မမျှော်လင့်ထားခဲ့သော ဆုံးဖြတ်ချက်မဟုတ်ပါ
Vol. 06 Ch. 260
ကြယ်တာရာ လုံစားသောက်ခန်းမ…
ခမ်းနားထည်ဝါသော အထက်တန်းစားအခန်းတွင်းဝယ် ထန်ကောရှန့်သည် ဆိုဖာထက်၌ ခန့်ညားစွာ ထိုင်နေသည်။ ဆယ်စုနှစ်များစွာ ဆေးလိပ်သောက်ခြင်းကို သူ ရပ်နားထားခဲ့သော်လည်း ယခုတွင်မူ ဆေးလိပ်ဖွာရှိုက်လျက်ရှိနေသည်။ သူ၏သားသမီးများမှ ဆေးလိပ်သောက်နေခြင်းအား တားမြစ်ရန် ကြိုးစားကြသော်လည်း အရာမထင်ဖြစ်နေသည်။ သူ၏အရှေ့စားပွဲပေါ်တွင် တင်ထားသော ဖုန်းအား အချိန်တိုင်း စိုက်ကြည့်နေရင်း မျက်မှောင်ကြုပ်သည်ထက်ကြုပ်လာရပေသည်။
သူသည် ကြယ်တာရာဆေးရုံမှအပြန်တွင် စုံစမ်းမှုတစ်ခု ပြုလုပ်ပေးရန် စေခိုင်းထားခဲ့ပြီး ၎င်းရလဒ်အား စောင့်ဆိုင်းနေခြင်းဖြစ်သည်။
“ဖုန်းမြည်သံ…”
သူ၏ဖုန်းမြည်သံအား နောက်ဆုံးတော့ ကြားလာရပြီဖြစ်သည်။ ထိုဖုန်းသည် ထန်ကောရှန့် စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေရသော ဖုန်းခေါ်ဆိုမှုပင် ဖြစ်တော့သည်။
“အစီရင်ခံပါ။”
ထန်ကောရှန့်သည် သူ၏စီးကရက်အား အားစိုက်ကာ ငြိမ်းသတ်လိုက်ပြီး ဖုန်းအား ကောက်ကိုင်ကာ ပြောလိုက်သည်။ သူ၏အမူအရာနှင့်လေသံသည် လေးနက်သောအသွင်ရှိသည်။
“အကြီးအကဲ… ကျွန်တော်တို့ ထန်ရှုအကြောင်း ရှင်းရှင်းလင်းလင်း စုံစမ်းပြီးပါပြီ။ သည်နှစ်ထဲမှာ သူက အသက်၂၀ ရှိမှာပါ။ ကောင်းမွန်တဲ့ ပညာအရည်အချင်းရှိပြီးတော့ ရွှမ်းချင်ဒေသရဲ့ဒီနှစ်မှာဆိုရင် ဘာသာရပ်တိုင်းမှာ အမှတ်အများဆုံး ရထားတဲ့သူပါ။ ဇာတိမြေက ချင်ဟီဒေသမှာရှိတဲ့ စုကျေးရွာဖြစ်ပြီးတော့ အဖေမရှိဘဲ စုလင်းယွမ်ဆိုတဲ့ အမေက ပြုစုပျိုးထောင်လာပါတယ်။ သူ့မှာ ဇာတိမြေက အဖွားတစ်ယောက်လည်း ရှိပါသေးတယ်။”
ထန်ရှုမှာ အမှန်တကယ် ၂၀ ဝန်းကျင်သာ ရှိသေးကြောင်း ကြားလိုက်ရသည့် ထန်ကောရှန့်တစ်ယောက် ချက်ချင်းပင် ထရပ်မိသည်။ စုလင်းယွမ် ဟူသော အမည်အား ကြားလိုက်ရပြန်သည့်အခါ သူ၏ခန္ဓာကိုယ်သည် တုန်ရီလာခဲ့သည်။ ယခုတော့ ထန်ရှုသည် သူ၏မြေးမှန်း လုံး၀ သေချာသွားခဲ့ပြီဖြစ်တော့သည်။
