စုကျေးရွာမှ အဖြစ်အပျက်ကြီး
Vol. 05 Ch. 247
ထန်ရှုသည် စုကျေးရွာအနီးရှိ တောင်တန်းဆီသို့ ပြန်မောင်းလာခဲ့သည်။ ထို့နောက် သူသည် ကျုံးထောင်၏အလောင်းအား တောရိုင်းကောင်များအား ကျွေးရန် တောင်တန်းတစ်နေရာသို့ သွားပစ်လိုက်သည်။ ပြီးသော် ကားရပ်နားဆီကို ပြန်လာခဲ့ရာ အရာတစ်ခုအား တွေ့လိုက်ပြီး မျက်မှောင်ကြုပ်သွားသည်။
သူသည် အလောင်းအား ရှင်းပြီးသွားသော်လည်း ကျုံးထောင်၏ကားအား မည်သို့ရှင်းရမည်နည်း။
အချိန်အတန်ကြာမျှ ချီတုံချတုံဖြစ်ပြီးနောက် သူသည် ကျုံးထောင်၏ကားအား အဝေးသို့ မောင်းသွားရန် ဆုံးဖြတ်လိုက်သည်။ သည်နေရာမှ ကီလိုမီတာများစွာအကွာတွင် ကန်ငယ်တစ်ကန်ရှိနေသည်ကို သူ သတိရသွားသည်။ ထို့ကြောင့် ကားအား ကန်ထဲသို့ တွန်းချလိုက်ပါက ပြသနာ မရှိနိုင်တော့ချေ။
နောက်တစ်နာရီကြာပြီး အရုဏ်တက်လာချိန်တွင် ထန်ရှုသည် သက်သေလိုက်နိုင်မည့်အရာအားလုံး ဖျောက်ဖျက်ပြီးစီးသွားခဲ့ကာ သူ၏ကားအား စုကျေးရွာသို့ ပြန်လည်မောင်းနှင်လာခဲ့သည်။
“ဟေ့… မင်းက ရှုလေးမဟုတ်လား။”
ထန်ရှု ကားရပ်ရုံသာရှိသေးသည်။ ဘေးမှ ဖြတ်သွားဖြတ်လာ ဦးလေးကြီးတစ်ယောက်မှ သူ့အနား ရောက်လာခဲ့သည်။ သူသည် ကားအား ၂ကြိမ်လှည့်ပတ်ကြည့်ပြီးနောက် ထန်ရှုအား ကြည့်လာခဲ့သည်။
ထန်ရှုသည် ထိုလူအား သိသောကြောင့် ပြုံးပြလိုက်သည်။
“အန်ကယ်ဒယ်နန်။ အစောကြီး နိုးနေတာလား။”
စုဒယ်နန်သည် သူ့အား အံ့အားသင့်သောအမူအရာဖြင့် ကြည့်လိုက်ပြီး လင့်ရိုဗာကားအား အကြိမ်အနည်းငယ်မျှ လှမ်းကြည့်ကာ စူးစမ်းမိလိုက်သည်။
“မနက်ခင်းပိုင်းက သာသာယာယာ အေးမြတာမို့လို့ ပေါင်းပင်တွေကို နှုတ်ဖို့ အကောင်းဆုံးအချိန်ပဲ။ ဒါနဲ့ မင်း ဘယ်အချိန်က ကားမောင်းသင်လိုက်တာလဲ ရှုလေး။ ကားကောင်းတစ်စီးလည်း ရှိတယ်။ မင်းဦးလေးက ကားအကြောင်း နည်းနည်းပဲသိပေမယ့် ဒီကားလေးကို ပြောနိုင်တာက ဒါ ဈေးအရမ်းကြီးမှန်း မြင်နိုင်တယ် ဟုတ်တယ်မဟုတ်လား။”
ထန်ရှုက ပြုံးလျက်
“ဦးလေးဒယ်နန်… ကားဆိုတာက သွားလာဖို့အတွက် အသုံးပြုရုံလောက်ပါပဲ ဒီ့ထက် အံ့သြစရာ မရှိပါဘူး။”
