← Chapters

သူ၏အသက်အတွက် အာမခံချက် မရှိပါ။

Vol. 06 Ch. 268

သူ၏အသက်အတွက် အာမခံချက် မရှိပါ။

Vol. 06 Ch. 268

ထန်ကောရှန့်၏မျက်နှာ ဖြူဖျော့သွားကာ ကုလားထိုင်ပေါ်မှ လျင်မြန်စွာ ထရပ်မိသည်။ အခန်းတံခါးဝဆီသို့ ပြေးကာ မေးသည်။

“ဘာဖြစ်သွားတာလဲ။”

ချူယီက အခန်းတွင်းသို့ လက်ညှိုးထိုးပြကာ အသံတုန်တုန်ဖြင့် ပြောသည်။

“ကုသမှုက ကြည့်ရတာတော့ ပြီးပြီနဲ့တူတယ်။ ဒါပေမယ့် ထန်ရှု…သူ…”

ချူယီ ညွှန်ပြရာသို့ ကြည့်လိုက်ရာ ထန်ကောရှန့်သည် ထန်ရှုနှင့်ထန်ယွင်သဲ့တို့နှစ်ဦးလုံး အိပ်ရာထက်တွင် မေ့မျောနေသည်ကို တွေ့ရတော့သည်။ သူ၏ရင်သည် တဒိန်းဒိန်း ခုန်သွားလျက် အခန်းတွင်းသို့ ပြေးဝင်သွားတော့သည်။

ထိုစကားအား ကြားလိုက်သည့် စုလင်းယွမ်သည်လည်း အသက်ရှူရပ်တန့်သွားမတတ် ထိတ်လန့်သွားကာ အခန်းအတွင်းသို့ အပြေးဝင်လာသည့်နည်းတူ အခြားထန်မိသားစုဝင်များလည်း ပြေးဝင်လာကြသည်။

“သူ မေ့မျောသွားတာလား။”

ထန်ရှု၏သွင်ပြင်အား ကြည့်ပြီး စိတ်ဓာတ်ခိုင်မာသော ထန်ကောရှန့်ပင်လျှင် မျက်ရည်များ ကျလာသည်။ ထန်ရှု၏သနားစရာကောင်းလှသော အခြေအနေသည် သူ့အား လွန်မင်းစွာ စိတ်ပူနေစေလေသည်။

“ရှုအာ…ရှုအာ…အမေ့သားလေး ဘာဖြစ်သွားတာလဲ။”

စုလင်းယွမ် အိပ်ရာနားဆီသို့သွားကာ သည်းထန်စွာ ငိုကြွေးတော့သည်။

ထန်မိသားစုဝင်များသည်လည်း ထန်ရှု မေ့မျောသွားသည်ကို မြင်ရပြီး စိုးရိမ်သောက ရောက်နေကြသည်။ ထန်ရှုသည် ထန်ယွင်သဲ့အား ကုသပြီးနောက် နှစ်ယောက်သား သည်ကဲ့သို့ ဖြစ်သွားကြလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့မိပေ။ သို့သော်လည်း ကုသမှုသည် ၃၂နာရီကျော်ကြာသည်ကို ပြန်လည်သတိရသွားသည့်အခါ သူတို့၏ရင်ထဲတွင် ထန်ရှုအား လေးစားမှုများ ဖြစ်ပေါ်လျက်ရှိပေသည်။

ရုတ်တရက် ထန်ကောရှန့်က ဘေးဘီဝဲယာကြည့်ကာ ပြတ်သားသောအသံဖြင့် ပြောလိုက်သည်။

“ဆရာချန်းကို အမြန်သွားပင့်ချေ။”

ချက်ချင်းပင် ထန်မိသားစုဝင်၂ယောက် အပြင်သို့ ပြေးထွက်သွားကြသည်။

တခဏမျှ တိတ်ဆိတ်နေပြီးနောက် ထန်ကောရှန့်သည် ချူယီအား စိုက်ကြည့်ကာ မေးလာသည်။

“ချန်းကျီကျုံးရဲ့ဖုန်းနံပါတ် ငါ့မြေးဆီမှာ ရှိလား။”