အသက်အရွယ် ကိုက်ညီသည်။ အမေတစ်ယောက်တည်းသာ ရှိသည်။ အရာရာတိုင်းသည် ကိုက်ညီနေခဲ့ပေပြီ။ နောက်ဆုံးအမည် ယွမ်နှင့်ဆုံးသော စုလင်းယွမ်သည် သူ၏သားအငယ်ဆုံးခေါ်ခဲ့သော ယွမ်လေးဟူသည့်အမည်ပင် ဖြစ်မည်။
ထိုမျှတိုက်ဆိုင်လှသော တည်ရှိမှုအား ထန်ကောရှန့် မယုံကြည်နိုင်အောင်ပင် ဖြစ်ရသည်။
အစီရင်ခံမှုအား နားထောင်ပြီးနောက်…
အချိန်အတန်ကြာသည့်တိုင်အောင် မတ်တတ်ရပ်နေမိပြီးမှ ဆိုဖာပေါ်သို့ ဖြည်းညှင်းစွာ ထိုင်ချလိုက်သည်။ သူ၏မျက်ဝန်းအိမ်ထဲတွင် စိုစွတ်လျက် စိတ်ရှုပ်နေသည့်ဟန်လည်း ဖြစ်ပေါ်လျက်။ ထန်ရှု၏အမုန်းတရားနှင့်ဒေါသများအား သူ ကောင်းစွာ သတိပြုမိသကဲ့သို့ မည်သည့်အတွက်ကြောင့် ထိုသို့ဖြစ်ရသည်ကိုလည်း သူ နားလည်မိပေသည်။ သူ၏သားအငယ်ဆုံးအပေါ်သက်ရောက်သည့် မတော်တဆမှုသည် အလွန်ရုတ်တရက်ဆန်လွန်းသည့်အတွက် စုလင်းယွမ်အား အသိအမှတ်မပြုနိုင်ဖြစ်ခဲ့ရသည်။
သို့သော်လည်း စုလင်းယွမ်သည် မည်သည့်အကြောင်းကြောင့် နှစ်ပေါင်းများစွာ ကြာသည့်အထိ ပေကျင်းကိုလာပြီး ထန်မိသားစုအား မရှာသည်ကို သူ စဉ်းစားမရသကဲ့သို့ နားမလည်နိုင်အောင်လည်း ဖြစ်မိသည်။ ထန်မိသားစု၏သွေးသားအား မွေးဖွားခဲ့သည်ကို သူမ မသိတာများဖြစ်နိုင်မလား။ ဆိုလိုသည်မှာ သူမသည် ထန်မိသားစု၏ချွေးမတစ်ယောက်ဖြစ်နေခဲ့ပြီးပြီဆိုတာကိုများ မသိတာများဖြစ်နိုင်မလား။
ဘေးတွင် ရပ်နေသော ထန်ယွင်ဖန်းသည် ဖခင်ဖြစ်သူ၏စိတ်ရှုပ်နေသောအမူအရာအား မြင်တွေ့နေရသည်။ အချိန်အတန်ကြာသည့်တိုင်အောင် ချီတုံချတုံဖြစ်နေပြီးမှ သူ မနေနိုင်တော့ပဲ မေးလိုက်သည်။
“အဖေ… စုံစမ်းခိုင်းတာက ဘာတဲ့လဲ။”
ထန်ကောရှန့် ဖြည်းညှင်းစွာ ခေါင်းမော့ကာ သူ၏သားသမီးများနှင့် အရှေ့တွင်ရှိနေသော တူဖြစ်သူအား ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ပြကာ
“ငါ မမှားဘူး။ ထန်ရှုက တကယ်ပဲ မင်းတို့ညီအငယ်ဆုံးလေးရဲ့သား…အဖေ့မြေးလေးပဲ။”
ထန်ယွင်ဖန်းက အလျင်အမြန် ပြန်ပြောလိုက်သည်။
“ဒါပေမယ့် သူ့အသက်က…”
ထန်ကောရှန့်က ပြောသည်။
