← Chapters

ဂျပန်လူမျိုးများ

Vol. 06 Ch. 252

ဂျပန်လူမျိုးများ

Vol. 06 Ch. 252

ထန်ရှုသည် ဖျော့တော့စွာ ပြုံးလိုက်ပြီး

“ခင်ဗျားတို့လည်းတော်ကြပါတယ်။ ရန်သူတွေက ပြင်းထန်ပေမယ့် ခင်ဗျားတို့ကို ပြန်မတိုက်နိုင်ကြဘူးလေ။ ဒါနဲ့ ရန်သူတွေရဲ့သေနတ်တွေကို ယူပြီး ပြင်ဆင်ထားပါ။ မကြာမီလာတော့မယ့်တိုက်ပွဲအတွက် အပြင်မှာ စောင့်နေကြဦး။”

ဝံပုလွေအကြီးအကဲက တွေဝေသွားကာ

“သူတို့ လာတိုက်တာကို ခုခံမှာထက်စာရင် အရင်ဦးအောင်တိုက်တာ ပိုမကောင်းဘူးလား။”

ထန်ရှုသည် ခေါင်းယမ်းပြလိုက်ရင်း ဖုန်းထုတ်ကာ ကျုံးတိုက်ယွီဆီ ဆက်လိုက်သည်။

“ခင်ဗျား အချိန် ဘယ်လောက်လိုလဲ။”

“အများဆုံး ၁၀မိနစ်ပဲ။”

“ကောင်းတယ်။”

ထန်ရှု ဖုန်းချလိုက်သည်။ သူ၏မျက်ဝန်းမှ သတ်ဖြတ်လိုစိတ် လင်းလက်နေပြီး ပြတ်သားစွာ ပြောလိုက်သည်။

“ရန်သူတွေက ၁၀မိနစ်အတွင်း ရောက်လာလိမ့်မယ်။ ကျွန်တော်တို့ ပထမ ခုခံကြမယ်၊ ပြီးမှ ပြန်တိုက်ကြတာပေါ့။ ကျွန်တော်တို့မြေကို ကျူးကျော်လာပြီး ကိုယ့်လူမျိုးကို သတ်တဲ့သူတွေကို ကျွန်တော် မုန်းတယ်။ သူတို့ရဲ့အသက်တွေလည်း ဒီမှာ ထားခဲ့ရမယ်။”

ဝံပုလွေအကြီးအကဲက ပြောသည်။

“သူဋ္ဌေး… သေမင်းရိတ်သိမ်းသူ ကြေးစားအဖွဲ့က ရာထူးအလိုက် အယောက်၄၀ကျော်ရှိတယ်။ ဒီအရေအတွက်ကို သူတို့ထိန်းသိမ်းလာတာ ဆယ်စုနှစ်မကတော့ဘူး။ ငါတို့က အယောက်၂၀ကျော် သတ်ပြီးသွားပေမယ့် သူဋ္ဌေးက ပြောတော့ ငါတို့အနောက်မှာ အယောက်၄၀ကျော် ရှိသေးတယ်ဆို။ ငါ သံသယရှိတာက သေမင်းရိတ်သိမ်းသူကြေးစား အဖွဲ့ရဲ့နောက်မှာ တခြားအင်အား ရှိနေမှာကိုပဲ။”

ငါးမန်းကလည်း အသံလေးလေးဖြင့် ပြောသည်။

“သေမင်းရိတ်သိမ်းသူကြေးစားအဖွဲ့ကလူတွေက သေသင့်တယ်။ ငါတို့က ဒီနေရာမှာ သူတို့လူတွေ အယောက်၂၀ကျော် သတ်ခဲ့တယ်။ တခြားမှာလည်း အယောက်၂၀ကျော် သတ်ခဲ့သေးတာဆိုတော့ အပြင်မှာ ရောက်လာတော့မယ့် လူတွေက တခြားအင်အားစုကပဲ နေလိမ့်မယ်။”

