သတိရလာခြင်း
Vol. 06 Ch. 270
အခန်းထဲတွင် ဂူရှောင်ရွှဲ့သည် သူမ၏ဖိနပ်များအား ချွတ်ကာ ထန်ရှု၏အနောက်တွင် ခြေချိတ်ထိုင်လိုက်ပြီး သူမ၏လက်များအား သူ၏နောက်ကျောတွင် တင်ကာ သူမ၏အစစ်အမှန်ချီများအား ထန်ရှု၏ကိုယ်တွင်းသို့ ကူးပြောင်းပေးနေသည်။
“ဟင် ဘာဖြစ်တာလဲ။”
မိနစ်ဝက်မျှ ကူးပြောင်းပေးပြီးနောက် ဂူရှောင်ရွှဲ့သည် သူမ၏လက်များအား ပြန်ရုတ်လိုက်သည်။ ထန်ရှု၏ခန္ဓာကိုယ်သည် သူမ၏အစစ်အမှန်ချီများအား အမှန်တကယ်ပင် ခုခံနေခဲ့သည်။ ဂူရှောင်ရွှဲ့သည် မူလက သူမ၏အစစ်အမှန်ချီများအား အသုံးပြုကာ ထန်ရှုအား ကုသပေးရန် စိတ်ကူးထားခဲ့သည်။ သို့သော် ထိုအရာသည် အကျိုးမရှိရုံသာမက ထန်ရှု၏အခြေအနေကိုပင် ပိုမိုဆိုးရွားနေစေသည်။
“ဆရာအဘိုးရဲ့ကျင့်ကြံမှုနည်းစနစ်က အစစ်အမှန်စွမ်းအင်ကို မကျင့်နိုင်သေးတာလား။ အစစ်အမှန်စွမ်းအင်မရှိရင် ငါ သူ့ကို ဘယ်လို ကယ်ရပါ့မလဲ။ သွေးယဇ်ပူဇော်တဲ့နည်းကို သုံးရမလား။”
ဂူရှောင်ရွှဲ့၏အမူအရာမှာ အဆက်မပြတ် ပြောင်းလဲနေပြီး ချီတုံချတုံအမူအရာသည် သူမ၏မျက်ဝန်းထဲတွင် ဖျတ်ကနဲ ပေါ်လာခဲ့သည်။ သွေးယဇ်ပူဇော်တဲ့နည်းသည် ထန်ရှုအား အမှန်တကယ် ကုသနိုင်သော်လည်း သူမအား အကြီးအကျယ် ထိခိုက်နစ်နာစေလိမ့်မည်ဖြစ်သည်။ သူမ၏အသက်သက်တမ်း လျော့နည်းသွားရုံသာမက သူမ၏ကျင့်ကြံမှုအရှိန်ကိုပင် အကျိုးသက်ရောက်မှု ရှိစေမည်ဖြစ်သည်။
တခဏမျှ စဉ်းစားနေပြီးနောက် ဂူရှောင်ရွှဲ့သည် ထန်ရှုအား သွေးယဇ်ပူဇော်သည့်နည်းဖြင့် ကုသရန် ဆုံးဖြတ်လိုက်သည်။ ထန်ရှုသည် သူမ၏ဆရာအဘိုး ဖြစ်သည့်အပြင် သူမ၏ဆရာသခင်ဖြစ်သူမှ ဂရုအစိုက်ဆုံးလူသားတစ်ဦး မဟုတ်ပါလော။
“ကောင်းကင်နဲ့ မြေကြီးမှ ပေးအပ်သော ထူးကဲမှု၊ သွေးကို မျိုလို့ အသက်ရှင်သန်စေ…”
သူမ၏လက်ချောင်းထိပ်များအား ကိုက်ရင်း ဂူရှောင်ရွှဲ့၏လက်ဆယ်ချောင်းသည် များပြားလှသော လက်ဟန်သင်္ကေတများအား ပြုလုပ်လိုက်သည်။ သူမ၏ကိုယ်မှ သွေးစွမ်းအင်တစ်စက်အား ညှစ်ထုတ်ကာ လက်ချောင်းစည်းတံဆိပ်များမှတဆင့် ထန်ရှု၏မျက်ခုံးနှစ်ခုအကြားသို့ စီးဝင်စေရန် လုပ်ဆောင်လိုက်သည်။ ကောင်းကင်နှင့်မြေကြီးကြားမှ ထူးကဲဆန်းကြယ်သော အော်ရာတစ်ခု မြင့်တက်လာကာ ဂူရှောင်ရွှဲ့ ညှစ်ထုတ်ယူလိုက်သော သွေးစွမ်းအင်တစ်စက်အတွင်း ဝင်ရောက်သွားပြီး ထန်ရှု၏မျက်ခုံးနှစ်ခုအလယ်ကြားသို့ စိမ့်ဝင်သွားသည်။
