ထန်ရှု၏ရည်ရွယ်ချက်များ
Vol. 06 Ch. 253
မျက်နှာဖုံးတပ်အမျိုးသမီးသည် သူမ၏မျက်ဝန်းများအား ဖြည်းညှင်းစွာ ပိတ်လိုက်တော့သည်။ သူမ၏ကိုယ်ပိုင်ခွန်အားအပေါ်တွင် ယုံကြည်မှုရှိသော်လည်း ထန်ရှုသည် သူမအား အလွန်ထူးဆန်းသော နည်းလမ်းများဖြင့် ခုခံတိုက်ခိုက်ခဲ့သည်။ သူ၏စကားများသည် မှန်သည် မှားသည်ကို သူမ တကယ်ပင် မသိတော့ပါချေ။
ရှက်စရာကောင်းလှသည်။ အရှက်တရားသည် သူမ၏ရင်တွင်းတွင် မီးတောက်တစ်ခုကဲ့သို့ တောင်လောင်နေပေသည်။ သူမဘဝတွင် အနာကျင်ရဆုံးသော ပုံရိပ်တစ်ခုအဖြစ် စွဲထင်နေတော့သည်ဖြစ်သည်။
အခြားတစ်ဖက်တွင် တိုက်ခိုက်နေမှုသည်လည်း အလွန်လျင်မြန်စွာ ပြီးဆုံးခဲ့သည်။ အီချီရိုယာမာမိုတိုသည် ပစ်သတ်ခံရပြီး အယောက်၄၀မကသော ဂျပန်နင်ဂျာများသည် ပြန်လည်တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးခဲ့ပြီဖြစ်တော့သည်။ ဒဏ်ရာရနေသော ၄ယောက် ၅ယောက်မှတစ်ပါး ကျန်သောသူများသည် အသတ်ခံလိုက်ရပြီဖြစ်ပေသည်။ ထန်ရှု၏လက်အောက်ငယ်သားများတွင် ၂ယောက်သာ ဒဏ်ရာရထားပြီး ကျန်သောသူများအားလုံး ခြစ်ရာပင် မရှိပါချေ။
“သူတို့ကို ဘယ်လိုလုပ်လိုက်ရမလဲ သူဋ္ဌေး။”
ထန်ရှု ရောက်လာသည်ကို မြင်သော ကျုံးတိုက်ယွီ၏အကြည့်များသည် ထန်ရှု၏ပခုံးထက်မှ ကုဝါကိုပေါ်သို့ ကျရောက်သွားပြီးနောက် လေးနက်စွာ မေးလိုက်သည်။
ထန်ရှုက ခံစားချက်ကင်းမဲ့သော အမူအရာဖြင့်
“သူတို့အားလုံးကို သတ်လိုက်။”
“နားလည်ပြီ။” ကျုံးတိုက်ယွီက လေသံမြင့်မြင့်ဖြင့် ပြောလိုက်သည်။
သူသည် လုပ်ကြံသူများအား သတ်တော့မည့်ဆဲဆဲတွင်…
“နေပါဦး။” မျက်လုံးမှိတ်ထားသော ကုဝါကိုသည် ရုတ်တရက် သူမ၏မျက်လုံးများအားဖွင့်လိုက်ကာ အော်ပြောလိုက်သည်။
ထန်ရှုသည် ကျုံးတိုက်ယွီအား အချက်ပြလိုက်ပြီး သူမအား မြေပေါ်သို့ ချလိုက်ကာ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
“မင်း ဘာပြောချင်တာရှိလဲ။”
ကုဝါကိုသည် ထန်ရှုအား စိုက်ကြည့်ကာ လေးလေးနက်နက် မေးလိုက်သည်။
“နင်တို့က ဘယ်သူတွေလဲ။”