စုဒယ်နန်က ခေါင်းညိတ်ပြလျက် လေးစားသောဟန်ဖြင့် ပြောလိုက်သည်။
“ငါတို့နိုင်ငံက လူတွေက ကားအကောင်းစား မောင်းတာကို ချစ်ကြတယ်။ ပြီးတော့ သူတို့အားလုံး ပုံရိပ်ကြီးတဲ့သူတွေသဖွယ် ဟန်ဆောင်ကြပြီး အခြားသူတွေနဲ့ နှိုင်းယှဉ်ကြတယ်။ မင်းမှာ ဒီလိုခံယူချက်ကောင်းတွေရှိသေးတာ မင်းက ကလေးတစ်ယောက်ပဲမို့လို့ပါ။”
“ဦးလေးဒယ်နန်… ကျွန်တော့်ကို ချီးကျူးလွန်းနေပါပြီ။”
ထန်ရှုနှင့် စုဒယ်နန်တို့ အတန်ကြာသည့်တိုင်အောင် စကားပြောနေခဲ့ပြီး သူက ကွက်လပ်ရှေ့သို့ ပြန်ရောက်လာသည်။ သူ မျှော်လင့်မထားမိသည်မှာ မိခင်ဖြစ်သူ စုလင်းယွမ်သည် နိုးနေကာ မျက်နှာသစ် သွားတိုက်လုပ်နေသည်ကိုပင်တည်း။
“အမေ… ဘာကြောင့် ကောင်းကောင်း အနားမယူတာလဲဗျာ။”
စုလင်းယွမ်က ပြုံးလိုက်ရင်း
“သားအဖွားက နိုးနေပြီ သူက ဆာနေပြီ ပြောတယ်။ အဲ့ဒါကြောင့် အမေလည်း အကြာကြီး မအိပ်ဖြစ်တာနဲ့ အမေ့ကို မနက်စာ လုပ်ပေးနေတာ။ ရှုအာ… သားကို အိမ်မှာမတွေ့လို့ ဘာတွေလုပ်နေလဲ သား။”
ထန်ရှုသည် မိခင်၏စိတ်ဓာတ်ရေးရာအား သိနေသောကြောင့် ဟောင်ချန်းရင်နှင့် ကျုံးထောင်တို့အား လက်စားသွားချေသည်ကို မိခင်အား မပြောပြချင်ပေ။ သူသာ ပြောလိုက်ပါက အချိန်အတန်ကြာသည်အထိ ထိတ်လန့်တုန်လှုပ်ကာ ကြောက်ရွံ့နေလိမ့်မည်။ ထို့ကြောင့် သူက အဖြူရောင်မုသားစကား ဆိုလိုက်သည်။
“ကျွန်တော် ဒီနားတစ်ဝိုက် ကားလျှောက်မောင်းနေတာ။ ၂နှစ်နီးပါး ရှိသွားပြီ။ ကျွန်တော်တို့ဇာတိမြို့လေးက အများကြီး ပြောင်းလဲမသွားတဲ့ပုံပဲ။”
စုလင်းယွမ်က ခေါင်းယမ်းလိုက်ရင်း
“ဒီကလူတွေက အရမ်းဆင်းရဲကြတယ်။ ပြောင်းလဲမသွားတာ မဆန်းပါဘူး။ ကဲ ရှုအာ သား အခု သွားအိပ်လိုက်ဦး။ စားသောက်ဖို့ ချက်ချင်း အမေ ပြင်ဆင်လိုက်ဦးမယ်။”
“ဟုတ်ကဲ့ အမေ။” ထန်ရှု တုံ့ပြန်လိုက်ရင်း မကြာမီ သူ၏အခန်းဟောင်းလေးထဲသို့ လာခဲ့သည်။
