သိုင်းပညာဆရာသခင်
Vol. 06 Ch. 269
ပေကျင်း ထန်မိသားစုအိမ်တော်တွင်…
ထန်ကောရှန့်က ရောက်ရှိလာသော နာမည်ကြီးဆရာဝန်သမားတော်များအား မျှော်လင့်ချက်အပြည့်ဖြင့် တစ်ယောက်ပြီးတစ်ယောက် ကြိုဆိုခဲ့သော်လည်း နောက်ပိုင်းတွင် သူသည် စိတ်ပျက်အားလျော့နေသောမျက်နှာဖြင့် သမားတော်ကြီး ချန်ထျန်းဟယ်အပါအဝင် ထိုသူများအား ပြန်ပို့ရသည်ချည်းသာဖြစ်သည်။
ထန်အိမ်တော်၏ခြံဝင်းထဲတွင်…
ချန်းကျီကျုံးနှင့် လုံကျန့်ယုတို့သည် အနားမယူရသေးသော်လည်း စိတ်အားထက်သန်မှုများ ရှိနေသည့် ထန်မိသားစုဝင်များ၏မျက်နှာများအား ကြည့်မိသည်။ မြင်ကွင်းသည် သူတို့အား စိတ်တွင်းမှ သက်ပြင်းချမိစေသည်။ သူတို့ရောက်ပြီးနောက် သိခဲ့ရသည်မှာ ထန်ရှုသည် ထန်မိသားစု၏ မျိုးဆက်တစ်ယောက်အဖြစ် မကြာသေးမီကမှ ရှာတွေ့ခဲ့ခြင်းဖြစ်သည်။
ထိုအချိန်တွင် စုလင်းယွမ်အား ထန်ယွမ်သဲ့မှ ဖေးမလျက် လျှောက်လာသည်။ သူမ၏မျက်နှာထက်တွင် ပင်ပန်းနွမ်းနယ်မှု၊ စိတ်သောကများနှင့် အနားမယူရသေးသောအမူအရာအား မြင်တွေ့နိုင်ပေမည်။ သူမ၏ရင်ထဲတွင် ထန်ရှုကို ယောက်ျားဖြစ်သူအား ဆေးကုသခိုင်းမိခြင်းအတွက် နောင်တအကြီးအကျယ် ရလျက်ရှိသည်။ သားဖြစ်သူသာ မကုသခဲ့ပါလျှင် ထိုကဲ့သို့ အသက်အန္တရာယ်နှင့် ကြုံတွေ့ရမည်မဟုတ်ချေ။ တစ်ဖက်တွင် သူမ၏ယောက်ျားဖြစ်သူမှာ မေ့မျောနေသည်ဆိုသော်ငြားလည်း အနည်းဆုံးတော့ အသက်ရှင်နေနိုင်သေးသည်။
“ဆက်ပြီး သတင်းဖြန့်လိုက်။ ငါ့မြေးကို ကုသနိုင်တဲ့ ဘယ်သူမဆို ငါတို့ထန်မိသားစုက ယွမ်တစ်ဘီလျံ ချီးမြှင့်မယ်လို့။”
ထန်ကောရှန့်က စီးကရက်၏ဖင်စီခံအား ဆိတ်ရင်း လေးနက်သောအသံဖြင့် အော်ပြောလိုက်သည်။
ခြံဝင်းတစ်ခုလုံးရှိ ထန်မိသားစုဝင်များသည် လေးနက်သောအမူအရာများ ရှိနေကြသည်။ တစ်ဦးတစ်ယောက်မှ ထန်ကောရှန့်၏စကားအား ဆန့်ကျင်ဘက် မလုပ်ရဲကြချေ။ သူတို့အား ယွမ်တစ်ဘီလျံနှင့် ထန်ရှု၏အသက်အား ရွေးချယ်ရန် ပြောလာမည်ဆိုပါက ထန်ရှု၏အသက်ကိုသာ သူတို့လည်း ရွေးချယ်လိမ့်မည်ဖြစ်သည်။
ခြံဝင်း၏အရှေ့မှ လမ်းဝင်ပေါက်တွင်…