“ငါတို့ ဘယ်သူတွေဆိုတာ မင်းသိဖို့မလိုပါဘူး။ မင်းသိထားရမှာက ငါတို့က မင်းရဲ့ရန်သူတွေဆိုတာပဲ။ ယွမ်ကျန်းရွှမ်က ငါ့မိတ်ဆွေ။ မင်းတို့ သူ့ကို အန္တရာယ်ပေးချင်တယ်ဆိုကတည်းက မင်းတို့က အလိုအလျောက် ငါ့ရန်သူဖြစ်လာတာပဲ။”
ကုဝါကို ခေါင်းညိတ်လိုက်သည်။ သူမ၏အကြည့်များသည် ဒဏ်ရာပြင်းစွာ ရထားသော နင်ဂျာ ၄ယောက် ၅ယောက်ဆီသို့ ရောက်သွားသည်။ စက္ကန့်အနည်းငယ်မျှ သူမ စဉ်းစားနေရင်း ထန်ရှုအား ပြန်ကြည့်ကာ ပြောလိုက်သည်။
“ငါ နင့်ရဲ့အခြေအနေတစ်ခုကို လိုက်လျောပါမယ်။ သူတို့ကို လွှတ်ပေးပါ။”
ထန်ရှုက ထီမထင်ဟန်ဖြင့်
“အခြေအနေတွေဟုတ်လား။ မင်းက ငါ့ကို ဘာပေးနိုင်မှာမို့လို့လဲ။”
“ရွေးချယ်စရာ၂ခုရှိတယ်။ အဲ့အထဲက တစ်ခုကို ရွေးနိုင်ပါတယ်။ ပထမတစ်ခုက ငါ သူတို့ကို ပိုက်ဆံနဲ့ ပြန်ရွေးမယ်။ ဒုတိယတစ်ခုက နင် သူတို့ကို လွှတ်ပေးရင် နင့်ရဲ့အစေခံအဖြစ် ငါ ၃နှစ်နေပေးပါမယ်။”
ပိုက်ဆံနှင့် ပြန်ရွေးခြင်း သို့မဟုတ် အစေခံတစ်ယောက်အဖြစ် နေပေးခြင်း…
ထန်ရှုက မယုံကြည်နိုင်သော အမူအရာဖြင့် ပြန်ပြောလိုက်သည်။
“မင်းက ယာမာမိုတိုကလန်ကမို့ ပိုက်ဆံနဲ့ ပြန်ရွေးတာကို ငါ နားလည်ပါတယ်။ ဒီနင်ဂျာတွေကလည်း မြောက်ပိုင်းကြယ်ဓားတစ်စင်းကျောင်းက ဖြစ်နေတယ်။ ဒါပေမယ့် ဒီခေတ်ကြီးထဲမှာ အစေခံတစ်ယောက်အဖြစ် နေပေးတယ်ဆိုတာကို ငါ တစ်ခါမှ မကြားဖူးဘူး။”
ဝံပုလွေအကြီးအကဲက ရုတ်တရက် မျက်မှောင်ကြုပ်သွားပြီး ထန်ရှုဆီသို့ အမြန်လာကာ ပြောလိုက်သည်။
“သူဋ္ဌေး…မြောက်ပိုင်းကြယ်ဓားတစ်စင်းကျောင်းအကြောင်း ငါသိတယ်။ ဒီကျောင်းက အလွန်ပုံမှန်မဟုတ်တဲ့ ဓလေ့ရိုးရာရှိပြီးတော့ လူတစ်ယောက်စီတိုင်းကလည်း အလွန်အကြင်နာကင်းမဲ့ကြတယ်ဆိုပေမယ့် သူတို့မှာလည်း သံမဏိစည်းကမ်းတစ်ခုတော့ ရှိတယ်။ မြောက်ပိုင်းကြယ်ဓားတစ်စင်းကျောင်းရဲ့ ကျောင်းအုပ်အဖြစ် ရွေးချယ်ခံထားရသူအလောင်းအလျာဟာ ရန်သူ့လက်ထဲ ရောက်သွားရင် အသက်ရှင်ဖို့အတွက် သူတို့ရန်သူရဲ့အစေခံအဖြစ် ၃နှစ် သဘောတူရတယ်။ ၃နှစ်ကျော်ပြီးသွားရင်တော့ အဲ့ဒီတစ်ဖက်လူက သူတို့ကို ပြန်လွှတ်ပေးရတယ်။ ပြန်မလွှတ်ခဲ့ရင် မြောက်ပိုင်းကြယ်ဓားတစ်စင်းကျောင်းက သူတို့ပျက်စီးသွားစေဦးတော့ တစ်ဖက်လူကို လက်စားချေဖို့ အရာရာတိုင်းကို အားသွန်ခွန်စိုက်လုပ်နေတော့မှာ။”
