← Chapters

ချောမွေ့သော ဖြေရှင်းမှု

Vol. 06 Ch. 254

ချောမွေ့သော ဖြေရှင်းမှု

Vol. 06 Ch. 254

ကုဝါကို၏သစ္စာစကား ပြီးဆုံးသွားသည်ကို ကြည့်ပြီး ထန်ရှုက တည်ငြိမ်စွာဖြင့် ပြောသည်။

“ထလိုက်ပါ။”

ကုဝါကိုက မတ်တတ်ရပ်လိုက်ကာ မေးလိုက်သည်။

“ဆရာသခင်… ကျွန်မကို တကယ်ပဲ သန်မာအောင် လုပ်ပေးနိုင်တာလား။”

“အနာဂတ်မှာ ငါ့ကိစ္စတွေကို မင်း ကိုင်တွယ်တဲ့ နည်းလမ်းနဲ့ လုပ်ပုံကိုင်ပုံတွေက ငါ့ကို ကျေနပ်စေတယ်ဆိုရင် မင်းအိပ်မက်မမက်ဖူးတဲ့အထိ မင်းကို အလွန်သန်မာလာအောင် ငါ လုပ်ပေးမယ်။ ငါ့ရဲ့စွမ်းရည်ကို မင်း သံသယမဝင်နဲ့ မေးခွန်းလည်း မထုတ်နဲ့။ ငါ အဲ့ဒါကို အခု မပြသနိုင်ပေမယ့် နောက်ပိုင်းကျရင် မင်းဘာသာမင်း မြင်လာပါလိမ့်မယ်။” ထန်ရှုက ပြောသည်။

ကုဝါကိုက ခေါင်းညိတ်ကာ ရုတ်တရက် မေးလိုက်သည်။

“ဆရာသခင်…နင်…”

ထန်ရှုက သူမစကားအား ဖြတ်လိုက်ကာ လေးနက်သောအသံဖြင့် ပြောလိုက်သည်။

“ငါ့ကို ဆရာသခင်လို့ မခေါ်ပါနဲ့။ သူဋ္ဌေးလို့ပဲ ခေါ်ရင်ရပါပြီ။”

“နားလည်ပြီ။” ကုဝါကိုက ချက်ချင်းဖြေလိုက်သည်။

“ကောင်းပြီ။ အခု မင်း ငါ့ကို ဘာပြောချင်တာလဲ ပြောပါ။” ထန်ရှုက ပြောသည်။

“သူဋ္ဌေး…နင့်ရဲ့ထိန်းချုုပ်တဲ့ပညာကို ဟို၅ယောက်ကိုပါ သုံးပေးနိုင်မလား။ ငါတို့ပြောတဲ့အကြောင်းအရောတွေ သူတို့လည်း ကြားပြီးပြီလို့ ငါထင်တယ်။ ငါ စိုးရွံ့တာက…”

“ငါ သူတို့ကို သတ်လိုက်မယ်။”

ကုဝါကိုက သူမ၏ခေါင်းလေးအား ယမ်းရင်း

“သူတို့ကို ကျွန်မရဲ့ကျောင်းက ဒုက္ခခံကာ ကျွေးမွေးသုတ်သင်လေ့ကျင့်ပေးထားတဲ့ ကျွမ်းကျင်သူတွေပါ။ သူဋ္ဌေးသာ သူတို့ကို ထိန်းချုပ်နိုင်ပြီး ငါ့အမိန့်တွေကို နောက်ပိုင်းမှာ နာခံခိုင်းရင် ယုံကြည်ရတဲ့လက်အောက်ငယ်သားတွေ ရှိလာလိမ့်မယ်။”

ထန်ရှုက သူ၏ခေါင်းအား ယမ်းပြလျက်

“သူတို့က မင်းမျက်လုံးထဲမှာ ကျွမ်းကျင်သူတွေ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဒါပေမယ့် ငါ့အတွက်တော့ အမှိုက်သာသာပဲ။ ငါ့ရဲ့စိတ်စွမ်းအင်သုံးပြီး သူတို့ကို ထိန်းချုပ်ဖို့ မထိုက်တန်ဘူး။ ဒါပေမယ့် ငါ့ရဲ့စိတ်ဝိညာဉ်ထိန်းချုပ်ဂါထာကို မင်းကို သင်ပေးလိုက်မယ်။ မင်းက သူတို့အပေါ်မှာ ထိန်းချုပ်လိုက်ပေါ့။”