ချက်ချင်းပင် သူမ၏ခန္ဓာကိုယ်သည် လေထဲတွင် ပေါ်လောပေါ်သွားခဲ့ပြီး ထန်ရှု၏ဦးခေါင်းထိပ်၌ ချက်ချင်းပင် ပေါ်လာခဲ့သည်။ သူမ၏ခန္ဓာကိုယ်အား အထက်အောက်ဇောက်ထိုးထားလိုက်ကာ သူမ၏လက်ဖဝါးသည် ထန်ရှု၏ငယ်ထိပ်အား ဖိနှိပ်လိုက်ပြီး သူမ၏မူလချီမျှင်တစ်ခုအား ထန်ရှု၏ကိုယ်တွင်းသို့ ဖြတ်သန်းဝင်ရောက် သွားစေသည်။ ထိုအရာအားလုံး ပြုလုပ်ပြီးနောက် သူမ၏သွင်ပြင်သည် အတော်ပင် ဖြူဖျော့သွားခဲ့သည်။ သူမ၏ပုံရိပ်သည် လျှပ်တစ်ပြက်အတွင်း ထန်ရှု၏အရှေ့တွင် ပြန်ပေါ်လာခဲ့သည်။ ခြေချိတ်ထိုင်ကာ သူမ၏မျက်ဝန်းများအား မှိတ်လိုက်ပြီး အသက်ရှူမှုအား ချိန်ညှိလိုက်သည်။ လက်ရှိတွင် သူမသည် ရွှေရောင်ဗဟိုချက်အား ကျော်လွန်ခဲ့ပြီးဖြစ်သော်လည်း အခြေတည်သန္ဓေတစ်ခုအား မွေးဖွားရန် ထိုးဖောက်ကြိုးစားနေရဆဲဖြစ်သည်။ သို့သော်လည်း သွေးယဇ်ပူဇော်သည့်နည်းစနစ်ကို အသုံးပြုလိုက်ရသည့်အတွက် သူမအား အကြီးအကျယ်ဆုံးရှုံးမှုဖြစ်စေပြီး သူမ၏အသက် သက်တမ်းသည် ၁၀နှစ်ထက်ပိုပြီး လျော့ကျသွားခဲ့တော့မည်ဖြစ်ပေသည်။
ထိုအချိန်တွင် ထန်ရှု၏အသက်စွမ်းအားသည် စိမ့်ထွက်နေရာမှ ရုတ်တရက် သူ၏နှလုံးအိမ်အတွင်းမှ သန်မာသော အသက်စွမ်းအားတစ်ခု နိုးထတောက်လောင်လာခဲ့သည်။ သွေးစွမ်းအင်တစ်စက်တွင် ပါဝင်သော ဂူရှောင်ရွှဲ့၏အသက်စွမ်းအားတွင် ကြီးမားသော စွမ်းအားတစ်ခု ပါဝင်နေပြီး ထန်ရှု လက်ရှိကျင့်ကြံထားသော စွမ်းအင်အားလုံးထက် ပိုမိုသန်မာလှချေသည်။
ဒုတ်…
ဒုတ်… ဒုတ်…
ထန်ရှု၏နှလုံးခုန်နှုန်းသန်မာလာသည်နှင့်အမျှ နေရာအနှံ့မှ ကြယ်စွမ်းအားများနှင့် ဝေးကွာလှသော အရပ်ရှိ ကောင်းကင်ဘုံ၏အပြာရောင်အမိုးခုံးဆီမှ နေစွမ်းအားများသည် သူ၏ကိုယ်တွင်းသို့ စတင် စိမ့်ဝင်လာခဲ့သည်။ မူလက ခြောက်ခမ်းသွားသော ကြယ်စွမ်းအားများသည် စတင်သိပ်သည်းလာပြီး ထန်ရှုအား ဖြည်းဖြည်းချင်း သက်သာလာစေသည်။
