← Chapters

နာမည်တပ်ခြင်း

Vol. 06 Ch. 266

နာမည်တပ်ခြင်း

Vol. 06 Ch. 266

ချူယီ တုန်လှုပ်သွားလျက် ထန်ရှုအား စဉ်းစားဆင်ခြင်သောအကြည့်တစ်ခု ပေးလိုက်သော်လည်း ဆက်ပြောလျက်ရှိသေးသည်။

“သူက နယ်ပယ်များစွာမှာ အရည်အချင်းတွေရှိတယ်။ ပညာရေး အရည်အချင်းကောင်းပြီး ရွှမ်းချင်ဒေသက နံပါတ်တစ်အမှတ်အများဆုံး၊ သိုင်းပညာကျွမ်းကျင်လို့ လူ၈ယောက် ၁၀ယောက်ကို အသာလေးလှဲသိပ်နိုင်သလို ပန်းချီပညာမှာလည်း ထိပ်သီးမို့လို့ ဒီကမ္ဘာမှာ သူနဲ့ ယှဉ်နိုင်တဲ့သူ မရှိဘူး။ စီးပွားရေးမှာ ကျွမ်းကျင်မှုက ငွေအလွယ်လေး ရှာနိုင်လို့ ကျွန်တော်တောင် သူ့ကို လေးစားရတယ်။ အကောင်းမွန်ဆုံး သူ့အကြောင်းထဲမှာ မပါမဖြစ်ဆိုရင် သူ့ရဲ့ဆက်သွယ်ရေးကွန်ယက်က ကျွန်တော့်ကိုတောင် နိမ့်ကျစေတယ်။”

ထန်ကောရှန့် တစ်ဖန် တိတ်ဆိတ်သွားပြီးမှ အသိချင်ဆုံး မေးခွန်းအား သူ မေးလိုက်သည်။

“အဆက်အသွယ်တွေလား။ ဘာအဆက်အသွယ်တွေလဲ။”

“အဖိုး…ကျွန်တော် ကြယ်တာရာမှာ ဘာသွားလုပ်တယ်ဆိုတာ အဖိုးသိလိမ့်မယ်လို့ ကျွန်တော် ယုံတယ် မှန်လား။” ချူယီက ပြောသည်။

ထန်ကောရှန့်က ခေါင်းညိတ်ပြပြီး

“အဖိုး မင်းအမေဆီကနေ နည်းနည်းပါးပါး သိတယ်။”

ချူယီက ထန်ရှုကို ညွှန်ပြပြီး ပြောပြသည်။

“ကြယ်တာရာမှာ ရှိတဲ့ ကျွန်တော်တို့ရဲ့လှုပ်ရှားမှုကြီးက ထန်ရှုကြောင့် ဖြစ်လာတာလေ။ အဆုံးမဲ့ဂုဏ်ရည်ဆေးဝါးလုပ်ငန်းက သူဋ္ဌေးကြီး ချန်းကျီကျုံးက ထန်ရှုရဲ့တပည့်ပဲ။ အတိုချုံးပြောရရင် သူက အံ့သြစရာကောင်းတဲ့ပုံရိပ်တစ်ခု။”