“ကျွန်မ အဲ့ဒါကို သင်ယူနိုင်တာလား။” ကိုဝါကိုက အလျင်စလို မေးလိုက်သည်။

“မင်း အခုတော့ မသင်နိုင်သေးဘူး။ မင်း ကျင့်ကြံပြီးတဲ့အခါ မင်းရဲ့ကိုယ်ထဲက အတွင်းချီကို အစစ်အမှန်စွမ်းအားအဖြစ် ပြောင်းလဲနိုင်ရင် စိတ်ဝိညာဉ်ထိန်းချုပ်ဂါထာကို မင်း အပြည့်အ၀ သုံးနိုင်ပြီ။ ကောင်းပြီ။ ငါ အခု မင်းကို ကျင့်ကြံမှုနည်းစနစ်ကို ပြောပြမယ်။” ထန်ရှုက ပြန်ပြောသည်။

ထန်ရှုက ပြောပြီးသည်နှင့် အင်မော်တယ်ကမ္ဘာမှ အလွန်သာမန်ကျသောအင်မော်တယ်ကျင့်စဉ်တစ်စုံကို ကျပန်းရွေးချယ်ကာ ကုဝါကိုအား သင်ပေးလိုက်သည်။ ၂နာရီကြာပြီးနောက် ကုဝါကိုသည် ထိုကျင့်စဉ်အား အပြည့်အစုံ မှတ်မိသွားသည်။ သူမ၏ပထမကြိုးစားမှုမှာပင် အစစ်အမှန်ချီအား အစစ်အမှန်စွမ်းအားသို့ ပြောင်းလဲနိုင်ခဲ့သည်။ သူမ ပြောင်းလဲနိုင်သော ပမာဏသည် ၁%ထက် နည်းပါးသော်လည်း သူမ ပိုမိုသန်မာလာသည်ကို ရှင်းရှင်းကြီး ခံစားမိသည်။

“မင်းရဲ့စွမ်းရည်က တော်တော်ကောင်းပြီး ငယ်လည်းငယ်သေးတယ်။ မင်းသာ ကောင်းကောင်းလေ့ကျင့်ရင်

အနာဂတ်မှာ အတိုင်းအဆမရှိ အောင်မြင်မှုုတွေ ရလိမ့်မယ်။” ထန်ရှုက အေးအေးဆေးဆေး ပြောပြသည်။

ကျေနပ်အံံ့အားသင့်နေသော အရိပ်အယောင်သည် ကုဝါကို၏မျက်ဝန်းများထဲတွင် ပေါ်ထွက်လျက်ရှိသည်။ ရုတ်တရက် ထန်ရှု၏လက်အောက်ငယ်သား ဖြစ်ရခြင်းအား အတော်ပင် မသက်မသာဖြစ်နေရသော်လည်း သူမ ရရှိလိုက်သော အကျိုးကျေးဇူးသည် ထိုမသက်မသာဖြစ်နေသော ခံစားမှုနှင့် မျှချေညီသွားခဲ့ချေပြီ။

“ကျေးဇူးအများကြီးတင်ပါတယ် သူဋ္ဌေး။”

ထန်ရှုက လက်ဝှေ့ယမ်းပြလိုက်ပြီး စိတ်ဝိညာဉ်ထိန်းချုပ်ဂါထာကိုပါ သင်ကြားပေးလိုက်ရင်း

“မင်း တရုတ်ပြည်ကို လာတဲ့ရည်ရွယ်ချက်က ဘာလဲ။ ယွမ်ကျန်းရွှမ်ဆီက သိပ္ပံနဲ့နည်းပညာဆိုင်ရာ အချက်အလက်တွေ လုဖို့လား။”