သည်နံရံများ၊ အိမ်ထောင်ပရိဘောဂများသည် ရင်းနှီးကျွမ်းဝင်မှုရှိနေသည်။ သူသည် ဒီနေရာတွင် နှစ်များစွာ နေထိုင်ခဲ့ရခြင်းကြောင့် ထိုနှစ်များ၏အဖြစ်အပျက်များသည် အင်မော်တယ်ကမ္ဘာတွင် နှစ်ပေါင်းတစ်သောင်း နေထိုင်ခဲ့သော အတွေ့အကြုံနှင့် နှိုင်းယှဉ်မည် ဆိုရင်တောင်မှ မေ့ပျောက်သွားမည့်အရာများ မဟုတ်ချေ။
“ဒီနေရာက တကယ့်ကို အိမ်ဆိုတဲ့ ခံစားမှုကို ရစေတာပဲ။”
ထန်ရှု စိတ်တွင်းမှ ခပ်ပြင်းပြင်း သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ၏ရင်တွင်းမှ နွေးထွေးမှုကို ခံစားလာရပြီး အနည်းငယ် ပင်ပန်းသွားသလို ခံစားခဲ့ရသည်။
တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် ထန်ရှုသည် အဝတ်အစားပင် မလဲတော့ဘဲ အိပ်ရာပေါ်လှဲချလိုက်ကာ အိပ်ပျော်သွားတော့သည်။
၂နာရီကြာပြီးနောက် စုကျေးရွာ၏တစ်ဝက်မကသော ရွာသူရွာသားများသည် စုမိသားစု၏ပျက်စီးနေသော ခြံကွက်လေးဆီသို့ ရောက်လာခဲ့ကြသည်။ အချို့က ခြံအပြင်တွင် ရပ်ထားသော လင့်ရိုဗာကားအား စပ်စုလိုစိတ်ဖြင့် ကြည့်နေကြသကဲ့သို့ အချို့က စုလင်းယွမ်အား ကျေးဇူးတင်သောအကြည့်တို့ဖြင့် စုလင်းယွမ်အား စကားပြောလာကြသည်။
“ယွမ်လေး… ချွမ်က သူပြန်ရောက်လာတဲ့အချိန်မှာ ငါတို့ကို အကြောင်းစုံ ပြောပြီးသွားပြီ။ တကယ်ကို ကျေးဇူးတင်ပါတယ်ဟာ။ အထူးသဖြင့် ထန်ရှုပေါ့။ သူပြောပေးလိုက်လို့။ မဟုတ်ရင် ဦးလေး(၄)တော့ ကြယ်တာရာဆေးရုံရဲ့ အတွင်းလူနာဆောင်က ကော်ရစ်ဒါမှာပဲ ရှိနေရဦးမှာ။”
“လင်းယွမ်… နင်က တကယ်ပဲ သားကောင်းတစ်ယောက် ရထားတာပဲ။ သူက ကောင်းမွန်စွာ ကြီးပြင်းလာပြီးတော့ သူ့ရှေ့မှာ တောက်ပတဲ့ အနာဂတ်တစ်ခု ရှိနေပြီ။ သည်တစ်ကြိမ် သူသာမရှိခဲ့ရင် ကြယ်တာရာကို သွားတဲ့ ရွာသားတွေ အခက်အခဲ ဖြစ်ကြရတော့မှာလေ။”
“ထန်ရှုက ငယ်သေးပေမယ့် သူက အားကိုးနေရပြီ။ သူက အမှန်တကယ်ပဲ ငါတို့ရွာရဲ့ကျက်သရေဆောင်ပဲ။ ငါ ကြားဖူးတာတော့ သူ့မှာ ကျွမ်းကျင်တဲ့ ဆေးပညာရှိလို့ ကြယ်တာရာဆေးရုံက ပြင်ပလူနာဋ္ဌာနရဲ့တာဝန်ခံ နတ်ဆေးသမားတော် တစ်ယောက်တဲ့။ ငယ်ရွယ်ပြီး အလားအလာကောင်းတွေရှိတဲ့ အံ့သြစရာကြီးကွ။”
“လင်းယွမ်… နင့်သားကို ကောင်းကောင်း သင်ကြားပေးခဲ့တာပဲ။”
