← Chapters

ပထမဆုံးတွေ့ဆုံခြင်း

Vol. 06 Ch. 257

ပထမဆုံးတွေ့ဆုံခြင်း

Vol. 06 Ch. 257

နေ့လည်စာ စားပြီးနောက် ခန်းရှသည် တောင်တံခါးအိမ်ရာမှ အလျင်စလို ထွက်ခွာသွားသည်။ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုသည် စဦးအဆင့်တွင် ရောက်နေသောကြောင့် သူမကိုယ်တိုင် စီမံညွှန်ကြားအုပ်ချုပ်ရမည့်အရာများစွာ ရှိနေသည်။ ထန်ရှုက သူမအား အားလပ်ရက် ပေးသည့်တိုင် သူမ ယူလိမ့်မည်မဟုတ်ပေ။

ထန်ရှုသည် ခြံဝင်းထဲမှအထွက်တွင် သူ၏လင်ရိုဗာကားအား ခြံအပြင်တွင် ရပ်ထားသည်ကို တွေ့လိုက်ရသဖြင့် ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံသို့ မောင်းနှင်လာခဲ့သည်။ သူ၏ဇာတိမြေမှ ရွာသားများသည် ဆေးရုံသို့ ရောက်နေပြီး ဖုန်းတစ်ကောလ်ဖြင့် အရာရာကို စီမံပေးထားသော်လည်း ထိုသူများဆီသို့သွားကာ တွေ့လိုပေသေးသည်။ ထိုသူများသည် သူ ကြီးပြင်းလာသည်ကို ကြည့်ရှုပေးလာကြသူများလည်း ဖြစ်ပေသည်။

ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံ…

ထန်ရှုသည် ကားရပ်နားနေရာတွင် ကားရပ်ထားလိုက်ပြီး အတွင်းလူနာဆောင်သို့ လျှောက်လာခဲ့သည်။ ထိုသို့လာရင်းဖြင့် သိုက်ရှင်းရွှယ်ဆီ ဖုန်းဆက်ကာ ထိုသူများ ရှိနေသည့် အခန်းနံပါတ်အား မေးမြန်းလိုက်သည်။

ဆေးရုံအုပ်ကြီးရုံးခန်းတွင်…

လီဟွန်ဂျီသည် စာရွက်စာတမ်းများအား ပြန်လည်စစ်ဆေးနေရင်း ဝမ်းနည်းဝမ်းသာ ခံစားနေရသည်။ နောင်တရဝမ်းနည်းနေရသည်မှာ နေ့တိုင်း လူနာအများအပြား ဆေးရုံလာတက်သည့်အခါ ဆေးရုံတွင် အခန်းနည်းနေသောကြောင့်ဖြစ်ပြီး ဝမ်းသာပျော်ရွှင်ရသည်မှာ ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံသည် ယခုချိန်တွင် အတော် နာမည်ရလာသောကြောင့် ဖြစ်သည်။ နိုင်ငံမှ ပိုမိုနာမည်ကျော်ကြားသော ဆေးရုံကြီးများကပင် သူ့အား ဆက်သွယ်လာကြပြီဖြစ်သည်။

“ထန်ရှုသာ အမြဲ နေနိုင်ရင် အကောင်းဆုံးဖြစ်မှာပဲ။ ဟူး…။ သူသာ နေမယ်ဆိုလို့ကတော့ ဆေးရုံအုပ်ရာထူးကိုတောင် ငါ ပေးလိုက်ချင်တယ်။”

စာရွက်စာတမ်းများ ဖတ်ပြီးနောက် လီဟွန်ဂျီသည် ခေါင်းကိုယမ်းကာ သက်ပြင်းချလိုက်သည်။

“ဖုန်းမြည်သံ…"

