← Chapters

မမျှော်လင့်ထားသော အဖြစ်အပျက် အလှည့်အပြောင်း

Vol. 06 Ch. 258

မမျှော်လင့်ထားသော အဖြစ်အပျက် အလှည့်အပြောင်း

Vol. 06 Ch. 258

လီဟွန်ဂျီ တစ်ခဏမျှ တွေဝေသွားပြီးနောက် ဂရုတစိုက် မေးလိုက်သည်။

“ထန်ရှု… နိုင်ငံခြားမသွားခင် ရက်နည်းနည်းလောက် စောင့်ပေးလို့ မရဘူးလား။ မသွားခင် ၂ရက်လောက်ဆိုရင်ရော။ နောက်ပြီး လူနာတွေက အဝေးကြီးက လာရတာ သနားစရာကောင်းပါတယ်ကွာ။ သူတို့သာ မင်းကို မတွေ့ရရင် စိတ်အတော်ပျက်သွားကြလိမ့်မယ်။ ၂ရက်လောက် ဆေးကုပေးပြီးရင် မင်း နားလို့ရပါပြီ။ မင်း အရေးကြီးတဲ့ကိစ္စကြောင့် ခရီးသွားရလို့ ကြယ်တာရာကို အချိန်တိုအတွင်း ပြန်မလာဖြစ်မယ့်အကြောင်း ငါ ချက်ချင်း ကြေညာလိုက်မယ်လေ။”

ထန်ရှု တစ်ခဏမျှ တိတ်ဆိတ်နေပြီးမှ ခေါင်းညိတ်လိုက်သည်။

“အဲ့လိုပဲ လုပ်ကြတာပေါ့။ မနက်ဖြန် ကျွန်တော် လုပ်စရာရှိနေတယ်။ အဲ့ဒါပြီးသွားရင် ဒီကို ၂ရက်လာပြီး ကုသပေးပါမယ်။”

လီဟွန်ဂျီ အံ့အားသင့်ကျေနပ်စွာဖြင့် ပြောသည်။

“ကောင်းတယ်။ ငါ လူတိုင်းကို ချက်ချင်း အသိပေးလိုက်မယ်။”

“ဒေါက်…ဒေါက်…”

လူနာဆောင်တံခါးခေါက်သံကြားရပြန်သည်။

အပြင်ဘက်က ဝင်လာတော့မည့် လူအုပ်ကြီးအား ကြည့်ပြီး ထန်ရှု တစ်ခဏမျှ ကြက်သေ သေသွားကာ သူ၏မျက်ဝန်းထဲတွင် အံ့အားသင့်မှုတစ်ချက် ဖြစ်ပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် ထိုလူအုပ်များကြားမှ တစ်ယောက်အား သူ သိနေသောကြောင့်ဖြစ်ပြီး ကျင်းမန်ကျွန်းရှိ ရေလက်ကြားကမ်းခြေစံအိမ်ပိုင်ရှင်ဖြစ်သူ ထန်ဒေါင် ဖြစ်နေသောကြောင့်ပင်တည်း။

လူနာကုတင်ထက်မှ အဖိုးအို၏မျက်နှာသည် မှုန်မှိုင်းသွားကာ အသံပြတ်ပြတ်ဖြင့် မေးလိုက်သည်။

“မင်း ဘာကြောင့် ဒီနေရာကို ရောက်လာတာလဲ။”

ထန်ဒေါင်လည်း ထန်ရှုအား သည်နေရာတွင် တွေ့လိုက်ရသောကြောင့် သိသာထင်ရှားစွာ အံ့အားသင့်နေဟန်ရှိသည်။ သူသည် ထန်ရှုအား ကြည့်ကာ ခေါင်းညိတ်ပြသည်။ ဖျစ်ညှစ်ပြုံးထားရသောအပြုံးဖြင့် အဖိုးအိုအား ပြန်ဖြေသည်။