ထန်ရှုက မျက်နှာသေဖြင့်

“သူတို့ ဘယ်သူတွေပဲဖြစ်ဖြစ် သူတို့ ကျွန်တော်တို့ကို စပစ်ရဲတယ်ဆိုကတည်းက သူတို့အသက်ကို ယူရမှာပဲ။ ကျွန်တော့်စကားကို သေချာမှတ်ထား… ကျွန်တော့်ကို မတိုက်ခိုက်တဲ့သူတွေကို ဘယ်တော့မှ ကျွန်တော်က စပြီး မတိုက်ဘူး။ ဒါပေမယ့် ကျွန်တော့်ကို စပြီးပြသနာရှာတဲ့သူတွေကတော့ အဆ၁၀၀ ပြန်ပေးဆပ်ရလိမ့်မယ်။”

ဝံပုလွေအကြီးအကဲက သူ၏နှုတ်ခမ်းအား  သပ်လိုက်သည်။ ထန်ရှု၏နောက်ကို လိုက်ပါက သူ၏အနာဂတ်သည် အလွန်တရာ တောက်ပလာလိမ့်မည်ဟု ရုတ်တရက် ခံစားမိလာသည်။ အတိတ်တွင် သူ၏ဓားများကို အသုံးပြုကာ သွေးသောက်ပြီး ကျည်ဆံများကို ရှောင်ရှားခဲ့သည်။ သာမန်ပြည်သူဘဝဖြင့် ၆လနေထိုင်ခဲ့ရစဉ်တွင် သူ့အား မသက်မသာဖြစ်စေကာ နေသားမကျဖြစ်စေသည်။ ယနေ့ညသည် ထိုတောက်ပခဲ့သော နေ့ရက်များဆီသို့ ပြန်သွားရန် အစဖြစ်ပေမည်။

စွန့်ပစ်စက်ရုံ၏အပြင်စည်းရိုးတွင်…

အီချီရိုယာမာမိုတိုသည် သူ၏အဝေးကြည့် မှန်ပြောင်းအား ထုတ်ကာ စက်ရုံအတွင်း အခြေအနေအား အကဲခတ်ကြည့်ရှုနေသည်။ သူ၏အနီးတွင် ထင်ရှားပေါ်လွင်သော ကောက်ကြောင်းအလှတို့ဖြင့် အေးစက်သော အော်ရာတို့ လွှင့်ထုတ်နေသော မျက်နှာဖုံးတပ် အမျိုးသမီးတစ်ဦးရှိသည်။ သူတို့၏အနောက်တွင် အနက်ရောင်ဓားရှည်၄ချောင်းလွယ်ထားသော မျက်နှာဖုံးတပ်လူ၄ယောက် ရှိနေပြီး ထိုသူများသည် ရုပ်သံဇာတ်လမ်းတွဲထဲမှ ဂျပန်နင်ဂျာများအလား ဖြစ်သည်။

“ကုဝါကို… မင်းရဲ့ပစ်မှတ်က တဂိုးပဲ။ ငါ သူ့ကို အရှင်လိုချင်တယ်။ သူ လုံးဝသေလို့မဖြစ်ဘူး။” အီချီရို ယာမာမိုတိုက မှန်ပြောင်းအား ခွာကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

မျက်နှာဖုံးတပ်အမျိုးသမီးက အေးစက်သော လေသံဖြင့်

“ဒီတာဝန် မပြီးမြောက်ရင် ကျွန်မ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ပါမယ်။”

အီချီရိုယာမာမိုတိုက ခေါင်းယမ်းလိုက်ပြီး

“မင်း အဲ့လောက်ကတိကို မလုပ်ပါနဲ့။ မင်းက ယာမာမိုတိုကလန်ရဲ့တစ်ဦးတည်းသော အမွေဆက်ဆံမယ့်သူ ဖြစ်ပြီး မြောက်ပိုင်းကြယ်ဓားတစ်စင်းကျောင်းရဲ့ အနာဂတ်ကျောင်းအုပ်လည်း ဖြစ်တယ်။ လူတိုင်း သေလို့ရပေမယ့် မင်းကတော့ မရဘူး။”

မျက်နှာဖုံးတပ် အမျိုးသမီးသည် တိတ်ဆိတ်သွားသော်လည်း သူမ၏မျက်ဝန်းများထဲတွင် ခိုင်မာသောစိတ်က အလွန်အမင်း ပြည့်သိပ်လာခဲ့သည်။

အီချီရိုယာမာမိုတိုက တိတ်တဆိတ် သက်ပြင်းချလိုက်ကာ လက်ကို ဝှေ့ယမ်းပြီး အမိန့်ပေးလိုက်သည်။