ဂူရှောင်ရွှဲ့နှင့် အိုးရန်လူလူတို့၏ကားသည် တားဆီးခြင်း ခံလိုက်ရသည်။ ယူနီဖောင်းအပြည့်အစုံဝတ်ထားကာ လက်နက်ကိုင်ဆောင်ထားသည့် စစ်သား၄ယောက်သည် သူတို့အား အလွန်အေးစက်သော မျက်နှာသေဖြင့် ကြည့်နေကြသည်။
“ကျွန်မတို့က ထန်ရှုရဲ့သူငယ်ချင်းတွေပါ။ ကျေးဇူးပြုပြီး ကျွန်မတို့ကိုလမ်းဖွင့်ပေးပါ။”
စိတ်ပူနေသော အိုးရန်လူလူက စစ်သားများရှေ့တွင် ရပ်ကာ ဒေါသသံဖြင့် ပြောလိုက်သည်။
“စိတ်မကောင်းပါဘူး အမျိုးသမီး။ အကြီးအကဲရဲ့အမိန့်မရဘဲ ဘယ်သူမှ ဝင်လို့မရပါဘူး။” စစ်သားတစ်ယောက်က ခေါင်းကို ယမ်းကာ အေးစက်စွာ ပြောလိုက်သည်။
“အဲ့ဒါဆိုလည်း ရှင် အိမ်ထဲကို အပြေးသွားပြီး ကျွန်မတို့က ထန်ရှုရဲ့သူငယ်ချင်းတွေဆိုတာ သွားပြောပေးလေ။ ကျွန်မတို့ သူ့ကို တွေ့ရမှဖြစ်မယ်။” အိုးရန်လူလူက ပြောသည်။
အေးစက်သော အရိပ်အယောင်သည် ဂူရှောင်ရွှဲ့၏မျက်ဝန်းများတွင် ဖြတ်သန်းသွားသည်။ သူမသည် အချိန်မဖြုန်းလိုပေ။ အရှေ့မှလူများသည် စစ်တပ်မှလူများဖြစ်သည့်တိုင် သူမ နည်းနည်းမှ ဂရုမစိုက်ပါချေ။ သူမ၏ပုံရိပ်သည် လျှပ်တစ်ပြက်အတွင်း စစ်သား၂ယောက်အရှေ့တွင် ပေါ်လာပြီး သူမ၏လက်ဖဝါးအား စောင်းခုတ်လိုက်သည်။ စစ်သား၂ယောက်သည် အမှောင်ထုသာ မြင်နိုင်တော့ပြီး ချက်ချင်း သတိလစ်သွားကြသည်။
“မင်းအမေ…”
အခြားစစ်သား၂ယောက်မှာ ဂူရှောင်ရွှဲ့၏လှုပ်ရှားမှု အလွန်မြန်ဆန်သည်ကို မြင်လိုက်ပြီး ပြန်လည်တုံ့ပြန်လိုက်သည်။ ချက်ချင်းပင် သေနတ်များထုတ်ကာ မောင်းတင်လိုက်သည်။ သို့သော် ဂူရှောင်ရွှဲ့မှာ သူတို့၏ရှေ့မှောက်သို့ ရောက်နှင့်နေပြီးဖြစ်သောကြောင့် ထိုသူများ၏နဖူးများအား ရိုက်နှက်လိုက်ခြင်းဖြင့် မေ့မျောသွားစေသည်။
“ရန်သူ…တိုက်ခိုက်တယ်။”
လမ်းကြားထဲမှ အခြားစစ်သား၂ယောက်၏ အမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားသည်။ သူတို့သည် ဂူရှောင်ရွှဲ့နှင့် အိုးရန်လူလူဆီသို့ ပြေးလာကာ ကျည်အပြည့်ပါသော သေနတ်များဖြင့် ချိန်လိုက်သည်။ သို့သော်လည်း သူတို့ကြားရှိအကွာအဝေးသည် ဆယ်မီတာမက ရှိနေသည့်တိုင် ဂူရှောင်ရွှဲ့၏ မြန်ဆန်မှုအရှိန်ဟုန်ကြောင့် အမှောင်ထု ဖုံးလွှမ်းသွားကာ လဲကျသွားပြန်တော့သည်။ သို့သော်လည်း အနီးနားရှိ လုံခြုံရေးများအား အချက်ပေးသကဲ့သို့ ဖြစ်ကာ အသက်ရှူချိန် အနည်းငယ်အတွင်း ဆယ်ယောက်ထက်မနည်း ညာသံပေးကာ ဝိုင်းလာကြသည်။