ထန်ကောရှန့် စိတ်တွင်းမှ တုန်လှုပ်အံ့သြမိသည်။ သူ၏မြေးသည် အလွန်ထူးချွန်သည်ကို သိသော်လည်း ထိုမျှထိ ထူးချွန်လိမ့်မည်ဟု သူ ထင်မထားမိပါချေ။ ကြယ်တာရာမှ ကျန်းမိသားစု ပြိုကွဲသွားသည့်သတင်းအား သူ ကြားမိသော်လည်း ထိုသို့ဖြစ်အောင် ဦးဆောင်သူမှာ ထန်ရှုဖြစ်လိမ့်မည်ဟု သူ တွေးမထားမိချေ။ အဆုံးမဲ့ဂုဏ်ရည်ဆေးဝါးလုပ်ငန်းကိုလည်း သူ သိပေသည်။ ထိုလုပ်ငန်းသည် ဆေးပင်စီးပွားရေးနယ်ပယ်တွင်သာမက ဆေးဝါးသုတေသနလုပ်ငန်းနယ်ပယ်အတွက် နိုင်ငံတွင် အဓိကကျသော ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။ ထိုလုပ်ငန်း၏သူဋ္ဌေးကြီး ချန်းကျီကျုံးအကြောင်းကိုလည်း သူ ကြားဖူးပေသည်။ ထင်ရှားပြီး သြဇာအာဏာကြီးသော လူတစ်ယောက်ဖြစ်သည်။ သို့သော် မမျှော်လင့်ထားပဲ ထိုကဲ့သို့သော ပုဂိုလ်သည် မြေးဖြစ်သူ ထန်ရှု၏တပည့်တစ်ယောက် ဖြစ်နေသည်။

“သူက ထန်တွေရဲ့သားပဲ။ အဲ့ဒါကြောင့်မို့ သဘာဝအရ အံ့အားသင့်စရာကောင်းတာပေါ့။”

ထန်ကောရှန့်၏အိုမင်းသော မျက်နှာထက်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်ထွန်းလာကာ ချီးကျူးစကား ဆိုလိုက်သည်။ ချင်ချန်းယွဲ့အား စိုက်ကြည့်နေရင်း ထန်ကောရှန့်၏မှတ်ချက်စကားကြောင့် ထန်ရှု အတော်ပင် မသက်မသာဖြစ်သွားသည်။ သူသည်လည်း ထန်ကောရှန့်၏စကားအား ချေပရန် ဆန္ဒမရှိပါချေ။ အမည်အားဖြင့် သူသည် ထန်ကောရှန့်၏မြေးဖြစ်ပြီး သူ အကြိမ်မည်မျှ ပြန်လှန်ချေပစေကာမူ သူသည် ထိုသူများနှင့် သွေးသားတော်စပ်သည်ဟူသောအချက်အား ပစ်ပယ်မရနိုင်သေးပါချေ။ သူ၏အမေအား ထန်များမှ အနိုင်မကျင့်သရွေ့ သူသည်လည်း လျစ်လျူရှုထားလိုက်တော့သည်။

တစ်နာရီကြာပြီးနောက် လူအများအပြား ပြန်ဝင်လာကြသည်။ ထန်ရှုအတွက် စိတ်ပျက်စေသည့်အချက်မှာ ထန်တို့၏အဆက်အသွယ်များ အသုံးပြုသည့်တိုင်အောင် နဂါးငွေ့မြက်သည် အနည်းငယ်သာ ရရှိခဲ့ခြင်းဖြစ်သည်။ ရေတွက်ပြီးသောအချိန်တွင် စုစုပေါင်း ၁၂ပင်သာရှိသည်။

“အဖိုး…ကျွန်မ နဂါးငွေ့မြက် ၈ပင်ရခဲ့တယ်။”

အခန်း၏အပြင်ဘက်မှ ပေါ့ပါးသွက်လက်နေသော အသံလေး ထွက်ပေါ်လာပြီး ထန်ရင်သည် အခန်းအတွင်းသို့ အနက်ရောင် အိတ်တစ်လုံးသယ်ကာ ဝင်လာသည်။

၈ပင်ရလာတယ်ဟုတ်လား။

ထန်များသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကာ မယုံနိုင်သည့်အသွင်များဖြစ်နေသည်။ သူတို့၏သူငယ်ချင်းများနှင့် နီးစပ်ရာ အဆက်အသွယ်များအား နဂါးငွေ့မြက်အကြောင်း စုံစမ်းခဲ့ပြီး ဈေးကောင်းဝယ်ပါမည်ဟုပင် ကမ်းလှမ်းခဲ့ကြသော်လည်း ရလဒ်အနေဖြင့် လူအများကြီးမှ ၁၂ပင်သာ ရခဲ့ချိန်တွင် ထန်ရင်တစ်ဦးတည်းမှ ၈ပင် ဝယ်ယူနိုင်ခဲ့သည် မဟုတ်ပေလော။