“ရှိတယ်အဖိုး။” ချူယီက လျင်မြန်စွာ ပြောလိုက်သည်။

“သူ့ကို ခေါ်လိုက်ပါ။ အဖိုးကိုယ်တိုင် သူနဲ့စကားပြောမယ်။” ထန်ကောရှန့် ပြောလိုက်သည်။

ကြယ်တာရာမြို့…

ချန်းကျီကျုံးသည် သူ၏ဖောက်သည်ဝယ်သူများအား အဖော်လုပ်ပေးကာ စားသောက်လျက်ရှိနေသည်။ လက်ရှိတွင် ဆေးပင်များရောင်းဝယ်မှုစီးပွားရေးသည် လွန်စွာကောင်းနေသောကြောင့် နေ့ရက်တိုင်းသည် သူ့အား လွန်စွာ ပျော်ရွှင်နေစေသည်။ သူ့အား ပိုမိုပျော်ရွှင်စေသောအရာမှာ သူ၏ကျင့်ကြံမှုသည် လျင်မြန်စွာ တိုးတက်နေခြင်းပင် ဖြစ်တော့သည်။

“ဖုန်းမြည်သံ…”

သူ၏ဖုန်းမြည်လာသောကြောင့် သူ လှမ်းကိုင်လိုက်သည်။ ဖုန်းခေါ်လာသူမှာ ချူယီဖြစ်သည်ကိုတွေ့လိုက်ရသောအခါ သူသည် ချက်ချင်းပင် သူ၏ဧည့်သည်များအား ပြုံးပြကာ ပြောလိုက်သည်။

“အရင်သောက်နှင့်ကြပါ။ ကျွန်တော် ဖုန်းပြောလိုက်ပါဦးမယ်။”

ပြောပြီးသည်နှင့် ရယ်မောလျက် ဖုန်းပြန်ဖြေလိုက်သည်။

“ချူယီ မင်း ငါ့ဆီက တစ်ခုခုများ လိုအပ်လို့လား။”

“ပေကျင်း ထန်မိသားစုက ထန်ကောရှန့် ပြောနေပါတယ်။”

ထန်မိသားစုက ထန်ကောရှန့်လား။

ချန်းကျီကျုံး ဇဝေဇဝါဖြစ်သွားပြီး သူ၏အမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားသည်။ သူသည် အခန်းအပြင်ဘက် ထွက်လိုက်ကာ လေးစားသောလေသံဖြင့် ပြောလိုက်သည်။

“အကြီးအကဲထန်… ကျွန်တော် ချန်းကျီကျုံးပါ။ ကျွန်တော့်ကို ညွှန်ကြားချက်တစ်ခုခု ပေးဖို့များ ရှိနေတာလား။”

“မင်းက ထန်ရှုရဲ့တပည့်လို့ ငါကြားတယ်ဟုတ်လား။” ထန်ကောရှန့်က လေးနက်သောလေသံတိုးတိုးဖြင့် မေးလာသည်။

“မှန်ပါတယ်ခင်ဗျ။” ချန်းကျီကျုံး ပြန်ဖြေသည်။

“မင်း ဖြစ်နိုင်မယ်ဆိုရင် ပေကျင်းကို ချက်ချင်း အမြန်လာခဲ့ဖို့ ငါ မျှော်လင့်တယ်။ ငါ့မြေးက လူတစ်ယောက်ကို ကုသပေးပြီးတော့ မေ့မျောသွားခဲ့တယ်။ သူရဲ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေကလည်း အခြေအနေဆိုးတယ်။ မင်းက ဆေးပင်စီးပွားရေးကို လုပ်နေတာဆိုတော့ နောက်ပိုင်း မင်းအကူအညီလိုနိုင်တယ်လို့ ငါထင်တယ်။”

