← Chapters

သွေးငွေ့များဖြင့် ကမာကြီးအား လွှမ်းခြုံသည်

Vol. 06 Ch. 251

သွေးငွေ့များဖြင့် ကမာကြီးအား လွှမ်းခြုံသည်

Vol. 06 Ch. 251

ကြယ်အလင်းရောင်များအောက်တွင် ညသည် တိတ်ဆိတ်အေးချမ်းနေခဲ့သည်။ သို့သော် လူသတ်လိုသောအော်ရာတစ်ခုသည် ထိုအေးချမ်းမှုအတွင်း ပုန်းခိုလျက်ရှိနေသည်။ လေပြည်တစ်ချက် ညင်သာစွာ တိုက်ခတ်လိုက်ချိန်တွင် သွေးနံံ့တစ်ခုသည် ခပ်ဖျော့ဖျော့ထွက်လာခဲ့သည်။

ဝံပုလွေအကြီးအကဲနှင့်အငြိမ်းစားစစ်သား၁၁ယောက်သည် ၃ဖွဲ့ခွဲကာ စွန့်ပစ်စက်ရုံဆီသို့ ပိုမိုနီးကပ်စွာ ရွေ့လျားနေသည်။ သူတို့၏ပါးစပ်များတွင် စစ်သုံးမစ်ဆူဘီရှီဓားမြှောင်များအား ကိုက်ထားပြီး ထူထဲသောမြက်ခင်းများကြားတွင် ဝံပုလွေများသဖွယ် တွားသွားလျက်ရှိသည်။ သူတို့၏နောက်တွင် ထန်ရှု ပါလာမည်ကို မထင်တားမိသကဲ့သို့ ဘေးပတ်ဝန်းကျင်တွင်လည်း သူ၏တည်ရှိမှုအား သတိမပြုမိပါချေ။ သို့သော် မြက်ပင်များကြားတွင် လဲလျောင်းနေသော လူနှစ်ယောက်သည် လူထွားကြီးအချို့အား ရှာတွေ့ခဲ့ပြီဖြစ်သည်။

“၈နာရီနေရာချပုံစံ၊ အဖြူကောင်အစောင့်နှစ်ယောက်။ အခြားအနက်ကောင်တစ်ယောက်က နံရံအနောက်မှာ ၁၂မီတာခွာပြီး စောင့်ကြပ်နေတယ်။ အဖွဲ့၂ဖွဲ့က ပိုနီးနီးသွားပြီး သူတို့ကို ရှင်းလိုက်။”

ဝံပုလွေအကြီးအကဲက မြက်ခင်းထူထူကြားတွင် လဲလျောင်းကာ အဝေးကြည့်မှန်ပြောင်းဖြင့် ကြည့်နေရင်း အမိန့်တစ်ခု ထုတ်လိုက်သည်။

“ဟုတ်။” အဖွဲ့၂ဖွဲ့၏အဖွဲ့ဝင်များက သူ့အား ကြိုးမဲ့နားကျပ်ဖုန်းဖြင့် ပြန်ဖြေလိုက်ကြသည်။

အလွန်လျင်မြန်စွာပင် တိုက်ပွဲကျွမ်းကျင်သူ ၄ယောက်သည် ညအမှောင်ထဲတွင် ကျားသစ်များအလား တိတ်တဆိတ် စောင့်ဆိုင်းနေကြသည်။ မိနစ်ဝက်အချိန်ဖြုန်းပြီးသော် သူတို့သည် အဖြူကောင်၄ယောက်အနီးတွင် ပေါ်လာကြသည်။ သူတို့အထဲမှ တစ်ယောက်သည် စစ်သုံးဓားမြှောင်အား ပါးစပ်တွင်ကိုက်ကာ နံရံနားကပ်လျက် ပိုပြီး အားကောင်းစွာ ရွေ့လျားသွားပြီး အခြားတစ်ဖက်သို့ ကူးကာ အနက်ရောင်အစောင့် တစ်ယောက်၏အနောက်တွင် တိတ်တဆိတ် ပေါ်လာခဲ့သည်။