“သူက အဖေတို့ကို အသိအမှတ်မပြုချင်တော့ အသက်ကိုပိုပြီး ပြောထားတာ။ သူ့အသက်အမှန်က ၂၀ ဝန်းကျင်ပဲ ရှိသေးတယ်။ အမေနဲ့နေပြီး အဖေမရှိဘူး။ စုကျေးရွာမှာ အမေ့ဘက်က မိသားစုနဲ့ ကြီးပြင်းလာခဲ့ရတယ်။”
ထန်ယွင်ဖန်း၊ ထန်မင်နှင့် ထန်ဒေါင်တို့အားလုံး သဘောပေါက်သွားကြသည်။
ထန်ယွင်ဖန်းက လေးနက်သောလေသံဖြင့်
“အဖေ…သူက ထန်မိသားစုရဲ့သွေးသားဆိုမှတော့ ကျွန်တော်တို့ သူ့ကို လျစ်လျူမရှုနိုင်ဘူး။ သူ ဘာပဲဖြစ်ချင်နေနေ ပေကျင်းကို ကျွန်တော်တို့နဲ့အတူ ဘိုးဘေးကန်တော့ဖို့နဲ့ မိသားစုဝင်အဖြစ် အသိအမှတ်ပြုဖို့ ခေါ်သွားရမှာပဲ။ နောက်ပြီး သူ့မှာ သူမတူတဲ့ ဆေးပညာရှိတော့ နှစ်ပေါင်းများစွာ ခံစားနေရတဲ့ အဖေ့အဆုပ်ရောဂါကို ကုသပေးနိုင်ခဲ့တယ်။ ယွမ်သဲ့ကိုလည်း သတိပြန်လည်လာစေဖို့ သူ့မှာ ယုံကြည်မှုရှိလောက်တယ်။”
ထန်ကောရှန့်က နာကျင်သောအမူအရာဖြင့် ခေါင်းယမ်းလိုက်ရင်း
“ဟူး…သူ့ကို ဘိုးဘေးကန်တော့ဖို့နဲ့ မိသားစုဝင်အဖြစ် အသိအမှတ်ပြုဖို့ လိုအပ်တယ်ဆိုတာ အဖေ သိတယ်။ ဒါပေမယ့် အဲ့ဒါက အရမ်းခက်ခဲသွားမှာကို အဖေ စိတ်ပူတယ်။ အဖေတို့ ဘယ်သူတွေမှန်း သိသွားပြီးတဲ့အချိန် သူ ပြခဲ့တဲ့ အမုန်းတရားက ဘယ်လောက်နက်ရှိုင်းသလဲဆိုတာ မင်းလည်း မြင်တာပဲ။ နှစ်၂၀နီးပါး အမုန်းတရားက အချိန်တိုလေးနဲ့ ကွယ်ပျောက်သွားမယ့်အရာမျိုး မဟုတ်ဘူးလေ။ အဖေ့ရဲ့အဆုပ်ရောဂါကို ကုပေးပြီးတဲ့အချက်ကို အသာထားဦး…သည်အမေနဲ့သည်သား နှစ်ပေါင်းများစွာ အထီးကျန်မှုတွေနဲ့ ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းလာရတာကို တွေးမိရင် ငါတို့အပြစ်တွေပဲမို့ ထန်မိသားစုအနေနဲ့ သူ့ကို တောင်းဆိုဖို့ အခွင့်အရေးလည်း မရှိသလို တောင်းဆိုခွင့်လည်း မရှိဘူး။”
“ဒါဆို ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ အဖေ။” ထန်မင်က တစ်ခဏမျှ စဉ်းစားလိုက်ပြီး မေးလာသည်။
ထန်ကောရှန့်က လေးနက်သောအသံဖြင့် ပြန်ဖြေလိုက်သည်။
“ချင်ဟီဒေသကို ငါကိုယ်တိုင် သွားမယ်။ ကားသွားပြီး ပြင်ဆင်ချေ။”
