နှလုံးသားမှ ငြင်းဆန်မှု
Vol. 06 Ch. 264
“ဖုန်းမြည်သံ”
ထန်ယွမ်ဖန်း၏ဖုန်းမြည်လာသည်။ သူသည် ဖုန်းကိုင်ကာ စကားအနည်းငယ်ပြောလိုက်ပြီးနောက် ချလိုက်ပြီး
“အမေ…ဒုတိယဦးလေး၊ ထန်ဒေါင်နဲ့ ထန်ရန်တို့ ပေကျင်းလေဆိပ်ကို ရောက်နေပြီတဲ့။ အနည်းဆုံးတစ်နာရီလောက် နောက်ကျပြီး ရောက်လာကြလိမ့်မယ်။”
ချင်ချန်းယွဲ့၏မျက်နှာထက်မှ အပြုံးသည် ပိုမို သိပ်သည်းလာခဲ့သည်။ သူမက သက်ပြင်းချလိုက်ရင်း
“မင်းရဲ့ဒုတိယဦးလေး ကျင်းမန်ကျွန်းမှာ နေပြီး ဒီကို ပြန်မလာတာ ၅နှစ်တောင် ရှိသွားပြီ။ ရှုအာကြောင့် သူ ဒီကို အထူးခရီးလာမယ်လို့ အမေ မမျှော်လင့်ထားမိဘူး။ နောက်ဆုံးတော့ ငါတို့ထန်မိသားစု တစ်စုတစ်စည်းတည်း ဖြစ်ပြီပေါ့။”
ဘေးတွင် ရှိနေသော ထန်ကောရှို့က အေးစက်စက် နှာမှုတ်လိုက်ပြီး
“ဟမ့်…ဒုတိယအစ်ကိုက ကျင်းမန်ကျွန်းမှာ သွားပုန်းပြီး အေးချမ်းတဲ့ဘဝမှာ ပျော်နေတယ်။ ကျွန်တော်နဲ့ အစ်ကိုကြီးကို ပေကျင်းက အရှုပ်တွေနဲ့ ချန်ထားခဲ့ပြီးတော့။ ဒီတစ်ခေါက်ပေကျင်းကို ပြန်လာတာ သူ့ကို ငါ နည်းနည်းရိုက်ပြီး သွေးထွက်အောင်လုပ်ပေးလိုက်ဦးမယ်။”
ချင်ချန်းယွဲ့က ရယ်မောလိုက်ရင်း
“တတိယအစ်ကို…နင်နဲ့နင့်အစ်ကိုကြီးက တကယ်တော့ စိတ်ထဲမှာ ကောင်းကောင်းကြီး သတိထားနေတာမလား။ ဒုတိယအစ်ကိုက ကျင်းမန်ကျွန်းမှာ နေတယ်ဆိုပေမယ့်လည်း ငါတို့ထန်တွေအတွက် ဒီနှစ်တွေထဲမှာ အကျိုးကျေးဇူးတွေ အများကြီး သယ်ပိုးပေးတယ်မလား။ ဒါပေမယ့် အလိုလေး နင်က သူ့ကို မျက်နှာသာ မပေးချင်ဘူးပေါ့။ နောက်ပြီး ပေကျင်းက ရေတွေက နက်လွန်းလှတယ်။ ငါတို့ထန်မိသားစုသာ တစ်နေ့ ဒီကနေ ဆုတ်ခွာခဲ့ရရင် ကျင်းမန်ကျွန်းကို ငါတို့အတွက် ခံတပ်ထားရမယ်။”
ထန်ကောရှို့က တစ်ခဏမျှ တိတ်ဆိတ်သွားကာ မချိပြုံး ပြုံးလိုက်သည်။
“မရီး…နင်ပြောတာကို ငါ တကယ်တော့ နားလည်ပါတယ်။ ဒုတိယအစ်ကို ကျင်းမန်ကျွန်းမှာ သာယာနေချိန်မှာ ငါနဲ့အစ်ကိုကြီးက ပေကျင်းမှာ အလုပ်များနေတာကို တွေးမိရင် အဲ့ဒါက အတော်ကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်။ ထားလိုက်တော့။ ကလေးတွေအရှေ့မှာ တဖျစ်တောက်တောက် မပြောတော့ဘူး။”
“ဟား.ဟား.ဟား.”
