သူစိမ်းများပမာ
Vol. 06 Ch. 259
ထန်ယွင်ဖန်းသည် ဖခင်ဖြစ်သူ၏အဆက်မပြတ် ပြောင်းလဲနေသော အမူအရာအား စူးစမ်းလိုစိတ်ဖြင့် ကြည့်နေသကဲ့သို့ ထန်မင်နှင့် ထန်ဒေါင်သည် ဇဝေဇဝါဟန်ဖြင့် ကြည့်နေကြကာ မည်သည့်အခြေအနေထဲသို့ သူတို့ရောက်ရှိနေမှန်း စဉ်းစားမရဖြစ်နေကြသည်။
“မင်းတို ဘာကြောင့် သူ့နောက်ကို လိုက်မသွားကြတာလဲ။”
ထန်ကောရှန့် အသိပြန်ဝင်လာသည့်အခါ သူ၏ကလေးများ သည်နေရာတွင် ရှိနေဆဲဖြစ်သည်ကို မြင်တွေ့ရသောကြောင့် ချက်ချင်းပင် အော်ငေါက်လိုက်သည်။
ထန်ယွင်ဖန်း တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ချာကနဲလှည့်ကာ လူနာဆောင်အပြင်ဘက်သို့ လျှောက်သွားတော့သည်။ ထိုသို့ သွားနေရင်းနှင့်ပင် အဖြစ်အပျက်တစ်ခုလုံးအား ပြန်လည်တွေးတော အဖြေရှာနေဆဲဖြစ်သည်။ သူ၏သက်တော်စောင့်တစ်ယောက်အား လက်ဝှေ့ယမ်းခေါ်ကာ မေးလိုက်သည်။
“လူနာဆောင်အပြင်ဘက်ကို ထွက်သွားတဲ့ လူငယ်တစ်ယောက် ဘယ်ကိုသွားတာလဲ မြင်မိလား။”
သက်တော်စောင့်က လှေကားဘက်သို့ ညွှန်ပြသည်။ “အဲ့ဒီဘက်။”
ထန်ယွင်ဖန်း ခေါင်းညိတ်လိုက်ကာ လှေကားဆီသို့ သွားလိုက်သည်။ ထိုနေရာအရောက်တွင် နံရံကို မှီရပ်နေသော ထန်ရှုအား သုန်မှုန်သောအကြည့်ဖြင့် ဆေးလိပ်သောက်နေသည်ကို တွေ့လိုက်ရသည်။
“နတ်ဆေးသမားတော်ထန်…ဘာကြောင့် ဒီလိုလုပ်သွားတယ်ဆိုတာ ငါ သိလို့ရမလား။”
ထန်ရှုက သူ့အား သီးသန့်ဆန်သော အမူအရာ၊ အေးစက်သောအကြည့်ဖြင့်ကြည့်လိုက်ရင်း
“ခင်ဗျားမှာ အဲ့ဒီမေးခွန်းကို မေးဖို့ မှန်ကန်တဲ့သူမဟုတ်သလို အရည်အချင်းလည်း မရှိဘူး။ ယုတ်စွအဆုံး ခင်ဗျားတို့အဖေတောင်မှ မေးဖို့မှန်ကန်တဲ့လူမဟုတ်ဘူး။ ကျွန်တော် မမှားဘူးဆိုရင် အဲ့ဒီအချိန်တုန်းက ထန်ယွင်သဲ့က ခင်ဗျားတို့မိသားစုကနေ အတင်းနှင်ထုတ်ခံရပြီး ကြယ်တာရာကို ရောက်လာတာဟုတ်တယ်မလား။”
ထန်ယွင်ဖန်း မျက်မှောင်ကြုပ်သွားကာ
“ငါ့ညီအငယ်ဆုံးအကြောင်းကို မင်း ဘယ်လို အများကြီးသိနေတာလဲ။”
ထန်ရှုက ခေါင်းကို ယမ်းလျက်
