အသက်ကို အသက်နှင့်လဲခြင်း
Vol. 06 Ch. 267
ထန်ယွင်သဲ့အား ကုသခြင်းသည် သူ၏စိတ်စွမ်းအင်များစွာ ကုန်ဆုံးမည်ကို ထန်ရှု ကောင်းစွာသိသည်။ အထူးသဖြင့် စိတ်ပင်လယ်နှင့် ဦးနှောက်ချိုင့်ငယ်လေးများတွင် ပိတ်ဆို့ထားသော မီးခိုးရောင်အရာနှင့် သွေးခဲများအား ဖယ်ရှားခြင်းအတွက် သူ၏ကြယ်စွမ်းအား နှင့်စိတ်ဝိညာဉ်အာရုံတို့ ပူးပေါင်းဆောင်ရွက်ခြင်းအား လိုအပ်ပေလိမ့်မည်။ အချိန်တိုင်း သူသည် အာရုံစိုက်ထားရမည်ဖြစ်ပြီး သူ၏ကြယ်စွမ်းအား နှင့်စိတ်ဝိညာဉ်အာရုံတို့ ထည့်သွင်းရာတွင် ထိန်းချုပ်ပေးထားရမည်ဖြစ်သောကြောင့် လုပ်ဆောင်ချက်တိုင်းသည် သာမန်ထက်လွန်ကဲသော လိုအပ်ချက်များစွာ ရှိသည့် ဆောင်ရွက်မှုဖြစ်သည်။
အောင်မြင်ပါက ထန်ယွင်သဲ့သည် နိုးထလာကာ အသက်ရှင်မည်ဖြစ်ပြီး ကျရှုံးခဲ့ပါက အဆုံးသတ်သည် သေခြင်းတရားသာ ဖြစ်တော့သည်။
သူ၏မိခင် စိတ်ပျက်အားလျော့ရသည့်အဖြစ်အား မည်သည့်အခါမှ ထန်ရှု မလိုချင်ပေ။ နှစ်၂၀ခန့် သူမ နာကျင်စွာ ခံစားရပြီးဖြစ်သောကြောင့် ကောင်းမွန်သော နေ့ရက်များ ရောက်လာမည်ကို သူမ မျှော်လင့်စောင့်စားနေလေရာ သူ အန္တရာယ်ထဲ ကျရောက်ရမည်ဆိုရင်တောင်မှ ထန်ရှု လုပ်ပေးရပေမည်။
ထန်ယွင်သဲ့၏ဦးခေါင်းအလယ်မှသွေးကြောမှတ်များအား ထန်ရှုက ငွေရောင်အပ်များဖြင့် ချက်ချင်း ထိုးစိုက်လိုက်သည်။ ထန်ရှု၏လက်ချောင်းများသည် ငွေအပ်များကို ကိုင်ကာ သူ၏ကြယ်စွမ်းအားကို သွေးကြောမှတ်များဆီသို့ ဂရုတစိုက် ပေးပို့သည်။ ကြယ်စွမ်းအား ပေးပို့နေချိန်တွင် ထန်ယွင်သဲ့၏ ဦးနှောက်ဆီသို့ သွားရန် သူက လမ်းညွှန်ပေးသည်။ ခဲနေသော သွေးများအား အရင်ရှင်းမှရမည်ဖြစ်ပြီး ထန်ယွင်သဲ့၏ ဦးနှောက်အာရုံကြောများအား အားပြည့်လာစေရန် ထောက်ပံ့ခြင်းအား စတင်ရမည်ဖြစ်သည်။ ထို့နောက် သူက မီးခိုးရောင်အရာလေးအား ဖြည်းညှင်းစွာ ဖယ်ရှားရမည်ဖြစ်သည်။ ပိုးချည်မျှင်လေးနှင့်တူသော ကြယ်စွမ်းအားသည် ထန်ရှု၏စိတ်ဝိညာဉ်အာရုံ ထိန်းချုပ်မှုအောက်တွင် သွေးခဲများဆီသို့ ဖြည်းညှင်းစွာ စိမ့်ဝင်ထိုးဖောက်သွားသည်။ ထိုစွမ်းအားသည် ထိုးဖောက်လိုက် ကုစားလိုက်အမှုအား ထပ်တလဲလဲ ပြုလုပ်နေခဲ့သည်။ ထန်ရှု ကြယ်စွမ်းအားနှင့် စိတ်ဝိညာဉ်အာရုံအား ပြန်ရုတ်သိမ်းလိုက်သည့် အချိန်တိုင်း ခဲနေသော သွေးလမ်းကြောင်းသည် အပြင်သို့ ဆွဲထုတ်ခြင်းခံရသည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာသည်။