“ဦးလေး ကြယ်တာရာကို  ဆေးကုသဖို့ လာတယ်လို့ အဖေက ကြားတာနဲ့ ကျွန်တော့်ကို လာကြည့်ခိုင်းတာပါ။ နောက်ပြီး ကျွန်တော်လည်း ကြယ်တာရာမှာ အလုပ်အကိုင်အဆက်အသွယ်ရှိတယ်လေ။ ဒါကြောင့် ဒီတစ်ခေါက် ကျွန်တော်လာတာ သူ့အတွက် ကုန်ပစ္စည်းတွေ လာပို့တာလည်း ပါတယ်။”

“ဟမ့်…” အဖိုးအိုက အေးစက်စွာ နှာမှုတ်သံ ပြုလိုက်သည်။ “မင်းအဖေက ငါ့ကို သတိရတာ သောက်ကျိုးနည်း ရှားပါးမှုပါလား။ ထားလိုက်တော့။ မင်း အခု ငါ့ကို လာတွေ့ပြီးပြီဆိုတော့ မင်းစီးပွားရေးကိုမင်း သွားလုပ်တော့။”

ထန်ဒေါင်က မချိပြုံး ပြုံးလိုက်ပြီး

“ဦးလေး… ကျွန်တော့်စီးပွားရေးကို ကျွန်တော် သွားလုပ်ချင်တယ်ဆိုရင်တောင် ကိုယ့်ရဲ့စီးပွားရေးအဆက်အသွယ်ကို အရင်ရှာရမှာပဲလေ။ ကျွန်တော် အခု ထွက်သွားလိုက်ရင် စီးပွားရေး ဘယ်လိုလုပ်ရပါ့မလဲ။”

အဖိုးအိုက စိတ်ဆိုးမာန်ဆိုး အော်ဟစ်လိုက်သည်။

“မင်းဘာသာမင်း စီးပွားရေးလုပ်တာ ဒီနေရာနဲ့ ဘယ်လိုသက်ဆိုင်လို့လဲကွ။ မင်းက အရွယ်ရောက်ပြီးတဲ့သူတစ်ယောက်ပါ ဘယ်လိုဖြစ်ပြီး အဲ့လောက်ကရော်ကမယ် ဖြစ်နေရတာတုန်း။ ဒီနေရာက မင်းရဲ့စီးပွားရေး လုပ်လို့ရတဲ့ နေရာဖြစ်နိုင်ပါ့မလား။ ဟမ်…”

ထန်ဒေါင် ကသိကအောက်ဖြစ်စွာ ပြုံးလိုက်ပြီး

“ဦးလေး…ကျွန်တော့်စီးပွားရေးက သေချာပေါက် ဒီနေရာမှာပဲ လုပ်ရမှာပါ။”

အဖိုးအို ဒေါသမပေါက်ကွဲခင် တစ်ခဏမျှ အံ့အားသင့်သွားရသည်။

ထိုအခိုက်အတန့်မှာပင် ထန်ရှုက ပြုံးပြလျက်

“အစ်ကိုထန်ဒေါင်…ဒီတစ်ခေါက်ရော ကုန်ဘယ်လောက်ပါလဲ။”

ထန်ဒေါင်က ပြုံးလိုက်ရင်း သူ၏လက်ချောင်းများအား ဖြန့်ပြကာ

“ငါး…။”

ထန်ရှုက ခေါင်းညိတ်ကာ “အဲ့ဒါတွေ ဘယ်နေရာမှာလဲ။”

“လူတစ်ချို့ကို ကာကွယ်ခိုင်းပြီး အရင်ပို့ဖူးတဲ့နေရာကို ပို့ခိုင်းလိုက်ပြီ။ မင်းကို မဆက်သွယ်ခင် ငါ့ဦးလေးကို အရင်လာကြည့်မယ်ဆိုပြီး လုပ်ထားတာ။ မင်းကိုပါ ဒီမှာ တွေ့ရမယ်လို့ မထင်ထားမိဘူး။ ဘယ်လိုဖြစ်လို့လဲ။ မင်းဆွေမျိုး ဒါမှမဟုတ် သူငယ်ချင်းလည်း ဒီမှာ ဆေးရုံတက်နေရတာလား။”