“ကျွန်တော် သိတာ နည်းနည်းလေးပါ။ ဒါပေမယ့် အဲ့ဒါလေးကပဲ ခင်ဗျားတို့မိသားစုကို မုန်းဖို့ ကျွန်တော်တို့မိသားစုအတွက် လုံလောက်ပါတယ်။ ဒါကြောင့် ကျွန်တော့်ကို မလှုံ့ဆော်ဖို့ ပြောလိုက်မယ်။ ခင်ဗျားတို့ ထန်မိသားစုက မိသားစုကြီးဖြစ်ပြီး အာဏာရှိကောင်းရှိနိုင်တယ်။ ဒါပေမယ့် ကျွန်တော်သာ ဖျက်ဆီးချင်ရင် ကျွန်တော့်လုပ်နိုင်စွမ်းရည်အတွင်းမှာပဲ ရှိသေးတယ်။”
ထန်ယွင်ဖန်း၏မျက်မှောင်ကြုပ်ထားသောမျက်နှာမှာ လေးနက်သည်ထက် လေးနက်လာပြီး ဆက်မေးလိုက်သည်။
“မင်းကို ကြည့်ရတာ ငါတို့အပေါ် အတော်ရန်လိုနေတဲ့ပုံပဲ။ ငါတို့ထန်မိသားစုနဲ့ မင်းရဲ့မိသားစုကြားမှာ အမုန်းတရားတွေ၊ ရန်ငြိုးတွေ ရှိနေလို့လား။”
ထန်ရှုက ထီမထင်ဟန်ဖြင့်
“ရန်ငြိုးတစ်ခုဟုတ်လား။ ဒီဟာကို ရန်ငြိုးတစ်ခုလို့ ကျွန်တော် ဘယ်လိုဆုတောင်းရမှာလဲ။ မေ့လိုက်တော့။ ခင်ဗျားအဖေရဲ့ရောဂါကိုက ကျွန်တော် မကုပေးနိုင်ဘူးလို့လည်း ပြောထားပြီးသာ။ ကိုယ့်ဘာသာကိုယ် အကောင်းဆုံးဖြစ်အောင် လုပ်ပါ။”
ပြောပြီးသည်နှင့် သူ အောက်ကို ဆက်လျှောက်သွားခဲ့သည်။
“နေပါဦး။”
ကျယ်လောင်သောအသံတစ်ခုသည် တုန်ရီလျက် ထွက်ပေါ်လာသည်။ ထိုအသံသည် ထန်ယွင်ဖန်းဆီမှ မဟုတ်ဘဲ တစ်စုံတစ်ယောက်နှင့်တွဲကာ လျှောက်လာသော အဖိုးအို ထန်ကောရှန့်ဆီမှ ဖြစ်သည်။
ထန်ရှု ရပ်တန့်ကာ အေးစက်စွာ ကြည့်လိုက်သည်။
ထန်ကောရှန့်က ထန်ရှုအရှေ့တွင် ရပ်ကာ ထန်ရှု၏သွင်ပြင်လက္ခဏာများအား အချိန်အတော်ကြာအောင် ကြည့်လိုက်ပြီး တီးတိုးရေရွတ်လာသည်။
“မင်းက သူနဲ့ ၆၀%လောက် တူညီတာပဲ။ လွန်ခဲ့တဲ့ ၁၉နှစ်ကျော်ဝန်းကျင်က ယွမ်လေးလို့ခေါ်တဲ့ ငါ့ရဲ့ချွေးမအငယ်ဆုံးလေးကို ကြယ်တာရာမှာ ရှာမတွေ့ခဲ့ဘူး။ ယွင်သဲ့က ရုတ်တရက် ဒဏ်ရာရသွားပြီး မေ့မျောကာ အသိစိတ်မရှိတော့တဲ့ အခြေအနေဖြစ်သွားခဲ့တာ ၁၉နှစ်ကျော်ဝန်းကျင် ဖြစ်သွားခဲ့တယ်။ သူ ပြန်လည်နိုးထလာပြီး ငါ့ကို ချွေးမလေးရဲ့နာမည်အပြည့်အစုံပြောပြပေးဖို့ မျှော်လင့်နေခဲ့တာ တစ်ချိန်လုံးပါပဲ။ သူ ဒဏ်ရာမရခင်တုန်းက ယွမ်လေးမှာ ကိုယ်ဝန်ရှိနေပြီ။ ကြယ်တာရာမှာ နေတယ်လို့ပဲ ပြောသွားနိုင်ခဲ့တယ်။”
“ဘာ…”