ထန်ကောရှန့် သိလိုစိတ်ဖြင့် မေးလိုက်သည်။

“ထန်ရင် သမီး အဲ့လောက်အများကြီးကို ဘယ်နေရာမှာ တွေ့ခဲ့တာလဲ။”

“ကျွန်မ wechat ဂရုထဲက သူငယ်ချင်းတွေဆီကို နဂါးငွေ့မြက်ရှာနေတဲ့အကြောင်း စာပို့လိုက်တာ။ သူငယ်ချင်းတစ်ယောက်က သူ့ဆီမှာ ၈ပင်ရှိတာနဲ့ အကုန်လုံးပေးလိုက်တာ။ ကျွန်မသူငယ်ချင်းက ပြောတယ် နဂါးငွေ့မြက်က လူတစ်ယောက်ရဲ့စိတ်ဝိညာဉ်ကို မြှင့်တင်ပေးနိုင်တယ်တဲ့။ ပင်ပန်းနေတဲ့လူတွေတောင်မှ အဲ့ဒီအငွေ့လေးကို ရှူပြီးသွားရင် စိတ်တွေ လန်းဆန်းသွားရောဆိုပဲ။ ဒါပေမယ့်လည်း ဆိုးကျိုးကတော့ အများကြီး ရှူမိရင် မူးဝေအော့အန်ပြီး အခန့်မသင့်ရင် သတိတောင် လစ်သွားနိုင်တယ်။”

ထန်ရှု မျက်လုံးစွေကာ ထန်ရင်အား ကြည့်လိုက်ပြီး မေးလိုက်သည်။

“လူနည်းစုကသာ နဂါးမြက်အကြောင်းသိကြတာ။ အစ်မရဲ့သူငယ်ချင်းက အတော် အံ့သြဖို့ကောင်းတာပဲ။ သူ ဘယ်သူလဲဆိုတာ သိလို့ရနိုင်မလား။”

ထန်ရင်သည် ထန်ရှုအား လှည့်ကြည့်ကာ တခဏမျှ တုံ့ဆိုင်းနေရင်း ပြန်မဖြေဘဲ သူ့အား ပြန်မေးလိုက်သည်။

“နင့်မေးခွန်းကို မဖြေခင် ငါမေးတာ ဖြေပေးနိုင်မလား။”

ထန်ရှု တခဏ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

“ဒီနဂါးငွေ့မြက်ပင်တွေကို ပေးတဲ့ သူငယ်ချင်းက သူ လူထူးဆန်းတစ်ယောက်ကို သိတယ်လို့ ပြောတယ်။ ဒါပေမယ့် အဲ့ဒီလူက ပြောမပြတတ်လောက်အောင် ပန်းချီမာစတာတစ်ယောက်ဖြစ်ပြီးတော့ ကမ္ဘာပေါ်မှာ အတော်ဆုံးပဲတဲ့။ ထန်းကျင်းမြို့မှာ အဲ့ဒီလူက ငါ့ရဲ့သူငယ်ချင်းကို ပန်းချီကားတစ်ချပ် လက်ဆောင်ပေးပြီးတော့ လက်ရေးလှစာပန်းချီတွေကို မိုးလောက်မြင့်မားတဲ့ဈေးနှုန်းနဲ့လည်း ရောင်းချသွားသေးတယ်ဆိုပဲ။ အဲ့ဒီလူထူးဆန်းနာမည်က ထန်ရှုတဲ့။ နင်က အဲ့ဒီလူနဲ့ ရင်းနှီးမှု ရှိတာလား။”

ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“အဲ့လိုဆိုမှဖြင့် အဲ့ဒါ မုဝမ်ရင်ပေါ့။ ဟုတ်ပါတယ်။ ကျွန်တော် သူမကို ပန်းချီကားတစ်ချပ်လက်ဆောင် ပေးပြီးတော့ လက်ရေးလှပန်းချီတွေလည်း ထန်းကျင်းမြို့မှာ ရောင်းခဲ့တယ်။”