ထန်ရှုက လူနာကုတင်များထက်တွင် လဲလျောင်းနေသော စုရွာသားများအား ညွှန်ပြလိုက်ပြီး

“ဟုတ်တယ်။ သူတို့ ဒဏ်ရာတွေ ရထားလို့ ကျွန်တော် လာကြည့်တာ။ အတူတူပါပဲ ကျွန်တော်လည်း ခင်ဗျားကို ဒီမှာ တွေ့လိမ့်မယ်၊ အဖိုးက ခင်ဗျားဦးလေးဖြစ်မယ်လို့ မထင်ထားခဲ့မိဘူးဗျ။ ဆေးရုံအုပ်လီက ကျွန်တော် မပြောရင်တောင်မှ အဖိုးကို ဆေးရုံစရိတ်တွေ ယူမှာမဟုတ်လောက်ဘူး ဟုတ်တယ်မလား။”

လီဟွန်ဂျီက အနေရခက်စွာပြုံးလိုက်ပြီး “ဒါပေါ့။ ဒါပေါ့။”

အဖိုးအိုက လူနာကုတင်ပေါ်တွင် တစ်ဝက်ထိုင်လျက် ထန်ဒေါင်နှင့် ထန်ရှုတို့အား အံ့အားသင့်စွာ ကြည့်နေသည်။ သူ၏တူသည် ထန်ရှုအား သိလိမ့်မည်ဟု သူ မမျှော်လင့်ထားမိသည့်အပြင် သူတို့နှစ်ယောက်သည် အရောင်းအဝယ်ပင် လုပ်နေကြသေးသည်။

သိလိုစိတ်ပြင်းပြစွာဖြင့် သူက မေးလိုက်သည်။

“ထန်ဒေါင်…မင်းက နတ်ဆေးသမားတော်ထန်နဲ့ အလုပ်လုပ်နေတာလား။ ဘာစီးပွားရေးတွေ လုပ်နေကြတာလဲ။”

နတ်ဆေးသမားတော်ထန်တဲ့လား။

ထန်ဒေါင်က ထန်ရှုအား ထူးဆန်းဟန်ဖြင့် ကြည့်လိုက်ပြီး လေးစားစွာ ပြန်ဖြေလိုက်သည်။

“ဦးလေးလည်း ကျွန်တော်တို့စီးပွားရေးလုပ်ငန်းအကြောင်း သိနေတာပဲ။ ထန်ရှုက အဲ့ဒီသားရဲတွေရဲ့အရိုးနဲ့ အခြားအစိတ်အပိုင်းတွေကို ဈေးကောင်းပေးပြီး ဝယ်တာ။ ကျွန်တော် ၄ကောင် ရောင်းပြီးပြီ။ ဒီတစ်ခေါက်က ငါးကောင်သယ်လာတာ။”

အဖိုးအိုက အံ့သြသွားရပြီး

“သမားတော်ထန်…အဲ့ဒါတွေကို ဘယ်နေရာမှာ သုံးတာလဲ။ သည်ဆေးရုံမှာ သမားတော်တစ်ယောက်ဖြစ်တာကလွဲပြီး မင်းကြည့်ရတာ ကျောင်းသားတစ်ယောက်ပုံပါ။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း စနေပြီလား။”

ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ကျွန်တော်က ငွေရှာဖို့နဲ့ မိသားစုကို ထောက်ပံ့ဖို့အတွက် စီးပွားရေး နည်းနည်းပါးပါး လုပ်ပါတယ်။ အဖိုးက ထင်ရှားကျော်ကြားတဲ့သူတစ်ယောက်ဆိုတော့ ကျွန်တော်တို့လို လူတွေရဲ့ခက်ခဲမှုကို သိမှာမဟုတ်ပါဘူး။”

အဖိုးအို ပြောစရာစကားမရှိဖြစ်သွားရသည်။ သူ၏မျိုးရိုးနာမည်မှာ ထန်ဖြစ်ပြီး သူ့အား ထန်ကောရှန့်ဖြစ်ပြီး ကုတင်ဘေးတွင် ရပ်နေသော သားသမီးများမှာ ထန်ယွင်ဖန်းနှင့် ထန်မင်တို့ဖြစ်ကြသည်။

