← Chapters

စမ်းသပ်မှု

Vol. 05 Ch. 250

စမ်းသပ်မှု

Vol. 05 Ch. 250

တစ်ခုသိရမည်မှာ ကျုံးတိုက်ယွီနှင့် အခြား၁၉ယောက်တို့သည် အလွန်ငယ်ရွယ်သော အရွယ်ကတည်းကပင် ပြင်းထန်ကြမ်းတမ်းသော လေ့ကျင့်မှုများနှင့် ကြီးပြင်းလာခဲ့ရပြီး အမျိုးမျိုး အန္တရာယ်ရှိသော အဖွဲအစည်းများအတွင်း နေရာယူရန် ပြည်ပသို့ စေလွှတ်ခြင်းလည်း ခံထားရသူများဖြစ်သည်။

သူတို့သည် များပြားလှသော စစ်ပွဲများအား ဖြတ်သန်းလာခဲ့သူကြများဖြစ်ကြကာ စစ်ငွေ့မီးလျှံများ၊ သွေးစွန်းတိုက်ပွဲပင်လယ်များကြား ကျော်လွှားကူးခတ်လာသူများလည်း ဖြစ်သည်။ သူတို့ထဲမှ တစ်ယောက်ယောက်အား စစ်တပ်အတွင်း ခေါ်သွင်းလိုက်ပါက ထိုနေရာတွင် ဘုရင်တစ်ဆူ ဖြစ်လာပေမည်။

ယခုလည်း သေမင်းရိတ်သိမ်းသူကြေးစားအဖွဲ့သည် ရုတ်တရက်တိုက်ခိုက်ခံလိုက်ရသောကြောင့် ဇဝေဇဝါဖြစ်နေကြသည်။ သူတို့သည် တဂိုးအား နားကျပ်ဖုန်းများမှ တဆင့် ဆက်သွယ်ပါသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ မတုံ့ပြန်လာချေ။

“ပြန်ဆုတ်”

“တပ်ဆုတ်”

သေမင်းရိတ်သူကြေးစားအဖွဲ့ဝင်များအချင်းချင်း အဆက်မပြတ် ဆက်သွယ်လိုက်ကြသည်။ မည်သူတစ်ဦးတစ်ယောက်မျှ ကြံ့ကြံ့ခံကာ မတိုက်ခိုက်တော့ဘဲ အမြန်ဆုတ်ခွာလာသည်။ သေချာသော တစ်နေရာအား ဖြတ်ကျော်အပြီးတွင် ၎င်းတို့အပေါင်းအပါများ၏အလောင်းများအား တွေ့သွားကြတော့သည်။

ရွှစ်…ရွှစ်…ရွှစ်…

မိနစ်ဝက်အတွင်း ကြေးစားအဖွဲ့ဝင် ၇ယောက်-၈ယောက်ခန့် လဲကျသွားပြီး ကျန်ရှိသောသူများသည်လည်း ဒဏ်ရာများနှင့် ထွက်ပြေးလွတ်မြောက်သွားကြသည်။

ကျုံးတိုက်ယွီနှင့်သူ့လူများသည် ထိုသူများနောက်သို့ လိုက်မသွားကြဘဲ ထိုထွက်ပြေးလွတ်မြောက်သွားသော ကြေးစားအဖွဲ့သားများနောက်သို့ လူနှစ်ယောက်အား လမ်းကြောင်းသိရန် အမြန်လိုက်ခိုင်းလိုက်သည်။ ကျန်ခဲ့သော လူများအတွက် သူတို့သည် အတွင်းထဲသို့ အပြေးဝင်သွားကြသည်။ တစ်ချိန်တည်းမှာပင် ကျုံးတိုက်ယွီက ထောင့်တစ်နေရာတွင် ကွယ်ကာ ထန်ရှုထံ ဖုန်းခေါ်လိုက်သည်။

