ထန်မိသားစုဝင်များ
Vol. 06 Ch. 262
ထန်ကောရှန့်က ထန်ရှုအား အေးချမ်းစွာ ကြည့်ကာ သူ၏မျက်ဝန်းအိမ်အတွင်းတွင် ဉာဏ်အလင်းတစ်ချက် ဖြတ်သန်းသွားသည်။ သူ၏ဘဝတွင် မရေမတွက်နိုင်သော အခက်အခဲအမျိုးမျိုးအား တွေ့ကြုံခဲ့ရပြီး လူတွေ၏အကျင့်စရိုက်အား အကဲဖြတ်ရာတွင် လွဲမှားသည်က နည်းပေသည်။ ထို့ကြောင့် ထန်ရှု၏အကျင့်စရိုက်အား စကားအချို့နှင့်ပင် သူသည် ပိုင်းခြားသိမြင်ပေသည်။ သို့သော် ထန်ရှု၏မှတ်ချက်စကားအတွက် သူ စိတ်မဆိုးချေ။ အခြားသူများသာ သူ့အား သည်ကဲ့သို့သာ ပြောဆိုရဲပါက သူ၏ဒေါသများ ပေါက်ကွဲပြီးဖြစ်လိမ့်မည်။ သို့သော် ထန်ရှုကိုမူ သူ အများကြီး မျှော်လင့်ထားပေသည်။
“ထန်ရှု…မင်းအဖေကို မင်းကုနိုင်ရင် သူသွားချင်တဲ့နေရာကို သွားနိုင်သွားလိမ့်မယ်။ မင်း သူ့ကို မကုနိုင်လို့ ကြယ်တာရာကို ပြန်ခေါ်သွားဖို့ ရည်ရွယ်ထားရင်လည်း ငါ သဘောတူမှာပါ။ ဒါပေမယ့် အခြေအနေတစ်ခုတော့ ရှိတယ်။ ကြယ်တာရာက ဆေးကုသမှုပံ့ပိုးနိုင်မှုတွေက ပေကျင်းကိုတော့ ယှဉ်နိုင်မှာမဟုတ်တဲ့အတွက် သူနဲ့အတူ အထူးကုဆရာဝန်တွေ၊ ကျွမ်းကျင်ဆေးဝန်ထမ်းတွေကိုတော့ ငါ ထည့်ပေးရလိမ့်မယ်။”
“မင်းရဲ့အခုမှတ်ချက်စကားအတွက် မင်းရင်ထဲမှာရှိတဲ့ အမျက်ဒေါသကို ငါ ကောင်းကောင်း သဘောပေါက်ပါတယ်။ ဒါကလည်း မင်းတို့ကို တွေ့အောင်မရှာနိုင်တဲ့ ငါ့အမှားတွေမို့လို့ မင်းတို့သားအမိကို အခက်အခဲနဲ့ ဒုက္ခတွေ ကြုံတွေ့ခံစားရစေတယ်။ ဒါပေမယ့် မင်းရဲ့မျိုးရိုးနာမည်က ထန်၊ မင်းဆီမှာ ထန်သွေးတွေ စီးဆင်းနေသလို ထန်မိသားစုကလည်း မင်းရဲ့မိသားစုပဲ။”
ထန်ရှု အေးစက်စွာ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ထပ်မပြောတော့ချေ။
ထန်မင်သည် ထန်ရှုအား ကြည့်လိုက်ပြီး တစ်ဖန် စုလင်းယွမ်အား ကြည့်ကာ အပြုံးဖြင့် စကားဆိုလိုက်သည်။