“ဒီမြောက်ပိုင်းကြယ်ဓားတစ်စင်းကျောင်းက ထူးဆန်းလှချည်လား။” ထန်ရှုက အံ့အားသင့်စွာ ပြောလိုက်သည်။
ဝံပုလွေအကြီးအကဲက မချိပြုံး ပြုံးလိုက်ရင်း
“ဒီဟာက ဂျပန်တွေရဲ့ အရိုးစွဲနေတဲ့ စိတ်ပိုင်းဆိုင်ရာလို့ ငါ ထင်တာပဲ။ သာမန်လူတွေက သူတို့ကို ဘယ်လို နားလည်နိုင်မှာလဲ။ သူတို့ဘက်ကလူတွေကို အများကြီးသတ်လိုက်မိပြီးပြီဆိုတော့ သူတို့အားလုံးကို သတ်လိုက်တာ အကောင်းဆုံးပဲလို့ ငါထင်တယ်။ ချန်ထားရင် အနာဂတ်မှာ ရန်များလိမ့်မယ်။”
ထန်ရှု တစ်ခဏမျှ တွေးတောနေရင်း ကိုဝါကိုအား ကြည့်ကာ ပြောလိုက်သည်။
“မင်းနဲ့ နင်ဂျာတွေကို ပြန်ရွေးဖို့ ငွေဘယ်လောက်ပေးမှာလဲ။”
ကိုဝါကိုက ပြောသည်။
“ငါ့အသက်က ဒေါ်လာသိန်း၃၀၀ တန်ပြီးတော့ သူတို့တစ်ယောက်ချင်းစီက ဒေါ်လာသိန်း၅၀စီ တန်ဖိုးရှိကြတယ်။ ငါးယောက်ဆိုတော့ ဒေါ်လာသိန်း၂၅၀ ဖြစ်မယ်။ ငါတို့အားလုံးကို စုစုပေါင်း ဒေါ်လာသိန်း၅၅၀နဲ့ ပြန်ရွေးပါမယ်။”
ဒေါ်လာသိန်း၅၅၀ဟုတ်လား။ အဲ့ဒါက ဒေါ်လာ၃ဘီလျံထက်ပိုများနေတာမဟုတ်ဘူးလား။
ထန်ရှု၏မျက်ဝန်းများ အရောင်တောက်လာကာ ကိုဝါကိုအား ယုံကြည်ရန်ခက်ခဲသော အမူအရာဖြင့် ကြည့်နေသည်။
သူ၏ပိုင်ဆိုင်မှုသည် ယွမ်၃ဘီလျံထက် များပြီး ချမ်းသာသောသူတစ်ယောက်ဖြစ်သော်လည်း ပိုက်ဆံသာရမည်ဆိုပါက သူ၏လက်ရှိဘဏ္ဍာရေးပြသနာအား တစ်ခါတည်း ဖြေရှင်းသွားနိုင်ပေလိမ့်မည်။
“ဖောက်…”
ထန်ရှုက သူ၏အိတ်ကပ်ထဲမှာ စီးကရက်တစ်လိပ် ဆွဲထုတ်လိုက်သည်။ အဖွဲ့ခေါင်းဆောင်က သူ၏မီးခြစ်အား အမြန်ယူကာ မီးညှိပေးလိုက်သည်။ စီးကရက်အား အားပါးတရ ရှိုက်သွင်းလိုက်ပြီးနောက် သူက ဖြည်းညှင်းစွာ ပြောလိုက်သည်။
“မင်းက ယာမာမိုတိုကလန်ရဲ့အမွေဆက်ခံသူတစ်ယောက်ဖြစ်ပြီးတော့ မြောက်ပိုင်းကြယ်ဓားတစ်စင်းကျောင်းရဲ့ ကျောင်းအုပ်အဖြစ်လျာထားခြင်းခံထားရတဲ့သူပေါ့ ဒီလိုလား။”
“မှန်တယ်။” ကုဝါကို ဖြေလိုက်သည်။
“ကောင်းပြီ။ ငါတို့အခြေအနေ ပြောင်းရင်ရော ဘယ်လိုလဲ။” ထန်ရှုက ရယ်မောကာ မေးလိုက်သည်။