သွေးခဲများအား အချိန်တိုင်း သယ်ဆောင်လာရင်း ထန်ရှု၏စိတ်စွမ်းအားသည် အကန့်အသတ်သို့ ရောက်နေပြီဖြစ်သည်။ တစ်နာရီ ကုန်လွန်သောအခါ သွေးခဲများ၏၅ပုံ၁ပုံအား ဖယ်ရှားပြီးဖြစ်သည်။ ချက်ချင်းပင် ထန်ရှုသည် သူ၏ကြယ်စွမ်းအား နှင့်စိတ်ဝိညာဉ်အာရုံတို့အား ဖယ်ရှားကာ ထန်ယွင်သဲ့၏ဦးခေါင်းထက်မှ ငွေအပ်များအား လျင်မြန်စွာ ဆွဲထုတ်လိုက်သည်။ ထို့နောက် သူ၏စိတ်ဝိညာဉ်အာရုံအား ဦးနှောက်ဆီသို့ တစ်ဖန် စိမ့်ဝင်ထိုးဖောက်စေလိုက်ပြီး သွေးခဲများအား ရစ်ပတ်ကာ အနည်းငယ်ထပ်ပြီး ဆွဲထုတ်လိုက်သည်။
ထို့နောက် သူသည် ငွေအပ်များအား ချက်ချင်း ပြန်လည်ထိုးစိုက်ကာ အစောပိုင်းက ပြုလုပ်ခဲ့သည့် တူညီသောနည်းလမ်းဖြင့် သွေးခဲများအား ရှင်းလင်းနေခဲ့သည်။ အရှိန်တိုးမြှင့်လုပ်ဆောင်သည့်တိုင် ထန်ယွင်သဲ့၏ဦးနှောက်ထဲမှ သွေးခဲများအား ရှင်းလင်းရာတွင် ၄နာရီတိုင် ကြာခဲ့သည်။ ထန်ယွင်သဲ့၏ဦးနှောက်အာရုံကြော အားဖြည့်ပေးနေခြင်းသည်လည်း ယခင်အတိုင်း နှေးကွေးနေဆဲဖြစ်သည်။ ကြယ်စွမ်းအားသည် သန်မာသောအားဖြည့်မှုလုပ်ငန်းအား ဆောင်ရွက်နေသည့်တိုင် ထန်ရှုသည် ဦးနှောက်၏မှေးမှိန်နေသောအပိုင်း၏၆၀%သာ ပြန်လည်အားဖြည့်ပေးနိုင်ပြီး အချိန်၂နာရီ အသုံးပြုခဲ့ရသည်။
“အကြောင်းက ဒီနေရာမှာပဲ။”
ချွေးသီးချွေးပေါက်ကြီးများသည် ထန်ရှု၏နဖူးထက်မှ စီးဆင်းနေသော်လည်း သူ သတိမပြုမိပေ။ ထိုအချိန်တွင် သူ၏စိတ်ဝိညာဉ် မောပန်းနွမ်းနယ်မှုအား ခံစားနေရပြီဖြစ်ပြီး သူ့အား စိတ်ဖိစီးမှုကိုပင် ဖြစ်ပေါ်နေစေသည်။ သို့သော်လည်း ပိုပြီးအရေးကြီးသော အချိန်သို့ ရောက်လေလေ ပိုပြီး စိတ်မသက်သာရာရလေဖြစ်သည်ကို သူ ကောင်းစွာ သိရှိထားသည်။ ထန်ယွင်သဲ့သာ မြန်နိုင်သမျှ မြန်မြန် မနိုးထလာပါလျှင် သွေးခဲများအား ဖယ်ရှားခြင်းနှင့် ဦးနှောက်အာရုံကြောများအား ပြန်လည်အားဖြည့်ပေးခြင်းသည် ထန်ယွင်သဲ့၏ဦးနှောက်အား အလွန်ဝန်ပိနေပေမည်။ ရုတ်တရက်ပြောင်းလဲသွားမှုအရ နှစ်၂၀အတွင်း ဖြစ်ပွားခဲ့သော ပြသနာသည် ဦးနှောက်အား ဒဏ်ဖြစ်သွားစေလိမ့်မည်ဖြစ်သည်။
