← Chapters

လူတိုင်း ချက်ချင်း စုဝေးလာကြခြင်း

Vol. 06 Ch. 263

လူတိုင်း ချက်ချင်း စုဝေးလာကြခြင်း

Vol. 06 Ch. 263

ပေကျင်း…ဖဲဗျူးလမ်း…

ထန်ရင်သည် စားပွဲကြီးကြီးတစ်လုံးရှေ့တွင် မတ်တတ်ရပ်နေပြီး ဖြန့်ထားသော ပန်းချီကားတစ်ချပ်အား  အံ့သြတုန်လှုပ်စွာ ကြည့်နေသည်။ သူမ၏ဘေးတွင် မုဝမ်ရင်သည် ခပ်ဖွဖွပြုံးလျက်ရှိသည်။

“ပထမတော့ ကျွန်မ ထန်ရှုကို သိပ်မမျှော်လင့်ထားခဲ့ဘူး။ သူ ပြိုင်ပွဲကို လက်ခံလိုက်ရတဲ့အကြောင်းရင်းကလည်း ဟိုအကျင့်မကောင်းတဲ့အကောင်ရဲ့တောင်းဆိုမှုကို မလိုက်လျောချင်လို့လေ။ ဘယ်သူတွေးမိမှာလဲ ထန်ရှုက ပိုပြီး အရည်အချင်းရှိလိမ့်မယ်လို့။ ကျွန်မရဲ့ကံဆိုးမှုကနေ ကံကောင်းမှုဖြစ်သွားပြီး ဒီလိုတန်ဖိုးမဖြတ်နိုင်တဲ့ ပန်းချီကားတစ်ချပ်ကို လက်ဆောင်ရလာခဲ့သေးတယ်။”

အားကျမှုများနှင့်အတူ ထန်ရင်က လေးစားစွာ ချီးကျူးလိုက်သည်။

“ငါ မြင်ဖူးပြီးသဘောကျသမျှ အဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းပန်းချီကားတွေထဲမှာ ဒီပန်းချီကားကို ယှဉ်နိုင်တာ တစ်ခုမှ မရှိသေးဘူး။ ငါ့မှာ အခွင့်အရေးသာ ရှိခဲ့မယ်ဆိုရင် သူ့ကို ငါ့အတွက် ပန်းချီကားတစ်ချပ်ဆွဲပေးဖို့ တောင်းဆိုရမယ်။”

မုဝမ်ရင်က ခပ်ဖွဖွ ရယ်မောလိုက်ပြီး

“သူက ပန်းချီကားကို လွယ်လွယ်မဆွဲဘူးလို့ပြောဖူးတယ်။ သူရဲ့ပန်းချီဆွဲတဲ့နည်းစနစ်က နတ်ဘုရားဆန်တယ်လို့ ကျွန်မ ထင်မိပေမယ့်လည်း သူက ပန်းချီဆွဲတဲ့အပေါ်မှာ စိတ်အားမထက်သန်လှဘူး။”

ထန်ရင်က ပြောသည်။ “သူ ဘာတွေးနေလဲ နင် မသိပါဘူး။ ဒါပေမယ့် သူ့ရှေ့မှာ ငါ့အကြောင်း ကောင်းတာလေး ပြောပေးပြီး ကူညီပေးပါဟာ။”

“အဲ့ဒါမျိုးက အလုပ်ဖြစ်တယ်ဆိုရင် ကောင်းတာပေါ့။ ဒါပေမယ့်…ထန်ရှု အဲ့ဒီလူက အတော် ထူးဆန်းတယ်။”

မုဝမ်ရင်က မချိပြုံး ပြုံးကာ ပြောလိုက်သည်။

“ထူးဆန်းတယ်ဟုတ်လား။” ထန်ရင် အံ့အားသင့်သွားသည်။ “ဘယ်လိုမျိုးလဲ။”

မုဝမ်ရင်က နှင်းပန်းလေးကဲ့သို့ ဖြူဝင်းသွယ်လျသော လက်ကလေးအား မြှောက်ကာ သူမ၏ ဝင်းမွတ်မွတ် နဖူးထက်တွင် ဝဲကျနေသော လှပသည့်ဆံနွယ်လေးများအား ညင်သာစွာ သပ်တင်လိုက်သည်။ ထို့နောက် အမျိုးမျိုးသော ချစ်စရာကောင်းသည့်အမူအရာလေးများအား ပြသလျက် ပြုံးလိုက်ပြီး

