နေရာချထားခြင်း
Vol. 06 Ch. 271
နောက်တစ်နေ့တွင် ထန်ကောရှန့်သည် ထန်ရှုနှင့်စုလင်းယွမ်တို့သားအမိအတွက် ဘိုးဘေးကန်တော့ခြင်းနှင့် မိသားစုစာရင်း ထည့်သွင်းခြင်းအခမ်းအနားအား ကိုယ်တိုင် ဦးစီးကာ ဆောင်ရွက်ခဲ့သည်။
ထိုအခမ်းအနား ပြီးသည်နှင့်ချက်ချင်း ထန်ရှုသည် သူ၏မိဘနှစ်ပါးအား အိုးရန်လူလူ၏ဂျက်လေယာဉ်ဖြင့် ကြယ်တာရာသို့ တိုက်ရိုက်တင်ပေးလိုက်သည်။ ချန်းကျီကျုံးနှင့် ဂူရှောင်ရွှဲ့တို့လည်း ထိုလေယာဉ်ဖြင့် ပါသွားကြသည်။ သို့သော် ထန်ရှုနှင့် လုံကျန့်ယုတို့သည် ထန်ရှု၏ လင်ရိုဗာကားလေးဖြင့် ကြယ်တာရာသို့ အမြန်နှုန်းဖြင့် မောင်းနှင်ကာ ပြန်လာခဲ့ကြပြီး လမ်းတစ်လျှောက် ထန်ရှုက မောင်းနှင်ကာ ချင်ဟီဒေသရှိ စုကျေးရွာသို့ သွားပြီး အဖွား၏အခြေအနေအား စစ်ဆေးခဲ့သည်။ ထို့နောက် စုဘင်နှင့် စုချွမ်တို့အား ခေါ်ကာ ကြယ်တာရာသို့ ပြန်လာခဲ့ကြလေသည်။
တောင်တံခါး အိမ်ရာ…
ထန်ယွင်သဲ့သည် အိမ်ထဲသို့ ဝင်လိုက်သောအခါ အံ့အားသင့်သွားရသည်။ ဇနီးသည်ထံမှ သားဖြစ်သူ၏ ငွေများစွာ ရှာနိုင်သည့်အကြောင်းနှင့် အိမ်ကြီးတစ်ဆောင်တွင် လက်ရှိနေထိုင်ကြသည်ကို ကြားထားသော်လည်း သူ အံ့အားသင့်မိနေဆဲဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုကဲ့သို့ တန်ဖိုးကြီးသော အိမ် ဖြစ်လိမ့်မည်ဟု သူ တစ်ခါမှ မတွေးမိသောကြောင့် ဖြစ်သည်။
“အဖွား…”
ဂူရင်သည် ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်နေရင်း သီချင်း နားထောင်နေသည်။ စုလင်းယွမ် ဧည့်ခန်းထဲသို့ ဝင်လာသောအခါ သူမသည် အံ့သြဝမ်းသာသွားပြီး သူမ၏ သီချင်းနားထောင်နေသော နားကြပ်အား အမြန်ဖြုတ်ကာ ပြေးလာသည်။
မျက်နှာချင်းဆိုင် ဆိုဖာတွင် ခန်းရှလည်း ရှိနေသည်။ သူမက ငွေကြေးဆိုင်ရာ မဂ္ဂဇင်းအား ဖတ်နေရာမှ ဂူရင်၏အော်သံကြောင့် အံ့အားသင့်သွားသည်။ ဂူရင်မှ အဖွားဟုခေါ်သည်မှာ ထန်ရှု၏မိခင်ကလွဲပြီး အခြားသူ မရှိကြောင်း ဂူရင်ထံမှ သူမ သိထားသည်။