ကုဝါကိုက ခေါင်းညိတ်ပြကာ

“လတ်တလောမှာ ယွမ်ကျန်းရွှမ်ရဲ့ဓာတ်ခွဲခန်းက ဇီဝဓာတုဘက်တီးရီးယားပိုးမျိုးတစ်ခုကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခဲ့တယ်။ ဒီဘက်တီးရီးယားပိုးမွှားတွေက လက်နက်အဖြစ် အသုံးချနိုင်မယ်ဆိုရင် အလွန်စွမ်းအားကြီးတဲ့ အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေလိမ့်မယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က အမေရိကန်လက်နက်ရောင်းဝယ်ရေးက ဝယ်ယူခဲ့တဲ့ ပါမောက္ခတစ်ယောက်က သူ့ဓာတ်ခွဲခန်းက ထွက်လာတဲ့လူလေ အဲ့ဒီလူဆီက သတင်းရခဲ့တာ။ နောက်ကျတော့ ကမ္ဘာ့နိုင်ငံအသီးသီးက အင်အားစုများစွာက ဒီသတင်းကို ကြားသိသွားကြတယ်။ အဲ့ဒါကြောင့် ကျွန်မတို့ တရုတ်နိုင်ငံကိုလာပြီး ယွမ်ချန်းရွှမ်ဆီက ဘက်တီးရီးယားပိုးမွှားနဲ့ ပတ်သက်တဲ့သတင်းအချက်အလက်တွေ လာယူတာ။”

ထန်ရှု ချက်ချင်း သဘောပေါက်သွားသည်။

“ကောင်းပြီ။ ငါ သိသွားပြီ။ အခုသွားပြီး အဲ့ဒီနင်ဂျာတွေကို ထိန်းချုပ်လိုက်တော့။ ပြီးရင် သူတို့ကို ခေါ်ပြီး တရုတ်နိုင်ငံက ပြန်ပါ။ ဘက်တီးရီးယားပိုးမွှားကို လုယက်ပြီး လက်နက်အသွင်ပြောင်းမယ့်သုတေသနတွေ လုပ်ဆောင်ချက်တွေအတွက် ဘာမှ မလုပ်နဲ့ အနာဂတ်မှာလည်း ဒီစီးပွားရေးထဲ ဝင်မပတ်သက်နဲ့တော့။ မင်း ပြန်တဲ့အခါ ပြသနာ တစ်စုံတရာ ကြုံခဲ့ရင် ငါ့ကို တတ်နိုင်သမျှ မြန်မြန်ဆက်သွယ်ပါ။ ငါ မင်းကို ကူညီဖို့ လူတစ်ချို့ လွှတ်ပေးလိုက်မယ်။”

“နားလည်ပါပြီ။” ကုဝါကို ခေါင်းညိတ်လိုက်သည်။

ထန်ရှု၏လမ်းညွှန်မှုအောက်တွင် နင်ဂျာ၅ယောက်အား ကုဝါကိုမှ ခေါ်ဆောင်သွားခဲ့သည်။ ထန်ရှုသည် စက်ရုံအပြင်ဘက်တွင် မတ်တတ်ရပ်နေစဉ် ယွမ်ကျန်းရွှမ်အား အလျင်စလို ပြေးလာနေသည်ကို တွေ့လိုက်ရသည်။

“ထန်ရှု… ငါ ဒီကအခြေအနေကို သိပြီးသွားပြီ။ ကျေးဇူးတင်ပါတယ်။ တကယ်ကို ကျေးဇူးတင်ပါတယ်ကွာ။ မင်းသာမရှိခဲ့ရင် လင်လေးရော ငါရော သေရတော့မှာ။ ဖြစ်နိုင်တာက ငါ့ကုမ္ပဏီရဲ့ သတင်းအချက်အလက်တွေကိုပါ အလုယူခံလိုက်ရတော့မှာ။”

ယွမ်ကျန်းရွှမ်၏မျက်နှာထက်တွင် ကျေးဇူးတင်နေသည့်အရိပ်အယောင်များစွာဖြင့် ထန်ရှုအား  ပြောလိုက်သည်။

