← Chapters

ကိုယ်တိုင် လာရောက်ဖိတ်ခေါ်ခြင်း

Vol. 06 Ch. 261

ကိုယ်တိုင် လာရောက်ဖိတ်ခေါ်ခြင်း

Vol. 06 Ch. 261

ထန်ရှုသည် အေးချမ်းစွာ ပြောလိုက်သည်။

“အမေ ဘာကို ဆုံးဖြတ်ဆုံးဖြတ် ကျွန်တော်က လေးစားပြီး အဲ့ဒီလူကိုလည်း အဖေအဖြစ် အသိအမှတ်ပြုပါ့မယ်။ ဒါပေမယ့် အမေ ရှင်းရှင်းလင်းလင်း သိထားရမှာက ထန်တွေနဲ့ မိသားစုလို ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခု ရှိမှာမဟုတ်လောက်ဘူး။ ကျွန်တော့်မိသားစုနဲ့ရင်းမြစ်တွေက ဒီနေရာမှာပါ။”

အချိန်အတန်ကြာအောင် စုလင်းယွမ် တိတ်ဆိတ်နေပြီးမှ ခေါင်းညိတ်ပြသည်။

ထန်ရှုက ထပ်မေးသည်။ “အမေ ဘယ်တော့ သူ့ကို သွားကြည့်မှာလဲ။”

တစ်စုံတခုကို သတိရသွားသည့်နှယ် စုလင်းယွမ်က ထန်ရှု၏လက်မောင်းများအား စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်ရင်း

“ရှုအာ… သားက ဆရာဝန်ဆိုတာ အမေသိသလို သူများထက်တော်တဲ့ဆေးပညာရှိတယ်ဆိုတာလည်း အမေကြားတယ်။ သား…သား…သားအဖေကို ကုပေးနိုင်မလားဟင်။”

ထန်ရှု ခေါင်းယမ်းလိုက်ရင်း

“သူ့အခြေအနေကို သေချာမသိရသေးတော့ အခုချက်ချင်း အဖြေပေးဖို့ဆိုတာ ခက်တယ်အမေ။”

စုလင်းယွမ်၏မျက်ဝန်းများထဲတွင် စိတ်ဓာတ်ကျသွားသည့်အရိပ်အယောင်တစ်ချက် ပေါ်ထွက်လာသော်လည်း သူမက ခေါင်းညိတ်လိုက်ကာ ပြောလာသည်။

“ရှုအာ… ရှန့်ဖေးကို အဖွားကို အိမ်မှာ ဂရုစိုက်ခိုင်းထားလိုက်မယ်။ အမေတို့ ပေကျင်းကို အခုပဲ သွားရအောင်။”

သူမ၏ယောကျာ်းအားမတွေ့ရသည်မှာ နှစ်၂၀ရှိခဲ့ပြီဖြစ်သည်။ ယောကျာ်းဖြစ်သူ အသက်ရှင်နေသေးသည်ဟု သူမ ကြားကြားချင်းမှာပင် သူ့ကို တွေ့ရန် စုလင်းယွမ်တစ်ယောက် ပေကျင်းကို ချက်ချင်းပျံသန်းသွားနိုင်မည့် အတောင်များပင် တောင့်တမိတော့သည်။ သူမ ပိုနောက်ကျလေလေ သူမပိုခံစားရလေလေ ဖြစ်ပေလိမ့်မည်။

ထန်ရှုက ခေါင်းကို ယမ်းကာ ဖြည်းညှင်းစွာ ပြောသည်။

“အမေ… ကျွန်တော်တို့ ခဏလောက် စောင့်နေရလိမ့်မယ်လို့ ထင်တယ်။ တစ်ချို့လူတွေက ကျွန်တော်တို့ကို ပေကျင်းကို လာဖို့ ဖိတ်လာကြလိမ့်မယ်လို့ ကျွန်တော် ခံစားမိနေတယ်။”

