အတိတ်အား ရှင်းလင်းသော ပယ်ဖျက်မှုတစ်ခု ပြုလုပ်ခြင်း
Vol. 06 Ch. 256
စုလင်းယွမ်က ပြောသည်။
“ရှုအာ… သား စိတ်ပူတာကို အမေ နားလည်သလို သဘောလည်း တူတယ်။ ဒါပေမယ့် ရှန်ဖေးရဲ့ပင်ကိုယ်စရိုက်က မဆိုးဘူးဆိုတာလည်း အမေ ယုံကြည်တယ်။ မင်းရဲ့ဦးလေး စုရှန်းဝမ်တောင်မှ သူရဲ့ပင်ကိုယ်စရိုက် ပြောင်းလဲသွားတာ ငွေကြေးကြောင့်ပဲ။ အရင်တုန်းကဆို သူက တကယ်ကောင်းတဲ့ လူတစ်ယောက်၊ အလွန်ကြင်နာတတ်သလို မိသားစုကိုလည်း ဂရုစိုက်တယ်။ အမေတို့ ကြယ်တာရာမှာ နေတဲ့နှစ်တွေမှာ သူ အများကြီး အကူအညီပေးခဲ့တာပဲလေ။ အဲ့ဒါကြောင့် ရှုအာ… သူ ထောင်ထဲမှာ နောင်တတွေ ရနေပြီဆိုရင် သူ့ကို ကယ်ဖို့ နည်းလမ်းရှာရမယ်နော်။”
“ကောင်းပါပြီ အမေ။” ထန်ရှု လိုက်လျောလိုက်သည်။
ချင်ဟီဒေသရှိ စုကျေးရွာတွင် စုရှန်ဖေးသည် ခြံစည်းရိုးအား မှီလျက် စီးကရက်သောက်နေသည်။ သူသည် စုလင်းယွမ်နှင့်ထန်ရှုတို့ပြောနေသော စကားများအား ရှင်းလင်းစွာ ကြားနေရသည်။
သူ မုန်းသည်။ သို့သော် မည်သူ့ကို မည်မည်ရရ မုန်းတီးရမည်မသိဖြစ်နေခဲ့သည်။
သည်လများတွင် သူ့အနေဖြင့် များစွာ အတွေ့အကြုံ ရခဲ့သည်။ ဖိအားများစွာအကြား သန်မာရမည့်အစား အစ်မဖြစ်သူ၏အတန်းဖော်အိမ်တွင် ရက်ပေါင်းများ ပုန်းခိုနေထိုင်ခဲ့သည်။ နေ့တိုင်း အရက်ပုလင်းထဲ ခေါင်းစိုက်လျက် ဖင်မှ ဆေးလိပ်မီးခိုးထွက်သည်အထိ သောက်ကာ သေသည်ထက်ဆိုးသော ဘဝတစ်ခုတွင် ရှင်သန်နေထိုင်ခဲ့သည်။
ထန်ရှုသည် သူ၏မိသားစုအား ထိခိုက်စေခဲ့သောသူတစ်ယောက်ဖြစ်သည်ကို သိသောကြောင့် ထန်ရှုသည် သူ မုန်းတီးလိုသောလူတစ်ယောက် ဖြစ်သည်။ သို့သော်လည်း ဖြစ်ပျက်ခဲ့သော အရာရာတိုင်းကို ပြန်ပြောင်းတွေးကာ စဉ်းစားဆင်ခြင်လိုက်သောအချိန်တွင် သူ၏မိသားစုသည် ငွေကြေးနှင့်သြဇာအာဏာအား အသုံးပြုကာ အမှန်တကယ်ပင် အဒေါ်ဖြစ်သူနှင့် သူ၏ဝမ်းကွဲညီအစ်ကိုပေါ်တွင် အနိုင်ကျင့်ခဲ့သည်ကို ရုတ်တရက် သူ နားလည်လိုက်သည်။