ရွှစ်…

ဓားသည် အနက်ရောင်အစောင့်၏လည်ပင်းအား လှီးဖြတ်လိုက်ချိန်တွင် အသားမာများတက်နေသော သူ၏လက်များသည် ထိုလူ၏ပါးစပ်အား အသံမထွက်အောင် အုပ်ထားသည်။ ထို့နောက် သူ၏ဓားသည် ဦးတည်ရာအား ပြောင်းလဲရွေ့လျားလိုက်ပြီး အနက်ရောင်အစောင့်၏ နှလုံးတည့်တည့်အား နက်ရှိုင်းစွာ ထိုးစိုက်လိုက်တော့သည်။ သေမင်းရိတ်သိမ်းသူကြေးစားအဖွဲ့ဝင်သည် မလဲကျမီ အတန်ငယ် ရုန်းကန်လိုက်သေးသည်။

“ရိတ်သိမ်းသူ အမှတ်အသားလား။”

အငြိမ်းစားစစ်သားက အနက်ရောင်ကြေးစား၏ ကော်လာအား ဖွင့်ကြည့်လိုက်ရာ တက်တူးအား တွေ့လိုက်ရသဖြင့် တစ်ဖက်လူ မည်သူမည်ဝါ ဖြစ်သည်ကို နောက်ဆုံးတွင် သိရှိသွားသည်။

တစ်ချိန်တည်းမှာပင် အခြားတိုက်ပွဲဝင် ၃ယောက်ကလည်း မိုးကြိုးသွားအလား ၎င်းတို့ ရှင်းပစ်ရမည့်သူများအား စတင်တိုက်ခိုက်နေပြီ ဖြစ်သည်။ သူတို့၏လှုပ်ရှားမှုများသည် သန့်ရှင်းသပ်ရပ်နေပြီး အသက်၂ရှိုက်စာအတွင်း အခြားအစောင့်၂ယောက်အား လျင်မြန်စွာ လှဲသိပ်နိုင်ခဲ့ပြီဖြစ်သည်။

“ဝံပုလွေအကြီးအကဲ… သူတို့က သေမင်းရိတ်သိမ်းသူကြေးစားအဖွဲ့ကပဲ။ ကျွန်တော် သူတို့ကို စစ်ဆေးကြည့်ပြီးသွားပြီ။”

အသံတစ်ခုသည် ဝံပုလွေအကြီးအကဲ၏ ကြိုးမဲ့နားကျပ်ဖုန်းသို့ ဝင်လာခဲ့ရာ သူ၏လူသတ်လိုသော စိတ်သည် မြင့်တက်လာသည်။ ဝုံပလွေအကြီးအကဲက သူ၏အဝေးကြည့်မှန်ပြောင်းဖြင့် မှောင်ရိပ်ခိုကာ ကြည့်လိုက်ပြီး ထပ်မံ အမိန့်ပေးလိုက်သည်။

“အနီးနားဝန်းကျင်မှာ ကျန်နေသေးတဲ့ အစောင့်တွေရှာပြီး အထဲမရောက်ခင် အစွန်းနားမှာပဲ အားလုံးကို ရှင်းပစ်လိုက်။”

မိနစ်အနည်းငယ်ကြာသောအခါ

အစောင့်၆ယောက်သည် အရှင်းခံလိုက်ရပြီဖြစ်သည်။ ဝံပုလွေအကြီးအကဲနှင့်သူ၏လူများသည် စနိုက်ပါ၂လက်နှင့် စက်သေနတ်အသေးစား၄လက်အား ရရှိခဲ့သည်။ သူတို့သည် စက်ရုံ၏အတွင်းကျဆုံး နံရံဆီသို့ ဖြည်းဖြည်းညှင်း ရှေးရှူသွားနေကြစဉ် သူ၏အိတ်ကပ်ထဲမှ ဖုန်းသည် ရုတ်တရက် တုန်ခါလာသည်။ သူသည် လျင်မြန်စွာ ပုန်းလိုက်ပြီး ဖုန်းအား ထုတ်ကြည့်လိုက်ရာ ဖုန်းမျက်နှာပြင်ပေါ်တွင် တွေ့လိုက်ရသောစာကြောင့် မျက်မှောင်ကြုပ်သွားသည်။