ထန်ယွင်ဖန်းနှင့် ထန်ရှုတို့၂ယောက် သတိမထားမိလိုက်ပါဘဲ နှစ်ယောက်သား တစ်ပြိုင်နက် သတိလက်လွတ် အော်မိလိုက်ကြသည်။ ထန်ဒေါင်ပင်လျှင် မျက်လုံးပြူးကျယ်သွားရကာ မယုံနိုင်ဟန်များ ဖြစ်ပေါ်လာရသည်။ သူတို့အားလုံး သည်အကြောင်းအား သိထားကြပြီး အဖြေရှာနေသည်မှာလည်း အချိန်ကြာခဲ့ပြီဖြစ်သည်။
ဖြစ်နိုင်သည်မှာ…
ထန်ရှုအား သုံးယောက်သား စူးစူးနစ်နစ် စိုက်ကြည့်နေမိသည်။
ထန်ရှုသည် တိတ်ဆိတ်နေခဲ့သည်။ ထိုနှစ်က ဖြစ်ပျက်ခဲ့သောအကြောင်းအရာများ၏တကယ့်အဖြစ်အပျက်အား သူ မသိချေ။ ထိုလူ ရုတ်တရက် ပျောက်ဆုံးသွားရခြင်းမှာ ဒဏ်ရာပြင်းစွာရပြီး မေ့မျောသွားသည့်အခြေအနေကြောင့် မြို့တော်သို့ ပြန်ပို့ခံလိုက်ရသည်သာ ဆိုပါက သည်အတွက် ထိုသူအား သူ မုန်းသင့်ပါ၏လော။
နောက်ဆုံးတွင် ထန်ရှုသည် သူ၏ခေါင်းအား ဖြည်းညှင်းစွာ မော့လိုက်ကာ စိတ်လှုပ်ရှားနေသော ထန်ကောရှန့်အား ကြည့်လျက် မျက်နှာသေဖြင့်
“ဒါက အဖိုးတို့ မိသားစုပြသနာပဲ ကျွန်တော်နဲ့ သက်ဆိုင်တာ ဘာမှ မရှိဘူး။ အဖိုးရောဂါအတွက် ကျွန်တော် ကူညီပြီး ကုသပေးနိုင်ပေမယ့် ရှေ့လျှောက် အဖိုးကို ကြယ်တာရာမှာ ပြန်ပေါ်မလာစေချင်တော့ဘူး။”
ထန်ကောရှန့် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရင်း လေးလေးနက်နက် ပြောလိုက်သည်။
“မင်းက ငါ့ရဲ့…”
ထန်ရှု သူ၏လက်ကို ဝှေ့ယမ်းကာ စကားစဖြတ်လိုက်ပြီး အေးစက်သော အမူအရာဖြင့် ပြောလိုက်သည်။
“မဟုတ်ဘူး။ ကျွန်တော် မုန်းတဲ့နာမည်ကို ပိုကြားရလေ ပိုပြီးတုံ့ပြန်မိလေပဲ။ နောက်ပြီး ကျွန်တော်က ၂၂နှစ်ပြည့်ပြီးနေပြီ။ အဖိုးတို့နဲ့ ဘာမှ ပတ်သက်မှု ရှိတဲ့သူ မဟုတ်ဘူး။ လူနာဆောင်သွားရအောင် အဲ့ဒီမှာ ရောဂါကုပေးမယ်။”
၂၂နှစ်တဲ့လား။
ထန်ကောရှန့် မျက်မှောင်ကြုပ်သွားသည်။ သည်အသက်အရွယ်ဆိုပါက ထန်ရှုသည် သူ၏မြေး မဖြစ်နိုင်သော်လည်း ထန်ရှု၏တုံ့ပြန်မှုနှင့် သွင်ပြင်မှာ ပုံမှန်ဖြစ်မနေသောကြောင့် သူ၏ချွေးမနှင့် နီးစပ်သော ဆက်ဆံရေးတစ်ခု ရှိနိုင်သည်။
“ထန်ရှု… မင်းက ငါ့သားအငယ်ဆုံးရဲ့အခြေအနေကိုလည်း သိထားပြီး မင်းရဲ့တုံ့ပြန်မှုကလည်း ပုံမှန်မဟုတ်ဘူး။ မင်းတစ်ခုခုသိတာ သေချာတယ်။ ကျေးဇူးပြုပြီး ငါ့ကို ပြောပြပါ။ ငါတို့ထန်မိသားစုက မင်းကို သေချာပေါက် ကျေးဇူးတင်နေမိမှာပါ။”