ထိုငွေခိုးသောကိစ္စအား ပြန်သတိရသွားချိန်တွင် ရဲများသာ သက်သေရှာမတွေ့ခဲ့ပါက သူ၏မိဘများအစား ထန်ရှုက ထောင်ကျသွားလိမ့်မည်ဖြစ်သည်။
အဒေါ်ဖြစ်သူစုလင်းယွမ်၏စကားများ ကြားလိုက်ရသည့် စုရှန်ဖေး၏မျက်ဝန်းအစုံမှ မျက်ရည်များ စီးကျလာခဲ့သည်။ သူ၏အဒေါ်သည် အလွန်အားနည်းသောသူတစ်ယောက်ဖြစ်ပြီး အနိုင်ကျင့်ရလွယ်ကူသည်ဟု ဟိုအရင်အချိန်က သူ တွေးလေ့ရှိသည်။ သူ၏မိဘများမှ အဒေါ်အား အနိုင်ကျင့်သောအခါတွင်လည်း ပြဇာတ်တစ်ပုဒ်အား ကြည့်နေရသကဲ့သို့ ပြုမူလေ့ရှိသည်။ သို့သော် ယခု အဒေါ်၏စကားများအား ကြားသည့်အခါ သူ၏ရင်ထဲတွင် ခံစားချက်မျိုးစုံ ပြည့်နှက်လာခဲ့သည်။
သူသည် စီးကရက်အား မြေပေါ်သို့ တောက်ထုတ်လိုက်ကာ ခြေဖျားနှင့် ဖိငြိမ်းသတ်လိုက်သည်။ သူသည် ပြန်လှည့်ဝင်လိုက်ကာ စုလင်းယွမ်ဆီသွားပြီး ဒူးထောက်လိုက်သည်။
“ဒေါ်လေး… ကျွန်တော် တကယ် စိတ်မကောင်းပါဘူး။”
စုလင်းယွမ်သည် စုရှန်ဖေး၏ပြုမူပုံအား ကြည့်ကာ အံ့အားသင့်နေသည်။ သူမသည် စုရှန်ဖေးအား မယုံနိုင်ဟန်ဖြင့် ကြည့်ရင်း ပါးစပ်အဟောင်းသားနှင့် မည်သည့်စကားဆိုရမည်မသိ ဖြစ်နေခဲ့သည်။ သူမ၏ဖုန်းအား မ လိုက်သော်လည်း ဖုန်းအား မချမိချေ။ ဖုန်းတစ်ဖက်မှ သားဖြစ်သူကလည်း မချသေးဘဲ တိတ်ဆိတ်နေခဲ့သည်။
အချိန်အတန်ကြာအောင် ရှိနေပြီးနောက် စုလင်းယွမ်သည် အသိပြန်ဝင်လာခဲ့သည်။ သူမသည် လျင်မြန်စွာပင် စုရှန်ဖေးအား ဆွဲထူပေးလိုက်ပြီး သက်ပြင်းချလျက် ရိုးသားစွာ ပြောလိုက်သည်။
“ရှန်ဖေး…ဒေါ်လေးတို့ရဲ့မညီမျှချက်တွေက ဘယ်လောက်ဆိုးဆိုး တို့တတွေက ဆွေမျိုးတွေ မိသားစုဝင်တွေပါ။ ရှုအာက ဒေါ်လေးကို အနိုင်ကျင့်မှာ စိုးရိမ်နေတာလေ။ ငါ့တူက သူ့ထက် အသက်ပိုကြီးတော့ ဒီအကြောင်းကို ပိုပြီး နားလည်မှာမို့ သူ့ကို အပြစ်မတင်ပါနဲ့။”
စုရှန်ဖေးက ခါးသီးစွာ ပြောလိုက်သည်။