“ကျွန်မ လှတယ်လို့ ထင်လား။”

“လှတယ်။တကယ်ကို လှတယ်။” ထန်ရင် ရွှင်မြူးစွာ ပြောလိုက်ပြီး သတိလက်လွတ်ဖြင့်

“ပေကျင်းရဲ့နံပါတ်တစ်မိန်းမလှလေးကို ဘယ်သူကများ မသိတာလဲ။ ပေကျင်းတစ်ခုလုံးရဲ့ အလှလေးတွေကြားမှာ ဝမ်ဝမ့်လိုအလှလေးနဲ့ နီးစပ်ချင်တဲ့သူ ပွေ့ဖက်ချင်တဲ့သူ ဘယ်သူကများ မရှိမှာမို့လို့လဲ။ ကမ္ဘာပေါ်မှာ ရှိတဲ့ ပုံမှန်လိင်စိတ်ရှိတဲ့ ယောကျ်ားတွေအားလုံး ဝမ်ဝမ့်ကို မလိုချင်တဲ့သူ ရှိမှာမဟုတ်ဘူးလို့ ငါ ပြောရဲတယ်။”

မုဝမ်ရင်က ချိုသာစွာ ရယ်လိုက်ပြီး

“ဒါပေမယ့် ထန်ရှုက အဲ့လိုမလုပ်ချင်တဲ့ တစ်ယောက်တည်းသောသူပဲ။”

“ဘာရီး။” ထန်ရင် ကြက်သေ သေသွားပြီး သူမ၏ခေါင်းအား ယမ်းလိုက်သည်။

“မဟုတ်တာ။ ငါတော့ မထင်ပါဘူး။ သူက ယောကျ်ားတစ်ယောက်မဟုတ်လို့နေမှာပေ့ါ နို့မို့ဆို ဝမ်ဝမ့်ကို သူ မမြင်ဘဲ နေမှာမဟုတ်ဘူး။”

မုဝမ်ရင်က ပြောသည်။

“ကျွန်မ သူ့ကို စမ်းသပ်ကြည့်ဖူးတယ်။ သူက အရမ်းကို တည့်တိုးဆန်တဲ့ အဖြေတစ်ခု ပေးလိုက်တယ်။ သူ ဘာပြောလိုက်လဲ အစ်မ သိလား။”

“သူက ဘာပြောလိုက်တာလဲ။” ထန်ရင်က စပ်စုလိုက်သည်။

“အဲ့ဒီတုန်းက ကျွန်မက သူ့ကို လိင်မှုကိစ္စမှာ ပြသနာရှိနေလို့လား ဒါမှမဟုတ် ကျွန်မက ဆွဲဆောင်မှု မရှိလို့လားလို့ဆိုပြီး မေးခဲ့တာ။” မုဝမ်ရင်က ပြုံးစစနှင့် ဆက်ပြောပြသည်။

“သူ ဘာပြောမလဲလို့ ခန့်မှန်းကြည့်။ သူက ပြောတယ် သူရဲ့လိင်မှုကိစ္စက ပုံမှန်ဖြစ်ပြီးတော့ ကျွန်မကသာ သူနဲ့အိပ်ဖို့ ဆန္ဒရှိရင် သူလည်း မငြင်းပါဘူးတဲ့။ ဒါပေမယ့် အဲ့ဒါက ဘာခံစားချက်မပါတဲ့ တစ်ညတာ သာယာမှုပဲဖြစ်လိမ့်မှာမို့ အလွန်ပျင်းစရာကောင်းပြီး အဓိပ္ပာယ်မရှိတဲ့အရာပါတဲ့။ အဲ့ဒါအပြင် ကျွန်မကလည်း သူ့ကို အနှောင့်အယှက်ပေးတယ်လို့ မခံစားရမယ့် မိန်းကလေးမျိုးပါတဲ့လေ။။”