ရှေ့ကို လှမ်းကြည့်လိုက်ရာ ဧည့်ခန်းထဲသို့ လူများစွာ ဝင်လာကြောင်း ခန်းရှ သိလိုက်ရသည်။
စုလင်းယွမ်က အပြုံးဖြင့် သူမတွန်းလာသော ဝှီးချဲအား လွှတ်လိုက်ကာ ဂူရင်အား တန်းပွေ့ဖက်လိုက်သည်။
“ရင်ရင် အချစ်ဆုံးလေး… ကောင်းကောင်းမွန်မွန် နေရဲ့လား။”
“ဒါပေါ့။ ရင်ရင်က အမြဲတမ်း ကောင်းမွန်ပြီးသားပဲ။ အဖွား… သမီး အဖွားကို လွမ်းနေတာ။”
ဂူရင်က ရယ်မောကာ ပြောသည်။
စုလင်းယွမ်က သူမ၏ဆံပင်အား ပွတ်ပေးရင်း ပြုံးလိုက်ပြီးနောက် ဖက်ထားရာမှ ပြန်လွှတ်ပေးလိုက်သည်။ ဝှီးချဲပေါ်တွင် ထိုင်နေသော ထန်ယွင်သဲ့အား ညွှန်ပြကာ
“ရင်ရင်… ဒါ သမီးဆရာသခင်ရဲ့အဖေပဲ။ ဖိုးဖိုးလို့ ခေါ်ရမယ်နော်။”
ဂူရင်က ကြက်သေ သေသွားပြီး ထန်ယွင်သဲ့အား စူးစမ်းလိုက်ပြီးနောက် ကိုယ်နှုတ်အမူအရာ ကောင်းမွန်စွာဖြင့် နှုတ်ဆက်လိုက်သည်။
“အဖိုး… နေကောင်းပါရဲ့လား။ သမီးက ဂူရင်ပါ။ ရင်ရင်လို့ ခေါ်နိုင်ပါတယ် အဖိုး။”
ထန်ယွင်သဲ့က ဂူရင်၏အကြောင်းအား ကြားဖူးထားသောကြောင့် အပြုံးဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။
“ဟိုင်း ရင်ရင်… နောက်ဆိုရင် အဖိုးတို့က တစ်မိသားစုတည်း ဖြစ်သွားကြပြီနော်။”
ဂူရင်က စုလင်းယွမ်အား ပြန်မော့ကာ ကြည့်လိုက်သည်။
စုလင်းယွမ်က ဂူရင်အား ခေါင်းညိတ်ပြပြီးနောက် ခန်းရှအား နှုတ်ဆက်လိုက်သည်။ သည်ဟာသည် ခန်းရှအား ပထမဆုံးအကြိမ် သူမ မြင်ဖူးခြင်းလည်း ဖြစ်ပေသည်။
သူမက တခဏမျှ ချီတုံချတုံ ဖြစ်သွားပြီးနောက်
“မင်္ဂလာပါ။ မိန်းကလေးက…”
ထန်ရှုနှင့် သူမ၏အကြားက ဆက်ဆံရေးအား ပြန်လည်သတိရသွားပြီး ခန်းရှ အနည်းငယ် စိတ်ကသိကအောက်ဖြစ်သွားမိသည်။ သို့သော်လည်း အနောက်မှ အိုးရန်လူလူနှင့် ဂူရှောင်ရွှဲ့အား မြင်လိုက်သောအခါ သူမ၏စိတ်ခံစားမှုများသည် ရှုပ်ထွေးသွားတော့သည်။ အိုးရန်လူလူသည် ထန်ရှုအား နှစ်သက်နေသည်ကို သူမ သိသည်။ သို့သော် သူမ၏ဘေးတွင် နတ်သမီးလေးတစ်ပါးသဖွယ် လှပသော အခြားမိန်းမပျိုလေးတစ်ဦးပါ ပါလာလိမ့်မည်ဟု သူမ ထင်မထားမိချေ။ အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် သူမသည် လျင်မြန်စွာ ပြန်ထိန်းချုပ်လိုက်ကာ သူမ၏ရှုပ်ထွေးနေသော စိတ်အား အဝေးသို့ ပို့လိုက်ပြီး အပြုံးဖြင့်
