွားအော်ဟစ်နေသောအသံအား မုန်းတီးလှသည်။ ဟောင်ချန်းရင်ဆီသို့ သွားကာ သူ၏ပေါင်အား ကိုင်လိုက်ပြီး များပြားလှသော သွေးကြောမှတ်များအား ဖိနှိပ်လိုက်သည်။
ရုတ်ခြည်းပင် ဟောင်ချန်းရင်၏ သနားစရာကောင်းလှသောအော်သံသည် ရပ်တန့်လာသည်။
“ဘာ..ဘာဖြစ်လို့ မနာတော့တာလဲ။”
ဟောင်ချန်းရင်၏အသံသည် ရှုံ့မဲ့နေရာမှ ပုံမှန်အခြေအနေသို့ ပြန်ရောက်လာသည်။ သွေးများဖုံးနေသော သူ၏ခြေထောက်အား ကြက်သေ သေလျက် ကြည့်နေမိသည်။ သိသာထင်ရှားစွာကို ငါ့ခြေထောက် ကျိုးသွားတာပါဟ။ သူက ထန်ရှုအား မယုံကြည်နိုင်ဟန်ဖြင့် မော့ကြည့်မိသည်။
ထိုခြေထောက်သည် မနာကျင်တော့ပေ။ ယခုအခါ နည်းနည်းလေးမျှပင် နာကျင်နေခြင်း မရှိတော့ပေ။ သွေးများဖုံးနေသော ခြေထောက်သာမရှိပါက သူ အိပ်မက် မက်နေသည်ဟုပင် တွေးမိနေပေလိမ့်မည်။
“ဒီကမ္ဘာကြီးရဲ့ကွန်ဖူးလောကမှာ သွေးကြောမှတ်တွေဆိုတာ ရှိတယ်။ ငါက မင်းပေါင်ပေါ်က သွေးကြောမှတ်တွေကို ချိပ်ပိတ်လိုက်တာ။ တစ်ခုက သွေးတိတ်ဖို့ ကျန်တာက နာကျင်မှုတွေ ပျောက်စေဖို့။ မင်း ထပ်ပြီး နာနာကျင်ကျင်အော်ရဲသေးရင် မင်းပါးစပ်ကို ငါ ချိပ်ပိတ်လိုက်မယ်။” ထန်ရှုက မျက်နှာသေဖြင့် ပြောလိုက်သည်။
ဟောင်ချန်းရင်က သူ့အား မယုံနိုင်ဟန် ကြည့်မိသည်။ သူ၏မျက်လုံးအိမ်ထဲတွင် ကြောက်လန့်တုန်လှုပ်နေမှုများအား တွေ့ရပေမည်။
“မင်းက သွေးကြောမှတ်တွေ သိတာလား။”
ထန်ရှု သူ့အား အေးစက်စွာ ကြည့်လိုက်ကာ မဖြေပေ။ သူ၏စိတ်အား တည်ငြိမ်စွာ ထားပြီး ဒုဆေးရုံအုပ် ကျုံးထောင်လာသည်ကို စောင့်ရန်လိုအပ်သည်။ ဟောင်ချန်းရင်အား မုန်းစရာကောင်းသည်ဟု ဝန်ခံလျှင် ကျုံးထောင်က မနှစ်မြို့စရာကောင်းသည်ကို ဝန်ခံရပေလိမ့်မည်။ သူသည် ဆေးရုံမှ ဆရာဝန်တစ်ယောက်ဖြစ်ပြီး ဆေးရုံ၏ခေါင်းဆောင်ပိုင်းမှ ဖြစ်သော်လည်း လူနာများအပေါ်တွင် ဆိုးရွားစွာ ပြုမူခဲ့ကာ လူမိုက်များနှင့် မကောင်းမှုအား အတူတကွ ဆောင်ရွက်ခဲ့သူဖြစ်သည်။ ထိုသူကိုမှ ပြန်လည် မပေးဆပ်ခိုင်းလျှင် ဘယ်သူ့ကို ပြန်ပေးဆပ်ခိုင်းရမည်နည်း။
မိနစ်၂၀ ကြာပြီးသော် ဗောက်စ်ဝက်ဂွန်ဆီဒင်ကားလေးသည် လင့်ရိုဗာအနီးတွင် ဖြည်းညှင်းစွာ ရပ်လာပြီး ကျုံးထောင်သည် ကားမောင်းသူနေရာမှ ဆင်းလာသည်။ သူသည် ဘေးပတ်လည်အား အကဲခတ်လိုက်သော်လည်း မည်သူမှ မရှိချေ။ ခြေလှမ်းအနည်းငယ် ရှေ့သို့သွားလိုက်ချိန်တွင် ဝိညာဉ်သဖွယ် ပုံရိပ်တစ်ခုသည် တိတ်တဆိတ် သူ၏အနောက်တွင် ပေါ်လာလျက် သူ၏ခေါင်းအား ရိုက်ကာ သတိလစ်သွားစေရန် ပြုလုပ်လိုက်သည်။