“ဟီ.ဟီ.ဟီး”
အခြားထန်များ ရယ်ချင်စိတ်ကို မထိန်းနိုင်ကြတော့ပေ။
အလျင်အမြန်ပင် ထန်ကောရှင်းသည် ထန်ဒေါင်၊ ထန်ရင်နှင့် အခြား မိသားစုဝင် ၄ယောက် ၅ယောက်တို့နှင့်အတူ ရောက်ရှိလာသည်။ ထန်ကောရှင်း၏ခန္ဓာကိုယ်သည် ကောင်းမွန်သော အခြေအနေတစ်ခုတွင် ရှိမနေချေ။ သူသည် ကျန်းမာရေးမကောင်းသည့်ဟန်ရှိပြီး ဖြူဖျော့ချိနဲ့နေသည့်ပုံဖြစ်သည်။ သို့သော် တတိယညီအစ်ကို ထန်ကောရှို့နှင့် ကတောက်ကဆ စကားများသောအခါ စိတ်တက်ကြွစွာနှင့် အာပေါင်အာရင်းသန်သန် ဖြစ်လေသည်။
ပေကျင်းရှိ အဝေးပြေးလမ်းဆုံတွင်…
ထန်ရှု၏လင်ရိုဗာကားသည် ရဲ၏တားဆီးခြင်းအား ခံလိုက်ရသည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ကားနံပါတ်သည် ဒေသကန့်သတ်ထားခြင်း ခံရသည်။ ထို့ကြောင့် အဝေးပြေးလမ်းရဲသည် ထန်ရှု၏ကားမောင်းချိန်အား စစ်ဆေးရာ သူ၏ကားမောင်းသက်တမ်းနှင့်အတူ ယာဉ်စည်းကမ်းအား ဖောက်ဖျက်ထားသော ကားမောင်းသူတစ်ယောက်ဖြစ်နေသည်ကို တွေ့ရှိသွားလေသည်။
“အရာရှိ…ဒီတစ်ကြိမ်လေး လွှတ်ပေးနိုင်မလား။” ကားမောင်းသူနေရာတွင် ထိုင်ရင်း ထန်ရှုက ရဲအရာရှိအား တောင်းဆိုလိုက်သည်။
အဝေးပြေးလမ်းရဲအရာရှိများ၏မျက်နှာ အလေးအနက်ဖြစ်သွားသည်။ တစ်ယောက်က ခေါင်းယမ်းပြကာ ပြောလိုက်သည်။
“စိတ်မကောင်းပါဘူး ဆရာ။ ကားပေါ်က ဆင်းဖို့ တောင်းဆိုရပါလိမ့်မယ်။”
ထိုခဏတွင် ကားနောက်ခန်းတွင် ထိုင်နေသော ထန်မင်သည် ကားပြတင်းပေါက်အား ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူမက ထောက်ခံစာ စာရွက်စာတမ်းများအား လှမ်းပေးလိုက်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“စည်းကမ်းတွေ ဖြေလျှော့လိုက်ပါ။ ငါတို့ အရေးတကြီးကိစ္စ ရှိနေလို့။”
အဝေးပြေးလမ်းရဲအရာရှိက စာရွက်စာတမ်းများအား ယူလိုက်ပြီး ကြည့်လိုက်ရာ သူ၏အမူအရာ အကြီးအကျယ် ပြောင်းလဲသွားရသည်။ ချက်ချင်းပင် ထန်မင်အား အရိုအသေပေးကာ လေးစားသမှုဖြင့် ပြောသည်။
“နှုတ်ဆက်ပါတယ် ဝန်ကြီးထန်။ ဝန်ကြီး ကားထဲမှာ ပါလာတာကို ကျွန်တော် မသိလိုက်လို့ပါခင်ဗျာ။ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးပြုပြီး…”