“ဒုတိယယောင်းမ… ကျွန်မတို့နဲ့ ပေကျင်းကို သွားသင့်တယ်လို့ ကျွန်မ ထင်တယ်။ အစ်ကိုက ကျွန်မတို့မိသားစုအကြောင်းလည်း အစ်မကို ပြောပြပြီးလောက်ပြီလို့လည်း ကျွန်မ ယုံတယ်လေ။ ထန်တွေက ချမ်းသာကြွယ်ဝပြီး သြဇာအာဏာရှိတယ်ဆိုပေမယ့် လူကြီးတွေက သားသမီးတွေရဲ့အိမ်ထောင်ရေးမှ ဘယ်တော့မှ ဝင်မစွက်ဖက်တာမို့ အစ်မကို အထင်သေးကြမှာမဟုတ်ပါဘူး။ အတိတ်တုန်းက အဖေကိုယ်တိုင်လည်း ကြယ်တာရာကို အပြေးလာပြီး ရက်အတော်ကြာအောင် နေခဲ့ပါသေးတယ်။ ဒုတိယအစ်ကိုက နှစ်ပေါင်းများစွာ သတိလစ်မေ့မျောနေတာတောင် အစ်ကိုကြီးက ယောင်းမကို ရှာဖို့ ကြယ်တာရာကို အချိန်ယူပြီးလာခဲ့တယ်။”
ထိုသို့ပြောနေရင်း ထန်မင်က စုလင်းယွမ်ဆီသို့ လျှောက်သွားကာ သူမ၏လက်အစုံအား ဆုပ်ကိုင်လျက် နာကျင်နေသော အမူအရာဖြင့်
“ဒုတိယယောင်းမ… ဒီနှစ်တွေအတွင်း အမေ့စိတ်ထဲမှာ အနှောင့်အယှက်အပေးဆုံးအတွေးတစ်ခုရှိနေတာ သိလား။ သူမရဲ့မြေးလေးတစ်ယောက် အပြင်ဘက်မှာ ပျောက်ဆုံးနေတယ်ဆိုတဲ့အတွေးပါပဲ။ လူတွေက ဒုတိယအစ်ကိုကို ညွန်းဆိုကြတဲ့အချိန်ဆိုရင် သူမ ချစ်တဲ့သားအတွက်ရော ပျောက်ဆုံးနေတဲ့ မြေးလေးကို လွမ်းတဲ့အတွက်ရော မျက်ရည်ကျရပါတယ်။”
“ငါ…”
စုလင်းယွမ်၏နှလုံးသားအတွင်းတွင် နွေးထွေးသောခံစားမှုတစ်ခု ဖြစ်ပေါ်လာကာ တုန်ရီနေလျက်ရှိသည်။ ထန်မိသားစုအပေါ်တွင် ထားရှိသော သူမ၏အမျက်ဒေါသများသည် အတန်ပင် လျော့နည်းသွားခဲ့လေပြီ။ သည်နှစ်များအတွင်းတွင် သူမ၏ယောကျ်ားအား ရှာဖွေရန် အမြဲပင် တွေးတောနေသကဲ့သို့ ထန်မိသားစုသည်လည်း သူမတို့သားအမိအား ထိုကဲ့သို့ တူညီသော အတွေးရှိနေသည်ကို သိခဲ့ရပြီဖြစ်သည်။
ထန်မင်က ဆက်ပြောသည်။
“ဒုတိယယောင်းမ… ကျွန်မတို့နဲ့ အခုပဲ ပေကျင်းကို လိုက်ခဲ့ပါတော့နော်။ ကျွန်မတို့တွေရဲ့မိသားစုက အဲ့ဒီမှာ ရှိတာပါ။ မိဘတွေနဲ့ အတူမနေချင်ဘူးဆိုရင်လည်း အစ်မတို့အတွက် အိမ်တစ်လုံးသတ်သတ် ဝယ်ပေးမယ်လေ။ ကျွန်မတူလေး စာသင်ကြားချင်တယ်ဆိုရင် ပေကျင်းတက္ကသိုလ်မှာ သူ တက်ရောက်သင်ကြားနိုင်ပါတယ်။ အစ်မတို့လိုတာ အကုန်ဖြည့်ဆည်းပေးသွားမှာပါ။”
စုလင်းယွမ် ပါးစပ်အဟောင်းသားဖြစ်သွားကာ ထန်ရှုအား ကူပြီးပြောပေးရန် ကြည့်လိုက်သည်။
