← Chapters

ဆရာသခင်နှင့်တပည့်အကြားမှ စိတ်ခံစားမှုများ

Vol. 06 Ch. 272

ဆရာသခင်နှင့်တပည့်အကြားမှ စိတ်ခံစားမှုများ

Vol. 06 Ch. 272

ဂူရင်အား ပွေ့ထားကာ သူမ၏ပျော့ပျောင်းလှပသော ဆံနွယ်များအား ညင်သာစွာ သပ်တင်ပေးရင်း ထန်ရှုက အေးဆေးစွာ ပြောလိုက်သည်။

“မိန်းကလေးအများစုက ငါ့ကို သဘောကျကြတယ်။ ပန်းကလေးတွေက ပျားလေးတွေနဲ့ လိပ်ပြာလေးတွေကို ဆွဲဆောင်နိုင်သလိုပဲ ထူးချွန်ထက်မြက်တဲ့ ယောကျာ်းတစ်ယောက်က အမျိုးသမီးတွေကို ဆွဲဆောင်နိုင်တယ်ဆိုတာ မင်း မသိဘူးလို့ ငါ့ကို မပြောနဲ့နော်။”

“ခွိ…”

ဂူရှောင်ရွှဲ့ ရယ်ချင်ပက်ကျိ ဖြစ်သွားရသည်။ သူမတို့၏ဆရာအဘိုးသည် မမျှော်လင့်စွာပင် ရုပ်တည်ကြီးနှင့် ဟာသဉာဏ်ရွှင်သူတစ်ဦးဖြစ်ကြောင်း သူမ ရုတ်တရက် သိလိုက်ရလေသည်။

ထန်ရှုက ပြတင်းပေါက်ကနေ ငေးကြည့်နေရင်း ဖြည်းညှင်းစွာ မေးလိုက်သည်။

“ကျိချွိမိန် ခုတလော ဘာလုပ်နေလဲ။ ငါ သူ့ကို စိတ်ဝိညာဉ်အားကောင်းတဲ့ဆေး ဖော်စပ်ဖို့ ဆေးပင်အချို့ရှာခိုင်းထားတာ အခြေအနေ ဘယ်လိုရှိလဲ။”

ဂူရှောင်ရွှဲ့က ထန်ရှု၏အမေးအား ပြုံးလျက်ဖြေလာသည်။

“လိုအပ်တဲ့ ဆေးပင်အားလုံး စုပြီးသွားပြီ။ အကြီးအကဲကျိ ဖော်စပ်တော့မှာပါ။ အခြေအနေအားလုံး တည်ငြိမ်သွားရင် အခုရက်ပိုင်း သူမ စိတ်ဝိညာဉ်ဆေးလုံး ဖော်စပ်နိုင်လိမ့်မယ်။”

ထန်ရှု၏မျက်နှာ လင်းလက်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။

“စိတ်ဝိညာဉ်ဆေးလုံးက ငါ၊ ယန်အာနဲ့ ကျိချွိမိန်အပေါ်မှာ အများကြီး အကျိုးသက်ရောက်မှု ရှိလိမ့်မယ်။ မင်းအတွက်တောင်မှ ကောင်းလိမ့်မယ် ရှောင်ရွှဲ့။ ငါလည်း ဆေးပင် ၃၆၅၀မျိုးပါတဲ့ စာရင်းတစ်ခု ပြင်ဆင်လာခဲ့တယ် နောက်မှ မင်းကို လွှဲပေးမယ်။ မင်းစွမ်းအားရှိသလောက် အဲ့ဒီဆေးပင်တွေကို ရှာပါ။ ရှာမရရင် အားလုံးကို ဝယ်ပါ။ ငါ ချန်းကျီကျုံးကိုလည်း ပြောထားတယ်။ သူက ဆေးဝါးစီပွားရေးကို လုပ်နေတာဆိုတော့ မင်း သူနဲ့ ဆက်သွယ်ပြီး လုပ်ဆောင်နိုင်တယ်။”

ဂူရှောင်ရွှဲ့က အံ့အားသင့်စွာ မေးလိုက်သည်။

“ဆရာအဘိုး ဒီလောက်ဆေးပင်တွေအများကြီးကို ဆေးဖော်ဖို့ အားလုံးသုံးမှာလား။”

ထန်ရှုက ခေါင်းညိတ်ပြကာ အဖြေပေးလိုက်သည်။

“အဲ့ဒီဆေးပင် ၃၆၅၀မျိုးကို စုပေါင်းပြီး ဆေးလုံး၇မျိုး ဖော်စပ်နိုင်တယ်။ တစ်မျိုးစီက ငါတို့အားလုံးအတွက် အံ့သြစရာကောင်းလောက်တဲ့ အကျိုးကျေးဇူးတွေ ရရှိလာမှာလေ။ အဲ့ဒီထဲက တစ်မျိုးက အခြေတည်ဆေးလုံးပဲ။ အဲ့ဒါက မင်းရဲ့ရွှေရောင်ဗဟိုချက်ကို ချိုးဖျက်တဲ့အခါကျရင် အကူအညီပေးပြီး စိတ်ဝိညာဉ်အခြေတည်အဆင့်ကို ရောက်သွားလိမ့်မယ်။”