ထန်ရင် မျက်လုံးပြူးသွားသည်။ ဟာသတစ်ပုဒ် ကြားရသည့်နှယ်ပင်။ သို့သော်လည်း မုဝမ်ရင်၏ဇာတ်လမ်းမှာ သူမအား အတော်ဆွဲဆောင်နေသောကြောင့် ထိုအမျိုးသား ပြောသည့် မနှောင့်ယှက်သည့် မိန်းကလေးအမျိုးအစားဆိုသည်ကို ကြားရန် မအောင့်အည်းနိုင်တော့ပေ။

မုဝမ်ရင်က စကားဆက်လိုက်သည်။

“သူ့ကို အနှောင့်အယှက်ပေးတယ်လို မခံစားရမယ့် မိန်းကလေးမျိုးက ကျွန်မလို အပျိုစင်လေးပါတဲ့။ သူက ဘာကိုမှ မကြောက်ပေမယ့် ကျွန်မရဲ့ပထမဆုံးအကြိမ်ကို ယူမိလိုက်ရင် ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ ဒုက္ခတွေကိုတော့ ကြောက်ပြီး အဲ့ဒါတွေက နောက်ပိုင်းမှာ အရမ်းကိုပြသနာများမယ့်အရာတွေတဲ့လေ။”

“ဖူး…ဟား…ဟား…ဟား…”

ထန်ရင် အောင့်အည်းထားပါသော်လည်း ရယ်မိသွားတော့သည်။

“သောက်ကျိုးနည်း…သူက တကယ့်ကို အတော်ထူးဆန်းတာပဲ။ ဒီစကားက ငါ့ဘဝတစ်လျှောက် ကြားဖူးသမျှတွေထဲမှာ အနက်ရှိုင်းဆုံးအရာပဲ။ ဒီခေတ်ကြီးထဲမှာ မိန်းကလေးတွေက သူတို့တတွေရဲ့အပျိုစင်ဘဝပေးတာကို မကြိုက်တဲ့ယောကျာ်းမျိုး ရှိပါ့မလား။ ဒီလူက တကယ်ကို ကောင်းတာပဲ။ သူက ဒုက္ခကို ကြောက်လို့ အပြစ်ကင်းဖြူစင်တဲ့ မိန်းကလေးကို မထိတွေ့ချင်ဘူးတဲ့လား။ တကယ်ကို သောက်ကျိုးနည်း…ပြောစရာစကားတောင် မရှိတော့ဘူး။”

မုဝမ်ရင်က သူမ၏နှုတ်ခမ်းလေးအား အုပ်ကာ အသံလွင်လွင်လေးနှင့် ရယ်လိုက်ရင်း ဖြည်းညှင်းစွာ ပြောပြသည်။

“ဒါပေမယ့် ကျွန်မ ခံစားမိတာက သူက အပျိုစင်လေးကို မထိချင်ဘူးဆိုတာ မထိချင်လို့မဟုတ်ဘူး။ တာဝန်မယူချင်လို့ မထိချင်တာ။”

“ဖြစ်နိုင်တာက သူက တာဝန်မဲ့တဲ့သူတစ်ယောက်လား။” ထန်ရင်က အံ့အားသင့်စွာ မေးသည်။

“အဲ့လို တာဝန်မဲ့တဲ့သူမျိုး မဟုတ်ဘူးလို့ ကျွန်မ ထင်တယ်။ သူက တာဝန်မယူချင်သေးတဲ့အတွက် အပျိုစင်လေးတစ်ယောက်ကို တာဝန်မဲ့စွာ သူ ထိချင်မှာမဟုတ်ဘူး။ ဆိုလိုချင်တာက သူ တာဝန်မယူနိုင်သေးဘူးဆိုရင် ဘယ်အပျိုစင်မိန်းကလေးရဲ့ပန်းဦးကို သူ ဆွတ်မှာမဟုတ်ဘူးလို့။”

ထန်ရင်၏မျက်နှာထက်မှ အပြုံးသည် ဖြည်းဖြည်းချင်း ကွယ်ပျောက်သွားသည်။ အချိန်အတန်ကြာသည့်တိုင် တိတ်ဆိတ်နေပြီးမှ သူမက လက်မကို ထောင်ပြကာ လေးစားသောအမူအရာဖြင့် ပြောလိုက်သည်။