ထန်ကောရှန့်က ပြောပြသည်။

“အကြီးအကဲရဲ့မြေးဟုတ်လား။”

ချန်းကျီကျုံးက မရေမရာလေသံဖြင့် ပြန်ပြောမိသည်။

သူရဲ့ဆရာသခင်က ထန်ကောရှန့်ရဲ့မြေးနှင့် ဘယ်လိုပတ်သက်မှု ရှိနေတာလဲ။

သူ့ဆရာသခင်ရဲ့အကြီးအကဲကများ သူ့ကို ရှာနေတာ ဖြစ်နိုင်လား။

ထန်ကောရှန့်က လေးနက်သောအသံဖြင့် ပြောလိုက်သည်။

“ထန်ရှုက ငါ့ရဲ့မြေးပါ။ ငါ့သားက မွေးတဲ့ မြေးလေ။”

“ဘယ်လို”

ချန်းကျီကျုံး မျက်လုံးပြူးသွားရသည်။ သူ၏မျက်နှာထက်တွင်လည်း မယုံနိုင်ဟန်အမူအရာများ ဖြစ်ပေါ်လာကာ နှလုံးခုန်နှုန်းမြန်လာရသည်။

ထန်ရှုက ထန်ကောရှန့်ရဲ့သွေးရင်းမြေးတဲ့လား။

ဘုရားသခင်။ ဒါဆို ထန်ရှုက ပေကျင်းက ထန်မိသားစုရဲ့မျိုးဆက်ပေါ့။

“ပြသနာ တစ်ခုခု ရှိလို့လား။” ထန်ကောရှန့်က လေးနက်သောအသံဖြင့် မေးလိုက်သည်။

အံ့သြတုန်လှုပ်နေရာမှ သတိပြန်ဝင်လာပြီး ချန်းကျီကျုံး အလျင်အမြန် ပြောလိုက်သည်။

“ကျွန်တော် ပေကျင်းကို ချက်ချင်း အပြေးလာခဲ့မယ်။ ဆရာသခင်ရဲ့ကိစ္စက ကျွန်တော့်ကိစ္စထက် ပိုပြီးအရေးကြီးတယ်။”

ဖုန်းကို ချလိုက်ပြီး ချန်းကျီကျုံး အခန်းဆီသို့ ပြေးသွားကာ သူ၏များပြားလှစွာသော စီးပွားဖက်များအား ကြည့်ပြီး ပြောလိုက်သည်။

“လူကြီးမင်းတို့… ငါ တကယ့်ကို တောင်းပန်ပါတယ်ဗျာ။ အရေးကြီးတဲ့ ကိုယ်ရေးကိုယ်တာကိစ္စလေးတွေ ပေါ်လာလို့ ပေကျင်းကို အမြန်သွားဖို့ လိုအပ်နေလို့ပါ။ လူတစ်ယောက်ရဲ့အသက်နဲ့ သက်ဆိုင်နေတဲ့ အရေးကြီးကိစ္စမို့လို့ပါ။ ကျေးဇူးပြုပြီး ဒီမှာ အေးအေးဆေးဆေး စားသောက်နိုင်ပါတယ်။ နောက်တစ်ခေါက်ကျရင် ငါ ဧည့်ခံပါဦးမယ်။”

သူ့စကားအား ကြားသော် စီးပွားဖက်များမှ ခေါင်းညိတ်ပြကြသည်။

လေဆိပ်သို့ သွားနေသောလမ်းတွင် ချန်းကျီကျုံးသည် လုံကျန့်ယုနှင့် အိုးရန်လူလူဆီသို့ပါ ဖုန်းဆက်လိုက်သည်။ ထိုနှစ်ယောက်သည် ထန်ရှု၏သူငယ်ချင်းကောင်းများ ဖြစ်သည်ကို သူ သိသည်။ ခန်းရှဆီကိုမူ ထန်ရှု၏အခြေအနေအား သိပြီးပြီဟု သူထင်ကာ မဆက်တော့ချေ။