အဆောက်အဦးအတွင်းတွင် ယွမ်ကျန်းရွှမ်၏မျက်ခုံးများ တွန့်ချိုးလျက်ရှိသည်။ ပြီးခဲ့သော မိနစ်ပိုင်းအတွင်းတွင် ရန်သူများထံမှ မည်သည့်သေနတ်သံမှ ထွက်ပေါ်မလာဘဲ အပြင်ဘက်အခြေအနေသည် အလွန်တိတ်ဆိတ်ငြိမ်သက်နေကာ လှုပ်ရှားမှုတစ်စုံတစ်ရာကိုမျှ မတွေ့ရပါချေ။ အန္တရာယ်ရှိသော အခြေအနေမှ တိတ်ဆိတ်ငြိမ်သက်သွားခြင်းသည် သူ့အား ပိုပြီး ဆောက်တည်ရာမရဖြစ်စေကာ စိတ်လှုပ်ရှားစေသည်။

“ဘိ…ဘိ…ဘိ…”

သူ၏ဖုန်းမှ တုန်ခါနေသည်ကို တွေ့လိုက်ရသဖြင့် သူ၏အမူအရာ ပျက်သွားသည်။ အမြန်ပင် ဖုန်းအား ယူလိုက်ရာ နံပါတ်စိမ်းတစ်ခုအား တွေ့လိုက်ရသည်။ တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဖုန်းအား အသံတိုးတိုးဖြင့် ဖြေလိုက်သည်။

“ဘယ်သူလဲ။”

“ကျုံးတိုက်ယွီပါ။ သူဋ္ဌေးက ခင်ဗျားတို့ကို ကူဖို့ လွှတ်လိုက်လို့။ ရန်သူတွေက ဆုတ်သွားကြပြီ။ ကျွန်တော်တို့ ခင်ဗျားတို့နဲ့ ချက်ချင်းတွေ့မှ ဖြစ်မယ်။”

“မင်းရဲ့သူဋ္ဌေးက ဘယ်သူလဲ။” ယွမ်ကျန်းရွှမ်၏မျက်နှာလက်ကနဲဖြစ်သွားကာ အလျင်စလို မေးလိုက်သည်။

“ထန်ရှုပါ။” ကျုံးတိုက်ယွီက ဖြေလိုက်သည်။

တစက္ကန့်မျှ တိတ်ဆိတ်သွားပြီးနောက် ယွမ်ကျန်းရွှမ်က မေးလိုက်သည်။

“ငါ မင်းကို ဘာကြောင့် ယုံသင့်တာလဲ။”

ကျုံးတိုက်ယွီက လေးနက်သောအသံဖြင့် “သူဋ္ဌေးကို ဖုန်းခေါ်လိုက်ပါ။ သူ ပြောလိမ့်မယ်။”

“ကောင်းပြီ။” ယွမ်ကျန်းရွှမ်က ဖုန်းချကာ ထန်ရှုအား ခေါ်လိုက်သည်။

အဝေးပြေးလမ်းမထက်တွင်…

ထန်ရှုသည် သူ၏လင်ရိုဗာကားအား မောင်းနေရာ အမြန်နှုန်းသည် ကီလိုမီတာ ၁၈၀အား ကျော်လွန်လျက်ရှိသည်။ ညအချိန်တွင် အဝေးပြေးလမ်းထက်၌ ကားအနည်းငယ်သာ ရှိသောကြောင့် တစ်ချို့ကားများအား သူဖြတ်ကျော်လာစဉ် ထိုကားမောင်းသူများသည် သူ၏အမြန်နှုန်းအား ထိတ်လန့်ကုန်ကြသည်။

“ထန်ရှု… မင်း ငါ့ကို ကူဖို့ တစ်ယောက်ယောက် လွှတ်ထားသေးလား။”