“အဲ့ဒီသေမင်းရိတ်သိမ်းသူကြေးစားသမားတွေကို သတ်ပြီး ယွမ်ကျန်းရွှမ်ကို လုခဲ့။”

ချက်ချင်းဆိုသလိုပင် ည၏အလင်းရောင်ဖျော့ဖျော့အောက်တွင် အရိပ်များသည် တိတ်ဆိတ်စွာဖြင့် စက်ရုံ၏အတွင်းပိုင်းသို့ ဝင်ရောက်လာသည်။ ထိုသူများ၏ရွေ့လျားမှုသည် လွန်စွာ ထူးဆန်းလှသည်။ ထိုအဖွဲ့ထဲမှ ၃ယောက်သည် ပူးပေါင်းရွေ့လျားလာကြပြီး မကြာမီ စက်ရုံ၏အတွင်းကျဆုံးအပိုင်းသို့ ရောက်ရှိလာသည်။

“ရပ်…”

အီချီရိုယာမာမိုတိုသည် စက်ရုံနှင့် ၁၀မီတာအကွာ ရပ်လိုက်ကာ နားကျပ်ဖုန်းမှတဆင့် သူ၏လူများအား အမိန့်ပေးလိုက်သည်။ သူ၏အရှေ့တွင် သေမင်းရိတ်သိမ်းသူကြေးစားအဖွဲ့မှ သေဆုံးသူ၂ယောက်ရှိနေပြီး အလောင်းများမှာ အေးစက်ပုံမရသေးချေ။

“သူတို့သေတာ လည်ပင်းနဲ့နှလုံးကို ထိုးစိုက်ထားတဲ့ ဒဏ်ရာတွေကြောင့် သေတာ။ မစ်ဆူဘီရှီဓားဒဏ်ရာပဲ။ မြေပြင်ပေါ်က ခြေရာတွေ ကြည့်ရင် ၂ယောက်-၃ယောက်ဖြစ်လိမ့်မယ်။ တစ်ဖက်အဖွဲ့က အလွန်အားကောင်းတယ်။ ဒီသေတဲ့လူ၂ယောက်က လုံခြုံရေးကင်းစောင့်ကျတဲ့သူမို့လို့ အနည်းဆုံးတော့ ဒီတစ်ဖက်အဖွဲ့ကသူတွေက လုပ်ကြံတဲ့နေရာမှာ ကျွမ်းကျင်သူတွေပဲ။”

မျက်နှာဖုံးတပ် အမျိုးသမီးက လေးလေးနက်နက် ပြောလိုက်သည်။

အီချီရိုယာမာမိုတိုက ပြောသည်။

“ဒီအပြင်ဘက်ကို စစ်ဆေးကြည့်။ သေမင်းရိတ်သိမ်းသူအဖွဲ့ကအခြားသေဆုံးသူတွေ ရှိသေးလားလို့။”

“အစီရင်ခံပါတယ်။ တစ်လောင်းတွေ့။”

“အစီရင်ခံပါတယ်။ ဒီမှာ နှစ်လောင်းတွေ့။”

“အစီရင်ခံပါတယ်။ ဒီဘက်နားမှာ တစ်လောင်းတွေ့။”

အစီအရင်ခံသံများသည် နားကျပ်ဖုန်းမှတစ်ဆင့် အီချီရိုယာမာမိုတို၏နားသို့ ရောက်လာသည်။ သူ၏မျက်နှာသည် သုန်မှုန်သွားသည်။ သေမင်းရိတ်သိမ်းသူကြေးစားအဖွဲ့အား စောင့်ကြည့်ရန် စေလွှတ်ခြင်းခံထားသောသူများမှ ထိုအဖွဲ့သည် ကျန်ရှိသောလူ အယောက်၂၀နှင့် ပြန်သွားသည်ဟု သူ့အား အကြောင်းကြားထားသည်။

သေမင်းရိတ်သိမ်းသူကြေးစားအဖွဲ့မှလူများက ယွမ်ကျန်းရွှမ်အား ဖမ်းဆီးရမိပြီးချိန်မှ သူက လျှပ်တစ်ပြက်ဝင်တိုက်ကာ ပြင်းထန်သော ဆုံးရှုံးမှုအား ခံစားစေမည်ဟု သူတွေးထားသည်။ ထိုသူများအား သူ သတ်လိုက်ပြီးပါက နောက်ဆုံးတွင် အနိုင်ရရှိသူသည် သူ ဖြစ်လာလိမ့်မည်။