“ဒေါ်လေး… ကျွန်တော် သူ့ကို အပြစ်မတင်ပါဘူး။ ဒေါ်လေး ပြောသလိုပဲ အဖေ့ရဲ့စိတ်က ငွေကြေးဥစ္စာကြောင့် ပျက်စီးသွားရသလို ကျွန်တော်လည်း ထိုနည်းလည်းကောင်းဖြစ်ခဲ့ရတာပါပဲ။ ကျွန်တော်လည်း သူ့ကို အစက ဘောင်ခတ်ချင်ခဲ့မိတယ်။ စစ်ဆေးတွေ့ရှိချက်သာ မရှိခဲ့ရင် အခုချိန်မှာ ထောင်ကျနေတာ ကျွန်တော့်မိဘတွေ မဟုတ်ဘဲ သူ ဖြစ်နေနိုင်တယ်။ အဲ့ဒါကြောင့် ကျွန်တော် သူ့ကို မမုန်းပါဘူး။”
စုလင်းယွမ်၏မျက်နှာထက်တွင် ပျော်ရွှင်သောအရိပ်အယောင် ဖြတ်သန်းသွားပြီး စုရှန်ဖေး၏ပခုံးအား ညင်သာစွာ ပုတ်ကာ ပြောလိုက်သည်။
“ရှန်ဖေး…ရှုအာကို တူလေး မမုန်းတာ ကောင်းတယ်။ သိပ်လည်းမစိုးရိမ်ပါနဲ့။ ရှုအာက ကတိတည်တဲ့လူပါ။ နောက်၂နှစ်ကြာရင် တူလေးအဖေကို ထောင်ကထုတ်ပေးဖို့ နည်းလမ်းရှာပေးမယ်လို့ အဖွားကို ကတိပေးထားတယ်။”
စုရှန်ဖေး လေးပင်စွာ ခေါင်းညိတ်လျက် ပြောသည်။
“အန်တီ ကျွန်တော် အသိတရားပြန်ရပြီး နိုးထလာရတာ အဖေ့ကြောင့်ပါ။ အဖေ အဖမ်းမခံရခင်က ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘဲ ဆေးရုံရောက်သွားခဲ့တယ်။ သူ မေ့မျောနေဆဲဖြစ်ပေမယ့် ဒေါ်လေးနာမည်ကို ခေါ်ခေါ်နေပြီး တောင်းပန်တာကို ကျွန်တော် ကြားခဲ့ရတယ်။ အဖေက ဒေါ်လေးအပေါ် သူ ပြုမိခဲ့တာတွေအတွက် နောင်တရနေခဲ့တယ်ဆိုတာ အဲ့ဒီအချိန်မှာပဲ ကျွန်တော် သိလိုက်ရတယ်။”
စုလင်းယွမ်၏မျက်ဝန်းများမှ ကြည်လင်တောက်ပသော မျက်ရည်များ စီးဆင်းလာခဲ့ပြီဖြစ်သည်။ သူမ၏သွေးရင်းအစ်ကို သတိပြန်ရလာပြီး သူမအား ဆွေမျိုးတစ်ယောက်သဖွယ် ဆက်ဆံကာ လူကောင်းတစ်ယောက် ဖြစ်လာမည်ဆိုပါက မည်မျှပင် တန်ဖိုးကြီးမားပါစေ သူမ ပေးလိုစိတ်ရှိပေသည်။
“ရှန်ဖေး…အဖွားနဲ့ အိမ်မှာ နေဦး။ ရက်အနည်းငယ်လောက် နေပြီးရင် ဒေါ်လေးတို့ ကြယ်တာရာကို အတူပြန်ပြီး အဖေ့ကို သွားကြည့်ကြတာပေါ့။”
“ကောင်းပါပြီ ဒေါ်လေး။” စုရှန်ဖေးက စိတ်လေးပင်စွာ ခေါင်းညိတ်ပြသည်။
သို့သော် အပြုံးတစ်ချက်သည် သူ၏မျက်နှာထက်တွင် ပေါ်လာပြီး လျှပ်တစ်ပြက် ပျောက်ကွယ်သွားခဲ့သည်။ တစ်ခဏမျှ ချီတုံချတုံဖြစ်နေပြီးနောက် စုရှန်ဖေးက လေသံတိုးတိုးဖြင့်