ထူးကဲဆန်းကြယ်သော အော်ရာသည် အသက်စက်နှင့် သွေးစွမ်းအင်အား လျင်မြန်စွာ ချန်ထားခဲ့ပြီး ထန်ရှု၏စိတ်ပင်လယ်ထဲသို့ စိမ့်ဝင်သွားခဲ့သည်။ ထိုအချိန်တွင် အမှောင်ထုအတွင်း ကျရောက်နေသော ထန်ရှု၏သတိတရားသည် နောက်ဆုံးတွင် ပြန်လည်နိုးထလာနိုင်ခဲ့သည်။ သူ၏သတိတရား ပြန်လည်ဝင်ရောက်လာသည်နှင့် ထန်ရှုသည် သူ၏ကိုယ်အား နှံ့စပ်စွာ စစ်ဆေးလိုက်ရာ အသက်သွေးတစ်စက်အား တွေ့လိုက်ရသဖြင့် သူ၏အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားသည်။
သူ၏ခန္ဓာကိုယ်အခြေအနေအား ကောင်းစွာ သတိပြုမိလိုက်သော်လည်း ထိုအသက်သွေးတစ်စက်သည် ပြင်ပမှလာခြင်းဖြစ်ပေရာ တစ်စုံတစ်ယောက်သည် သူ့အား အသက်သွေးယဇ်ပူဇော်နည်းအား အသုံးပြုပြီး သူ့အား ကယ်တင်လိုက်ခြင်းဖြစ်ပေသည်ကို သူ သိလိုက်သည်။ မည်သူသည် သူ့အား ကယ်တင်လိုက်သည်ကို စဉ်းစားနေချိန်မရှိသောကြောင့် သူ၏သတိတရား အခြေကျသွားသည်နှင့် ထန်ရှုသည် သူ၏ကျင့်ကြံမှုနည်းစနစ် ဖြစ်သည့် ကောင်းကင်စကြာဝဠာကျင့်စဉ်အား တိတ်ဆိတ်စွာ လှည့်ပတ်နေလိုက်သည်။
အချိန်သည် လျင်မြန်စွာ ကုန်ဆုံးလာခဲ့ရာ သုံးရက်တိတိ ကုန်လွန်ခဲ့ပြီဖြစ်သည်။
ထန်ရှု၏မျက်လုံးသည် ဖျတ်ကနဲ ပွင့်လာရာ သူ၏အရှေ့တွင် ခြေချိတ်ထိုင်နေသော တစ်စုံတစ်ယောက်အား တွေ့လိုက်ရပြီး ထိုသူသည် သူမ၏မေးလေးအားကိုင်လျက် သူ့အား မျက်တောင်တစ်ချက်မခတ်ဘဲ ကြည့်နေသော ဂူရှောင်ရွှဲ့ပင် ဖြစ်ပေသည်။
သူမက သူ့အား ကယ်တင်လိုက်သောသူများလား။
ထန်ရှု၏မျက်နှာအမူအရာသည် အနည်းငယ် လှုပ်ရှားသွားသည်။ သူ၏မျက်နှာသည် ဖြူဖျော့နေသေးသော်လည်း ဂူရှောင်ရွှဲ့အား မျက်တောင်ခတ်ပြီး ခပ်ဖွဖွ ပြုံးပြလိုက်ကာ အားနည်းအက်ရှနေသောအသံဖြင့် မေးလိုက်သည်။
“မင်း ငါ့ကို သွေးယဇ်ပူဇော်တဲ့နည်းနဲ့ ကယ်လိုက်တာလား။”
ထန်ရှု ရုတ်တရက် မျက်လုံးဖွင့်လာသည်ကို မြင်ပြီး ဂူရှောင်ရွှဲ့အတော်ပင် ထိတ်လန့်သွားသည်။ ထန်ရှု မျက်တောင်ခတ်ကာ စကားပြောလာသည်ကို တွေ့လိုက်ရမှ ချက်ချင်း ဝမ်းသာပျော်ရွှင်သွားရကာ
“ဆရာအဘိုး.. နောက်ဆုံးတော့ သတိရလာပြီ။ ရှင် သတိရလာဖို့ ကြာလိုက်တာလို့ ငါ တွေးနေခဲ့မိတာ။ ဟုတ်တယ်။ သွေးယဇ်ပူဇော်နည်းကို သုံးပြီး ကယ်လိုက်ရတာက ဆရာအဘိုးရဲ့ခန္ဓာကိုယ်က ငါ့ရဲ့အစစ်အမှန်စွမ်းအင်တွေကို လက်မခံဘဲ ခုခံနေတာကို တွေ့ရလို့ပါ။”
တကယ် သူမ ဖြစ်နေခဲ့တာပဲ!
