ဝမ်းကွဲညီလေး
Vol. 06 Ch. 265
လူတိုင်း၏စောင့်ကြည့်နေသော အကြည့်များအောက်တွင် ထန်ရှုသည် ထန်ယွင်သဲ့၏လက်ကောက်ဝတ်အား ဆုပ်ကိုင်ပြီး သူ၏လက်ချောင်းလေးများဖြင့် ဖိကာ သွေးခုန်နှုန်းအား တိတ်ဆိတ်စွာ စမ်းသပ်လိုက်သည်။ သူ့အား ကျေးဇူးတင်မိစေသောအချက်မှာ ထန်ယွင်သဲ့၏သွေးခုန်နှုန်းသည် အားနည်းနေပြီး အရေးကြီးသော စွမ်းအင်များစွာ ဆုံးရှုံးထားသော်လည်း သူ၏ခနာကိုယ်လုပ်ငန်းဆောင်တာများအား အထောက်အပံံ့ပေးရန် လုံလောက်ဆဲရှိနေသေးသည်။
ထို့ပြင် သည်အခြေအနေထဲတွင်တောင် သူသည် နောက်ထပ် ၈နှစ် ၁၀နှစ် အသက်ရှင်နေထိုင်သွားနိုင်သေးသည်။
သူ၏လက်ကောက်ဝတ်အား လွှတ်ပေးလိုက်ပြီး ထန်ရှုသည် ထန်ယွင်သဲ့အား ဆွဲမကာ မတ်မတ်ထိုင်စေသည်။ သူ၏လက်ချောင်းလေးများသည် ထန်ယွင့်သဲ့၏ဦးခေါင်းအား ဖိကာ သူ၏ကြယ်စွမ်းအားနှင့် စိတ်ဝိညာဉ်အာရုံအား ထုတ်လွှင့်လိုက်သည်။
ဦးနှောက်ခန်းမကြီး… သည်ဟာသည် လူ၏ခနာကိုယ်တွင် လျှို့ဝှက်ဆန်းကြယ်ဆုံး အပိုင်းဖြစ်သည်။ ထန်ရှု အင်မော်တယ်ကမ္ဘာတွင် ကျွမ်းကျင်သူတစ်ယောက်အဖြစ် ရှိစဉ်အခါက ဦးနှောက်၏၆၀%အား အသုံးပြုနိုင် ထိန်းချုပ်နိုင်ချိန်တွင် ကျန်သော၄၀%သည် မည်သည့်အခါမှ အသုံးမပြုနိုင်ခဲ့ပေ။
ထန်ရှုသည် ထန်ယွင်သဲ့အား စမ်းသပ်နေချိန်တွင် သူ၏မျက်နှာသည် ရှုံ့မဲ့သွားရသည်။ ထန်ယွင်သဲ့၏ဦးနှောက်အာရုံကြောများသည် အာရုံကြောငယ်အဖုလေးများထဲတွင် သွေးခဲလေးများဖြင့် ပိတ်ဆို့ကာ ပြင်းထန်စွာ အရောင်ဖျော့နေသည်ကို သူ တွေ့လိုက်သောကြောင့်ပင်တည်း။ ထိုပိတ်ဆို့မှုသည် ခဲပင်ခဲနေကာ ဦးနှောက်အား အထောက်အပံ့ပေးသောသွေးအား ပိတ်ဆို့ထားသည့်လကဏာပင် ဖြစ်လေသည်။ ထို့ပြင် စိတ်ပင်လယ်နှင့်ဆက်သွယ်နေသော ဦးနှောက်၏အချိုင့်ငယ်များအပိုင်းသည်လည်း မီးခိုးရောင်အရာလေးတစ်ခုဖြင့် ချန်ထားပိတ်ဆို့ထားပြီး ဖြတ်တောက်ခံထားရသည်။ ထိုအရာလေးသည် သူ၏စိတ်ပင်လယ်ထဲမှ စိတ်အသိအား ပိတ်လှောင်ထားကာ သူ့အား အပြင်လောကနှင့် ကင်းကွာအောင် ပြုလုပ်ထားပေသည်။