စုလင်းယွမ်က ထန်ရှုအား စိုက်ကြည့်နေရင်း ဇဝေဇဝါအမူအရာဖြင့် မေးနေသည်။

“ဘယ်သူတွေက ငါတို့ကို လာဖိတ်မှာလဲ။”

“ထန်မိသားစုကပေါ့။” ထန်ရှု ပြန်ဖြေလိုက်သည်။

စုလင်းယွမ်၏အမူအရာ ပြောင်းသွားသည်။ သူမ၏သားဖြစ်သူအား အဝေးသို့ ခေါ်သွားမည်ကို ကြောက်ရွံ့သောကြောင့် ထန်ရှုအား အနှစ်၂၀တိုင်တိုင် သတိကြီးစွာ မွေးမြူစောင့်ရှောက်ခဲ့ရပြီးဖြစ်သည်။ သားဖြစ်သူသည် သူမနှင့် မနီးစပ်တော့မည်ကို စိုးထိတ်နေခဲ့မိသည်။ သို့သော် ယခု သူမ မကြောက်တော့ချေ။ သူမ၏သားသည် အရွယ်ရောက်လာပြီဖြစ်ပြီး သူမတို့သားအမိကြားရှိ သံယောဇဉ်အား မည်သူတစ်ဦးတစ်ယောက်မျှ၊ မည်သည့်အရာပေးပြီးတော့မှ ဖျက်ဆီးရနိုင်လိမ့်မည်မဟုတ်ပေ။

“ရှုအာ…သူတို့က အမေတို့ကို လာခေါ်မယ်ဆိုတာ သားက ဘာကြောင့် သေချာနေရတာလဲ။”

ထန်ရှုက ဖျော့တော့စွာ ပြောလိုက်သည်။

“အမေ…သူတို့က ကျွန်တော်တို့ကို ဘိုးဘေးတွေအသိအမှတ်ပြုစေချင်တာရယ် ပြီးတော့ သူ့ကို ကယ်စေချင်တာရယ်ကြောင့်လေ။”

စုလင်းယွမ် တခဏမျှ တွေးတောလိုက်ပြီး ဖြည်းညှင်းစွာ ပြောသည်။

“ရှုအာ… သားက သူတို့ရဲ့သွေးသားဖြစ်ပြီးတော့ ထန်မိသားစုမျိုးရိုးလေ။ အဲ့ဒါမို့ သားက ဘိုးဘေးတွေ အသိအမှတ်ပြုခံရဖို့လိုတယ်။”

“ဟမ့်…” ထန်ရှု လှောင်ရယ် ရယ်လိုက်သည်။ “ဘာကြောင့် ကျွန်တော်က လုပ်သင့်တာလဲ။ ထန်မိသားစုရဲ့သွေးက ကျွန်တော့်သွေးကြောထဲမှာ စီးနေတာကြောင့်လား။ ရွေးချယ်စရာ တစ်ခုသာ ရှိရမယ်ဆိုရင် စုမိသားစုသွေး စီးဆင်းတာကိုပဲ ရွေးမိလိမ့်မယ်။ အမေ… သူတို့တတွေက ကျွန်တော့်မျက်လုံးထဲမှာ သူစိမ်းတွေထက် မပိုပါဘူး။ နောက်ပြီး အမေ့ရွေးချယ်မှုကို ကျွန်တော် လေးစားသလို ကျွန်တော့်စိတ်ကိုလည်း အမေ လေးစားလိမ့်မယ်လို့ မျှော်လင့်တယ်။”

စုလင်းယွမ် ပါးစပ်ဟလိုက်သော်လည်း သားဖြစ်သူအား ပြန်လည်ချေပပြောဆိုရန် စကားရှာမတွေ့ခဲ့ပါချေ။ သူမသည် ကူကယ်ရာမဲ့စွာ ခေါင်းညိတ်ပြလိုက်ပြီး ထန်ရှုအား သူ၏ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်ခွင့်ပြုလိုက်ရသည်။