သူ၏ဖုန်း မြည်လာသောကြောင့် မျက်ခုံးများ မြင့်တက်သွားရသည်။ ဖုန်းကို ထုတ်ကာ ခေါ်ဆိုသူအား ကြည့်လိုက်ရာ ချက်ချင်းပင် သူ၏မျက်လုံးများ အရောင်တောက်ပလာခဲ့သည်။ ဖုန်းထူးလိုက်ပြီးနောက် သူက အလွန်ချစ်ခင်နှစ်သက်သောအသံဖြင့် စကားဆိုလိုက်သည်။

“ဟယ်လို ရှင်းရွှယ်… တစ်ခုခု လိုအပ်တာများ ရှိလား။ မင်းရဲ့ဆရာရော ငါတို့ ကြယ်တာတရုတ်တိုင်းရင်းဆေးရုံကို လာပြီလား။”

“ဟုတ်ကဲ့။ ဆရာသခင်က အတွင်းလူနာဆောင်က သူ့ရဲ့ဒေသသားတွေဆီ သွားနေတယ်။” သိုက်ရှင်းရွှယ်၏အသံက ဖုန်းထဲမှ ထွက်ပေါ်လာသည်။

လီဟွန်ဂျီ၏မျက်နှာပေါ်တွင် ပျော်ရွှင်သော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားကာ ချက်ချင်းပြောလိုက်သည်။

“သူ ဆေးရုံလာရင် ပြောဖို့ ငါ တောင်းဆိုထားတဲ့ဟာရော ပြောပြလိုက်သေးလား။”

“ဟုတ်ကဲ့ ကျွန်မ ပြောလိုက်ပါတယ်။”သိုက်ရှင်းရွှယ်က ပြောသည်။

လီဟွန်ဂျီ၏မျက်နှာထက်မှ အပြုံးသည် ပိုမိုတောက်ပလာခဲ့သည်။ သို့သော် ထန်ရှု သဘောမတူပါက သူ့အား လာတွေ့မည်မဟုတ်ဟူသော အတွေးအား တွေးမိလိုက်စဉ် သူက သိုက်ရှင်းရွှယ်အား ဖုန်းချက်ချင်းချတော့မည်ဟု ပြောကာ အခန်းတွင်းမှ ပြေးထွက်လာခဲ့သည်။

အတွင်းလူနာဆောင်အတွင်းတွင်…

စုကျန်သဲသည် လူနာကုတင်ပေါ်တွင် တစ်ဝက်မှီလျက် သမီးဖြစ်သူ နွှာပေးသော ပန်းသီးအား စားနေရင်း ယခုမှ ဆေးရုံတက်လာသော တစ်ဖက်ကုတင်မှ လူနာနှင့် ပြုံးရွှင်စွာ စကားဆိုလျက်ရှိသည်။

“ခင်ဗျားပြောတဲ့ နတ်ဆေးသမားတော်က ဘယ်သူလဲဆိုတာ ကျွန်တော် သိတာပေါ့။ သူ့ကိုတင် သိတာမဟုတ်ဘူး။ သူ့မိသားစု ဘယ်နေရာမှာနေလဲဆိုတာတောင် သိပါ့ဗျာ။”

တစ်ဖက်ကုတင်မှ လူနာသည် ဆံပင်ဖြူနှင့်အဖိုးကြီးတစ်ဦးဖြစ်ပြီး သူ၏ကုတင်ဘေးတွင် သားတစ်ယောက်နှင့် သမီးတစ်ယောက် ရှိနေသည်။ စုကျန်သဲ၏စကားအား နားထောင်ပြီး အဖိုးကြီး၏သမီးက အလျင်အမြန် မေးလိုက်သည်။

“သူ ဘယ်မှာနေတယ်ဆိုတာ ရှင်က သိတာလား။ ကျွန်မ ကြားတာတော့ နတ်ဆေးသမားတော်က အသိမပေးဘဲ ရောက်လာတယ်၊ ပြီးရင် ပြန်သွားတယ်။ ကြယ်တာရာဆေးရုံမှာ သူ့ရဲ့ကုသမှုအချိန်ကို မသတ်မှတ်ထားဘူးဆိုပဲ။ ကျွန်မအဖေက ဆေးရုံအုပ်ကို မေးကြည့်တာ သူတောင်မှ နတ်ဆေးသမားတော်ထန် ဘယ်အချိန်လာပြီး ဆေးကုမယ်ဆိုတာကို မသိဘူးတဲ့။”