စိတ်ဝိညာဉ်အခြေတည်အဆင့်လား။

ဂူရှောင်ရွှဲ့၏မျက်ဝန်းများ အရောင်လက်သွားသည်။ ထိုဆေးပင်များအားလုံး အထူးသဖြင့် အခြေတည်ဆေးလုံးဖော်စပ်ရန် လိုအပ်သည့် ဆေးပင်များကို ရအောင်ရှာမည်ဟု စိတ်တွင်းမှ သန္ဓိဌာန် ချလိုက်သည်။ အခြေတည်ဆေးလုံးအား တတ်နိုင်သမျှ မြန်မြန် ဖော်စပ်သန့်စင်ကာ စိတ်ဝိညာဉ် အခြေတည်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် ဆုံးဖြတ်လိုက်သည်။

“စကားမစပ် ငါ လွှတ်လိုက်တဲ့လူတွေ ရောက်ကြပြီလား။” ရုတ်တရက် ထန်ရှုက မေးလိုက်သည်။

“ဆရာအဘိုး မေးတာ ဝံပုလွေအကြီးအကဲအဖွဲ့ကိုလား။”

ဂူရှောင်ရွှဲ့က ပြန်မေးလိုက်သည်။

ထန်ရှုက ခေါင်းညိတ်ပြရင်း

“ကြည့်ရတာ သူတို့တွေ ထာဝရခန်းမကို ရောက်နေကြပြီပဲ။”

“ငါ ပေကျင်းကို မလာခင်ကတည်းက သူတို့ ရောက်နေကြပြီ။ သူတို့နေဖို့ စီစဉ်ပေးထားပြီးတော့ ဆရာအဘိုးလာတာကို စောင့်ခိုင်းထားတယ်။ ဒါပေမယ့် ဆရာအဘိုး ငါနားမလည်ဘူး။ ငါတို့ ထာဝရခန်းမမှာ လူတွေအများကြီး ရှိနေရဲ့သားနဲ့ ဘာကြောင့် ဝံပုလွေအကြီးအကဲနဲ့ သူ့အဖွဲ့ကို ထပ်ခန့်သေးတာလဲ။ သူတို့က အငြိမ်းစား စစ်သားတွေမလား။” ဂူရှောင်ရွှဲ့က မေးသည်။

“ငါတို့မှာ လူဘယ်လောက်ရှိလို့လဲ။ မမေ့ပါနဲ့။ တစ်နေ့ အင်မော်တယ်ကမ္ဘာကို ငါ ပြန်တဲ့အခါ ငါ အဲ့ဒီမှာ ရင်ဆိုင်ရမယ့်ရန်သူတွေက ကြီးမြင့်တဲ့သူတွေချည်းပဲ။ သူတို့ရဲ့ လက်အောက်ငယ်သားတွေကို ရည်ရွယ်ချက်ရှိရှိ လေ့ကျင့်ပေးရတာ မကြိုက်ဘူးဆိုပေမယ့်လို့ သူတို့ကို ဝန်းရံနေတဲ့လက်အောက်ငယ်သားတွေက မီလီယံရာပေါင်းဘယ်လောက်ရှိလိုက်မလဲ။ သူတို့ရဲ့နယ်မြေတွေကို စောင့်ကြပ်ဖို့ အင်မော်တယ်စစ်သည်တွေ မရှိတဲ့သူ ဘယ်သူများရှိလို့လဲ။”

ထန်ရှုက အေးဆေးစွာ ရှင်းပြသည်။

ဂူရှောင်ရွှဲ့ အသက်အောင့်ထားမိရင်း ထန်ရှု၏ရည်ရွယ်ချက်အား ချက်ချင်းပင် သဘောပေါက်သွားရသည်။ ထိုကြီးမြင့်သူ အင်မော်တယ်များသည် ထိပ်ပိုင်းတွင် ရပ်နေကြသော ထိပ်သီးများဖြစ်ကြပြီး အင်မော်တယ် သန်းပေါင်းများစွာအား အုပ်ချုပ်နေကြသူများလည်း ဖြစ်သည်။ သူတို့တွင် လက်အောက်ငယ်သားများ မရှိမှသာ ထူးဆန်းပေလိမ့်မည်။