“ငါ အဲ့ဒီအခြေအနေ၂ခုထဲက တစ်ခုပဲ လက်ခံနိုင်မယ်။ အဲ့လိုမှမဟုတ်ရင် အခုပဲ ငါတို့ကိုသတ်လိုက်တာ ပိုကောင်းတယ်။” ကိုဝါကို မျက်မှောင်ကြုပ်ကာ ပြန်ပြောလိုက်သည်။
“ငါ ပြောတာ အရင်နားထောင်ပြီးမှ လိုက်နာမလား မလိုက်နာဘူးလား မင်းဆုံးဖြတ်။” ထန်ရှုက ပြောသည်။
ထန်ရှုက ဆက်ပြောသည်။
“ငါ့ရဲ့လက်အောက်ငယ်သား ဖြစ်ပေး။ ငါ့ရဲ့လက်အောက်ငယ်သားဖြစ်လို့ နောက်ပိုင်းကျရင် ဒီထန်ရှုက မင်းရဲ့လွပ်လပ်ခွင့်ကို မချုပ်နှောင်ထားဘူး။ ဂျပန်ကိုလည်း ပြန်ခွင့်ပေးမယ်။ ဒါပေမယ့် အနာဂတ်မှာ မင်းက ငါ့အမိန့်ကို ဆောင်ရွက်ရမယ်။”
“အိပ်မက် မက်နေလိုက်။” ကုဝါကိုက အေးစက်သောအသံဖြင့် ပြန်ပြောလိုက်သည်။
ထန်ရှုက မျက်နှာသေဖြင့် ပြောလိုက်သည်။
“ငါက မင်းကို ပလွှားပြီး ငါ့ရဲ့လက်အောက်ငယ်သားဖြစ်ဖို့ တောင်းဆိုနေတာမဟုတ်ဘူး။ ငါက မင်းကို အကျိုးကျေးဇူးပေးနေတာ။ ဒီအကျိုးကျေးဇူးက မရေမတွက်နိုင်လောက်တဲ့လူတွေ သူတို့အိပ်မက်ထဲမှာတောင် ထည့်မမက်နိုင်တဲ့အရာမျိုးပဲ။”
ကုဝါကိုက ခေါင်းယမ်းလိုက်ပြီး
“ငါ ဘာမှ မလိုချင်ဘူး။ ငါ့ကို ဝယ်ဖို့အတွေး စွန့်လွှတ်လိုက်တော့။”
ထန်ရှုက သူတို့အနီးမှ လူများအား အချက်ပြလိုက်ရာ ချက်ချင်းပင် အနားမှ ဖယ်ခွာသွားကြသည်။ ကုဝါကိုနှင့် သူသာ ရှိတော့သည့်အချိန်တွင် ထန်ရှုက ဖြည်းညှင်းစွာ မေးလိုက်သည်။
“ငါ့ခွန်အားကို မင်း ဘယ်လိုထင်လဲ။”
ကုဝါကို၏မျက်ဝန်းအစုံ ဝိုင်းစက်သွားကာ ခေါင်းညိတ်လိုက်သည်။
“နင်က အရမ်းသန်မာပါတယ်။ ငါ့ရဲ့ကျောင်းအုပ်ဆရာကြီးတောင် နင့်လောက် ခွန်အားကြီးလိမ့်မယ်မထင်ဘူး။”
“မင်းသာ ငါ့လက်အောက်ငယ်သားဖြစ်မယ်ဆိုရင် မင်းရဲ့ခွန်အားကို အကြီးကျယ်မြင့်တက်သွားအောင် ငါ လုပ်ပေးနိုင်တယ်။ ငါ့ရဲ့နည်းလမ်းတွေအတိုင်း အများဆုံး မင်း ၃နှစ်လောက်ပဲ လေ့ကျင့်မယ်ဆိုရင်တောင် ဆယ်ဆသန်မာလာလိမ့်မယ်။” ထန်ရှုက ရှင်းပြသည်။
“ဟမ့်…” ကုဝါကိုက လှောင်ရယ်လိုက်သည်။ “နင့် ခွန်အားက ငါ့ထက် ၁၀ဆသန်မာနေလို့လား။ မဖြစ်နိုင်တာတွေ။”