စုကျန်သဲက သူမကို ပြုံးပြလိုက်ပြီး

“ဆေးရုံအုပ်ကို သိတယ်ဆိုတော့ မင်းက သာမန်လူတစ်ယောက်မဟုတ်ဘူးဆိုတာ ငါ ပြောနိုင်တယ်။ ငါတို့ ဘာကြောင့် ဒီလူနာဆောင်ထဲမှာ နေနိုင်လဲဆိုတာ မင်းသိလား။ ထန်ရှုက ဆေးရုံက ခေါင်းဆောင်ပိုင်းတစ်ယောက်ကို ဖုန်းဆက်ပြောလိုက်လို့သာပေါ့။ ပြီးတော့ သူ ကြီးပြင်းလာတဲ့အထိ ငါပဲ စောင့်ကြပ်ကြည့်ရှုပေးရတာ။ အဲ့ဒီကလေးက တွေးခေါ်မျှော်မြင်မှု၊ စဉ်းစားဆင်ခြင်ဉာဏ်ရှိမှုနဲ့ ဉာဏ်ရည်ထက်မြက်မှုတွေ ရှိတယ်ဆိုတော့ နတ်ဆေးသမားတော် ဖြစ်လာတာ အံ့သြစရာ မရှိပါဘူး။ ဟား…ဟား…ဟား…”

“ဦးလေးကျန်သဲ ကျွန်တော့်ကို မြှောက်လွန်းနေပါပြီဗျာ။ ကျွန်တော် အနေရခက်အောင် မလုပ်ပါနဲ့။”

အပြင်ဘက်မှ စကားသံအား ကြားလိုက်ရပြီး ထန်ရှု၏ပုံရိပ်သည် တံခါးဝတွင် ပေါ်လာခဲ့သည်။

စုကျန်သဲအပါအဝင် စုကျေးရွာသားများ၏မျက်နှာထက်တွင် အံ့အားသင့်သော အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။ စုကျန်သဲက မတ်တတ်ရပ်ရန် အားယူလိုက်သော်လည်း ထန်ရှုက တားဆီးလိုက်သည်။

“ဦးလေးကျန်သဲက ဒဏ်ရာရနေတယ်လေဗျာ မထပါနဲ့။ ကျွန်တော်တို့က ဆွေမျိုးတွေပဲ ကျွန်တော်ကြားထဲမှာ ဒီလိုထုံးတမ်း မလိုပါဘူးဗျ။ ဘယ့်နှယ်နေသေးလဲ။ ဒဏ်ရာက သက်သာရဲ့လား။” ထန်ရှု ပြုံးကာ မေးလိုက်သည်။

စုကျန်သဲက စိတ်လှုပ်ရှားစွာ ပြောသည်။

“သက်သာနေပါပြီကွာ။ ဆရာဝန်က ပြောတယ် ဆေးရုံက ဆင်းဖို့ ၁၅ရက်လောက်ပဲ လိုတော့တယ်တဲ့။ ထန်ရှု.. တကယ် မင်းပဲ။ ဒါပေမယ့် မင်း ချင်ဟီဒေသကို မသွားဘူးလား။ အခု ကြယ်တာရာကို ဘယ်လိုပြန်လာတာတုန်း။”

“ဟိုမှာ အရာအားလုံး ဖြေရှင်းပေးပြီးသွားပြီလေ။ ဦးတို့ကို ဒဏ်ရာရအောင်လုပ်ခဲ့တဲ့သူကလည်း တောင်းပန်ပြီး သူတို့အမှားကို ဝန်ခံသွားတယ်။ လျော်ကြေးလည်း ပေးသွားခဲ့တယ်။ အဲ့ဒါမို့ ဒီပြသနာက အဆုံးသတ်သွားပြီ။ ကျွန်တော်လည်း ဒီမှာ လုပ်စရာလေးတွေ ရှိလို့ ကြယ်တာရာကို ပြန်လာတာ။”