“ရှုအာ… သား အပြင်ထွက်ပေးပါ။ အမေ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် လုပ်ဖို့လိုသေးတယ်။ ထန်မိသားစု ဒီနေ့ မလာခဲ့ရင် အမေတို့ မနက်ဖြန် ပေကျင်းကိုသွားမယ်။” စုလင်းယွမ် ညင်သာစွာ ပြောလိုက်သည်။

ထန်ရှု ခေါင်းညိတ်ပြကာ အခန်းအပြင်သို့ ထွက်လာသည်။ စုရှန်ဖေးအား ခြံထဲတွင် အဝတ်လျှော်နေသည်ကို မြင်လိုက်ရသောကြောင့် တခဏမျှ ငြိမ်သက်သွားကာ သူ့ဆီ လျှောက်လာလိုက်သည်။ သူ၏အိတ်ကပ်ထဲရှိ စီးကရက်ဗူးထဲမှ စီးကရက်တစ်လိပ်အား စုရှန်ဖေးကို ပေးလိုက်ပြီး သူတို့နှစ်ယောက်၏စီးကရက်များအား မီးညှိပေးလိုက်သည်။ ထို့နောက် သူသည် သစ်ပင်အား မှီရပ်ကာ စီးကရက်အား အားရပါးရ ဖွာရှိုက်လိုက်ရင်း စုရှန်ဖေးအား အေးဆေးစွာ စကားစလိုက်သည်။

“မင်း ဘယ်လို ပြသနာတွေရှင်းလိုက်လဲဆိုတာ ငါ့ကို ပြောနိုင်မလား။”

စုရှန်ဖေးက စီးကရက်အား ရေစိုနေသောလက်ကြားညှပ်ကာ မချိပြုံး ပြုံးလိုက်ပြီး

“အဲ့ဒါက ငါ ပြသနာတွေ ရှင်းလိုက်တာကြောင့်မဟုတ်ဘူး။ ငါ့အဖေက ငါ့ကို နားလည်သဘောပေါက်သွားအောင် လုပ်ခဲ့တာ။ ကောင်းတာလုပ်ရင် ကောင်းကျိုးဖြစ်မယ် မကောင်းတာလုပ်မိရင်လည်း မကောင်းကျိုးပြန်ခံစားရမယ်ဆိုတဲ့အတိုင်းပဲ တချို့လူတွေက သူတို့လုပ်ခဲ့တာတွေအတွက် တာဝန်ခံလိုက်ရတာတွေရှိတယ်။ မင်းကို အရင်က ငါ ဘာလုပ်ခဲ့မိလဲဆိုတာ မြင်လာမိတယ်။ ကောင်းမွန်တဲ့ရဲတွေသာ အလုပ်မလုပ်ခဲ့ရင် ဒီအချိန်မှာ မင်းဟာ ထောင်ကျနေလိမ့်မယ်။”

“ဒါပဲလား။” ထန်ရှု အေးဆေးစွာ မေးလိုက်သည်။

စုရှန်ဖေးက ခေါင်းယမ်းလျက်

“မကဘူး။ ငါ မပြန်လာခင်တုန်းက မင်းကို ဒေါသထွက်နေခဲ့တာ။ မင်းက ရက်စက်တဲ့သူ ငါ့မိသားစုကို ပြိုကွဲအောင် လုပ်ရုံတင်မကဘူး ငါ့အဖေရဲ့ကျန်တဲ့ဘဝသက်တမ်းကိုပါ ဖျက်ဆီးခဲ့တာဆိုပြီးပေါ့။ ဒါပေမယ့် မင်းနဲ့ဒေါ်လေးတို့ရဲ့စကားကို တိတ်တဆိတ် ကြားလိုက်ရတဲ့အချိန်မှာ ငါ ဘယ်လောက်ဆိုးရွားခဲ့လဲဆိုတာ နားလည်လာခဲ့တယ်။”