ကြယ်တာရာ လုံမိသားစုစံအိမ်…

လုံကျန့်ယုသည် သူ၏မိသားစုနှင့်အတူ နေ့လည်စာ စားနေသည်။ ချန်းကျီကျုံးဆီမှ ဖုန်းဝင်လာသောအခါ တုန်လှုပ်သွားရပြီး ထန်ရှုအတွက် စိုးရိမ်ပူပန်မှုများစွာ ဖြစ်လာခဲ့သည်။ သူ၏မိဘနှစ်ပါးအား အကျိုးအကြောင်း ပြောကာ လေဆိပ်သို့ ချက်ချင်း အပြေးသွားတော့သည်။

ကျင်းမန်ကျွန်း…

အိုးရန်လူလူသည် ထာဝရခန်းမတွင် ခေတ္တနေထိုင်လျက်ရှိသည်။ ပွဲကြည့်စင်တွင် ကိတ်မုန့်များ၊ ပိုင်မုန့်များကို စားနေရင်း သူမအရှေ့တွင် ဇီသာတီးခတ်နေသော ဂူရှောင်ရွှဲ့အား ရွှင်မြူးစွာ ကြည့်နေသည်။

“ဖုန်းမြည်သံ…”

သူမ၏ဖုန်းမြည်သံသည် ဂူရှောင်ရွှဲ့၏ဇီသာတီးခတ်မှုအား နှောင့်ယှက်သွားလေသည်။

အိုးရန်လူလူ မပျော်မရွှင်ဖြစ်စွာနှင့် မျက်မှောင်ကြုပ်လိုက်မိသည်။ ဂူရှောင်ရွှဲ့အား တောင်းပန်သည့်အကြည့်တစ်ချက် ပေးလိုက်ပြီးနောက် ဖုန်းကို ကောက်ယူလိုက်သည်။ ချန်းကျီကျုံး ခေါ်မှန်းသိသွားသည်အချိန်တွင် သူမက ရယ်မောလိုက်ပြီး ပြန်ပြောလိုက်သည်။

“အန်ကယ်ချန်း ကျွန်မကို ရှာနေတာလား။”

ခဏအကြာတွင် အိုးရန်လူလူ အသိစိတ်လွတ်သွားသည့်ဟန်ဖြင့် ဖုန်းအား ချလိုက်သည်။

ဂူရှောင်ရွှဲ့က ပြုံးလိုက်ရင်း နူးညံ့ညင်သာသောအသံဖြင့်

“ဘာများဖြစ်လို့လဲ။ ရုတ်တရက်ကြီး ဖုန်းချလိုက်တာ နင့်ပုံစံက အသိစိတ်လွတ်သွားသလိုပဲ။”

အိုးရန်လူလူ တစ်ချက်တုန်ခါသွားသည်။ သူမသည် ရုတ်ခြည်းပင် ကျောက်ကုလားထိုင်ပေါ်မှ ခုန်ထလိုက်ပြီး အလျင်အမြန် ပြောလိုက်သည်။

“ထန်ရှု… သူ ဒဏ်ရာ ရသွားပြီး မေ့မျောသွားတဲ့ပုံပဲ။ ငါ အခု ပေကျင်းကို သွားရမယ်။”

ဂူရှောင်ရွှဲ့ ထိတ်လန့်တုန်လှုပ်သွားပြီး သူမပါ ချက်ချင်း ထရပ်လိုက်မိသည်။ သူမ၏ပုံရိပ်သည် အိုးရန်လူလူအနီးသို့ လျှပ်တစ်ပြက်အတွင်း ရောက်သွားကာ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

“နင်ဘာပြောလိုက်တာလဲ။ ဆရာအဘိုးက ဒဏ်ရာရပြီး မေ့မျောသွားတယ်ဟုတ်လား။ အခု သူ ဘယ်မှာလဲ။”