ချက်ချင်းဆိုသလိုပင် ထန်ရှုက လူနာဆောင်ထဲမှ အခြားရွာသားများကိုပါ နှုတ်ဆက်လိုက်သည်။ သူသည် ချမ်းသာကြွယ်ဝကာ ဆေးရုံမှ နာမည်ကျော် နတ်ဆေးသမားတော်တစ်ယောက် ဖြစ်နေသော်လည်း သူသည် မမောက်မာဘဲ သူ၏စိတ်နေသဘောထားမှာ အမြဲတမ်း ဟီရိသြတ္တပ္ပတရားနှင့်သာ ရှိလေသည်။

တစ်ဖက်လူနာကုတင်မှ ဆံပင်အဖြူနှင့်အဖိုးကြီးသည် ကုတင်ပေါ်တွင် ကိုယ်တစ်ဝက်ထိုင်ရင်း ထန်ရှုအား စူးစမ်းသောအကြည့်တို့ဖြင့် ကြည့်နေသည့်နည်းတူ သူ၏သားသမီးများသည်လည်း ထိုနည်းတူစွာပင် ဖြစ်တော့သည်။ နတ်ဆေးသမားတော်ထန်သည် အလွန်ငယ်သည်ဟု သူတို့ ကြားဖူးထားသော်လည်း သူတို့မြင်ယောင်ကြည့်ထားသည်ထက်ပင် ငယ်ရွယ်နေသေးသည်။

ထန်ရှုနှင့် စုရွာသူရွာသားများ တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်နေကြသည်ကို ကြည့်ရင်း အဖိုးကြီးက ပြုံးကာ ပြောလေသည်။

“သူရဲကောင်းတွေက အမှန်တကယ်ကို ငယ်ရွယ်သူတွေဆီက လာတာပဲ။ နတ်ဆေးသမားတော်ထန်က လူငယ်တစ်ယောက်လို့ ငါ ကြားထားပေမယ့် ငါ ခန့်မှန်းထားတာထက် ငယ်သေးတာပဲ။ နတ်ဆေးသမားတော်ထန်… အမှတ်မထင်လာပြီး အမှတ်မထင် ပြန်သွားတတ်တာဆိုတော့ ငါ့ရဲ့ရောဂါကို အခုစစ်ဆေးပေးဖို့ တောင်းဆိုလို့ရနိုင်မလား။”

ထန်ရှုသည် မျက်လုံးအစုံတွင် အနည်းငယ်သော သတိရိပ်တို့နှင့်ရှိနေသော အဖိုးအိုအား ကြည့်လိုက်သည်။ အတွင်းလူနာဆောင်သို့ သူလာစဉ်က တစ်ခုခု မူမမှန်သည်ကို သူ ရိပ်စားမိသည်။ အတွင်းလူနာဆောင်အတွင်းတွင် လူအယောက်၂၀ထက်မနည်းသော ဝတ်စုံပြည့်ဝတ်ဆင်ထားသည့် လူများသည် လှေကားထစ်များနှင့် ဓာတ်လှေကားတွင် စောင့်ကြည့်နေသည်။ တိုက်ရည်ခိုက်ရည်နှင့်ပြည့်စုံသော ကျွမ်းကျင်သူများပုံဟန်ရှိသည့် လူများသည် လူနာဆောင်၏ကော်ရစ်ဒါတွင် ရှိနေပြီး လူနာဆောင်အား အတိအလင်း စောင့်ကြပ်လျက်ရှိသည်။ ထို့ကြောင့် သည်အဖိုးအို၏ပုံရိပ်သည် သေချာပေါက် အလွန်အမင်း ထူးကဲသည်ဟု သူ ခန့်မှန်းထားပြီးဖြစ်သည်။ ထို့ပြင် ထိုအဖိုးအိုအား သူ ရင်းနှီးနေသည်ဟု ခံစားနေရာသော်လည်း မည်သည့်နေရာတွင် ကြုံဆုံခဲ့ဖူးမှန်း သူ သတိမရဖြစ်နေသည်။