“မင်း မှားနေပြီ။ ငါ့ရဲ့စွမ်းရည်က သတ်ဖြတ်ခြင်းအတွက် အကန့်အသတ်မရှိဘူး။ မင်းတို့သာ မြန်မြန်ရောက်မလာဘဲ ငါသာ အစီအရင်ကောင်းတစ်ခုကို ပြုလုပ်ဖို့ အချိန်လုံလုံလောက်လောက်ရခဲ့မယ်ဆိုရင် မင်းတို့အယောက်၄၀လုံးကို မိနစ်ဝက်အတွင်း သုတ်သင်နိုင်တယ်လို့ ငါ ပြောရဲတယ်။”
“နင်က အစီအရင်အကြောင်း သိတာလား။” ကုဝါကိုက အံ့သြတုန်လှုပ်သွားကာ မေးလိုက်သည်။
“ငါ သိတာတွေက အများကြီးပဲ။ အစီအရင်ခင်းကျင်းတယ်ဆိုတာက အဲ့ဒါတွေထဲက တစ်ခုပဲ။ ငါ မင်းကို ထပ်ပြီး ကမ်းလှမ်းတယ်။ မင်းသာ ငါ့ကို အပြည့်အ၀ သစ္စာစောင့်သိမယ်ဆိုရင် ယာမာမိုတိုကလန်ရဲ့ ခေါင်းဆောင်အဖြစ်ရော မြောက်ပိုင်းကြယ်ဓားတစ်စင်းကျောင်းရဲ့ကျောင်းအုပ်ကြီးအဖြစ်ရော လွယ်လွယ်ကူကူ ဖြစ်လာဖို့ ငါ တိတ်တဆိတ် ကူညီပေးမှာဖြစ်သလို အဲ့ဒီနှစ်ခုစလုံးကလည်း ဂျပန်မှာ အင်အားအကြီးဆုံး ဖြစ်လာစေဖို့တောင်မှ ကူညီနိုင်တယ်။”
ကုဝါကိုက ထန်ရှုအား စိုက်ကြည့်ကာ လေးလေးနက်နက် မေးလိုက်သည်။
“နင်က တကယ်တမ်း ဘယ်သူများလဲ။”
“မင်း ငါ့အကြောင်းသိချင်ရင်တော့ ငါ့အခြေအနေတွေကို လိုက်နာဖို့လိုတယ်။ မင်း ပြန်သွားပြီးရင် ငါ့အကြောင်းကို ဖြည်းဖြည်းချင်း စုံစမ်းနိုင်တယ်။ ဒါပေမယ့် အဆိုပြုလိုတာကတော့ မင်း အသက်ရှင်ပြီး ပြန်သွားနိုင်မယ်။”
“နင့်ကို ယုံကြည်စရာ ဘာမှမရှိဘူး။” ကုဝါကိုက ခေါင်းကိုယမ်းကာ ပြောလိုက်သည်။
ထန်ရှုက ကုဝါကိုအား လက်ညှိုးထိုးကာ ပြောလိုက်သည်။
“ငါ မင်းကို လိမ်နေတယ်လို့ မင်းထင်နေတာလား။”
ကုဝါကို ဆိတ်ဆိတ်နေသည်။ အင်အားကြီးသော ကျွမ်းကျင်သူတစ်ယောက်အား သူမ မဆန့်ကျင်သော်လည်း သည်ဟာအား အခုဆုံးဖြတ်ရမည်ဆိုပါက အလောသုံးဆယ်နိုင်ကာ ဂရုမစိုက်ရာကျသည်ဟု သူမ ခံစားနေရသည်။ မိနစ်ဝက်ကြာမျှ စဉ်းစားနေပြီးနောက် သူမက ဖြည်းညှင်းစွာ မေးလိုက်သည်။
“ဒီနေ့ ငါ ထွက်သွားပြီးသွားရင် နင့်ကို သစ္စာဖောက်မှာ မကြောက်ဘူးလား။”
“ငါက ဘာကြောင့် ကြောက်ရမှာလဲ။ မင်းလည်း အဲ့ဒီလို မလုပ်ရဲပါဘူး။” ထန်ရှုက ပြုံးကာ ပြောလိုက်သည်။
“နင့်ရဲ့အဲ့ဒီယုံကြည်မှုတွေက ဘယ်နေရာက ရောက်လာတာလဲ။” ကုဝါကိုက တစ်ချက်ခနဲ့လိုက်သည်။