စိတ်အသိအား ပိတ်လှောင်ခြင်း - ထန်ရှု ယခင်က သည်အရာနှင့်ပတ်သက်ပြီး အတွေ့အကြုံ ရှိခဲ့သည်။
သူ၏စိတ်ဝိညာဉ်တစ်မျှင်သည် အတိတ်အင်မော်တယ်ကမ္ဘာသို့ ဖြတ်ကျော်သွားကာ ထိုနေရာမှ တစ်စုံတစ်ယောက်၏ခန္ဓာကိုယ်ပေါ်တွင် ၃လတိုင် ပိတ်မိနေခဲ့ဖူးသည်။ နောက်ဆုံးတွင် ထိုခန္ဓာကိုယ်၏ပိုင်ရှင်ဖြစ်လာရန် အခွင့်အရေး ရသောကြောင့် အခိုင်အမာ ထွက်ပေါ်လာခဲ့သည်။
တစ်စုံတစ်ယောက်၏အသိစိတ်ပိတ်လှောင်ခံရသော ခံစားမှုသည် အလွန်စိတ်ဓာတ်ကျဖွယ်ရာ ဝမ်းနည်းရပြီး နာကျင်ခံစားရပေသည်။
မအိပ်ပျော်နိုင်သော်လည်း အနားယူလိုမှု၊ အမှောင်ထုထဲတွင် နစ်လိုက် ပေါ်လိုက်ခံစားရမှု၊ တစ်စုံတစ်ယောက်အား သေမင်းနှင့်ဆုံတွေ့စေလိုမှု စသည်များ ဖြစ်သည်။
တစ်စုံတစ်ယောက်၏စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ပါက အချိန်ကာလရှည်ကြာစွာ ခံနိုင်ရည်ရှိသည်။ သို့မဟုတ်ပါက ထိုသူသည် ရူးသွပ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းခြင်းနှင့် တွေးတောကြံစည်နိုင်စွမ်းမရှိတော့ခြင်းဖြစ်သည်အထိ ခံစားရလေသည်။
လေး ငါးမိနစ်ကြာပြီးနောက် ထန်ရှုသည် သူ၏လက်ဖဝါးအား ဖြည်းညှင်းစွာ ရုတ်သိမ်းကာ သူ၏စိတ်ဝိညာဉ်အာရုံကိုလည်း အမြန်ရုတ်သိမ်းလိုက်သည်။ သူ့အနေဖြင့် ထန်ယွင်သဲ့အား ကယ်တင်နိုင်သော်လည်း လုပ်ရမည့်အစီအစဉ်များမှာ အလွန်အန္တရာယ်များလှပေသည်။ ထိုအနရယ်သည် ထန်ယွင်သဲ့သာမက သူ့အပေါ်တွင်ပါ ကောင်းစွာ သက်ရောက်မှုရှိသည်။
“ရှုအာ… အခြေအနေ ဘယ်လိုလဲ။”
ဘေးတွင် ရပ်နေသော စုလင်းယွမ်က မျှော်လင့်ချက်များစွာဖြင့် မေးလာသည်။
မိခင်၏အမူအရာအား ကြည့်ကာ ထန်ရှု စိတ်တွင်းမှ သက်ပြင်းချမိသည်။ သူ့တွင် ထူးကဲသာလွန်သော ဉာဏ်ကောင်းမှုနှင့် စိတ်ခံစားမှုအရာတွင် နိမ့်ပါးမှု ရှိနေသည့်အခါ မိခင်၏မျှော်လင့်ချက်အား ထိုခဏတွင် သူ မည်ကဲ့သို့ ခံစားနိုင်ပါမည်မည်နည်း။
“အမေ…သူက အမေ့အတွက် တကယ်အရေးပါတာလား။”
တခဏမျှ တိတ်ဆိတ်နေပြီးနောက် ထန်ရှုက စကားစလိုက်သည်။
ပြတ်သားသောတုံ့ပြန်မှုနှင် စုလင်းယွမ်က ပြောသည်။