“သွားစမ်း…”
သူမ၏လက်ကလေးများအလှည့်တွင် ပျော့ပြောင်းသော ဓားတစ်ချောင်းသည် ဂူရှောင်ရွှဲ့၏လက်ထဲတွင် ပေါ်လာခဲ့သည်။ ခြေလှမ်းကွက်ရွေ့လျားမှုဖြင့် သူမသည် အဆက်မပြတ် ရွေ့လျားသွားရင်း သူမ၏ဓားပျော့သည် သာမန်မျက်စိဖြင့် မမြင်နိုင်တော့သော အရှိန်ဖြင့် လှုပ်ရှားသွားရာ စိတ်ဝိညာဉ်မြွေတစ်ကောင်အလား အစောင့်များ၏လက်ကောက်ဝတ်များအား ရိုက်ခတ်သွားသောကြောင့် နာကျင်သွားရသည့် အချိန်တွင် ဂူရှောင်ရွှဲ့မှ ထိုသူများ၏လက်ထဲမှ သေနတ်များအား ယူကာ အဝေးသို့ လွှင့်ပစ်လိုက်သည်။
“ဒိုင်း…ဒိုင်း…ဒိုင်း…”
သေနတ်သံများ ဆူညံစွာ ထွက်သွားတော့သည်။
အတွင်းခြံဝင်းထဲတွင်…
ထန်ကောရှန့်၏အမူအရာ အကြီးအကျယ် ပြောင်းသွားသကဲ့သို့ ခြံဝင်းအတွင်းရှိ လူတိုင်းသည်လည်း ထိတ်လန့်သွားကြသည်။ ထန်မိသားစု၏အိမ်တော်ထဲတွင် ထိုကဲ့သို့ တစ်စုံတစ်ယောက်မှ နှောင့်ယှက်ရဲလိမ့်မည်ဟု ထင်မထားမိကြချေ။ အပြင်ဘက်တွင် စောင့်ကြပ်နေသော အစောင့်များဆီမှ သေနတ်သံများပင် ကြားနေရသည်။
“ယွင်ဖန်း… ဘာဖြစ်သလဲလို့ သွားကြည့်ပါဦး။”
ထန်ကောရှန့်၏မျက်နှာသည် သုန်မှုန်သွားရပြီး လေသံတင်းတင်းဖြင့် အော်ပြောလိုက်သည်။
ထန်ယွင်ဖန်းကလည်း နာခံစွာဖြင့် အပြင်ဘက်သို့ ပြေးထွက်သွားသည်။ ခြံရှေ့ဝင်းထဲသို့ အရောက်တွင် စစ်သား၂ယောက်သည် အပြင်ဘက်မှ ခြံဝင်းအတွင်းသို့ လွင့်စဉ်လာသည်ကို တွေ့လိုက်ရပြီး ကွန်ကရစ်ကြမ်းပြင်ပေါ်သို့ ဗုန်းကနဲ ပြုတ်ကျသွားကာ အထိနာသွားရသည်။
“ငါက ထန်ယွင်ဖန်း… မင်းက ဘယ်သူလဲ။”
ဂူရှောင်ရွှဲ့က အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။ သူမ၏ပုံရိပ်သည် ချက်ချင်း ကွယ်ပျောက်သွားပြီး ထန်ယွင်ဖန်း၏အရှေ့တွင် တစ်ဖန် ပြန်ပေါ်လာခဲ့သည်။ သူမ၏ရှည်သွယ်သောလက်ချောင်းလေးများသည် ထန်ယွင်ဖန်း၏လည်ပင်းအား ဆုပ်ကိုင်လျက် အေးစက်သောလေသံဖြင့်