ထိုသို့ပြောပြီးသည်နှင့် အဝေးပြေးလမ်းရဲအရာရှိက ထန်မင်အား စာရွက်စာတမ်းများအား တရိုတသေ ပြန်ပေးလိုက်သည်။
ထန်မင်က ခေါင်းညိတ်ပြပြီးနောက် ထန်ရှုဘက်လှည့်ကာ ပြောသည်။
“သွားကြစို့။ အဆင်ပြေသွားပြီ။”
ထန်ရှုက အပြင်ဘက်ရှိ အဝေးပြေးလမ်းရဲအရာရှိများဆီမှ အကြည့်သိမ်းလိုက်သည်။ ထို့နောက် ကားစက်နှိုးကာ ရှေ့မီတာ၂ရာအကွာရှိလမ်းဘေးတွင် ရပ်ထားသော အော်ဒီအနက်ရောင်ကား၂စီးဆီသို့ ဦးတည်မောင်းလိုက်ရင်း စိတ်တွင်းမှ တိတ်တဆိတ် တွေးတောလာခဲ့သည်။
“လုပ်ပိုင်ခွင့်အာဏာဆိုတာ တကယ်ကောင်းတဲ့အရာပဲ။ သာမန်လူတွေသာဆိုရင် ဒဏ်ကြေးဆောင်ရမည့်အပြင် ကားလိုင်စင်ပေါ်မှာပါ ပြစ်ဒဏ်မှတ်တွေ ရလာဦးမှာ။”
ထန်မိသားစု၏ဘိုးဘေးအဆောက်အဦးတွင်…
ထန်ရှုသည် ကားရပ်လိုက်ရင်း သူ၏မျက်ဝန်းများ အရောင်လက်သွားသည်။ ဝင်ပေါက်သို့ဝင်လာရာ လမ်းတစ်လျှောက်တွင် လက်နက်အပြည့်အစုံကိုင်ဆောင်ထားသော လုံခြုံရေးများအား စောင့်ကြပ်နေပြီး ခြံဝင်းအတွင်းတွင် အရှေ့အနောက် လှည့်ပတ်သွားနေသော လုံခြုံရေးများသာမကာ ကင်းပုန်းများပင် ရှိပေသည်။
ဘိုးဘေးအဆောက်အဦး၏ အရှေ့တံခါးတွင် လက်နက်ကိုင်စစ်ဝတ်စုံဖြင့် လူ၂ယောက်စောင့်ကြပ်နေသည်။
သို့သော်လည်း သူ၏အကြည့်အား ဆွဲဆောင်လိုက်သည်မှာ ထိုလုံခြုံရေးအစောင့်အကြပ်များသာမကဘဲ ရပ်စောင့်နေကြသော ထန်မိသားစုဝင်များပါ အပါအဝင်ဖြစ်သည်။ လူအုပ်ကြားထဲမှာ သူ၏အကြည့်အား ဖမ်းစားနိုင်သောသူတစ်ယောက်မှာ ရှေ့ဆုံးတွင် ရပ်နေသော ငွေရောင်ဆံသားနှင့် အဖွားအိုတစ်ယောက် ဖြစ်သည်။
“ဒုတိယယောင်းမ…ထန်ရှု…သွားကြရအောင်။”
ထန်မင်က ပြုံးလိုက်သည်။
ထန်ရှုက တည်ငြိမ်စွာ ခေါင်းညိတ်ပြပြီး အနောက်သို့ လှည့်ကြည့်လိုက်ရာ သူ၏မိခင်သည် စိတ်လှုပ်ရှားနေပြီး မတည်မငြိမ်ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့်
“အမေ…ကားပေါ်က ဆင်းကြစို့။”
စုလင်းယွမ် ချီတုံချတုံဖြစ်ကာ တိတ်တဆိတ် ခေါင်းညိတ်သည်။
ချင်ချန်းယွဲ့၏အကြည့်တို့သည် ကား၃စီးအပေါ်တွင် ကျရောက်လျက်ရှိသည်။ သူမ၏ယောက်ျား ထန်ကောရှန့် ဆင်းလာသည်ကို တွေ့သောအခါ စိတ်လှုပ်ရှားစွာ ပြေးလာပြီး မေးလိုက်သည်။
“ကျွန်မရဲ့မြေးလေးနဲ့ ချွေးမလေးရော ဘယ်မှာလဲ။”