ထန်ရှုက မျက်နှာသေဖြင့်
“ကျွန်တော် စိတ်မကောင်းပါဘူး။ ကျွန်တော်တို့ ပေကျင်းမှာ အခြေချမှာမဟုတ်သလို ထန်မိသားစုအရောင်နဲ့ ပါးပြောင်တဲ့အဖြစ်ကိုလည်း မလိုချင်ပါဘူး။ ကျွန်တော့်ရဲ့ပိုင်ဆိုင်မှုက ထန်မိသားစုကို မယှဉ်နိုင်ပေမယ့် ကျွန်တော်တို့သားအမိ၂ယောက်အတွက်တော့ ချမ်းသာတဲ့ဘဝလေးရရှိဖို့ လုံလောက်ပါတယ်ဗျာ။”
စုလင်းယွမ်ကလည်း ခေါင်းညိတ်လိုက်ပြီး
“ဟုတ်ပါတယ်။ ဒီမှာ ကျွန်မတို့အတွက် ကောင်းမွန်တဲ့ဘဝလေးတစ်ခုရှိနေပြီလေ။ ရှုအာကလည်း အရွယ်ရောက်လာပြီဆိုတော့ အစွမ်းအစအချို့ရှိလာပြီဖြစ်သလို ကျွန်မရဲ့စားသောက်ဆိုင်စီးပွားရေးကလည်း အတော်ကောင်းနေပါပြီ။ အဲ့ဒါမို့ ပေကျင်းမြို့တော်မှာ အခြေချဖို့ စိတ်ကူးမရှိပါဘူး။”
ထန်ကောရှန့်က လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“ယွမ်လေး…ထန်ရှု… မင်းတို့ ဘယ်နေရာမှာပဲ နေချင်နေချင် ငါ ခွင့်ပြုမှာပါ။ ဒါပေမယ့် ငါ့ရဲ့လုပ်နိုင်စွမ်းအတွင်းမှာ ရှိတဲ့ မင်းတို့လိုအပ်သမျှကို လွတ်လွတ်လပ်လပ် ငါ့ကို ပြောပြနိုင်တယ်။ ငါတို့ထန်မိသားစုရဲ့ ပစည်းဥစ္စာ ကြီးကြီးမားမား ထိခိုက်သွားမယ်ဆိုရင်တောင်မှ ငါ လုပ်ပေးမှာပဲ။ ထန်မိသားစုက မင်းတို့သားအမိ၂ယောက်အပေါ်မှာ တာဝန်မကျေခဲ့ရတော့ အခုကစပြီး ငါတို့တတွေ ဖြည့်ဆည်းပေးသွားမယ်။”
ထန်ရှု အံ့အားသင့်သွားသည်။ မယုံကြည်နိုင်သောအမူအရာတစ်ချက် သူ၏မျက်ဝန်းထဲတွင် ဖြတ်ပြေးသွားသည်။ ထန်ကောရှန့်သည် ထိုကဲ့သို့ လိုက်လျောမှုတစ်ခုအား ပြုလုပ်ပေးလိမ့်မည်ဟု ထန်ရှု မထင်ထားမိချေ။ ထိုခဏတွင် သူ၏ရင်ထဲတွင် တင်းကျပ်စွာ ပိတ်ထားသော အစိုင်အခဲသည် အနည်းငယ် ကျေပျက်လာပြီး ထန်မိသားစုနှင့် နီးစပ်မှုရှိလာသည်ဟုပင် ခံစားမိရသည်။
“ပစ္စည်းတွေကို အထဲသယ်ခဲ့ပါ။”
ထန်မင်သည် ခြံပေါက်ဝဆီသို့ လှမ်းအော်လိုက်ပြီး စုလင်းယွမ်ဘက်လှည့်ကာ အပြုံးဖြင့် ပြောလိုက်သည်။