ထန်ရှု ခေါင်းညိတ်သည်။ တခဏမျှ တိတ်ဆိတ်နေပြီးနောက် သူက ဖြည်းညှင်းစွာ ပြောသည်။

“မင်း ကျောင်းပြန်တက်ပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဖြေပါ။ မင်းအတွက် ကုန်ကျစရိတ်အတွက် စိတ်ပူစရာမလိုဘူး။ ငါ့အမေ မင်းကို စောင့်ရှောက်လိမ့်မယ်။”

စုရှန်ဖေးက ရုတ်ခြည်းပင် ပြုံးလိုက်သည်။ သည်အပြုံးသည် ထူးခြားစွာ တောက်ပနေခဲ့သည်။ သူက ခေါင်းကို ယမ်းလိုက်ပြီး

“ငါ့ရဲ့ပညာရေးအဆင့်တွေနဲ့ဆို သာမန်တက္ကသိုလ်လောက်ပဲ တက်နိုင်လိမ့်မယ်။ ကျောင်းပြန်တက်ပြီး ဖြေရင်တောင်မှ ထိပ်တန်းတက္ကသိုလ်တက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာပါကွာ။ ငါ သေသေချာချာ တွေးပြီးသွားပြီ အဖွားဒဏ်ရာသက်သာတဲ့အထိ ဒီမှာနေလိုက်မယ်။ ပြီးရင်တော့ ချင်ဟီဒေသက ထွက်ပြီး ကိုယ့်အစွမ်းအစနဲ့ အပြင်မှာ နေကြည့်မယ်ကွာ။ နောက်ပိုင်း ငါ အခြေတကျ ဖြစ်ပြီးသွားရင်တော့ စုမိသားစုရှိတဲ့ ငါ့ရင်းမြစ်တွေ ရှိတဲ့နေရာကိုတော့ ပြန်လာမှာပါ။”

“ငါ့ဖုန်းနံပါတ် ရေးထားဦး။ အခြေအနေတစ်ခုခုကြောင့် တွန်းအားပေးခံရတဲ့အခါကျရင် ငါ့ကို ဆက်သွယ်ပါ။”

စုရှန်ဖေး တိတ်ဆိတ်စွာ ခေါင်းညိတ်သည်။

ထန်ရှု စကားထပ်မပြောတော့ပေ။ လေပြင်းပြင်းတစ်ချက် မှုတ်ထုတ်လိုက်ရင်း ခြံအပြင်ဘက်သို့ လျှောက်သွားတော့သည်။

“ထန်ရှု…” ထန်ရှုထွက်လာသည်ကို မြင်သောအခါ စုဘင်နှင့်စုချွမ်တို့ အလျင်အမြန် အော်ခေါ်လိုက်ကြသည်။

“အစ်ကိုတို့၂ယောက် အိမ်မှာ ရက်နည်းနည်းလောက် နေရလိမ့်ဦးမယ်။ ကျွန်တော် ကြယ်တာရာကို အခုရက်ပိုင်း မပြန်နိုင်တော့ဘူး။ ပေကျင်းမှာ ကိစ္စလေးတွေ ရှင်းစရာရှိလို့ သွားရလိမ့်မယ်။ အဲ့ဒီက ပြန်လာတော့မှ အစ်ကိုဘင်တို့ကို ထပ်ဆက်သွယ်လိုက်မယ်။”

စုချွမ်က အပြုံးဖြင့် ပြန်ပြောသည်။

“ဒါသိပ်ကောင်းတယ်။ အစ်ကိုကြီးဘင်နဲ့ငါတောင် ကြယ်တာရာကို နောက်ရက်မှလာဖို့ တိုင်ပင်ထားကြသေးတယ်။ မင်းက ငွေနဂါးမြက်လိုနေတော့ ငါတို့ နည်းနည်းရှာချင်သေးတယ်။”