“အရမ်းကို အရေးကြီးတာ။ သားတို့သားအဖ၂ယောက်စလုံးက အမေ့အတွက် အရမ်းအရေးကြီးတဲ့သူတွေပဲ။”
အမေ့အတွက် ညီတူညီမျှ အရေးပါတယ်ပေါ့။
ထန်ရှုသည် သူမ၏အဖြေအား စိတ်တွင်းမှ ပျော်ရွှင်သွားကာ နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်သည်။ သူ၏အကြည့်သည် ထန်ကောရှန့်ဆီ ရောက်သွားပြီး လေးနက်သောအသံဖြင့်
“သူ့ကို ကုနိုင်ဖို့ ၁၀၀%အခွင့်အရေးရှိတယ်လို့ အာမ မခံရဲပေမယ့် ကျွန်တော် ကြိုးစားပေးကြည့်ချင်တယ်။ ဘယ်သူမှ မနှောင့်ယှက်နိုင်တဲ့ ကျယ်ဝန်းတဲ့ နေရာတစ်ခု ပြင်ပေးပါ။ ငွေအပ်တစ်ဆက်လည်း ရှာပေးပါ။”
ထန်ကောရှန့်၏မျက်ဝန်းများအရောင်လက်သွားကာ လေးလေးနက်နက်မေးလိုက်သည်။
“အဖိုး အဲ့ဒါတွေ ချက်ချင်းစီစဉ်ပေးမယ်။ ငွေအပ်အပြင် ဘာတွေလိုအပ်ဦးမလဲ။”
“ထန်မိသားစုမှာ အရည်အချင်းရှိရင် ဆေးပင်ဈေးကွက် ဒါမှမဟုတ် ဆေးဆိုင်တွေကို သွားပြီး နဂါးငွေ့မြက်အများအပြား ဝယ်ပေးပါ။ မှတ်ထားရမှာက အဲ့ဒီဆေးပင်က အရမ်းရှားပြီး ဈေးလည်းကြီးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရှာနိုင်သလောက် ဝယ်ခဲ့ပါ။”
နဂါးငွေ့မြက်လား။
ထန်ကောရှန့် လှည့်ကာ ပြတ်သားစွာ ပြောလိုက်သည်။
“မင်းတို့အားလုံး ကြားတယ်နော်။ အဲ့ဒီဆေးပင်ကို ရှာပြီး အမြန်ပြန်လာခဲ့။ ၃နာရီအတွင်း ထန်ရှာဆီ အားလုံးရောက်ရမယ်။”
“ဟုတ်…”
ထန်မိသားစုဝင်များ အပြေးထွက်သွားကြသည်။
ထန်ကောရှန့်သည် ထန်ရှုတို့သားအမိအား ကြည့်ကာ သက်ပြင်းတစ်ချက် တိတ်တခိုး ချလိုက်မိသည်။ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက ညင်သာစွာ ပြောလိုက်သည်။
“ထန်ရှု…မင်းလိုအပ်တဲ့ ဆေးပင်ရှာမှာက အချိန်နည်းနည်း ပေးရလိမ့်မယ်။ ညတောင် ဖြစ်သွားနိုင်တယ်။ အဲ့ဒါကြောင့် ညစာ အရင်စားလိုက်ရအောင်။ မင်း မဆာဘူးဆိုရင်တောင်မှ အမေက ဆာနေရောပေါ့။”
ထန်ယွင်သဲ့၏လက်အား ဆုပ်ကိုင်ထားသော မိခင်အား လှမ်းကြည့်လိုက်ရင်း ထန်ရှု တိတ်ဆိတ်စွာ ခေါင်းညိတ်ပြသည်။
“အဖွား ချက်မယ်။ နင်တို့အတွက် အဖွားကိုယ်တိုင် ချက်ပေးမယ်။” ထိုသို့ပြောပြီး ချင်ချန်းယွဲ့သည် အခန်းထဲမှ လျင်မြန်စွာ ထွက်ခွာသွားသည်။