“မင်္ဂလာပါ ဒေါ်ဒေါ်နဲ့ ဦးလေး။ ကျွန်မက ခန်းရှပါ။”
စုလင်းယွမ်က ရုတ်ခြည်းပင် နားလည်သွားပြီး သူမ၏လက်များအား လျင်မြန်စွာ ဆုပ်ကိုင်လိုက်ကာ အပြုံးဖြင့် စကားဆိုသည်။
“အာ… မိန်းကလေးက ခန်းရှကိုး။ ရှုအာ နဲ့ ရင်ရင်က သမီးအကြောင်းကို ခဏခဏ ပြောပေမယ့် ခုမှပဲ မြင်ဖူးတော့တယ်။ တကယ်ကို လှပပြီး ထက်မြက်တွေးခေါ်တတ်တဲ့ မိန်းမလှလေးပဲ။ ဒေါ်ဒေါ့်သားက ပြောတယ် သမီးက စီးပွားရေးတွေ စီမံခန့်ခွဲမှုလုပ်ရပြီး တအားအလုပ်များတာတဲ့။ အဲ့ဒါ သမီးအတွက် တကယ့်ကို ပင်ပန်းနေမှာပေါ့ မဟုတ်ဘူးလား။”
စုလင်းယွမ်၏ဖော်ဖော်ရွေရွေ ဆက်ဆံမှုကြောင့် ခန်းရှ၏အပြုံးမှာ ပိုမိုတောက်ပလာရပြီး
“ဒါ ကျွန်မ လုပ်သင့်တဲ့အလုပ်တွေပါ ဒေါ်ဒေါ်။”
“စီးပွားရေးကိစ္စကတော့ ရှုအာနဲ့ သမီးတို့ ကိစ္စပေါ့။ ဒါပေမယ့် ဒေါ်ဒေါ်တို့ ကြယ်တာရာကနေ ရက်ပေါင်းများစွာ ထွက်သွားလိုက်ရတာကို သမီး ရင်ရင့်ကို စောင့်ရှောက်ပေးထားတာကိုတော့ ဒေါ်ဒေါ် တကယ်ကို ကျေးဇူးတင်ပါတယ်ကွယ်။”
ခန်းရှ၏စိတ်သည် ကျေနပ်ပီတိဖြစ်မှုဆီ ပြန်လည်ရောက်လာခဲ့သည်။ ထို့နောက် ချက်ချင်းပင် စုလင်းယွမ်က သူမအား အိုးရန်လူလူ၊ ဂူရှောင်ရွှဲ့တို့နှင့် မိတ်ဆက်ပေးခဲ့သည်။ အိုးရန်လူလူ နှင့် ခန်းရှမှာ သိနှင့်နေပြီးဖြစ်ကြောင်း စုလင်းယွမ် သိသွားသည့်အခါ ထပ်မပြောတော့ချေ။
အစက ခန်းရှသည် စုလင်းယွမ် ပြန်ရောက်လာသောကြောင့် ထန်ရှုအိမ်မှ ပြန်တော့မည်ဖြစ်သည်။ သို့သော် သည်နေ့သည် ခန်းရှ၏အားလပ်ရက်ဖြစ်မှန်း စုလင်းယွမ် သိသွားပြီးနောက် ခန်းရှအား ဆက်နေရန် တိုက်တွန်းလိုက်သည်။
ထိုကဲ့သို့ ရင်းရင်းနှီးနှီးဆက်ဆံမှုနှင့် နွေးထွေးသောအပြုအမူတို့ကြောင့် ခန်းရှ မငြင်းဆန်နိုင်တော့ပေ။