ထန်ရှုက လက်ကို ဝှေ့ယမ်းလျက် ပြောလိုက်သည်။

“ကိစ္စမရှိပါဘူး။ ဒါက ကျွန်တော် လုပ်သင့်တဲ့အရာပါ။ ပြောရမယ်ဆိုရင် အမှန်တကယ်တော့ ကျွန်တော်လည်း ဒီနေရာမှာ အမှားတစ်ခု လုပ်မိတယ်။ ဒီသတင်းအချက်အလက်တွေကို သယ်ယူပေးမယ်လို့ ကတိပေးထားပြီးတော့ လုပ်စရာတွေများနေတာနဲ့ မေ့သွားရတယ်။ ကျွန်တော့်ကတိကိုတောင် မဖြည့်ဆည်းရသေးဘူး။”

ယွမ်ကျန်းရွှမ်က ထိုစကားကြားသည်နှင့် ချက်ချင်းရယ်မောလိုက်ပြီး

“ပြသနာမရှိတော့ပါဘူး။ ဒီသတင်းအချက်လက်တွေကို ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်လို့ ငါ စိတ်သက်သာရာရပါတယ်။ ဒီဖြစ်ရပ်ပြီးတော့ ငါလည်း ဆုံးဖြတ်လိုက်ပြီ။ ပိုက်ဆံမရနိုင်ပေမယ့်လည်း ဒီစမ်းသပ်မှုကို ဂရုတစိုက် အဆုံးသတ်တော့မယ်။ လက်နက်အဖြစ်အသုံးပြုလို့ရမယ့် သုတေသနပစ္စည်းတွေအားလုံးကို စစ်တပ်ဆီရောင်းလိုက်မယ်။ ငါ့စီးပွားရေးကို အခြားစီးပွားရေးအလုပ်လောကထဲကို ပြောင်းလိုက်တော့မယ်။”

ထန်ရှုက သူ့အား တစေ့တစောင်းကြည့်လိုက်ရင်း မေးလိုက်သည်။

“ဦးလေးယွမ်ရဲ့ဓာတ်ခွဲခန်းက ဒီဇီဝဓာတုဘက်တီးရီးယားပိုးမွှားတွေကို ဘယ်လောက်ရောင်းနိုင်မလဲဆိုတာ ကျွန်တော် မေးလို့ရမလား။”

ယွမ်ကျန်းရွှမ် တစ်ခဏမျှ ကြက်သေ သေသွားခဲ့သည်။ သူ၏မျက်နှာ ချက်ချင်းပျက်သွားကာ မေးလာသည်။

“ဒီဇီဝဓာတုဘက်တီးရီးယားပိုးမွှားတွေအကြောင်း မင်း ဘယ်လိုသိလဲ။”

ထန်ရှုက စက်ရုံအဆောက်အဦးဆီသို့ ညွှန်ပြလိုက်ရင်း

“အဲ့ဒီအမျိုးသမီးက အခု ကျွန်တော့်ရဲ့လက်အောက်ငယ်သားဖြစ်သွားပြီ။”

ယွမ်ကျန်းရွှမ် ရုတ်တရက် သဘောပေါက်သွားသည်။ သူ၏မျက်နှာထက်တွင် ခါးသီးသောအပြုံးအား ဖျစ်ညှစ်ပြုံးလိုက်ရင်း

“အဲ့ဒါက အမှန်တကယ်တော့ အများကြီး တန်ကြေးမရှိပါဘူး။ ခန့်မှန်းခြေ ဒေါ်လာတစ်ဘီလျံဝန်းကျင်လောက်တော့ ရှိမယ်။”

ထန်ရှု မျက်နှာအမူအရာ ပြောင်းသွားကာ ခေါင်းညိတ်လျက်

“ဒီဟာက တကယ်အဖိုးတန်တာပဲ။ ကောင်းပြီ။ ကျွန်တော် လုပ်နိုင်တာတွေ လုပ်ပြီးပြီဆိုတော့ ဒီနေရာကနေ ခွာတော့မယ်။ ကျန်တာတွေတော့ ဦးလေးယွမ် တာဝန်ယူပေးပါဦး။”