“ဒေါ်လေး…ကျွန်တော့်အစ်မက ဒီလိုမျိုးမတွေးနိုင်ဘဲ ဒေါ်လေးနဲ့ထန်ရှုကို မုန်းနေသေးတယ်ဆိုရင် အစ်မကို အပြစ်မတင်ပါနဲ့။ အစ်မက…”
စုလင်းယွမ်က ခေါင်းကိုယမ်းကာ သက်ပြင်းချလိုက်ပြီး
“တူမလေးက ဒေါ်လေးနဲ့ရှုအာကို မုန်းနေတယ်ဆိုရင် နားလည်ပေးနိုင်ပါတယ်။ မစိုးရိမ်ပါနဲ့။ ငါက သူမရဲ့ဒေါ်လေးပါ။ တူမလေးကို မြင်ရင် ဒေါ်လေး ပြောလိုက်ပါမယ်။”
“အစ်မက ရှန်ဟိုင်းကို သွားပြီ။”
“အဲ့ဒီမှာ ဘာသွားလုပ်တာလဲ။” စုလင်းယွမ်က ပဟေဠိဖြစ်စွာ မေးလိုက်သည်။
“အစ်မက ဟိုမှာ သူ့အတန်းဖော်နဲ့နေပြီး အလုပ်တစ်ခု ရှာလုပ်မယ်ပြောတယ်။” စုရှန်ဖေးက ပြောသည်။
စုလင်းယွမ်က တစ်ခဏမျှ တိတ်ဆိတ်သွားပြီး ခေါင်းညိတ်လျက် ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ရှုအာလည်း မကြာခင် ရှန်ဟိုင်းမှာ ကျောင်းသွားတက်လိမ့်မယ်။ သူ ဟိုမှာ အခြေတကျ ဖြစ်သွားပြီးရင် အစ်မကို ရှာဖို့ ဒေါ်လေး ပြောလိုက်မယ်။”
စုရှန်ဖေး တိတ်ဆိတ်သွားပြီးနောက် ဖြည်းညှင်းစွာ တုံ့ပြန်လိုက်သည်။
“ကျေးဇူးတင်ပါတယ် ဒေါ်လေး။ ဝမ်းကွဲညီကိုလည်း ပြောပေးပါ ကျွန်တော် အရင်တုန်းက တကယ်ကို ဆိုးဆိုးရွားရွား လုပ်မိပါတယ်လို့။”
သည်တစ်ကြိမ်တွင် ထန်ရှု၏အသံသည် ဖုန်းထဲမှ ထွက်ပေါ်လာခဲ့သည်။
“အမေ…အမေ့ဖုန်းကို သူကို ပေးလိုက်ပါ”
စုလင်းယွမ်လည်း ကြားလိုက်သောကြောင့် သူမ၏ဖုန်းအား စုရှန်ဖေးဆီသို့ လှမ်းလိုက်သည်။
“မင်းညီဝမ်းကွဲက ပြောချင်နေတယ်။”
စိတ်ရှုပ်ထွေးသွားသော အမူအရာသည် စုရှန်ဖေး၏မျက်နှာထက်တွင် ပေါ်ပေါက်လာသည်။ သူသည် ဖုန်းကို ယူလိုက်သော်လည်း မည်သည့်စကားမျှ မဆိုပေ။
ထန်ရှု၏အသံသည် ဖုန်းထဲမှ ထွက်ပေါ်လာသည်။
“ရှန်ဖေး… မင်း အခုပြောနေတာတွေက အမှန်တကယ်လား ဟန်ဆောင်နေတာလားဆိုတာ ငါ ဂရုမစိုက်ဘူး။ ဒါပေမယ့် ငါ့အမေကို ထိခိုက်နာကျင်အောင် မင်း လုပ်ရဲရင် ကမ္ဘာပေါ်မှာ အဆိုးဆုံးအရာကို မင်း ခံစားသွားရအောင် ငါ လုပ်မယ်ဆိုတာ မင်း မှတ်ထားပါ။ ဒါပေမယ့် မင်းက တကယ်ပဲ စိတ်သစ်လူသစ် ဘဝသစ်နဲ့ ပြန်စချင်တယ် ဆွေမျိုးတွေကိုလည်း ကြင်ကြင်နာနာ ဆက်ဆံပေးမယ်ဆိုရင် မင်းဘ၀ အမြန်တိုးတက်စေရမယ်လို့ ငါ ကတိပေးနိုင်တယ်။”