ထန်ကောရှန့်က ပြုံးကာ ထန်ရှုနှင့် စုလင်းယွမ်တို့ ဆင်းလာသော လင်ရိုဗာကားအား ညွှန်ပြလိုက်သည်။
ချင်ချန်းယွဲ့သည် ထန်ရှုအား စူးစူးနစ်နစ် ကြည့်နေသည်။ ထိုသားအမိ၂ယောက်ထံသို့ စိတ်လှုပ်ရှားစွာသွားလိုက်သည်။ ထန်ရှုရှေ့သို့ ရောက်သောအခါ တုန်ရီနေသောလက်များဖြင့် ထန်ရှု၏လက်မောင်းများအား စိတ်လှုပ်ရှားစွာ ကိုင်လိုက်စဉ်တခဏ သူမ၏မျက်ဝန်းများမှ မျက်ရည်များ တသွင်သွင် စီးကျလာတော့သည်။
“ငါ့မြေး…ငါ့မြေးလေး…”
ထန်ရှု မျက်မှောင်ကြုပ်သွားပြီး အခြားထန်များနည်းတူ အဖွားအိုအား ငြင်းဆန်ရန် ဟန်ပြင်လိုက်သည်။
တခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ကျွန်တော်က အမည်ခံပါပဲ။”
ချင်ချန်းယွဲ့က ထန်ရှုအား မျက်ရည်များ စီးကျလျက် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားရင်း ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။ ထန်ရှု ရုန်းကန်ခြင်းမပြုဘဲ ပုံမှန်အတိုင်း တည်ငြိမ်စွာ ရှိနေလျက် ချင်ချန်းယွဲ့၏မျက်ရည်များက သူ၏အဝတ်အစားများအား စိုစွတ်စေသောကြောင့် အလွန် ကူကယ်ရာမဲ့နေခဲ့သည်။
မိသားစုသံယောဇဉ်အား အမှန်တကယ်ပင် သူ ခံစားမိနေသည်။
စိတ်ထိခိုက်မှုများ၊ စိတ်လှုပ်ရှားမှုများ၊ မျက်ရည်များကြားမှ ဝမ်းသာပျော်ရွှင်နေမှုများ စသည်တို့သည် သူ့အား အထူးအခြေအနေတစ်ရပ်အဖြစ် သူ၏စိတ်ခံစားမှုအား ရှုပ်ထွေးနေစေခဲ့သည်။
အချိန်အတန်ကြာပြီးမှ ထန်မင်၏ဖျောင်းဖြမှုကြောင့် ချင်ချန်းယွဲ့သည် ထန်ရှုအား ဖြေလျော့ပေးလိုက်သော်လည်း ထန်ရှု၏လက်များအား တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲဖြစ်သည်။ ထို့နောက် သူမက စုလင်းယွမ်အား ကြည့်ကာ စိတ်လှုပ်ရှားနေသောအသံဖြင့်
“ယွင်သဲ့ ပြောပြောနေတဲ့ ယွမ်လေးမလား။ ငါ့ရဲ့ ဒုတိယချွေးမလေး။”
စုလင်းယွမ် အတော်ပင် စိတ်ထိခိုက်လှုပ်ရှားနေမိသည်။ ထန်မိသားစုမှ ပြသသော မိသားစုသံယောဇဉ်သည် သူမ၏နှလုံးသားအား ရိုက်ခတ်စေလေသည်။ သူမက ခေါင်းညိတ်ပြလျက်
“ဟုတ်ပါတယ်။ ကျွန်မက ယွင်သဲ့ရဲ့ဇနီးပါ။”
ချင်ချန်းယွဲ့သည် သူမ၏အခြားလက်တစ်ဘက်ဖြင့် စုလင်းယွမ်အား ဆုပ်ကိုင်ကာ မျက်ရည်များဖြင့်