ထန်ရှုက အလျင်စလို ပြောလိုက်သည်။

“မင်းတို့ အဲ့လိုမလုပ်ဖို့ ငါ အကြံပေးတယ်။ မင်းတို့ လူအများကြီး ခေါ်သွားရင်တောင်မှ တောင်ရဲ့အပြင်ဘက်အစွန်းလောက်ပဲ သွားနိုင်လိမ့်မယ်။ မင်းတို့ပဲ ပြောတယ်လေ သားရဲကောင်တစ်ကောင်က အရမ်းအန္တရာယ်များပြီး သာမန်လူတွေဆို သူ့ကို ထိခိုက်ဒဏ်ရာရအောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆို။ တောင်အတွင်းပိုင်း ဝင်သွားရင် မင်းတို့အတွက် ဘေးရန်ဖြစ်မှာက အများဆုံးပဲ။”

စုဘင်က ထန်ရှု၏အကျင့်စရိုက်အား သိသည်။ သူ အလေးအနက်ထားပြောနေသည်ကို မြင်ရသည့်အခါ စုဘင်က ချက်ချင်း ပြန်ပြောသည်။

“ငါတို့ မင်းစကားကို နားထောင်မှာပါ။ ငါတို့ ငွေနဂါးမြက်ကို ဘယ်လောက်ပဲရှာမယ်ဆိုပေမယ့် တောင်အတွင်းပိုင်းထိ မသွားပါဘူး။”

ထန်ရှု ခေါင်းညိတ်သည်။

“ကျေးဇူးပြုပြီး မှတ်ထားပေးဦး။ နွေရာသီအားလပ်ရက် မကုန်ခင် ကျွန်တော် ဒီနေရာကို လာပြီး အဲ့ဒီသားရဲကောင်ကို ရှင်းမယ်။ အစ်ကိုဘင်တို့လည်း လုပ်စရာရှိတာကို ဂရုတစိုက်လုပ်ပြီး ကျွန်တော် ဖုန်းခေါ်လာမှာကို စောင့်ပေးပါ။”

“ကောင်းပြီ။” စုဘင်နှင့်စုချွမ်တို့ ပြန်ဖြေလိုက်ကာ ဘေးမှ စုဘင်၏အိမ်ဆီသို့ ထွက်သွားကြသည်။

၂နာရီကြာပြီးနောက် အနက်ရောင် အော်ဒီကားနှစ်စီးသည် ခြံအပြင်ဘက်တွင် ဖြည်းညှင်းစွာ ရပ်လိုက်သည်။ ဝတ်စုံပြည့်ဝတ်ဆင်ထားသော သက်တော်စောင့်၄ယောက်နှင့်အတူ ထန်မင်သည် ကားတံခါးဖွင့်ပေးကာ ထန်ကောရှန့်ထွက်လာနိုင်အောင် ကူညီပေးလိုက်သည်။

“သူတို့က ဒီမှာလား။”

ထန်ကောရှန့်က မသပ်မရပ်သစ်သားတံခါးလေးနှင့် ယိုယွင်းနေသော ခြံအား ကြည့်လိုက်သည်။

ထန်မင်က ခေါင်းညိတ်ပြကာ

“အဖေ… ကျွန်မကို ပို့လိုက်တဲ့သတင်းအရဆိုရင် သူတို့ ဒီမှာ နေကြတာပါ။ ကျွန်မ GPS လည်း သုံးကြည့်တယ်။ ဒီနေရာက သူတို့မိသားစုနေထိုင်တဲ့နေရာပါ။”

ထန်ကောရှန့်က သက်တော်စောင့်၄ယောက်အား ကြည့်ကာ ပြောလိုက်သည်။

“မင်းတို့အားလုံး အပြင်မှာ နေခဲ့ကြ။ ဘာတွေဖြစ်နေနေ ခြံဝင်းထဲကို ခြေမလှမ်းနဲ့။”