လူနာဆောင်ဘက်သို့ လမ်းလျှောက်နေရင်း ထန်ရှုက အေးစက်တင်းမာနေသောအသံဖြင့် ပြောလိုက်သည်။
“အဖိုးတို့ထန်မိသားစုရဲ့ကျေးဇူးတင်မှုကို ကျွန်တော် ဂရုမစိုက်ဘူး။ အဲ့ဒီကိစ္စကို မတွေးဘဲ အဖိုးရဲ့ပန်းနာရင်ကျပ်ရောဂါအတွက်ပဲ တွေးတာပိုကောင်းလိမ့်မယ်။ အဖိုးကို ကျွန်တော် ကုစေချင်ရင် အဲ့ဒီစကားဆက်မပြောနဲ့တော့။ တကယ်လို့ ကျွန်တော်ကုသတာမခံယူချင်ဘူးဆိုရင်လည်း ဒီမှာဆက်မနေတော့ဘဲ ပေကျင်းကို ပြန်လိုက်ပါ။”
ထန်ကောရှန့်တွင် စိတ်ရှုပ်သွားသည့်ဟန်အထင်းသား ဖြစ်ပေါ်လာသည်။ ထန်ရှု မူမမှန်သည့်အမူအရာဖြစ်လေလေ သူ၏သံသယများ ပိုမိုခိုင်မာလာလေဖြစ်သည်။ ထန်ရှုသည် သူ၏သားအငယ်ဆုံးနှင့်ဇနီးဖြစ်သူအကြောင်းအား များစွာ သိနေသည်။ ထန်ရှုတွင် သူ့အား ရန်လိုနေသောစိတ်ရှိနေသော်လည်း ၎င်းအား အလျင်စလို တုံ့ပြန်ရန်မလိုသေးကြောင်း သူ ခံစားမိသည်။
ထန်ဒေါင်နှင့်ထန်မင်တို့သည် တိတ်ဆိတ်နေသော်လည်း သူတို့၏မျက်ဝန်းများထဲတွင် ထူးဆန်းသောအရောင်တစ်ချက် လင်းလက်သွားသည်။
သို့သော်လည်း ထန်ယွင်ဖန်းက မျက်မှောင်ကြုပ်သွားကာ လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
“ထန်ရှု… မင်းရဲ့အပြောအဆိုကို ဂရုစိုက်တာ ပိုကောင်းမယ်။”
“ဟမ့်…” ထန်ရှုက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ “ခင်ဗျားက ကျွန်တော့်အပြောအဆိုကို သဘောမကျဖြစ်နေတာလား။ အဲ့ဒါဆိုလည်း ထွက်သွားလိုက်လေ။”
ထန်ယွင်ဖန်း ဒေါသတကြီး ဖြစ်သွားရသည်။ သူသည် ကျော်ကြားမှုနေရာတစ်ခုတွင် ရှိနေသော ယောကျာ်းတစ်ယောက်ဖြစ်ပြီး ရာထူးအမြင့်ပိုင်းမှ အစိုးရအရာရှိတစ်ယောက်လည်း ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့အား သည်ကဲ့သို့သောပုံစံဖြင့် မဆက်ဆံရဲခဲ့သည်မှာ နှစ်များကြာခဲ့ပြီဖြစ်သည်။ ထို့ပြင် သူ၏ဖခင်ဖြစ်သူမှာ ပိုမိုထင်ရှားသော အခြေအနေတစ်ခုရှိပြီး နိုင်ငံ၏အနည်းငယ်မျှသော အကြီးအကဲပိုင်းတွင် ပါဝင်သောသူတစ်ယောက်ဖြစ်သည်။ ယခုမူ အသက်၂၀ ဝန်းကျင်အရွယ် လူငယ်တစ်ယောက်က သူ့အား နှိမ့်ချစွာ ဆက်ဆံနေပေရာ ချက်ချင်းပင် ထန်ရှုအား တုံ့ပြန်လိုစိတ်များ တဖွားဖွား ပေါ်ပေါက်လာတော့သည်။