အိုးရန်လူလူက ထန်ရှုသည် ဂူရှောင်ရွှဲ့၏ဆရာအဘိုးဖြစ်သည်ကို ရုတ်တရက် သတိရသွားသည်။

တုံ့ဆိုင်းခြင်းမရှိဘဲ လျင်မြန်စွာ အဖြေပေးလိုက်သည်။

“သူက ပေကျင်းမှာ။ အန်ကယ်ချန်းကျီကျုံးက ဖုန်းဆက်တာ။ ထန်ရှုက တစ်ယောက်ယောက်ကို ကယ်ပြီး မေ့မျောသွားတယ်တဲ့။ နောက်ပြီး သူက ပေကျင်းထန်မိသားစုက ထန်ကောရှန့်ရဲ့မြေးတဲ့လေ။”

ထန်ကောရှန့်လား။

ဂူရှောင်ရွှဲ့ ထိုနာမည်အား ရင်းနှီးနေသည်ဟု ခံစားမိသော်လည်း နည်းနည်းမှ ဂရုမစိုက်အားချေ။ သူမ အစိုးရိမ်ဆုံးသည် သူမ၏ဆရာအဘိုး ထန်ရှု ဘေးကင်းမှုပင် ဖြစ်သည်။ ချက်ချင်းပင် သူမ ပြောလိုက်သည်။

“လူလူ…ပေကျင်းကို အတူတူ သွားကြစို့။”

ပေကျင်းတွင်…

ထန်ရှု မေ့မျောသွားသောကြောင့် ထန်မိသားစုတစ်ခုလုံး ထိတ်လန့်တုန်လှုပ်နေကြသည်။

သူတို့၏အဆက်အသွယ်များမှတဆင့် ကျွမ်းကျင်သောသမားတော်များအား တစ်ယောက်ပြီးတစ်ယောက် ပင့်ဖိတ်ကာ ပြသပါသော်လည်း ထန်ရှုအား စမ်းသပ်ပြီးသည့်နောက်တွင် သူတို့သည် ခေါင်းယမ်းပြရုံသာတတ်နိုင်ကြပေသည်။ တရုတ်တိုင်းရင်းဆေးလောကမှ ဘိုးဘေးဆရာကြီး ချန်ထျန်းဟယ်တစ်ယောက်သာ ထန်ရှုသည် သူ၏စိတ်စွမ်းအားကို အကြီးအကျယ် အသုံးပြုလိုက်သောကြောင့် ထိုသို့ဖြစ်ရသည်ဟူသော အကြောင်းရင်းအား ထောက်ပြနိုင်သည်။

“ဆရာချန်…မင်း ငါ့မြေးလေးကို ကယ်ရမယ်။ ဘယ်လောက်ကုန်ကုန် ထန်မိသားစုက ပေးမှာပါ။”

သူ၏ဝမ်းနည်းမှုအား ဖိနှိပ်ထားလျက် ထန်ကောရှန့်က သူ၏အရှေ့မှ မီးခိုးရောင်ဆံပင်နှင့်အဖိုးအိုအား ကြည့်ရင်း ပြောလိုက်သည်။

ချန်ထျန်းဟယ်သည် မချိပြုံး ပြုံးရင်း ပြန်ပြောသည်။

“အဖိုးကြီးထန်…မင်း ဘာတွေးနေလဲဆိုတာ ငါ သိပါတယ်။ ဒါပေမယ့် သူ့အခြေအနေနဲ့ပတ်သက်ပြီး ငါဘာမှ မတတ်နိုင်ဘူး။ သူ့ရဲ့သက်စောင့်ချီက အရမ်းအားနည်းနေပြီး စွမ်းအင်တွေက စိမ့်ထွက်နေတယ်။ ဒီလိုပုံအတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင် သူ အများဆုံးမှ တစ်ရက်ပဲ အသက်ရှင်နိုင်လိမ့်မယ်။”