သူမ၏နောက်ကျောအား ကြည့်ပြီး ထန်ရှု၏နှလုံးသားလေး နွေးထွေးသွားရသည်။ သူသည် ထန်မိသားစုဝင်များအား လျစ်လျူရှုထားသော်လည်း ချင်ချန်းယွဲ့၏အပြုအမူအား မြင်တွေ့ရသည်မှာ နက်ရှိုင်းသော သံယောဇဥ်၊ ချစ်ခြင်းတရားတို့နှင့် ဒွန်တွဲနေသော လှုပ်ရှားမှုတိုင်းအား သူ မြင်တွေ့နိုင်သည်။ သူသည် ကျောက်တုံးနှလုံးသားပိုင်ရှင် မဟုတ်ပါပေ။ ချင်ချန်းယွဲ့သည် စကားအနည်းငယ်သာပြောပြီး အလျင်စလို ထွက်ခွာသွားပုံသည် သူ၏နှလုံးသားအား ရိုက်ခတ်စေသည်။ သူသည် ပထမဆုံးအကြိမ်အဖြစ် အဖေဘက်မှ အဖွားဖြစ်သူအား ရင်ထဲမှ တိတ်တဆိတ် စတင်အသိအမှတ်ပြုလိုက်သည်။
“ကျွန်တော်တို့လည်း အပြင်ထွက်ကြတာပေါ့။” ထန်ရှုက ထန်ကောရှန့်ဘက်လှည့်ကာ ပြောလိုက်သည်။
အဆောက်အဦး၏အဓိကခန်းမတွင်
ထန်ရှုသည် ဆိုဖာအား မှီထိုင်ကာ မျက်လုံးမှိတ်ထားသည်။ ထန်ယွင်သဲ့အား ကုသရန် ဆုံးဖြတ်ပြီးပြီဖြစ်သောကြောင့် သူ၏ခွန်အားနှင့် စိတ်ဝိညာဉ်အာရုံတို့အား အထွဋ်အထိပ်သို့ ရောက်ရှိစေရန် ထိန်းသိမ်းထားရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဦးနှောက်အတွင်းရှိ စိတ်ပင်လယ်နှင့် ဆက်သွယ်နေသော ဦးနှောက်၏အချိုင့်ငယ်များအပိုင်းတွင် ပိတ်ဆို့နေသော မီးခိုးရောင်အရာလေးတစ်ခုအား ဖယ်ရှားလိုပါက သူ၏စိတ်ဝိညာဉ်အာရုံအား အသုံးပြုရမည် ဖြစ်သောကြောင့်ပင်တည်း။ သူသာ အင်မော်တယ်တစ်ယောက်ဖြစ်နေပါက ထိုစိတ်ဝိညာဉ်အာရုံ အသုံးပြုခြင်းသည် အလွယ်လေးဖြစ်သည်။ သို့သော် လက်ရှိသူသည် အလွန်အားနည်းနေသေးသောကြောင့် ထိုမီးခိုးရောင်အရာအား တစ်ချက်တည်းဖြင့် ဖယ်ရှားရန်နှင့် ပိတ်ဆို့နေသော သွေးခဲများအား ရှင်းလင်းပြီး မှေးမှိန်နေသော ဦးနှောက်အာရုံကြောများတစ်လျှောက် အားဖြည့်ပေးရန် ယုံကြည်ချက်ပင် သိပ်မရှိလှချေ။
လူ၏ဦးနှောက်သည် လွန်စွာမှ ရှုပ်ထွေးလှသည်။ သူ့တွင် အခွင့်အရေးတစ်ခါသာရှိသည်ကို သူ ကောင်းစွာ သတိပြုမိသည်။ တစ်ကြိမ်တည်းနှင့် မလုပ်နိုင်ခဲ့ပါက ထန်ယွင်သဲ့၏ဦးနှောက်တွင် အခြားပြသနာများပါ ဖြစ်ပေါ်လာမည်ဖြစ်ပြီး ဘဝလည်းအဆုံးသတ်သွားနိုင်သည်။