“နားလည်ပါပြီ။” သက်တော်စောင့်၄ယောက်က အရိုအသေပြုကာ အမိန့်အား လက်ခံသည်။

ထန်ကောရှန့်သည် ရှေ့တံခါးမှတဆင့် ခြံအတွင်းသို့ ဝင်လာခဲ့ရာ အံ့အားသင့်နေသော စုရှန်‌ဖေးအား တွေ့လိုက်သဖြင့် မေးလိုက်သည်။

“လူငယ်လေး… ဒီနေရာမှာ စုလင်းယွမ်နဲ့ ထန်ရှုတို့ နေပါသလား။”

စုရှန်ဖေး ကုလားထိုင်မှ ထလာပြီး ပြန်မေးလိုက်သည်။

“ဟုတ်ပါတယ်ခင်ဗျ။ အဖိုးက ဘယ်သူများလဲ။”

ထန်ကောရှန့်က ခေါင်းညိတ်လျက် “ငါက ထန်ကောရှန့်ပါ။ သူတို့ အခု ရှိကြလား။”

စုရှန်ဖေး နောက်သို့လှည့်ကာ အော်ခေါ်လိုက်သည်။

“ဒေါ်လေးရေ… လူတစ်ယောက် ဒေါ်လေးကို လာရှာနေတယ်။”

စုလင်းယွမ်နှင့်ထန်ရှု အိမ်ထဲမှ ထွက်လာသည်။ ထန်ရှုသည် ထန်ကောရှန့်နှင့် ထန်မင်တို့အား တွေ့သောအခါ သက်ပြင်းချလိုက်မိသည်။ မည်သည့်အကြောင်းကြောင့် သူတို့လာသည်ကို မှန်းဆမိသော်လည်း သည်ကဲ့သို့ မြန်ဆန်လိမ့်မည်ဟု မျှော်လင့်မထားမိပါချေ။ ဖြစ်နိုင်သည်မှာ ကြယ်တာရာတိုင်းရင်းဆေးရုံမှ သူထွက်ခွာသွားပြီးနောက် ထန်ကောရှန့်က သူ့အကြောင်းအား စုံစမ်းလိုက်ခြင်းပင် ဖြစ်မည်။

အေးစက်တင်းမာသောအသံဖြင့် ထန်ရှုက ပြောသည်။

“အဖိုး ဘာကြောင့် ဒီကိုလာတာလဲ။ ထန်မိသားစုနဲ့ ဆက်ဆံရေး မရှိဘူးလို့ ကျွန်တော် ပြောခဲ့ပြီးပြီပဲ။”

ထန်ကောရှန့်က ခါးသီးစွာခံစားလျက် ခေါ်လိုက်သည်။ “ရှုအာ…”

“ကျွန်တော့်နာမည် ထန်ရှု။” ဘုဆတ်ဆတ်ဖြင့် ထန်ရှုက ပြောသည်။

ထန်ကောရှန့် တခဏမျှ တိတ်ဆိတ်သွားရပြီးနောက် ကူကယ်ရာမဲ့စွာ ပြန်ပြောလာသည်။

“ထန်ရှု… သူက မင်းရဲ့အမေ ငါ့ရဲ့ချွေးမ မဟုတ်လား။”

စုလင်းယွမ် ကျောက်ရုပ်ဖြစ်သွားသည်။ ထန်ရှုဆီက ထန်မိသားစုမှလူများ လာမည်ကို သူမ ကြားထားသော်လည်း ယောကမဖြစ်သူ ထန်ကောရှန့်ကိုယ်တိုင် လာလိမ့်မည်ဟု ထင်မထားမိခဲ့ပေ။ သူမ သူ့ကို သိသည်။ နိုင်ငံ၏အကြီးအကဲတစ်ယောက်သာမက သူမယောကျာ်း၏အဖေ-သူမ၏ယောက္ခမအဖြစ် နာမည် ကြားဖူးထားသည်။