“ဒုတိယယောင်းမ…အဖေက အစ်မရဲ့အမေ ထိခိုက်ထားတယ်လို့ ကြားတော့ ကျန်းမာရေးအထောက်အပံ့ဖြစ်စေမယ့်အရာတွေကို အထူးပြင်ဆင်ခိုင်းလာတာ။ ကျွန်မတို့ရဲ့ပထမဆုံး တွေ့ဆုံမှုလည်း ဖြစ်နေတော့ ဓလေ့ထုံးတမ်းတွေကို ဂရုမစိုက်ဘဲ မနေနိုင်ဘူးလေ။ ချင်ဟီဒေသဒုဆေးရုံအုပ် ပျောက်နေတာကလွဲပြီး ဒဏ်ရာရအောင် လုပ်ခဲ့တဲ့သူတွေကတော့ ချက်ချင်းအပြစ်ပေးခံရလိမ့်မယ်။”
ခြံဝင်းအပြင်ဘက်တင်ရှိသော သက်တော်စောင့်၄ယောက်သည် တစ်ဒါဇင်ခန့်ရှိသော သေတ္တာများအား အမြန်သယ်လာသည်။
“ဒါ…” စုလင်းယွမ်တစ်ယောက် သတိလက်လွတ်ဖြစ်ကာ မည်သို့တုံ့ပြန်ရမည်မသိဖြစ်သွားသည်။
ထန်ရှုက ဖျော့တော့စွာ ပြောလိုက်သည်။
“အမေ…သူတို့က ကောင်းမွန်တဲ့ရည်ရွယ်ချက်ကို ပြပြီးတာမို့လို့ ကျွန်တော်တို့ ဒါကို လက်ခံရလိမ့်မယ်။ ကိုယ့်ကို ပြုံးပြနေတဲ့လူတွေကိုတော့ မရိုက်သင့်ဘူးလေ။ ကျွန်တော်တို့ကို ဒုက္ခပေးဖို့ ရှာတာမဟုတ်တာမို့ ကျွန်တော်တို့ လျစ်လျူမရှုသင့်ဘူး။ အိမ်ထဲပေးဝင်လိုက်ပါဦး။”
စုလင်းယွမ် အသိဝင်လာပြီး အလျင်အမြန် ပြောလိုက်သည်။
“အာ…ဒုက္ခရှာလို့ ညီမရယ် အားနာလိုက်တာ။ အထဲဝင်ပါဦး။ အမေက အထဲမှာ ရှိပါတယ်။”
ခဏအကြာတွင် ထန်ကောရှန့်နှင့် ထန်မင်သည် ကျန်းရှီနှင့်တွေ့ဆုံကြသည်။ သူတို့မည်သူဖြစ်မှန်း သိသိချင်း ပထမတွင် ကျန်းရှီက အော်ငေါက်ပြောဆိုခဲ့သော်လည်း အဖြစ်အပျက်တစ်ခုလုံးသိသွားပြီးသည့်နောက်တွင် ဝမ်းသာပျော်ရွှင်မှုဖြစ်ခဲ့ရသည်။ သမီးဖြစ်သူအတွက် ပျော်ရွှင်ရသလို သားမက်ဖြစ်သူ အသက်ရှင်နေသေးသည်ကို သိရသည့်အတွက် စိတ်လှုပ်ရှားခဲ့ရလေသည်။
“ရှုအာ… သားရဲ့ဆေးပညာကျွမ်းကျင်မှုက အရမ်းတော်တယ်ဆိုတာ အဖွားသိတာမို့ မင်းအဖေကို မင်း ကုပေးရမယ်။ သူ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေရတာ အကြောင်းရင်းများစွာ ရှိနေတာဆိုတော့ သား အဖေ့ကို အပြစ်မတင်ပါနဲ့တော့။ ပေကျင်းကို သွားပြီး အဖေ့ကို ကုသပေးပါ။ အဖွား သက်ရှိထင်ရှားရှိနေတုန်း ငါ့သားမက်လေးကို တွေ့သွားချင်တယ်။”
ကျန်းရှီက အခြေအနေအရပ်ရပ်ကို သိသွားပြီးသည့်အခါ ထန်ရှုအား ခေါ်ပြီး အကြံပေးလာသည်။