“ကလေး…ငါတို့ထန်မိသားစုက နင်တို့သားအမိကို ရှာမတွေ့နိုင်ခဲ့တဲ့အတွက် မိသားစုအပြင်မှာ နေနေခဲ့ရတယ်။ နင်တို့သားအမိ နာကျင်မှုတွေ အခက်အခဲတွေအများကြီး ရင်ဆိုင်ရမယ်ဆိုတာ ငါ ယုံကြည်တယ်။ ငါတို့ နင်တို့တွေကို ရှာတွေ့ပြီးတဲ့နောက်မှာတော့ အေးအေးချမ်းချမ်း နေနိုင်ပါပြီ။ ငါတို့ထန်မိသားစုက ခါးသီးမှုတွေကို နည်းနည်းလေးမှ ထပ်ခံစားခွင့် မပြုတော့ဘူး။ နောက်ပိုင်း ဘယ်သူမဆို နင်တို့ကို အနိုင်ကျင့်ရဲတဲ့သူရှိရင် ဒီအဖွားကြီးကိုသာ ပြောလိုက် ငါ့ရဲ့ကျန်တဲ့သက်တမ်းတိုလေးမှာ အဲ့ဒီလူတွေကို နှိမ်နင်းဖို့ ဘာမဆို စွန့်လွှတ်ရဲတယ်။”
စုလင်းယွမ်၏မျက်ဝန်းမှ ကြည်လင်သော မျက်ရည်များ တစ်ပေါက်ပေါက် ကျလာပြီး ဖြည်းညှင်းစွာ အကြိမ်ကြိမ် ခေါင်းညိတ်ပြမိသည်။ သူမယောက်ျား၏မိသားစုမှ အသိအမှတ်ပြုခြင်းကို ခံရပြီး မိသားစုသံယောဇဉ်ကိုလည်း ခံစားမိသောကြောင့် သူမ ဝမ်းသာမိရသည်။
ချင်ချန်းယွဲ့သည် စုလင်းယွမ်နှင့်ထန်ရှုအား အခြားထန်မိသားစုဝင်များ၏အရှေ့သို့ အသာဆွဲခေါ်သွားလိုက်ကာ ပြောလေသည်။
“ငါ နင်တို့ကို သူတို့နဲ့ မိတ်ဆက်ပေးမယ်။ သူတို့ကလည်း ငါတို့ ထန်မိသားစုဝင်တွေအားလုံးပါပဲ…”
ထန်ရှုက သူမ၏စကားအား ကြားဖြတ်ကာ မျက်နှာသေဖြင့် ပြောလိုက်သည်။
“ကျွန်တော်တို့နဲ့ မိတ်ဆက်ပေးဖို့ မလိုပါဘူးဗျ။ ကျွန်တော့်မှာ အရေးကြီးတဲ့အလုပ်တွေ ရှိသေးလို့ ထန်ယွမ်သဲ့ကို ကြည့်ဖို့သာ ခေါ်သွားပေးပါ။ ကျွန်တော် သူ့ကို ကုသနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် ကျွန်တော် မကုသနိုင်ခဲ့ရင် သူ့ကံက ကောင်းမှာမဟုတ်ဘူး။”
“ဘာရီး…”
ထန်ကောရှန့်နှင့် ထန်မင်မှတစ်ပါး ကျန်သောထန်မိသားစုဝင်များသည် မယုံနိုင်ဟန်ဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြသည်။ သူတို့၏နားများကိုပင် မယုံကြည်နိုင်သောဟန်ပင် ဖြစ်တော့သည်။
ဒါကြီးက အဓိပ္ပာယ်မရှိတဲ့ မှတ်ချက်စကားကြီး မဟုတ်ဘူးလား။
နောက်ဆုံးတွင် ထန်ရှုက ချန်ချင်းယွဲ့ ဆုပ်ကိုင်ထားသည်ကို ဖြုတ်လိုက်ပြီး ထန်ကောရှန့်အား ပြောလိုက်သည်။