“ရှင်ဘယ်သူပဲဖြစ်ဖြစ် ကျွန်မကို ဆရာအဘိုးဆီ ချက်ချင်း ခေါ်သွားပေး။ အဲ့လိုမှ မဟုတ်ရင်တော့ ညှာတာမှုမရှိဘဲ သတ်ရလိမ့်မယ်။”
သူ၏လည်ပင်းအား အညှစ်ခံထားရသော ထန်ယွင်ဖန်းတစ်ယောက် ထိတ်လန့်တုန်လှုပ်သွားသည်။ သူ၏နှလုံးသားအား အေးစက်မှုတစ်ခုသည် ရိုက်ခတ်သွားခဲ့လေသည်။ သူနှင့်မီတာ၂၀အကွာတွင် ရှိသော မိန်းကလေးသည် လျှပ်တစ်ပြက်အတွင်း လှုပ်ရှားကာ သူ၏အရှေ့သို့ ရောက်ရှိလာနိုင်သည်။ ထိုအရာသည် ဒဏ္ဍာရီထဲမှ နတ်ဘုရားများ၏ စွမ်းရည်အလားဖြစ်တော့သည်။
“မင်း…ဘယ်သူက မင်းရဲ့ဆရာအဘိုးလဲ။”
သူမ၏မျက်တောင်လှလှလေးများအား တွန့်ချိုးလျက် ဂူရှောင်ရွှဲ့က အေးစက်စွာ ပြန်ဖြေသည်။
“ထန်ရှု”
သူမ၏လက်မှ အားအတန်ငယ်လျော့သွားသည်ကို ထန်ယွင်ဖန်း ခံစားမိသဖြင့် အမြန်ပြောလိုက်သည်။
“ထန်ရှုက မင်းရဲ့ဆရာအဘိုးလား။ ငါ မင်းကို သူနဲ့တွေ့ဖို့ ချက်ချင်း ခေါ်သွားပေးမယ်။”
ထိုခဏတွင် ဂူရှောင်ရွှဲ့ဆုပ်ကိုင်ထားသေးသော ထန်ယွင်ဖန်းအား လွှတ်ပေးလိုက်ပြီး ဝင်ပေါက်သို့ အပြေးသွားနေသော အိုးရန်လူလူအား လက်ဝှေ့ယမ်းပြလိုက်ရင်း
“သွားရအောင်။ သူတို့ နင့်ကို ဘယ်တော့မှ နာကျင်အောင် မလုပ်နိုင်ပါဘူး။”
“အေးပါဟာ။”
ဂူရှောင်ရွှဲ့ တိုက်ခိုက်သည်ကို အိုးရန်လူလူ မြင်ဖူးခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။ သူမ၏အလင်းကဲ့သို့ လျင်မြန်သော အရှိန်နှင့် ညှာတာမှုကင်းမဲ့သော တိုက်ခိုက်မှုတို့သည် သူမအား အကြီးအကျယ် အံ့သြတုန်လှုပ်စေခဲ့သည်။ ဂူရှောင်ရွှဲ့အား သူမသည် သိုင်းပညာရှင်တစ်ဦးမှန်း သိထားသော်လည်း ထိုကဲ့သို့ တုန်လှုပ်စရာ ကောင်းလောက်အောင် တိုက်ခိုက်စွမ်းရည်ရှိမှန်း သူမ မထင်ထားခဲ့မိချေ။
သည်…အရာသည် တီဗွီဇာတ်လမ်းတွဲများမှ သိုင်းပညာရှင်ဆရာကြီးများအလားပင် ဖြစ်တော့သည်။
“ဖလပ်…ဖလပ်…ဖလပ်…”
မြန်ဆန်လှသော ခြေလှမ်းသံများနှင့်အတူ လက်နက်ကိုင်ဆောင်ထားသော ဖုံးကွယ်ထားသော ယူနီဖောင်းအပြည့်ဝတ်ထားသည့် စစ်သားများသည် လျင်မြန်စွာ ချဉ်းကပ်လာပြီး ဂူရှောင်ရွှဲ့နှင့် အိုးရန်လူလူအား မဲမှောင်နေသော သေနတ်များဖြင့် ချိန်ထားကြသည်။