အံ့သြတုန်လှုပ်မှုနှင့်အတူ စုလင်းယွမ်သည် လူတိုင်း၏ချီးကျူးစကားများအား အပျော်များဖြင့် နားထောင်လျက်ရှိပေသည်။ သူမ၏ရွာသူရွာသားများက ချီးမွမ်းရသော သားတစ်ယောက်ရှိခြင်းသည် သူမအား ပိုပြီး ပျော်ရွှင်စေသည်။
စုလင်းယွမ်က ပျော်ရွှင်စွာဖြင့် ထိုသူများအား တုံ့ပြန်တော့မည့်ဆဲဆဲတွင် အနက်ရောင်ကား၂စီး ဝင်ရောက်လာသည်။ စုကျေးရွာမှ လူတိုင်း ထိုကားနှစ်စီးအား စူးစမ်းသောအကြည့်ဖြင့် ကြည့်လိုက်ကြသည်။
“ကျွီ…”
ထိုအနက်ရောင်ကားများသည် လူအုပ်အနီးတွင် ရပ်တန့်လိုက်သည်။ လူထွားကြီး ၄ယောက် ကားပေါ်မှ ဆင်းလာပြီး ထို၄ယောက်၏အနောက်မှ ရွှေကိုင်းတပ်မျက်မှန် တပ်ဆင်ထားသော လူတစ်ယောက်က အနောက်မှ ဆင်းလာသည်။ ထိုသူသည် သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်ပြီး သူ၏အမူအရာအား ကြည့်ကောင်းအောင် လုပ်ဆောင်ပြီးနောက် ကားထဲမှ ဖြည်းညှင်းစွာ ထွက်လာခြင်းဖြစ်သည်။
ထိုသက်လတ်ပိုင်းလူအား မြင်ကြသော် စုကျေးရွာမှလူများ၏အမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားသည်။ အချို့ငယ်ရွယ်သော ရွာသားများက အသုံးဝင်သော လက်ဖြစ်လက်နက်အချို့ကို ကိုင်စွဲကာ တိုက်ခိုက်ရန်အတွက် ပြင်ဆင်စပြုလာသည်။
သက်လတ်ပိုင်းလူသည် မျက်နှာအနည်းငယ် ပျက်သွားပြီး အလျင်အမြန်ပင် နှစ်လိုဖွယ်ကောင်းသော အပြုံးအား ဖျစ်ညှစ်ပြုံးပြကာ ပြောလိုက်သည်။
“ရွာသူရွာသားများ ခင်ဗျား။ ကျေးဇူးပြုပြီး မတင်းမာကြပါနဲ့ဦး။ သည်တစ်ကြိမ် ကျွန်တော်တို့က ခင်ဗျားတို့ကို ဒုက္ခပေးဖို့ လာတာမဟုတ်ပါဘူးဗျ။ ကျွန်တော်တို့ အရမ်းကို မတရားလုပ်မိသွားတယ်လို့ ကျွန်တော်တို့သူဋ္ဌေးက သိလို့ ကျွန်တော့်ကို အထူးလွှတ်ပြီး ခင်ဗျားတို့ကို တောင်းပန်ခိုင်းလိုက်တာပါ။”
ရွာသူကြီးဟောင်း စုချန်ဟီသည် အလွန်ရဲရင့်သောသူဖြစ်သောကြောင့် ခြေလှမ်းအနည်းငယ် လှမ်းကာ သက်လတ်ပိုင်းလူ၏အရှေ့သို့ ရောက်လာကာ ငေါက်ငန်းလိုက်သည်။