စုရှန်ဖေးက ခါးသီးသောလေသံဖြင့်
“တိုးတက်မှုမြန်ဆန်တဲ့ဘဝတစ်ခုလား။ အလျင်အမြန်တိုးတက်လာပြီးရင် ငါ့အဖေလို ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားမှာကို ငါ ကြောက်တယ်။ ဝမ်းကွဲညီ ထန်ရှု…အရင်တုန်းက ဖြစ်ပျက်သမျှ အရာရာကို ငါ စွန့်လွှတ်လိုက်ပြီ။ ဒေါ်လေးကလည်း ငါ့ကို ကြင်ကြင်နာနာ ဆက်ဆံမှတော့ ငါ သူမကို စိတ်ပျက်အောင် မလုပ်ပါဘူး။ ငါ ဒီကို ပြန်လာတာကလည်း အဖွားနဲ့ နေပြီး ပြုစုစောင့်ရှောက်ဖို့အတွက်ပါ။”
“မင်းစကား မင်းမှတ်ထားပါ။” ပြောပြီးသည်နှင့် ထန်ရှု ဖုန်းတန်းချလိုက်သည်။
သူသည် လူတိုင်းအပေါ် သံသယကြီးသောသူတစ်ယောက်မဟုတ်သော်လည်း စုရှန်ဖေးအား အပြည့်အ၀ မယုံကြည်နိုင်သေးချေ။ ထို့ကြောင့် ထန်ရှု တစ်ချက်တွေးတောလိုက်ပြီး ကုဝါကို ပေးထားသော ဖုန်းနံပါတ်အား ဆက်သွယ်လိုက်သည်။
“ကုဝါကို ပြောနေပါတယ်။ အခုဖုန်းဆက်တာ ဘယ်သူပါလဲ။”
“ငါပါ။”
“နင်… သူဋ္ဌေးလား။”
“ဟုတ်တယ်။”
ကုဝါကို၏အသံမှာ ပိုမိုလေးစားမှုရှိသောအသံသို့ ပြောင်းသွားပြီး မေးလာသည်။
“တစ်ခုခု လုပ်ခိုင်းစရာရှိလို့လား သူဋ္ဌေး။”
“မင်း ဂျပန်ကို ပြန်သွားပြီလား။” ထန်ရှုက မေးလိုက်သည်။
“မပြန်ရသေးဘူး သူဋ္ဌေး။ နင်ဂျာတွေရဲ့ဒဏ်ရာက အရမ်းပြင်းတော့ ကြယ်တာရာမှာ ရှိနေသေးတယ်။ နောက်၂ရက်လောက်ဆိုရင် ပြန်ဖို့တော့ ပြင်ဆင်ထားတယ်။”
“မြောက်ပိုင်းကြယ်ဓားတစ်စင်းကျောင်းမှာ အမျိုးသမီးနင်ဂျာတွေ ရှိလား။ မင်းအပေါ်ရော သစ္စာရှိတဲ့သူတွေလား။”
ကုဝါကိုက ယုံကြည်မှုရှိစွာနှင့် တုံ့ပြန်လိုက်သည်။
“မြောက်ပိုင်းကြယ်ဓားတစ်စင်းကျောင်းမှာ အပြင်းအထန် လေ့ကျင့်ထားတဲ့ ၄ယောက်ရှိတယ်။ အခုတစ်ခေါက်တော့ မခေါ်လာခဲ့ရဘူး။ ပြန်ရောက်ရင် ပိုပြီး သစ္စာရှိအောင်လို့ သူတို့ကို စိတ်ဝိညာဉ်ထိန်းချုပ်ဂါထာ သုံးထားလိုက်မယ်။”