ဖုန်းမျက်နှာပြင်ပေါ်တွင် ပေါ်လာသောစာမှ ဖော်ပြထားသည်မှာ

“ခင်ဗျားတို့အနောက်မှာ လူ၂ယောက်လာနေတယ်။ အဲ့ဒါ ကျွန်တော်တို့လူတွေပဲ။ ဒီစစ်ဆင်ရေးအတွက် ခင်ဗျားတို့ကို ကူညီလိမ့်မယ်။”

ဝံပုလွေအကြီးအကဲက ဘေးပတ်လည့် ကြည့်လိုက်သည်။ သူ၏မှန်ပြောင်းဖြင့် ရှာလိုက်ရာ ပုံရိပ်နှစ်ခုသည် ဘေးတစ်ဖက်တစ်ချက်မှ တိတ်တဆိတ်ချဉ်းကပ်လာသည်ကို တွေ့ရသည်။

“မလုပ်နဲ့။ သူတို့က ငါတို့လူတွေပဲ။”

ဝံပုလွေအကြီးအကဲ၏မျက်နှာ အကြီးအကျယ် ပျက်သွားပြီး ချက်ချင်းပင် အသံတိုးတိုးဖြင့် နားကျပ်ဖုန်းမှတစ်ဆင့် အော်ပြောလိုက်သည်။

သူသည် နံရံကို မှီထားရင်း သန်မာသည့် မှုန်ကုပ်ကုပ်ထိုလူနှစ်ယောက်အား ကြည့်လိုက်ရာ သူ၏ရင်ထဲမှပင် တုန်လှုပ်သွားရသည်။ သိရမည်မှာ သူသည် နိုးနိုးကြားကြားရှိကာ သူ၏ရှေ့နောက်ဝဲယာအား သတိအပြည့်နှင့် တစ်ချိန်လုံး စောင့်ကြည့်နေပါသော်လည်း တစ်စုံတစ်ယောက်သည် သူသတိမထားလိုက်မိပါဘဲ သူ၏ဘေးနားမှ ထွက်ပေါ်လာနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။

ကျွမ်းကျင်သူများ။ သူတို့သည် သေချာပေါက်ပင် အလွန်အမင်း ကြောက်စရာကောင်းသည့် ကျွမ်းကျင်သူများပင် ဖြစ်တော့သည်။

“မင်းတို့နာမည်တွေက ဘယ်လိုခေါ်လဲ။”

“ငါးမန်း”

“ဝံပုလွေရိုင်း

တောင့်တင်းသန်မာသည့်ထိုလူနှစ်ယောက်က ပြည်ပတွင် တိုက်ခိုက်စဉ်က အသုံးပြုသော နာမည်များအား လေသံအေးစက်စက်ဖြင့် ဖြေလိုက်သည်။

ဝံပုလွေအကြီးအကဲ တစ်ခဏမျှ အံ့သြသွားသည်။ ထိုနာမည်၂ခုအား ရင်းနှီးနေသည်ဟု သူ ခံစားရသည်။ ရုတ်တရက် သူ၏အမူအရာသည် လျင်မြန်စွာ ပြောင်းလဲသွားပြီး အသက်ရှူသံများ ပိုမိုမြန်ဆန်လာသည်။

“မင်းက အပြည်ပြည်ဆိုင်ရာကြေးစားအဖွဲ့က ငါးမန်းများလား။ အဲ့ဒီငါးမန်းက သူပုန်ခေါင်းဆောင် ဟဂျန်ဒါကို အာဖရိကထဲမှာ ချေမှုန်းပြီး သူ့စစ်သားအယောက်တစ်ရာနီးပါးကို သုတ်သင်ပြီး ထိခိုက်ဒဏ်ရာမရဘဲ ထွက်ပြေးလွတ်မြောက် လာတဲ့သူလေ။ ဝံပုလွေရိုင်း၊ မင်းကရော ဝံပုလွေကြေးစားအဖွဲ့ထဲက ရွှေရောင်နတ်ဘုရားတံဆိပ် လုပ်ကြံသူလား။”