ထန်ရှုက မျက်နှာသေဖြင့်
“ငါ ပြောတဲ့အတိုင်း မင်းလုပ်သရွေ့ မင်း အဲ့ဒါကို ယုံကြည်လာလိမ့်မယ်။”
“ဘာလုပ်မှာလဲ။” ကုဝါကို မေးသည်။
ထန်ရှုသည် သူမ၏လက်ဖဝါးလေးအား ဆွဲယူလိုက်ကာ မစ်ဆူဘီရှီဓားမြှောင်ဖြင့် တစ်ချက်ရှစေလိုက်သည်။ ထို့နောက် သူ၏လက်ချောင်းအား ကိုက်ကာ သွေးတစ်စက်အား ထိုရှရာထဲသို့ ကျစေလိုက်သည်။ သူက လေးနက်သော အသံဖြင့်
“မငြင်းလိုက်နဲ့။ မင်းရဲ့ကိုယ်ထဲဝင်လာတဲ့ အာရုံခံစားစိတ်ကို လက်ခံလိုက်ပါ။ နောက်ပိုင်းကျရင် ဘာတွေအကျိုးထူးလဲဆိုတာ မင်း သိလာလိမ့်မယ်။”
ထန်ရှု ပြောသည့်စကားအား ကြားရသည့်တိုင် သူမအား ထန်ရှုသည် မရိုးမသား လုပ်မိမည်ဟု တွေးထင်မိသောကြာင့် ကုဝါကိုတစ်ယောက် ပင်ကိုအသိစိတ်အရ ငြင်းဆန်လိုသည်။ ထန်ရှု ဘာလုပ်သည်ကို သူမ သိသွားသည့်အခါ ဖြည်းညှင်းစွာ စိတ်လျှော့ချလိုက်သည်။
ထန်ရှု၏လက်ချောင်းသည် ကုဝါကို၏လက်ဖဝါးမှ ဒဏ်ရာအား ဖိနှိပ်လိုက်ပြီး သူ၏စိတ်ထိန်းချုပ်မှုနှင့်အတူ လက်ဖဝါးမှ သွေးစက်သည် သူမ၏ကိုယ်ခန္ဓာအတွင်းသို့ စိမ့်ဝင်သွားကာ သူမ၏သွေးကြောများတစ်ဆင့် ရွေ့လျားသွားပြီး သူမ၏နှလုံးနှင့် တစ်သားတည်းရောစပ်သွားခဲ့သည်။
“စိတ်ဝိညာဉ်လွှမ်းမိုးဂါထာ…”
ထန်ရှု၏လက်ချောင်းများသည် ကုဝါကို၏လက်ဖဝါးပြင်ပေါ်တွင် အတွဲလိုက် ဖိနှိပ်သွားပြီး သူ၏လက်ချောင်းထိပ်ဖျားမှ ကြယ်စွမ်းအားကို ထိန်းချုပ်လျက် သူမ၏သွေးကြောများတစ်ဆင့် စီးဆင်းစေကာ နှလုံးအတွင်းသို့ စီးဝင်စေပြီး သူ၏သွေးတစ်စက်နှင့်အတူ ပေါင်းစပ်သွားသည်။
“ဘုန်း…”
လက်ရှိတွင် ကုဝါကိုသည် သူမ၏အရှေ့တွင် အမှောင်ထုသာ ရှိတော့သည်ဟု ခံစားနေရသည်။ သူမ၏လည်ပင်းမှ ချိုမြသောအရသာတစ်ခု ဖြစ်ပေါ်လာပြီးနောက် ပါးစပ်အပြည့် သွေးတစ်လုပ်အန်ထုတ်လိုက်ရသည်။ ထန်ရှုသာ ဘေးကို မရှောင်လိုက်ပါက ထိုသွေးများသည် ထန်ရှုအား ဖျန်းပက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။ ထန်ရှု သက်ပြင်းတစ်ချက်အား လေးလံစွာ တိတ်တဆိတ် မှုတ်ထုတ်လိုက်ရသည်။ စိတ်ဝိညာဉ်လွှမ်းမိုးဂါထာအတွက် လိုအပ်ချက်သည် အလွန်အမင်း ဆိုးရွားလှသည်။ တစ်ဖက်လူသာ ထိုအရာအား ခုခံရန် တွေးတောပါလျှင် သူ၏လက်ရှိကျင့်ကြံမှုအခြေအနေနှင့် လုပ်နိုင်စွမ်းရှိမည်မဟုတ်ချေ။ ကံကောင်းထောက်မစွာဖြင့် ကုဝါကိုက မခုခံခဲ့ဘဲ သူမ၏စိတ်အား လုံး၀ လျှော့ချထားခဲ့သည်။