ထန်ရှုသည် သက်ပြင်း ကြိတ်ကာ ချလိုက်ရင်း ပြုံးပြလိုက်ကာ
“ငါ့ရဲ့ကျင့်ကြံမှုနည်းစနစ်က နည်းနည်းထူးခြားနေတော့ တခြားသူတွေရဲ့အစစ်အမှန်စွမ်းအင်ကို လက်ခံလို့မရဘူး။ အဲ့ဒါကြောင့် မင်း ချီစွမ်းအင်သုံးပြီး ကုသပေးဖို့ ကြိုးစားတာ အချည်းနှီးဖြစ်သွားလိမ့်မယ်။ ရှောင်ရွှဲ့… ဒီတစ်ကြိမ်အတွက် ငါ မင်းကို တကယ် ကျေးဇူးတင်ပါတယ်ကွာ။ မင်းသာ အဲ့ဒီသွေးယဇ်ပူဇော်နည်းနဲ့ မကုသခဲ့ရင် ငါ သေသွားတော့မှာပါ။”
ဂူရှောင်ရွှဲ့က သူမ၏မျက်နှာလေးကို မော့ကာ ပြုံးလိုက်ပြီး
“ဆရာအဘိုး… ဒါ ငါ လုပ်ပေးရမယ့်အရာပါ။”
ထန်ရှုက ခေါင်းညိတ်ပြရင်း ဘေးဘီဝဲယာအား ကြည့်လိုက်ရာ ထန်ယွင်သဲ့အားကုသရန်အတွက် ထန်ကောရှန့် ပေးထားသည့် ဘေးခန်းမထဲတွင် ရှိနေသေးကြောင်း သိလိုက်ရသည်။ ထိုခဏတွင် ထန်ကောရှန့်အား အရိပ်အယောင်ပင် မတွေ့ရချေ။ ထန်ရှု၏မျက်နှာထက်မှ အပြုံးသည် တဖြည်းဖြည်း ကွယ်ပျောက်သွားကာ လေသံတိမ်တိမ်ဖြင့် မေးကာ သက်သေပြုလိုက်သည်။
“ငါတို့ အခု ဘယ်နေရာမှာ ရှိနေတာလဲ။”
“ပေကျင်း ထန်မိသားစုရဲ့စံအိမ်။”
ဂူရှောင်ရွှဲ့က ဖြေလိုက်သည်။
ထန်ရှုက အံ့အားသင့်စွာ မေးလိုက်သည်။
“မင်း ငါ့ကို ဘယ်လို ရှာတွေ့သွားတာလဲ။”
“ထန်မိသားစုက နာမည်ကြီးသမားတော် ဆရာဝန်တွေကို ဆရာအဘိုးရဲ့ရောဂါကို ကုဖို့ ဖိတ်ခဲ့တယ်။ ကုသပေးနိုင်တဲ့ ဘယ်သူ့ကိုမဆို ဘယ်လောက်ပဲကုန်ကုန် ပေးမယ်လို့လည်း ကြေညာကတိပြုထားတယ်။ ချန်းမိသားစုက ဆရာဦးလေးချန်းက အိုးရန်လူလူဆီ ဖုန်းဆက်လာတဲ့အချိန် သူမက ထာဝရခန်းမမှာ ရောက်နေတာနဲ့ တိုက်ဆိုင်သွားတော့ ငါလည်း သိသွားတာ။”
ထန်မိသားစု…
ထန်ရှု၏တွန့်နေသော မျက်ခုံးများသည် မကြာမီ ပြေလျော့လာခဲ့သည်။
ဘယ်လောက်ပဲကုန်ကုန် ပေးမယ်တဲ့လား။
ထိုကဲ့သို့သော ကတိစကားသည် တကယ်ပင် လေးနက်လှပေသည်။
ထန်ရှုတွင် ထန်မိသားစုအား လက်မခံသော ခံစားချက်အချို့ရှိနေလင့်ကစား ထန်မိသားစုသည် သူ့အား အစစ်အမှန်မိသားစုဝင်အဖြစ် သဘောထားသည်ကိုတော့ သူ ဝန်ခံရပေမည်။ ယခုတော့ အဆုံးသတ်တွင် ထန်ကောရှန့် သူ့အား ပြောခဲ့သော ထန်မိသားစုသည် သူတို့အား ရှာဖွေရန် ကြိုးပမ်းခဲ့သည်ဟူသည့် စကားသည် တကယ်ပင် မှန်ကန်ခဲ့ချေသည်။