“သူတို့ မန်ဒရင်းတရုတ်စကား ပြောတတ်လား။” ထန်ရှုက မေးသည်။
“ဟုတ်ကဲ့။ သူတို့ ဂျပန်၊ မန်ဒရင်း၊ အင်္ဂလိပ်၊ ပြင်သစ်နဲ့ ဂျာမန်စကားတွေမှာ ကျွမ်းကျင်တယ်။” ကုဝါကိုက လေးစားမှုအပြည့်ဖြင့် ပြောလိုက်သည်။
“အဲ့လိုဆိုမှဖြင့် သူတို့ကို ဂါထာသုံးပြီး ထိန်းချုပ်ပြီးသွားရင် ငါ့အမေကို တိတ်တဆိတ် စောင့်ရှောက်ဖို့ ကြယ်တာရာကို လွှတ်ပေးပါ။ အမေ့ရဲ့အချက်အလက်တွေ မင်းဆီ ပို့ပေးလိုက်မယ်။”
“နားလည်ပါပြီ။” ကုဝါကိုက တလေးတစား ပြောလိုက်သည်။
ထန်ရှုက ဖုန်းချလိုက်သည်။ မိခင်၏အချက်အလက်အား တည်းဖြတ်လိုက်ပြီးနောက် ကုဝါကိုဆီ ပို့ပေးလိုက်သည်။ ပြီးသွားသည်နှင့် မျက်နှာသစ်၊ သွားတိုက်ကာ အဝတ်အစားလဲပြီး ပထမထပ်သို့ ဆင်းလာခဲ့သည်။
ထမင်းစားခန်းမှ အစားအသောက်၏ခပ်ဖျော့ဖျော့မွှေးရနံ့တစ်ခု ထွက်ပေါ်လျက်ရှိသည်။
“နင် နိုးပြီလား။ နေ့လည်စာ စားချိန်တောင် ရောက်ပြီ။” မီးဖိုထဲမှ ဟင်းပွဲနှစ်ပွဲအား သယ်လာသော ခန်းရှက ထန်ရှုအား မြင်စဉ်တွင် ပြုံးလျက် ပြောလိုက်သည်။
သူမအား ကြည့်ရင်း ခန်းရှတစ်ယောက် လမ်းလျှောက်သည်မှာ ကိုရို့ကို့ယားဖြစ်နေသည်ကို ထန်ရှု သတိပြုမိသည်။ (မနေ့က ဒင်း သောင်းကျန်းထားပြီးတော့။)
အကြောင်းရင်းအား ရုတ်ခြည်းပင် သူ နားလည်သွားသည့်အခါ အားနည်းပါသော်လည်း လူသားများ၏ လျှို့ဝှက်ဆန်းကြယ်သော သဘောသဘာဝအကြောင်းအား ရွေးချယ်ရန်မရှိပါချေ။ မနေ့ညက ခန်းရှသည် လက်ချောင်းလေးတစ်ချောင်း ရွှေ့ဖို့ပင် အင်အားမရှိတော့သော်လည်း ယခုမူ သူမသည် အင်အားအပြည့်နှင့် အလွန်တက်ကြွနေလျက်ရှိသည်။ ခန်းရှ၏တောက်ပလန်းဆန်းနေသောသွင်ပြင်အား ကြည့်နေရင်း သူမသည် အသက်ရှူမှားလောက်အောင် ပိုမိုလှလာသည်ဟန်ရှိသည်။
“ယွမ်ချူးလင်ပြောတာ မှန်တာပဲ။ ကမ္ဘာပေါ်မှာ ပင်ပန်းပြီးသေတာ နွားတွေပဲ ရှိပြီးတော့ ထွန်ယက်ပြီးတဲ့ မြေတွေဟာ မကောင်းတာ မရှိဘူးတဲ့။”