“ကျွန်တော်လည်း လိုက်မယ်။”
“ကျွန်မရောပဲ။”
ထန်ယွင်ဖန်းနှင့် ထန်မင်တို့ ပြိုင်တူ ပြောလိုက်သည်။
ထန်ဒေါင်လည်း ပါးစပ်ဟလိုက်သော်လည်း ဦးလေးဖြစ်သူ ထန်ကောရှန့် ဆူပူမည်ကို ကြောက်ရွံ့သဖြင့် နောက်ဆုတ်နေလိုက်ရတော့သည်။
ထန်ကောရှန့်က ခေါင်းယမ်းလျက်
“မင်လေးက အဖေနဲ့ လိုက်ခဲ့။ ယွင်ဖန်းကတော့ အဖေနေမကောင်းကတည်းက ထန်မိသားစု မတည်ငြိမ်တဲ့အခြေအနေကို ရောက်နေတာမို့လို့ ပေကျင်းကို ပြန်ပြီး တတိယဦးလေးနဲ့အတူ တည်ငြိမ်အောင်လုပ်ပါ။ အဲ့ဒါအပြင် ထုံလေးရဲ့ကိစ္စကို တတ်နိုင်သမျှ အမြန်အကောင်အထည်ဖော်ထားပါ။ တခြားသူတွေနဲ့ ပူးပေါင်းပြီး ကုန်သွယ်မှုကို ပြုလုပ်မယ်ဆိုရင်တောင် အဲ့ဒီရာထူးကို သူမ ယူရမယ်။ ဒီဟာက ငါတို့ထန်မိသားစုရဲ့ကြိုတင်နေရာချမှုအစီအစဉ်အတွက် အလွန်အထောက်အကူဖြစ်လာလိမ့်မယ်။”
“ဒါ…နားလည်ပါပြီ။” ထန်ယွမ်ဖန်း တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးမှ စိတ်မပါလက်မပါဖြင့် သဘောတူလိုက်ရသည်။
ချင်ဟီဒေသ စုကျေးရွာ…
ထန်ရှုသည် သူ့အဖွား၏အိမ်ဝင်းထဲသို့ ဝင်လာခဲ့ရာ မိခင်ဖြစ်သူအား အဖွား၏အဝတ်အစားများအား လျှော်လျက်၊ စုရှန်ဖေးက လျှော်ဖွပ်ရာတွင် ဝိုင်းဝန်းကူညီလျက်ရှိသည်ကို တွေ့ရသည်။
“ဟင် ရှုအာလား။ သား ဒီတလော ပြန်မလာသေးဘူးလို့ အမေ့ကို ပြောခဲ့တာမဟုတ်ဘူးလား။ ဘယ်လိုရောက်လာ…”
ထန်ရှုအား တွေ့သောအခါ စုလင်းယွမ်၏မျက်နှာထက်တွင် အံ့အားသင့်သောအရိပ်အယောင် ပေါ်ထွက်လာသည်။
စုရှန်ဖေးအား တစ်ချက်ကြည့်လိုက်ပြီး ထန်ရှုက မိခင်အား ပြန်ဖြေသည်။
“အမေ…ကျွန်တော် အမေနဲ့ အရေးတကြီး ပြောစရာရှိလို့။ တိတ်ဆိတ်တဲ့နေရာတစ်ခု ရှာရအောင်။”
“ဘာအရေးကြီးတဲ့အရာလဲသားရဲ့။” စုလင်းယွမ်က ထန်ရှုအား ဇဝေဇဝါ မေးလိုက်သည်။
ထန်ရှုသည် သူနေထိုင်သော ဘေးအခန်းဆီသို့ လျှောက်သွားလိုက်ရင်း
“အမေ… ကျွန်တော့်နောက်က လိုက်ခဲ့ရင် သိလာပါလိမ့်မယ်။ ဒါပေမယ့် အမေ့စိတ်ကို ပြင်ဆင်ထားဖို့လိုတယ်။ ကျွန်တော့်ဆီက ကြားရမယ့်စကားတွေအတွက် ကျေးဇူးပြုပြီး စိတ်မလှုပ်ရှားပါနဲ့အမေ။”