ထန်ရှု ယွမ်ကျန်းရွှမ်၏ဖုန်းအား လက်ခံလိုက်စဉ် သူ၏မေးမြန်းသံအား ကြားရလေသည်။

“ဟုတ်တယ်။ လူအယောက်၂၀ရှိတယ်။ ခေါင်းဆောင်က ကျုံးတိုက်ယွီ။”

“အာ… ကျေးဇူးတင်ပါတယ်။”

“ကိစ္စ မရှိပါဘူးဗျာ။”

ဖုန်းဆက်အပြီးတွင် ယွမ်ကျန်းရွှမ်သည် သူ၏လူ၁၂ယောက်အား အမြန်ခေါ်လိုက်ကာ ကျုံးတိုက်ယွီအား အထဲဝင်လာရန် ဖုန်းဆက်လိုက်သည်။

သိပ်မကြာမီ နှစ်ဖက်အဖွဲ့ ဆုံတွေ့ကြပြီဖြစ်သည်။

ကျုံးတိုက်ယွီသည် ယွမ်ကျန်းရွှမ်၏ရှေ့သို့ လျင်မြန်စွာ ရောက်လာပြီး အလေးအနက် မေးလိုက်သည်။

“ခင်ဗျား ဒဏ်ရာ ရထားတာလား။”

ယွမ်ကျန်းရွှမ်က ခါးသီးစွာ ခေါင်းညိတ်လိုက်ပြီး

“ပခုံးတစ်ချက် ထိသွားတော့ အဲ့ဒီကနေ သွေးအများကြီး ထွက်သွားတယ်။”

“ခဏလေး သည်းခံပေးပါ။ ကျွန်တော် ကျည်ဆံထုတ်ဖို့ ကူပေးမယ်။” ကျုံးတိုက်ယွီက ပြောလိုက်သည်။

ယွမ်ကျန်းရွှမ်က အလျင်အမြန်ပင်

“အလျင်စလို မလုပ်နဲ့ဦး။ ငါ ခံနိုင်ရည် ရှိပါသေးတယ်။ အဲ့ဒီနိုင်ငံခြားသားတွေ ဘယ်ရောက်သွားလဲ။ သူတို့ တကယ်ရော ဆုတ်သွားကြရဲ့လား။”

“ငါ မမှားဘူးဆိုရင် ငါတို့ပထမဆုံး တိုက်ခိုက်လိုက်တဲ့၂ယောက်က ဒီအဖွဲ့ကို အမိန့်ပေးနေတဲ့သူတွေပဲ။ သူတို့ရဲ့ခေါင်းဆောင်တွေ မရှိတော့ ကျန်တဲ့သူတစ်ချို့ကို ငါတို့ သတ်လိုက်တယ်။ တစ်ချို့သူတွေက ထွက်ပြေးသွားကြပြီ။ စိတ်မပူပါနဲ့။ ငါ့လူ၂ယောက်ကို အနောက်ကနေ လိုက်ကြည့်ခိုင်းထားတယ်။ အသက်ရှင်ကျန်တဲ့သူတွေကို ဘယ်လို ဆက်ဆံမလဲဆိုတာ မပြောခင် သူဋ္ဌေးကို စောင့်ကြတာပေါ့။”

ယွမ်ကျန်းရွှမ်၏မျက်လုံးများ အရောင်လက်သွားကာ ကျုံးတိုက်ယွီနှင့် ရက်စက်ပြတ်သားသော ဟန်ရှိသည့် သန်မာသောသူများအား ကြည့်လိုက်သည်။ ရန်သူများ ဘယ်လောက်အားကောင်းသည်ကို သူကိုယ်တိုင် ကြုံတွေ့ထားသည်။ သူ၏သစ္စာရှိသော လက်အောက်ငယ်သားများတစ်ဝက်ခန့်သည် စီးချင်းထိုးသည့်ညတိုက်ပွဲတွင် သေကုန်ကြပြီး အချို့မှာ ဒဏ်ရာများနှင့်ဖြစ်သည်။ ယခုထိုလူများမှာမူ ထိခိုက်ဒဏ်ရာ ရသည့်ဟန်မရှိပါချေ။ ထို့ပြင် ထိုသူများထံမှ ထွက်ပေါ်နေသည့် အေးစက်သော အော်ရာများသည် သူ့အား အကြောထဲမှပင် စိမ့်ကာအေးစက်သွားစေသည်။