“ထောက်ပြစရာ ဘာမှ မရှိမှတော့ ခံစားချက်တွေ မရှိသင့်တော့ဘူး။”
“ထန်မိသားစုက ငါတို့သားအမိနှစ်ယောက်ကို မိသားစုဝင်အဖြစ် သဘောထားမှတော့ အဲ့ဒါကို လက်ခံလိုက်ရတော့မှာလား။”
“ပြောဖို့ အချိန်တိုလွန်းတယ်ဆိုပေမယ့်လည်း နောင်ကျ ငါ အဲ့ဒါကို ဟုတ် မဟုတ် သိလာရမှာပဲ။”
“ငါတို့ တစ်ယောက်ကိုတစ်ယောက် ခေါ်တာ၊ မခေါ်တာက အရေးမကြီးဘူး အရေးကြီးဆုံးက အနာဂတ်မှာ ငါတို့တွေ ဘယ်ထိရောက်မလဲဆိုတာကို ကြည့်ဖို့ပဲ။”
“ငါ အမေ့ကို ထပ်ပြီး စိတ်ကသိကအောက် ဖြစ်အောင် မလုပ်သင့်တော့ဘူး။”
“…”
ထန်ရှု၏ခေါင်းထဲတွင် အတွေးများ တစ်ခုပြီးတစ်ခု တန်းစီထွက်ပေါ်လာသည်။ အိပ်ရာထက်မှ ထကာ ဖိနပ်စီးလိုက်ပြီးနောက် ဂူရှောင်ရွှဲ့အား ကြည့်ကာ မေးလိုက်သည်။
“မင်းနဲ့ အိုးရန်လူလူ ဒီကို ဘယ်လို ရောက်လာတာလဲ။”
“လူလူရဲ့ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့လေ။” ဂူရှောင်ရွှဲ့က ဖြေလိုက်သည်။
“အိုးရန်လူလူလား။ သူမကရော ဘယ်ရောက်နေတာတုန်း။”
ဂူရှောင်ရွှဲ့က ခေါင်းကို ယမ်းလိုက်ရင်း
“ငါ မသိဘူး။ ဒီ၃ရက်လုံးလုံး ငါ ဒီအခန်းထဲက မထွက်ခဲ့ဘူးလေ။ ဒါပေမယ့် သူက ရှင့်ကို အရမ်းစိတ်ပူနေတော့ ထန်မိသားစုရဲ့ စံအိမ်ထဲမှာပင် ရှိနေလိမ့်ဦးမယ်။”
ထန်ရှု ခေါင်းညိတ်လိုက်သည်။ ဂူရှောင်ရွှဲ့နှင့်အတူ အခန်းတံခါးအား ဖွင့်လိုက်သည့်အချိန်တွင် ထန်မိသားစုဝင်များသည် ချက်ချင်းပင် စုရုံးရောက်လာကြသည်။ စုလင်းယွမ်က အပြေးလာကာ ဖက်လိုက်ပြီး ဝမ်းသာပျော်ရွှင်သော မျက်နှာဖြင့် မျက်ရည်များပိုးပိုးပေါက်ပေါက် ကျလာခဲ့သည်။
“အမေ… ကျွန်တော် အဆင်ပြေပါတယ်။”
ထန်ရှုက ခပ်ဖွဖွ ပြုံးလိုက်ပြီး မိခင်၏နောက်ကျောအား ညင်သာစွာ ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။