“ကျွန်တော် အရင်က ဘာပြောထားတယ်ဆိုတာ အဖိုး မှတ်မိနေဦးမှာပါ။ အဖိုးမှာ ထန်မိသားစုရှိသလို ကျွန်တော်တို့မှာလည်း ကျွန်တော်တို့မိသားစု ရှိပါတယ်။ ထန်မိသားစုရဲ့ထင်ရှားကျော်ကြားတဲ့ အခြေအနေက ကျွန်တော်တို့လို သာမန်လူတွေအတွက် မဖြစ်ပါဘူး။ အဲ့ဒါကြောင့် အချိန်နဲ့ ခံစားမှုတွေကို အဖိုး အလဟသ မဖြုန်းတီးပါနဲ့။ ကျွန်တော့်ကို ထန်ယွင်သဲ့ဆီသာ ခေါ်သွားပါ။ အဲ့လိုမှမဟုတ်ရင် ကျွန်တော်တို့သားအမိ ချက်ချင်း ပြန်ပါမယ်။”
ထန်ယွမ်ဖန်း ဒေါသဖြစ်စွာနှင့် အော်ဟစ်လိုက်သည်။
“ထန်ရှု… မင်း ဘာကြောင့် ဒီစကားတွေ ပြောနေတာလဲ။ မင်းစိတ်ထဲမှာ ငါတို့ကို သူစိမ်းတွေလို သဘောထားနေရင်တောင် ငါတို့က ဆွေမျိုးတော်စပ်နေသေးတယ်။ အခု မင်းရဲ့အကြီးအကဲတွေ ရှိနေတာကို မင်း ဘယ်လိုလုပ်ပြီး…”
ထန်ရှု လက်ကို ဝှေ့ယမ်းကာ အေးစက်သောအမူအရာနှင့် ကြားဖြတ်ပြောလိုက်သည်။
“အကြီးအကဲတွေနဲ့ ကျွန်တော့်ကို ဖိအား လာမပေးနဲ့။ ကျွန်တော်က စုမိသားစုမှာ မွေးပြီး စုမိသားစုမှာပဲ ကြီးလာတာ။ အမေ့ကြောင့်သာ မဟုတ်ရင် ထန်မျိုးရိုးနာမည်တောင် ကျွန်တော် ယူမှာမဟုတ်ဘူး။ အဲ့ဒါကြောင့် ခင်ဗျား ကျွန်တော့်ကို စကားပြောနေတဲ့အချိန်မှာ မိသားစုသံယောဇဉ်ဆိုတာတွေကို ဖယ်ထားစမ်းပါဗျာ။ ကျွန်တော် နောက်ဆုံးတစ်ခေါက်မေးမယ်။ ထန်ယွင်သဲ့ ဘယ်မှာလဲ။”
“ရှုအာ… နင့်ပါးစပ် ပိတ်ထားစမ်း။” စုလင်းယွမ် ဒေါသထွက်ကာ ကြိမ်းမောင်းလိုက်သည်။
ထိုခဏတွင် ထန်ရှု တိတ်ဆိတ်သွားပြီးနောက် နောက်သို့ ခြေလှမ်းဆုတ်ကာ ပြောသည်။
“အမေ… အမေ့ဆုံးဖြတ်ချက်ကို ကျွန်တော် လေးစားသလို ကျွန်တော့်ရဲ့ရွေးချယ်မှုကိုလည်း နားလည်ပေးနိုင်မယ်လို့ မျှော်လင့်တယ်။ ကျွန်တော် ထန်မိသားစုနဲ့ ပတ်သက်ပြီး ဘာခံစားချက်မှ ရှိမနေဘူး။ အခုဒီအချိန်လေးကိုပဲ ပြောတာမဟုတ်ဘူး။ နောင်အချိန်တွေမှာလည်း အဲ့ဒါ ရှိလာဖို့ အလွန်ခက်ခဲမှာကို ကျွန်တော် စိုးရိမ်တယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော် ပေကျင်းကို တကယ်ကို မလာချင်ဘူး။ ဒါပေမယ့် ထန်ယွင်သဲ့ကို ကုပေးပါမယ်လို့ အမေနဲ့အဖွားကို ကတိပေးထားတာအတွက်ကြောင့်သာ လာရတာပါ။။”