မွှေးရနံ့တစ်ခုသည် ထန်ရှု၏နှာခေါင်းဝသို့ ရုတ်တရက် ဝင်လာခဲ့သည်။ ထန်ရှု၏စိတ်ဝိညာဉ်သည် အလျင်အမြန်ပင် သတိဝင်သွားခဲ့သည်။ ချူယီသည် နဂါးငွေ့မြက်ပင်အား ရှို့လိုက်ပြီကို ထန်ရှု သိလိုက်သည်။ သူ၏စိတ်ဝိညာဉ်သည် ဖြည်းညှင်းစွာ သက်သာရာရလာသောကြောင့် ထန်ရှုသည် ထန်ယွင်သဲ့၏စိတ်ဝိညာဉ်နှင့် ဦးနှောက်ချိုင့်ငယ်များအား ပိတ်ဆို့ထားသော မီးခိုးရောင်အရာအား ဖြည်းညှင်းစွာ စတင်ဖယ်ရှားလိုက်သည်။ ထိုအရာအား ဖယ်ရှားရသည်မှာ သွေးခဲအားများအား ဖယ်ရသည်ထက် ပိုမိုခက်ခဲလှပေသည်။ ထိုအရာသည် ပိုမိုသိပ်သည်းကာ ပိုမိုတွယ်ကပ်နေပြီး စေးကပ်လျက်ရှိသည်။ ထိုအရာအား ဖယ်ထုတ်ရသည့်ဆောင်ရွက်ချက်မှာ ပိုမိုအားစိုက်ထည့်ရပြီး စိတ်စွမ်းအား များစွာ အသုံးပြုရပေသည်။
နာရီဝက်ကြာပြီးနောက် ထိုမီးခိုးရောင်အရာအား ဖယ်ရှားရသည်မှာ ၂၀ပုံ၁ပုံထက်မနည်း ပြီးစီးသွားသောအချိန်တွင် ထန်ရှု၏သွင်ပြင်မှာ စာရွက်တစ်ရွက်အလား ပိုမိုဖြူဖျော့လာခဲ့သည်။
တံခါးအား ညင်သာစွာတွန်းကာ ချူယီသည် အခန်းတွင်းသို့ အသံတိတ် ဝင်ရောက်လာသည်။ သူ၏အကြည့်များသည် ထန်ရှုဆီသို့အရောက်တွင် အနည်းငယ် တွေကနဲဖြစ်သွားသည်။ ထန်ရှုသည် ငွေအပ်အား ထန်ယွင်သဲ့၏ဦးခေါင်းထိပ်သို့ ထိုးစိုက်စဉ်တွင် အတော်အားစိုက်နေရသည့်ဟန် ရှိသည်။ သူ၏နဖူးထက်တွင် ချွေးများသီးလျက် နှုတ်ခမ်းများသည် ဖြူလျော်လျက် မျက်ခုံးနှစ်ဖက်စလုံး တွန့်ချိုးလျက်ဖြစ်နေသည်။ ချူယီသည် တခဏမျှ တိတ်ဆိတ်နေပြီးမှ နဂါးငွေ့မြက်ပင်အား မီးရှို့ပေးကာ အခန်းထဲမှ ထွက်လာလိုက်သည်။ နာရီဝက်ကြာ ချူယီ အခန်းထဲသို့ ထပ်ဝင်ရသောအခါ ထန်ရှုသည် ချွေးများရွှဲကာ ဖြူလျော်နေရုံသာမက ခန္ဓာကိုယ်ပင် တုန်ရီနေသည်ကို တွေ့ရသည်။ သူ၏ရင်ထဲမှ စိုးရိမ်ပူပန်မှုများအား မျက်နှာထက်တွင် တွေ့နိုင်မည်ဖြစ်သည်။
ချူယီက နောက်ထပ်နဂါးငွေ့မြက်ပင်အား မီးရှို့ပေးလိုက်ကာ အခန်းထဲမှ ထွက်လာခဲ့သည်။ အပြင်ဘက်တွင် ထန်မိသားစုဝင်များသည် စောင့်ဆိုင်းနေကြဆဲဖြစ်သည်။ သူတို့အားလုံး၏မျက်နှာပေါ်တွင် ပင်ပန်းနေသည့်ဟန်ရှိနေကြသော်လည်း မည်သူမျှ အနားယူရန် မထွက်ခွာကြချေ။