“အပြင်ဘက်သွားပြီး အခြေအနေတစ်ချက် ကြည့်ပါ။”

ယွမ်ကျန်းရွှမ်သည် သူ၏စိတ်ခံစားမှုအား ကြိုးစားထိန်းချုပ်ကာ အေးဆေးစေလိုက်သည်။

ကျုံးတိုက်ယွီမှ သူ၏အဝတ်အားဆုတ်ဖြဲခွင့်ပြုလိုက်ပြီး ဒဏ်ရာသိပ်မပြင်းထန်သော သူ၏လူများဘက် လှည့်ကာ အမိန့်ပေးလိုက်ခြင်းဖြစ်သည်။

“နားလည်ပါပြီ။” သူ၏လူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ သတိကြီးစွာဖြင့် အပြင်သို့ ထွက်သွားကြသည်။

ကျုံးတိုက်ယွီသည် ယွမ်ကျန်းရွှမ်၏အဝတ်အား ဆုတ်ဖြဲလိုက်ပြီး သူ၏အိတ်ကပ်ထဲမှ မီးခြစ်တစ်လုံးအား ထုတ်လိုက်သည်။ သူ၏ဓားမြှောင်အား မီးဖြင့် အပူပေးလိုက်ကာ မိနစ်ဝက်ကြာပြီးနောက် သူက လေးနက်စွာ ပြောလိုက်သည်။

“ကျေးဇူးပြုပြီး သည်းခံပါ။”

“ကောင်းပြီ။” ယွမ်ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

ကျုံးတိုက်ယွီ၏မျက်ဝန်းအစုံ အနည်းငယ်ကျဉ်းမြောင်းသွားသည်။ သူ၏ဓားထိပ်ဖျားအား အသုံးပြုကာ ကျည်ဆံဝင်သွားသောအဝမှ အရေပြားအား ဖွင့်လိုက်သည့်အချိန်တွင် ယွမ်ကျန်းရွှမ်မှာ ရှုံ့မဲ့လျက်ရှိသည်။ ကျည်ဆံအား အလွန်လျင်မြန်စွာ ဆွဲထုတ်လိုက်ပြီး ကျုံးတိုက်ယွီသည် သူ၏လွယ်အိတ်ထဲမှ အပ်နှင့်အပ်ချည်အား အမြန်ထုတ်ကာ ဒဏ်ရာအား ချုပ်ပေးလိုက်သည်။ သူသည် ပိတ်စပါးတစ်လိပ်အား ဆွဲယူကာ ဒဏ်ရာပေါ်မှ အုပ်ပေးလိုက်သည်။

“ဟူး…”

ယွမ်ကျန်းရွှမ်မှာ နာကျင်မှု ခံစားနေရသော်လည်း အတွင်းမှာ အလွန်ပင် သက်တောင့်သက်သာ ဖြစ်နေခဲ့သည်။

သူက လေးစားသော အမူအရာဖြင့်

“ခင်ဗျား အပ်တွေ၊ အပ်ချည်လုံးတွေ၊ ပိတ်စပါးတွေပါ ယူလာလိမ့်မယ်လို့ ငါ တကယ် မထင်ထားဘူး။ ဆေးပညာကို ကျွမ်းကျင်အဆင့် သင်ယူဖူးတယ်မဟုတ်လား။”

ကျုံးတိုက်ယွီက အေးစက်စက်လေသံဖြင့် ပြောသည်။

“အရင်တုန်းက နေ့တိုင်း ဒဏ်ရာမရတဲ့နေ့ရယ်လို့ မရှိဘူး။ ဒီလိုအသက်ကယ်ပစ္စည်းလေးတွေသာ ဆောင်မထားဘူးဆိုရင် ငါတို့အားလုံး မရေမတွက် နိုင်လောက်အောင် သေနေတာကြာပြီပေါ့။”