“ကျွန်တော် အကောင်းဆုံး ကြိုးစားပါမယ် အဖွား။” ထန်ရှု ခေါင်းညိတ်သည်။
၁၀မိနစ်ကြာပြီးနောက် စုလင်းယွမ်သည် အထုပ်အပိုးများ ပြင်ဆင်ပြီးသွားပြီဖြစ်သောကြောင့် ခြံဝင်းထဲမှ အားလုံး ထွက်လာကြသည်။
“ရှေ့ကမောင်းပြီး လမ်းပြပေးပါ။ အမေက ကျွန်တော့်ကားနဲ့လိုက်လာလိမ့်မယ်။” ထန်ရှုက သူတို့၏ခရီးဆောင်အိတ်များအား ကားနောက်ဖုံးခန်းထဲတွင် ထည့်ရင်း ထန်ကောရှန့်နှင့် အခြားသူများအား ပြောလိုက်သည်။
ထန်မင်က လျင်မြန်စွာ ပြောလိုက်သည်။
“ငါလည်း နင့်ကားနဲ့လိုက်မယ်။ လမ်းမှာ ဒုတိယယောင်းမနဲ့ စကားပြောသွားရအောင်လို့။”
စုလင်းယွမ်၏မျက်နှာထက်တွင် အပြုံးတစ်ချက်ပေါ်လာပြီး “ကောင်းသားပဲ။”
ထန်ရှု သူမအား မဟန့်တားပါချေ။ စုလင်းယွမ် ဘာလုပ်လုပ် သူက ဆန့်ကျင်မည်မဟုတ်ချေ။ ကားထဲထိုင်ပြီးနောက် ကားနောက်ခန်းတွင် ထန်မင်သည် သူ့အမေ၏လက်မောင်းအား ချစ်မြတ်နိုးစွာ ကိုင်လျက် နှစ်ယောက်သား စကားပြောနေကြသည်ကို ထန်ရှု မြင်နေရသည်။ ထို့နောက် သူသည် ကားစက်နှိုးကာ အနက်ရောင်အော်ဒီကား၂စီးနောက်သို့ အမြန်နှုန်းဖြင့် လိုက်ပါသွားပြီး မြောက်အရပ်သို့ ဦးတည်မောင်းနှင်လိုက်တော့သည်။
ပေကျင်း…နာမည်ကြီး ဥယျာဉ်အိမ်ရာဝင်း…
ထိုအချိန်တွင် ထန်မိသားစုတွင် တတိယအကြီးဆုံးဖြစ်သူ ထန်ကောရှို့သည် သူ၏လက်ထဲရှိ သတင်းအချက်လက်အား ဖတ်နေသည်။ သူ၏အရှေ့တွင် ကြယ်တစ်ပွင့်၊ နှစ်ပွင့် ပခုံးထက်တွင် တင်ထားသော စစ်ဝတ်စုံဖြင့် သက်လတ်ပိုင်းလူနှစ်ယောက်သည် ဖြောင့်မတ်စွာ ရပ်နေသည်။
“ဘန်း…”
တံခါးသည် အားဖြင့် ဆောင့်ဖွင့်ခြင်း ခံလိုက်ရပြီး ထန်ကောရှို့၏သား ထန်ယွင်ချင်သည် အတွင်းသို့ အပြေးဝင်လာသည်။ အသက်အား အမောတကော ရှူလိုက်ပြီး သူက အော်ပြောလိုက်သည်။
“အဖေ…ကိစ္စကြီးတစ်ခု ဖြစ်ပြီ။”
ထန်ကောရှို့ မျက်မှောင်ကြုပ်သွားကာ အေးစက်စွာ နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။