ထန်ရှု သက်ပြင်းတစ်ချက် ခိုးရှိုက်လိုက်ကာ ထမင်းစားခန်းသို့ အပြုံးဖြင့် လျှောက်သွားလိုက်သည်။
“ဆရာသခင်…”
ထမင်းစားပွဲတွင် ထိုင်နေသော ဂူရင်က ထန်ရှုရောက်လာသည်ကို မြင်သောအခါ ပျော်ရွှင်စွာ ကြည့်လျက် ခေါ်လိုက်သည်။
ထန်ရှုက သူမ၏ခေါင်းလေးအား အသာ ပွတ်ပေးလိုက်ရင်း အပြုံးဖြင့်
“စားကြစို့။ နောက်ရက်အနည်းငယ်ကျရင် ငါ မင်းကို ကျင်းမန်ကျွန်းကို ခေါ်သွားမယ်။”
“အင်း…”
ဂူရင်က သူတို့ ဘယ်နေရာကို သွားမည်ကို ဂရုမစိုက်ချေ။ သူမ ဂရုစိုက်သည်မှာ ထန်ရှုနှင့်အတူ သွားရောက်ရမည်ကိုသာဖြစ်သည်။
ကျင်းမန်ကျွန်းလား။
စားပွဲပေါ်သို့ ဟင်းပွဲများ တင်လိုက်သော ခန်းရှခမျာ ထန်ရှု၏စကားအား ကြားပြီး မျက်နှာတစ်ချက် ပျက်သွားရသည်။ သူမတို့နှစ်ယောက် အနီးဆုံးအချိန်တစ်ခုအား ဖြတ်သန်းခဲ့ပြီးနောက်တွင် သူမသည် ထန်ရှုအကြောင်းအား အထူးဂရုစိုက်လာသည်။ ထန်ရှု တခြားနေရာကို သွားမည်ဆိုပါက သူမ အလေးမထားသော်လည်း ကျင်းမန်ကျွန်းကို သွားမည်ဆိုပါက ထိုနေရာတွင် အိုးရန်လူလူ ရှိနေသောကြောင့် သူမ အတော် စိုးရိမ်သွားမိသည်။
ခန်းရှသည် သူမ၏အမူအရာအား ပုံမှန်ဖြစ်အောင် ကြိုးစားပြုပြင်လိုက်ပြီး
“သူဋ္ဌေး…ရင်ရင့်ကို ကျန်းမန်ကျွန်းကို ဘာအတွက် ခေါ်သွားတာလဲ။ အပန်းဖြေဖို့လား။ တခြားကိစ္စ ရှိနေလို့လား။”
သူမ၏အတွေးအား စိုးစဉ်းမျှ မရိပ်စားမိသော သကောင့်သားလေးထန်ရှုက ပြန်ဖြေလိုက်သည်။
“ရင်ရင့်ကို သူမရဲ့စီနီယာအစ်မကြီးနဲ့တွေ့ဖို့ရယ် ပြည်ပခရီးတစ်ခုအတွက်ရယ် ခေါ်သွားတာပါ။ အရင်က ပစိဖိတ်သမုဒ္ဒရာထဲမှာ ကျွန်းတစ်ကျွန်း ဝယ်ထားဖူးပေမယ့် မမြင်ဖူးသေးဘူး။ အဲ့ဒါကြောင့် ကျောင်းမတက်ခင် သွားကြည့်မလို့ပါ။ အာ… ခုမှ သတိရတယ်။ ကျွန်တော့်မှာ ပတ်စပို့စာအုပ်မရှိသေးဘူး။ ကျွန်တော်နဲ့ရင်ရင့်အတွက် စီစဉ်ပေးလို့ရမလား။”