ချူယီထွက်လာပြီး တံခါးပြန်ပိတ်ပေးလိုက်သည်ကို တွေ့သော ထန်ကောရှန့်က လေးလံသောအသံဖြင့် မေးလိုက်သည်။
“အခြေအနေ ဘယ်လိုလဲ။”
“ကျွန်တော် မသိဘူး။ ဒါပေမယ့်…” ချူယီ တခဏမျှ တုံ့ဆိုင်းသွားပြီး အနေကျုံ့စွာ ပြန်ပြောလိုက်သည်။
“ဒါပေမယ့် ဘာဖြစ်လဲ။” ထန်ကောရှန့် မေးလိုက်ရင်း သူ၏အမူအရာသည် အနည်းငယ် ပြောင်းသွားရသည်။
“ထန်ရှုရဲ့အခြေအနေက တော်တော်ဆိုးနေတယ်။ သူ့မျက်နှာတစ်ခုလုံး ချွေးတွေနဲ့ ဖြူလျော်နေပြီး ခန္ဓာကိုယ်ကလည်း တုန်နေတယ်။ အလွန်မသက်မသာရှိတဲ့အခြေအနေကို ရောက်နေတာနေမယ်။”ချူယီက ဖြေသည်။
ချက်ချင်းဆိုသလိုပင် ထန်မိသားစုဝင်များ များစွာ စိုးရိမ်သောကရောက်သွားကြသည်။
စုလင်းယွမ်က အလျင်စလို မေးလိုက်သည်။
“ရှုအာက အန္တရာယ်ရှိတဲ့ အခြေအနေထဲတော့ မရောက်ဘူးမဟုတ်လား။”
“ကျွန်တော် မသိဘူး။” ချူယီက ခေါင်းယမ်းကာ ပြောလိုက်သည်။
အချိန်သည် လျင်မြန်စွာ ကုန်ဆုံးလာသည်။
လေးနာရီကြာပြီးနောက်...
ချူယီသည် ၁၁ကြိမ်မြောက် နဂါးငွေ့မြက်အား အခန်းတွင်း ဝင်ကာ ရှို့ပေးလိုက်သည်။ ထန်ရှု၏အားနည်းဖျော့တော့နေသော အသံသည် သူ၏နားတွင်းသို့ ဝင်လာသည်။
“နောက်ပိုင်းကို ၁၀မိနစ်တစ်ခါ ရှို့ပေးပါ။”
ချူယီ ပြန်မဖြေခဲ့သော်လည်း ထိုအရာအား သေချာစွာ သူ မှတ်မိနေသည်။ သည်တစ်ကြိမ်တွင် သူ၏ စိုးရိမ်မှုသည် အဆုံးစွန်ထိ မြင့်တက်လာခဲ့သည်။ လက်ရှိတွင် ထန်ရှု၏မျက်နှာထက်တွင် ချွေးများ မရှိတော့သော်လည်း သူ၏နဖူးထက်မှ သွေးကြောများ ထောင်ထနေကာ နှုတ်ခမ်းများသည်လည်း ဖြူဖျော့ရုံသာမက အနည်းငယ် အက်ကွဲနေပြီဖြစ်ပြီး သွေးများပင် စိမ့်ထွက်နေသည်။ သူ၏ကိုယ်ခန္ဓာတုန်ရီနေမှုသည် ယခင်ထက် ၂ဆ ပိုမိုတုန်ရီနေခဲ့ကာ အချိန်မရွေး သတိလစ် မေ့မျောသွားမည့်အတိုင်း ဖြစ်သည်။
ချီတုံချတုံဖြစ်နေပြီးနောက် အခန်းထဲမှ တိတ်ဆိတ်စွာ မထွက်ခွာမီ ချူယီသည် သူ၏ဖုန်းကို ထုတ်ကာ ထန်ရှုနှင့် ထန်ယွင်သဲ့အား ဓာတ်ပုံရိုက်လာခဲ့သည်။
“မပြီးသေးဘူးတဲ့လား။” ထန်ကောရှန့် စိုးရိမ်ပူပန်သောမျက်နှာဖြင့် မေးလိုက်သည်။