“သောက်ကျိုးနည်း…ငါတော့ သူ့ကို တကယ်လေးစားမိသွားပြီ။ ကြည်ညိုသွားတယ်လို့တောင် ပြောလို့ရတယ်။ ပထမဆုံး သူက ဝမ်ဝမ့်ရဲ့ဆွဲဆောင်မှုအပေါ်မှာ စိတ်တည်ငြိမ်တယ်။ ဒုတိယ သူ တာဝန်မယူနိုင်သေးတာကို သိတဲ့အတွက် မိန်းကလေးတစ်ယောက်ကို လက်ဖျားနဲ့တောင် မထိဘူး။ ဒီလိုယောကျ်ားမျိုးက လုံးဝကို ယောကျ်ားကောင်းတစ်ယောက်ပဲ။”

ရုတ်တရက် သူမ၏မျက်နှာထက်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာပြီး မုဝမ်ရင်အား လက်ကလေးဆွဲကာ နှစ်ကြိမ်တိတိ  ပတ်ကြည့်လိုက်ပြီး ဝမ်းနည်းသွားသည့်ဟန်ဖြင့်

“ကျွတ်…ကျွတ်… မမျှော်လင့်ပဲ ပေကျင်းရဲ့နံပါတ်တစ်အလှပဂေးလေး မစ္စမုကတော့ အချစ်နတ်ဘုရားရဲ့ရိုက်ခတ်ခြင်းကို ခံလိုက်ရပြီပေါ့။ မငြင်းနဲ့။ ငါက ဝမ်ဝမ့်အကြောင်းသိတာပေါ့။ ဝမ်ဝမ်သာ သူ့ကို စိတ်မဝင်စားဘူးဆိုရင် သူ့ကို ဆွဲဆောင်ဖို့ ဘယ်တော့မှ ကြိုးစားမှာမဟုတ်ဘူးမလား။”

မုဝမ်ရင်၏ချစ်စရာကောင်းသော မျက်နှာလေးသည် ရှက်သွေးဖြာသွားရပြီး မျက်လုံးအဝိုင်းသားနှင့်ဆတ်ကနဲ ပြန်ပြောလိုက်သည်။

“ပေါက်ကရတွေ လျှောက်မပြောပါနဲ့။ လူကိုမောင်းထုတ်လိုက်တဲ့ သူ့ရဲ့စရိုက်ဆိုးကို ကျွန်မ သည်းမခံနိုင်ပါဘူး။ အစ်မ တွေးမိလား။ မိန်းကလေးတစ်ယောက်ကတောင် ယောကျာ်းလေးတစ်ယောက်နဲ့ အခန်းထဲ အတူရှိနေတာကို ဘယ်လိုမှ သဘောထားပေမယ့် သူက အဲ့ဒါကို ဆတ်ဆတ်အထိမခံပဲ ၂ယောက်တည်း မရှိသင့်ဘူးဆိုပြီး မောင်းထုတ်တယ်။ ကျွန်မက သူ့ကို တကယ်စိတ်ထားအစစ်အမှန်လား ဒါမှမဟုတ် သူတော်ကောင်းယောင်ဆောင်တာလားလို့ စမ်းသပ်ကြည့်ရုံပါနော်။”

ထန်ရင်က သူမအား စနောက်လိုသော အမူအရာဖြင့်

“ဆင်ခြေတွေ မပေးနဲ့ ကလေးမ။ ရှင့်ကို ငယ်ငယ်လေးကနေ အရွယ်ရောက်လာတဲ့အထိ ကျွန်မ သိပါတယ်နော်။ ဝမ်ဝမ့်နောက်ကို လိုက်နေတဲ့ ယောကျာ်းလေးတွေ ဘယ်လောက်များလဲ။ ဝမ်ဝမ့်ရဲ့အကြည့်လေးတစ်ချက်ရဖို့ အမျိုးမျိုးအဖုံဖုံ ကြိုးပမ်းနေကြတဲ့သူတွေ ဘယ်လောက်များလဲ။ ဒါပေမယ့် ရှင်…ရှင်လေးက သူတို့ကို အမြင့်ကနေပဲ ကြည့်ပြီး တစ်ချက်လေးမှ ဂရုမစိုက်ဘူးလေ။ ဒါပေမယ့် ဒီထန်ရှုက ရှင်လေးကို စိတ်ဝင်စားအောင် လုပ်ခဲ့တာပဲ။”