စုလင်းယွမ်က ဟက်ဟက်ပက်ပက်ရယ်မောလိုက်ရင်း
“သားရယ်…ဘယ်လိုဖြစ်ပြီး အရမ်းကို လျှိုု့ဝှက်သည်းဖိုတွေ ဖြစ်လာတာလဲ။ ကောင်းပါပြီ။ အမေ စိတ်မလှုပ်ရှားပါဘူးလို့ ကတိပေးပါတယ်။”
အခန်းတွင်းတွင်…
ထန်ရှုသည် တံခါးအား အတွင်းမှ ပိတ်လိုက်ပြီး သူ၏စိတ်ဝိညာဉ်အာရုံအား ထုတ်လွှင့်စစ်ဆေးရာ စုရှန်ဖေးသည် တိတ်တဆိတ် ချောင်းနားထောင်ခြင်းမပြုဘဲ အဝတ်လျှော်သည့်နေရာတွင်ပင် ရှိနေလျက် အဝတ်များ လှန်းနေသည်။ ထန်ရှုက ခေါင်းတစ်ချက်ညိတ်လိုက်ပြီး စုလင်းယွမ်ဘက်လှည့်ကာ
“အမေ… ကျွန်တော် ဒီနေ့ လူတစ်ချို့ကို တွေ့ခဲ့တယ်။”
စုလင်းယွမ် ရယ်ရခက်ခက် ငိုရခက်ခက် ဖြစ်သွားရကာ
“အာ…သား ဒီနေ့ လူတချို့နဲ့တွေ့တာ အမေ့ကို ဘာလို့ပြောပြနေရတာတုန်း။ ဟုတ်သားပဲ။ အမေ့သားက ရွှမ်းချင်ဒေသရဲ့ဒီနှစ်အတွက် နံပါတ်တစ်အမှတ်အများဆုံးကျောင်းသား ဖြစ်နေလို့ တရုတ်ပြည် ထိပ်တန်းတက္ကသိုလ်က လူတွေက သားကို အကောင်းစားအခွင့်အရေးတွေ ကမ်းလှမ်းလာလို့လား။ နှစ်တိုင်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ အမှတ်အများဆုံးရတဲ့သူတွေကို တက္ကသိုလ်တွေက အလုအယက် ခေါ်ကြတယ်လို့ အမေလည်း ကြားဖူးတယ်။”
ထန်ရှုက လေးနက်သောအသံဖြင့်
“အမေ…ကျွန်တော်တွေ့ခဲ့တဲ့လူတွေက ထိပ်တန်းတက္ကသိုလ်ကလူတွေ မဟုတ်ဘူး။ သူတို့…သူတို့က ထန်မျိုးရိုးကပါ။”
စုလင်းယွမ် အကြီးအကျယ် မျက်နှာပျက်သွားကာ ဖြူဖျော့သွားပြီး အချိန်တစ်ခဏမျှ တွေတွေကြီး စိုက်ကြည့်နေမိသည်။
ထန်ရှုက ဆက်လက်ပြောပြသည်။
“အဖိုးအိုတစ်ယောက်လည်း ပါတယ်။ သူက ထန်ကောရှန့်လို့ ခေါ်ပြီး သူ့သားအကြီးဆုံး ထန်ယွင်ဖန်း၊ သမီး ထန်မင်နဲ့ တူ ထန်ဒေါင်တို့လည်း ပါတယ်။ သူတို့က ပေကျင်းမြို့တော်ရဲ့ထန်မိသားစုက လာခဲ့ကြတာ။”
စုလင်းယွမ် တုန်ရီသွားရသည်။ သူမကိုယ်သူမ နံရံဖြင့် လျင်မြန်စွာ မမှီလိုက်ပါက ကြမ်းပြင်ပေါ်သို့ လဲကျသွားလိမ့်မည်ဖြစ်သည်။ သူမ၏မျက်နှာသည် အလွန်အမင်း ပျက်ယွင်းနေပြီး သူမ၏မျက်ဝန်းအိမ်အတွင်းတွင် အကြောက်တရားအား မြင်တွေ့နိုင်ပေသည်။