ထန်ကောရှန့်သည် သူ၏လက်အား မြှောက်ကာ ထန်ယွင်ဖန်းအား ဟန့်တားလိုက်ပြီး အရောင်လက်နေသောအကြည့်များဖြင့် ကြည့်လိုက်သည်။ ထို့နောက် ထန်ရှုအား ကြည့်ကာ
“ဒီလိုဆိုမှဖြင့် သမားတော်ထန်ကို ဒုက္ခပေးရတော့မှာပဲ။”
လူနာဆောင်သို့ ပြန်ရောက်လာပြီးနောက်
စုကျန်သဲက ထန်ရှုအား မြင်သော် အမြန်ရောက်လာကာ မေးလိုက်သည်။
“ထန်ရှု…အဆင်ပြေရဲ့လား။”
ထန်ရှုက ဖျစ်ညှစ်ပြုံးပြလိုက်ရင်း ခေါင်းကို ယမ်းလျက်
“ဦးလေးကျန်သဲ…ကျွန်တော် အဆင်ပြေပါတယ်။”
စုကျန်သဲက သူ၏စိတ်လေးလံနေသောအခြေအနေမှ တည်ငြိမ်သွားခဲ့သည်။ သူသည် စံနမူနာထားရသော ကျေးရွာသား ဘုန်းကြီးလူထွက်တစ်ယောက်ဖြစ်ပြီး သူ၏ဆွေမျိုးများမှာလည်း လယ်သမားများသာ ဖြစ်သည်။ သူတို့သည် ထန်ကောရှန့်အား တွေ့မြင်ဖူးသည်ဟု ယခင်ကတည်းက ထင်ကြသည်။ ယခုအခါ သူတို့ ရုတ်ခြည်း သိလာသည်မှာ သူသည် နိုင်ငံ၏အကြီးအကဲများထဲမှ တစ်ယောက်ဖြစ်သောကြောင့် တီဗွီဖန်သားပြင်တွင် မြင်ဖူးနေကြခြင်းဖြစ်တော့သည်။ စိတ်နှလုံးကောင်းမွန်သော စုကျန်သဲသည် ထိုကဲ့သို့သော လူအား ထန်ရှုမှ ပြစ်မှားခြင်းမပြုရန် ပြောလိုစိတ်ရှိခဲ့သော်ငြား လျှာဖျားထက်တွင် ရောက်နေသော သူ၏စကားများအား ပြန်လည်မျိုချလိုက်ရသည်။
ထန်ရှုသည် လူနာကုတင်အား ညွှန်ပြကာ လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
“ကုတ်အကျီကို ချွတ်ပြီး အိပ်ရာပေါ် မှောက်အိပ်လိုက်ပါ။”
ထန်ကောရှန့်က ထန်ရှု ပြောသည့်အတိုင်း လူနာကုတင်ထက်တွင် လဲလျောင်းလိုက်သည်။ သူ့အား ထန်ရှု မည်ကဲ့သို့ ကုမည်ကို သူမသိသော်လည်း နတ်ဆေးသမားတော်ဟူသည့် ဂုဏ်ပုဒ်နှင့်အညီ ထန်ရှုသည် သေချာပေါက် အပေါ်ယံဟန်ပြလုပ်လိမ့်မဟုတ်ပေ။
ထန်ရှု၏လက်ချောင်းများသည် ထန်ကောရှန့်၏ ကျောအလယ်ရှိ သွေးကြောအမှတ်များအား ဖိနှိပ်လိုက်ပြီး မိနစ်ဝက်ကြာအောင် ပွတ်လိုက်သည်။ ထို့နောက် လီဟွန်ဂျီ လှမ်းပေးသော အရက်ပြန်နှင့် အရက်ပြန်ဆွတ်ထားသော ဂွမ်းအား ယူကာ ထိုသွေးကြောအမှတ်များအား ထပ်ကာထပ်ကာ ပွတ်တိုက်နေစဉ် သူ၏လက်ချောင်းလေးများသည် ထန်ကောရှန့်၏အဆုတ်အပေါ်ရှိ သွေးကြောအမှတ်များအားလုံးအား ဖိနှိပ်ပေးနေခဲ့သည်။