“ရက်ကို တိုးမြှင့်နိုင်မယ့် တခြားနည်းတွေ မရှိတော့ဘူးလား။” ထန်ကောရှန့် အမောတကော မေးလိုက်သည်။

ချန်ထျန်းဟယ်သည် တခဏမျှ တိတ်ဆိတ်သွားပြီးမှ ဖြည်းညှင်းစွာ ပြောလာသည်။

“သူ့ရဲ့အရေးကြီးတဲ့သွေးကြောမှတ်တွေနဲ့ ချီကို တိုးမြှင့်လာစေဖို့ အပ်စိုက်ကုသတဲ့နည်းတစ်နည်းတော့ ရှိတယ်။ ဒါပေမယ့် ဒါက ယာယီဖြေရှင်းတဲ့နည်းလမ်း တစ်ခုပဲ။ ပြသနာရင်းမြစ်ကို မဖြေရှင်းနိုင်ဘူး။ အကောင်းဆုံးဖြစ်မယ်ဆိုရင် ၂ရက်ထက်ပိုပြီး အသက်ရှင်နိုင်မယ်။ ၃ရက်အတွင်း နည်းလမ်း မရှာနိုင်တော့ရင်တော့ ငါ စိုးရိမ်တာက…”

ထန်ကောရှန့် ပြန်ပြောတော့မည့်ဆဲဆဲတွင် အခန်းအပြင်မှ မြန်ဆန်သော ခြေသံများ နီးကပ်လာသည်ကို ကြားလိုက်ရသည်။

ထို့နောက် ထန်ယွင်ဖန်းက အခန်းတွင်းသို့ အပြေးဝင်လာကာ အော်ပြောလိုက်သည်။

“အဖေ… ယွင်သဲ့ သတိရလာပြီ။”

“ဘာ…”

ထန်ကောရှန့် တုန်ရီသွားသော်လည်း သူ၏မျက်နှာထက်မှ အပျော်သည် ရင်တွင်းမှ ခါးသီးနာကျင်မှုအား မဖုံးဖိနိုင်ချေ။ သားဖြစ်သူ ပြန်လည်နိုးထလာနိုင်စေရန် မြေးဖြစ်သူ၏အသက်နှင့် အလဲအလှယ်လုပ်လိုက်ရသည့် တန်ဖိုးသည် ကြီးမားလွန်းလှသည်။ သူ မည်သို့မျှ မတတ်နိုင်သော တန်ဖိုးဖြစ်သည်။ သူသည် ဘေးကို လှည့်ကာ ပြိုလဲနေသော စုလင်းယွမ်အား ကြည့်လိုက်မိသည်။ သည်အမေနှင့် သည်သားသည် အမှန်တကယ်ပင် ဆုံးရှုံးမှုအားကြီးလွန်းသည်ဟု သူ တကယ်ကို ခံစားမိသည်။

“ဆရာချန်…ငါတို့ သူ့ကို ၂ရက်လောက် ထိန်းသိမ်းထားနိုင်မယ်ဆိုရင်လည်း လုပ်ကြတာပေါ့။ ဒီအတွင်း ငါ့မြေးကို ကုဖို့ နည်းလမ်းတစ်ခုခု ရှာတွေ့လောက်မှာပါ။”

ချန်ထျန်းဟယ် ညင်သာစွာ ခေါင်းညိတ်သည်။ သူက ငွေအပ်များကို ယူကာ လျင်မြန်စွာပင် ထန်ရှုအား ထိုးစိုက်လိုက်သည်။ ကုသနည်းပြုလုပ်ပြီးသည့်နောက်တွင် ထန်ရှု၏စိမ့်ထွက်နေသော စွမ်းအင်များသည် ဖြည်းညှင်းစွာ လျော့နည်းသွားခဲ့သည်။