သူ၏မိခင်သာ စောင့်ဆိုင်းနိုင်မည်ဆိုပါလျှင် သူသည် ပိုမိုသန်မာလာသည့်အချိန်တစ်ခုအထိ စောင့်ဆိုင်းပြီး လုပ်ဆောင်ရမည်ဆိုပါက လုပ်ဆောင်ချက်အတွက် ပိုပြီးယုံကြည်ချက်ရှိပေသည်။ သို့သော်လည်း မိခင်ကြီးသည် သူမချစ်မြတ်နိုးရသော ယောက်ျားအား နှစ်၂၀တိုင် စိတ်ခံစားမှုများဖြင့် စောင့်ဆိုင်းနေခဲ့ရသည့်အပြင် ထန်ယွင်သဲ့အား တွေ့ပြီးချိန်တွင်လည်း စောင့်ဆိုင်းနေရသောကြောင့် ထန်ရှု သူမအား ထပ်မစောင့်ခိုင်းရက်တော့ပေ။
တစ်နာရီနီးပါး ကြာသွားပြီးနောက်…
ချင်ချန်းယွဲ့သည် ခန်းမထဲသို့ အေပရွန်ဝတ်လျက်သားဖြင့် ဝင်လာသည်။ ချစ်ခင်မြတ်နိုးသောအမူအရာဖြင့် ထန်ရှုအား ကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။
“မြေး…စားဖို့ အဆင်သင့် ဖြစ်နေပြီ။ အမေ့ကို ခေါ်လိုက်ပြီး အတူစားကြစို့။”
ထန်ရှုသည် သူ၏မျက်လုံးများအား ဖွင့်ပြီး နွေးထွေးစွာ ခေါင်းညိတ်ပြသည်။ သူသည် ထရပ်လိုက်ကာ ခုနက ထွက်လာခဲ့သော အခန်းထဲသို့ ဝင်သွားရာ သူ၏မိခင်သည် ထန်ယွင်သဲ့၏လက်အား ကိုင်ထားလျက် နှစ်၂၀အတွင်းက သူမ၏အတွေးစိတ်ကူးများနှင့် ခံစားချက်များအား ပြောပြနေသည်ကို တွေ့လိုက်ရသည်။
ထန်ရှုသည် စိတ်တွင်းမှ သက်ပြင်း ထပ်မံချမိလိုက်ပြီး မိခင်၏ပခုံးအား အသာထိလိုက်ကာ ပြောလိုက်သည်။
“အမေ…စားကြရအောင်။ စားသောက်မှ အမေ လူရောစိတ်ပါ အားရှိမှာ။ အဲ့ဒါမှ အမေ သူနဲ့ စကားပြောရတာ ပိုကောင်းလာမှာပေါ့။”
“ကောင်းပြီ။” စုလင်းယွမ်က တစ်ချက်ပြုံးကာလှည့်လာသည်။
ယခုလက်ရှိ သူမဘဝလေးသည် ခါးသီးနာကျင်မှုများ ပြီးဆုံးပြီးနောက် ချိုမြိန်သော ဘဝလေးအဖြစ်သို့ ရောက်လာသည့်ဟန်ရှိသည်။ နှစ်၂၀အတွင်း သူမ၏အကြီးမားဆုံး ဆန္ဒနှစ်ခုအနက် တစ်ခုမှာ သားဖြစ်သူ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအား ချောချောမွေ့မွေ့အောင်မြင်ပြီး ထင်ရှားသော တက္ကသိုလ်သို့ တက်ရောက်ခွင့်ရရန်နှင့် နောက်တစ်ခုမှာ သူမ၏ယောက်ျားအား ရှာဖွေရန်တို့ ဖြစ်သည်။ ယခု သူမ၏ဆန္ဒနှစ်ခုလုံး ပြည့်ဝခဲ့ပြီး သူမအား အတော်ပင် စိတ်ကျေနပ်မှုရရှိစေခဲ့သည်။ လက်ရှိတွင် သူမ၏ယောက်ျားမှာ သတိလစ်မေ့မျောနေဆဲဖြစ်သော်လည်း သားဖြစ်သူက တကယ်ပင် ကုသနိုင်ခဲ့မည်ဆိုပါက သူမ သေပျော်နိုင်ပြီဖြစ်ပေသည်။