အရင်တုန်းက နေ့တိုင်း ဒဏ်ရာရတယ်။ အသက်ကယ်ပစ္စည်းတွေ ဆောင်ထားတာ။

ယွမ်ကျန်းရွှမ်က ကျုံးတိုက်ယွီ၏မှုန်မှိုင်းသော အမူအရာအား ကြည့်မိရင်း ရင်တုန်ပန်းတုန်ပင် ဖြစ်သွားရသည်။ ကျုံးတိုက်ယွီနှင့် သူ၏လူများအပေါ် စိတ်ဝင်စားမှုသည် သူ၏ရင်တွင်းတွင် ရုတ်ခြည်းပင် မြင့်တက်လာသည်။ ထန်ရှုသည် ထိုကဲ့သို့သော လူအဖွဲ့အား မည်ကဲ့သို့ ဖွဲ့စည်းထားနိုင်သည်ကို သူ သိချင်မိနေသည်။ ကျုံးတိုက်ယွီသည် ယွမ်ကျန်းရွှမ်၏ ဒဏ်ရာများအား ဆေးထည့်ပေးပြီးနောက် သူ၏အဖွဲ့သားများအား ယွမ်ကျန်းရွှမ်၏လူများအား ဆေးထည့်ပေးရန် ညွှန်ကြားလိုက်သည်။ ထို့နောက် သူသည် ထန်ရှုအား ဖုန်းဆက်ကာ နောက်ထပ် ညွှန်ကြားချက်များအား မေးလိုက်ရာ ထိုနေရာတွင်ပင် ထန်ရှုအား စောင့်နေရန်အမိန့်အား ရရှိခဲ့သည်။

ကြယ်တာရာ အဝေးပြေးလမ်းဆုံတွင်…

ထန်ရှုသည် လမ်းခွန်ကောက်သော ဂိတ်ဆီသို့ လျင်မြန်စွာ မောင်းလိုက်သည်။ ထို့နောက် သူသည် အခကြေးငွေ ပေးပြီးနောက် ဂိတ်မှ ထွက်ခွာလာစဉ် ရဲကားနှစ်စီးသည် အချက်ပေးဥသြသံများဖွင့်ကာ သူ့နောက်မှ လိုက်လာသည်။

“ဟမ့်…”

အရေးကြီးသော ကိစ္စများအား စီမံရမည်ဖြစ်သောကြောင့် ထန်ရှုသည် ရဲများနှင့်ဆွေးနွေးခြင်းအား မလုပ်တော့ဘဲ သူ၏ကားအား အရှိန်တင်ကာ ရဲကားများအား မျက်ခြည်ဖြတ်လိုက်သည်။ မြို့ထဲသို့ ဝင်လာပြီးနောက် သူ၏ကားအား တစ်နေရာတွင် ရပ်ထားလိုက်ကာ လျင်မြန်စွာ ထွက်ခွာလာသည်။

မှောင်မည်းနေသော လမ်းကြားထဲတွင်…

ထန်ရှုသည် ဝံပုလွေအကြီးအကဲ၏ဖုန်းနံပါတ်အား ခေါ်ဆိုလိုက်သည်။ သုံးကြိမ်တိုင်တိုင်မြည်ပြီးနောက် ဖုန်းဝင်သွားသည်။

“ဝံပုလွေအကြီးအကဲလား။”

“ငါပါ။”

ဝံပုလွေအကြီးအကဲ၏အသံ ထွက်ပေါ်လာသည်။

“ခင်ဗျား ကျွန်တော့်ကို သစ္စာစောင့်သိမယ်ဆိုတော့ ကျွန်တော် စမ်းသပ်မှုတစ်ခု ပေးချင်တယ်။ အခုကစပြီး ကျွန်တော်ပြောသမျှ အရာတွေအားလုံးကို တင်းတင်းကြပ်ကြပ် လျှို့ဝှက်ထားဖို့ မှတ်ထားပါ။” ထန်ရှုက ပြောသည်။