“မင်းတို့တောင်းပန်တာတွေ ငါတို့ မလိုဘူး။ ငါတို့လယ်ကွင်းတွေကိုလည်း မင်းတို့ကို ဘယ်တော့မှ ရောင်းမှမဟုတ်လို့ အားကုန်မခံနဲ့လို့ ငါ အကြံပေးတယ်။ ထွက်သွားကြ။”
သက်လတ်ပိုင်းလူက မချိပြုံး ပြုံးကာ
“အဖိုး… ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့။ သည်တစ်ကြိမ် ကျွန်တော် လာတာက ကျွန်တော့်သူဋ္ဌေးရဲ့ အထူးအမိန့်အောက်ကပါ။ ရလဒ်ကောင်းမပါဘဲ ပြန်သွားရင် အဲ့ဒါက ကျွန်တော့်အတွက် မကောင်းဘူး။ သည်တစ်ကြိမ်က စုကျေးရွာကို တောင်းပန်ဖို့တင်မကဘူး မနေ့က ပဋိပက္ခမှာ ဒဏ်ရာရသွားတဲ့ မိသားစုတွေကို လျော်ကြေးပေးဖို့အတွက်ပါ ဒီကို လာခဲ့တာပါ။”
“လျော်ကြေး ဟုတ်လား။”
စုကျေးရွာမှ လူများသည် မယုံကြည်နိုင်ဟန်ဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏မျက်နှာထက်တွင်လည်း အံ့သြနေသည့် အမူအရာများ ဖြစ်ပေါ်နေသည်။ တစ်ဖက်လူသည် မည့်သည့်ဆေးဝါးများ သောက်မိသည်ကို သူတို့မသိတော့ပေ။ ဖြစ်နိုင်သည်က ၎င်းတို့၏အခြားအစီအစဉ်တစ်ခုပေလော။
သက်လတ်ပိုင်းလူက ဆက်ပြောသည်။
“လူတိုင်း… မနေ့ညက ကျွန်တော်တို့သူဋ္ဌေးက ခြောက်ခြားစရာအိပ်မက်တစ်ခုကို မက်ခဲ့တယ်။ အိပ်မက်ထဲမှာ သူအရင်က လုပ်ခဲ့တဲ့ မကောင်းမှုတွေအတွက် အပြစ်ပေးခံနေရတယ်။ နောက်ဆုံးတော့ သူဋ္ဌေးဆီမှာ လွန်ခဲ့တဲ့တစ်နှစ်လောက်ကတည်းက အလုပ်လုပ်နေတဲ့ လက်အောက်ငယ်သားတစ်ယောက်က ဆေးရုံကို ရုတ်တရက် ဝင်ပြီး သူ့ကို ဒဏ်ရာရစေခဲ့တယ်လေ။ သူဋ္ဌေးက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့လို့သာ.. မဟုတ်ရင် သူဋ္ဌေးကိုယ်တိုင် တောင်းပန်ဖို့ ရောက်လာမှာ။”
စုကျေးရွာမှလူတိုင်း၏မျက်နှာထက်တွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။
“မင်းက ငါတို့ကို ဘယ်လိုလျော်ကြေးပေးမှာလဲ။”
စုချန်ဟီက စက်ဆုပ်သော အမူအရာဖြင့် လေသံပြတ်ပြတ် မေးလိုက်သည်။
သက်လတ်ပိုင်းလူက သက်လတ်ပိုင်းသန်မာသောလူအား လျင်မြန်စွာ အချက်ပြလိုက်ရာ အိတ်အနက်တစ်လုံးအား သူ့ဆီပေးလာသည်။ သူက ထိုအိတ်အား မြှောက်ပြလျက်