ခေါင်းကို ယမ်းပြလိုက်ရင်း ချူယီက သူ၏ဖုန်းအား ထုတ်ကာ ပြောပြသည်။
“အဖိုး ဒါက ကျွန်တော် ရိုက်ယူလာတဲ့ပုံပါ။ တစ်ချက်ကြည့်ပါဦး။”
ထန်ကောရှန့်က ဖုန်းအား ယူကာ ကြည့်လိုက်ရာ ထန်ရှု၏သွင်ပြင်အား မြင်တွေ့ရသည့်အချိန်တွင် သူ၏ကိုယ်သည် တုန်ရီသွားပြီး မယုံကြည်နိုင်ဟန်ပင် ဖြစ်ပေါ်လာသည်။ ဓာတ်ပုံထဲမှ ထန်ရှု၏သွင်ပြင်သည် မမြင်ရက် မရှူရက်စရာ သွင်ပြင်သာဖြစ်တော့သည်။
သူ၏သားအား ကုသပေးရန် ထန်ရှုသည် ထိုအခြေအနေထိတိုင် ဖြစ်သွားလိမ့်မည်ဟု သူ တစ်ခါမှ မထင်ခဲ့မိပါချေ။ ထန်ရှု၏ခြောက်သွေ့ကာ အက်ကွဲနေသော နှုတ်ခမ်းများထက်မှ စီးကျနေသော သွေးများသည် သူ့အား စိတ်ထိခိုက်စေသည်။
“ငါလည်း ကြည့်ပါရစေ။”
စုလင်းယွမ်သည် လျင်မြန်စွာပင် ဖုန်းအား ယူကြည့်လိုက်ရာ ထန်ရှု၏သွင်ပြင်အား မြင်တွေ့ရသည်တွင် သူမ၏ နှလုံးသားအား ဓားတစ်ချောင်းဖြင့် ထိုးစိုက်လိုက်သည့်နှယ် နာကျင်ရတော့သည်။ သူမ၏ပါးပြင်ထက်တွင် မျက်ရည်များ လိမ့်ဆင်းလာခဲ့ချေပြီဖြစ်သည်။ သူမ၏သားဖြစ်သူအား ဆုံးရှုံးရမည်ကို ကြောက်သည့်အတွက် သူမသည် အခန်းတွင်းသို့ ပြေးဝင်ကာ သားဖြစ်သူအား ကုသမှုရပ်ဆိုင်းရန် တားမြစ်လိုက်ချင်လှသည်။
သို့သော်လည်း သေးငယ်သော အကြောင်းပြချက်လေးတစ်ခုက သူမအား ထိုကဲ့သို့ စိတ်လိုက်မာန်ပါ မလုပ်ရန် ပြောနေပေသည်။ သူမသာ သားဖြစ်သူအား ထိုကဲ့သို့ နှောင့်ယှက်မိပါက သူမ၏ယောကျာ်းအား မကယ်တင်နိုင်ရုံသာမက သားဖြစ်သူကိုပါ ထိခိုက်သွားလိမ့်မည်ဖြစ်သည်။
ချူယီ၏ဖုန်းသည် ထန်မိသားစုဝင်များ၏လက်တွင် တစ်ယောက်ပြီးတစ်ယောက် လက်ဆင့်ကမ်းလျက်ရှိပေရာ ထန်ရှု၏ဖြစ်ရပ်အား တွေ့သော် လူအားလုံးသည် တိတ်ဆိတ်သွားကြသည်။ အစက သူတို့သည် ထန်ရှုအား သူတို့၏ သွေးရင်းတစ်ယောက်ဖြစ်သောကြောင့်သာ အသိအမှတ်ပြုခဲ့ကြသည်။ သို့သော် အမှန်အတိုင်း ပြောရမည်ဆိုလျှင် မိသားစုချစ်ခြင်းတရားနှင့်ဆိုပါက အနေစိမ်းသောကြောင့် ထန်ရှုအပေါ်တွင် အများကြီး မရှိကြသေးချေ။
