အကူအညီတောင်းခံခြင်း
Vol. 05 Ch. 249
ညဉ့်နက်နက်အချိန်အခါသမယဖြစ်ပြီး ကောင်းကင်တွင် ကြယ်ပွင့်လေးများ တလက်လက် တောက်ပလျက် ရှိသည်။ ပုံမှန်မဟုတ်သော လေပြည်တစ်သုတ် တိုက်ခတ်လိုက်သည့်အခါ ပူလောင်လှသော နွေရာသီအချိန်အား အေးမြသွားစေခဲ့သည်။ အနီးတစ်ဝိုက်တွင် တောင်တန်းများရှိသော ချင်ဟီဒေသ၏ကျေးလက်ဒေသသည် လတ်ဆတ်သောလေနုအေးကို ရရှိရုံသာမက ကောင်းကင်နှင့်မြေကြီးကြားရှိ စိတ်ဝိညာဉ်ချီသည် မြို့ကြီးများထက် ပိုမိုကြွယ်ဝလေသည်။
ထန်ရှုသည် သူ၏မိသားစုနေအိမ်ခေါင်မိုးထက်တွင် ခြေချိတ်ထိုင်လိုက်ကာ နေရာတိုင်းမှ လာနေကြသော ကြယ်အလင်းရောင်များအား ခံယူရင်း သူ၏ကောင်းကင်စကြာဝဠာကျင့်စဉ်အား ကျင့်ကြံလျက်ရှိသည်။ လက်ရှိတွင် သူသည် အရေပြားသန်မာခြင်း၏အထွဋ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး အသားသန်မာခြင်းအဆင့်အား အချိန်မရွေး ချိုးဖောက်ဝင်ရောက်နိုင်နေပြီဖြစ်သည်။ ထို့ကြောင့် သူသည် နေ့စဉ် အလုပ်များနေသည့်တိုင် သူ၏ကျင့်ကြံမှုအား မနှောင့်နှေးစေလိုခဲ့ပေ။
“ဖုန်းမြည်သံ…”
သူ၏ဖုန်းမှ ကျယ်လောင်စွာ မြည်လာသောကြောင့် ကျင့်ကြံနေရာမှ ရုတ်တရက် နိုးထသွားရသည်။
ထန်ရှု ဖုန်းအား ယူကြည့်လိုက်ရာ ဖုန်းနံပါတ်ကြောင့် အနည်းငယ် အံ့အားသင့်သွားသည်။ ယွမ်ကျန်းရွှမ်အား ကတိပေးထားသော်လည်း အခုထက်ထိ မလုပ်ဆောင်ပေးရသည့်ကိစ္စတစ်ခုရှိနေသေးသည်ကို သူ သတိရလာသည်။
“ဦးလေးယွမ်…”
ယွမ်ကျန်းရွှမ်၏အရေးတကြီးအသံသည် ဖုန်းထဲမှ ထွက်ပေါ်လာသည်။
“ထန်ရှု… မင်း ဘယ်မှာလဲ။ လင်လေးကို ကယ်ပေးနိုင်မလား။”
ထန်ရှု၏အမူအရာသည် ပြောင်းလဲသွားကာ အလျင်စလို မေးလိုက်သည်။
“သူ ဘာဖြစ်လို့လဲ။ ဘာတွေ ဖြစ်သွားတာလဲ။”
ယွမ်ကျန်းရွှမ်၏အသံမှာ တိုးနေသော်လည်း ရှင်းလင်းလျက်ရှိဆဲပင်။
“ငါ့စီးပွားရေးမှာ မတော်တဆ တစ်ခု ဖြစ်ခဲ့တယ်။ နိုင်ငံခြားအင်အားစုတွေက ငါတို့ရဲ့သိပ္ပံနဲ့ နည်းပညာအချက်လက်တွေကို သည်းကြီးမဲကြီး မျက်စိကျနေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ သူတို့က ငါ့ရဲ့ နောက်စီးပွားရေးတစ်ခုကိုတောင် တိုက်ခိုက်လာကြတယ်။ လင်လေးကလွဲပြီး အခြားစွမ်းအားမြင့်အကြီးအကဲ၂ယောက်ကိုတောင် သူတို့ သတ်လိုက်ကြပြီ။ အဲ့ဒီလူတွေက အရမ်းအင်အားကြီးတယ်။ ငါ သူတို့ရဲ့တိုက်ခိုက်မှုကို တောင့်မခံနိုင်တော့ဘူး။”