ညစာစားပွဲတွင် လူ၄ယောက်သာ ရှိသည်။
ထန်ကောရှန့်၊ ချင်ချန်းယွဲ့၊ ထန်ရှုနှင့် စုလင်းယွမ်တို့ ဖြစ်သည်။
စားပွဲတစ်ခုလုံးသည် မွှေးကြိုင်သော ဟင်းပွဲများဖြင့် ပြည့်လျှံနေပြီး ချင်ချန်းယွဲ့သည် သားအမိနှစ်ယောက်အား ကောင်းနိုးရာရာလေးများအား အဆက်မပြတ် ထည့်ပေးလျက်ရှိသည်။ ထန်ရှုက အားရပါးရ စားသောကြောင့် သူမ၏မျက်နှာတွင် တောက်ပသောအပြုံးပန်းတစ်ပွင့် လန်းစွင့်လျက်ရှိတော့သည်။
ထန်ရှုသည် ထမင်းအပြည့်အမောက်နှစ်ပန်းကန်နှင့် ဟင်းအများအပြားကို အားပါးတရ စားပစ်လိုက်သည်။ ထိုခဏတွင် ထန်မိသားစုသည် သူတို့သားအမိအား အမှန်တကယ် ဂရုစိုက်သည်ဆိုတာကို ခံစားမိသည့်နည်းတူ မိသားစုချစ်ခြင်းတရား ထုံလွှမ်းမှုကိုပါ နောက်ဆုံးတော့ ထန်ရှု ခံစားနိုင်မိခဲ့ပြီဖြစ်သည်။ ထန်ကောရှန့်ဆီမှ စကားတစ်ခွန်းတည်းဖြင့် ချွေးမများနှင့် သားသမီးများပါ ပါဝင်သော ထန်မိသားစုဝင်များသည် ဘိုးဘေးအဆောက်အဦးမှ ထွက်ခွာကာ နဂါးငွေ့မြက်အား ရှာရန် ထွက်သွားကြသည်။
“သည်မိသားစုက တကယ်ကောင်းတယ်။” စိတ်တွင်းမှ နှစ်ခြိုက်မိရင်း ဗိုက်ပြည့်သွားသောကြောင့် ထန်ရှုသည် တူအား ထမင်းပန်းကန်ပေါ်ချလိုက်သည်။
“အဖိုး…အဖွား…”
ထိုအချိန်တွင် ထမင်းစားခန်းအပြင်ဘက်မှ အသံတစ်ခု ထွက်လာပြီး လူရွယ်တစ်ယောက်သည် အတွင်းသို့ လှမ်းဝင်လာသည်။ သူသည် ထန်ရှုကို တွေ့သောအခါ ကြောင်တောင်တောင် ကြည့်မိရင်း သူ၏မျက်နှာထက်တွင် မယုံနိုင်ဟန်များ ပေါ်ပေါက်လာသည်။
ထန်ရှုသည်လည်း ချူယီအား သည်နေရာတွင် တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားမိသောကြောင့် အံ့သြနေမိသည်။ ထို့အပြင် ချူယီကာ ထန်ကောရှန့်နှင့် ချင်ချန်းယွဲ့အား အမေ့ဘက်မှ အဖိုးအဖွားအဖြစ် ခေါ်ဆိုခဲ့ပေရာ ဆိုလိုသည်က သူသည် ချူယီ၏ဝမ်းကွဲညီလေး ဖြစ်နေသည့် သဘောပင် ဖြစ်တော့သည်။