နေ့လည်ခင်းတွင် ထန်ရှုသည် တောင်တံခါးသို့ ပြန်ရောက်လာခဲ့ပြီး ဂျက်လေယာဉ်နှင့်ပြန်သွားသော လူများအနက် ချန်းကျီကျုံးမှတစ်ပါး လူစုံတက်စုံ အားလုံး သူ့အိမ်တွင် ရှိနေကြသည်ကို တွေ့လိုက်ရသည်။ လူတိုင်းနှင့် စကားအနည်းငယ်ပြောပြီးနောက် ခန်းရှအား ဒုတိယထပ်ရှိ သူ့အိပ်ခန်းဆီသို့ ခေါ်လာခဲ့သည်။
“သူဋ္ဌေး… ငါ တကယ် ဘဝင်မကျဘူး။”
ခန်းရှက အိပ်ခန်းတံခါးအား ပိတ်လိုက်ပြီးနောက် သူမ၏မျက်နှာလှလှလေးထက်တွင် စိတ်အလိုမကျဟန်ဖြင့် မိန်းကလေးပေါက်စလေးသဖွယ် နှုတ်ခမ်းလေးစူကာ ပြောလိုက်သည်။
“ဘယ်လိုဖြစ်လို့လဲ။” ထန်ရှု ပဟေဠိဖြစ်သွားသည်။
“နင် ဦးလေးထန်ကို ကုသပေးပြီး အသက်ဆုံးရှုံးမလို ဖြစ်သွားတာ ငါ ခုနမှ သိရတယ်။ ဒါပေမယ့် အိုးရန်လူလူအပါအဝင် အခြားလူတွေက ဒီအကြောင်းကို သိပြီး ငါက ဘာမှမသိရဘူးလေ။”
ထန်ရှုက ခေါင်းကို ယမ်းကာ အပြုံးဖြင့်
“အဲ့ဒါက အရမ်းကို ရုတ်တရက်ဖြစ်သွားတာပါ။ အဲ့ဒီအချိန်မှာ မင်းက ကြယ်တာရာမှာ စီမံခန့်ခွဲမှုနဲ့ အလုပ်ရှုပ်နေတာဆိုတော့ သူတို့ မင်းကို မပြောတာဖြစ်ပါလိမ့်မယ်။ ဘာပဲပြောပြော ကျွန်တော် အခု အိုကေနေပြီပဲ။ မစိုးရိမ်နဲ့တော့နော်။”
ခန်းရှ ဟွန့်ကနဲ အသံတစ်ချက်ပြုရင်း ထန်ရှုဘေးနား ရောက်လာကာ သူ၏လက်မောင်းအား ကိုင်လျက် ပြောလာသည်။
“နောက်ကို နင့်ကို ဘယ်လို အန္တရာယ်မှ ထပ်ကြုံမခံနိုင်ဘူး။ နင် ဂရုမစိုက်ရင်တောင်မှ ငါ့အတွက် … ငါတို့ရဲ့ ခမ်းနားတဲ့ထန်လုပ်ငန်းစုကြီးအတွက် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပေးပါ။ နင်က သူဋ္ဌေးကြီးလေ။ နင်သာ တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ ငါလည်း အဲ့ဒီလုပ်ငန်းကို ဘယ်လို စီမံရမှာလဲ။”
ထန်ရှုနှင့် ခန်းရှသည် အတွင်းကျကျ ဆက်ဆံရေးတစ်ခုသို့ ရောက်ထားပြီးပြီဖြစ်သောကြောင့် ထန်ရှုသည် သူမ၏ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံမှုအား မငြင်းဆန်တော့ဘဲ သူမ၏လက်မောင်းလေးအား အသာရိုက်လိုက်ပြီး ရယ်ကာမောကာဖြင့်