“ကျွန်တော်တို့သူဋ္ဌေးက ပြောတယ် ဒဏ်ရာရသွားတဲ့ စုကျေးရွာက လူတစ်ယောက်ဆီကို ယွမ်တစ်သိန်း လျော်ကြေးပေးမှာဖြစ်တယ်။ ၆ယောက် ဒဏ်ရာရသွားတာမို့လို့ ကျွန်တော်တို့ ယွမ်၆သိန်းကို လျော်ကြေးအဖြစ် ယူခဲ့ပါတယ်။”
“ဘာ…”
စုကျေးရွာမှ လူတိုင်း တုန်လှုပ်သွားကြသည်။ သည်အဖြစ်အပျက်သည် မမျှော်လင့်စွာဖြင့် အကြီးအကျယ် ပြောင်းလဲသွားလိမ့်မည်ဟု သူတို့ တစ်ခါမျှ မတွေးခဲ့ကြပေ။
ဧကရာဇ်တော်ဝင်ကန်ရှုခင်းအိမ်ခြံမြေ၏သူဋ္ဌေး ဟောင်ချန်းရင်၏ခေါင်းအား တစ်စုံတစ်ယောက်က ရိုက်ခွဲသွားခြင်း ဖြစ်နိုင်မည်လား။
သက်လတ်ပိုင်းလူက အသံကျယ်လောင်စွာဖြင့်
“ဒဏ်ရာရတဲ့ မိသားစု၆စုအတွက် အခု တစ်ယောက်ယောက်များ ရှိနေလား။ ရှိခဲ့ရင် ရှေ့ထွက်လာပြီး လျော်ကြေးကို လက်ခံပေးပါ။”
စုကျေးရွာမှလူတိုင်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ ရုတ်တရက်ပင် ဒဏ်ရာရသွားသော လူများအား အားကျသွားကြသည်။ ဧကရာဇ်တော်ဝင်ကန်ရှုခင်းအိမ်ခြံမြေ၏သူဋ္ဌေး ဟောင်ချန်းရင်မှ သည်ကဲ့သို့ ငွေကြေးအမြောက်အမြား ပေးမည်ကို သိခဲ့ပါလျှင် ထိုစဉ်က သူတို့ရှေ့ထွက်ပြီး အရိုက်ခံကြမိပေလိမ့်မည်။
ယွမ်တစ်သိန်း…
သည်ဟာသည် စုကျေးရွာမှ လူများအတွက် ပမာဏများသော ငွေကြေးဖြစ်သည်။ ယွမ်တစ်သိန်းနှင့်သာဆိုပါက သည်နေရာတွင် သေချာပေါက် အချမ်းသာဆုံးဖြစ်လိမ့်မည်။
“ကျွန်မ…။ ကျွန်မအမေ ဒဏ်ရာရသွားတယ်။”
စုလင်းယွမ်က ရဲစိတ်မွေးလိုက်ကာ မတ်တတ်ရပ်ပြီး ပြောလိုက်သည်။ သူမ၏ဆိုင်ခန်းမှ လစဉ်အမြတ်သည် ယွမ်တစ်သိန်းထက်ပင် ကျော်လွန်နေပြီဖြစ်သောကြောင့် လက်ရှိတွင် ထိုငွေပမာဏအား သူမအနေဖြင့် လစ်လျူရှုနိုင်နေပြီဖြစ်သော်လည်း သူမ၏မိခင်မှာ ဒဏ်ရာရခဲ့ပြီး တစ်ဖက်မှလည်း လျော်ကြေးပေးလိုစိတ်ရှိနေရာ အဘယ်ကြောင့် ထိုငွေအား လက်မခံဘဲ နေရမည်နည်း။
သက်လတ်ပိုင်းလူက မေးလိုက်သည်။ “အခြားလူတွေရော ရှိသေးလား။”
စုချန်ဟီက ပြောလိုက်သည်။
“တခြားဒဏ်ရာရတဲ့သူတွေနဲ့ သူတို့မိသားစုဝင်တွေက ကြယ်တာရာကို သွားကြတယ်။ မင်း သူတို့ကို ပေးလိုစိတ်ရှိရင် အဲ့ဒီ၅ယောက်အတွက် ငါ့ဆီမှာ ပေးထားခဲ့လိုက်။ သူတို့ပြန်လာရင် ငါ ပေးလိုက်မယ်။”