တစ်ခဏမျှ တိတ်ဆိတ်နေပြီးမှ သူ မေးလိုက်သည်။

“ဘာရောဂါ ဖြစ်တာလဲ။”

အဖိုးအိုက မချိပြုံး ပြုံးလိုက်ရင်း

“ပန်းနာရင်ကျပ်ရောဂါကို နာတာရှည်ဖြစ်နေတာ နှစ်ပေါင်းမနည်းတော့ဘူး။ ဒီရက်ပိုင်း ပိုပိုဆိုးလာတယ်။ အဲ့ဒါကြောင့် ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံမှာ နတ်ဆေးသမားတော် တစ်ယောက် တာဝန်ကျနေတယ်ဆိုလို့ ငါ့ကလေးတွေက ပေကျင်းက ငါ့ကို ခေါ်လာကြတာ။”

“ကျွန်တော် အဖိုးကို ဘယ်လိုခေါ်ရမလဲ။”

အဖိုးအိုက ရယ်မောလိုက်ရင်း

“ငါ့မျိုးရိုးနာမည်ကလည်း ထန်ပဲကွ။ ငါတို့မျိုးရိုးက လွန်ခဲ့တဲ့နှစ်ပေါင်း၅၀၀လောက်ကတည်းက တည်ရှိနေခဲ့တာ။”

ပေကျင်းက မျိုးရိုးနာမည် ထန်တဲ့လား။

ထန်ရှု၏မျက်ခုံးအစုံ မြင့်တက်သွားရသည်။ မိခင်စုလင်းယွမ်က သူ့အား ဖခင်ဖြစ်သူအကြောင်း အများကြီး မပြောပြထားသော်လည်း သူ၏ဖခင်သည် ပေကျင်းမှလာသောသူဖြစ်ပြီး မျိုးရိုးအမည်မှာ ထန်ဖြစ်ကြောင်း ပြောပြထားဖူးသည်။ သို့သော်လည်း တိတ်တဆိတ် သူ ခေါင်းယမ်းလိုက်မိသည်။ လောကတွင် သည်သို့တိုက်ဆိုင်သည့်အဖြစ်မျိုး ရှိလိမ့်မည်ကို သူ မယုံကြည်ပါချေ။

ထို့ပြင် သူ့အား မချစ်ခင်သော ဖခင်သည် သူတို့သားအမိအတွက် မည်သည့်အကြောင်းအရာကိုမျှ လုပ်ဆောင်လိမ့်မည်မဟုတ်ချေ။ သည်မိသားစု၏နောက်ခံသည် မရိုးရှင်းလှသောကြောင့် ဖခင်ဖြစ်သူသာ ထိုမိသားစုနှင့်ဆက်နွယ်နေပါလျှင် ကျေးလက်တောရွာမှ သာမန်အမျိုးသမီးတစ်ဦးသာဖြစ်သော သူ၏မိခင်အား ခေါ်ဆောင်နိုင်ချေရှိပါမည်လော။

ထန်ရှုသည် အဖိုးအို၏ပြုံးနေသော မျက်နှာအား ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“အရိုးသားဆုံး ပြောရရင် ထန်မျိုးရိုးနာမည်နဲ့ပတ်သက်ပြီး ကျွန်တော့်မှာ အထင်အမြင်ကောင်း မရှိဘူး။ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်က မျိုးရိုးအမည်ကို စုမျိုးရိုးအဖြစ် ပြောင်းချင်နေတာ။ ဒါနဲ့ ပန်းနာရင်ကျပ်ရောဂါက ကုသဖို့ အင်မတန်လွယ်ပါတယ်။ ဒီရောဂါရဲ့ပြသနာက အဆုတ်ထဲမှာ ဖြစ်နေတာ။ အဖိုးကို လူနာစမ်းသပ်ခန်းထဲ အဖိုးရဲ့မိသားစုဝင်တွေက ခေါ်သွားတဲ့အထိ စောင့်ပေးပါ။ ကျွန်တော် အဲ့ဒီမှာ ကုပေးပါမယ်။”