အမှောင်ထဲတွင် ရပ်လျက် သူသည် ကုဝါကို၏ခန္ဓာကိုယ်အခြေအနေအား ခံစားနိုင်နေပြီဖြစ်သည်။ သူသာ သူမအား သေစေလိုပါက အတွေးတစ်ချက်ဖြင့် သူမ၏နှလုံးအား ဖောက်ခွဲပစ်နိုင်ပြီဟု သေချာနေပြီဖြစ်သည်။
“နင်…နင်… ငါ့ကို ဘာလုပ်လိုက်တာလဲ။” ကုဝါကိုက သူမ၏နှုတ်ခမ်းထောင့်မှ သွေးများအား သုတ်လိုက်ကာ ထန်ရှုအား ကြောက်လန့်နေသော အမူအရာဖြင့် ကြည့်နေသည်။
ထန်ရှုက မျက်နှာသေဖြင့်
“အဲ့ဒါက စိတ်ဝိညာဉ်လွှမ်းမိုးဂါထာတစ်ခုလေးပါ။ အဲ့ဒါက မင်းရဲ့အသက်ကို ထိန်းချုပ်ထားတယ်။ မင်းက ငါ့ကို သစ္စာဖောက်ခဲ့ရင် ငါ့အတွေးတစ်ချက်နဲ့ မင်းရဲ့နှလုံးပေါက်ကွဲပြီး ချက်ချင်းသေရလိမ့်မယ်။”
“ဘာ…”
သူမ၏ဘဝအား တခြားသူအား ထိန်းချုပ်ထားသည်ဟူသော ခံစားချက်အား သူမ ခံစားလိုက်ရသည်။ သူမ ယခု နားလည်လိုက်သည်မှာ သူမ၏ခန္ဓာကိုယ်တွင်းမှ အခြေအနေကိုပင် သူမ မြင်နိုင်သည်ဟူပင်။ သူမ၏ကိုယ်ပိုင်နှလုံးသားထက် ပိုမိုတောက်ပကာ အရောင်အသွေးစုံလင်သော သူမ၏လက်ရှိနှလုံးသားထက်တွင် သွေးရောင်ရှေးသင်္ကေတများကိုပင် မြင်နေရသည်။
“ငါ့ခန္ဓာကိုယ်…”
သူမခန္ဓာကိုယ်၏ပုံမှန်မဟုတ်သော၊ သာမန်နှင့်မတူသောအရာအား ဖြည်းညှင်းစွာ ခံစားနေရသည်။ လက်ရှိတွင် သူမ မလှုပ်နိုင်သော်လည်း သူမ၏သွေးများမှ လျှို့ဝှက်ဆန်းကြယ်သည့်စွမ်းအားတစ်ခုအား သူမ ရှင်းလင်းစွာ ခံစားနေရသည်။ ခပ်မှိန်မှိန်တောက်ပနေသော အလွှာတစ်ခုသည် သွေးကြောများမှ ထွက်ပေါ်ကာ သူမ၏ကိုယ်တွင်းအင်္ဂါများဆီသို့ ပေါင်းစပ်သွားပြီး သူမ၏ကြွက်သားများ၊ အကြောများဆီသို့ စိမ့်ဝင်လာကာ နောက်ဆုံးတွင် အရိုးများထဲတွင် အထိုင်ကျသွားတော့သည်။
သူမ၏ဖွဲ့စည်းမှုသည် ပိုမိုသန်မာလာနေခဲ့သည်။
ထန်ရှုက မျက်နှာသေဖြင့်