“ကောင်းကင်ကြီး ပြိုကျနေရင်တောင်မှ ထိုက်တောင်ကြီးလိုမျိုး တည်ငြိမ်ပြီး လေးစားမှုရှိသင့်သေးတယ်။ အခု မင်းကိုယ်မင်း ကြည့်စမ်း။ ဒီလိုမျိုး မသင့်မလျော်လုပ်နေတာ ဘာကြောင့်လဲ။”
ထန်ယွင်ချင် ရေးကြီးသုတ်ပျာ ပြန်ဖြေသည်။
“မဟုတ်ဘူး အဖေ။ ဒီဟာက တကယ်ပဲ အရမ်းကို အရေးကြီးတဲ့ကိစ္စပါ။ ဦးလေးနဲ့ အခြားသူတွေ ပေကျင်းကို အလျင်စလို ပြန်လာနေကြပြီ။ အစ်ကိုအကြီးဆုံးဆီကလည်း ဖုန်းလာတယ်။ ၄နာရီအတွင်း ဘိုးဘေးအဆောက်အအုံကို အမြန်လာခဲ့ပါတဲ့။”
ထန်ကောရှို့ အူကြောင်ကြောင်ဖြစ်သွားရပြီး
“ငါတို့က ဘိုးဘေးအဆောက်အုံကို အလျင်စလို သွားဖို့လိုတာလား။ ယွမ်ဖန်းက ဘာတွေဖြစ်လဲလို့ ပြောသေးလား။”
ထန်ယွင်ချင်က ပြောသည်။
“ဒုတိယအစ်ကိုကြီးရဲ့သားကို ရှာတွေ့ပြီတဲ့။ အခု ရှာတွေ့ခဲ့တဲ့ သားအမိ၂ယောက်နဲ့အတူ ပေကျင်းကို ပြန်လာနေကြတယ်။ အရေးကြီးဆုံးက ဦးလေး ဒီတစ်ခေါက် ကြယ်တာရာကို တိတ်တဆိတ်သွားပြီး နတ်ဆေးသမားတော်ထန်ကို ရှာခဲ့တာ အဲ့ဒီပြောနေကြတဲ့ နတ်ဆေးသမားတော်က ဒုတိယအစ်ကိုကြီးရဲ့သား ထန်ရှုပဲတဲ့။”
“ဘာ…”
ထန်ကောရှန့် အမူအရာပြောင်းသွားကာ မျက်ဝန်းထဲတွင် အရောင်တစ်ချက်လက်သွားသည်။ သူ၏တူအရင်းဖြစ်သူမှ မွေးသောသားအား ရှာတွေ့လိမ့်မည်ဟု သူ ထင်မထားမိချေ။ မိသားစု၏အမျိုးသမီးကြီး ဒီနှစ်များတွင် သတိရနေရသော၊ မိသားစု၏အပြင်ဘက်တွင် နေထိုင်သော မြေးလေးသည် သေသလား ရှင်သလား သူတို့ မသိခဲ့ရပေ။
“သိပ်ကောင်းတယ်။ ယွမ်ချင် … ကျန်တဲ့လူတွေကိုပါ မြန်မြန်သွားပြောလိုက် ဘိုးဘေးအဆောက်အဦးကို ၄နာရီအတွင်း အမြန်သွားရမယ်လို့။ ပျောက်ဆုံးနေတဲ့ မြေးလေးက နတ်ဆေးသမားတော် ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ သူသာ ယွမ်သဲ့ရဲ့ရောဂါကို ကုသပေးနိုင်ရင်…”
ထန်ကောရှို့၏အတွေးသည် ထိုနေရာသို့အရောက်တွင် ပိုမိုစိတ်လှုပ်ရှားသောအရိပ်အယောင်များ သူ၏မျက်နှာထက်တွင် ပေါ်လာခဲ့သည်။
ထန်ယွင်ချင် အမြန်ပြောလိုက်သည်။ “အဖေ…ကျွန်တော် လူတိုင်းကို ချက်ချင်း သွားပြောလိုက်ဦးမယ်။”