“စိတ်အေးအေး ထားပါ။ နောက်ကို ကျွန်တော့်ရဲ့ဘေးကင်းလုံခြုံမှုအတွက် သတိထားပါမယ်။ ဒါနဲ့ ကျွန်တော် မင်းကို ခေါ်လိုက်တာ ပြောစရာတစ်ခုရှိလို့။”
“ဘာများလဲ။” ခန်းရှက စူးစမ်းလိုက်သည်။
“ပထမဆုံးတစ်ခုက ကျွန်တော် ကျင်းမန်ကျွန်းကို သွားပြီး အဲ့ဒီကနေ ပြည်ပကို တန်းသွားလိုက်မယ်။ အားလုံးအေးဆေးပဲဆိုရင် ၁၀ရက်ကနေ ၁၅ရက်အတွင်း ပြန်ရောက်လိမ့်မယ်။ ထူးခြားတာ တစ်ခုခုရှိရင်တော့ ရှန်ဟိုင်းတက္ကသိုလ် စဖွင့်တဲ့ စက်တင်ဘာ၁ရက်နေ့လောက်ထိ ကြာသွားမယ်နဲ့တူတယ်။”
ထန်ရှုက ပြောပြသည်။
ထန်ရှုသည် သူဝယ်ထားသော ကိုယ်ပိုင်ကျွန်းလေးဆီသို့ သွားမည့်အကြောင်း ခန်းရှ သိထားပြီးဖြစ်သည်။ ထို့ကြောင့် သူမက ခေါင်းညိတ်ပြရင်း
“စိတ်မပူပါနဲ့။ ကုမ္ပဏီ၊ ဒေါ်ဒေါ်နဲ့ ဦးလေးတို့ကို ငါ ကောင်းကောင်း ဂရုစိုက်ထားပါမယ်။ သူတို့ လိုအပ်တာရှိရင် ငါ ဒီမှာပဲ ရှိနေပေးမှာပါ။”
ထန်ရှုသည် ခေါင်းညိတ်ပြရင်း သူ အသိချင်ဆုံး အရာအား မေးလိုက်သည်။
“ဝိုင်လုပ်ငန်းအခြေအနေကရော ဘယ်လိုရှိလဲ။ ဓားအမာရွတ်ချန်က ဝိုင်ဖောက်တာရော လုပ်ရဲ့လား။”
ထိုမေးခွန်းအား ကြားသည်နှင့် ခန်းရှ၏မျက်ဝန်းများ ချက်ချင်း အရောင်တောက်သွားပြီး ရွှင်မြူးစွာ ပြောလိုက်သည်။
“သူ ဝိုင်ဖောက်တာ ပြီးသွားပြီ။ အရသာက အရင်ဖောက်ထားတွေထက် ပိုကောင်းတယ်။ အဲ့ဒီဝိုင်ကို ကမ္ဘာ့အကောင်းဆုံးဝိုင်လို့တောင် လုံး၀ တင်စားနိုင်နေပြီ။ ဝိုင်အတွက် နာမည်တစ်ခုတောင် ငါ စဉ်းစားထားပြီးသွားပေါ့။ အဲ့ဒီဝိုင်ကို နတ်ဘုရားများရဲ့သုခဘုံလို့ ခေါ်မလားလို့။ အခြားကုမ္ပဏီက ခေါင်းဆောင်တွေနဲ့လည်း ဈေးနှုန်းသတ်မှတ်ဖို့ ဆွေးနွေးပြီးခဲ့ပြီ။ တစ်ပုလင်းကို ယွမ် ၁၈၈၈၈ နဲ့ ရောင်းမယ်။”
ထန်ရှုက ရယ်မောရင်း