“ထန်ရှု…ဘယ်လိုဖြစ်ပြီး ဒီမှာရှိနေတာလဲ။” ချူယီက ထန်ရှုအား စိုက်ကြည့်ကာ ထုံထိုင်းသောအမူအရာဖြင့် တိုးတိုးပြောလိုက်သည်။
ခပ်ဖွဖွ ပြုံးလျက် ထန်ရှုက မတ်တတ်ရပ်လိုက်ကာ ပြန်ပြောသည်။
“စပရိုက်လေ။”
“ဘာစပရိုက်ဖြစ်ရမှာလဲ။ ဒါကြီးက အံ့သြတုန်လှုပ်စရာတစ်ခုပဲ။ မင်းက ငါ့ညီဝမ်းကွဲလေး ဖြစ်လာလိမ့်မယ်လို့ ငါ ယုံတောင် မယုံကြည်နိုင်မိဘူး။”
“အမျိုးစပ်တာတွေ အသာထား။ မင်း ဗိုက်ဆာလား။ ညစာ အရင်စားလိုက်ပါလား။” ထန်ရှုက ခပ်ဖွဖွ ပြောလိုက်သည်။
ချူယီက သူ၏လက်များကို ပွတ်ကာ အပြုံးဖြင့် ပြောလိုက်သည်။
“ငါ ခုလေးတင်ပဲ စားလာတာ။ ထန်းကျင်းမြို့မှာ လုပ်စရာလေးတွေ သွားလုပ်နေလို့ ဒီအကြောင်းကို မသိလိုက်ဘူး။ ကံကောင်းချင်တော့ အမေက ဖုန်းဆက်ပြီး ပြောလို့ ထန်းကျင်းကနေ အမြန်ပြန်ချလာတာ။ ဒါနဲ့ ငါ မင်းလိုနေတဲ့ နဂါးငွေ့မြက်ကို လူလွှတ်ပြီး ရှာခိုင်းထားတယ်။ သူတို့ရှာနိုင်သလောက် ရှာပြီး အချိန်တိုအတွင်း ပို့ဖို့ မှာထားတယ်။”
ထန်ကောရှန့်၏အိုမင်းသော မျက်နှာထက်တွင် အံ့အားသင့်နေဟန် ပေါ်လွင်နေပြီး သိလိုစိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။
“မင်းတို့၂ယောက်က အရင်ကတည်းက သိနေကြတာလား။”
ချူယီက အသံထွက်အောင် ရယ်လိုက်ပြီး ပြုံးရွှင်နေသော မျက်နှာဖြင့်
“ဟုတ်တယ် အဖိုး။ ကျွန်တော်တို့က ခိုင်မာတဲ့ ရင်းနှီးမှုတစ်ခုရှိကြတယ်။ ထန်ရှုက အရင်က ကျွန်တော့်ညီအစ်ကိုပဲ ဒါပေမယ့် ကျွန်တော့်ညီဝမ်းကွဲလေး ဖြစ်လာလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့မိဘူး။ ပိုင်ထောင်နဲ့ လုံကျန့်ယုတို့သာ ဒီအကြောင်းကို သိရင် သူတို့ အံ့သြတုန်လှုပ်သွားကြလိမ့်မယ်။”
ထန်ကောရှန့်၏မျက်ဝန်းထဲတွင် အံ့သြမှုအရိပ်အယောင်များ ဖြတ်သန်းသွားသည်။ သည်မြေး၏အကျင့်စရိုက် ကိုယ်ရည်ကိုယ်သွေးအား သူ ကောင်းစွာ သိပေသည်။ ဉာဏ်ကောင်းသော၊ အသိဉာဏ်ရှိသော၊ စဉ်းစားတွေးခေါ်တတ်သော စသည့်အရည်အချင်းများအပြင် အကျိုးရှိအောင် နည်းလမ်းများကိုလည်း ဆောင်ရွက်တတ်ကာ ရှေ့ရေးကို အမြော်အမြင်ရှိသူတစ်ယောက် ဖြစ်သည်။ သာမန်လူများအား ချူယီက မျက်လုံးထဲတွင် ထည့်ပင်မထည့်ချေ။ သူ၏ထိုမြေးသည် ထန်ရှုအား မည်သို့သိလိမ့်မည်ကို သူ မသိခဲ့ပါချေ။