ပေကျင်း…တော်ဝင်နဂါးကလပ်…
ထန်ဝေသည် ကြည်လင်သော ပုလင်းတစ်လုံးအား ကိုင်လျက် ဝိုင်နီအား သောက်သုံးနေသည်။ သူ၏ဘေးပတ်လည်တွင် လူရွယ်၂ယောက်သည် ဆွဲဆောင်မှုရှိသော မိန်းကလေးတစ်ယောက်စီအား ပွေ့ဖက်ကာ သောက်စားရင်း ကျီစယ်နေကြသည်။ ထိုလူရွယ်၂ယောက်အနက် တစ်ယောက်သည် ဇောင်လုဖြစ်ပြီး အခြားတစ်ယောက်မှာ ကျန်းဟုန်နျန်ဖြစ်သည်။ သူတို့၂ဦးသည် ပေကျင်းမြို့တော်၏မိသားစုကြီးများမှ မျိုးဆက်များဖြစ်ကြပြီး ထန်ဝေနှင့် ငယ်စဉ်ကတည်းက ပေါင်းလာသော သူငယ်ချင်းကောင်းများ ဖြစ်ကြသည်။
“ဘန်း…”
အထူးခန်း၏တံခါးသည် အပြင်မှ ကန်ဖွင့်ခြင်းကို ခံလိုက်ရပြီး ဂါဝန်လေးနှင့် ချစ်စရာ မိန်းကလေးတစ်ဦးသည် အတွင်းသို့ ပြေးဝင်လာခဲ့သည်။ ဆိုဖာပေါ်တွင် ထိုင်နေသော လူများအား သူမ မြင်သောအခါ၊ အထူးသဖြင့် ထန်ဝေအား ဆွဲဆောင်မှုရှိသည့် မိန်းကလေးနှစ်ဦးမှ အဖော်လုပ်ပေးနေသည်ကို မြင်သောအခါ သူမ၏အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ လူတိုင်း၏အံ့အားသင့်နေသော အကြည့်အောက်တွင် ထန်ဝေဆီသို့ ဒုန်းစိုင်းသွားကာ ထန်ဝေ၏လက်မောင်းအား ဆုပ်ကိုင်လိုက်ပြီး အမြန်ပြောလိုက်သည်။
“အစ်ကိုကြီး မြန်မြန်လာ။ အဖိုးက အမိန့်ထုတ်ထားတယ် မိသားစုဝင်အားလုံး ဘိုးဘေးအဆောက်အဦးကို လာရမယ်တဲ့။ သမီးတို့မှာ ကိစ္စကြီးတစ်ရပ်ရှိနေပြီ။”
ထိုအရာသည် ပျော်ရွှင်စရာနှင့် စိတ်ကသိကအောက်နိုင်စရာ ဖြစ်နေမှုကြောင့် ထန်ဝေ စိတ်လွတ်သွားရသည်။
သူသည် မျက်လုံးပြူးပြကာ ပြန်ပြောလိုက်သည်။
“ထန်ထန်… ကောင်းကင်ကြီး ပြိုကျခဲ့ရင်တောင် ငါတို့ခေါင်းပေါ်မှာ အထပ်တစ်ခုရှိသေးတယ်။ ဘာအတွက် စိတ်လှုပ်ရှားနေရတာတုန်း။ နောက်ပြီး အဖိုးက မြို့ပြင်ထွက်သွားတာမဟုတ်လား။ ဘာကိစ္စတွေ ဖြစ်လာလို့လဲ။ အာ..ဟုတ်သားပဲ။ ငါ ဒီနေရာမှာ ရှိမှန်း နင် ဘယ်လိုသိသွားတာလဲ။”
ထန်ထန်သည် သူ့အား အခန်းအပြင်ဘက်သို့ အမြန်ဆွဲထုတ်လာပြီး အလျင်စလို ပြောလိုက်သည်။