“မင်းက စုလင်းယွမ်မဟုတ်လား။” ထန်ကောရှန့်က စုလင်းယွမ်နှင့် ထန်ရှုဆီ လျှောက်သွားကာ မချိတင်ကဲ လေသံဖြင့် စကားဆိုလိုက်သည်။

“ငါ ကြယ်တာရာကို လူလွှတ်ပြီး တစ်မြို့လုံးအနှံ့ လွန်ခဲ့တဲ့နှစ်၂၀က ရှာခဲ့တယ်။ ကံမကောင်းချင်တော့ မင်းတို့သားအမိကို ရှာမတွေ့ခဲ့ဘူး။ ယွင်သဲ့က မင်းက ယွမ်လေးဆိုတာလေးပဲ ငါ့ကို ပြောပြထားတော့ မင်းရဲ့နာမည်အပြည့်အစုံကို မသိရုံတင်မကဘူး တခြားသတင်းအချက်အလက်တွေပါ မရှိခဲ့ဘူးလေ။ အဲ့ဒီနောက် ယွင်သဲ့ကို ကြယ်တာရာကနေ ကိုယ်တိုင်လာခေါ်ခဲ့ပြီး ဆက်မရှာနိုင်ခဲ့တော့ဘူး။ ဒီနှစ်တွေမှာ မင်းတို့သားအမိကို အခက်အခဲတွေ ဖြစ်စေခဲ့ရတယ်။”

ထိုစကားများ ကြားသည်နှင့် စုလင်းယွမ်၏မျက်ဝန်းအိမ်ထဲမှ မျက်ရည်များ တစ်ပေါက်ပေါက် ကျလာခဲ့ချေပြီ။

ထန်မင်က သူမ၏ဘေးသို့လာကာ အပြုံးဖြင့် ပြောလိုက်သည်။

“ယောင်းမ… အဖေလို့ မခေါ်တော့ဘူးလား။”

စုလင်းယွမ် နှုတ်ခမ်းဟလိုက်သော်လည်း သူမ၏အသံသည် တစ်ဆို့နေသည့်ပမာ ထွက်မလာနိုင်ခဲ့ပါပေ။

ထိုနှစ်က သူမ၏ယောက်ျား မည်သည့်အကြောင်းကြောင့် ကြယ်တာရာသို့ တစ်ယောက်တည်း လာခဲ့ရသည်ကို သူမ သိခဲ့သည်။ သူမ၏ယောက်ျားသည် မိသားစုမှ နှင်ထုတ်ခံလိုက်ရပြီး ထိုနှစ်မှာပင် သူမသည်လည်း ရွာမှ ထွက်လာကာ ကြယ်တာရာရှိ ဆေးရုံတစ်ခုတွင် သူနာပြုတစ်ယောက်အဖြစ် လုပ်ကိုင်နေသည့်အချိန်လည်း ဖြစ်သည်။ ထိုအချိန်တွင် ထန်ယွင်သဲ့အား ဂရုစိုက်မည့်သူတစ်ယောက်မျှ မရှိချေ။ အချိန်တွေ ကြာလာသည်နှင့်အမျှ သူတို့နှစ်ယောက်သည် ချစ်ကျွမ်းဝင်သွားကြပြီး အတူနေထိုင်ခဲ့ကြသည်။

သူမတွင် ကိုယ်ဝန်ရှိလာခဲ့သော်လည်း လက်ထပ်စာချုုပ် မရှိခဲ့ချေ။ သူမ၏ယောက်ျားမှ သူ၏အစစ်အမှန်ဘဝအား သူမကို ပြောပြခဲ့ပြီး ထိုအချိန်က ထန်မိသားစုတွင် ကြီးမားသောဘေးတစ်ခု ကြုံတွေ့နေကြောင်းလည်း သူမ သိခဲ့ရသည်။ ထန်ကောရှန့်သည် အခြေအနေများက တွန်းအားပေးခြင်းကို ခံရပြီး သူမ၏ယောက်ျားအား မိသားစုမှ နှင်ထုတ်ခဲ့ရသည့်အပြင် သားအဖကြားမှ ဆက်ဆံရေးကို ဖြတ်တောက်ကြောင်း ကြေညာခဲ့ရပေသည်။