“မင်း အခု ခံစားမိပြီလား။ ငါ ပြောခဲ့သလိုပဲ မင်းသာ ငါ့ရဲ့လက်အောက်ငယ်သားလုပ်မယ်ဆိုရင် ငါက အကျိုးကျေးဇူးတွေ ပေးမယ်။ ထိုနည်းတူစွာပဲ နောက်ပိုင်းမင်းရမယ့်အကျိုးကျေးဇူးတွေက ဒီ့ထက်ပိုလာမယ်။ မင်း ငါ့ကို သစ္စာစောင့်သိမယ်လို့ သစ္စာပြုပါ။ ငါ မင်းကို ကျင့်စဉ်တစ်ခု သင်ပေးမယ်။ နောက်ပိုင်း မင်း အားထုတ်ပြီး ကျင့်ကြံလိုက်မယ်ဆိုရင် မင်းရဲ့ခွန်အားက သုံးနှစ်ခွန်အား ၁၀ဆထက် သေချာပေါက် မြင့်မားလာလိမ့်မယ်။”
ကုဝါကိုက တံတွေးတစ်ချက်အား ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။ သူမသည် ထန်ရှုအား ကြည့်ကာ မေးလိုက်သည်။
“နင်က မှော်ဆရာလား။ ငါ့အပေါ် အမှောင်မှော်တစ်ခု တင်လိုက်တာလား။”
“မှော်ဆရာဟုတ်လား။” ထန်ရှုက မထီတထီဟန်ဖြင့် ပြန်ပြောလိုက်သည်။
“သူတို့ကိုယ်သူတို့ မှော်ဆရာတွေလို့ ခေါ်နေတဲ့သူတွေက ဘာမှမဟုတ်ပေမယ့် အရေးမပါအရာမရောက်တဲ့ လက်လှည့်သမားလေးတွေပဲ။ နှစ်အနည်းငယ်လောက်သာ ငါ ကျင့်ကြံမှုကို ဆက်လုပ်လိုက်ရင် ငါ့ရဲ့ကျင့်ကြံမှုတွေ အများကြီး တိုးတက်လာတဲ့အခါ ကမ္ဘာပေါ်က စွမ်းအားအကြီးဆုံးမှော်ဆရာတောင် ငါ့လက်ချောင်းတစ်တောက်စာထက် မပိုဘူး။”
ကုဝါကို၏နှလုံးသားသည် တုန်ခါလာကာ အသက်ရှုသံများ မြန်လာခဲ့သည်။
သူမသည် အံကြိတ်လိုက်ပြီးနောက် လေးနက်သောအသံဖြင့်
“ငါ့ရဲ့စွမ်းအားတွေ ကျေးဇူးပြုပြီး ပြန်ပေးပါ။”
ကုဝါကို၏လှုပ်ရှားမှုက သူ့ထက်မြန်မည်မဟုတ် ယုံကြည်ထားသောကြောင့် ထန်ရှုက အစောင့်အကြပ်ပင်မထားဘဲ သူ၏လက်ကို ဆန့်လိုက်ကာ ကုဝါကို၏ချိပ်ပိတ်ထားသော သွေးကြောမှတ်များအား ချိပ်ဖွင့်ပေးလိုက်သည်။
ကုဝါကိုက သူမ၏ခန္ဓာကိုယ်အား အညောင်းအညာဆန့်လိုက်ပြီးနောက် ထန်ရှု၏အရှေ့တွင် ဒူးထောက်လျက် သူမ၏ညာလက်သီးအား ဘယ်ဘက်ရင်အုံထက်တွင် ထားပြီး ဘယ်ဘက်လက်အား ထူးခြားသည့်သင်္ကေတပြုလုပ်ကာ ဦးညွတ်လျက်
“ငါ…ကုဝါကို ယာမာမိုတိုသည် ငါ၏အရှေ့တွင်ရှိသော လူအား ယနေ့မှစပြီး ဆရာသခင်အဖြစ် သစ္စာစောင့်သိရန် ကျိန်ဆိုပါတယ်။ သူ၏အမိန့်သည် ငါ့ရဲ့ဆန္ဒဖြစ်ပြီး ဘယ်တော့မှ သူ့အား သစ္စာမဖောက်ပါ။ ဒီစကားအား ဖောက်ဖျက်မိပါက အေးစိမ့်တစ်ထောင်ရေကန်များမှာ ထာဝရ အကျဉ်းကျနေပါစေသား။”
***