“ဘယ်လိုသိလဲက အရေးမကြီးပါဘူး။ သမီးနဲ့ အခုလိုက်ခဲ့။ ဒုတိယဦးလေးရဲ့သားကို ရှာလို့တွေ့သွားပြီ။ အခု အဖိုးနဲ့ ပေကျင်းကို ပြန်လာတဲ့လမ်းမှာ ရှိနေတယ်။ မြန်မြန် အစ်ကိုကြီး။ သမီးတို့နောက်ကျနေပြီး အဖိုးလာတဲ့အချိန်မှာ သမီးတို့ မရောက်သေးရင် အဖိုး စိတ်ဆိုးလိမ့်မယ်။”
ဒုတိယဦးလေးရဲ့သားဟုတ်လား။
ထန်ဝေ ကြက်သေ သေသွားပြီး သူ၏အမူအရာသည် ရုတ်ခြည်းပင် ပြောင်းလဲသွားသည်။
သူသည် ထန်ထန်ကိုင်ထားသည်ကို ဖြုတ်လိုက်ပြီး အခန်းတွင်းသို့ ပြန်ဝင်သွားခဲ့သည်။ သူက ဇောင်လုနှင့် ကျန်းဟုန်နျန်တို့အား ကြည့်ကာ ပြောလိုက်သည်။
“မင်းတို့လည်း ကြားလိုက်တယ်မဟုတ်လား။ အရေးကြီးတဲ့ကိစ္စရှိလို့ ငါ အိမ်ပြန်မှရမယ်။ မင်းတို့ ဒီမှာပဲ ဆက်နေချင်နေလေ။ ငါ အချိန်ရရင် မင်းတို့ကို လာရှာလိုက်မယ်။”
ဇောင်လုနှင့် ကျန်းဟုန်နျန်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြသည်။ ထန်ဝေ၏ဒုတိယဦးလေးသည် လွန်ခဲ့သော နှစ်၂၀ကတည်းက သတိလစ်မေ့မျောနေသည်ကို သူတို့လည်း သိပေသည်။
“အစ်ကိုကြီးထန်…သွားရအောင် မြန်မြန်။”
ပေကျင်း…PLA စစ်စခန်းတစ်ခုတွင်…
သံလွင်စိမ်းရောင် စစ်တန်းလျားအတွင်းတွင် အထူးတပ်ဖွဲ့၏ခေါင်းဆောင် ထန်နင်းသည် သေနတ်ပစ်ခြင်းအား ကွပ်ကဲလျက်ရှိသည်။ ထိုခဏတွင် စစ်ဝတ်စုံဖြင့် လူရွယ်တစ်ယောက်သည် ဖုန်းအား ကိုင်ကာ သူ့ဆီ ပြေးလာပြီး ပြောလိုက်သည်။
“ခေါင်းဆောင်…ဖုန်းလာနေပါတယ်။”
ထန်နင်းသည် ဖုန်းအား အမူအရာကင်းမဲ့စွာ ယူလိုက်ကာ လေးနက်သောအသံဖြင့် ဖြေလိုက်သည်။
“ထန်နင်း ပြောနေပါတယ်။”
“မိသားစုဘိုးဘေးအဆောက်အဦးကို ချက်ချင်းပြန်လာပါ။”
ထန်ယွင်ချင်၏အသံသည် ဖုန်းထဲမှ ထွက်ပေါ်လာသည်။
ထန်နင်း မျက်မှောင်ကြုပ်သွားပြီး
“စတုတ္ထဦးလေး…ကျွန်တော်က အဖွဲ့သားတွေကို လေ့ကျင့်ပေးနေတုန်းလေဗျာ။ ဘာကိစ္စများ ဖြစ်နေလို့ ဦးလေးက ဖုန်းထဲမှာ မပြောနိုင်ရတာတုန်း။”
“မင့်ဒုတိယဦးလေးရဲ့သားကို ရှာတွေ့ပြီ။ အခု ကြယ်တာရာကနေ ပြန်လာနေကြပြီ။”
“ဘာ…ကျွန်တော် အခုချက်ချင်း ပြန်လာခဲ့မယ်။”
***