သို့သော် သည်ရုတ်တရက်ဖြစ်ပေါ်လာမှုကြီးက သူ့အား ရှုံးနိမ့်သွားစေကာ မည်ကဲ့သို့ တုံ့ပြန်ရမည်ကိုပင် မသိခဲ့ပေ။

မိနစ်ဝက်မျှ လေးနက်စွာ တွေးပြီးနောက် အီချီရိုယာမာမိုတိုက သစ်ပင်ကြီးတစ်ပင်အနောက်တွင် အမြန် ပုန်းအောင်းကာ အော်ဟစ်လိုက်သည်။

“တဂိုး… မင်း အသက်ရှင်နေသေးလား။ ငါက အီချီရိုယာမာမိုတိုပါ။”

စက်ရုံအတွင်းတွင်…

ထန်ရှုသည် အပြင်ဘက်ကအသံအား ကြားသော် မျက်မှောင်ကြုပ်သွားသည်။ သူက အခြားသူများဘက်လှည့်ကာ မေးလိုက်သည်။

“အီချီရိုယာမာမိုတိုတဲ့လား။ ဂျပန်လူမျိုးလား။”

ဝံပုလွေအကြီးအကဲ၏မျက်လုံးများထဲတွင် အေးစက်သော အရိပ်အယောင်တစ်ချက် ဖြတ်သန်းသွားကာ လေးနက်သောလေသံဖြင့်

“သူက ဂျပန်က ယာမာမိုတိုကလန်ရဲ့ မိသားစုခေါင်းဆောင်ပဲ။ အလွန်ထင်ရှားပြီး မြင့်မားတဲ့ ပုံရိပ်တစ်ခုရှိတယ်။ သူ့မှာ နောက်ထပ်ပုံရိပ်တစ်ခုက မြောက်ပိုင်းဓားတစ်စင်းကျောင်းရဲ့ကျောင်းအုပ်တစ်ယောက်ပဲ။”

ထန်ရှုတွင် ဂျပန်လူမျိုးနှင့်ပတ်သက်ပြီး အမြင်မကြည်ချေ။ ထိုနိုင်ငံမှလူများသည် အလွန်သန်မာကြပြီး ကျူးကျော်လိုသော စိတ်သဘောထား ရှိသည်။ သမိုင်းတစ်လျှောက် ထိုနိုင်ငံသည် အားနည်းသူအား အနိုင်ကျင့်ကာ အားကြီးသူအား ကြောက်ရွံ့သော နိုင်ငံဖြစ်သည်။ တစ်ချိန်က သူတို့သည် တရုတ်နိုင်ငံအား တိုက်ခိုက်သိမ်းပိုက်ရန် ကျူးကျော်လာခဲ့ဖူးပြီး သူတို့၏ကြောက်သွေးများသည် သည်မြေပေါ်တွင် ကျန်နေခဲ့သည်။

ထန်ရှုသည် ယွမ်ကျန်းရွှမ်ဆီ ဖုန်းဆက်လိုက်သည်။ သူ့ထံမှ သတင်းအချက်အလက်များအား ရယူရန် ကြိုးပမ်းနေကြသူများထဲတွင် ဂျပန်လူမျိုးသည်လည်း အင်အားစုတစ်ရပ်အဖြစ်ပါ၀င်သည်ဟု ယွမ်ကျန်းရွှမ်၏ စကားများအရ သိရှိရပေသည်။

“တစ်ယောက်မှ ချန်မနေခဲ့ဘဲ ထွက်ခွာဖို့ အသင့်ပြင်။” ထန်ရှု မှုန်ကုပ်စွာ အမိန့်ပေးလိုက်သည်။