ချင်ချန်းယွဲ့ကမူ ထိုအချင်းအရာအား သတိမမူမိဘဲ ချုယီရောက်လာသည်အား တွေ့သောအခါ သူမ၏အကြည့်အား ထန်ရှုဆီမှ စိတ်မပါစွာ ဖယ်ခွာကာ ပြုံးပြနေသည်။
တခဏမျှ တုံ့ဆိုင်းနေပြီးနောက် ထန်ကောရှန့်က ထပ်မေးလိုက်သည်။
“သူနဲ့ ဘယ်လို ဆုံခဲ့ကြတာလဲ။”
ချူယီက ပြုံးကာ
“ကျွန်တော် ကြယ်တာရာကို ပိုင်ထောင်နဲ့သွားခဲ့တယ်။ အဲ့ဒီက လုံမိသားစုရဲ့ကျော်ကြားတဲ့ သခင်လေး လုံကျန့်ယုက ကျွန်တော်တို့ သူငယ်ချင်းလေ။ ကျွန်တော်တို့ သူကနေတဆင့် ထန်ရှုကို တွေ့ခဲ့ကြတာ။ အဖိုး.. ကျွန်တော့်ရဲ့ညီဝမ်းကွဲလေးက ထူးကဲသာလွန်တဲ့အရည်အချင်းတွေရှိတာ အဖိုး မသိဘူးနော်။ ကျွန်တော်နဲ့ ပိုင်ထောင်တောင်မှ သူ့ကို တကယ် လေးစားမိတာ။”
တခဏမျှ တိတ်ဆိတ်သွားပြီး ထန်ကောရှန့်က ပြောလိုက်သည်။
“ငါ ထန်ရှုအကြောင်း စုံစမ်းခိုင်းတုန်းက သူ့မှာ လုံကျန့်ယုဆိုတဲ့ သူငယ်ချင်းတစ်ယောက် ရှိတာတော့ သိတယ်။ ဒါပေမယ့် မင်းလည်း သူနဲ့ သိလိမ့်မယ်လို့ မထင်ထားမိဘူး။ သူက တကယ်ကို အရည်အချင်း ရှိတယ်။ အဖိုးရဲ့အဆုတ်ရောဂါတောင် ကုသပေးပြီးပြီ။”
ချူယီက သွားဖြဲရယ်မောလိုက်ရင်း
“အဖိုး… သူက ဆေးပညာမှာတင် ထူးချွန်တာ မဟုတ်ဘူးနော်။ သူ…”
“ချူယီ…” ထန်ရှု မျက်မှောင်ကြုပ်သွားကာ သူ့အား ဟန့်တားလိုက်သည်။
ထန်ကောရှန့်သည် ထန်ရှုအကြောင်းအား စုံစမ်းရန် တစ်စုံတစ်ယောက်အား စေလွှတ်သည်ဆိုရင်တောင်မှ အချိန်သည် လွန်စွာ အကန့်အသတ်ဖြစ်နေသောကြောင့် သူ ရထားသော သတင်းသည် မနှံ့စပ်ကာ ပြည့်စုံမှုမရှိဖြစ်နေပေသည်။ ထို့ကြောင့် မြေးဖြစ်သူ ချူယီ၏မှတ်ချက်စကားအား ကြားသောအခါ သူသည် ပိုပြီး သိလိုစိတ်ပြင်းပြလာခဲ့သည်။
“ချူယီ…အဖိုးကို ပြောပြပါ။ ငါ့ ဒီမြေးလေးရဲ့အခြားနယ်ပယ်တွေက အကြောင်းအရာတွေကို အဖိုး တကယ် သိချင်တယ်။”
***