ငါးမန်းနှင့်ဝံပုလွေရိုင်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး ဝံပုလွေအကြီးအကဲအား အံ့အားသင့်စွာ ကြည့်မိကြသည်။

“မင်းက ငါတို့ကို သိတာလား။” ငါးမန်းက ခပ်တိုးတိုး မေးလိုက်သည်။

ဝံပုလွေအကြီးအကဲသည် ထိုနှစ်ယောက်အား ယုံကြည်ရန်ခက်စွာ ကြည့်မိသည်။ အမှန်တကယ်ပင် သူညွှန်းဆိုခဲ့သော နှစ်ယောက်ဖြစ်လိမ့်မည်ဟု သူ မထင်ထားမိချေ။ တစ်ခုသိရမည်မှာ ထိုနှစ်ယောက်သည် ကမ္ဘာပေါ်တွင် ကြောက်စရာကောင်းသော လူများဖြစ်သည်။ ထိုနှစ်ယောက်ထဲမှ တစ်ယောက်ပင်လျှင် အကြီးအကျယ် ဒုက္ခပေးစေနိုင်သည်။ သို့သော် အခု ထိုသူများသည် တရုတ်နိုင်ငံထဲသို့ မည်ကဲ့သို့ ရောက်လာနိုင်ပါသနည်း။ မည်သည့်အကြောင်းကြောင့် ထန်ရှု၏လူများ ဖြစ်လာပါသနည်း။

ဒီလိုဖြစ်နိုင်မလား။ သူတို့သည် ထန်ရှု၏လူများ ဖြစ်ပြီး ပြည်ပတွင် လုပ်သမျှအရာအားလုံးသည် ထန်ရှု၏အမိန့်ကြောင့် ဆိုရင်ရော…။

ချက်ချင်းဆိုသလိုပင် ဝံပုလွေအကြီးအကဲသည် ထန်ရှုအကြောင်းအား ပိုမိုသိလိုစိတ်ပြင်းပြလာသည်။

ရှူး…

အရိပ်တစ်ခုသည် သူတို့အနီးတစ်ဝိုက်တွင် တိတ်ဆိတ်စွာ ပေါ်လာရာ သူတို့၏ခန္ဓာကိုယ်များ တစ်ခဏအတွင်း တောင့်တင်းသွားကြသည်။ ထို့နောက် ထန်ရှု၏အသံက သူတို့၏နားထဲရောက်လာသည်။

“ကျွန်တော်ပါ။”

“သူဋ္ဌေး။”

သူတို့သည် ထန်ရှုအား မြင်သည်နှင့် ချက်ချင်း စိတ်သက်သာရာ ရသွားသည်။

ထန်ရှုက ခေါင်းညိတ်ပြရင်း

“ခင်ဗျားတို့ကို သတင်းဆိုး ပြောရဦးမယ်။ ကျွန်တော်တို့ အခု အဝိုင်းခံထားရသလိုဖြစ်နေပြီ။”

ဝံပုလွေအကြီးအကဲ ကြက်သေသေသွားကာ လေသံတိုးတိုးဖြင့်

“ဘယ်လိုဖြစ်နိုင်မှာလဲ။ အတွင်းထဲကလူတွေ သိသွားအောင် ငါတို့ မလုပ်ထားဘူးလေ။ နောက်ပြီး ငါတို့ ဒီနေရာကို တိတ်တဆိတ် ရောက်လာတုန်းက အနောက်ကိုလည်း ကြည့်ခဲ့တယ်။ ငါတို့ ဘာမှ…”

သူ၏စကားများ တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွားသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် ဘေးပတ်လည်အား ကြည့်ရှုစစ်ဆေးခဲ့သည့်တိုင် ထန်ရှု၊ ငါးမန်းနှင့်ဝံပုလွေရိုင်းတို့၏တည်ရှိမှုကိုပင် သတိမပြုခဲ့မိချေ။