အပြင်ဘက်တွင် အီချီရိုယာမာမိုတိုသည် နဖူးကြောကြီးများတွန့်ကာ စဉ်းစားလျက်ရှိသည်။ အတွင်းမှ မည်သည့်တုံ့ပြန်မှုမှ ထွက်မလာခြင်းသည် သူ့အား မကောင်းသော ခံစားချက်အား ပေးနေသည်။ သို့သော်လည်း သူသည် မောက်မာသောသူတစ်ယောက် ဖြစ်သောကြောင့် သည်တစ်ကြိမ် သူ ခေါ်လာခဲ့သော သူများသည် မြောက်ပိုင်းကြယ်ဓားကျောင်းမှ ကျွမ်းကျင်သူများဖြစ်ကြသည်။ ထို့ကြောင့် ၂မိနစ်စောင့်ပြီးသော် အတွင်းသို့ဝင်ရန် ချက်ချင်း အမိန့်ထုတ်လိုက်သည်။

“ဖန်း…ဖန်း…ဖန်း…ဖန်း…”

မီးပွင့်များလင်းလာကာ မြောက်ပိုင်းကြယ်ဓား နင်ဂျာ၄ယောက်သည် စနိုက်ပါရိုင်ဖယ်ဖြင့် ပစ်သတ်ခြင်းခံလိုက်ရသည်။

“ယီးပဲ…သတိထားကြ။”

အီချီရိုယာမာမိုတို ဆဲဆိုလိုက်သည်။ သူ၏ခါးမှ ပစ္စတိုလ်သေနတ်အား ထုတ်ကာ စက်ရုံဆီသို့ ရှေးရှုသွားတော့သည်။

သေနတ်တိုက်ပွဲစတင်ပြီဖြစ်သည်။ နှစ်ဖက်စလုံး ပစ်ခတ်နေကြသော်လည်း သူမသာကိုယ်မသာ အခြေအနေဖြစ်သည်။ စက်ရုံအတွင်းမှ လူများသည် အပြင်သို့ ထွက်မလာသကဲ့သို့ အီချီရိုယာမာမိုတို၏ ကျွမ်းကျင်သူများသည်လည်း သေနတ်သံများကြားမှ မထိုးဖောက်နိုင်ဘဲ စက်ရုံအတွင်းသို့ မဝင်နိုင်ပါချေ။

အီချီရိုယာမာမိုတို ဒေါသထွက်နေဆဲမှာပင် သူ၏နံဘေးမှ နင်ဂျာ၂ယောက်သည် ရုတ်တရက် မြေပေါ်လဲကျသွားသည်။ သူတို့၏ခေါင်းတွင် ကျည်ဆံရာများ ရှိနေသည်။

“ဘာ…”

ရန်သူများသည် အနောက်တွင်လည်း ရှိနေသေးသည်ဟု သူ မမျှော်လင့်ထားမိချေ။ ထိုခဏတွင် သူ၏ရင်တွင်းမှ ကြောက်စိတ်များ ပျံ့နှံ့လာသည်။ ပြန်တိုက်ခိုက်ရန် သူ အမိန့်မထုတ်ရသေးမီ ဝိညာဉ်တစ်ကောင် အလားသဏ္ဍာန်နှင့်တူသော ပုံရိပ်တစ်ခုသည် စက်ရုံထဲမှ ပြေးထွက်လာကာ သေနတ်ပစ်ခတ်မှုများ ပိုမိုပြင်းထန်စွာ  ထွက်ပေါ်လာသည်။

“ယီးပဲကွာ။ မြန်မြန် ပြန်တိုက်ကြ။ သတ်ပြီး ငါတို့လမ်းကြောင်းကို သွေးနဲ့ဖောက်မယ်။”

အီချီရိုယာမာမိုတို ထိတ်လန့်သွားသည်။ တရုတ်ရှေးရိုးစကားတစ်ခုအား သူ ပြန်သတိရမိသည်။ သူတို့၏အဖြစ်သည် ရေတကောင်းတစ်ခုအတွင်း ရောက်နေသော လိပ်များကဲ့သို့ မလှုပ်မရှားနိုင် ဖြစ်နေကာ ထောင်ချောက်မိနေခဲ့သည်။ ထိုသူတို့သည်လည်း သည်အခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့လိမ့်မည်ဟု သူ ခံစားမိသည်။

ရွှတ်…

ထူးဆန်းသော ပုံရိပ်တစ်ခုသည် အီချီရိုယာမာမိုတိုအနားတွင် ပေါ်လာရာ ထိုပုံရိပ်ပိုင်ရှင်သည် မျက်နှာဖုံးတပ် အမျိုးသမီးဖြစ်သည်။ သူမက လေးနက်သောအသံဖြင့်