ယွမ်ကျန်းရွှမ်က ခေါင်းညိတ်လျက်

“ငါ့လူတွေက အလောင်းတွေကို ရေခဲတိုက်ပို့ပြီးသွားပြီ။ အဲ့ဒီမှာ ငါ့အဆက်အသွယ်တစ်ယောက် ရှိတယ်လေ။ ဒီနေရာကို ရှင်းလင်းဖို့ လူအချို့လည်း ခေါ်ထားတယ်။ ဒါပေမယ့်လည်း အတိုချုပ်ပြောရရင် မင်းရဲ့ကျေးဇူးကြွေးကို ငါ့ရင်ထဲမှာ မှတ်ထားပါမယ်။ အနာဂတ်မှာ လိုအပ်တာရှိရင်လည်း ဘာမှအားမနာနဲ့ ပြောသာပြောကွာ။”

ထန်ရှု ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်သည်။ တစ်စုံတရာအား သတိရသွားချိန်တွင် သူ၏မျက်နှာ အနည်းငယ် ပျက်သွားသည်။ ထန်ရှုက မချိပြုံး ပြုံးလိုက်ရင်း

“ဦးလေးယွမ်ရဲ့အကူအညီတောင်းစရာတစ်ခု ရှိတာ အခုသတိရသွားလို့။”

ယွမ်ကျန်းရွှမ် ဇဝေဇဝါဖြစ်ကာ မေးလိုက်သည်။ “ဘာများလဲကွ။”

“ဦးလေးယွမ်…ယာဉ်နှင့်ပို့ဆောင်ရေးဗျူရိုက တစ်ယောက်ယောက်ကိုများ သိလား။”

“သိတာပေါ့။ အဲ့ဒီဗျူရိုက အကြီးအကဲက ငါ့သူငယ်ချင်းပဲလေ။ ယာဉ်ထိန်းရဲဋ္ဌာနမှာလည်း အဆက်အသွယ်တွေ ရှိတယ်။”

ထန်ရှုက မအီမလည်မျက်နှာဖြင့် ပြောလိုက်သည်။

“ကျွန်တော် ဦးလေးရဲ့ဖုန်းခေါ်တာရတော့ ချင်ဟီဒေသက မိသားစုနေအိမ်မှာ ရှိနေတာ။ အမြန်ရောက်ချင်ဇောနဲ့ တစ်လမ်းလုံး မိုင်ကုန်တင်ပြီး မောင်းလာခဲ့တယ်။ ကျွန်တော့်ယာဉ်မောင်းလိုင်စင်ကလည်း ခုမှ ရခါစရှိသေးတယ်။ တအားအရှိန်တင်မောင်းလာခဲ့တာ တစ်နာရီ ကီလိုမီတာ ၂၀၀ မရှိတောင် အဲ့ဒါနဲ့ သိပ်မဝေးဘူး။ ပြသနာမရှုပ်အောင်လို့ ကျွန်တော့်ကားကို သီးခြားဆင်ခြေဖုံးနေရာတစ်ခုမှာ ရပ်ထားခဲ့ရတယ်။”

ယွမ်ကျန်းရွှမ်က နွေးထွေးမှုအပြည့်ဖြင့် ကျယ်လောင်စွာ ရယ်လိုက်ရင်း

“ထန်ရှု…ဒါက အသေးအမွှားလေးပါကွာ။ ငါနဲ့ထားခဲ့လိုက်။ နောက်ပိုင်း မင်းကားမောင်းရင် ဘာပြသနာမှ ဖြစ်မလာစေရဘူး။ လိပ်စာသာပေး။ မနက်ဖြန်ကျရင် တစ်ယောက်ယောက်ကို လွှတ်ပြီး သွားယူခိုင်းလိုက်မယ်။ ပြီးရင် လာပို့ခိုင်းလိုက်မယ်။”