ခန်းရှ တိတ်တဆိတ် စိတ်သက်သာရာရသွားသည်။ သို့သော်လည်း ထန်ရှုတွင် ရှိသော အခြားတပည့်တစ်ဦးမှာလည်း အမျိုးသမီးတစ်ဦးဖြစ်နေသည်ကို သိလိုက်ရသောကြောင့် တိတ်တဆိတ် သူမ အံ့အားသင့်မိပေသည်။
“သူဋ္ဌေး…ပတ်စပို့က ကိုယ်တိုင်လုပ်ဖို့လိုတယ်။ ရဖို့တော့ အချိန်ကြာလိမ့်မယ်။ လုံကျန့်ယုကို ရှာလိုက်ရင် သူက မြန်မြန်ရအောင် ကူညီပေးနိုင်တယ်။”
ထန်ရှု ခေါင်းညိတ်လိုက်ပြီး
“ဒီလိုဆိုမှဖြင့် သူ့ကို အကူအညီတောင်းရတော့မှာပဲ။ လာထိုင်ပြီး စားရအောင်။ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကိုလည်း ဂရုစိုက်ဖို့ လိုအပ်တယ်လေ။”
ခန္ဓာကိုယ်ကိုလည်း ဂရုစိုက်ရမယ်ဟုတ်လား။
ခန်းရှ ရုတ်တရက် သူမတို့၂ယောက်ကြားတွင် ဖြစ်ပျက်ခဲ့သည်ကို ပြန်သတိရသွားသည်။ သူမ၏မျက်နှာလှလှလေးတွင် ချစ်စရာကောင်းကာ ရှက်စနိုးဖြစ်နေသော အမူအရာလေးတစ်ခု ချက်ချင်းပေါ်လာခဲ့ကာ ခေါင်းငုံ့သွားရပြီး ထမင်းစားပွဲတွင် ထိုင်လိုက်သည်။
ဂူရင်က သူမ၏မျက်နှာသေးသေးလေးအား မော့ကာ မေးလိုက်သည်။
“ဆရာသခင်…စီနီယာအစ်မကြီးက သဘောကောင်းလား။ ရင်ရင့်ကို သဘောကျပါ့မလား။”
ထန်ရှုက ပြုံးလိုက်ပြီး
“ရင်ရင်ရဲ့စီနီယာအစ်မကြီးက ဒဏ်ရာရထားလို့ သတိလစ်နေတယ်။ သူမက အလွန်သဘောကောင်းတယ်။ နောက်ပြီး ရင်ရင်က သူငယ်ငယ်တုန်းက ပုံနဲ့ တူလို့ သူမက သေချာပေါက် သဘောကျလိမ့်မယ်လို့ ဆရာသခင် ထင်တယ်။”
“အင်း…” ဂူရင်က ချစ်စဖွယ် ခေါင်းညိတ်လိုက်သည်။
ခန်းရှက ပဟေဠိဖြစ်နေသော အမူအရာနှင့် မေးလိုက်သည်
“သူဋ္ဌေး… နင့်မှာ တပည့်ဘယ်နှစ်ယောက်ရှိတာလဲ။”
“လက်ရှိမှာ ၄ယောက်ရှိတယ်။” ထန်ရှုက တစ်ချက်ပြုံးကာ ဖြေသည်။
“ငါ သိတာက ချန်းကျီကျုံးနဲ့ ဂူရင်ရယ်၊ ပြီးတော့ ဆေးရုံမှာ အလုပ်လုပ်နေတဲ့တစ်ယောက်ရယ်။ နောက်တစ်ယောက်က ဘယ်သူလဲ။ အရင်တုန်းက ပြောသံလည်း မကြားမိပါလား။”
ထန်ရှုက ဖျော့တော့စွာ ပြုံးလိုက်ပြီး
“တစ်ချို့အကြောင်းအရာတွေက ပြောပြဖို့ အဆင်မပြေသေးဘူး။ ခဏလောက်စောင့်ပါ။ နောက်ပိုင်းကျရင် သူမအကြောင်း မင်းသိလာပါလိမ့်မယ်။”
***