ထန်ရင်က အံ့အားသင့်စွာဖြင့်

“နင်က တကယ်ပဲ မုဝမ်ရင် ပြောတဲ့ လူထူးဆန်းလား။ ကြည့်ရတာ ငါခန့်မှန်းတာ မှန်ပြီနဲ့တူတယ်။ မောင်ငယ်လေး နောက်ပိုင်း ငါတို့ ပိုပြီးရင်းနှီးလာတော့မှာ။ မုဝမ်ရင်နဲ့ ငါက ကလေးအရွယ်ကတည်းက ညီအစ်မတွေလို နေလာကြတာ အရင်းနှီးဆုံး အချစ်ဆုံးသူငယ်ချင်းတွေဆိုလည်း ဟုတ်တယ်။ ငါ့အကူအညီ လိုရင် ပြောနော်…မိန်းမလှလေးကို ဆွဲဆောင်ဖို့ ငါ နင့်ကို ကူညီနိုင်တယ်။”

“…”

ထန်ရှု မျက်လုံးအဝိုင်းသား ဖြစ်သွားရပြီး အလွန်ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။ သူသည် မုဝမ်ရင်အား ဆွဲဆောင်ခြင်းမပြုခဲ့ပေ။ မိန်းမလှလေးအား ဆွဲဆောင်ရန်ဆိုသည့်အတွေးသည် သူ၏စိတ်ထဲတွင် မရှိပါချေ။ သို့သော် သူ၏အစ်မဝမ်းကွဲသည် အတာ်ပင် စိတ်ဝင်စားစရာကောင်းလှသည်။ ချက်ချင်းပင် သူမ၏အချစ်ဆုံး သူငယ်ချင်းအား သူ့ဆီ ရောင်းစားပေလိမ့်မည်။

ဘေးတွင် ထိုင်နေသော ချင်ချန်းယွဲ့သည် သူတို့ပြောနေသော စကားများအား နားထောင်ရင်း အတော်ပင် အံ့အားသင့်လျက်ရှိသည်။ ထို့နောက် သူမက ပြုံးလိုက်ပြီး

“မုမိသားစုရဲ့ကလေးမလေးက တော်တဲ့ မိန်းကလေးတစ်ယောက်ပါ။ သူမက ငါတို့ရှုအာနဲ့ လိုက်ဖက်ညီပါတယ်။ ရင်…သမီး စောစောက ပြောတဲ့အတိုင်း သမီးမောင်လေးကို ကူညီရမယ်နော်။ အရိုးသားဆုံးပြောရရင် အဖွားလည်း မုမိန်းကလေးကို သဘောကျတယ်။”

ထန်ရင်က ရယ်မောလိုက်ရင်း

“အဖွား…မောင်ငယ်လေးက သမီးရဲ့အကူအညီမလိုမှာတောင်စိုးနေရတယ်။ သူမက မောင်ငယ်လေးကို အစောကြီးကတည်းက စိတ်ဝင်စားမှု အနည်းငယ်ရှိနေပြီ။ ကျွန်မရဲ့မောင်ငယ်လေးက တကယ်ကို အံ့အားသင့်စရာပဲ။ မုဝမ်ရင်က မောင်ငယ်လေးကို အတော်ချစ်ခင်မြတ်နိုးပြီး သူမရဲ့နှလုံးသားကိုတောင် ပေးလိုစိတ်ရှိနေတာ။”