ထန်ရှုက ကျေးဇူးတင်စကား ပြောရင်း သူ့အား ငေးစိုက်ကြည့်နေသော ယွမ်ကျန်းရွှမ်၏ဘေးမှ ယွမ်ချူးလင်အား ကြည့်လိုက်သည်။ သူ၏ရင်အုပ်အား ထန်ရှုက ခပ်ဖွဖွ ထိုးလိုက်ကာ ရယ်လိုက်ရင်း

“ဘယ်လိုလဲ။ ကြောက်နေတာလား။ ငါကိုယ်တိုင် ရန်သူတွေကို သတ်မယ်လို့ မင်း မထင်ခဲ့မိဘူးမဟုတ်လား။”

ယွမ်ချူးလင်သည် အသိပြန်ဝင်လာကာ စိတ်ရှုပ်ထွေးနေသော အမူအရာများသည် သူ၏မျက်ဝန်းများအတွင်းမှ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည်။ ထိုအစား ကြည်ညိုလေးစားမှုတို့အစားထိုးလာပြီး ထန်ရှုအား ပြောလိုက်သည်။

“အစ်ကိုကြီး…ငါ့ကို မင်းရဲ့ကွန်ဖူးသင်ပေးပါ။ ငါလည်း မင်းလို စွမ်းအားရှိရမယ်။”

ထန်ရှုက အားပါးတရ ရယ်မောလိုက်ရင်း

“မင်း ခါးသီးနာကျင်မှုတွေ သည်းခံနိုင်ရင် ငါ တခြားလူတွေကို မင်းကို သင်ပေးခိုင်းလိုက်မယ်။ ကြည့်ရတာ မင်း ကောလိပ်သွားရမယ်နဲ့တူတယ်။ ကောလိပ်ကျောင်းသားဘဝကို ပျော်ပျော်ခံစားပါကွာ။”

ယွမ်ချူးလင်က ခေါင်းကိုယမ်းလျက်

“ငါ ကောလိပ်ကို သွားတယ်ဆိုရင်တောင်မှ သိုင်းပညာကို လေ့ကျင့်နိုင်ပါသေးတယ်။ အဲ့ဒါကြောင့် မြန်မြန် ဆုံးဖြတ်ပေးပါ။ နောက်ဆိုရင် သိုင်းပညာလေ့ကျင့်ဖို့ ငါ မင်းနောက်ကိုလိုက်မယ်။”

ထန်ရှုက ခပ်ဖွဖွ ပြုံးလိုက်သည်။

“ပြသနာ မရှိပါဘူး။ မင်းကို ငါ သိုင်းပညာမသင်ခင် မနက်တိုင်း ၅နာရီခွဲ ထရမယ်။ တစ်နာရီ ဆောင့်ကြောင့်ထိုင်ပြီး ၁၀ကီလိုမီတာ ပြေးရမယ်။ ညနေတိုင်း ၁၀ကီလိုမီတာ ပြေးရမယ်။ စက်တင်ဘာ၁ရက်နေ့အထိ အဲ့ဒါကို ခံနိုင်ရည်ရှိရှိ လုပ်နိုင်ရင် ငါ မင်းကို သိုင်းပညာသင်ပေးမယ်။”

“တကယ်ကြီးလား။” ယွမ်ချူးလင်၏တိုက်ခိုက်ချင်သောစိတ်မှာ လွင့်ပျံ့သွားသည်။

ထန်ရှုသည် သူ၏လုံးဝန်းသော ဗိုက်ကြီးအား လှမ်းကြည့်ကာ အားရပါးရ ရယ်လိုက်ရင်း “တကယ်ပြောတာပေါ့ကွ။”

ချက်ချင်းဆိုသလိုပင် ယွမ်ကျန်းရွှမ်ဘက်သို့ လှည့်ကာ

“ဦးလေးယွမ်…ဒီက ကိစ္စတွေ ရှင်းဖို့ ဦးလေးကိုပဲ ဒုက္ခပေးရတော့မယ်။ ကျွန်တော်တို့ အရင်ပြန်လိုက်ပါဦးမယ်။ ဦးလေး တစ်ခုခုလိုအပ်တာရှိရင် ကျွန်တော့်ကို ဆက်သွယ်ပါ။”