“အဲ့ဒီလူတွေက ကျွန်တော်တို့ ရောက်ပြီးနောက် ရောက်လာခဲ့ကြတာ။ အယောက်၄၀ထက်မနည်းဘူး။ အနက်ရောင်ညဝတ်ကုတ်အကျီၤတွေနဲ့ လက်နက်ကလည်း အပြည့်ပဲ။ အခု ရွေးချယ်စရာ ၂ခုရှိတယ်။ ပထမတစ်ခုက အတွင်းထဲက လူတွေကို အရင်သွားတိုက်ပြီးမှ နောက်ပြန်ပြီး ပြန်တိုက်မလား။ ဒုတိယတစ်ခုက အပြင်ကလူတွေကို အရင်ရှင်းပြီးမှ အထဲကလူတွေကို ရှင်းမလား။ ရွေးပါ။”

ဝံပုလွေအကြီးအကဲက ငါးမန်းနှင့် ဝံပုလေရိုင်းတို့အား ကြည့်လိုက်ပြီး စကားတစ်လုံးမျှ မပြောချေ။ သူသည် စွမ်းအားကြီးသော်လည်း ထိုရန်သူများအား အပြည့်အဝအောင်နိုင်ရန် သေချာမှုမရှိချေ။

ငါးမန်းက တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် ဖြည်းညှင်းစွာဖြင့်

“သူဋ္ဌေးပဲ ဆုံးဖြတ်ပါ။ ငါတို့က သူဋ္ဌေးရဲ့အမိန့်အတိုင်း အတိအကျ လိုက်နာမှာပါ။”

ထန်ရှုက ခေါင်းညိတ်လိုက်ကာ

“အပြင်ကလူတွေကို အရင်ရှင်းရင် အထဲကလူတွေကို သတိပေးသလို ဖြစ်သွားမှာစိုးတယ်။ ဒီစစ်ဆင်ရေးအတွက် အဓိကရည်ရွယ်ချက်က ရန်သူတွေကို သတ်ဖို့ဆိုပေမယ့် ပိုပြီးအရေးကြီးတာက ကျွန်တော့်သူငယ်ချင်းကို ကယ်ဖို့ပဲ။ သူငယ်ချင်းက အထဲမှာ ပြန်ပေးဆွဲခံထားရတယ်လို့ ကျွန်တော် သံသယရှိတယ်။ အဲ့ဒါကြောင့် အထဲကို ကျွန်တော် အရင် တိတ်တဆိတ်သွားပြီး အထဲကလူတွေကို ရှင်းလိုက်မယ်။ ပြီးသွားရင် အပြင်ကို ထွက်ပြီး အသစ်ဝင်လာတဲ့သူတွေကို ရှင်းပစ်မယ်။”

“စစ်ဆင်ရေး အစီအစဉ်က ဘာလဲ သူဋ္ဌေး။” ဝံပုလွေအကြီးအကဲ မေးလိုက်သည်။

ထန်ရှုက ခေါင်းကိုယမ်းလိုက်ရင်း

“ဝံပုလွေအကြီးအကဲ…အဖွဲ့ကို အမိန့်ပေးဖို့ ခင်ဗျားဆီ ထားခဲ့မယ်။ ကျွန်တော့်လူသည်၂ယောက်က ခင်ဗျားလက်အောက်မှာ ရှိပေးလိမ့်မယ်။ ကျွန်တော်က လုပ်ကြံသတ်ဖြတ်ပြီးတော့ လူကယ်မယ်။ ခင်ဗျားက ကျွန်တော့်ကိုတော့ မစီမံနဲ့တော့။”

“နားလည်ပြီ။”

ဝံပုလွေအကြီးအကဲ အနည်းငယ် စိတ်လှုပ်ရှားနေသည်။ ငါးမန်းနှင့်ဝံပုလွေရိုင်းသည် ကျွမ်းကျင်သူများ ဖြစ်ကြသော်လည်း နောက်ဆုံးတွင် သူ၏လက်အောက်တွင် အမိန့်နာခံရန် ထားလိုက်ပေရာ သည်စစ်ပွဲအတွက် သူ၏ယုံကြည်မှုသည် တိုးမြင့်လာခဲ့သည်။