“ဒါ ကောင်းတယ်။” ချင်ချန်းယွဲ့၏မျက်နှာတွင် အပြုံးပန်းပွင့်လာသည်။

တစ်ခါတရံတွင် စိတ်အားထက်သန်ခြင်းသည် ဝန်လေးစရာတစ်ခုလည်း ဖြစ်သည်။

ထန်ရှုသည် ထန်များဆီမှ စိတ်အားထက်သန်မှုနှင့် လှိုက်လှိုက်လှဲလှဲရှိမှုတို့အား ခံစားရသောကြောင့် ထိုသူများနှင့်ခြားနားမှု မရှိတော့သကဲ့သို့ ခံစားရပြီး သူ့တွင် ယခင်က ဖြစ်ပေါ်ခဲ့သော အေးစက်တင်းမာမှုသည်လည်း ကွယ်ပျောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ ထန်ကောရှန့် ယခင်က ပြောသည့်စကား မှန်ကန်သည်ဆိုတာကို ရုတ်တရက် သူ သဘောပေါက်သွားခဲ့ရပေသည်။

“ထန်ရှု မင်း အဖိုးတို့ကို အသိအမှတ်မပြုချင်ရင် ပြသနာမရှိပါဘူး။ မင်း ဘာကြောင့် ဒီမိသားစုကို ရင်ထဲမှာ နေရာမပေးတာကိုလည်း အဖိုး သိလည်းသိတယ် နားလည်းလည်တယ်။ ဒါပေမယ့် အဲ့လိုဆိုရင်တောင်မှ မင်းရဲ့နှလုံးသားကို ကျောက်သားနဲ့ လုပ်ထားရင်တောင် အဖိုးတို့လူတိုင်းက မင်းရဲ့နှလုံးသားကို အရည်ပျော်လာအောင် အဖိုးတို့ရဲ့စွမ်းဆောင်မှုတွေနဲ့ လုပ်နိုင်စွမ်းရှိလိမ့်မယ်လို့ အဖိုး ယုံကြည်တယ်။ ထန်မိသားစုက မွေးဖွားလာသူတွေက ထန်မိသားစုရဲ့မျိုးဆက်တွေပဲဖြစ်တယ်။ ငါတို့ရဲ့မိသားစုသံယောဇဉ်ကို ဘယ်တော့မှ မဖြတ်တောက်ဖူးသလို ငါတို့ရဲ့မျိုးဆက်သွေးကိုလည်း ဘယ်တော့မှ ပစ်ပယ်မထားဖူးဘူး။”

ထိုစကားများပင် ဖြစ်တော့သည်။

အစက ထိုစကားများအား ထန်ရှု နည်းနည်းလေးမှ ဂရုမစိုက်ခဲ့ဘဲ ထန်များအား နှစ်သက်မှု မရှိခဲ့ပေ။ သို့သော် ယခုတွင် ခံစားချက်မျိုးစုံတို့သည် သူ၏စိတ်အား ရှုပ်ထွေးနေစေခဲ့ပြီဖြစ်တော့သည်။

သွေးသားတော်စပ်မှုဆက်ဆံရေးအား ဖြတ်တောက်ရန်ဆိုသည့်အတွေးနှင့် ရောယှက်နေသော ခံစားချက်အတွေးများ ပြန်ဝင်လာသည်။

စောင့်ဆိုင်းနေစဉ်အတွင်း ထန်များသည် သက်ဝင်လှုပ်ရှားကာ စနောက်နေကြပြီး အများစုသည် ထန်ရှုနှင့် စုလင်းယွမ်ပတ်လည်တွင် ဝိုင်းအုံနေကြသည်။ ထိုသူများ ပြသခဲ့သော ချီးကျုးမှုများ၊ စိတ်ကောင်းရှိမှုနှင့် ချစ်ခြင်းတရားတို့ကြောင့် နောက်ဆုံးတွင် ထန်ရှုသည် ထန်များအား တိတ်တဆိတ် လက်ခံလိုက်ပြီဖြစ်သည်။

နောက်ဆုံးတွင် ထန်များအားလုံး စုံသွားသောအခါ ထန်ကောရှန့်သည် နဂါးငွေ့မြက်ပင်များအား ထန်ရှု၏အရှေ့တွင် ချထားကာ ပြောလိုက်သည်။

“စုစုပေါင်း ၃၆ပင် ရခဲ့ပြီ။”