“ဆရာ… ကျွန်မနဲ့ ထားခဲ့လိုက်ပါ။”

အီချီရိုယာမာမိုတိုက သူမ၏အကြံအား ပယ်ချကာ ဆူပူကြိမ်းမောင်းလိုက်သည်။

“အရူး။ နင်က အန္တရာယ်ကို စိတ်လှုပ်ရှားပြီး ကြောက်နေတာပဲ။ ရန်သူတွေက ငါတို့ကို ဝိုင်းထားရင်တောင်မှ သွေးနဲ့ ငါတို့လမ်းကြောင်းကို ဖောက်မယ်။ လူတိုင်း… ငါ့ဆီ ရွှေ့လာခဲ့။ ပိုပြီး နီးနီးကပ်ကပ် လာပါ။”

“မိုက်မဲတာပဲ။” မျက်နှာဖုံးတပ်အမျိုးသမီးက အော်လိုက်ကာ ချက်ချင်း ကွယ်ပျောက်သွားသည်။

ထိုအချိန်တွင် ထန်ရှုသည် စက်ရုံအပြင်ဘက်သို့ ရောက်ရှိနေပြီဖြစ်ပြီး သေနတ်၃ချက်ဆက်တိုက်ပစ်ကာ ဂျပန်နင်ဂျာ၃ယောက်အား ပစ်သတ်ခဲ့ပြီဖြစ်သည်။ သူသည် ရန်သူခေါင်းဆောင်အား ကြည့်လိုက်ရာ သူ၏မျက်ခုံးများ မြင့်တက်သွားရသည်။ သူ၏စိတ်ဝိညာဉ်အာရုံအတွင်းတွင် ထိုနင်ဂျာများသည် နေရာတစ်ခုဆီသို့ ဦးတည်ကာ ရွေ့လျားနေကြသည်။ အားကောင်းသော ပုံရိပ်တစ်ခုသည် ဘေးဘက်သို့ အပြေးသွားနေသည်။ ထို့ပြင် ထိုပုံရိပ်သည် အလွန်အမင်း မြန်ဆန်လှပေရာ သူမှတစ်ပါး အခြားသောကျင့်ကြံသူများကြားတွင် ထိုကဲ့သို့ မြန်ဆန်သော အရှိန်ရှိသောသူကို သူ မမြင်ဖူးချေ။

“လွတ်ချင်တယ်ပေါ့ ဟုတ်လား။”

ထန်ရှု၏အရိပ်သည် ထိုအရိပ်နောက်သို့ အလင်းတန်းသဖွယ် ပြေးလိုက်သွားသည်။

၁၀စက္ကန့်ကြာသော် ထန်ရှုသည် ထိုပုံရိပ်၏လမ်းကြောင်းအား တားဆီးထားလိုက်သည်။ ၎င်းသည် မျက်နှာဖုံးတပ် အမျိုးသမီးပင် ဖြစ်တော့သည်။ လက်ထဲရှိ သူ၏သေနတ်သည်လည်း ထိုအမျိုးသမီးအား ချိန်ရွယ်ထားကာ ခလုတ်ဆွဲလိုက်သည်။

“ဘန်း…ဘန်း…ဘန်း…”

ကျည်ဆံ၃ခုမှာ လခြမ်းပုံဓားတစ်ချောင်းဖြင့် တားဆီးခြင်းခံလိုက်ရပြီး နေရာတိုင်းဆီသို့ ရောင်ပြန်များ လက်နေခဲ့သည်။ မျက်နှာဖုံးတပ် အမျိုးသမီးသည် ထူးဆန်းသော ခြေလှမ်းရွေ့လျားပုံဖြင့် ရွေ့လျားသွားရာ သူမ၏ခန္ဓာကိုယ်သည် ချက်ချင်းပင် လျှပ်စီးလက်သကဲ့သို့ တစ်ခဏအကြာတွင် ၇မီတာ-၈မီတာအကွာသို့ ရောက်ရှိသွားသည်။

ထန်ရှု၏မျက်နှာသည် ပိုမိုလေးနက်သော အသွင်ဖြစ်လာသည်။ တစ်ဖက်လူသည် ကျည်ဆံများအား တားလိုက်နိုင်ရုံသာမက ထိုတားပြီးခဏတွင် လွတ်မြောက်သွားနိုင်သေးသည်။ ထိုအချင်းအရာသည် တစ်ဖက်လူ၏ခွန်အားမှာ သူ တွေးထားသည်ထက် ပိုမိုစွမ်းအားကြီးနေခြင်းကို ညွှန်ပြနေပေသည်။