ထန်ယွင်ဖန်းက မျက်မှောင်ကြုပ်သွားပြီး

“နတ်ဆေးသမားတော်ထန်…ငါ့အဖေက မြင့်မားတဲ့ပုံရိပ်တစ်ခုဆိုပေမယ့် လူတွေရဲ့အခက်အခဲကို သူနားလည်နိုင်ပါသေးတယ်။ အဖေ့အကြောင်းမသိပဲနဲ့ မင်း ဒီလိုမျိုး စည်းလွတ်ဝါးလွတ် မပြောနဲ့။”

ထန်ရှုက အေးစက်စက် တစ်ချက်စိုက်ကြည့်လိုက်ပြီး မည်သည့်စကားမျှ မပြောချေ။

ထန်ကောရှန့်က လေသံတိုးတိုးဖြင့် ကြိမ်းမောင်းလိုက်သည်။ “ယွင်ဖန်း…အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့။”

ကြိမ်းမောင်းနေရင်းဖြင့် ထန်ကောရှန့် စိတ်တွင်းမှ တိတ်တဆိတ် အံ့အားသင့်မိသည်။ ထန်ရှုသည် သူ၏ပုံရိပ်အား မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သော်လည်း နည်းနည်းမျှ ကြောက်ရွံ့မှုမရှိပါချေ။ ထန်ရှုကဲ့သို့ အခြားသော သာမန်လူများသာ သူမှန်းသိပါက အကြီးအကျယ်တုန်လှုပ်ကာ သူ၏အရှေ့တွင် လေးစားသမှုပြပေလိမ့်မည်။ ဥပမာအားဖြင့် ကြယ်တာရာတိုင်းရင်းဆေးရုံအုပ်ကြီး လီဟွန်ဂျီအား ကြည့်နိုင်သည်။

ထန်ယွင်ဖန်းသည် ထန်ကောရှန့်မှ ဆူလိုက်သောကြောင့် အောင့်သက်သက်ဖြင့် ခပ်ဖွဖွပြုံးလိုက်သည်။ ထန်ရှုအား သင်ခန်းစာတစ်ခုပေးရန် ရည်ရွယ်လိုက်သော်လည်း ထိုသူမှာ ဖခင်ဖြစ်သူ၏ရောဂါအား ကုသရန်လိုအပ်သောကြောင့် သူ၏စိတ်ကူးအား ရင်ထဲတွင် သိမ်းထားလိုက်ရသည်။

ထန်ရှုအား ကြည့်ကာ ထန်ကောရှန့်က ရယ်မောလိုက်ရင်း

“နတ်ဆေးသမားတော်ထန်…ငါက မင်းကို ရယ်အောင်လုပ်မိနေပြီ။ ငါ့ကလေးတွေက အသုံးမကျပြီး ပေါက်ကရတွေ ပြောတာကို နှစ်သက်ကြလို့ သူတို့ကို လစ်လျူရှုလိုက်ပါကွာ။ မင်းက ငယ်ပေမယ့် ဒီလိုကြီးမားတဲ့စွမ်းဆောင်ရည်ရှိတာ လေးစားရပါတယ်။”

ထန်ရှုက ခံစားချက်မရှိသော မျက်နှာဖြင့် “ပြသနာ မရှိပါဘူး။”

တစ်ဖက်တွင် ထန်ဒေါင်က ထန်ရှု၏ခံစားချက်မရှိသောအမူအရာအား မြင်တွေ့နေရသည်။ သူက လျင်မြန်စွာဖြင့် ပြောလိုက်သည်။

“ထန်ရှု…မင်းကို နတ်ဆေးသမားတော်တစ်ယောက်ဖြစ်မှန်း ငါ တကယ်ကို မသိထားဘူး။ စောစောကသာသိရင် ဦးလေးကို စမ်းသပ်ပေးဖို့ တောင်းဆိုမိမှာပဲ။”

ထန်ရှုက ပြောသည်။

“အခုမှကုသတာလည်း သိပ်တော့ နောက်မကျသေးပါဘူး။ အဖိုးမှာ အသက်ရှူရတာ ပြသနာရှိနေပေမယ့်လည်း ၈နှစ် ဒါမှမဟုတ် ၁၀နှစ် ပိုနေရဖို့ဆိုတာ ပြသနာတစ်ခု မဟုတ်ဘူးလေ။ အဖိုးရဲ့ပန်းနာရင်ကြပ်ရောဂါကို ကျွန်တော် စမ်းသပ်ကုသပေးပြီးရင် ၁၀နှစ်တောင်မကဘူး နေနိုင်လိမ့်မယ်။”