ထန်ရှုသည် မိခင်၏လက်မောင်းအား ဆုပ်ကိုင်ကာ ကုတင်စွန်းတွင် ထိုင်နိုင်ရန် တွဲခေါ်သွားလိုက်သည်။ ပြီးနောက် သူက ဆက်ပြောပြသည်။
“အမေ…ကျွန်တော့်ကို ဒီအကြောင်းတွေ ပြောပြဖို့လိုလာပြီလို့ ထင်တယ်။ သေချာပေါက် အမေ့ကို ပြောပြရမယ့်အကြောင်းတွေ ကျန်သေးတယ်။ သူ့သတင်းလိုမျိုးပေါ့။”
သူ့သတင်း…သူ့သတင်းတဲ့လား။
စုလင်းယွမ်၏မျက်လုံးများ ကျဉ်းမြောင်းသွားကာ မယုံကြည်နိုင်သည့်အမူအရာများ သူမ၏မျက်ဝန်းများထဲတွင် ပေါ်ပေါက်လာသည်။
သူ…အသက်ရှင်နေသေးတာလား။
ထန်ရှု ဆက်မပြောတော့ချေ။ သူ၏မိခင်သည် ထိုသတင်းများ ကျေလည်စေရန် အချိန်အချို့လိုသည်ကို သူ သိသည်။
အချိန်အတော်ကြာပြီးသော် စိတ်လှုပ်ရှားကာ ကသိကအောက်ဖြစ်နေဟန်ရှိသော အမူအရာသည် စုလင်းယွမ်၏မျက်နှာထက်တွင် ပေါ်ပေါက်လာခဲ့ကာ မျှော်လင့်ချက်အချို့ဖြင့် တီးတိုးမေးလိုက်သည်။
“သူ…သူ ဘယ်မှာ ရှိနေတာတဲ့လဲ။”
“ပေကျင်းမှာ…” ထန်ရှု ဖျော့တော့စွာ ပြောလိုက်သည်။
ဆုံးရှုံးရခြင်းဟူသော ခံစားမှုနှင့်အတူ ကြည်လင်သော မျက်ရည်စများသည် စုလင်းယွမ်၏မျက်ဝန်းများထဲတွင် ဖွဲ့တည်လာခဲ့ပြီး အောက်နှုတ်ခမ်းကို ကိုက်လျက် တုန်ရီစွာ ရေရွတ်မိသည်။
“သူ…သူ မသေဘူးဆိုရင် ဘာ…ဘာဖြစ်လို့များ အမေတို့သားအမိကို လာမရှာခဲ့တာလဲ။ အဲ့ဒီအချိန်တုန်းက အမေ့မှာ ကိုယ်ဝန်ရှိနေတာကို သူ သေချာသိရက်သားနဲ့…”
ထန်ရှုက သူမအား ဖြတ်ပြောလိုက်သည်။
“သူ သတိလွတ်ပြီး မေ့မျောနေတာ နှစ်၂၀လောက်ရှိပြီအမေ။”
“ဘာ…”
စုလင်းယွမ်တစ်ယောက် ထန်ရှုထံမှ သတင်းများကြောင့် ထိတ်လန့်တုန်လှုပ်သွားရပြန်သည်။ ထန်ရှုအား တွေတွေကြီး စိုက်ကြည့်နေရင်း သူမ ကြားလိုက်ရသည့်စကားများ ဟုတ်မှဟုတ်ပါလေစဟု တွေးနေမိသည်။
သတိလွတ်ပြီး မေ့မျောနေတဲ့ အခြေအနေတဲ့လား။
နှစ်၂၀လုံးလုံး ဖြစ်နေခဲ့တာလား။
သူ…