မုဝမ်ရင်က အမှားပြန်ပြင်ပေးလိုက်သည်။

“ကျွန်မက စိတ်ဝင်စားတယ်ရယ်လို့ မဟုတ်ပါဘူး။ သိချင်စိတ်လေးသက်သက်ပါပဲ။ အစ်မရော သူ့အကြောင်း သိချင်စိတ်မဖြစ်ဘူးလို့ မပြောနဲ့နော်။ သူက သိုသိုသိပ်သိပ်နေပေမယ့်လည်း ကြီးကျယ်တဲ့အစွမ်းအစတွေ ပိုင်ဆိုင်ထားတဲ့ လူငယ်တစ်ယောက်ဆိုတော့ လူတွေကို ကြက်သီးမွှေးညှင်းထစေတယ်။”

ထန်ရင် တုံ့ဆိုင်းသွားပြီးမှ ရယ်မောလိုက်ရင်း

“ငါ ဝမ်ဝမ်ဆီက အဖြစ်အပျက်လေး ကြားပြီးတဲ့နောက်မှာတော့ တကယ့်ကို သူ့အကြောင်း အတော်သိချင်မိပါရဲ့။ ဒါပေမယ့် ဝမ်ဝမ်နဲ့တော့ ကွဲပြားခြားနားတယ်။ ဝမ်ဝမ်က သူ့ရဲ့ဆွဲဆောင်မှုကို ခံလိုက်ရတာ။ ငါက ဝမ်ဝမ်ဆီက သူ့အကြောင်းကို တစ်ဆင့်စကား ကြားရတာလေးပဲ။ မိန်းမလှလေးရေ… မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်အကြောင်းကို သိချင်စိတ်ဖြစ်လာပြီဆိုရင် အဲ့ဒီမိန်းကလေးက အချစ်နတ်ဘုရားခြေတော်ရင်းမှာ ကျရှုံးသွားတာလို့ ဆိုရိုးစကားရှိတာကို အများကြီး ကြားဖူးနေမှာပါနော်။ ဟီဟိ…”

“ရှင်…”မုဝမ်ရင် တွေဝေသွားရသည်။

“ဖုန်းမြည်သံ…”

ထန်ရင်ဘေးတွင် ချထားသော အိတ်မှ ဖုန်းမြည်သံထွက်လာသည်။

ထန်ရင်က မုဝမ်ရင်အား စနောက်လိုသောအကြည့်ဖြင့် ကြည့်လိုက်ပြီး ဖုန်းကို တစ်ချက်ကြည့်လိုက်ကာ ရယ်မောရင်း စကားဆိုလိုက်သည်။

“စတုတ္ထဦးလေး… ကျွန်မကို ရှာနေတာလား။”

တခဏမျှ ကြာသော် ထန်ရင်၏အပြုံးမှာ အေးခဲသွားပြီး သူမ၏လှပသော မျက်ဝန်းများသည်လည်း ဝိုင်းကျယ်သွားရကာ မယုံကြည်နိုင်ဟန်အမူအရာများ ပေါ်ထွက်လာသည်။ သူမသည် တစ်ဖက်ကပြောသမျှအား နားထောင်ပြီး အားရပါးရ ကျယ်လောင်စွာ အော်လိုက်မိတော့သည်။

“ဦးလေး ပြောတာက ဒုတိယဦးလေးရဲ့ပျောက်ဆုံးနေတဲ့သားကို ရှာတွေ့ပြီးတော့ အခု ပေကျင်းကို လာတဲ့လမ်းမှ အဖိုးနဲ့အတူ ပြန်လာနေပြီလို့ ဆိုလိုတာလား။ သိပ်ကောင်းတာပဲ။ ကျွန်မ ခုချက်ချင်း ဘိုးဘေးအဆောက်အဦးကို ပြန်လာပြီး အဲ့ဒီမှာ စောင့်နေမယ်။”