ထန်ရှု တခဏမျှ တိတ်ဆိတ်နေပြီးမှ ဖြည်းညှင်းစွာဖြင့် ပြောလိုက်သည်။

“ကျွန်တော် ခန့်မှန်းထားတာကို အများကြီး ပိုရှာနိုင်ခဲ့တာပဲ။ လုံလောက်ပါပြီ။ ဒါပေမယ့်လည်း ကျွန်တော် ကုသနေစဉ်အတွင်း ဘယ်သူမှ အနှောင့်အယှက်မပေးဖို့ အရေးကြီးပါတယ်။ ကောင်းကင်ကြီး ပြိုကျခဲ့ရင်တောင်မှ ကျွန်တော်တို့ကို အနှောင့်အယှက်မပေးပါနဲ့။”

ထန်ကောရှန့်က အလေးအနက်ထားကာ ပြောလိုက်သည်။

“ငါ ခြံဝင်းတစ်ခုလုံးကို ချက်ချင်းပဲ လုံခြုံရေး ချလိုက်မယ်။ ထန်ရှုတို့ကို နှောင့်ယှက်ရဲတဲ့သူ ပစ်သတ်ခံရမယ်။”

ထန်ရှုက ခေါင်းညိတ်ပြကာ နဂါးငွေ့မြက်ပင်များအား ယူပြီး ထန်ယွင်သဲ့ရှိသည့် အခန်းကျယ်တွင်းသို့ ဝင်သွားသည်။ လူနာကုတင်မှတစ်ပါး အခန်းတွင်းတွင် မည်သည့်အရာမှ ရှိမနေချေ။ ထန်ယွင်သဲ့သည် အိပ်ရာထက်တွင် သတိလစ်မေ့မျောနေဆဲဖြစ်ပြီး မိခင်ဖြစ်သူ စုလင်းယွမ်က ကုတင်ဘေးတွင် ကပ်ထိုင်ကာ တစ်စုံတစ်ခုအား တီးတိုးပြောဆိုနေသည်။

“အမေလည်း အပြင်ထွက်ဖို့လိုတယ်။” ထန်ရှုက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

စုလင်းယွမ်က ထရပ်လိုက်ပြီး အလေးအနက်ထားကာ ပြောလိုက်သည်။

“ရှုအာ… သားလုပ်နိုင်သမျှ အရာအားလုံး လုပ်ရမယ်။ သူက သားရဲ့အဖေပါ။ သွေးက ရေထက် ပိုပျစ်တယ်။”

“သက်တောင့်သက်သာ အနားယူပါအမေ။” ထန်ရှုက ခေါင်းတစ်ချက်ညိတ်ကာ ပြောသည်။

ထိုခဏတွင် စုလင်းယွမ်သည် တိတ်ဆိတ်သွားသည်။ တံခါးပေါက်အပြင်တွင် ရပ်နေသော ထန်ကောရှန့်နှင့် ထန်များအား သူမ ကြည့်လိုက်သည်။ မျှော်လင့်ချက်များပါသောအကြည့်တစ်ချက်ဖြင့် သူမက ပြောလိုက်သည်။

“ရှုအာ…သားရဲ့အဖေကို မကုခင် အမေ့ကို တစ်ခု လုပ်ပေးနိုင်မလား။”

“ဘာများလဲ အမေ…” ထန်ရှု ပဟေဠိ ဖြစ်သွားသည်။

စုလင်းယွမ်က အလေးအနက်ထားကာ ပြောသည်။

“သားက သူ့ကို အဖေလို့ ခေါ်တာ အမေ ကြားချင်တယ်။”