ချက်ချင်းဆိုသလိုပင် စုလင်းယွမ်တစ်ယောက် စိတ်မထိန်းချုပ်နိုင်တော့ဘဲ မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလာအောင် ငိုနေရပြီဖြစ်သည်။ မြို့တော်သို့ သူမ မသွားမိသည့်အတွက် နောင်တတရားသည်လည်း မြင့်တက်ခဲ့ရပြီဖြစ်တော့သည်။ သူ၏မိသားစု ထိုနေရာတွင် နေထိုင်သည်ကို သူမ ရှင်းရှင်းလင်းလင်း သိပါလျက်နှင့် ဘာကြောင့်များ သူ့ကို သွားမရှာမိပါသနည်း။
ထန်ရှုသည် မိခင်အား ညင်သာစွာ ကိုင်လျက် နောက်ကျောအား ခပ်ဖွဖွ ပုတ်ပေးကာ နှစ်သိမ့်ပေးလိုက်သည်။
“အမေ…ကျွန်တော် ကလေးဘဝကတည်းက အမေသန်မာတာကို ကျွန်တော် အမြဲတမ်း သိပါတယ်။ မငိုပါနဲ့တော့ အမေ။ အဲ့ဒီနှစ်က ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ကျွန်တော့်ကို အားလုံးပြောပြပါ။”
စုလင်းယွမ် တစ်ခဏမျှ ခါးသီးစွာ ငိုကြွေးလိုက်ပြီးနောက် မျက်ရည်များ ဖုံးလွှမ်းနေသော မျက်နှာအား မော့ကာ နာကျင်နေသောအသံဖြင့်
“အဲ့ဒီနေ့က သူရဲ့တပ်ဖွဲ့ဝင်တွေဆီက အပြင်ကို ထွက်ဖို့ သူ့ဆီ ဖုန်းခေါ်ခဲ့တယ်။ အပြင်ထွက်ပြီး သောက်ချေဦးမယ်ဆိုပြီး သူ ပြောသွားတာ။ အဲ့ဒီတုန်းက အမေက သူ ထွက်သွားတာကို အရေးမကြီးဘူးထင်ပေမယ့် ပြန်လာမှာကို စောင့်နေခဲ့တယ်။ အဲ့ဒီနောက်မှာလည်း စောင့်ခဲ့တာ တစ်ရက်…နှစ်ရက်…သုံးရက်…”
“ဘာသတင်းမှ မရဘဲ သူ ပျောက်သွားတယ်။ ရဲတွေကို အကြောင်းကြားပေမယ့် ဘာမှ မထူးလာခဲ့ဘူး။ သူ အမေတို့ကို စွန့်ပစ်သွားမှာ မဟုတ်ဘူးလို့ အမြဲ ယုံကြည်ထားတာမို့လို့ မှောင်မည်းမည်း လမ်းကြားတစ်နေရာမှာ သေသွားခဲ့ပြီလို့ အမေ ထင်နေခဲ့တာ။ အဲ့ဒီနောက်တော့ စုရှန်းဝမ်က အမေ့ကို အိမ်ပြန်ခေါ်သွားပြီး အဲ့ဒီမှာ သား မွေးတဲ့အထိ နေလာခဲ့တာပေါ့။ သားကို မွေးပြီးတော့ အမေ မျှော်လင့်ချက်ကို မစွန့်လွှတ်သေးပဲနဲ့ မြို့တော်ဆီသွားပြီး သူနဲ့ ထန်မိသားစုကို ရှာချင်ခဲ့တယ်။ ဒါပေမယ့် သားရယ်…အမေ သတ္တိမရှိခဲ့ဘူး… အမေ ကြောက်နေခဲ့မိတယ်။”
ထန်ရှုက တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး
“ကျွန်တော့်ကို ထန်မိသားစုက ယူသွားမှာ အမေ ကြောက်နေခဲ့တာမဟုတ်လား။”
စုလင်းယွမ်က တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလိုက်ပြီး ငိုသံများဖြင့် ပြန်ဖြေသည်။