“ကောင်းပြီ။” ယွမ်ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

ထန်ရှုသည် ကိုဝါကို ယာမာမိုတိုအား နှုတ်ဆက်စကား မဆိုတော့ဘဲ ကျုံးတိုက်ယွီနှင့် ဝံပုလွေအကြီးအကဲတို့ပါဝင်သော လူ၃၂ယောက်နှင့်အတူ စွန့်ပစ်စက်ရုံအတွင်းမှ လျင်မြန်စွာ ထွက်လာသည်။

ဝံပုလွေအကြီးအကဲနှင့်အခြား၁၁ယောက်ပါဝင်သည့် အငြိမ်းစားအထူးတပ်ဖွဲ့ဝင်များသည် ထန်ရှု၏နောက်သို့ လိုက်ရန် ကတိပေးပြီးကတည်းက သူတို့အား ကိုယ်ပိုင်နည်းလမ်းဖြင့် လုပ်ဆောင်ရန် ထန်ရှု ခွင့်ပြုထားသည်။ သူ၏စမ်းသပ်မှုအား ထိုသူများမှ ပြည့်စုံစွာ ဆောင်ရွက်ပြီးဖြစ်သောကြောင့် ထိူသူများအား ဘာလုပ်ခိုင်းရမည်ကို ထန်ရှု စဉ်းစားနေသည်။ ရုတ်တရက် သူ၏အတွေးထဲသို့ အစီအစဉ်တစ်ခု ဝင်လာသောကြောင့် သူ၏အမူအရာ လင်းလက်သွားသည်။

“ဝံပုလွေအကြီးအကဲ…သည်တစ်ခေါက် ခင်ဗျားတို့ အလုပ်ကောင်းကောင်း လုပ်ခဲ့တာပဲ။ ကျွန်တော့်ရဲ့အသိအမှတ်ပြုမှုကို ရသွားပြီလို့လည်း ဆိုနိုင်တယ်။ အဲ့ဒါကြောင့် ကြယ်တာရာမှာ ရက်အနည်းငယ် ခင်ဗျားတို့ကို အနားယူခွင့် ပေးထားမယ်။ ကျွန်တော် ဒီက ကိစ္စလေးတွေ ကိုင်တွယ်ပြီးတဲ့အထိ စောင့်ပေးပါ။ ပြီးရင် ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်တော်ဝယ်ထားတဲ့ ကျွန်းလေးဆီ ခင်ဗျားတို့ကို ခေါ်သွားမယ်။ ပြီးရင်တော့ အဲ့ဒီမှာပဲ ခင်ဗျားတို့ နေကြပေါ့။” ထန်ရှုက ဖြည်းညှင်းစွာ ပြောလိုက်သည်။

ဝံပုလွေအကြီးအကဲအပါအဝင် လူ၁၂ယောက် တစ်ယောက်မျက်နှာတစ်ယောက် ပြိုင်တူကြည့်လိုက်ကြကာ ခေါင်းညိတ်ပြသည်။ ထို့နောက် ထန်ရှုက ကျုံးတိုက်ယွီဘက်လှည့်ကာ အပြုံးဖြင့်

“ဒီည ခင်ဗျားတို့အားလုံး ကောင်းကောင်းလုပ်ခဲ့ကြတယ်။ ခင်ဗျားတို့ရဲ့စွမ်းရည်တွေ ကျွန်တော်တွေ့ပါတယ်။ ကောင်းပြီ။ ဒီကိစ္စအတွက် အရာရာအားလုံး အပြီးသတ်သွားပြီဆိုတော့ ခင်ဗျားတို့အားလုံး ပြန်နားလို့ရပါပြီ။”

“နားလည်ပါပြီ။”