“ဈေးနှုန်းက သင့်ပါတယ်။ ကျွန်တော်တို့ ဝိုင်လုပ်ငန်းလည်း တည်ထောင်ပြီးသွားပြီ။ ပမာဏက နည်းနေသေးသလို ဝိုင်ထုတ်လုပ်ရေးကလည်း အကန့်အသတ်ဖြစ်လိမ့်မှာမို့ စားသုံးသူအမြင့်လိုင်းကို ယူရလိမ့်မယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ကုမ္ပဏီရဲ့ ထုတ်ကုန်အမျိုးမျိုးထဲမှာ အဖျော်ယမကာက ဈေးကွက်ကို ဝင်ရင် အမြတ်အစွန်းအများဆုံး ရမယ့်အရာမို့ ဈေးကွက်ကြော်ငြာတာ၊ အရောင်း မြှင့်တင်တာ၊ ရောင်းချတာတွေကို မင်းပဲ စီမံပါဗျာ။”
ထန်ရှု၏စကားကို ကြားသော် ခန်းရှလည်း ပျော်ရွှင်စွာ ရယ်မောလိုက်ရင်း
“ဒီနှစ်ရဲ့စက်တင်ဘာ၁၅ရက်မှာ သုံးနှစ်တစ်ကြိမ် ကျင်းပတဲ့ ပြည်တွင်းဝိုင်အရသာ စမ်းသပ်ပွဲအခမ်းအနား ကျင်းပလိမ့်မယ်။ ရှန်ဟိုင်းမှာ လုပ်မှာလို့လည်း ကြားတယ်။ အဲ့ဒါကြောင့် ငါတို့ရဲ့ဝိုင်ကို အဲ့ဒီပွဲမှာ ပါဝင်နိုင်အောင် ငါ ဆောင်ရွက်နေတယ်။ နတ်ဘုရားများရဲ့သုခဘုံ ရောင်းချမယ့်ရက်ကိုလည်း စက်တင်ဘာ၁၈ရက်လို့ စဉ်းစားထားတယ်။”
အဝတ်လဲခန်းဆီသို့ သွားနေရင်း ထန်ရှုက ပြောလိုက်သည်။
“အဲ့ဒီစဉ်းစားထားတဲ့အတိုင်း လုပ်ဆောင်နိုင်တယ်။”
ထန်ရှုထံမှ သဘောတူညီချက် ရလိုက်သောကြောင့် ခန်းရှသည် ချိုမြပျော်ရွှင်သွားရကာ အဝတ်လဲခန်းဆီသို့ ထန်ရှု၏အနောက်မှ လိုက်သွားသည်။
ထန်ရှု အဝတ်အစားလဲရန် ပြင်နေသည်ကို သူမ တွေ့ရသောအခါ
“သူဋ္ဌေး… နင် ကျင်းမန်ကျွန်းကို ဘယ်အချိန်သွားမှာလဲ။”
“ညစာစားပြီးတာနဲ့ သွားမယ်။ ရင်ရင့်ကိုပါ ခေါ်သွားရလိမ့်မယ်။ အာ ဟုတ်သားပဲ။ ကျွန်တော့်ဇာတိ ချင်ဟီဒေသကနေ စုဘင်နဲ့ စုချွမ်ကို ခေါ်လာခဲ့တယ်။ သူတို့ကို ပထမဆုံး ဝိုင်လုပ်ငန်းမှာ လုံခြုံရေးအစောင့်တွေအဖြစ် နေရာချပေးလိုက်ပါ။ ကျွန်တော်က သူတို့နဲ့အတူတူ ကြီးပြင်းလာတာဆိုတော့ သူတို့အကျင့်စရိုက်တွေကို သိတယ်လေ။ စုဘင်က ရိုးရိုးဖြောင့်ဖြောင့်နဲ့ ဝီရိယသမားမို့ သူ့ကို လုံခြုံရေးခေါင်းဆောင်အဖြစ် လေ့ကျင့်ပေးဖို့ သင့်တော်တယ်။ စုချွမ်ကတော့ စမတ်ကျပြီး တီထွင်ကြံဆတတ်တဲ့သူ။ သူ့ကို ပထမတော့ လုံခြုံရေးမှာပဲ နေရာပေးထားဦး။ သတ်မှတ်ချိန်ပြီးတဲ့အခါ အရောင်းဋ္ဌာနကို ရွှေ့ပေးပြီး အောက်ခြေကနေ စပြီး သင်ယူပါစေ။ သူ့ရဲ့လုပ်ဆောင်မှု ကောင်းရင် သင့်တော်သလို ရာထူးတိုးပေးလိုက်ပါ။”