ထန်ယွင်ဖန်းက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် အသံလေးလေးဖြင့် အော်ပြောလိုက်သည်။
“မပစ်နဲ့။”
အရာရှိတစ်ယောက်က ထန်ယွင်ဖန်းဆီ ပြေးလာပြီး အရိုအသေပေးလိုက်ကာ
“အကြီးအကဲ… ကျွန်တော်တို့ ကာကွယ်ရာမှာ ညံ့ဖျင်းခဲ့ပါတယ်။ သူတို့ ခြံထဲကို ထိုးဖောက် ဝင်ရောက်နိုင်ခဲ့တယ်။ ကျွန်တော်တို့ကို အပြစ်ပေးပါ။”
ဂူရှောင်ရွှဲ့ မည်မျှ ကြောက်စရာကောင်းမှန်း ထန်ယွင်ဖန်း မြင်ထားပြီးပြီဖြစ်သည်။ သူမအား စစ်သားဒါဇင်ခန့်က သေနတ်များဖြင့် ချိန်ထားသည့်တိုင်အောင် သူ့တွင် ဘေးကင်းလုံခြုံသွားသည်ဟူသောခံစားချက် နည်းနည်းလေးမှပင် မခံစားမိချေ။ တခဏ ငြိမ်ကျသွားပြီးမှ သူက ကြိမ်းမောင်းလိုက်သည်။
“ထွက်သွားပြီး လုံခြုံရေးကို ဆက်တာဝန်ယူနေ။ မင်းတို့၂ယောက်က ငါ့နောက်လိုက်ခဲ့ပါ။”
လျင်မြန်စွာပင် အိုးရန်လူလူနှင့် ဂူရှောင်ရွှဲ့တို့သည် အနောက်ဘက်ခြံဝင်းထဲသို့ ထန်ယွင်ဖန်း၏အနောက်မှ လိုက်ပါသွားကြသည်။
သူမကို မြင်သောအခါ လုံကျန့်ယုက အံ့အားသင့်စွာ နှုတ်ဆက်လာသည်။
“လူလူ…ဒီကို ဘယ်လိုရောက်လာတာလဲ။”
အိုးရန်လူလူက စိုးရိမ်ပူပန်နေသောမျက်နှာဖြင့် မေးလိုက်သည်။
“ကျန့်ယု…ထန်ရှုက ဘယ်လိုနေသေးလဲ။ သူ ဒဏ်ရာရတယ်လို့ ငါ ကြားတယ်။ အခုရော ဘယ်လိုလဲ။ ဘယ်နေရမှာလဲ။”
သူမ၏စိတ်လှုပ်ရှားနေသော အမူအရာအား ကြည့်ပြီး လုံကျန့်ယုက ထန်ကောရှန့်အား လှည့်ကြည့်လိုက်ကာ ခါးသီးစွာ ပြောလိုက်သည်။
“အန္တရာယ်က လွတ်လာပြီဆိုပေမယ့် သူက သတိလစ်မေ့မျောနေတုန်းပဲ။”
မိန်းကလေးနှစ်ဦး အတွင်းသို့ ဝင်လာသည်ကို ထန်ကောရှန့် ကြည့်ရင်း နဖူးတွန့်သွားကာ ထန်ယွင်ဖန်းအား ဆူပူလိုက်သည်။
“ခုနက အပြင်မှာ ဘာတွေဖြစ်နေတာလဲ။”
ထန်ယွင်ဖန်းက မချိပြုံး ပြုံးလိုက်ပြီး အေးစက်သောအမူအရာနှင့် ရှိနေသော ဂူရှောင်ရွှဲ့အား ကြည့်လျက်
“အဲ့ဒါက သူတို့၂ယောက်ကြောင့်ပါ။ သူတို့က အစောင့်တွေကို ဒဏ်ရာဖြစ်စေပြီး အတွင်းကို အတင်းဝင်လာလို့။”
ဘယ်လို!