“ကောင်းတယ်။” ထန်ဒေါင် အံ့သြကျေနပ်သွားရသည်။

ထန်ဒေါင်၏အမူအရာသည် ရုတ်တရက် တောက်ပသွားသည်။ သူသည် တစ်စုံတစ်ခုအား ရုတ်ခြည်းပင် သတိရသွားကာ အလျင်အမြန် စကားဆိုလိုက်သည်။

“ထန်ရှု…မင်းက နတ်ဆေးသမားတော်တစ်ယောက်အဖြစ် ကျော်ကြားလာတော့ ငါ့ဦးလေးတောင်မှ မိုင်ထောင်ပေါင်းများစွာအဝေးကနေ ကြယ်တာရာကို မင်းရဲ့ဆေးကုသမှုခံယူဖို့အတွက် လာခဲ့တယ်။ နောက်ပြီး…မင်း ငါ့ရဲ့တတိယအစ်ကိုကို ဆေးကုသပေးဖို့ရော ဖြစ်နိုင်…ဖြစ်နိုင်မလား။ မင်း သူ့ကို ဆေးကုသပေးနိုင်ရင် ငါ သားရဲကောင်တွေရဲ့အရိုးနဲ့ အစိတ်အပိုင်းတွေအားလုံး မင်းကို ပိုက်ဆံမယူဘဲ ပေးမယ်လေကွာ။”

လူနာကုတင်ပေါ်မှ ထန်ကောရှန့်၊ ကုတင်ဘေးတွင်ရပ်နေသော ထန်ယွင်ဖန်းနှင့် ထန်မင်းတို့အားလုံးပါ ထန်ရှုအား မျှော်လင့်ချက်ကြီးစွာဖြင့် စိုက်ကြည့်နေကြသည်။

သားရဲကောင်အကုန်လုံးကို အခမဲ့ပေးမှာတဲ့လား။

ထန်ဒေါင်အား ထန်ရှု အံ့အားသင့်စွာ ကြည့်မိတော့သည်။ တစ်ခုသိရမည်မှာ သားရဲကောင်တစ်ကောင်၏ အရိုးနှင့်အစိတ်အပိုင်းတွေအားလုံးသည် ယွမ်၅သိန်းဝန်းကျင် တန်ကြေးရှိပြီး သည့်ထက် မြင့်တက်လာဖို့သာရှိသည်။

သည်လူက သူ့အား အားလုံးကို အခမဲ့ပေးမည်ဟု ပြောနေသည်လား။ သည်တန်ဖိုးက အရမ်းမြင့်လွန်းသည်မဟုတ်ပေလား။

“သူ့ရောဂါက ဘာလဲ။”

ထန်ဒေါင်က လေးလံသောအသံဖြင့်

“သူ့ဦးနှောက်ကို ပြင်းပြင်းထန်ထန် ထိခိုက်ခံထားရလို့ မေ့မျောနေတာ ၁၉နှစ်ကျော်ရှိပြီပေါ့ကွာ။ ကမ္ဘာပေါ်မှာ အကျွမ်းကျင်ဆုံးဆေးပညာရှင်တွေက သူဟာ အသက်ရှုတာ၊ အိပ်စက်နှိုးထတာ၊ မျက်လုံးဖွင့်တာတွေ ရှိနိုင်ပေမယ့် အသိမရှိတော့တဲ့အခြေအနေ (Vegetative State)လို့တောင် သတ်မှတ်ထားလိုက်ကြပြီ။”

ထန်ရှုက ခေါင်းညိတ်ပြလိုက်ပြီး

“အခွင့်အရေးရှိမယ်ဆိုရင် ကျွန်တော် ကြိုးစားကြည့်ပါမယ်။ ဒါပေမယ့် ကျွန်တော် အလုပ်များနေတော့ အချိန်မရှိဘူးဖြစ်နေတယ်။”