“နားလည်ပါပြီ။” ခန်းရှက ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။
ထန်ရှုက သူ၏အောက်ခံအဝတ်အစားအနည်းငယ်နှင့် အပေါ်ဝတ် ဝတ်စုံများအား လျင်မြန်စွာ ကောက်ယူကာ သူ၏ခရီးဆောင်အိတ်အတွင်းသို့ ထည့်သလို ဖိနပ်အချို့နှင့် ခြေအိတ်များကိုလည်း ထည့်ကာ ဇစ်ပိတ်လိုက်သည်။
ထို့နောက် ခန်းရှဘက်လှည့်ကာ
“တခြားကိစ္စ မရှိတော့ရင် မင်း အောက်ဆင်းလို့ရပြီနော်။ ကျွန်တော် ရေမိုးချိုး အဝတ်အစားလဲဦးမယ်။”
ခန်းရှ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ပွင့် တွဲလွဲခိုလာပြီး သူမသည် တံခါးမှ အဝေးသို့ ရွေ့လျားကာ မေးလိုက်သည်။
“နောက်ကျောကို တိုက်ပေးဖို့ အကူအညီ လိုသေးလား။”
“ကျွန်တော်နဲ့ ရေချိုးချင်လို့လား။ ပြသနာမရှိပါဘူး။ ရေချိုးပြီး အဝတ်အစားလဲဖို့ အဝတ်အစားအချို့ ဝယ်ထားလိုက်လေ။ အဲ့ဒါဆို မင်း စုံတွဲရေချိုးချင်တဲ့အခါ ကျွန်တော့်ကို လာရှာလို့ရပြီ။”
ထန်ရှုက မချိုမချဉ်မျက်နှာဖြင့် ပြောလိုက်သည်။
“ဘာရီး…ဘယ်သူက နင်နဲ့ စုံတွဲရေချိုးချင်လို့လဲ။”
ခန်းရှ၏ဆွဲဆောင်မှုရှိသော မျက်နှာလေးမှာ နီရဲသွားပြီး လျင်မြန်စွာ လှည့်ကာ ထွက်ခွာသွားတော့သည်။
အမှန်အားဖြင့် သူမသည် ထန်ရှုနှင့် ထိုကဲ့သို့ ချစ်ကြည်နူးကာ တစ်တီတူးချင်ပါသည်။ သူမနှင့်ထန်ရှု အတူအိပ်စက်ပြီးနောက် ဆွတ်ပျံ့ကြည်နူးဖွယ် ချိုမြိန်မှုလေးများအား သူမ၏ရင်တွင်းတွင် သိမ်းဆည်းထားခဲ့သည်။ သို့သော် အောက်ထပ်တွင် ထန်ရှု၏မိဘနှစ်ပါး၊ အိုးရန်လူလူနှင့် ဂူရှောင်ရွှဲ့တို့ ရှိနေပေရာ သူမ၏မျက်နှာ အရေပြားထူပါလျှင်တောင်မှ ထိုကိစ္စလုပ်ဆောင်ရန်သည် သူမအတွက် မဖြစ်နိုင်သောအရာ ဖြစ်သည်။
ညနေခင်းတွင် ထန်ရှုတို့အားလုံး အတူတကွ ညစာစားကြသည်။ ထို့နောက် ထန်ရှုသည် ဂူရင်အား ခေါ်ကာ အိုးရန်လူလူ၊ ဂူရှောင်ရွှဲ့တို့နှင့်အတူ ကြယ်တာရာ လေဆိပ်မှ ကျင်းမန်ကျွန်းသို့ အိုးရန်လူလူ၏ဂျက်လေယာဉ်ဖြင့် ထွက်လာခဲ့ကြသည်။