ဘေးဘက်ရှိ ဝှီးချဲပေါ်တွင် ထိုင်နေလျက် အိုးတို့အမ်းတမ်းအမူအရာနှင့် စိတ်လှုပ်ရှားသောအကြည့်တို့ဖြင့် ထန်ယွင်သဲ့က ကြည့်နေသည်။ သူ့လောက် စိတ်ရှုပ်ထွေးမှု ဖြစ်နေသောသူ တစ်ယောက်မှ ရှိမည်မထင်ချေ။ ဘဝ၏ပျော်ရွှင်မှုနှင့်ဝမ်းနည်းမှုအထွေထွေ ခံစားချက်အားလုံးတို့သည် သူ၏စိတ်ထဲနှင့် နှလုံးသားတွင်းဝယ် ပလုံစီထလျက်ရှိနေသည်။
သို့သော်လည်း ထန်ယွင်သဲ့ထံတွင် အများဆုံး ဖြစ်ပေါ်နေသော ခံစားမှုမှာ ရှက်ရွံ့စိတ်နှင့် အပြစ်ရှိသောစိတ်ခံစားမှုတို့ပင် ဖြစ်တော့သည်။ သူသည် ဖခင်တစ်ယောက်အဖြစ် တစ်ခါမျှ ရှိမနေခဲ့ဖူးသကဲ့သို့ ထန်ရှုအား ပြုစုပျိုးထောင်မှုလည်း မလုပ်ခဲ့ချေ။ သို့သော် သူ့အား ကယ်တင်ရန် သားဖြစ်သူသည် အသက်ပင် ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရရှာသည်။ သူ၏နှုတ်ခမ်းတို့မှ တရွရွ လှုပ်ရှားနေသော်လည်း မည်သည့်စကားမျှ ထွက်မလာနိုင်ခဲ့ပါပေ။
ထန်ယွင်သဲ့၏ဘေးတွင် ရပ်နေသော ထန်ကောရှန့်မှ သူ၏ပခုံးအား ပုတ်လိုက်သည်။ ထို့နောက် သူ၏အကြည့်များသည် ထန်ရှုမှတဆင့် ဂူရှောင်ရွှဲ့ဆီသို့ ရောက်သွားခဲ့သည်။
“မိန်းကလေးဂူ… မင်းကို အစစအရာရာအတွက် ကျေးဇူးတင်ပါတယ်။ ငါ့မြေးအသက်ကို ကယ်တင်ပေးလိုက်နိုင်ခဲ့တယ်။ မင်း ဘာပဲဆန္ဒရှိရှိ ငါတို့ထန်မိသားစုက စွမ်းနိုင်သမျှ ဖြည့်ဆည်းပေးမှာပါ။”
ထန်ကောရှန့်က ကျေးဇူးတင်စွာ ပြောလိုက်သည်။
“ဆရာအဘိုးကို ကယ်ရမှာ ကျွန်မတာဝန်ပါ။ ကျွန်မ ဘာမှ မလိုအပ်သလို ထန်မိသားစုကလည်း ကျေးဇူးဆပ်ဖို့ မလိုအပ်ပါဘူး။”
ဂူရှောင်ရွှဲ့က တည်ငြိမ်စွာ ပြောလိုက်သည်။
ထန်ရှုက စုလင်းယွမ်အား ညင်သာစွာ ဖယ်ကာ သူမ၏ပါးပြင်ထက်မှ မျက်ရည်စများအား သုတ်ပေးလိုက်သည်။ ထို့နောက် သူသည် ထန်ကောရှန့်နှင့် ထန်ယွင်သဲ့အား ကြည့်လိုက်ပြီးနောက် သူ၏အကြည့်များသည် မျက်ရည်များဖြင့် စိတ်လှုပ်ရှားနေသော ချင်ချန်းယွဲ့ဆီသို့ ရောက်သွားကာ
“အဖွား… ကျွန်တော် ဗိုက်ဆာနေပြီ။ တစ်ယောက်ယောက်ကို ကျွန်တော့်အတွက် တစ်ခုခု ချက်ပေးဖို့ ကျေးဇူးပြုပြီး ပြောပေးပါလား အဖွား။”