ထန်ရှုက လေးနက်သောအသံဖြင့် မေးလိုက်သည်။
“ဦးလေးယွမ်… အခု ဘယ်မှာလဲ။ ကျွန်တော် ချက်ချင်း လာရှာမယ်။”
“ထန်ရှု… အခု ဒီကို မလာနဲ့ဦး။ သူတို့အင်အားက အရမ်းများတယ်။ မင်းလာရင် အသက်ဆုံးရှုံးသွားတာပဲရှိမယ်။”
ယွမ်ကျန်းရွှမ်က အလောတကြီးပြောလိုက်သည်။
ထန်ရှု ခေါင်မိုးပေါ်မှ ခုန်ဆင်းကာ အပြေးသွားနေရင်း လေးနက်သောအသံဖြင့် ပြန်ပြောလိုက်သည်။
“ကျွန်တော့်ကို လိပ်စာ ပြောပါ မြန်မြန်လေး။”
“ငါ ကျင်းဖုန်းဒေသထဲက စွန့်ပစ်ထားတဲ့ ကားရောင်းဝယ်ရာနေရာမှာ။” တစ်ခဏမျှ ချီတုံချတုံဖြစ်ကာ ယွမ်ကျန်းရွှမ် လေးလံသောစိတ်ဖြင့် ပြန်ဖြေလိုက်သည်။
ထန်ရှု ဖုန်းကို ချလိုက်ပြီး ချက်ချင်းပင် ကျုံးတိုက်ယွီထံ ဖုန်းဆက်ကာ သူ၏လက်အောက်ငယ်သားအချို့အား ဦးဆောင်လျက် ကယ်တင်ရန် အမိန့်ပေးလိုက်သည်။ ထို့နောက် လင်ရိုဗာကားပေါ်တက်ကာ ကြယ်တာရာသို့ အမြန်မောင်းနှင်သွားတော့သည်။
အဝေးပြေးလမ်းပေါ်တွင် ကားမောင်းခြင်းအတွေ့အကြုံ နည်းနေသေးသော်လည်း သူ ဂရုမစိုက်ဘဲ တစ်စုံတစ်ယောက်အား ကယ်တင်ရန် စိတ်စောနေပေသည်။ သူ၏ကျွမ်းကျင်သော ကားမောင်းစွမ်းရည်ကို အမှီပြုကာ သူ၏ကားအရှိန်သည် သတ်မှတ်ချက်ထက်ပင် ကျော်လွန်နေပေတော့သည်။
ကြယ်တာရာ၊ ကျင်းဖုန်းဒေသထဲမှ စွန့်ပစ်ထားသော ကားရောင်းဝယ်ရာနေရာ…
ပစ္စတိုတစ်လက်ကိုင်ဆောင်ထားသော ယွမ်ကျန်းရွှမ်သည် သူ၏နှုတ်ခမ်းထောင့်ပေါ်မှ သွေးများအား သုတ်လိုက်သည်။ ကျည်ဆံတစ်တောင့်သည် သူ၏ပခုံးအား ထွင်းဖောက်သွားသောကြောင့် သွေးများလည်း ထွက်လျက်ရှိသည်။ သူ၏ဘက်ဖက်ပါးပြင်ပေါ်တွင်လည်း ဓားဒဏ်ရာတစ်ခု ရှိနေပြီး သူ၏မျက်နှာသည် မှုန်မှိုင်းနေသည်။
သူ၏ဘေးပတ်လည်မှ ၁၀ယောက်ထက်မနည်းသော သန်မာသည့်လူများသည် ဒဏ်ရာအများအပြားကိုယ်စီ ရှိနေကြပြီး အချို့သည် သေနတ်များ ကိုင်စွဲလျက်၊ အချို့က ဓားများ ကိုင်ဆောင်လျက်ရှိကြသည်။ သူတို့သည် ဒေါင့်တစ်နေရာတွင် မှောင်ရိပ်ခိုလျက် ရှိကြကာ ဘေးပတ်ဝန်းကျင်အား သတိကြီးစွာ စောင့်ကြည့်စူးစမ်းနေပေသည်။