“ဒေါက်…ဒေါက်…ဒေါက်…”

တံခါးခေါက်သံနှင့်အတူ လီဟွန်ဂျီသည် ဆေးရုံခေါင်းဆောင်ပိုင်း၂ယောက်ခြံရံကာ အတွင်းသို့ ဝင်လာသည်။ ထန်ရှုကို မြင်သောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားကာ ပြောတော့သည်။

“ထန်ရှု မင်းတကယ်လာပြီပေါ့။ မင်းသိတဲ့အတိုင်း အခုချိန် ငါ့မှာ တကယ်ကို စိတ်လှုပ်ရှားနေရသလို စိတ်မကောင်းလည်း ဖြစ်နေရတယ်။ မင်းသာ ရောက်မလာရင် ငါ မင်းဆီကို လိုက်လာရတော့မှာ။”

“အာ…” ထန်ရှု ပဟေဠိဖြစ်သွားရရင်း “ကျွန်တော့်ဆီက တစ်ခုခု လိုအပ်တာများရှိလို့လား။”

လီဟွန်ဂျီက အားယူပြုံးလိုက်ကာ

“မင်းကို လိုအပ်တဲ့အကြောင်းတွေအများကြီးရှိတာပေါ့။ မင်းကြောင့် ငါတို့ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံကြီးကို နိုင်ငံတစ်ဝှမ်း ကောင်းကောင်း သိသွားကြပြီ။ ကုရခက်ခဲတဲ့ရောဂါတွေကို မင်းကုသပေးပြီးပြီဖြစ်သလို အခြားဆေးရုံတွေက ဆရာဝန်တွေ မကုသပေးနိုင်တဲ့ နိုင်ငံရဲ့အခြားဒေသကလာတဲ့ လူနာအများကြီးကိုလည်း ကုသပေးခဲ့ပြီးပြီလေ။ အဲ့ဒါကြောင့် မင်းက ဆေးလောကမှာ အကျော်ကြားဆုံးပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေခဲ့ပြီပေါ့။ ထန်ရှု မင်း ဆေးရုံကိုလာတုန်းက အဲ့ဒါတွေ မသိဘူးလို့ ငါ့ကို မပြောရဘူးနော်။ သည်အတွင်းလူနာဆောင်က နိုင်ငံရဲ့ဒေသအနှံ့ကလာတဲ့ လူနာတွေနဲ့ ပြည့်နေခဲ့တာ။အထပ်တိုင်းရဲ့ကော်ရစ်ဒါထောင့်တွေမှာ လူနာကုတင်တွေ ယာယီထားနေရတယ်။ မနေ့ကပဲ လူနာကုတင်အလုံး၅၀ ထပ်ဝယ်လိုက်တာတောင် မလုံလောက်လို့ ကြမ်းပေါ်မှာ အိပ်ရတဲ့လူနာတွေလည်း အများကြီးပဲ။”

ထန်ရှု အံ့သြတွေဝေသွားရင်း မယုံကြည်နိုင်ဟန်ဖြင့် ရေရွတ်လိုက်သည်။

“ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံဂုဏ်သတင်းက တကယ်ကို ကြီးမားသွားတာပဲ။”

လီဟွန်ဂျီက တစ်ချက်အားယူပြုံးပြရင်း

“ဒါ လုံးဝအမှန်ပါပဲ။”