ထန်ရှု ငြိမ်ကျသွားသည်။ ထိုစကားလုံးသည် သူ့အတွက် စိမ်းလှပေသည်။

စုလင်းယွမ်က ခါးသီးစွာ ပြောလိုက်သည်။

“ရှုအာ…သား မခေါ်ချင်တာ အမေ သိပါတယ်။ ဒါပေမယ့် အမေ့အတွက် ကျေးဇူးပြုပြီး လုပ်ပေးပါသားရယ်။ အတိတ်တုန်းက သူ ရုတ်တရက် ပျောက်ကွယ်သွားရတယ်ဆိုတာလည်း သူ ထိခိုက်ခဲ့ပြီး သတိလစ်မေ့မျောနေလို့ပါ။ သူသာ နေကောင်းတယ်ဆိုရင် အမေတို့သားအမိကို ဘယ်တော့မှ မစွန့်လွှတ်ဘူးဆိုတာ အမေ လုံးဝယုံတယ်။ သားအဖေ အမှားမဟုတ်ပါဘူး။ အမေ့ကြောင့်ပါသား။ အတိတ်တုန်းက အမေသာ သတ္တိမွေးပြီး ထန်မိသားစုဆီ သားကို ခေါ်လာခဲ့ရင် ကလေးအရွယ်ကတည်းက သားအဖေကို သား မြင်ဖူးနေလောက်ပြီ။”

ထန်ရှု၏အကြည့်များသည် အိပ်ရာထက်ရှိ ပိန်လှီနေသော ထန်ယွင်သဲ့ဆီ ဖြည်းညှင်းစွာ ကျရောက်သွားသည်။ သူ၏မိခင် မှန်သည်ကို သူလည်း သိပါသည်။ ထန်ယွင်သဲ့သာ ရုတ်တရက် သတိမလစ်ခဲ့ မမေ့မျောခဲ့ပါက သူတို့သားအမိအား စွန့်လွှတ်လိမ့်မည်မဟုတ်ပါချေ။

ထန်ယွင်သဲ့ မည်သည့်အချိန်တုန်းကမျှ  အမှားမလုပ်ခဲ့ပါပေ။

သို့သော် ထိုစကားလုံးသည် သူ့အတွက် ခေါ်ဆိုရန် လွန်စွာ ခက်ခဲလှချေသည်။

“ရှုအာ…” တောင့်တမှုနှင့်မျှော်လင့်မှုတို့သည် စုလင်းယွမ်၏မျက်နှာပေါ်တွင် ပေါ်လွင်ထင်ရှားလာခဲ့သည်။

ထန်ရှု တိတ်တဆိတ် သက်ပြင်းချမိသည်။ အိပ်ရာထက်မှ ထန်ယွင်သဲ့အား ကြည့်ကာ အသံထွက်အောင် ခေါ်လိုက်သည်။

“အဖေ…”

ချက်ချင်းဆိုသလိုပင် စုလင်းယွမ်၏မျက်နှာပေါ်တွင် တောက်ပသောအပြုံးတစ်ခု ဖြစ်ပေါ်လာပြီး စိတ်လှုပ်ရှားမှုကြောင့် မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျကာ ထန်ယွင်သဲ့၏လက်အား ကိုင်လျက် တုန်ရီစွာ ပြောလိုက်သည်။

“ယွင်သဲ့…ကြားရဲ့လား။ သားက ရှင့်ကို အဖေလို့ ခေါ်နေပြီလေ။ အဲ့ဒါကြောင့် ကျွန်မနဲ့ ရှင့်သားအတွက် ရှင် သန်မာမှရမယ်။ ရှင် နိုးထလာရမယ်နော်။”

အခန်းတံခါးဝတွင် ….

ထန်ကောရှန့်နှင့် ထန်များသည် ပျော်ရွှင်သောအပြုံးများဖြင့် ရှိနေကြသည်။ ထန်ရှုက ထန်ယွင်သဲ့အား အဖေဟု ခေါ်လိုက်ကတည်းက သူနှင့် ထန်မိသားစုကြားရှိ သွေးသားတော်စပ်မှုသည် ဖြတ်မရတော့ကြောင်း ရှင်းပြလိုက်သကဲ့သို့ ဖြစ်ပေသည်။

ထန်ရှုက အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ကာ စုလင်းယွမ်၏ပခုံးလေးအား အသာကိုင်လိုက်ပြီး