သက်လတ်ပိုင်းလူက တွေဝေသွားသည်။
“ဒါ…ဒါ အဆင်ပြေပါ့မလား။”
တစက္ကန့်အတွင်း စုကျေးရွာမှ လူအားလုံးက စုချန်ဟီသည် အလွန်ရိုးသားဖြောင့်မတ်သော လူဖြစ်ပြီး ပိုက်ဆံများအား သူ့အား ပေးခဲ့ရန် သူတို့အားလုံး ယုံကြည်ကြကြောင်း ပြောဆိုကြသည်။
သက်လတ်ပိုင်းလူက ခေါင်းညိတ်ကာ အနက်ရောင်သားရေအိတ်ထဲမှ ယွမ်တစ်သိန်းအား ယူကာ စုလင်းယွမ်အား ပေးလိုက်ပြီး ကျန်သည့် ယွမ်၅သိန်းအား စုချန်ဟီအား ပေးလိုက်သည်။
“အားလုံးပဲ ကျွန်တော်တို့ လျော်ကြေးငွေလည်း ပေးအပ်ပြီးပါပြီ။ ဒါပေမယ့် ကျွန်တော့်သူဋ္ဌေးက ခင်ဗျားတို့အားလုံးကို ပြောပြချင်တဲ့ တခြားအကြောင်းအရာတစ်ခု ရှိပါသေးတယ်။ ခင်ဗျားတို့ရဲ့လယ်ကွက်တွေကို သိမ်းပြီး စက်မှုဒေသစီမံကိန်းလုပ်မယ့်အကောင်အထည်ဖော်မှုကို ဖျက်သိမ်းလိုက်ပါပြီ။ နောင်ဆို ကျွန်တော်တို့ ခင်ဗျားတို့ကို ဒုက္ခပေးတော့မှာမဟုတ်ပါဘူး။”
စုချန်ဟီက သူ၏လက်ထဲမှ ပိုက်ဆံထုပ်အား တစ်ချက်ကြည့်လိုက်ပြီး သက်လတ်ပိုင်းလူ၏ ရိုးသားသောအကြည့်တို့အား ကြည့်လိုက်သည်။ ထို့နောက် သူက လေးနက်သောအသံဖြင့်
“ဒီရွာမှာ ရှိတဲ့ ငါတို့လူတိုင်းက သာမန်ပြည်သူပြည်သားတွေပါ။ မင်းတို့က ငါတို့ကို ပြသနာ မလုပ်ရင် သဘာဝအတိုင်းကတော့ ငါတို့က စပြီး မင်းတို့ကို အနှောင့်အယှက်ပြုမှာ မဟုတ်ပါဘူး။”
“ဟုတ်ကဲ့ပါ။” သက်လတ်ပိုင်းလူက တုံ့ပြန်လိုက်ပြီး ကားပေါ်ပြန်တက်ကာ အနက်ရောင်ကား၂စီးသည် လျင်မြန်စွာ ပြန်ထွက်သွားတော့သည်။
စုကျေးရွာမှ လူတိုင်းသည် ခြံအပြင်ဘက်တွင် ဖြစ်ပျက်သွားသည့်အကြောင်းအရာအား ပြောဆိုနေကြသည်။ စုလင်းယွမ်သည်လည်း ယွမ်တစ်သိန်းအား ဆုပ်ကိုင်ကာ ခြံထဲသို့ အလျင်စလို ဝင်လာခဲ့သည်။ နိမ့်ကျသော ရွာလေးတွင် ဘဏ်မရှိသောကြောင့် ထိုငွေအား လုံခြုံရာတွင် ထားရန် နည်းလမ်းများ မရှိပေ။ စုလင်းယွမ်သည် ထန်ရှု၏အခန်းဆီသို့ လာခဲ့ရာ သူ အိပ်ပျော်နေသည်ကို မြင်လိုက်သည်။ တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးနောက် ထိုငွေအား အံဆွဲထဲတွင် ထည့်သိမ်းလိုက်သည်။