အချိန်သည် မနက်၄နာရီရှိနေပြီဖြစ်သည်။

ထန်ရှုသည် တောင်တံခါးမြို့အိမ်ရာသို့ ပြန်လာခဲ့သည်။ ကြယ်တာရာသို့ အလောတကြီး ပြန်လာရပြီး မိခင်ဖြစ်သူအားလည်း ယခုပြသနာအား မပြောခဲ့ပေ။ ထို့ကြောင့် ချင်ဟီဒေသသို့ ယခုအချိန်တွင် မပြန်ရန် ဆုံးဖြတ်လိုက်သည်။ ကြယ်တာရာတွင် ဖြစ်ပွားခဲ့သော ကိစ္စရပ်များသည်လည်း ဖြေရှင်းပြီးဆုံးလုနီးပါး ဖြစ်သောကြောင့် ကျင်းမန်ကျွန်းသို့ မသွားမီ ကြယ်တာရာရှိ ကိစ္စရပ်များအား ဖြေရှင်းသွားကာ သူဝယ်ထားသော ကျွန်းကိုလည်း အပြေးသွားကြည့်လိုသေးသည်။

အိမ်၏ဒုတိယထပ်တွင်…

ထန်ရှုသည် ဂူရင်၏အခန်းတံခါးအား ညင်သာစွာ ဖွင့်လိုက်သည်။ အတွင်းတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော သူမအား တွေ့ရသော် ကျေနပ်စွာ သူ ပြုံးလိုက်မိသည်။ ထို့နောက် သူ၏အခန်းဆီသို့ သွားကာ တံခါးအား တွန်းဖွင့်ဝင်လိုက်ပြီး ညအိပ်မီးသီး ဖွင့်လိုက်သည်။

“ဟင်…”

သူ၏မျက်ဝန်းအစုံ မှုန်မှိုင်းသွားကာ မျက်နှာသည်လည်း အေးခဲသွားရသည်။

ကောက်ကြောင်းအလှပေါ်လွင်လှသော ခန္ဓာကိုယ်ထက်တွင် အောက်ခံအဝတ်အစားသာ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် သူ၏အိပ်ရာထက်တွင် လဲလျောင်းအိပ်စက်နေသည်။ ထိုအမျိုးသမီး၏ အိပ်စက်နေသောပုံဟန်သည် အလွန်ဆွဲဆောင်မှုရှိပေတော့သည်။ ဖမ်းစားညှို့ယူနိုင်ကာ ဆွဲငင်အားကောင်းလှသည့် အနားသတ်ကောက်ကြောင်းအလှတရားနှင့်အတူ နူးညံံ့သိမ်မွေ့မှုနှင့် ခပ်သင်းသင်းရနံ့လေးတစ်ခုသည် ထန်ရှုအား ဖမ်းစားထားလျက်ရှိသည်။ သူသည် စိတ်ကို မထိန်းချုပ်နိုင်ဘဲ ထိုခဏတွင် အတွင်းစိတ်ရိုင်းများပင် မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။

“အောက်ထပ်မှာ အခန်းတွေအများကြီး ရှိသားနဲ့ ခန်းရှက တကယ်ကို ငါ့အခန်းထဲ လာအိပ်နေတာပဲ။ ဒီအမျိုးသမီးလေးကတော့ ငါ ရုတ်တရက် ပြန်ရောက်လာပြီး သူ့ကို ဒုက္ခပေးမှာ မကြောက်ဘူးလား။”

ထန်ရှု ခေါင်းကို ယမ်းမိပြီး မီးခလုတ်ကို ပိတ်ကာ ဧည့်သည်အခန်းသို့ ပြန်တော့မည့်ဟန်ပြင်လိုက်သည်။ သို့သော် အိပ်ရာထက်မှ ခန်းရှသည် ရုတ်တရက် လှုပ်ရှားလာကာ မျက်လုံးဖွင့်လာသည်။

“ဘယ်သူလဲ။”

ခန်းရှသည် သတိကြီးသူတစ်ယောက်ပီပီ ရုတ်ခြည်းပင် အေးမြသော နွေရာသီခြုံစောင်အား သူမ၏ကိုယ်ပေါ်အား လွှမ်းလိုက်ကာ အိပ်ရာထက်မှ ခုန်ထွက်လိုက်သည်။

All Chapters