ထန်ကောရှန့်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

“နတ်ဆေးသမားတော်ထန်…မင်း…မင်း အဲ့လိုအခြေအနေဖြစ်နေတဲ့လူကို ကုပေးနိုင်တယ်လား။”

ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ကျွန်တော် ကုနိုင်လား မကုနိုင်လားဆိုတာက သူ့ကို စမ်းသပ်ကြည့်ပြီးမှ ပြောနိုင်မယ်ဗျ။ သူက မေ့မျောနေတာ ၁၉နှစ်ကျော်လောက်ရှိနေပေမယ့် အခုထိ အသက်ရှင်နေသေးတယ်ဆိုတော့ ကြည့်ရတာ အဖိုးတို့ သူ့ကို အတော်လေး အားစိုက်ထုတ်ပြီး စောင့်ရှောက်ထားတယ်နဲ့တူတယ်။”

ထန်ကောရှန့်၏မျက်နှာထက်တွင် နာကျင်နေသောအမူအရာဖြစ်ပေါ်လာပြီး သူ၏ရှုံ့တွနေသော လက်ဖဝါးအား တင်းကျပ်စွာ ဆုပ်လိုက်သည်။ စကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်နေပြီးမှ သူက ခါးသီးစွာ ပြောလိုက်သည်။

“သူက ငါ့ရဲ့အငယ်ဆုံးသားလေးပါ။ ၂၅နှစ်အရွယ်မှာ အဲ့လို အသိမရှိတဲ့အခြေအနေထဲ ဝင်သွားခဲ့ရတယ်။ သည်ကြယ်တာရာမှာပဲ သူ မတော်တဆ ထိခိုက်သွားခဲ့ရတာ။”

ကြယ်တာရာဟုတ်လား။

ထန်ရှု တွေဝေမိန်းမောသွားရပြီး ရုတ်ခြည်းပင် သူ၏အသိစိတ်များ လွတ်သွားရသည်။

တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ထန်ရှုက လေးနက်သောအသံဖြင့် မေးလိုက်သည်။

“အဖိုးသားရဲ့နာမည်က ဘယ်သူလဲ။”

“ထန်ယွင်သဲ့” ထန်ကောရှန့်က တိုးညှင်းသောအသံဖြင့် လေးနက်စွာ ဖြေလိုက်သည်။

“အဖိုး ဘာပြောလိုက်တယ်။”

ထန်ရှု၏မျက်ဝန်းများတွင် မယုံကြည်နိုင်သောအကြည့်များပြသလျက် မျက်နှာအမူအရာ အကြီးအကျယ်ပျက်သွားကာ ဖြူဖျော့သွားရသည်။

ထန်ယွင်သဲ့တဲ့လား။

သည်နာမည်သည် သူ၏ရင်ထဲတွင် သူ့တစ်သက်တာ ခိုင်မာစွာ ထွင်းထုထားသည့် ရင်းနှီးသော အမည်တစ်ခုဟု ဆိုနိုင်သလို မရင်းနှီးသော အမည်တစ်ခုဟုလည်း ပြောနိုင်ပေသည်။ သူကြီးပြင်းလာခဲ့ရသော နှစ်များအားလုံးအတွက် မုန်းတီးရသော နာမည်တစ်ခုဟုလည်း ဆိုနိုင်ပေတော့သည်။

ထန်ကောရှန့်သည် ထန်ရှုအား အံ့အားသင့်စွာ ကြည့်နေရင်း

“နတ်ဆေးသမားတော်ထန်… မင်း ဘာဖြစ်…”

ထန်ရှုသည် ထန်ကောရှန့်အား အေးစက်နေသော မျက်ဝန်းအစုံတို့ဖြင့် ကြည့်ကာ သူ၏နှုတ်ဖျားမှ မေးခွန်းများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။

“ထန်ယွင်သဲ့ဟုတ်လား။ ကြယ်တာရာမှာ လွန်ခဲ့တဲ့၁၉နှစ်ကျော်လောက်မှာ နေခဲ့တာလား။ အဲ့ဒီအချိန်တုန်းက သူ့အသက်က ၂၅နှစ်ရှိပြီမဟုတ်လား။ ပေကျင်းက လာခဲ့ပြီး နာမည်ကြီးစစ်သားတစ်ယောက် ဖြစ်ခဲ့ဖူးတယ်မဟုတ်လား။”