ထန်ရှုက ပြောသည်။

“သည်စက်ရုံက အတော်ကြီးပြီး အတွင်းမှာ လူ၂၂ယောက်ရှိတယ်။ လူ၂ယောက်က တံခါးဝမှာ စောင့်နေပြီးတော့ တိုက်ခိုက်ခံရရင် အထဲကလူတွေကို သတိပေးဖို့ တာဝန်ရှိတယ်။ ကျွန်တော် အဲ့ဒီနှစ်ယောက်ကို သတ်ဖို့ တာဝန်ယူလိုက်မယ်။ ခင်ဗျားတို့က ကျန်တဲ့သူတွေကို ရှင်းလိုက်ပါ။”

ဝံပုလွေအကြီးအကဲ အံ့အားသင့်သွားကာ

“သူဋ္ဌေး ဘယ်လိုများ သိ…”

ထန်ရှုက စကားဖြတ်ပြောလိုက်ကာ မျက်နှာသေဖြင့်

“ကျွန်တော် ဒီအခြေအနေတွေ ဘယ်လိုသိလဲဆိုတာ ခင်ဗျားသိစရာ မလိုဘူး။ ခင်ဗျား သိဖို့လိုတာက ကျွန်တော် မမှားဘူးဆိုတာပဲ။”

ဝံပုလွေအကြီးအကဲသည် ထန်ရှု၏ခွန်အားကို ပြန်သတိရသွားကာ ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူသည် ပြန်လည်စဉ်းစားဆင်ခြင်သုံးသပ်ကာ အရေးပေါ်တိုက်ခိုက်ရေးအစီအစဉ်အား သူ၏စိတ်ထဲတွင် အစီအစဉ်ချကာ ရေးဆွဲသည်။ ထို့နောက် သူသည် တိုက်ခိုက်ရေးအမိန့်များ ထုတ်တော့သည်။

စက်ရုံ၏ဂိတ်တံခါးသည် ထူထဲသော သံဖြင့် ပြုလုပ်ထားသော ရင်ဖွင့်တံခါးနှစ်ချက်ဖြစ်သည်။

ကြီးမားသော ဂိတ်တံခါးသည် ပိတ်ထားပြီး ကြေးစားနိုင်ငံခြားသား၂ယောက်သည် ကျည်အပြည့်ထည့်ထားသော စက်သေနတ် အသေးစားများအား ဆွဲကိုင်ကာ ယနေ့ညတွင် ဖြစ်မည့်အကြောင်းအရာအား လေသံတိုးတိုး စကားပြောနေကြသည်။

ထိုသူတို့၏အမိန့်ပေးခေါင်းဆောင်အား မတွေ့ရဘဲ အခြားခေါင်းဆောင်များနှင့် သတ်ဖြတ်ဖို့ သွားရန်ဖြစ်နိုင်ပေသည်။

“ဘန်း…”

ထန်ရှုသည် အလွန်လျင်မြန်စွာ ပြေးကာ လေးလံသော သံဂိတ်တံခါးနှစ်ချပ်အား ပြင်းထန်စွာ ဝင်တိုက်ပစ်လိုက်သည်။

သည်တစ်ကြိမ်တွင် သူသည် ခွန်အားအပြည့်သုံးထားသောကြောင့် ဂိတ်တံခါးများသည် ပြိုလဲကျသွားကာ အစောင့်နှစ်ယောက်အား ဖိချလိုက်လေသည်။ ထို၂ယောက် အသက်မသေပါလျှင်တောင် ကျိုးပဲ့ပျက်စီးသွားတော့မည်ဖြစ်သည်။

ဒိုင်း…ဒက်…ဒက်…

တစ်ချိန်တည်းမှာပင် စက်သေနတ်အသေးစား၄လက်နှင့် စနိုက်ပါ၂လက်မှ မီးပွင့်သွားသည်။ စက်ရုံအတွင်းမှ ကြေးစား၁၀ယောက်သည် အတူတကွ စုစည်းနေသည့်တိုင် အပစ်ခံရချိန်တွင် ဖြစ်ပျက်သမျှအား မတုံ့ပြန်လိုက်နိုင်ပေ။