အခြားအခန်းအတွင်းတွင်…

ထန်မိသားစုဝင်များသည် သတိရလာသော ထန်ယွင်သဲ့၏ဘေးတွင် စီတ်လှုပ်ရှားသော အမူအရာများဖြင့် ကြည့်နေကြသည်။ ချင်ချန်းယွဲ့သည် မျက်ရည်များကျလျက် ထန်ယွင်သဲ့အား ပွေ့ဖက်ထားကာ ပြန်မလွှတ်တော့ချေ။

“အမေ… ကျွန်တော် တကယ်ကောင်းနေပါပြီ။ နောက်ထပ်မငိုနဲ့တော့နော်။ ကျွန်တော်  သတိရလာတာ အမေ အခုမြင်နေရပြီပဲ။”

ထန်ယွင်သဲ့က အားတင်းကာပြုံးပြလိုက်သည်။ သူ၏ကိုယ်သည် ပေါ့ပါးနေပြီး ယခုပိုမိုကောင်းမွန်လာသည်ကို သူ ခံစားမိနေသည်။

ထန်မင်၏မျက်လုံးများသည်လည်း ငိုထားသောကြောင့် နီရဲနေပြီး တိုးညှင်းသောအသံဖြင့်

“ဒုတိယအစ်ကို သတိရလာတာ ကောင်းတယ်။ တကယ်ကို ကောင်းတာပဲ။”

ထန်ယွင်သဲ့သည် သူ နှစ်၂၀တိုင် မေ့မျောနေခဲ့သည်ကို သိရှိခဲ့ပြီဖြစ်သည်။ သူ သတိရလာသည်မှာ အံ့အားသင့်စရာကောင်းသည့်အဖြစ်တစ်ခုဟု သူ ခံစားမိသည့်တိုင် သူ၏မိသားစုဝင်များ၏ စိတ်ခံစားချက်များသည် သူ့အား ပျော်ရွှင်စေသည်။ ရုတ်တရက် သူ့အား ကယ်တင်ခဲ့သော လူရွယ်လေးအား သတိရသွားပြီး မေးလိုက်သည်။

“အာ…ဟုတ်ပြီ။ ကျွန်တော် သတိရလာတော့ ကျွန်တော့်ကို ကယ်တဲ့လူငယ်လေး သွေးတွေအန်ပြီး မေ့လဲသွားတာတွေ့တယ်။ အခု သူ ဘယ်လိုနေသေးလဲ။”

ချက်ချင်းဆိုသလိုပင် ထန်မိသားစုဝင်များ တုန်လှုပ်စွာဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကာ မည်သို့ဖြေရမည်ကို တစ်ယောက်မှ မသိကြချေ။

ချင်ချန်းယွဲ့၏မျက်ဝန်းများ ထပ်မံ စိုစွတ်လာရပြီဖြစ်သည်။ သူမ၏မျက်ရည်များအား သုတ်လိုက်ကာ ရှိုက်သံဖြင့် ပြောလာခဲ့သည်။

“သား…သားကို ကယ်လိုက်တဲ့ လူငယ်လေးက သားရဲ့သားလေးဆိုတာ မသိဘူးလား။ အခု သူ…သူ အခြေအနေ အရမ်းဆိုးနေပြီ။”

“ဘာ…သူ…သူက ကျွန်တော့်…ကျွန်တော့်သား”

ထန်ယွင်သဲ့ ပြန်လည်သတိရသွားသည်။ သူ မေ့မျောမသွားခင်အချိန်က သူ၏ဇနီးဖြစ်သူထံတွင် ကိုယ်ဝန်ရှိနေပြီဖြစ်သည်။ သူ သတိပြန်ရလာစဉ် ပထမဆုံးတွေ့မြင်ခဲ့သော လူငယ်လေးသည် သူ၏သားဖြစ်လိမ့်မည်ဟု သူ ထင်မထားခဲ့မိချေ။