ပန်းနာရင်ကျပ်ရောဂါအား နာတာရှည်အဆုပ်ရောဂါဟုလည်း သိကြသည်။ ၎င်းသည် အဆုပ်လေပြွန်များ နာတာရှည်ရောင်ရမ်းလာသော ရောဂါတစ်ခုဖြစ်သည်။ ၎င်းရောဂါ ပိုမိုပြင်းထန်လာပါက ဆိုးဝါးသော အဆုပ်ပိုးဝင်ခြင်းသို့ ပြောင်းလဲဖြစ်ပေါ်နိုင်ပေသည်။
ပန်းနာရင်ကျပ်ရောဂါသည် လေပြွန်များရောင်ပြီး တခါတရံ လေပြွန်များကျဉ်းလာသည်။ ထိုအချိန်၌ အသက်ရှူခက်ခြင်း၊ အသက်ရှူမဝခြင်း၊ ချောင်းဆိုးခြင်းတို့ဖြစ်မည်။ အဆုပ်အား နားထောင်လျှင် (ဝှီးစ်) အသံများ ကြားရမည်။ လူတစ်ယောက်သည် ထိုရောဂါအား ကုသလိုပါက လေပြွန်ပိတ်ဆို့ခြင်းအား ကုသရမည့်အပြင် တစ်ဖက်မှလည်း အဆုပ်ရောင်ရမ်းမှုကိုလည်း ကုသရမည်ဖြစ်သည်။
အမှန်တကယ်၌ ထန်ရှုတွင် ပိုမိုထိရောက်သော ကုသနည်းရှိပြီး အကျိုးကျေးဇူးမှာ သာလွန်ကောင်းမွန်လှသော်လည်း ထန်ကောရှန့်၏အသက်အရွယ်အရ ထိုနည်းအား သုံးရန်မသင့်တော်သောကြောင့် ထိုနည်းစနစ်ထက် အနည်းငယ်လျော့သော အကျိုးကျေးဇူးရနိုင်သည့် သိမ်မွေ့ညင်သာသော နည်းစနစ်ကို ထန်ရှု သုံးနေရခြင်းဖြစ်သည်။ ထိုနည်းသည်ပင် သိမ်မွေ့ညင်သာသည်ဟု ဆိုလင့်ကစား အနီးနားရှိလူများအား တုန်လှုပ်နေရသေးဆဲဖြစ်သည်။
ထန်ရှုသည် လီဟွန်ဂျီဆီမှ အရက်ပြန်နှင့် အရက်ပြန်ဆွတ်ထားသော ဂွမ်းအား ယူလိုက်ပြီး ထန်ကောရှန့်၏အဆုပ်သွေးကြောမှတ်များအား ဖိနှိပ်ထားသော သူ၏လက်အား ပြန်ရုတ်လိုက်သည်။ သူ၏ကြယ်စွမ်းအင်အား လက်ဖဝါးဆီသို့ စီးဆင်းစေလိုက်ကာ ထန်ကောရှန့်၏ကျောပြင်အား ထပ်ခါထပ်ခါ စတင်ရိုက်လေတော့သည်။
သူ၏ရိုက်ချက်တိုင်းတွင် ကြယ်စွမ်းအင်အား ထန်ကောရှန့်၏ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားစေကာ အတွင်းကိုယ်အင်္ဂါများ၊ အဆုပ်များနှင့် လည်ချောင်းဆီသို့ အင်အားအလုံးအရင်းနှင့် စီးဝင်စိမ့်ဝင်သွားစေရန် ထိန်းချုပ်ပေးလိုက်သည်။
“အဟွတ်…အဟွတ်…အဟွတ်…”