ထိုခဏတွင် ထန်မိသားစုဝင်များအားလုံး၏မျက်နှာသည် အရုပ်ဆိုးလောက်အောင် ရှုံ့မဲ့သွားကြသည်။
ထန်ရှု ထိုသူများအား ဂရုမစိုက်ချေ။ နှစ်၁သောင်းအချိန်ကာလအတွင်း အင်မော်တယ်ကမ္ဘာတွင် ရှိစဉ်က သူ သတိရမိသော လူများမှာ သူ့အား ချစ်ခင်ကြသော သူ၏အမေနှင့် အမေ့ဘက်မှ အဖွားသာဖြစ်သည်။ စိတ်ခံစားမှု သံယောဇဉ်မပါဘဲ မျိုးဆက်သွေးဖြင့် ချည်နှောင်သော လူများသည် သူ့အား ချုပ်ကိုင်နိုင်မည်မဟုတ်ပေ။ သည်တစ်ကြိမ် ပေကျင်းကို သူလာရခြင်းသည် သူ၏မိခင်က အဓိကအကြောင်းရင်းဖြစ်တော့သည်။
စုလင်းယွမ် တိတ်ဆိတ်သွားသည်။ သူမသည် သည်လိုဖြစ်ရပ်မျိုးများနှင့် အတွေ့အကြုံ အနည်းငယ်သာ ရှိသောကြောင့် လက်ရှိအခြေအနေအား မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို သူမ မသိပါချေ။ သူမ၏သားဖြစ်သူသည် ထန်မိသားစုအား အသိအမှတ်ပြုရန် ငြင်းဆန်နေသောကြောင့် ရှုပ်ထွေးနေသော ခံစားမှုသည် သူမ၏ရင်ထဲတွင် ဖြစ်ပေါ်နေသောလည်း သားဖြစ်သူအား ဖိအားမပေးလိုခဲ့ပေ။
ထန်ကောရှန့်သည် သက်ပြင်းချလိုက်ပြီးနောက် သည်အခြေအနေအား ချိုးဖျက်ရန် စကားစလိုက်သည်။
“ထန်ရှု မင်း အဖိုးတို့ကို အသိအမှတ်မပြုချင်ရင် ပြသနာမရှိပါဘူး။ မင်း ဘာကြောင့် ဒီမိသားစုကို ရင်ထဲမှာ နေရာမပေးတာကိုလည်း အဖိုး သိလည်းသိတယ် နားလည်းလည်တယ်။ ဒါပေမယ့် အဲ့လိုဆိုရင်တောင်မှ မင်းရဲ့နှလုံးသားကို ကျောက်သားနဲ့ လုပ်ထားရင်တောင် အဖိုးတို့လူတိုင်းက မင်းရဲ့နှလုံးသားကို အရည်ပျော်လာအောင် အဖိုးတို့ရဲ့စွမ်းဆောင်မှုတွေနဲ့ လုပ်နိုင်စွမ်းရှိလိမ့်မယ်လို့ အဖိုး ယုံကြည်တယ်။ ထန်မိသားစုက မွေးဖွားလာသူတွေက ထန်မိသားစုရဲ့မျိုးဆက်တွေပဲဖြစ်တယ်။ ငါတို့ရဲ့မိသားစုသံယောဇဉ်ကို ဘယ်တော့မှ မဖြတ်တောက်ဖူးသလို ငါတို့ရဲ့မျိုးဆက်သွေးကိုလည်း ဘယ်တော့မှ ပစ်ပယ်မထားဖူးဘူး။ သွားကြစို့။ မင်းအဖေ ဒီကို ရောက်နေပြီ။ အဖိုးကိုယ်တိုင် မင်းကို ခေါ်သွားပေးမယ်။”
ထန်ရှု ခေါင်းညိတ်ကာ စုလင်းယွမ်၏လက်အား ဆုပ်ကိုင်လိုက်သည်။ တစ်နည်းဆိုရလျှင် မိခင်အား အားပေးလိုသကဲ့သို့ အခြားတစ်ဖက်တွင်လည်း သူ၏မိခင်အား ကာကွယ်နိုင်သည့်အရည်အချင်း သူ့မှာ ရှိနေပြီဖြစ်ကြောင်းနှင့် ထိုသူများထံမှ မည်သည့်အရာမှ မလိုအပ်ကြောင်း ထန်မိသားစုအား သူ ပြောပြလိုပေသည်။