ထန်ကောရှန့် အံ့အားသင့်စွာဖြင့်

“မင်း ဒါတွေ ဘယ်လိုသိနေတာလဲ။”

ထန်ရှု၏မရယ်မပြုံးမျက်နှာမှာ မှုန်မှိုင်းသွားရပြီး ချက်ချင်းပင် သူ နားလည်သွားခဲ့သည်။ သူသည် လီဟွန်ဂျီအား ကြည့်ကာ ခပ်ပြတ်ပြတ်လေသံဖြင့် ပြောလိုက်သည်။

“သူတို့ကို  ကြယ်တာရာတိုင်းရင်းဆေးရုံက ထွက်သွားခိုင်းလိုက်ပါ။ သူ သေသွားရင်တောင်မှ ကျွန်တော် ဘယ်တော့မှ သူ့ရောဂါကို မကုဘူး။”

“ဘာ”

လီဟွန်ဂျီ တုန်လှုပ်သွားသည်။ ရုတ်တရက် ဒေါသတကြီးဖြစ်လာသော ထန်ရှုအား ကြက်သေ သေကာ ကျောက်ရုပ်သဖွယ် ကြည့်မိသည်။

ထန်ရှု၏မျက်ဝန်းအစုံသည် အေးစက်ကာ အသက်ကင်းမဲ့နေသော အကြည့်များဖြင့် ဝံပုလွေတစ်ကောင်အလား ထန်ကောရှန့်၊ ထန်ယွင်ဖန်း၊ ထန်မင်နှင့် ထန်ဒေါင်တို့အား  စိုက်ကြည့်နေပြီးမှ ချာကနဲလှည့်ကာ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။ လှေကားပေါ်ရောက်မှသာ သူ ရပ်လိုက်သည်။ နံရံအား ကျောမှီထားလျက် အသက်ပြင်းပြင်း ရှူရှိုက်နေရသည်။

ထန်ယွင်သဲ့…။

ထိုနာမည်အား ထန်ရှု မည်မျှပင် မုန်းတီးနေမိမှန်းပင် မသိပါချေ။ သူ မူလက တွေးထင်ခဲ့သည်မှာ သူ ကြီးပြင်းလာသည့်အခါ ထိုသူ့အပေါ် အမုန်းတရားမရှိတော့ဘဲ သူတို့ကြားတွင် မည်သည့်ပတ်သက်ဆက်နွယ်မှုရှိလာမည်မဟုတ်ဟုပင်။ သို့သော် သူသည် သည်လူ၏အမည်ကို ကြားခဲ့ရရုံသာမက ထိုသူ၏ဖခင်နှင့်ညီအစ်ကိုမောင်နှမများကိုပါ မြင်တွေ့ခဲ့ရပေသည်။ သူ၏ရင်တွင်းတွင် နှစ်ပေါင်းများစွာ နက်နက်ရှိုင်းရှိုင်းမြှုပ်နှံထားပြီးဖြစ်သည့် အမုန်းတရားသည် တစ်ဖန်ပြန်လည် ထွက်ပေါ်လာခဲ့ရတော့သည်။

သည်အမုန်းတရားသည် သူ့အတွက် ဖြစ်ပေါ်လာရခြင်းမဟုတ်ဘဲ သူ့အား ကြီးပြင်းလာအောင် ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့ရသည့် အထီးကျန်ပြီး သနားစရာကောင်းလှသည့် မိခင်ကြီးအတွက် ပေါ်ပေါက်လာရခြင်းဖြစ်သည်။

ထန်ရှု၏လက်များ တုန်ရီနေသည်။ သူ၏အိတ်ကပ်ထဲမှ စီးကရက်တစ်လိပ်အား ထုတ်ကာ မီးညှိပြီး ခပ်ပြင်းပြင်းဖွာရှိုက်လိုက်သည်။ သူ၏စိတ်တွင်းမှ ဒေါသသည် ဖြည်းဖြည်းချင်း တည်ငြိမ်သွားကာ ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားခဲ့သည်။