“နားလည်ပြီ။” ဝံပုလွေအကြီးအကဲက လေးနက်သောအသံဖြင့် ပြောလိုက်သည်။

“ကျွန်တော့်မိတ်ဆွေစီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ကို နိုင်ငံခြားလုပ်ကြံသူအဖွဲ့တစ်ဖွဲ့က လိုက်သုတ်သင်တာခံနေရလို့။ ကျွန်တော့်ရဲ့အခြားလူတွေက သူ့ကို ကယ်ပြီးသွားပေမယ့် အယောက်၂၀လောက်က လွတ်သွားတယ်။ သဲဖြူမြစ်သင်္ဘောဆိပ်ကို အမြန်သွားပေးပါ။ အဲ့ဒီနားမှာ စွန်ပစ်စက်ရုံတစ်ခု ရှိတယ်။ သူတို့ကို ရှင်းပေးပါ။”

“နိုင်ငံခြားသားလုပ်ကြံသူတွေလား။”

ဝံပုလွေအကြီးအကဲ မျက်မှောင်ကြုပ်သွားကာ တွေဝေနေဟန်သည် သူ၏မျက်နှာထက်တွင် ပေါ်ပေါက်လာသည်။

ထန်ရှုက လေးနက်သော လေသံဖြင့်

“သူတို့ရဲ့အထူးပြုပုံရိပ်တွေကို ဟုတ်မှန်ကြောင်း မစစ်ဆေးရသေးပေမယ့် သူတို့က နိုင်ငံခြားလုပ်ကြံသူတွေဆိုတာ ကျွန်တော် သေချာပြောနိုင်တယ်။ ဒါပေမယ့် သူတို့မှာ ကြေးစားသင်္ကေတရှိကြတယ်။ ကျွန်တော့်လူတွေ ပြောပုံအရတော့ သူတို့က နိုင်ငံခြားက သေမင်းရိတ်သိမ်းသူကြေးစားအဖွဲ့ ဖြစ်လိမ့်မယ်။ သူတို့မှာ လက်နက်အပြည့်အစုံပါတော့ ခင်ဗျားတို့လုံခြုံရေးကိုလည်း ဂရုစိုက်ပါ။”

သေမင်းရိတ်သိမ်းသူကြေးစားတပ်ဖွဲ့ဟုတ်လား။

ဝံပုလွေအကြီးအကဲ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုသောစိတ်များ ထူထပ်လာခဲ့သည်။ သူသည် ထိုကြေးစားအဖွဲအား သိသကဲ့သို့ ကြေးစားလောကထဲတွင် ထိုအဖွဲ့၏နာမည်ကြီးမှုကိုလည်း သိထားသည်။ ၎င်းအဖွဲ့သည် ပြင်းထန်လှသော ပြစ်မှုများနှင့် သတ်ဖြတ်မှုများအား မရေမတွက်နိုင်လောက်အောင် ကျူးလွန်ထားကြသူများဖြစ်သည်။ ထိုအဖွဲ့ဝင်များသည် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့များ၏ အလိုရှိစာရင်းတွင် ရှိနေပြီး ငြိမ်းချမ်းရေးအတွက် သုတ်သင်ရှင်းလင်း ခံရမည့်စာရင်းဝင်များဖြစ်သည်။ ပြည်ပတွင် သူ တာဝန်ထမ်းဆောင်နေစဉ်အတွင်း ထိုသေမင်းရိတ်သိမ်းသူအဖွဲ့နှင့် ကိုယ်တိုင်မတွေ့ကြုံခဲ့ရသော်လည်း သူ၏ လက်အောက်ငယ်သား၂ယောက်မှာ ထိုသူများ၏ လက်ချက်ကြောင့် သေဆုံးခဲ့ရသည်။