ကြားရသည့်ခဏ ထန်ကောရှန့်သည် သူ၏နားများ ပြသနာရှိနေပြီဟု တွေးလိုက်မိသည်။
ခြံဝင်းအတွင်းတွင် ရှိနေသော လူတိုင်းသည်လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လျက် မယုံကြည်နိုင်သော အမူအရာများ ဖြစ်နေကြသည်။
ထိုမိန်းမပျိုလေးနှစ်ဦးက အတွင်းသို့ အင်အားသုံး ဝင်ရောက်လာပြီး အစောင့်တစ်ဒါဇင်ခန့်ကို ဒဏ်ရာရသွားစေသတဲ့လား။
ဟာသပဲ။
သည်လို သိမ်မွေ့ပြီး အားနည်းနေသည့်ဟန်ရှိသည့် မိန်းမလှလေးများက အစောင့်များအား ဒဏ်ရာရအောင် လုပ်နိုင်ပါမည်တဲ့လား။
တစ်ခုသိရမည်မှာ ထိုအစောင့်များသည် လက်နက်များနှင့်ဖြစ်ပြီး အစောပိုင်းက ထိုသူများဆီက ကြားရသော သေနတ်သံအတွဲလိုက်က ထန်မိသားစုဝင်များနှင့်ဧည့်သည်များကိုပင် လုံးဝခြောက်ခြားသွားစေခဲ့သည်။
ဂူရှောင်ရွှဲ့၏အေးစက်သော အမူအရာက လူတိုင်းအား သိမ်းကျုံးကြည့်လိုက်ပြီး လေသံအေးစက်စက်ဖြင့်
“ကျွန်မရဲ့ဆရာအဘိုး ဘယ်မှာလဲ ပြောပါ။”
ဆရာအဘိုး!
အံံ့အားသင့်သော အမူအရာသည် ထန်မိသားစုဝင်များ၏ မျက်နှာထက်တွင် ပိုမိုသိပ်သည်းစွာ ဖြစ်ပေါ်လာသည်။
ချန်းကျီကျုံး၏အမူအရာ ပြောင်းသွားပြီး အလျင်အမြန် တုံ့ပြန်လိုက်သည်။
“မင်း ဘယ်သူလဲ။ ငါက ဆရာသခင်ထန်ရှုရဲ့တပည့် ချန်းကျီကျုံးပါ။”
ဂူရှောင်ရွှဲ့ မျက်မှောင်တွန့်သွားရင်း အနည်းငယ်လေးစားသောအမူအရာ ပေါ်လာကာ လက်သီးဆုပ်လျက် ဂါရဝပြုရင်း
“ရှောင်ရွှဲ့က ဆရာဦးလေးကို ဂါရဝပြုပါတယ်။”
“မင်းရဲ့ဆရာက…” ချန်းကျီကျုံး ပဟေဠိဖြစ်စွာ မေးလိုက်သည်။
ဂူရှောင်ရွှဲ့ ခေါင်းယမ်းပြလိုက်ရင်း
“ဆရာအဘိုးက မပြောရသေးဘူးဆိုရင် ရှောင်ရွှဲ့ ပြောခွင့်မရှိပါဘူး။ ဆရာအဘိုးက အခု ဘယ်မှာလဲ။ သူ့အခြေအနေကို ကျွန်မ ကြည့်ဖို့ လိုပါတယ်။”
ချန်းကျီကျုံးက ထန်ကောရှန့်အား လှည့်ကြည့်သည်။
ချန်းကျီကျုံးက မည်သည့်အကြောင်းကြောင့် မြေးဖြစ်သူအား ဆရာတင်ထားသည်ကို နားမလည်သည့်နည်းတူ ဂူရှောင်ရွှဲ့ကလည်း မြေးဖြစ်သူ၏မြေးတပည့် မည်ကဲ့သို့ ဖြစ်နေသည်ကို ထန်ကောရှန့် နားမလည်သော်လည်း လေးနက်သောအသံဖြင့် သူ တုံ့ပြန်လိုက်သေးသည်။