ရက်များကို ရေတွက်ပါက ကျင်းမန်ကျွန်းသို့ သူ ပြန်မရောက်ဖြစ်သည်မှာ တစ်လ သို့မဟုတ် နှစ်လနီးပါး ရှိတော့မည်ဖြစ်ပြီး ဒီအတောအတွင်း ယန်အာကိုလည်း သူ မမြင်ခဲ့ရပေ။ ဂျက်လေယာဉ်ပေါ်ရှိ ထိုင်ခုံပေါ်တွင် သက်တောင့်သက်သာ ထိုင်လျက် ထန်ရှုသည် အပြင်ဘက်မှ မှောင်မည်းနေသော ကောင်းကင်ကြီးအား ပြတင်းပေါက်မှ လှမ်းကြည့်နေမိသည်။ သူ၏နှလုံးသားအတွင်းမှ ဂူယန်အာအား တွေ့လိုစိတ်သည် ရုတ်တရက် ပြင်းပြစွာ ထွက်ပေါ်လာပြီး သူမအား အဖော်လုပ်ကာ စကားပြောချင်နေမိသည်။
ည၉နာရီအချိန်တွင် လေယာဉ်သည် ကျင်းမန်ကျွန်း၏ လေဆိပ်တွင် ဆိုက်ရောက်ခဲ့သည်။
လေဆိပ်မှ ထွက်ခွာလာပြီး ထန်ရှုသည် ရုတ်တရက် ခြေလှမ်းရပ်တန့်သွားသည်။ သူသည် အိုးရန်လူလူအား ကြည့်လိုက်ကာ
“လူလူ… ပေကျင်းမြို့တော်ထိ လာပြီး ကျွန်တော့်ကို လာတွေ့တာ ကျေးဇူးတင်ပါတယ်ဗျာ။ နောက်ထပ်ကျေးဇူးစကား မပြောတော့ပေမယ့် ပြည်ပက ပြန်လာရင် လိုက်ကျွေးပါမယ်။”
တခဏမျှ ချီတုံချတုံဖြစ်နေပြီးမှ အိုးရန်လူလူက ရုတ်တရက် မေးလိုက်သည်။
“ထန်ရှု. နင်နဲ့ခန်းရှကြားက ဆက်ဆံရေးက ဘာလဲ။”
တည်ငြိမ်သောအမူအရာဖြင့် ထန်ရှုက တုံ့ပြန်သည်။
“သူဋ္ဌေးတစ်ယောက်နှင့် သူ့ရဲ့ဝန်ထမ်းကြားက ဆက်ဆံရေးပါပဲ။”
အိုးရန်လူလူက အယုံအကြည်မရှိသော်လည်း ခေါင်းညိတ်နေဆဲဖြစ်သည်။ တောင်တံခါးအိမ်ရာမှ ထန်ရှု၏အိမ်တွင် ခန်းရှအား မြင်လိုက်ပြီးကတည်းက သူမ၏စိတ်ခံစားမှုအခြေအနေသည် ဆိုးနေခဲ့သည်။ ထန်ရှုအား မေးရန်အခွင့်အရေး ချောင်းနေခဲ့သော်လည်း အခွင့်မသာခဲ့သောကြောင့် ယခုမှ ထန်ရှုအား မေးရခြင်းဖြစ်သည်။
နှုတ်ဆက်စကားဆိုကာ ခွဲခွာကြပြီးနောက်
ထာဝရခန်းမမှ ကားတစ်စီးသည် သူတို့အား လာကြိုခဲ့သည်။ ထန်ရှု၊ ဂူရင်နှင့် ဂူရှောင်ရွှဲ့တို့ ကားပေါ်ရောက်သည်နှင့် ဂူရှောင်ရွှဲ့၏မျက်ဝန်းများတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားပြီးနောက် စကားတစ်ခွန်း ပြောလိုက်သည်။
“ဆရာအဘိုး… လူလူက ရှင့်ကို သဘောကျနေတယ်။”
***