“ဒီတာဝန်ပြီးမြောက်စေရမယ်လို့ ငါ အာမခံတယ်။” ဝံပုလွေအကြီးအကဲ ပြန်ပြောလိုက်သည်။

ထန်ရှု ဖုန်းချလိုက်သည်။ သူသည် ယွမ်ကျန်းရွှမ်နှင့် ကျုံးတိုက်ယွီတို့နှင့် တစ်နေရာတည်းတွင် ဆုံတွေ့ရန် အလျင်မလိုချေ။ ထိုအစား သူသည် တက္ကစီတစ်စီးအား တားကာ သဲဖြူမြစ်သဘောင်္ဆိပ်သို့ အပြေးသွားလေသည်။

ကြယ်တာရာသို့ ဝံပုလွေအကြီးအကဲနှင့်အတူ လာကြသော အငြိမ်းစားစစ်သားများသည် ၁၂ယောက်သာရှိသည်။ သူ၏အတွေးမှာ ထိုသူများအား စမ်းသပ်ရန်ဖြစ်သော်လည်း ထိုသူများ ဘေးကင်းသည်ကိုလည်း ထန်ရှု လိုချင်ပါသေးသည်။ သာမန်လူများပင် မဆိုထားဘိ အင်မော်တယ်ကမ္ဘာမှ အင်အားကြီးသောသူများပင် သေခြင်းတရားအား အချိန်မရွေး ကြုံတွေ့နိုင်သေးသည်မဟုတ်ပါလော။

သို့သော် ကမ္ဘာမြေပေါ်တွင် အသက်တစ်ချောင်းမှာ အလွန်အရေးကြီးလှသည်။ အထူးသဖြင့် နိုင်ငံ၏အထူးဋ္ဌာနမှ လျှို့ဝှက်စွာ စောင့်ကြည့်ခြင်း ခံနေရသော ဝံပုလွေအကြီးအကဲနှင့် အခြားအငြိမ်းစား စစ်သားများပင် ဖြစ်သည်။ ရန်သူ၏လက်ချက်ကြောင့် ထိုသူအားလုံး သေဆုံးခဲ့ရပါက ဖြစ်နိုင်သည်မှာ ဒုက္ခပြသနာများသည် သူ့ဆီ ရောက်လာပေလိမ့်မည်။

ထို့ပြင် ယွမ်ချူးလင်သည် ပြန်ပေးဆွဲခံထားရသည်။ သူ၏ခန့်မှန်းချက်သာ မှန်ကန်ပါက ထိုသူများသည် ရာဇဝတ်ကောင်များဖြစ်သည်။ ထို့ကြောင့် သည်လူများအား အချိန်မီ ဖြေရှင်းနိုင်ပါက ယွမ်ချူးလင် မည်သည့်အရပ်တွင် ရှိမည်ကို ရှာနိုင်မည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ကယ်တင်နိုင်လိမ့်မည်ဖြစ်သည်။ သည်အချက်သည် သူ၏စိတ်ထဲတွင် ရှိနေသော အရေးကြီးဆုံးရည်ရွယ်ချက်ပင်ဖြစ်တော့သည်။

“ကျွီ…”

တက္ကစီသည် သဘောင်္ဆိပ်နှင့် ၂ကီလိုမီတာအကွာတွင် ရပ်တန့်လိုက်သည်။

သက်လတ်ပိုင်းကားမောင်းသမားသည် ထန်ရှုပေးသော ပိုက်ဆံအား ယူကာ စပ်စုလိုက်သည်။

“ညီလေး… ဒီနေရာက တစ်သီးတစ်ခြား နေရာတစ်ခုနော်။ ညသန်းခေါင်ကြီး အဲ့ဒီမှာ ဘာသွားလုပ်မလို့လဲ။”