ထန်ရှုက သူ၏နှာခေါင်းအား ထိကာ ပေါ့ပါးစွာ ပြောလိုက်သည်။

“ကြည့်ရတာ ဒီမှာ ဆေးကုပေးတဲ့အကြိမ်ကို လျှော့ရတော့မယ်နဲ့တူတယ်။ အပင်မြင့်တွေက လေပိုတိုက်တာ ခံရသလို ကျွန်တော်ကိုယ်တိုင်လည်း မီးရောင်အောက်မှာ ထင်ပေါ်နေတာ မကြိုက်ဘူး။”

ထန်ရှုသည် အဖိုးအိုဘက် လှည့်ကာ ပြောလိုက်သည်။

“အဖိုးရဲ့သားသမီးတွေကို စမ်းသပ်ခန်းထဲ အဖိုးကို သယ်သွားခိုင်းလိုက်ရင်ရော ဘယ်လိုလဲ။ ကျွန်တော် အဲ့ဒီမှာ စမ်းသပ်ပေးမယ်။ အဲ့ဒါဆို အဖိုးလည်း အချိန်ကုန်သက်သာပြီး တန်းပြန်လို့ရမယ်။”

လီဟွန်ဂျီက အဖိုးအိုအား ကြည့်လိုက်ရာ ပုံမှန်မဟုတ်သော အလင်းတန်းတစ်ချက် သူ၏မျက်ဝန်းထဲတွင် ဖြတ်သန်းသွားပြီးနောက် သူက အလျင်အမြန်ပင်

“စီနီယာအကြီးအကဲ… ထန်ရှုက စီနီယာကို ကုသပေးမယ်ဆိုမှတော့ နောက်ဆုံးမှာ ပန်းနာရင်ကျပ်ပျောက်တော့မယ်။”

စွန်းဝမ်ကျင်း၏မိခင်အကြောင်း သူ သိထားသောကြောင့် သူသည် ထန်ရှုအား ယုံကြည်ပေသည်။ သူမသည် အသည်းကင်ဆာအလယ်အဆင့်အား ခံစားနေရသော အဖွားအိုတစ်ဦးဖြစ်ပြီး ထန်ရှု ကုသပေးလိုက်သည် မဟုတ်ပါလော။ ထိုသို့သော သမားတော်တစ်ယောက်အတွက် ပန်းနာရင်ကျပ်ရောဂါအား မကုသနိုင်သည်ဟုဆိုပါက ဟာသတစ်ပုဒ်သာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူသည် စီနီယာအကြီးအကဲအား ထန်ရှု ကုသမည်ကို အလွန်ယုံကြည်မှုရှိပေသည်။

စီနီယာအကြီးအကဲလား။

ထိန်ရှု မျက်မှောင်ကြုပ်သွားသည်။ သူ၏စိတ်ထဲတွင် ရုပ်ပုံတစ်ခု ပေါ်ပေါက်လာသဖြင့် အဖိုးအား အဘယ်ကြောင့် ရင်းနှီးနေသည်ဟု သူ ခံစားနေရသည်ကို ရုတ်ခြည်းပင် နားလည်သွားတော့သည်။ သူသည် နိုင်ငံ၏ထိပ်သီးခေါင်းဆောင်များထဲမှ တစ်ယောက်ဖြစ်ပြီး နိုင်ငံအား လွှမ်းမိုးနိုင်သော ၁၀ယောက်ထဲတွင် တစ်ယောက်အပါအဝင်ဖြစ်ပေသည်။ တီဗွီသတင်းများတွင် သူ့အား ထန်ရှု မြင်ဖူးနေခြင်းဖြစ်တော့သည်။

အဖိုးအိုက မျက်မှောင်ကြုပ်ကာ လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။

“ဆေးရုံအုပ်လီ…ကျွန်တော့်ကို အဲ့လိုမခေါ်ဖို့ ပြောထားတယ်မဟုတ်လား။ အဖိုးကြီးထန်လို့ခေါ်တာ အဆင်ပြေပါတယ်။”