“သူဋ္ဌေး… အမြန်ပြေးပါ။ ကျွန်တော်တို့ ကာပစ်ထားပေးမယ်။”
ရုပ်ရည်ကြမ်းတမ်းပြီး သေနတ်ကိုင်ဆောင်ထားသော သတ်လတ်ပိုင်းလူတစ်ယောက်က သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ပြောလိုက်သည်။
ယွမ်ကျန်းရွှမ် ခါးသီးစွာ ခေါင်းခါလိုက်သည်။ သူ၏အသံအား ပိုမိုတိုးလိုက်ပြီး
“ငါတို့မှာ လူနည်းနည်းပဲရှိတယ်။ ငါတို့ မစဉ်းစားဘဲ အမြန်ပြေးထွက်သွားရင် ငါတို့ လူတစ်ဝက်မက သေသွားလိမ့်မယ်။ ငါတို့ တတ်နိုင်သမျှ အချိန်ဆွဲကြတာပေါ့။ သည်ခွေးမသားတွေက ငါ့ကို ဖမ်းချင်နေကြတာ။ ဒါပေမယ့် သူတို့လိုချင်တာ ငါ ပေးမှာ မဟုတ်ဘူး။ ငါတို့ တတ်နိုင်သမျှ အချိန်ဆွဲထားလေ သူတို့ကို ပြန်တိုက်ဖို့ အခြေအနေ ဖြစ်လာလိမ့်မယ်။ သူတို့ ပြန်ထွက်သွားရမှာပါ။”
အခြားလူထွားကြီးတစ်ယောက်မှ မျက်မှောင်ကြုပ်ကာ ပြောလိုက်သည်။
“သူဋ္ဌေး… ကျွန်တော်တို့ ဘာလို့ ရဲတွေကို မခေါ်တာလဲ။ ရဲတွေလာရင် ကျွန်တော်တို့…”
“ပါးစပ်ပိတ်ထား။” ယွမ်ကျန်းရွှမ် လေသံတိုးတိုးဖြင့် အော်ငေါက်လိုက်သည်။
“ငါတို့ ဘာကို သုတေသနလုပ်ပြီး ဖွံ့ဖြိုးတိုးတက်အောင်လုပ်နေတာလဲဆိုတာ မင်း မေ့သွားပြီလား။ ရဲတွေသာ ဒီအကြောင်းကို သိသွားရင် စစ်တပ်ကလည်း သိသွားမှာပဲ။ အဲ့လိုသာဖြစ်ခဲ့ရင် ငါတို့အသက်ရှင်နိုင်ဦးမယ်လို့ မင်းထင်လား။ ငါတို့ ဒီစမ်းသပ်မှုရဲ့ရလဒ်ကို စစ်တပ်ကို ရောင်းမယ်ဆိုရင်တောင်မှ အခုက အချိန်မကျသေးဘူး။”
“နားလည်ပါပြီ။” ထိုလူထွားကြီးက ခေါင်းညိတ်ကာ သွားဖြီးပြလိုက်သည်။
“ရွှီ…”
ထိုခဏမှာပင် ကျည်ဆံတစ်တောင့်သည် မှန်အား ထွင်းဖောက်ဝင်လာပြီး ထိုလူထွားကြီး၏နဖူးအား ထိမှန်ကာ ချက်ချင်းပင် အသက်အား နှုတ်ယူသွားတော့သည်။
ယွမ်ကျန်းရွှမ် မျက်နှာပျက်သွားသည်။ သူက လေးနက်သောအသံဖြင့် သတိပေးလိုက်သည်။
“သတိထား။ ရန်သူရဲ့စနိုက်ပါတွေက လက်ဖြောင့်တယ်။ ရန်သူတွေခေါင်းကို သွားရိုက်ဖို့ ကြံတဲ့သူတွေ သေချာပေါက် အသတ်ခံရလိမ့်မယ်။ ကိုယ့်ရဲ့နေရာနဲ့ ပစ်မှတ်ချိန်ဆတာကို သေချာလုပ်ပါ။ မစဉ်းစားဘဲ မလှုပ်ရှားနဲ့ သတိကြီးကြီးထား။”