ဖုန်းပြောပြီးသွားသည်နှင့် ထန်ရင်က သူမ၏ဖုန်းအား အိတ်ထဲအမြန်ထည့်လိုက်ပြီး မုဝမ်ရင်အား ကြည့်ကာ ပြောလိုက်သည်။

“ဝမ်ဝမ်…အိမ်မှာ အရေးကြီးတာရှိလို့ ငါ အမြန်ပြန်မှရမယ်။ အချိန်ရရင် နင်နဲ့တွေ့ပါဦးမယ်။”

မုဝမ်ရင်က သူမ၏စင်ရော်တောင်မျက်ခုံးလေးများအား ပင့်ကာ စူးစမ်းလိုက်သည်။

“အစ်မရင်… ကျွန်မ မှတ်မိတာမှန်ရင် ဦးလေးက လွန်ခဲ့တဲ့နှစ်၂၀ကတည်းက မေ့မျောနေတာမဟုတ်လား။ သူ့သားက…”

ထန်ရင်၏မျက်ဝန်းအိမ်ထဲတွင် စိတ်လှုပ်ရှားသော အမူအရာဖြတ်သန်းသွားကာ ခေါင်းညိတ်ပြလိုက်ရင်း

“ဒါမှန်တယ်။ ငါ့ဦးလေး မေ့မျောမသွားခင်တုန်းက သူ့မှာ အမှန်တကယ်တော့ အမျိုးသမီးတစ်ယောက်ရှိခဲ့ပြီး အဲ့ဒီအမျိုးသမီးက ကလေးတစ်ယောက် မွေးဖွားထားတယ်။ လွန်ခဲ့တဲ့နှစ်၂၀ထဲက အကြီးအကဲတွေအားလုံးက ကြယ်တာရာကို ကိုယ်တိုင်သွားပြီးရော လူအင်အားလွှတ်ပြီးရော သူတို့သားအမိကို ရှာခဲ့ပေမယ့် ကံအကောင်းအကြောင်းမလှတော့ မတွေ့ခဲ့ဘူး။ နှစ်ပေါင်း၂၀ကြာပြီးမှ မမျှော်လင့်ဘဲ သူတို့ကို ရှာတွေ့ခဲ့တာ။ အဖွားသာ အဲ့ဒီအကြောင်းသိရင် အတော် စိတ်လှုပ်ရှားနေမှာပဲ။”

မုဝမ်ရင် ရုတ်ခြည်းပင် နားလည်သွားပြီး

“ဒီလိုဆိုမှဖြင့် မြန်မြန်သွားပါ။ ရှန်ဟိုင်းတက္ကသိုလ်ဖွင့်တဲ့အထိ ကျွန်မ ဒီမှာ ရှိဦးမှာပဲလေ။ အစ်မ အချိန်ရရင် ဒီကို လာနိုင်ပါတယ်။”

“ကောင်းပြီ။”

ပေကျင်းတစ်မြို့လုံးတွင်ရှိသော ထန်မျိုးနွယ်ဝင်များအားလုံးသည် ထန်ယွင်ချင်ထံမှ လာသောဖုန်းအား ရပြီးသည်နှင့် ထန်မိသားစု၏ဘိုးဘေးအဆောက်အဦးဆီသို့ အပြေးအလွှားသွားနေကြသည်။

ထန်မိသားစု၏ဘိုးဘေးအဆောက်အဦး…

ပေကျင်း၏ကြီးမားသောနေရာတစ်ခုတွင် တည်ဆောက်ထားသော ဂုဏ်သရေရှိရာထူးမြင့်များ၏ ခြံဝင်းကြီးတစ်ခုအထဲတွင် တည်ရှိသည်။

စပျစ်နွယ်ပင်များ၏စင်အောက်တွင် ငွေရောင်ဆံသားနှင့်အဖွားအိုတစ်ယောက်သည် ဖြူဆွတ်သော ပါရှန်းကြောင်လေးအား လက်တွင် ပိုက်ထားကာ အိပ်ငိုက်နေသည်။ သူမ၏အရှေ့ရှိ စားပွဲထက်မှ လက်ဖက်ရည်သည်ပင် အေးစက်နေပြီဖြစ်တော့သည်။