သို့သော်လည်း ထိုအတွေးတစ်ခုသည် ကြာရှည်စွာ မရှိပါချေ။ ထန်ရှုသည် သူတို့အား နဂါးငွေ့မြက်ပင် ကြိုတင်ရှာခိုင်းသည်ဆိုကတည်းက သူ့အနေဖြင့် သည်ကဲ့သို့သောအခြေအနေတစ်ခုနှင့် ရင်ဆိုင်ရမည်ကို ထန်ရှုသည် ကြိုတင်သိရှိထားဟန်ရှိသည်။ ထိုသို့သိရှိထားသည့်တိုင်အောင် ပစ္စည်းအားလုံးရသည်နှင့် သူသည် ထန်ယွင်သဲ့အား ကုသရာတွင် တုံ့ဆိုင်းခြင်းမရှိခဲ့ပေ။ သည်အချင်းအရာသည် ထန်ရှုအား ထန်မိသားစုတွင် လေးနက်သော ချစ်ခြင်းတရားနှင့်အတူ စစ်မှန်သောမျိုးဆက်တစ်ယောက် ဖြစ်စေခဲ့ပြီဖြစ်သည်။
“မြေးလေး…”
ဓာတ်ပုံအား ကြည့်ရင်း ချင်ချန်းယွဲ့၏မျက်ဝန်းများမှ မျက်ရည်များ ကျလာပြီး သူမ၏နှလုံးသားအား ဓားနှင့်မွှန်းနေသကဲ့သို့ ဖြစ်သည်။ နှစ်၂၀တိုင် တမ်းတနေရသော သူမ၏မြေးလေးအား နောက်ဆုံးတွင် ပြန်တွေ့နိုင်ခဲ့သော်လည်း သည်ကဲ့သို့ အခြေအနေတစ်ခုနှင့် တွေ့ကြုံရလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့မိပါပေ။
အခန်းအတွင်းတွင်…
ထန်ယွင်သဲ့၏ဦးနှောက်အတွင်းမှ မီးခိုးရောင်အရာလေးအား ထန်ရှုသည ၄ပုံ၅ပုံခန့် ရှင်းလင်းပြီးဖြစ်သည်။ သို့သော်လည်း သူ၏စိတ်စွမ်းအားကို အသုံးပြုသည်မှာ အကန့်အသတ်သို့ ရောက်နေပြီဖြစ်ရာ သူသာ ဆက်လက်လုပ်ဆောင်ပါက သူ၏စိတ်စွမ်းအားသည် အကြီးအကျယ် နာကျင်ထိခိုက်သွားမည်ဖြစ်သည်။ သို့သော် သူ၏စွဲမြဲသောစိတ်နှင့် နှစ်တစ်သောင်းအတွေ့အကြုံအရ သူ့အား ဆက်လက်လုပ်ဆောင်ရန် တိုက်တွန်းလျက်ရှိသည်။
မှန်ပေသည်။ သူသည် သည်အရာအား လုပ်သည်ဖြစ်စေ သို့မဟုတ် မလုပ်သည်ဖြစ်စေ အခြားရွေးချယ်စရာ နည်းလမ်းမရှိချေ။
ထန်ရှုသည် သူ၏လျှာထိပ်အား ကိုက်လိုက်ရာ စူးရှနာကျင်မှုသည် တစ်ကိုယ်လုံးသို့ တစ်ဖန် ပျံ့နှံ့သွားတော့သည်။ သို့သော်လည်း မီးခိုးရောင်အရာအား ဖယ်ရှားမှုသည် နောက်ပိုင်းတွင် ပိုမို နှေးကွေးလာလိမ့်မည်ဖြစ်သည်။
ထန်ယွင်သဲ့အား ထန်ရှု ကုသပေးသည်မှာ ၂၇ နာရီကြာသောအခါ မီးခိုးရောင်အရာသည် ၁၀ပုံ၁ပုံသာ ကျန်တော့သည်။ ထိုအခိုက်အတန့်တွင် ထန်ယွင်သဲ့၏ သတိတရားသည် သူ၏စိတ်ပင်လယ်အား ထိုးဖောက်ကာ သူ၏ခန္ဓာကိုယ်အား ပြန်လည်ထိန်းချုပ်လာနိုင်ပြီကို ထန်ရှု တွေ့လိုက်ရသည်။
“အခု မလှုပ်နဲ့ဦး။”အက်ကွဲဖျော့တော့နေသောအသံဖြင့် ထန်ရှုက သူ့အား ပြောလိုက်သည်။