“ထန်ရှုက ဘေးကခန်းမထဲမှာ ရှိတယ်။ ငါ မင်းကို သူ့ဆီ ခေါ်သွားပေးမယ်။ အခြားသူတွေကတော့ အပြင်မှာ စောင့်နေပေးပါ။”
အိုးရန်လူလူက အလျင်အမြန် ပြောလိုက်သည်။ “ကျွန်မလည်း လိုက်မယ်။”
သူမအား စူးစူးနစ်နစ် တစ်ချက်ကြည့်လိုက်ပြီး ထန်ကောရှန့် ခေါင်းညိတ်ပြသည်။
မကြာမီ ထန်ကောရှန့်သည် ဂူရှောင်ရွှဲ့၊ အိုးရန်လူလူတို့နှင့်အတူ ဘေးခန်းမဆီသို့ ရောက်လာသည်။ မိန်းမလှနှစ်ဦးသည် ကုတင်ထက်တွင် သတိလစ်မေ့မျောနေသော ထန်ရှုအား မြင်တွေ့သောအခါ အိုးရန်လူလူသည် ကုတင်ဆီသို့ အပြေးသွားကာ အော်ခေါ်မိတော့သည်။
“ထန်ရှု…ထပါ။ ထပါဦး။”
“မအော်နေတော့နဲ့။ အဲ့ဒါက အသုံးမဝင်ဘူး။”
ထန်ကောရှန့်က ရင်တွင်းမှ ပူဆွေးသောကအား ဖိနှိပ်ထားရင်း ခေါင်းယမ်းကာ ပြောလိုက်သည်။
ထန်ရှု၏လက်ကောက်ဝတ်အား ကိုင်ကာ ဂူရှောင်ရွှဲ့က သွေးခုန်နှုန်းအား စမ်းလိုက်သည်။ မိနစ်ဝက်ကြာသောအခါ သူမ၏အမူအရာသည် စိတ်မသက်မသာအသွင်သို့ ပြောင်းသွားသည်။
“စိတ်စွမ်းအားက စိမ့်ထွက်နေပြီးတော့ စိတ်ဝိညာဉ်အားကို အလွန်အကျွံ သုံးစွဲလိုက်တာပဲ။ ဆရာအဘိုးရဲ့စွမ်းအင်နဲ့ သက်စောင့်ဓာတ်တွေလည်း စိမ့်ထွက်နေကုန်ပြီ။”
“မိန်းကလေးရော ဆေးပညာတတ်တာလား။”
ထန်ကောရှန့်၏မျက်လုံးများ အရောင်လက်လာကာ လျင်မြန်စွာမေးလိုက်သည်။
ဂူရှောင်ရွှဲ့က တခဏမျှ တိတ်ဆိတ်သွားပြီးနောက်
“အဖိုးတို့အားလုံး အပြင်ထွက်ပေးပြီး ကျွန်မကို ဘယ်သူမှ လာမနှောင့်ယှက်ပါစေနဲ့။ ကျွန်မ ထွက်မလာမချင်း ဘယ်သူကိုမှ အခန်းထဲ ပေးမဝင်ဖို့ မှတ်ထားပေးပါ။”
“နားလည်ပြီ။ ငါတို့ ချက်ချင်း ထွက်ပေးမယ်။”
ထန်ကောရှန့်က ကြားသည်နှင့် ချက်ချင်း အခန်းထဲမှထွက်သွားသည်။
အိုးရန်လူလူက အလျင်စလို မေးလိုက်သည်။
“ရွှဲ့လေး… နင် ထန်ရှုကို ကယ်တင်ပေးနိုင်တယ်မလား။”
“ပြသနာ မရှိလောက်ပါဘူး။”
ဂူရှောင်ရွှဲ့က လေးနက်စွာ ပြောလိုက်သည်။
အိုးရန်လူလူ၏မျက်နှာထက်တွင် ကျေနပ်နှစ်သိမ့်သော အမူအရာ ဖြစ်ပေါ်လာပြီးနောက် ထန်ကောရှန့်၏ အနောက်သို့ လိုက်ထွက်သွားခဲ့သည်။