လေးဆယ်-ငါးဆယ်ခန့်ရှိသော အနက်ရောင်ဝတ်စုံပြည့် ဝတ်ဆင်ထားသော လူထွားကြီးများသည် ထိုစွန့်ပစ်ထားသော ကားရောင်းဝယ်ရာနေရာအား ဝိုင်းထားလိုက်ကြပြီး အတွင်းသို့ ဝင်ရောက်ရန် ပူးပေါင်းဆောင်ရွက်နေကြသည်။ လူတိုင်းတွင် ကျည်အပြည့်ထည့်ထားသော သေနတ်ကိုယ်စီနှင့်ဖြစ်သည်။ ညအမှောင်အား အကာအကွယ်ပြုကာ တွေ့နိုင်သော ပစ်မှတ်များအား ရှာဖွေနေကြသည်။ သူတို့၏အနောက်တွင် နိုင်ငံခြားသား၂ယောက်အား တင်ဆောင်ထားသော ဗောက်စ်ဝက်ဂွန်ပစ်ကပ်ကားတစ်စီးသည် အနီးနားတွင် ဆိုက်ရပ်ထားသည်။ ထို၂ယောက်သည် အဝေးကြည့်မှန်ပြောင်းအား အသုံးပြုကာ အဆောက်အဦးအတွင်းသို့ စောင့်ကြည့်လျက်ရှိသည်။
နောက်ဆုံးတွင် နိုင်ငံခြားသားတစ်ယောက်ကာ မှန်ပြောင်းအား ဘေးသို့ချကာ အင်္ဂလိပ်ဘာသာဖြင့် ပြောလိုက်သည်။
“တရုတ်မှာ စကားပုံတစ်ခုရှိတယ်။ ထောင်ချောက်မိတဲ့သားရဲကောင်ဟာ ရုန်းကန်နေလည်း အချည်းနှီးပဲတဲ့။ ယွမ်ကျန်းရွှမ်က ထောင်ချောက်ထဲ ကျသွားပြီဆိုတော့ သူ လွတ်နိုင်မှာမဟုတ်တော့ဘူး။ ငါတို့သာ သူ့ကို ဖမ်းနိုင်လိုက်ရင် ဇီဝလက်နက်တွေအကြောင်း အဓိကသတင်းကို သူ့ဆီက ထွက်လာဖို့ နှိပ်စက်ညှင်းပန်းရမယ်။ ဂျက်ဖ်…သည်ကျွန်းသားငပုကောင်တွေရဲ့အစီအစဉ်ကို ဖျက်ဆီးဖို့ ပြင်ဆင်ထား၊ ငါတို့ ဒီဇီဝသတင်းရတာနဲ့ ဒီနေရာကနေ အမြန်ဆုံး ထွက်ရမယ်။”
“အစီအစဉ်က အဲ့ဒီငပုကောင်တွေနဲ့ ပူးပေါင်းလုပ်ထားတာပဲ။ ဒါပေမယ့် သူတို့က ဒီညမှာ ထွက်မလာဘူး။ ငါတို့နဲ့ ယွမ်ကျန်းရွှမ်တို့ အချင်းချင်းတိုက်ပြီး ပျက်စီးသွားတဲ့အချိန်မှ သူတို့ကောက်စားလိမ့်မယ်လို ငါ သံသယရှိနေတယ်။ တရုတ်စကားပုံတွေလည်း အရှိသားမလား။ ဓားခုတ်ကောင်က ပုစဉ်းရင်ကွဲကို တိုက်နေချိန်မှာ မြေလူးငှက်က နောက်မှာ ပုန်းနေတယ်ဆိုတာမျိုးလေ။ သူဋ္ဌေးက ပြောတယ် ဒီကျွန်းသားငပုတွေက ကမ္ဘာပေါ်မှာ အလိမ်မာပါးနပ်ဆုံးနဲ့ မယုံကြည်ရဆုံးသူတွေပဲတဲ့။ ငါတို့ပြင်ဆင်ထားတဲ့ လွတ်မြောက်ဖို့ လမ်းကြောင်းက မလုံခြုံတော့မှာကို ငါ စိုးရိမ်တယ်။ အဲ့ဒါကြောင့် တဂိုး.. ငါ လမ်းကြောင်းအသစ်ဆွဲထားတယ်။ အဲ့ဒါက လုံးဝကို လုံခြုံစိတ်ချရလိမ့်မယ်။”