အခြားတစ်ဖက်တွင် ထန်ရှုသည် ပုန်းလျိုးကွယ်လျိုး သွားနေပြီဖြစ်သည်။ သူသည် စိတ်ဝိညာဉ်အာရုံအား စက်ရုံအတွင်းသို့ ဖြန့်ကျက်ထားပြီးပြီဖြစ်ရာ စက်ရုံအတွင်းတွင် ရုံးခန်းတစ်ခုရှိပြီး ယွမ်ချူးလင်အား အထဲတွင် ချုပ်နှောင်ထားသည်ကို တွေ့ရသည်။

လူမည်းတစ်ယောက်သည် ဆိုဖာပေါ်တွင် ထိုင်ကာ သူ၏ဓားမြှောင်အား ပွတ်သပ်နေသည်။ ထို့ပြင် ကြေးစားနိုင်ငံခြားသားတစ်ယောက်သည် အိမ်သာထဲတွင် ရှိနေပြီး အတွင်းမှ အခြားကြေးစား၄ယောက်နည်းတူ သေခြင်းတရားမှ လွတ်မြောက်သွားသူဖြစ်သည်။ ထိုအချိန်မှာပင် ကြေးစား၄ယောက်သည် တုံ့ပြန်မှုပြုကာ ပြန်လည်တိုက်ခိုက်ကြသည်။

“ဘန်း…”

ပြတင်းပေါက်မှန်သည် ကွဲကြေသွားကာ ထန်ရှု ဝင်ရောက်လာပြီး အိမ်သာဆီသို့ ဦးတည်ကာ အမြန်သွားလိုက်သည်။ အိမ်သာထဲရှိ ကြေးစားသည် သူ၏သေနတ်အား ကိုင်လျက် အိမ်သာတံခါးဆီသို့ လျှောက်လာသည်။ သို့သော် ထိုခဏမှာပင် အိမ်သာတံခါးပွင့်သွားပြီး ထက်ရှလှသော မစ်ဆူဘီရှီ စစ်သုံးဓားမြှောင်သည် သူ၏နှလုံးအား ထိုးဖောက်သွားခဲ့သည်။

ချက်ချင်းပင်…

ထန်ရှုသည် ရုံးခန်းတံခါးအပြင်တွင် ပေါ်ထွက်လာကာ သူ၏စိတ်ဝိညာဉ်အာရုံဖြင့် အနားပတ်လည်အား စစ်ဆေးကြည့်ရှုလိုက်သည်။ ဓားမြှောင်ကိုင်နေသော ကြေးစားသည် ပစ္စတိုလ်သေနတ်အား ကောက်ယူထားပြီးဖြစ်ပြီး လျင်မြန်စွာ ထကာ ဘေးဘက်မှ တံခါးဆီသို့ အပြေးသွားသည်။

“ဘန်း…”

ထန်ရှုသည် သူ၏နောက်မှ လိုက်လာသည်။ ထိုလူ၏ခန္ဓာကိုယ်သည် တံခါးတွင် ကပ်နေရာ ထန်ရှုသည် တံခါးအား လက်သီးပြင်းပြင်း ထိုးသွင်းလိုက်သည်။ သူ၏လက်သီးထိုးချက်သည် ကြေးစား၏ခန္ဓာကိုယ်အား ထိမှန်ပြီး လွင့်ထွက်သွားရသည်။ ထို့နောက် ထန်ရှုသည် တံခါးအား ဖွင့်ကာ အတွင်းသို့ အရှိန်ဖြင့် ပြေးသွားပြီး မြေပြင်ပေါ် ကျခါနီးဖြစ်နေသည့် ထိုကြေးစား၏ ခန္ဓာကိုယ်အား ဖမ်းလျက် ဓားမြှောင်ဖြင့် အထက်အောက် ဆွဲမွှမ်းကာ သတ်ဖြတ်လိုက်သည်။