“အမေ ကျွန်တော် ကုသမှု စတင်တော့မယ်။ ကျွန်တော် ကယ်တင်နိုင်ရင် သူ နိုးလာတာအခါ အမေ သူနဲ့ စကားပြောနိုင်ပြီလေ။”

“ကောင်းပါပြီ။” စုလင်းယွမ်သည် ထန်ယွင်သဲ့၏လက်အား ဖြေလျော့ပေးလိုက်ကာ အခန်းတွင်းမှ အလျင်စလို ထွက်ခွာသွားတော့သည်။

“ချူယီကို အထဲဝင်ခိုင်းပေးပါ။ ကုသနေစဉ်အတွင်းမှာ ကျွန်တော် သူ့အကူအညီလိုတယ်။” ထန်ရှုက ပြောသည်။

ချူယီသည် လူအုပ်ကြားထဲမှ အတင်းတိုးထွက်လာပြီး သူ၏လက်များကို ပွတ်လျက် အပြုံးဖြင့်

“ညီဝမ်းကွဲလေး…ငါ့ကို ဘာကူလုပ်ပေးစေချင်တာလဲ။”

ညီဝမ်းကွဲလေးတဲ့လား။

ထန်ရှု ထိုမှတ်ချက်စကားဖြင့် သူ့အား ခေါ်သည်ကို တစ်ဖန်ကြားရပြန်ပြီဖြစ်သည်။ သို့သော် ထိုခေါ်ဆိုမှုအား အမှန်မပြင်တော့ဘဲ အလေးအနက် ပြောလိုက်သည်။

“ကျွန်တော် ကုသမှု စတော့မယ်။ ၆နာရီအတွင်း ကျွန်တော် ကုသတာမပြီးခဲ့ရင် အခန်းတွင်းကို လာပြီး နဂါးငွေ့မြက်တစ်ပင်ကို မီးရှို့ပေးပါ။ မှတ်ထားပေးပါ။ ပထမတစ်ပင် ရှို့ပြီးတာနဲ့ နာရီဝက်တစ်ခါ လာပြီး တစ်ပင်စီ ရှို့ပေးပါ။ ရှို့ပြီးတာနဲ့ အပြင်ကို ပြန်ထွက်ပါ။”

“ဒီမှာ ငါနေရင် ပိုမကောင်းဘူးလား။” ချူယီက မေးသည်။

ထန်ရှုက ခေါင်းယမ်းပြပြီး

“နဂါးငွေ့မြက်ရဲ့အခိုးငွေ့အနံ့က မင်းကို ထိခိုက်လိမ့်မယ်။ အများကြီး ရှူမိရင် သတိလစ်သွားမယ်။”

“အဲ့ဒါက အားပြင်းလှချည်လား။”

ချူယီက ထန်ရင်ပြောပြခဲ့သည်ကို ကြားသော်လည်း ထိုမျှလောက် ပြင်းထန်လိမ့်မည်ဟု ထင်မထားမိချေ။ သူသည် ထန်ရင်အား ယုံမှားသံသယရှိလျှင် ရှိနိုင်သော်လည်း ထန်ရှုအား မည်သည့်အခါမျှ သံသယမဖြစ်ပါချေ။

“အေးဆေးလုပ်ပါ။ ငါ မင်းညွှန်ကြားချက်အတိုင်း လုပ်ပါမယ်။”

ထန်ရှုက ခေါင်းညိတ်ပြသည်။ ထန်များအားလုံး ထွက်သွားပြီးနောက် တံခါးအား ပိတ်သွားသည်။ သူသည် ရှူးဖိနပ်အား ချွတ်ကာ ကုတင်ပေါ်တက်လိုက်ပြီးနောက် ထန်ယွင်သဲ့အား သူ၏အရှေ့တွင် ခြေချိတ်ထိုင်နိုင်ရန် အထောက်အပံ့ ပေးလိုက်သည်။

***

All Chapters