တဂိုးက မျက်မှောင်ကြုပ်ကာ အေးစက်စွာ ပြောလိုက်သည်။
“ငါ့တာဝန်က ဇီဝလက်နက်ရဲ့အဓိက သတင်းအချက်အလက် ရဖို့ပဲ။ အဲ့ဒါကို ပြန်သယ်သွားဖို့ လမ်းကြောင်းက မင်း လုပ်ရမယ့်အပိုင်း။ ငါ မင်းကို သတင်း လွှဲပြီးတာနဲ့ချက်ချင်း ဒီကိစ္စက ငါနဲ့ဘာမှ ပတ်သက်မှုမရှိတော့ဘူး။”
ဂျက်ဖ်က ပခုံးတွန့်ပြကာ မှန်ပြောင်းအား ပြန်ကောက်လိုက်သည်။
“ဖန်း…ဖန်း…”
သဲသဲကွဲကွဲမကြားရသော သေနတ်သံများအား ရုတ်တရက် ကြားရသည်။
နှစ်ဖက်စလုံးသည် ကျည်အပြည့်ထည့်ထားသော အသံတိတ်သေနတ်များကိုယ်စီနှင့်ဖြစ်သည်။ ထို့ကြောင့် သည်ပြင်းထန်သော သေနတ်တိုက်ပွဲဖြစ်သည့်တိုင် အပြင်ဘက်ရှိလူများအား မဆွဲဆောင်ခဲ့ပေ။ ထို့ပြင် သည်ကားရောင်းဝယ်ရာနေရာသည် လွန်ခဲ့သော၆လဝန်းကျင်က နေရာပြောင်းရွှေ့သွားပြီ ဖြစ်သောကြောင့် ကားအပျက်အစီးအပိုင်းအစများသာ သည်နေရာတွင် ကျန်ခဲ့သည်။
ပစ်ကပ်ကားပေါ်မှ တဂိုးက လှောင်ရယ်လိုက်သည်။
“ငါ ခေါ်လာတဲ့သူတွေက သေမင်းရိတ်သိမ်းသူ ကြေးစားအဖွဲ့က ကျွမ်းကျင်တဲ့သူတွေ။ သူတို့က ပြင်းထန်တဲ့တိုက်ပွဲများစွာကို ရာသီမရွေး တိုက်ခိုက်လာကြတဲ့သူတွေ။ ဒီယွမ်ကျန်းရွှမ်အောက်က ငချွတ်တွေက နှစ်ဘီးတပ်စစ်ရထားကို ရပ်တန့်ဖို့ ကြိုးစားနေကြတဲ့ ရှိခိုးကောင်တွေပဲ။ ဒီကောင်တွေက ဝါးနိုင်တာထက် ပိုကိုက်ချင်နေကြတယ်။ ငါ လူတစ်ယောက် ပြောတာ မှတ်မိသေးတယ်။ ဒီနိုင်ငံကလူတွေက အိပ်ပျော်နေတဲ့ အေးချမ်းတဲ့ ခြင်္သေ့တစ်ကောင်တဲ့။ ငါ့အတွက်တော့ သူတို့က မေမေ့သားလိမ်မာ ချာတိတ်လေးတွေပဲ။ ကြည့်စမ်း ဂျက်ဖ်… ယွမ်ကျန်းရွှမ်ရဲ့လူတွေကို ငါတို့သတ်တာ တစ်ဝက်ကျော်သွားပြီ ငါ့လူက ၂ယောက်ပဲ သေသေးတယ်။ ငါ့ကို ၁၀မိနစ်သာ အချိန်ပေး။ ယွမ်ကျန်းရွှမ်ရဲ့လူတွေအားလုံးကို စမုံတုံးပြီး သူ့ကို ဖမ်းဖို့ အသေအချာပဲ။”
ဂျက်ဖ်က ပခုံးတွန့်ကာ မျက်နှာသေဖြင့် ပြောလိုက်သည်။
“ငါ သေခြင်းရိတ်သိမ်းသူကြေးစားအဖွဲ့ကို ကြားဖူးတယ်။ သူတို့က ထိပ်တန်းကြေးစားအဖွဲ့ စာရင်းထဲ မပါပေမယ့် သူတို့ရဲ့တိုက်ခိုက်တာက အံ့အားသင့်ဖို့ကောင်းတယ်။ ကောင်းပြီလေ။ဒီ ၁၀မိနစ်အတွင်း မင်း သူတို့ကို အဆုံးသတ်တာကို ငါ ကြည့်နေမယ်။”