အခန်းအပြင်ဘက်တွင် ထန်ကောရှန့်က လေးနက်သောဟန်ပန်ဖြင့် အော်ပြောလိုက်သည်။
“အားလုံး နားထောင်ကြ။ ငါ့အမိန့်မရဘဲ ဘယ်သူမှ အခန်းတွင်း ဝင်ခွင့်မရှိဘူး။ အခန်းထဲမှာ မိန်းကလေးငယ်တစ်ဦးသာ ရှိလိမ့်မယ်။ သူက ငါ့မြေးကို ကုပေးနေပြီ။”
“မိန်းကလေးက ရှုအာကို ကုနိုင်ပါ့မလား။” စုလင်းယွမ်က ရုတ်တရက် ထရပ်ကာ မေးလိုက်သည်။
“ငါလည်း မသိဘူး။ ဒါပေမယ့် သူမအတွက် ပြသနာမဟုတ်ဘူးလို့တော့ ပြောတယ်။”
ခေါင်းကို ယမ်းပြီး ထန်ကောရှန့် ပြန်ပြောလိုက်သည်။
လက်သီးအား တင်းတင်းကျပ်ကျပ်ဆုပ်ထားရင်း စုလင်းယွမ်တစ်ယောက် မျက်ရည်များ ကျလာခဲ့ရပြန်တော့သည်။ စိတ်တွင်းမှ ဘုရားရှင်ထံ တိုင်တည်ဆုတောင်းနေမိရင်း သားဖြစ်သူ သတိရလာပြီး နေကောင်းလာမည်ဆိုပါက သူမ သေရမည်ဆိုပါလျှင်တောင် သူမ သေဝံံ့ပါသည်ဟု တီးတိုးဆိုနေမိသည်။
ရုတ်တရက် သူမ၏အကြည့်များသည် အိုးရန်လူလူဆီသို့ ရောက်သွားပြီးနောက် မေးမြန်းလိုက်သည်။
“မိန်းကလေး…သမီးနဲ့ အဒေါ့်သားရှုအာက ဘယ်လိုပတ်သက်မှုရှိတာလဲ။”
သား!
ချက်ချင်းပင် အိုးရန်လူလူသည် ထိုအမျိုးသမီးကြီးမှာ စုလင်းယွမ်မှန်း သိသွားတော့သည်။ သူမ၏မျက်နှာမှာ ရှက်သွေးရဲသွားပြီး အရိုအသေပေးလိုက်ကာ
“ဟယ်လို ဒေါ်ဒေါ်… ကျွန်မ…ကျွန်မက ထန်ရှုရဲ့သူငယ်ချင်းပါ။ ကျွန်မတို့သူငယ်ချင်းနှစ်ယောက်က ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု ရှိပါတယ်။”
ခေါင်းညိတ်ကာ ကျေးဇူးတင်သောအကြည့်ဖြင့် ကြည့်လိုက်ရင်း စုလင်းယွမ်က
“ဒီကို လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သမီးလို သူငယ်ချင်းတစ်ယောက်ရထားတာ ဒေါ်ဒေါ့်သားတော့ တကယ်ကို ကံကောင်းတာပဲ။”
ခြံဝင်းအတွင်းရှိ လူတိုင်းက အိုးရန်လူလူ၏ဟန်ပန်အား ထူးဆန်းသောအမူအရာဖြင့် ကြည့်နေကြသည်ကို သူမ သတိမထားမိပေ။
ယခုတွင် လူတိုင်းက ရှင်းလင်းစွာ မြင်ကြသည်မှာ အိုးရန်လူလူ၏ဟန်ပန်သည် ချွေးမတစ်ယောက်အလားဖြစ်နေသည်ဟုပင်။
***