ပြင်းထန်သော ချောင်းဆိုးမှုတစ်ခုက ထန်ကောရှန့်၏ကိုယ်အား တုန်ရီသွားစေသည်။ သူ၏မျက်လုံးများ ဖောင်းကျယ်လာကာ မျက်နှာတစ်ခုလုံး နီရဲသွားတော့သည်။ သူ၏နဖူးထက်မှ အစိမ်းရောင်သွေးကြောများပင် ပြိုင်းပြိုင်းထလာသည်။ သည်ထိတ်လန့်စရာမြင်ကွင်းကြောင့် ဘေးမှရပ်ကြည့်နေသောသူများပင် တုန်ရီသွားကြသည်။ အထူးသဖြင့် ထန်မိသားစုများတွင် သူတို့၏ရင်တွင်း၌ အတွေးတစ်ခု ပျံ့နှံ့လာသည်။
ထန်ရှုသည် အဖိုးအိုထန်အား မကုသပါဟု ပြောခဲ့သောကြောင့် သည်အချိန်တွင် အဖိုးအိုအား ပိုမိုခံစားရစေရန် တုံ့ပြန်သည့်အခွင့်အရေးအား ယူလိုက်သည်များဖြစ်နိုင်မလားဟုပင်။
၁၀မိနစ်ကြာပြီးနောက် ထန်ကောရှန့် ချောင်းထပ်မဆိုးတော့ပေ။ ထန်ရှုသည် ဖြည်းဖြည်းချင်း သူ၏လက်အား ရုတ်သိမ်းလိုက်သည်။ ထို့နောက် သူသည် လက်များအား ရေနွေးဖြင့် ဆေးကြောသန့်စင်လိုက်ပြီး မျက်နှာသေဖြင့်
“ချီဓာတ်ကို မြှင့်တင်ပေးနိုင်ပြီး အဆုပ်ကို စိုစွတ်စေမယ့် ဆေးညွှန်းကို ဒီဆေးရုံက စီနီယာတိုင်းရင်းသမားတော်တစ်ယောက်ဆီက ယူလိုက်ပါ။ အဲ့ဒါကို ၃ရက်ကနေ ၅ရက်တိတိ သောက်ပေးပါ။ ဒါနဲ့ ဆေးရုံအုပ်လီ… အခု သူက ကောင်းသွားပြီဆိုတော့ ဆေးရုံက ဆင်းလို့်ရနေပြီ။ ဆေးရုံကလည်း လူနာဆောင်အခန်းတွေ မလောက်ဘူးမလား။ ဒီနေရာလွတ်သွားပြီဆိုတော့ အခြားလူနာတွေလည်း မနှောင့်နှေးတော့ဘူးပေါ့။”
“ဒါ…” လီဟွန်ဂျီ တုံ့ဆိုင်းသွားသည်။
သည်အချိန်တွင် ထန်ကောရှန့်သည် သူ၏ရင်ဘတ်အား ဖိကာ လူနာကုတင်မှ ဖြည်းညှင်းစွာ ထလာခဲ့ပြီး ဖျော့တော့သောအသွင်သည် သူ၏မျက်နှာထက်တွင် တည်ရှိနေသည်။ အသက်ရှူရန် အလွန်ခက်ခဲသောအခြေအနေမှ ချောမွေ့စွာ ရှူလာနိုင်သည်ကို သူ ရှင်းလင်းစွာ ခံစားမိသည်။ သူ၏ဦးနှောက်သည်ပင် ယခင်ကထက် ပိုမိုကြည်လင်ကာ လန်းဆန်းလာသည့်နှယ်ဖြစ်သည်။ သူ့အား စိတ်အကျေနပ်ဆုံးသော အကျိုးသက်ရောက်မှုသည် သူ၏ခန္ဓာကိုယ်သည် အလွန်သက်တောင့်သက်သာဖြစ်သွားသည်ဟု ခံစားမိနေပြီး ဆယ်စုနှစ်အနည်းငယ်ခန့်ပင် နုပျိုသွားသည့်နှယ် ဖြစ်သည်။
“ဆေးရုံကနေဆင်းဖို့ လိုအပ်တာတွေ ချက်ချင်းလုပ်လိုက်ပါ။”
ထိုခဏတွင် ထွက်ပေါ်လာသော ထန်ကောရှန့်၏အသံမှာ ယခင်ကထက်ပင် ပိုမို သန်မာလာသည့်ဟန်ရှိသည်။