“ပေကျင်းက ထန်မိသားစုဆိုတာ ချမ်းသာကြွယ်ဝတဲ့ မိသားစုတစ်စုဖြစ်တယ်။ သြဇာအာဏာနဲ့ လွှမ်းမိုးနိုင်မှုလည်း ရှိတယ်လေ။ အမေက ထန်ယွင်သဲ့ရဲ့သားကို မွေးတယ်ဆိုတာ သူတို့သိသွားရင် အမေ့ဆီက လုယူသွားမှာ ကြောက်နေခဲ့မိတာ။ အမေက လင်ယောကျာ်းကိုလည်း ဆုံးရှုံးရပြီးပြီမို့ သားကို ထပ်ပြီးအဆုံးအရှုံးမခံနိုင်တော့ဘူး။”
“အဲ့ဒါဆို အမေ အဲ့ဒီနှစ်တွေမှာ ပေကျင်းကို သွားဖို့ လုံးဝစိတ်ကူးမရှိခဲ့တာပေါ့။” ထန်ရှုက မေးသည်။
“ရှုအာ…သား ဂျူနီယာအထက်တန်းကျောင်း မတက်ခင်တုန်းက အနီးနားမြို့က အမေ့ဆွေမျိုးတွေဆီ သွားမယ်ဆိုပြီး ခရီးသွားတာ သား မှတ်မိတယ်မဟုတ်လား။ အဲ့ဒီဆီသွားပြီး အမေ စုဆောင်းရသမျှ ငွေကြေးလေးတွေကို သုံးလို့ မင်းအဖေရဲ့သတင်းကို စုံစမ်းနေခဲ့တာ။ အဲ့ဒီနေရာ နှစ်တိုင်းသွားခဲ့ပေမယ့် ထန်အိမ်တော်က ထန်မျိုးရိုးကလူတွေကို တွေ့ပေမယ့် အဝေးကပဲ တိတ်တဆိတ် စုံစမ်းဝံ့တယ်။ သားအဖေအကြောင်း သူတို့ပြောတာ မကြားသလို သူ့ကိုလည်း တစ်ခါမှ မမြင်ခဲ့ရဘူး။”
စုလင်းယွမ်က ခါးသီးနာကျင်နေသောအမူအရာဖြင့် ရှင်းပြသည်။
ထန်ရှု ရုတ်ခြည်းပင် နားလည်သွားရကာ လေးလေးနက်နက် ပြောလိုက်သည်။
“အမေ… မှန်ကန်တဲ့ အရာ လုပ်ခဲ့တာလို့ ကျွန်တော် ထင်ပါတယ်။ အမေက ကျွေးမွေးပြုစုစောင့်ရှောက်လာပြီး အမေ့အချစ်တွေကို ကျွန်တော်ရတဲ့အတွက် ပျော်တယ်။ ဒါပေမယ့်…”
“ဒါပေမယ့် ဘာဖြစ်သလဲ သား။” စုလင်းယွမ် အငိုတိတ်သွားပြီး မေးလိုက်သည်။
“အမေ…အခု ဘာလုပ်ချင်လဲ။”
စုလင်းယွမ်က စဉ်းပင်မစဉ်းစားဘဲ ပြောလိုက်သည်။
“အမေ… မင်းအဖေကို သွားတွေ့မယ်။ သူ့ကို ယုံတယ်။ သူ မသေသေးသရွေ့ အခက်အခဲ ဖြစ်မှာမဟုတ်ဘူး။ အမေ သူ့ကို စောင့်ရှောက်ဖို့ ဘေးမှာ မရှိဘဲ နှစ်၂၀လုံးလုံး အိပ်ရာထက်မှာ လဲလျောင်းရင်း သတိလစ်မေ့မျောနေရတယ်။ အဲ့ဒါမို့ သူ အသက်ရှင်နေသေးသရွေ့ အမေ သူ့ဘေးမှာ ကျန်တဲ့ဘဝသက်တမ်းတစ်လျှောက် နေထိုင်ပြီး ပြုစုစောင့်ရှောက်သွားတော့မယ်။”
***