ထန်ရှုက ကားမောင်းသမား ပြန်အမ်းသော ပိုက်ဆံအား ယူလိုက်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ကျွန်တော် နေ့ခင်းတုန်းက ဒီနေရာမှာ ပစ္စည်းတစ်ခု ပျောက်ခဲ့တာမို့ ပြန်ရလိုရငြား ရှာကြည့်ချင်လို့။”

“အဲ့ဒါ အရမ်းအရေးကြီးတဲ့ဟာလား။” ကားမောင်းသမားက အံ့အားသင့်ကာ မေးလိုက်သည်။

“အရမ်း အရမ်းအရေးကြီးတာပါ။” ထန်ရှုက ပြောသည်။

“ကြည့်ရတာ မင်းပျောက်သွားတဲ့ အဲ့ဒီပစ္စည်းက တကယ့်ကို အရမ်းအရေးကြီးတဲ့ပုံပဲ။ နို့မဟုတ်ရင် ညသန်းခေါင်ကြီး ဒီနေရာကို မင်း အပြေးလာရှာမှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် မင်းကံကောင်းပါစေလို့ ငါ ဆုတောင်းပါတယ်။” ကားမောင်းသမားက ရုတ်ခြည်းပင် သဘောပေါက်သွားကာ သက်ပြင်းတစ်ချက်ချလိုက်သည်။

တက္ကစီကားမောင်းသမား ထွက်သွားပြီးနောက် ထန်ရှုသည် သွားမည့်နေရာအား သေချာစွာ စစ်လိုက်ကာ ထိုနေရာသို့ အပြေးထွက်သွားသည်။ မကြာမီ သူ၏မျက်ဝန်းများသည် အမှောင်ထဲတွင် စွန့်ပစ်စက်ရုံအား စူးစိုက်ကြည့်နေသည်။

သူသည် လမ်းဖြောင့်အတိုင်းသွားမည့်အစား ဘေးပတ်ဝန်းကျင်မှ အလေ့ကျပင်များ၊ မြက်ပင်ရှည်များ ထူထပ်စွာ ပေါက်ရောက်နေသော လမ်းလေးအတိုင်း ဆင်းသွားလိုက်သည်။

၂မိနစ်ကြာပြီးနောက် ထန်ရှုသည် သူနှင့် ၅မီတာ-၆မီတာအကွာမှ စွန့်ပစ်စက်ရုံဆီသို့ ပုန်းလျှိုးကွယ်လျှိုးဖြင့် ရှေးရှူလာနေသော အရိပ်၄ရိပ်အား ရှင်းလင်းစွာ အာရုံခံမိလေသည်။ ထို၄ယောက်သည် အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ထားသဖြင့် အမှောင်ထုနှင့် ရောယှက် ပျောက်ကွယ်နေသည်။ သူ၏ထက်မြက်လှသော အမြင်နှင့် ဘေးပတ်ဝန်းကျင်အား ဂရုတစိုက် ကြည့်ရှုမှုသာ မရှိခဲ့ပါက ထိုသူများအား ရှာနိုင်မည်ပင် မဟုတ်ချေ။

“သူတို့တွေက သေချာပေါက် ယွမ်ကျန်းရွှမ်နဲ့ သူ့လူတွေကို တိုက်ခိုက်နေတဲ့သူတွေပဲ ဖြစ်ရမယ်။ သူတို့ ဆိုးဆိုးရွားရွားကို အရေးနိမ့်လာတာပဲ။ သူတို့က အတော်ကို နိုးနိုးကြားကြား ရှိတယ်။ ဝံပုလွေအကြီးအကဲနဲ့ သူ့လူတွေသာ မစဉ်းစားဘဲ လှုပ်ရှားလိုက်ရင် ဆုံးရှုံးမှု ကြီးမားလိမ့်မယ်။”

ထန်ရှု တိတ်ဆိတ်စွာ လေးလေးနက်နက် တွေးတောနေသည်။

***

All Chapters