မိနစ်အနည်းငယ်ကြာသောအခါ ထန်မိသားစုဝင်များသည် စုလင်းယွမ်နှင့်ထန်ရှုအား အတွင်းကျဆုံးအပိုင်းသို့ ခေါ်ဆောင်သွားကြသည်။ စုလင်းယွမ်သည် အိပ်ရာထက်တွင် ပက်လက်ကလေးဖြစ်နေသော ထန်ယွင်သဲ့အား ကြည့်ကာ သူမ၏မျက်ဝန်းအစုံမှ မျက်ရည်ပေါက်များ ပိုးပိုးပေါက်ပေါက် ကျလာတော့သည်။
“ယွင်သဲ့…”
ယူကျုံးမရဝမ်းနည်းပူဆွေးမှုအား ခံစားလျက် သူမသည် အော်ငိုလိုက်ကာ ကုတင်စွန်းဆီသို့ အပြေးသွားတော့သည်။ သူမ၏လက်အစုံသည် ပိန်လှီနေသော ထန်ယွင်သဲ့၏လက်ဖဝါးများအား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။
နှစ်၂၀… နှစ်၂၀တိုင်တိုင် နေ့ညမပြတ် သူမ၏ယောက်ျားအား အိပ်မက်ထဲမှာသာ ပြန်လည်တွေ့ဆုံခွင့်ရခဲ့သည်။ သည်နေ့တွင် အိပ်မက်များသည် နောက်ဆုံးတော့ အစစ်အမှန် ဖြစ်လာခဲ့ချေပြီ။ သူမ ခါးသီးသည်းထန်စွာ ငိုကြွေးမိတော့သည်။ သည်နှစ်များတွင် သူမ တွေ့ကြုံရင်ဆိုင်ခဲ့ရသော အတွေးများအားလုံးနှင့် လွမ်းဆွတ်မှုများအားလုံးအား ပြောပြနေမိရုံသာမက နစ်နာမှုများနှင့်ဝမ်းနည်းသောကများအား ရင်ဖွင့်နေမိပေသည်။
သည်အခိုက်အတန့်တွင် သူမ သေရမည်ဆိုရင်တောင်မှ အပြုံးနှင့်သေပျော်နိုင်ပြီ ဖြစ်ပေသည်။
ဘေးတွင် ရပ်နေသော ထန်ရှုသည် ကုတင်ထက်တွင် မေ့မျောလဲလျောင်းနေသည့် ထင်းချောင်းသဖွယ် ပိန်လှီလှသော ထန်ယွင်သဲ့အား ကြည့်နေမိရင်း စိတ်တွင်းမှ သက်ပြင်းချလိုက်မိသည်။ သည်လူအား သည်အခြေအနေမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူ ထင်မထားမိပါချေ။ သူ၏မိခင်စိတ်အခြေအနေ တည်ငြိမ်သွားစေရန် မိနစ်များစွာအား တည်ငြိမ်စွာ စောင့်ဆိုင်းနေပြီးနောက် စုလင်းယွမ်၏ပခုံးအား ညင်သာစွာ ပုတ်ကာ ပြောလိုက်သည်။
“အမေ… ကျွန်တော် တစ်ချက်လောက် ကြည့်ပါရစေဦး။ ကျွန်တော် သူ့ကို ကုသနိုင်မယ်ဆိုရင် ကျွန်တော် လုပ်နိုင်သမျှအားလုံး လုပ်ပေးမယ်ဆိုတာ အမေ စိတ်ချထားလိုက်ပါ။”
“ကောင်းပါပြီ။” စုလင်းယွမ်၏မျက်ဝန်းအိမ်များထဲမှ ပြင်းထန်သန်မာသည့် မျှော်လင့်ချက်ရောင်ခြည်များ ထွက်ပေါ်လာပြီး အလျင်အမြန်ပင် ဘေးသို့ ဖယ်ပေးလိုက်သည်။