ထိုအချိန်တွင် ထန်ယွင်သဲ့မှာ အိပ်မက်တစ်ခုထဲ ရောက်နေသကဲ့သို့ ခံစားနေရသည်။ အချိန်မည်မျှ ကြာအောင် အပြင်လောကတွင် ကုန်ဆုံးနေခဲ့ပြီကို သူ မသိတော့ပေ။ သူသိသည်မှာ အဆုံးမရှိသော အမှောင်ထုကြီးထဲတွင် အချိန်အကြာကြီး သူ ပိတ်မိနေခဲ့သည်ကိုဖြစ်သည်။ ထို့ကြောင့် အချိန်အကြာကြီး မေ့လျော့နေခဲ့ပြီး သူ့ကိုယ်သူပင် မေ့လျော့လုနီးပါး ဖြစ်နေသည်။ သည်နှစ်များတွင် သူနှင့်အတူ စွဲမြဲစွာ ကိုင်ဆောင်ထားသော အရာတစ်ခုသာ ရှိသည်။ သူ၏ကိုယ်တွင်းတွင် စွမ်းအားအဖြစ်ပြောင်းလဲသွားမည့်၊ သူ၏သတိတရားအား ချိုးဖောက်ကာ လွင့်ပျောက်သွားစေမည့် ထိုအရာအား ခွင့်မပြုခြင်းဖြင့် သူ့ကိုယ်သူ ထောက်ပံ့ပေးရန်ဖြစ်သည်။
သူကြားလိုက်ရသောအသံသည် အလွန်ငယ်ရွယ်သော လူတစ်ယောက်ဆီမှ အသံဖြစ်သည်။
သူ၏မျက်လုံးအား ဖွင့်ကြည့်လိုက်သောအခါ ထန်ရှုအား ဆိုးရွားလှသည့် သွင်ပြင်ဖြင့် သူ၏အရှေ့တွင် ခြေချိတ်ထိုင်နေသည်ကို တွေ့လိုက်ရသည်။ မျက်လုံးကစားကာ ကြည့်လိုက်သောအခါ အခန်းအတွင်းမှ မြင်ကွင်းအား မြင်ရလေတော့သည်။
“မင်း ဘယ်သူလဲ။”
ထန်ယွင်သဲ့၏လည်ပင်းသည် အကြိမ်အနည်းငယ်ခန့် နိမ့်ချည်၊ မြင့်ချည် ဖြစ်သွားပြီးမှ အားနည်းသောအသံဖြင့် မေးလိုက်သည်။
“ပါးစပ်ပိတ်ထား။”
ထန်ရှု၏အသံအက်အက်သည် ပြန်ထွက်လာသည်။
ထန်ယွင်သဲ့ တိတ်ဆိတ်သွားသည်။ ထန်ရှုအား သူ မသိသော်ငြား ထိုသူသည် သူ့အား ကုသပေးနေသည်ကို သူလည်း နားလည်ပေသည်။ အဆုံးမရှိသော အမှောင်ထုထဲမှ သူ နိုးထလာနိုင်ခြင်းသည် သူ၏အရှေ့တွင် ထိုင်နေသော လူငယ်လေး၏ အရည်အချင်းကြောင့်လည်း ဖြစ်ပေမည်။ ကျေးဇူးတင်စွာဖြင့် သူ ဆိတ်ဆိတ်နေကာ မလှုပ်မယှက် ဆက်ထိုင်နေလိုက်သည်။
အချိန် ၃၂နာရီ ကုန်ဆုံးသွားပြီဖြစ်သည်။
ထန်ယွင်သဲ့၏နောက်ဆုံးကျန်ရှိနေသော မီးခိုးရောင်အရာလေးအား ရှင်းလင်းပြီးသည့်နောက် ထန်ရှုသည် အတွင်းမှ ဆန်တက်လာသော သွေးများအား နောက်ဆုံးတွင် မဖိနှိပ်နိုင်တော့ဘဲ ပါးစပ်အပြည့်သွေးတစ်လုပ် အန်လိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ၏ကြယ်စွမ်းအားနှင့် စိတ်စွမ်းအင်အားလုံးတို့အား တစ်စက်မှမကျန်အောင် ကုန်စင်သွားပြီဖြစ်တော့သည်။ အမှောင်ထုသည် သူ၏သတိတရားအားကြီးစိုးသွားသည့်နောက်တွင်တော့ ထန်ရှု၏ခန္ဓာကိုယ်သည် ဘေးသို့ လဲကျသွားကာ မေ့မျောသွားပြီဖြစ်တော့သည်။