“မင်း ဘယ်တော့မှ မလွတ်နိုင်ပါဘူး။ မင်းမသေချင်ရင် နာခံစွာနဲ့ အရှုံးပေးလိုက်စမ်း။”

ထန်ရှုက ကျည့်အပြည့်နှင့် ပစ္စတိုလ်သေနတ်အား အိတ်ကပ်ထဲ ပြန်ထည့်ကာ စစ်သုံးမစ်ဆူဘီရှီ ဓားမြှောင်အား ထုတ်လိုက်ပြီး မျက်နှာဖုံးတပ်အမျိုးသမီး ၏အနောက်သို့ တစ်ဟုန်ထိုး ပြေးလိုက်သွားတော့သည်။ သူ၏အရှိန်သည် သူမထက် ၂ဆနီးပါး မြန်လေရာ အသက်ရှူချိန်အနည်းငယ်အတွင်း သူမအား ထပ်မံ လမ်းပိတ်နိုင်ခဲ့သည်။

“ဟိုင်း…ယား…”

မျက်နှာဖုံးတပ်အမျိုးသမီးက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူမလက်ထဲရှိ လခြမ်းပုံဓားဖြင့် တစ်လွှာပြီးတစ်လွှာ ဖန်တီးကာ ထန်ရှုအား  ပိုင်းဖြတ်လိုက်သည်။ သူမ၏ဓားချက်သည် အလွန်အမင်း ဆန်းကြယ်လှကာ ထန်ရှု၏ခန္ဓာကိုယ်မှ အရေးကြီးသော သွေးကြောမှတ်များဆီသို့ ဦးတည်နေခဲ့သည်။

“ထန်…ထန်…ထန်…”

ထန်ရှုသည် တိုက်ခိုက်မှုများအား ရှောင်ရှားကာ သူ၏ဓားမြှောင်ဖြင့် တားဆီးလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ဓားမြှောင်အား ပြန်ယူလိုက်ရာ ထိုဓားမြှောင်ပေါ်တွင် အက်ရာ ၇ခု-၈ခုခန့် ဖြစ်ပေါ်လာခဲ့သည်။

“ဟမ့်…”

ထန်ရှုသည် သူ၏ကိုယ်တွင်းမှ ကြယ်စွမ်းအားများအား လည်ပတ်လိုက်ပြီး တစ်ဖက်လူမှ သူ့အား ချက်ချင်းတိုက်ခိုက်လာသော ဓားချက်များအား ရပ်တန့်စေသည်။ သူ၏ခန္ဓာကိုယ်သည် မျက်နှာဖုံးတပ်အမျိုးသမီးဆီသို့ တစ်ဟုန်ထိုး ပြေးသွားကာ သူမ၏ခန္ဓာကိုယ်မှလိုက်ပါနေသော အရိပ်တစ်ခုသဖွယ် လှုပ်ရှားခဲ့ပြီး သူ၏အရေးကြီးသော သွေးကြောမှတ်များဆီသို့ ရောက်လာသော သူမ၏တိုက်ခိုက်မှုများအား မစ်ဆူဘီရှီ ဓားမြှောင်ဖြင့် ဟန့်တားလိုက်ပြီးနောက် သူမ၏ဘယ်ဘက်ပခုံးသို့ ထိုးစိုက်လိုက်သည်။ ထန်ရှု၏အခြားလက်တစ်ဖက်ကမူ လက်သီးတစ်လုံးအသွင်ပြောင်းကာ မျက်နှာဖုံးတပ် အမျိုးသမီး၏ဝမ်းဗိုက်ဆီသို့ ပြင်းထန်စွာ ထိုးနှက်လိုက်တော့သည်။

“ဘန်း…”

မျက်နှာဖုံးတပ်အမျိုးသမီးသည် လွင့်စဉ်သွားကာ သူမ၏နှုတ်ခမ်းမှ သွေးအန်ထွက်လာပြီးနောက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားတော့သည်။