နေ့လည်တွင် ထန်ရှုသည် အိပ်ရာမှ နိုးလာခဲ့သည်။ ဟောင်ချန်းရင်၏လူများ လာကာ ဒဏ်ရာရသည့်လူများအား လျော်ကြေးပေးကာ ကိစ္စများအား အဆင်ပြေအောင် လုပ်ပေးသွားသည်ကို သူ သိလိုက်ရသဖြင့် ထိုအဆုံးသတ်အား အတော်ပင် စိတ်ကျေနပ်သွားရသည်။ ထို့နောက် သူသည် ဘဏ်သို့သွားကာ အဖွား၏ဘဏ်စာအုပ်ထဲသို့ ငွေတစ်သိန်းအား ထည့်ပေးလိုက်သည်။ မူလက သူသည် အဖွားအတွက် ငွေကြေးတစ်ချို့ ချန်ထားပေးရန် စီစဉ်ထားသော်လည်း ယွမ်တစ်သိန်း ရသွားသဖြင့် ထိုအကြံအား ထန်ရှုသည် စွန့်လွှတ်လိုက်ရသည်။
“ထန်ရှု…”
စုဘင်နှင့် စုချွမ်သည် ခြံထဲသို့ ဝင်လာကြသည်။ ထန်ရှုက ကျန်းရှီနှင့်စကားပြောနေသည်အား ကြည့်ပြီး သူတို့က စိတ်အားထက်သန်စွာဖြင့် အော်ခေါ်လိုက်ကြသည်။
စုဘင်၏လက်ထဲတွင် အိတ်တစ်လုံးအား ကိုင်ထားသည်။ ပုံမှန်အားဖြင့် သူသည် စကားနည်းကာ အနေတည်သော လူဖြစ်သော်လည်း ယခုတွင် သူသည် ပြုံးရွှင်လျက်ရှိသည်။
ထန်ရှုသည် ရှေ့ကို လျှောက်လာကာ စုချွမ်အား ပွေ့ဖက်လိုက်ပြီး အပြုံးဖြင့်
“ချွမ်… မနေ့က အဖွားကို ဆေးရုံလိုက်ပို့ပေးတယ်လို့ ငါ ကြားတယ်။ ကျေးဇူးပါ ညီအစ်ကို။”
စုချွမ်က ပြုံးလျက် တုံ့ပြန်လိုက်သည်။
“ဘာဖြစ်လို့ မင်းက ကျေးဇူးတင်နေရတာတုန်း။ ငါတို့ကြားမှာ ဒါတွေ မလိုပါဘူးကွာ။ အဲ့ဒါအပြင်ကို ငါက အဖွားကို ကြယ်တာရာကို ခေါ်သွားဖို့ ရည်ရွယ်ပေမယ့် အဖွားက ငြင်းတယ်လေ။ မင်းတို့ကို ဒုက္ခမပေးချင်ဘူးဆိုပြီး ပြောခဲ့တယ်။”
ထန်ရှုက ခပ်ဖွဖွ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက စုဘင်၏လက်ထဲမှ အိတ်အား လှမ်းကြည့်ကာ မေးလိုက်သည်။
“အစ်ကိုကြီးဘင်… အိတ်ထဲမှာ ငွေနဂါးမြက်ပင်တွေ ရှိနေတာလား။”
“ဒါပေါ့။ ငါ အိမ်ကိုသွားပြီး အနားပတ်လည်ကို ရှာတော့ ၁၆ပင်တွေ့တယ်။ နောက်ပြီး စုချွမ်နဲ့ ငါ ဒီမနက် တောင်ကို သွားပြီး ထပ်ရှာတော့ တစ်ဒါဇင်ထက် မနည်းဘူး တွေ့ခဲ့သေးတယ်။ ဒီအိတ်ထဲမှာ စုစုပေါင်း ၂၈ပင် ရှိတယ်။” စုဘင်က ရှင်းပြသည်။
***