တဂိုးက သူ၏ဖြူဖွေးသောသွားများပေါ်သည်အထိ သွားဖြဲရယ်ပြကာ
“မင်း ငါနဲ့ လောင်းချင်လား။ ၁၀မိနစ်အတွင်း ငါ့လူတွေက သူတို့ကို အဆုံးမသတ်နိုင်ရင် ငါ မင်းကို ဒေါ်လာ၁သိန်းပေးမယ်။ ငါ နိုင်ခဲ့ရင် မင်းရဲ့ကောင်မလေးတွေထဲက လှပတဲ့ ဂျပန်စော်လေးကို ငါ့ကို ပေးရမယ်။”
ဂျက်ဖ်က မျက်လုံးပြူးပြကာ အေးစက်စွာ ပြောလိုက်သည်။
“တဂိုး…စိတ်ကြီးဝင်တဲ့သူတွေက မကြာခဏဆိုသလို အသေစောတယ်။ ငါ မင်းကို ပြောလိုက်မယ် ပိုပြီး သတိထားပါ။ ကောင်းပြီ မင်းစကားတွေကို မမျိုချလိုက်နဲ့။ ငါ အဲ့ဒီဒေါ်လာတစ်သိန်း ရစေရမယ်။”
တဂိုးက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
“ငါက သွေးရဲတဲ့ကျား တဂိုးပါကွ။ ငါ့စကားကိုဘယ်တော့မှ ငါ မရုတ်သိမ်းဘူး။ မင်းရဲ့ဂျပန်မြာလေးကို ငါ ရစေရမယ်။”
မီတာတစ်ရာအကျော်မှ ဝိညာဉ်ဆန်ဆန်ပုံရိပ်တစ်ခုသည် သူတို့ဆီ ချဉ်းကပ်လာနေသည်ကို သူတို့နှစ်ဦးသား မသိကြသေးချေ။ အချိန်နှင့်အမျှ ထိုပုံရိပ်သည် ညအမှောင်တွင် ပေါ်လိုက် ပျောက်လိုက်ဖြစ်နေသည်။ တစ်ဦးတစ်ယောက်ကမျှ ဂရုစိုက်ပြီး မကြည့်ပါက သတိတိထားမိနိုင်မည်မဟုတ်ချေ။
မိနစ်ဝက်ကြာသော် ဓားပျံတစ်ချောင်းသည် ဂျက်ဖ်၏လည်ပင်းအား ထိုးစိုက်နေသကဲ့သို့ တဂိုး၏လည်ပင်းတွင်လည်း ရွှေရောင်ဝါယာကြိုးက ရစ်ပစ်လျက်ရှိသည်။ အင်အားကြီးသော လက်သီးထိုးချက်သည် ဂျက်ဖ်၏နားထင်အား ပြင်းထန်စွာ ထိုးနှက်လိုက်ရာ လဲကျသွားသည်။
“နှစ်ယောက်တစ်တွဲ လူခွဲပြီး ဒီပုရွက်ဆိတ်လေးတွေကို ရှင်းလိုက်။”
ကျုံးတိုက်ယွီက ကြိုးမဲ့နားကျပ်ဖုန်းမှတစ်ဆင့် သူ၏အမိန့်အား အမြန်ပေးလိုက်သည်။ သူ၏လက်အချက်ပြမှုနှင့်အတူ လူ၁၈ယောက်သည် ၉ဖွဲ့ခွဲကာ ယပ်တောင်ပုံစံအတိုင်း ရှိနေသော သေမင်းရိတ်သိမ်းသူကြေးစားအဖွဲ့အား တိတ်တဆိတ် သတ်ဖြတ်တော့သည်။
သူတို့လက်ထဲတွင် သေနတ်များ မပါရှိသော်လည်း အေးစက်သော ဓားမြှောင်များအား အသုံးပြုကြသည်။
ရွှစ်..ရွှစ်…ရွှစ်…