သူမသည်ကား ထန်ကောရှန့်၏ဇနီး ချင်ချန်းယွဲ့ပင် ဖြစ်ပေသည်။

“အမေ…ဒီနေရာမှာ ဘာဖြစ်လို့ အိပ်နေတာလဲ။”

ထန်ယွင်ဖန်း၏ဇနီး ချိုက်ရှင်းယုက လတ်ဆတ်သော အသီးအနှံများပါသည့် အိတ်တစ်လုံးအား သယ်ယူလာပြီး သူမ၏အနောက်မှ မိသားစု၏အိမ်တော်ထိန်းက လိုက်ပါလာသည်။

ချင်ချန်းယွဲ့က သူမ၏မျက်လုံးများအား ဖွင့်လိုက်ရာ ချိုက်ရှင်းယုအား တွေ့လိုက်ရသဖြင့် ချက်ချင်းပင် မတ်မတ်ထိုင်လိုက်သည်။ သူမက လက်ကို ဝှေ့ယမ်းလိုက်ပြီး အပြုံးဖြင့်

“ဒါကောင်းတယ်လေ။ ရာသီဥတုက အခု အတော်ပူလာတော့ အမေ အအေးမမိတော့ဘူးပေါ့။ အစက ဒီနေရာမှာ ထိုင်ပြီး လက်ဘက်ရည်သောက်ရင်း ရေဒီယို နားထောင်ဖို့ စိတ်ကူးထားခဲ့တာ။ ဒါပေမယ့် ရေဒီယိုက ပျက်သွားပြီးတော့ အမေလည်း အိပ်ပျော်လုနီးပါး ဖြစ်သွားတယ်။”

ချိုက်ရှင်းယုက ရယ်လိုက်ရင်း

“အမေကလဲ…အဲ့ဒါက အဖေ့ရဲ့ရေဒီယိုအပျက်ကြီးလေ။ အစောကြီးကတည်းက ကျွန်မကို သွားပစ်ခိုင်းထားတာကို ကျွန်မ မေ့နေတာ အမေ။ အဲ့ဒါကို မေ့လိုက်ပါတော့။ ကျွန်မ အမေ့ကို အသစ်တစ်လုံး ဝယ်ပေးမယ်။”

ချင်ချန်းယွဲ့က ရယ်မောက

“အဲ့ဒါတော့ မလုပ်ပါနဲ့အေ။ ဒီရေဒီယိုလေးက ညည်းတို့အဖေရဲ့အသည်း။ အကြိမ်ပေါင်းများစွာ ပြင်ပြီးသုံးခဲ့ပြီးတာတောင် အချိန်တိုင်း ပြင်သုံးလို့ရသေးတယ်။”

“ကောင်းပါပြီအမေ။ အမေ အဝတ်အစား မလဲတော့ဘူးလား။ ဒီညနေ ကျွန်မတို့မိသားစုမှာ အရေးကြီးတဲ့ ပွဲတစ်ခုရှိတယ်နော်။ အသားတွေ အသီးအနှံတွေနဲ့ ပင်လယ်စာတွေကို ကြည့်ပါဦး။ ဈေးထဲကနေ အဲ့ဒါတွေကို အစ်မကြီးဝမ်နဲ့ အခုပဲ ဝယ်လာခဲ့တာ။ အဲ့ဒါတွေအားလုံး လတ်ဆတ်ပြီး အရသာရှိတယ်လို့ ကျွန်မ အာမခံတယ်။”

“ဘာအရေးကြီးတာရှိလို့လဲ။ ဘာပွဲမို့လို့ အများကြီး ချက်ပြုတ်ရတာလဲ။”ချင်ချန်းယွဲ့ အံ့အားသင့်စွာ မေးသည်။

“အဖွား မသိသေးဘူးလား။”

ခြံဝတွင် ရောက်နေသော ထန်ဝေက အသံပြဲကြီးဖြင့် ပြောလိုက်သည်။

ချင်ချန်းယွဲ့က ထန်ဝေနှင့်ထန်ထန် အတွင်းသို့ ဝင်လာသည်ကို အံ့အားသင့်စွာ ကြည့်မိသည်။ ထို့နောက် သူမက ဇဝေဇဝါဟန်ဖြင့် မေးလိုက်သည်။ “အဖွားက ဘာကို သိရမှာလဲ။”