ထန်ရှုသည် ကျုံးထောင်၏လက်များအား ဆုပ်ကိုင်ကာ မီတာတစ်ရာအဝေးတွင် ရှိသော နေရာတစ်ခုသို့ သယ်ဆောင်လာပြီး မြေပြင်ပေါ်တွင် ထိုင်လျက် မောပန်းတကြီး အသက်ရှုနေသော ဟောင်ချန်းရင်၏အရှေ့တွင် ပစ်ချလိုက်သည်။
“သူ့ကို နှိုးလိုက်။ ကျောက်တုံးတစ်တုံးနဲ့ သူ့ခြေထောက်ကို ချိုးလိုက်တာ ပိုကောင်းတယ်။”
ဟောင်ချန်းရင်သည် တစ်ချက်တွေဝေသွားသော်လည်း ထန်ရှု၏အမိန့်အတိုင်း နာခံလိုက်သည်။ သူသည် ကျောက်တုံးအား ယူကာ ကျုံးထောင်၏ဘယ်ဘက် ခြေထောက်အား ရိုက်ချိုးလိုက်သည်။ ကျိုးသွားသော အရိုးသည် ပြင်းထန်သော နာကျင်မှုကို ဖြစ်စေသောကြောင့် ကျုံးထောင်သည် သတိလစ်နေရာမှ နိုးထလာပြီး ဝက်တစ်ကောင်၏အော်သံအလား အော်ဟစ်ကာ စိုက်ပျိုးထွန်ယက်ထားခြင်းမရှိသည့်ဒေသအား ပဲ့တင်ထပ်သွားစေသည်။
“ဟောင်… ဟောင်ချန်းရင်…”
ကျုံးထောင်သည် ကြယ်အလင်းရောင်များကိုသာ မြင်နိုင်ပြီး သူ၏အရှေ့တွင် ဟောင်ချန်းရင်အား ပင်ပန်းဆင်းရဲစွာ အသက်ရှူလျက် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ မယုံကြည်နိုင်ဟန်ဖြစ်နေသော သူ၏အကြည့်များသည် ဟောင်ချန်းရင်၏သွင်ပြင်အား တွေ့လိုက်ရသည့်အခါ မပျော်မရွှင် ဖြစ်သွားရသည်။
ဟောင်ချန်းရင်သည် ခါးသီးစွာ ပြောလာသည်။ “ငါ စိတ်မကောင်းပါဘူး ဒုဆေးရုံအုပ်ကျုံး။”
ဟောင်ချန်းရင်က သူ့အား တွေတွေကြီး စိုက်ကြည့်နေသည်။ စက္ကန့်များစွာ ကြာပြီးသော် သူ၏အနောက်တွင် တစ်စုံတစ်ယောက် ရှိသည်ကို ကျုံးထောင် သိရှိသွားသည်။ ထန်ရှုအား ကြည့်ပြီးနောက် သူ၏အမူအရာသည် ရုတ်ခြည်းပင် ပြောင်းလဲသွားရသည်။
“မင်းက ကျုံးထောင် ဟုတ်တယ်မလား။ ချင်ဟီဒေသဆေးရုံကြီးရဲ့ဒုတိယဆေးရုံအုပ်။ မင်းက ဆရာဝန်တစ်ယောက် ဖြစ်ရဲ့သားနဲ့ မင်းရဲ့လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစား လုပ်ပြီး လူနာတွေကို ဒုက္ခရောက်စေတယ်။ တော်တော် ကောင်းတဲ့ကောင်ပါလားကွ။”
ထန်ရှုက သူ၏အရှေ့သို့ ထွက်လာကာ တည်ငြိမ်အေးဆေးသောအသံဖြင့် ပြောလိုက်သည်။
“မင်းက ဘယ်သူလဲ။” ကျုံးထောင် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
ထန်ရှုက ထီမထင်ဟန်ဖြင့်
“ငါ ဘယ်သူလဲ ဟုတ်လား။ ငါက ကောင်းကင်ဘုံကိုယ်စား တရားမျှတမှုတွေကို ဆောင်ရွက်တဲ့သူ။ မကောင်းမှုလုပ်တဲ့သူတွေကို အပြစ်ပေးပြီး တရားမျှတအောင် လုပ်ပေးမယ့် သတ်ဖြတ်သူတစ်ယောက်ပဲ။ မင်း ဟောင်ချန်းရင်ကို အပြစ်မတင်နဲ့။ မင်းကို လှည့်စားဖို့ သူ့ကို ငါ ဖိအားပေးထားတာ။ အဲ့လိုမှ မလုပ်ရင် သူ ဒီနေ့ပဲ သေရမယ်လေ။ မင်းရောပဲ မင်းရဲ့ကံကလည်း သူ့ထက် ပိုကောင်းစရာ အကြောင်းမရှိပါဘူး။ ”
***