ထန်ရှု၏ခန္ဓာကိုယ်သည် လျှပ်စီးအလား သူမ၏အရှေ့တွင် လျင်မြန်စွာ ပေါ်လာပြီး အလွန်လျင်မြန်သော လှုပ်ရှားမှုဖြင့် ထိုအမျိုးသမီး၏များပြားလှသော သွေးကြောများအား လျင်မြန်စွာ ချိပ်ပိတ်လိုက်ကာ သူမအား ကောက်ချီလိုက်သည်။

“မင်း မလွတ်နိုင်ဘူးလို့ ငါ ပြောသားပဲ။”

ထန်ရှုသည် မျက်နှာဖုံးတပ်အမျိုးသမီး၏မျက်နှာဖုံးအား ဖြုတ်လိုက်ရာ ချက်ချင်းပင် တအံ့တသြ ဖြစ်သွားရသည်။ မျက်နှာဖုံးတပ်အမျိုးသမီးသည် အသက်ရှူမှားလောက်သော အလှပိုင်ရှင်တစ်ယောက် ဖြစ်ပြီး သူမ၏မျက်ခုံးများကြားတွင် လက်သည်းခွံအရွယ် လိပ်ပြာတစ်ကောင်ပုံစံငယ်တစ်ခု တည်ရှိနေလေသည်။ ထိုပုံစံငယ်သည် သူမ၏အလှတရားအား နတ်ဆိုးဆန်ဆန်ဖြင့် ချစ်စရာကောင်းသောအသွင်ကို ဖြစ်ပေါ်စေသည်။

“ငါ့ကို သတ်လိုက်။”

မျက်နှာဖုံးတပ်အမျိုးသမီးသည် ရေခဲတမျှ အေးစက်လှသောအသံဖြင့် ပြောလိုက်သည်။ သူမ မလှုပ်ရှားနိုင်တော့သည်ကို သိလိုက်ရသဖြင့် တုန်လှုပ်သွားလင့်ကစား ရန်သူ၏လက်တွင်းသို့ ကျရောက်နေပြီဖြစ်သောကြောင့် သေရုံမှတစ်ပါး အခြားမရှိပြီဟု သူမ ခံစားမိသည်။ ထိုအချိန်တွင် သူမ နောင်တအရဆုံးမှာ လွန်ခဲ့သော တစ်နှစ်ခန့်က ဖခင်ဖြစ်သူက တွန်းအားပေးကာ ဆွဲထုတ်ခဲ့သော သူမ၏သွားကြားထဲမှ အဆိပ်ဆေးတောင့်လေးကိုပင် ဖြစ်သည်။

ထန်ရှုက အေးစက်စွာ ပြုံးလိုက်သည်။

“မင်းက သေချင်တာလား။ မင်းသေချင်ရင်တောင်မှ ငါ့လက်ထဲရောက်ရင် သေဖို့ အရမ်းခက်ခဲတယ်ဆိုတာ သိထားရလိမ့်မယ်။ ငါ မင်းကို ပြောဖို့ မေ့သွားတယ်။ ငါက သမားတော်တစ်ယောက်လည်း ဖြစ်တာမို့ ငါ့ရှေ့မှာ လျှာကိုက်ပြီး သေဖို့ကြိုးစားတဲ့သူတွေ၊ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံဖို့ ကြိုးစားတဲ့သူတွေ၊ သူတို့လည်မျိုကို ဖြတ်ပြီး သေချင်ကြတဲ့သူတွေ၊ သူတို့နှလုံးကို ထိုးစိုက်ပြီး သေချင်ကြတဲ့သူတွေ ဘယ်လိုပဲလုပ်လုပ် ငါက သူတို့ကို နာရီအတော်ကြာ အသက်ရှင်အောင် လုပ်နိုင်သေးတယ်။ ဆိုတော့ မင်း ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ စွန့်လွှတ်နိုင်တယ် အဲ့လိုမှမဟုတ်ရင် မင်းရဲ့နောက်ဆုံးနာရီတွေမှာ ကမ္ဘာပေါ်က အဆိုးရွားဆုံးနဲ့ အနာကျင်ရဆုံး နှိပ်စက်ညှင်းပန်းမှုတွေကို ငါက မင်းကို မြည်းစမ်းခိုင်းရလိမ့်မယ်။”

(ငလူးလေး… မိန်းမလှလေးကို ခြိမ်းခြောက်နေတာ)

***

All Chapters