“နှစ်၂၀လောက် ပျောက်နေတဲ့ အဖွားရဲ့မြေးလေး ပြန်တွေ့ပြီလေ အဖိုးနဲ့အတူ ပြန်လာနေပြီ။ အာ..ဟုတ်သားပဲ။ သူ့နာမည်က ဘယ်သူပါလိမ့်။ ထန်…ထန်ရှုတဲ့ အဖွားရဲ့။ ဟုတ်တယ် အဲ့ဒါ သူ့နာမည်ပဲ။” ထန်ဝေက ပြောလေသည်။

ချင်ချန်းယွဲ့ ကြက်သေသေသွားကာ သူမ၏အမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားသည်။ သူမသည် အသက်အရွယ်ရနေပြီဖြစ်သော်လည်း ကျန်းမာသန်စွမ်းလျက်ရှိဆဲပင်ဖြစ်သောကြောင့် ထိုင်ခုံမှ တန်းထကာ အမြန်မေးလိုက်သည်။

“ဝေလေး ဘာပြောလိုက်တာလဲ။ ယွင်သဲ့…ယွင်သဲ့ရဲ့သားလား။ ငါ့မြေးလေးကို ပြန်တွေ့ပြီလား။”

ထန်ထန်က သွားဖြဲရယ်ပြရင်း သူမ၏ဘေးသို့ လျှောက်လာကာ လက်မောင်းကို ကိုင်ကာ ပြောပြသည်။

“အဖွား…သမီးတို့ သူ့ကို အမှန်တကယ်ပဲ ရှာတွေ့ပါပြီ။ အဖေ့ဆီက အစ်ကိုကြီးပါ ဒီကို ခေါ်လာဖို့ ဖုန်းလာတယ်။”

ချင်ချန်းယွဲ့ စိတ်လှုပ်ရှားမှုကြောင့် သူမ၏ခန္ဓာကိုယ်သည် တုန်ရီလျက်ရှိသည်။

သားအကြီးဆုံးဖြစ်သူ ထန်ယွင်ဖန်း အပြင်က ဝင်လာသည်ကို တွေ့လိုက်ရပြီး နောက်မှ မြေးဖြစ်သူ ထန်နင်းပါ ပါလာသည်။

“ယွမ်ဖန်း…သားရော အဲ့ဒီအကြောင်း သိလား။”

ထန်ယွင်ဖန်းက ခေါင်းညိတ်ပြကာ

“အာ ကြည့်ရတာ သူတို့ အမေ့ကို ပြောပြပြီးပုံပဲ။ အမှန်တကယ်တော့ ကြယ်တာရာမှာ အဖေဆေးကုသတာကို ကျွန်တော် အဖော်လိုက်သွားရင်း သတင်းတွေ ရခဲ့တာ။ အဖေ့ကို ဆေးကုသပေးလိုက်တဲ့သမားတော်က အမေ့မြေး ထန်ရှုပဲ။ အဖေနဲ့ထန်မင်ဆီက ဖုန်းလည်း ရတယ် ထန်ရှုနဲ့ သူ့အမေစုလင်းယွမ်တို့ကို ခေါ်လာခဲ့ပြီတဲ့။ အခု သူတို့ ပေကျင်းကိုလာတဲ့လမ်းမှာ။ အဲ့ဒါအပြင် ဒုတိယညီလေးကို ပြန်လည်သန်စွမ်းမှုကုသရေးစင်တာကနေ လူလွှတ်ပြီးတော့ ခေါ်ခိုင်းထားပြီးပြီ။”

ချင်ချန်းယွဲ့ မျက်ရည်များ ကျလာကာ သူမ၏နှုတ်ခမ်းများ တဆတ်ဆတ် တုန်ရီနေလျက် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“သိပ်ကောင်းတယ်။ ငါတို့ သူ့ကို ရှာတွေ့တာ တကယ်ကို သိပ်ကောင်းတယ်။ ငါတို့ သူ့ကို ရှာတွေ့ခဲ့ပြီ။”

ထိုစဉ်မှာပင် ထန်မိသားစုဝင်များသည် တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြပြီဖြစ်သည်။

***

All Chapters