ကုလားထိုင်ပေါ်တွင် အချုပ်နှောင်ခံထားရသည့် ယွမ်ချူးလင်သည် ထိုမြင်ကွင်းအား တိတ်တဆိတ် မြင်လိုက်ရပြီး ထိတ်လန့်တုန်လှုပ်ကာ မျက်လုံးများ ဝိုင်းစက်သွားရသည်။ ထန်ရှု၏ မုန်တိုင်းဆန်ကာ အားကြီးသော ခွန်အားနှင့် ရက်စက်သော လှုပ်ရှားမှုတို့သည် ထန်ရှုအား မရင်းနှီးသော မွန်းစတားတစ်ကောင်အဖြစ် ရှုမြင်စေသည်။

သူ၏ပါးစပ်သာ တိပ်ဖြင့် အပိတ်မခံထားရပါက အဲ့ဒါမင်းရော တကယ်ဟုတ်ရဲ့လားဟု ထန်ရှုအား ကျယ်လောင်စွာ မေးမြန်းမိပေလိမ့်မည်။

ထန်ရှုသည် ဖျော့တော့စွာ ပြုံးလိုက်သည်။ သူသည် ယွမ်ချူးလင်၏တုန်လှုပ်နေသော အမူအရာအား ကြည့်လျက် သူ့ဆီလျှောက်လာကာ ပါးစပ်တွင် ပိတ်ထားသော တိပ်အား ဖွင့်ပေးလိုက်သည်။ ထို့နောက် မစ်ဆူဘီရှီစစ်သုံးဓားမြှောင်ဖြင့် ယွမ်ချူးလင်အား ချုပ်နှောင်ထားသော ကြိုးများအား ဖြတ်တောက်ပေးလိုက်သည်။

“ဒီမှာ စောင့်နေဦး။ အပြင်မှာ တိုက်ပွဲတစ်ပွဲ ရှိသေးတယ်။ မင်း အခု အပြင်ကို ပြေးထွက်သွားရင် အန္တရာယ်ဖြစ်လိမ့်မယ်။ မင်းမှာ ပြောချင်တာ တစ်ခုခု ရှိနေရင် အပြင်က ရန်သူတွေကို ရှင်းပြီးတဲ့အထိ စောင့်ပေး။”

“ကောင်းပြီ။” ယွမ်ချူးလင် တစ်ခဏမျှ တွေဝေသွားပြီးနောက် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။

ထန်ရှုသည် ကြမ်းပြင်ပေါ်မှ ပစ္စတိုလ်သေနတ်အား ကောက်ယူလိုက်ပြီး ဘေးတံခါးမှတဆင့် ရုံးခန်းအပြင်သို့ ထွက်လိုက်ရာ ခေါင်းမာစွာဖြင့် ခုခံတိုက်ခိုက်နေသော ကြေးစား၄ယောက်ကို တွေ့မြင်သည်။ သူတို့အထဲမှ ၂ယောက်သည် သေလုမျောပါးဖြစ်နေပြီး အခြား၂ယောက်မှာ ထောင့်တစ်နေရာတွင် ပုန်းခိုကာ ပြန်လည်ခုခံနေကြသည်။

“ဟမ့်…”

ထိုလူ၂ယောက်၏တည်နေရာမှာ သူ၏အရှေ့တွင် ပြီးပြည့်စုံစွာ ဖော်ပြနေသောကြောင့် နှောင့်နှေးခြင်းမရှိဘဲ ထိူလူ၂ယောက်၏ခေါင်းများအား ချိန်ကာ သေနတ်၂ချက်ပစ်လိုက်သည်။

“ဒိုင်း…ဒိုင်း…”

“ရွှီ…ရွှီ…ရွှီ…”

အရိပ်တန်းများသည် ထန်ရှုဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာကြသည်။

ဝံပုလွေအကြီးအကဲသည် သေနတ်ပစ်ခံရကာ သေဆုံးသွားသော ကြေးစားသမားများအား ကြည့်လိုက်ကာ လေးစားသော အမူအရာဖြင့် ချီးကျူးလိုက်သည်။

“သူဋ္ဌေးသာ စစ်တပ်ထဲဝင်ရင် အင်အားအကြီးဆုံး လက်ဖြောင့်သမားဖြစ်မှာ အသေအချာပဲ။”

***

All Chapters