ဓားမြှောင်များ၏ လည်ချောင်းများအား ထိုးစိုက်ဖြတ်တောက်သောအသံသည် အခြားသူများ မကြားသိနိုင်ပေ။ ၂မိနစ်အတွင်း သေမင်းရိတ်သိမ်းသူ ကြေးစားအဖွဲ့ဝင်များသည် ဓားမြှောင်များအောက်တွင် ဘဝတစ်ပါး ပြောင်းသွားကြရပြီး ကျုံးတိုက်ယွီနှင့် သူ၏လူများက လက်နက်များ ရရှိသွားသည်။
“ရန်သူတွေ…”
ရုတ်တရက် သေမင်းရိတ်သိမ်းသူ ကြေးစားအဖွဲ့ဝင်တစ်ဦးဆီမှ ဒေါသတကြီး အော်သံတစ်ခု ထွက်ပေါ်လာပြီး သိပ်မကြာလိုက်ဘဲ သူ၏လည်ပင်း အလှီးခံလိုက်ရကာ ဓားမြှောင်တစ်လက်သည် သူ၏နှလုံးသားထက်တွင် စိုက်သွားခဲ့သည်။ သူ၏လက်ထဲမှ သေနတ်သည်လည်း တိုက်ခိုက်သူ၏လက်တွင်း ကျရောက်သွားပေသည်။
“ခေါင်းဆောင်… ရန်သူ့ဘက်မှာ အနည်းဆုံး လူ၃၀ခန့် ရှိတယ်။ ကျွန်တော်တို့ အခု လူယောင်ပြလိုက်ပြီဆိုတော့ နောက်တစ်ဆင့် ဘာဆက်လုပ်ရမလဲ။” နားကျပ်မှတစ်ဆင့် အဖွဲ့ဝင်တစ်ယောက်၏အသံ ထွက်ပေါ်လာသည်။
ကျုံးတိုက်ယွီ တစ်ချက်စဉ်းစားလိုက်ရင်း လေးနက်စွာ ပြောလိုက်သည်။
“အခြေအနေကို ကြည့်ရတာ သူတို့ ယွမ်ကျန်းရွှမ်ကို မဖမ်းမိသေးဘူး။ အဖွဲ့ဝင်အားလုံး ၁၁နာရီနေရာချပုံစံအတိုင်း ဦးတည်ထားကြ။ သွေးစီးကြောင်းအတိုင်း ခြေရာခံလိုက်သွားရင် ယွမ်ကျန်းရွှမ်ကို တွေ့မှာပဲ။ သူဋ္ဌေး မှာထားချက်အတိုင်း သူ့ကို ဘေးမသီရန်မခ ဖြစ်အောင် လုပ်ရမယ်။”
“နားလည်ပါပြီ။” များပြားသောတုံ့ပြန်သံများသည် နားကျပ်မှ ထွက်ပေါ်လာသည်။
ကျုံးတိုက်ယွီသည် သတိလစ်နေသော တဂိုးအား ကြည့်ကာ လက်ထဲမှ ဓားမြှောင်ဖြင့် သူ၏လက်ကောက်ဝတ်ကြောအား ဖြတ်တောက်လိုက်သည်။ နာကျင်မှုကြောင့် နိုးထလာသော တဂိုးသည် ပြန်ကာ သတိလွတ်သွားတော့သည်။ ထို့နောက် သူသည် တဂိုး၏ကိုယ်အား အမှောင်ထောင့်တစ်နေရာတွင် ထားကာ အခြားအဖွဲ့ဝင်နှင့် ဖုံးကွယ်ထားလိုက်ပြီး ၁၁နာရီနေရာချပုံစံအတိုင်း အမြန်လှုပ်ရှားနေကြသည်။
တဂိုးသည် သေမင်းရိတ်သိမ်းသူ အဖွဲ့ဝင်များ၏ခွန်အားအား ကောင်းစွာ သိရှိထားသော်လည်း ရုတ်တရက် အရိပ်၂၀က သတ်ရန် ရောက်ချလာလိမ့်မည်ဟု လုံးဝထင်မထားမိချေ။ ထိုသူများ၏ခွန်အားမှာ ကြောက်စရာကောင်းသည်ထက်ပင် ပိုနေသေးသည်။
ထိုအရိပ်များ၏နာမည်များအား သူ သိခဲ့ပါလျှင် နောက်ဆုတ်ရန် အမိန့်အား ပေးကာ ချက်ချင်း ရှောင်သွားလိမ့်မည်ဖြစ်သည်။
***