ချင်ချန်းယွဲ့ ကြက်သေ သေသွားသည်။ သူမ၏မျက်ရည်များ ဖုံးလွှမ်းနေသော မျက်ဝန်းများတွင် ယုံကြည်ရန် ခက်ခဲသော အမူအရာ ဖြစ်ပေါ်သွားပြီး ချက်ချင်းပင် ထိုအရာသည် အလွန်အကျူး ဝမ်းမြောက်ကျေနပ်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။ ထန်မိသားစုအား အသိအမှတ်ပြုရန် အမြဲတမ်း ငြင်းဆန်နေခဲ့သော သူမ၏မြေးဖြစ်သူ ထန်ရှုမှ သူမအား အဖွားဟု ခေါ်လာခြင်းသည် အိပ်မက်တစ်ခုအလား ခံစားနေရစေသည်။
“အေးအေး…အဖွား… ငါ့မြေးစားဖို့ အဖွားကိုယ်တိုင် ချက်ပေးမယ်။”
အခြားထန်မိသားစုဝင်များသည်လည်း အံ့သြဝမ်းသာသွားသော အမူအရာများဖြင့် ရှိနေကြသည်။ သည်အခြင်းအရာသည် နောက်ဆုံးတော့ ထန်ရှုက ထန်မိသားအား လက်ခံလိုက်ပြီဖြစ်သလို သူတို့အားလုံးကိုလည်း အသိအမှတ်ပြုကာ သူ့ကိုယ်သူလည်း ထန်မိသားစုဝင်အဖြစ် သတ်မှတ်လိုက်ခြင်းကို ရည်ညွှန်းပေသည်။
အဖွားဖြစ်သူ ချင်ချန်းယွဲ့ ထွက်ခွာသွားသည်နှင့် ထန်ရှုက ထန်ယွင်သဲ့အား ကြည့်ကာ အေးချမ်းစွာ ပြောလိုက်သည်။
“အဖေ သတိရလာပြီဆိုတော့ ညစာ စားပြီးရင် ကျွန်တော်တို့ ကြယ်တာရာကို ပြန်ကြရအောင်။ အမေက အဖေ့ကို စောင့်နေရတာ နှစ်၂၀ရှိနေပြီ။ နောက်ပိုင်း အမေ့ကို စိတ်ပျက်အောင် မလုပ်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။”
ထန်ရှုမှ အဖေဟု ခေါ်လိုက်သောကြောင့် နွေးထွေးသော ခံစားမှုတစ်ခုသည် ထန်ယွင်သဲ့၏နှလုံးသားမှ ပေါက်ဖွားလာကာ မျက်ရည်များပင် စီးကျလာရသည်။ ခေါင်းကို လေးပင်စွာ ညိတ်ပြလိုက်ရင်း သူက အလေးအနက်ထားကာ စကားဆိုလိုက်သည်။
“သေချာတယ် သားလေး။ အဖေ့ရဲ့ကျန်တဲ့ ဘဝတစ်လျှောက်လုံးမှာ မင်းတို့သားအမိကို ပေးဆပ်ရင်း နေသွားမှာပါ။”
နာရီဝက်ကြာပြီးနောက် ထန်ရှုနှင့် ဂူရှောင်ရွှဲ့တို့သည် အများကြီး စားသောက်ခဲ့ကြပြီဖြစ်သည်။
ထန်ရှု၏ဘေးတွင် ထိုင်နေသော ချင်ချန်းယွဲ့သည် သူမချက်သမျှအစားအစာများအား ထန်ရှုတို့မှ ပြောင်လုနီးပါး စားသောက်သည်ကို ကြည့်ရင်း ကျေနပ်ပီတိဖြစ်နေသည်။ ထန်ရှုက စားသောက်ပြီးတူအား ချလိုက်သည်တွင် သူမက အလျင်အမြန် မေးလိုက်သည်။
“မြေးလေး ဗိုက်ပြည့်သွားပြီလား။”