“အာ…ဟုတ်ကဲ့….ဟုတ်ကဲ့…ဟုတ်ကဲ့…”

လီဟွန်ဂျီ အိုးတို့အမ်းတမ်းဖြစ်ကာ အမြန်ပြောလိုက်သည်။

အဖိုးအိုက ထန်ရှုအား ကြည့်ကာ အပြုံးဖြင့် ပြောလိုက်သည်။

“နတ်ဆေးသမားတော်ထန်… ငါ မင်းကို ဒုက္ခပေးရတော့မှာပဲ။ တစ်ခုခု ကြိုတင်ပြင်ဆင်ရမှာတွေရှိရင် ဆေးရုံအုပ်လီကို ပြောနိုင်ပါတယ်။”

ထန်ရှုက ပေါ့ပါးစွာ ခေါင်းညိတ်လိုက်ပြီး

“ရေနွေးတစ်ဇလုံနဲ့ သန့်ရှင်းတဲ့ မျက်နှာသုတ်ပုဝါတွေ ပြင်ဆင်ထားပေးပါ။ နောက်ပြီး အရက်ပြန်ထည့်ထားတဲ့ ဂွမ်းတွေရောပဲလိုပါတယ်။

”

လီဟွန်ဂျီနောက်မှပါလာသော ဆေးရုံခေါင်းဆောင်တစ်ယောက်မှ ချက်ချင်း ပြောလိုက်သည်။

“ငါ အခုချက်ချင်း သွားပြင်ဆင်လိုက်မယ်။”

ထန်ရှုက လက်ကို ဝှေ့ယမ်းကာ လီဟွန်ဂျီအား ပြောလိုက်သည်။

“ကျွန်တော် ပြည်ပခရီးကို ရက်အနည်းငယ်လောက် သွားဖို့ရှိတယ်။ အချိန်ဇယားအတိုင်း ကိစ္စတွေကို ကိုင်တွယ်နိုင်ရင် တက္ကသိုလ်မသွားခင် အချိန်နည်းနည်း ကျန်ဦးမယ် အဲ့ဒီအခါ ဆေးရုံမှာ ဆေးလာကုပေးပါမယ်။ ဒါပေမယ့် ပြန်လာတာနောက်ကျသွားရင်တော့ ကျွန်တော် နောက်ထပ် လာကုနိုင်တော့မှာမဟုတ်ဘူး။ ကျောင်းပိတ်ရက်တွေလောက်ပဲ အချိန်ရတော့မယ်။ နေရာအနှံံ့ကလာတဲ့လူနာတွေအတွက် ဆေးရုံမှာတခြားဆရာဝန်တွေလည်း ရှိသေးတာမို့ ဆေးရုံအုပ်ကြီး သူတို့ကိုလည်း ကုသခိုင်းနိုင်သားပဲ။”

လီဟွန်ဂျီ ထိုစကားများ ကြားသည်နှင့် သူ၏မျက်နှာထက်တွင် ခါးသီးသောအမူအရာ ဖြစ်ပေါ်လာသည်။ ဆေးရုံသည် လူနာများစွာ လက်ခံထားပြီးဖြစ်သည်။ ထန်ရှုသာ သူ၏အလုပ်အား လွှတ်ချလိုက်ပါက ထိပ်ပိုင်းခေါင်းဆောင်ဖြစ်သော သူသည်ပင် ခံနိုင်ရည်ရှိမည်မဟုတ်ချေ။ လာရောက်ကြသော လူနာများကြားထဲတွင် သာမန်နောက်ခံမဟုတ်သော လူနာများလည်း ပါဝင်နေသည်။ ထိုသူများသည် သူတို့ရှေ့တွင် ရှိနေသော လူထက်ပင် နည်းနည်းလေးမှ လျော့မည်မဟုတ်သော တကယ်ကို ပြစ်မှားရန်မသင့်သော လူတစ်ချို့ပင် ဖြစ်တော့သည်။

***

All Chapters