“အမေ…အမေ…သားလေး…သားလေး ဘာဖြစ်သွားတာလဲ။”

ထန်ယွင်သဲ့ တုန်ရီစွာ မေးမိသည်။

ထန်မင်က မိခင်အစား အဖြေဝင်ပေးလိုက်သည်။

“ထန်မိသားစုက နာမည်ကြီးသမားတော်ဆရာဝန်တွေ ဖိတ်ပြီး စစ်ဆေးခိုင်းခဲ့ပေမယ့် သူ့ရဲ့အခြေအနေကို ဘယ်သူမှ မတတ်နိုင်ကြဘူး။ သူရဲ့စိတ်စွမ်းအားကို အလွန်အကျွံ သုံးလိုက်မိလို့ အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ ပြောတယ်။”

“ကျွန်တော့်ကို သူ့ဆီ ခေါ်သွားပေးပါ။”

ထန်ယွင်သဲ့ အားယူကာ မတ်တတ်ရပ်လိုက်သည်။

၂မိနစ် ကြာပြီးနောက်…

ထန်ယွင်သဲ့သည် သတိလစ်မေ့မျောနေသော ထန်ရှု၏အခန်းတွင်းသို့ ဝင်လာခဲ့သည်။ ဖခင်ထန်ကောရှန့်နှင့် သမားတော်ကြီး ချန်ထျန်းဟယ်၏ ပြောစကားများမှ သားဖြစ်သူ၏အခြေအနေအား သိလိုက်ရသောအခါ ထန်ယွင်သဲ့ ငိုကြွေးမိတော့သည်။ လွန်စွာစိတ်သောကရောက်နေသော စုလင်းယွမ်အား ပွေ့ဖက်အားပေးရင်း မျက်ရည်များ ဖြေမဆည်နိုင်အောင် ဖြစ်လာခဲ့ချေပြီ။

ပေကျင်းရှိ ဂုဏ်သရေရှိ မိသားစုများအားလုံး၊ ချမ်းသာပြီး သြဇာအာဏာကြီးမားသော လူများအားလုံးသာမက နိုင်ငံ၏အာဏာရှိ ထိပ်ပိုင်းခေါင်းဆောင်များပါမကျန် ထန်မိသားစုသည် လွန်ခဲ့သောနှစ်၂၀က ပျောက်ဆုံးနေခဲ့သော မြေးအား ရှာတွေ့ပြီဟုသည့် သတင်းအား ရရှိကြသည်။ သူတို့အား အံ့အားသင့်စေသော အခြားသတင်းကြီးတစ်ခုမှာ ကြယ်တာရာတိုင်းရင်းဆေးရုံကြီးတွင် အလုပ်လုပ်နေသော နတ်ဆေးသမားတော် တစ်ယောက်သည် ထန်မိသားစု၏မျိုးဆက်ဖြစ်ပြီး နှစ်၂၀ကျော် မေ့မျောနေသော သူ၏ဖခင်အား ကယ်တင်ပြီးနောက် ယခု သူသည်လည်း သတိလစ်မေ့မျောသွားကာ သူ၏အသက်ရှင်ရေးသည် မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် နိုင်ငံ၏ထိပ်သီးပိုင်း ခေါင်းဆောင်များသည် ထန်ကောရှန့်အား ဆက်သွယ်ကြကာ ထန်ရှု၏အခြေအနေအား စုံစမ်းရင်း သူတို့၏ ဝမ်းနည်းမှုနှင့် နှစ်သိမ့်မှုတို့အား ပေးပို့ခဲ့ကြသည်။ ထို့အတူ နိုင်ငံတစ်ဝှမ်းမှ ကျော်ကြားသော ဆရာဝန်သမားတော်များသည် ပေကျင်းသို့ အမြန်လာရောက်ရန် ဟူသည့် ထန်မိသားစု၏ဖိတ်ကြားချက်များကို ရရှိခဲ့ကြလေသည်။

***

All Chapters