“မင်း…”
ထန်ယွင်သဲ့၏အဝတ်အစားများသည် ထန်ရှု၏သွေးများကြောင့် နီရဲသွားသော်လည်း ထန်ရှု၏ဘေးကင်းမှုကိုသာ သူ ပိုမိုစိုးရိမ်သွားရသည်။ သည်ကလေးသည် သူ့အား ကယ်တင်ခဲ့သောသူလည်း ဖြစ်သည်။ ထန်ရှုအား ထူမပေးချင်သော်လည်း သူ၏ခန္ဓာကိုယ်မှာ အားနည်းချိနဲ့နေသောကြောင့် လှုပ်ရှားတွင် လွန်စွာ နှေးကွေးလှသည်။ သူ၏စိတ်ဝိညာဉ်မှလာသော အားနည်းမှုသည် သူ့အား လွန်စွာပင် မူးဝေစေကာ မျက်လုံးများပင် ပြာမတတ်ဖြစ်နေရသည်။ နောက်ဆုံး ထန်ရှု၏လက်မောင်းအား သူ ထိမိလိုက်သည့်ခဏတွင် သူ၏စိတ်အား အမှောင်ထု ကြီးစိုးသွားကာ သူပါ လဲကျသွားလေတော့သည်။
အခန်းအပြင်ဘက်တွင်…
နောက်ဆုံးတော့ ထန်မိသားစုဝင်များသည် ကြာရှည်စွာ မစောင့်နိုင်တော့ပေ။ တချို့သည်လည်း တစ်နေရာတွင် အနားယူရန် ထွက်ခွာသွားကြသကဲ့သို့ အချို့သူများသည်လည်း ခုံတန်းများပေါ်တွင် ထိုးအိပ်နေကြသည်။ ထန်ကောရှန့်သည်လည်း ခေတ္တမျှ အနားယူပြီးဖြစ်ပြီး လောကဓံအား ကြုံတွေ့ပြီးဖြစ်သည့် သူ၏မျက်ဝန်းများသည် တံခါးကိုသာ စိုက်ကြည့်နေသည်။ သို့သော် ဘေးတွင်ရှိနေသော စုလင်းယွမ်မှာ ၃၂နာရီကျော်သည့်တိုင် အနားမယူဘဲ နီရဲနေသောမျက်ဝန်းအစုံဖြင့် လွန်မင်းစွာ ဝမ်းနည်းပူဆွေးနေစွာ ကြည့်နေသည်။ သူမသည် ဆုတောင်းရင်း စောင့်ဆိုင်းလျက်ရှိနေသည်။
“အဖိုး…ကျွန်တော် ထပ်ပြီး ဝင်ကြည့်ရမလား။” ထန်ကောရှန့်ဘေးတွင် ငုတ်တုတ်ထိုင်နေသော ချူယီက စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေရင်း မအောင့်အည်းနိုင်တော့ဘဲ မေးလိုက်သည်။
တခဏမျှ တိတ်ဆိတ်နေပြီးမှ ထန်ကောရှန့် ခေါင်းညိတ်လိုက်ကာ
“သူ့ကို မနှောင့်ယှက်မိအောင် သတိထားသွား။”
“ဟုတ်အဖိုး။”
ချူယီက ခေါင်းညိတ်ပြရင်း မတ်တတ်ရပ်လိုက်ကာ ထုံကျင်နေသော သူ၏ခြေထောက်များအား ပွတ်လိုက်ပြီးနောက် တံခါးဆီသို့ လျှောက်သွားသည်။ တံခါးအား ညင်သာစွာ ဖွင့်လိုက်ပြီး အခန်းတွင်းမှ မြင်ကွင်းအား မြင်လိုက်ရသည်တွင် သူ၏အမူအရာသည် အကြီးအကျယ် ပျက်သွားကာ ခေါင်းလှည့်အော်ပြောလိုက်သည်။
“အဖိုးရေ…မကောင်းတော့ဘူး။”
***