လူနာဆောင်အတွင်းတွင်…

ထန်မိသားစုသည် ထန်ရှု၏တုံ့ပြန်မှုကြောင့် အံ့အားသင့်နေကြသည်။ မည်သည့်အကြောင်းကြောင့် ထန်ရှုက သူတို့အား မုန်းတီးသည့်ဟန်ပြသွားသည်ကို အဖြေရှာမရဖြစ်နေကြသည်။ ထန်ရှု၏ယခုအမူအရာကြောင့် သူတို့သည် ထန်ရှု၏ရန်သူအလားဟုပင် တွေးထင်မိစေသည်။

ဘာတွေဖြစ်ကုန်တာလဲ။

ထန်ကောရှန့်၏နှုတ်ခမ်းများ အကြိမ်အနည်းငယ်ခန့် လှုပ်လှုပ်ရွရွဖြစ်ကာ တုန်ရီနေသည်။ သူသည် အသိကင်းမဲ့စွာဖြင့် တံခါးအား ကြည့်နေမိသည်။ ရုတ်တရက် သူသည် တစ်စုံတစ်ရာအား သတိရသွားကာ သူ၏မျက်ဝန်းများသည် မယုံကြည်နိုင်ဟန်ဖြင့် ပြူးကျယ်သွားရတော့သည်။ သူသည် လေသံပြတ်ပြတ်ဖြင့် အော်ပြောလိုက်သည်။

“သူ့နောက်ကို အမြန်လိုက်။ သူ့ကို ရှာပြီး ပြန်ခေါ်ခဲ့ချည်။”

ထန်ယွင်ဖန်း အသိပြန်ဝင်လာကာ ဇဝေဇဝါဟန်ဖြင့် “အဖေ…ဒါက ဘယ်လိုအခြေအနေကြီးလဲ။”

ထန်ကောရှန့်မှာ သားဖြစ်သူ မေးသည်အား မကြားနိုင်တော့ချေ။ သူ၏စိတ်တွင်းတွင် အငယ်ဆုံးသား ထန်ယွင်သဲ့ မမေ့မျောသွားခင်အချိန်က ပြောခဲ့သောစကားသံအား ထပ်ခါထပ်ခါ ကြားယောင်နေတော့သည်။

“အဖေ… အဖေတော့ အဘိုး ထပ်ဖြစ်ဦးတော့မယ်ဗျ။ ယွမ်လေးက အခုဆို ကိုယ်ဝန်ရှိလို့ သုံးလထဲမှာရောက်နေပြီ။”

ဖြစ်နိုင်တာက…

ထန်ကောရှန့်၏အိုမင်းသော ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ရီသွားသည်။ သူ့တွင် သူ တစ်ခါမှ မမြင်ဖူးထားသည့် ပျောက်ဆုံးနေသော မြေး သို့မဟုတ် မြေးမလေးတစ်ယောက်ရှိထားသည်ကို သူ သိသည်။ လွန်ခဲ့သော ၁၉နှစ်ကျော်ခန့်က သူ့သားအငယ်ဆုံး၏ဇနီး - တစ်ခါမှမမြင်ဖူးသော ချွေးမဖြစ်သူအား ရှာဖွေရန် လူများစွာအား စေလွှတ်ခဲ့ဖူးသည်။

သို့သော်လည်း ချွေးမဖြစ်သူမှာ ယွမ်လေးဟု ခေါ်သည်ကိုသာလျှင် သူသိပြီး တခြားသတင်းအချက်အလက် သူ့တွင် မရှိပေ။  ထို့ကြောင့် ရှာဖွေမှုမှာ အကျိုးမထူးဘဲ ဖြစ်ခဲ့ရသည်။ သားအငယ်ဆုံးဖြစ်သူ နိုးထလာသောတစ်နေ့တွင် ချွေးမဖြစ်သူနှင့် မြေး သို့မဟုတ် မြေးမလေးတစ်ယောက်အကြောင်းအား သူ ကြားရလိမ့်မည်ဟု မျှော်လင့်ထားခဲ့ပါသော်လည်း ကံမကောင်းလှစွာ သူ့မှာ စိတ်အပျက်ကြီး စိတ်ပျက်နေခဲ့ရပေသည်။

***

All Chapters