ပထမတွင် သူမ၏ယောက်ျားက ဒေါသတကြီးဖြစ်ကာ မိသားစုနှင့်အဆက်အသွယ်အားလုံးအား ဖြတ်တောက်ပစ်ခဲ့သည်။ သို့သော် သူမတွင် ကိုယ်ဝန်ရှိလာသောအခါ ပျော်ရွှင်စိတ်လှုပ်ရှားမှုနှင့်အတူ ထန်ကောရှန့်အား ပြန်ခေါ်ခဲ့သည်။ သူမသည် ထန်ကောရှန့်အား လူကိုယ်တိုင် တွေ့ဖူးသည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်သည်။ ထို့ကြောင့် သူ့အား အဖေအဖြစ် ချက်ချင်း ခေါ်ရန်မှာ အခက်အခဲရှိပေသည်။

ထန်ကောရှန့်က မချိပြုံး ပြုံးလိုက်ကာ

“ယွမ်လေး…ဒီလိုခေါ်ဖို့ မင်းအတွက် အနေရခက်မယ်ဆိုတာ ငါ သိပါတယ်။ သို့သော်လည်း မင်းက ငါ့သားရဲ့ဇနီးဖြစ်သလို ထန်တွေရဲ့သွေးစီးဆင်းနေတဲ့ သားတစ်ယောက်ကိုလည်း မွေးဖွားခဲ့ပြီးပြီ။ မင်း စိတ်ဆန္ဒမပါဘဲ ငါ့ကို ယောက္ခမအဖြစ် အသိအမှတ်ပြုဖို့ မင်းကို တွန်းအားမပေးချင်ဘူး။ အနာဂတ်မှာ မင်းတို့သားအမိ၂ယောက်ကို အထောက်အကူပေးနိုင်ဖို့အတွက်ပဲ မျှော်လင့်မိရုံပါ။”

စုလင်းယွမ်က ခေါင်းကို မော့လိုက်ပြီး ထန်ကောရှန့်အား ကြည့်ကာ ပြောလိုက်သည်။

“ကျွန်မ ယွင်သဲ့ကို တွေ့ချင်တယ်။”

ထန်ကောရှန့်က တုံ့ဆိုင်းခြင်းအလျဉ်းမရှိဘဲ အဖြေပေးသည်။

“ငါ ဒီနေရာကို လာရတဲ့အကြောင်းရင်းကလည်း မင်းတို့သားအမိ၂ယောက်ကို ပေကျင်းကို လိုက်ခဲ့ဖို့ ဖိတ်ချင်လို့ပါ။ ဒီကို မလာခင် မင်းရဲ့အမေလည်း ဒဏ်ရာရထားတယ်လို့ သိခဲ့ရတယ်။ မင်း ဆန္ဒရှိရင် အမေ့ကိုပါ ခေါ်ခဲ့လို့ရတယ်နော်။”

စုလင်းယွမ် ထန်ရှုအား လှည့်ကြည့်သည်။

ထန်ရှုက တည်ငြိမ်သော အမူအရာဖြင့်

“အမေ ပေကျင်းကို သွားချင်တာ သူ့ကို တွေ့ချင်လို့ပါ။ ဒါပေမယ့် ပေကျင်းမှာ ကျွန်တော်တို့မိသားစု ပိုင်ဆိုင်တာ ဘာမှမရှိဘူးလေ။ ကျွန်တော်တို့က တစ်မိသားစုတည်းဆိုတဲ့အမှန်တရားအတွက် အဖိုးက သူ့ကို ကြည့်ခွင့်ပြုတယ်ဆိုပေမယ့် ထန်မိသားစုက ကျွန်တော်တို့အတွက် သူစိမ်းတွေထက် ဘာမှမပိုပါဘူး။။”

***

All Chapters