လီဟွန်ဂျီအနေဖြင့် ထန်ရှုဖြစ်စေ ထန်ကောရှန့်ဖြစ်စေ ထို၂ယောက်လုံးသည် ပြစ်မှားလို့ရနိုင်သည့်အရာများ မဟုတ်ချေ။ ယခု ထန်ကောရှန့်၏အသံအား ကြားလိုက်ရသည့်အခါ ချက်ချင်းပင် တိတ်တဆိတ် စိတ်သက်သာရာရသွားရပြီး ထန်ရှုအား လေးစားသောအကြည့်များဖြင့်ပင် ကြည့်မိသည်။
ထန်ကောရှန့်ဆိုသည်မှာ မည်သူဖြစ်သနည်း။
သူသည် နိုင်ငံ၏အကြီးအကဲများထဲမှ တစ်ယောက်ဖြစ်ပြီး ဂုဏ်ယူလေးစားစရာအခြေအနေနှင့် လူသန်းပေါင်းများစွာ၏အထက်မှ လူတစ်ယောက်ဖြစ်ပေသည်။
သို့သော် ထန်ရှုသည် သူ့အား သည်ကဲ့သို့အပြောအဆိုဖြင့် ပြောဆိုပြုမူရဲသောကြောင့် လီဟွန်ဂျီပင် မလေးစားပဲ မနေနိုင်ဖြစ်သွားရသည်။
ထန်ရှုသည် ထန်ကောရှန့်အား ကုသပေးပြီးသည်နှင့် ဆေးရုံတွင် ဆက်မနေတော့ပေ။ ယခု သူ့တွင် အတွေးတစ်ခုသာလျှင် ရှိသည်။ ချင်ဟီဒေသရှိ သူ၏ဇာတိမွေးရပ်မြေဆီသို့ ချက်ချင်း အပြေးသွားကာ မိခင်အား တွေ့ချင်လိုမှုပင် ဖြစ်ပေသည်။ သူ၏မိခင်သည် လွန်ခဲ့သောကိစ္စအား မည်သည့်အခါမျှ မပြောပြချင်သကဲ့သို့ သူကလည်း ထိုကိစ္စကြောင့် မိခင်အား စိတ်အနှောင့်အယှက်မပေးခဲ့ပေ။ သို့သော် ယခုမှာမူ ကွဲပြားခြားနားပေသည်။ ထိုလူသည် အသက်ရှင်နေသေးပြီး အသိလွတ်ကာ မေ့မျောနေသည့်အခြေအနေသို့ ရောက်ရှိနေသောကြောင့် မိခင်အား ပြောကိုပြောပြမှဖြစ်ပေမည်။
သူ၏မိခင် မည်ကဲ့သို့ လုပ်ဆောင်မည်ဖြစ်စေ သူမ၏ဆုံးဖြတ်ချက်အား ထန်ရှုသည် လေးစားမည်သာဖြစ်သည်။ အပြန်လမ်းတွင် စုဘင်နှင့်စုချွမ်ဆီသို့ ဖုန်းဆက်ကာ ကြယ်တာရာကို မသွားသေးရန်နှင့် သူ့အား စုကျေးရွာတွင်သာ စောင့်နေရန် ပြောလိုက်သည်။
၂နာရီကြာပြီးနောက် ထန်ရှုသည် စုကျေးရွာသို့ ရောက်ရှိသွားသည်။ သူ၏ကားအား အဖွား၏ခြံအပြင်ဘက်တွင် ရပ်ထားနေစဉ်တွင် စုဘင်နှင့် စုချွမ်သည် အိမ်ထဲမှ ထွက်လာကြသည်။
“ထန်ရှု…” စုချွမ်မှ အော်ခေါ်လိုက်ခြင်းဖြစ်သည်။
ထန်ရှုသည် သူ့အား လက်ဝှေ့ယမ်းပြလိုက်ရင်း
“ငါ့ကို အပြင်မှာ စောင့်နေကြဦးကွာ။ အမေနဲ့ အရေးကြီးတာပြောစရာရှိနေလို့။ ပြီးတော့မှ ငါတို့ စကားပြောကြတာပေါ့။”
“ကောင်းပြီ။” စုဘင်နှင့် စုချွမ်က တစ်ချိန်တည်း ခေါင်းညိတ်ပြကြသည်။
***