“ဟုတ်ကဲ့ အဖွား။” ထန်ရှုက ခေါင်းညိတ်ပြသည်။
ကျေနပ်ပီတိဖြစ်စွာ ခေါင်းညိတ်ရင်း ချင်ချန်းယွဲ့က အပြုံးဖြင့်
“မြေးက အဖွားချက်တာ ကြိုက်တယ်ဆိုရင် နောက်ဆိုရင် နေ့တိုင်း ချက်ကျွေးဦးမယ်။”
ထန်ရှုက ခေါင်းယမ်းရင်း
“အဖွား… ကျွန်တော့်မှာ အရေးကြီးတာတွေ လုပ်ရမှာရှိသေးတယ်။ ကျင်းမန်ကျွန်းကို သွားဖို့ လိုသလို အဲ့ဒီကအပြန် ကျွန်တော် ပြည်ပကို ခရီးသွားရဦးမယ်။ ရှန်ဟိုင်းတက္ကသိုလ်ဖွင့်တော့မှ ကျွန်တော် ပြည်ပက ပြန်လာဖြစ်လိမ့်မယ်။”
ချင်ချန်းယွဲ့က အံ့အားသင့်သွားပြီး
“မြေးက ပြည်ပ သွားမလို့လား။”
ထန်ရှုက ခေါင်းညိတ်ပြလိုက်ကာ ထပ်ပြီး မရှင်းပြတော့ချေ။ ထို့နောက် သူက ထန်ကောရှန့်ဘက်သို့ လှည့်လိုက်သည်။
“အဖိုး… ကျွန်တော်တို့ အရင်သွားနှင့်ပါတော့မယ်။”
“နောက်ကျလို့ရနိုင်လား။”
ထန်ကောရှန့်က မေးလိုက်သည်။
“တစ်ခုခု ရှိလို့လား အဖိုး။”
ထန်ရှုက ပြန်မေးလိုက်သည်။
ထန်ကောရှန့်က ပြောပြသည်။
“မင်းတို့ ဒီရောက်လာကတည်းက အဖိုးက မနက်ဖြန် ဘိုးဘေးကန်တော့ဖို့ ပြင်ဆင်ထားမိတယ်လေ။ အမေရော သားရော မိသားစုဇယားထဲ ထည့်ရအောင်လို့။ တစ်ခုခု လုပ်ဖို့ရှိတယ်ဆိုရင်လည်း မနက်ဖြန် ဘိုးဘေးကန်တော့ပြီးမှ သွားလို့ရနိုင်တယ် မဟုတ်လား။”
ထန်ရှု တစ်ချက် စဉ်းစားလိုက်ပြီးနောက် ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။
“ဟုတ်ကဲ့ အဖိုး။ အဲ့ဒါဆိုရင်လည်း ရှောင်ရွှဲ့နဲ့ လူလူကို အခန်းစီစဉ်ပေးဖို့ အဖိုးကို ဒုက္ခပေးမိရပါပြီ။”
“အဲ့ဒါလောက်က ကိစ္စမရှိပါဘူးကွာ။”
ထန်ကောရှန့် ပျော်ရွှင်သော အမူအရာဖြင့် ပြန်ပြောလိုက်သည်။
ညဘက်တွင်…
ထန်ရှု၊ ဂူရှောင်ရွှဲ့၊ အိုးရန်လူလူ၊ ချန်းကျီကျုံးနှင့် လုံကျန့်ယုတို့အားလုံး ထန်မိသားစု၏စံအိမ်တွင် နေကြသည်။ သို့သော် ထန်ယွင်ဖန်းက အနီးနားရှိ အထက်တန်းစားသောက်ဆိုင်တွင် စားပွဲ၈လုံးစာ ပြင်ဆင်ထားသော အခန်းတစ်ခန်းအား ကြိုတင်မှာကြားထားပြီး ထန်ယွင်သဲ့ သတိပြန်ရလာခြင်းနှင့် ထန်ရှု ပြန်လည် ကျန်းမာလာခြင်းအတွက် ဂုဏ်ပြုပွဲ ကျင်းပခဲ့လေသည်။
***