ထန်ရှုက သက်ပြင်းချကာ ဆက်ပြောပြသည်။

“တစ်ခါတုန်းက ငါလည်း ငါ့ကိုယ်ပိုင်ခွန်အား ရှိရုံနဲ့ လုံလောက်ပြီလို့ ထင်ခဲ့မိတယ်။ ငါ … ဖြစ်တဲ့မတိုင်မီထိ ငါ့ကို လှုပ်ခါနိုင်မယ့်သူ မရှိဘူးဆိုပြီးပေါ့။ ဒါပေမယ့် ဒီကိစ္စကြီး ဖြစ်ပြီးတဲ့နောက်မှာ ငါ ကြမ်းတမ်းတဲ့ အမှန်တရားတစ်ခုကို နားလည်ခဲ့လိုက်ရတယ်။ လက်သီးတစ်စုံက လက်လေးဘက်ကို ဘယ်တော့မှ မယှဉ်နိုင်ဘူးဆိုတာကိုပေါ့။ ကြောက်မက်ဖွယ်ကောင်းတဲ့ခွန်အားက သံသယမရှိ အရေးကြီးတယ်ဆိုပေမယ့်လည်း မင်းရဲ့ဘေးမှာ သစ္စာရှိ၊ စိတ်အားထက်သန်ပြီး စွမ်းအားကြီးတဲ့ လက်အောက်ငယ်သားတွေရှိတာကလည်း အရေးကြီးတာပဲ။ အတိတ်အချိန်တုန်းက ငါ့မှာသာ အဲ့ဒီလိုလက်အောက်ငယ်သားတွေရှိခဲ့ရင် ရန်သူတွေ ငါ့ကို လုပ်ကြံချင်ရင်တောင်မှ သူတို့ လွယ်လွယ် လုပ်နိုင်မှာမဟုတ်ခဲ့ဘူး။”

တည်ငြိမ်သော အမူအရာဖြင့် ဂူရှောင်ရွှဲ့က ပြန်ပြောသည်။

“ဆရာအဘိုး နင့်ရဲ့အတွေးကို ငါ နားလည်ပါတယ်။ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ထာဝရခန်းမက လေ့ကျင့်ပေးထားတဲ့ ကလေးအယောက်၂၀လောက်ပဲ ရှိမယ်။ လုံလောက်ဖို့ အဝေးကြီးလိုသေးတယ်။”

ထန်ရှုက အံ့အားသင့်စွာ မေးလိုက်သည်။ “ကလေးအယောက်၂၀လား။”

“ပြီးခဲ့တဲ့ဆယ်စုနှစ်အတွက် နှစ်တိုင်း ထာဝရခန်းမကနေ ငါ အချိန်ကာလတစ်ခု ထွက်ခွာပြီး ပြင်ပအတွေ့အကြုံ ရှာရင်းနဲ့ အရည်အချင်းရှိတဲ့ ကလေးတွေကို ရှာခဲ့တယ်။ သူတို့က လမ်းပေါ်က မိဘမဲ့ကလေးတွေ ဖြစ်ပေမယ့်လို့ ကျင့်ကြံဖို့ သင့်တော်တာကြောင့် ရွေးချယ်ခြင်းခံရတဲ့သူတွေပါပဲ။ သူတို့ ငယ်ငယ်ကတည်းက မွေးစားထားခဲ့တာ။ အကြီးဆုံးကလေးက ၆နှစ်နဲ့ အငယ်ဆုံးကလေးက ၁နှစ် ဒါမှမဟုတ် ၂နှစ်လောက်ပဲ ရှိဦးမယ်။”

ထန်ရှုက မျက်မှောင်ကြုပ်ကာ မေးလိုက်သည်။

“သူတို့ကို ကျင့်ကြံမှုနည်းစနစ်တွေ သင်ပေးတာလား။”

ဂူရှောင်ရွှဲ့က ခေါင်းခါပြရင်း

“ဟင့်အင်း… ငါ သူတို့ကို ကျင့်ကြံမှုနည်းစနစ်တွေ မသင်သေးပါဘူး။ ကျင့်ကြံဖို့အတွက် အခြေခံကိုယ်ခန္ဓာ လေ့ကျင့်နည်းကိုပဲ သင်ပေးထားသေးတာ။ တစ်ဖက်က ကြည့်ရင် သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲဖို့ ကူညီရာရောက်သလို တစ်ဖက်က ကြည့်မယ်ဆိုရင်လည်း သူတို့ရဲ့အခြေခံခိုင်မာဖို့အတွက် အစောကြီးကတည်းက စုစည်းထားပြီး ဖြစ်သွားလိမ့်မယ်။ သူတို့ ခန္ဓာကိုယ်ကြံ့ခိုင်မှု အထွဋ်အထိပ်ကို ရောက်တာနဲ့ ထူးချွန်တဲ့သူတွေကို ရွေးချယ်ပြီး ကျင့်ကြံမှုနည်းစနစ်တွေကို ကြိုတင်သင်ကြားပေးထားနိုင်တယ်။ အမှန်တကယ်တော့ ဒါကလည်း ဆရာသခင်ရဲ့အမိန့်လည်းပဲ ဖြစ်တယ်။”

ထန်ရှုက ရုတ်ခြည်းပင် နားလည်သွားရပြီး

“ဒီလိုဆိုမှဖြင့် နောက်ပိုင်း ငါ အချိန်ရတဲ့အခါ ထာဝရခန်းမက လေ့ကျင့်ပေးနေတဲ့ ကျွမ်းကျင်သူတွေအတွက် ကျင့်ကြံမှုနည်းစနစ်တွေကို လာသင်ပေးပါဦးမယ်။ ဒါနဲ့ သူတို့ရဲ့နာမည်စာရင်းကို ငါ့ဆီ ပေးထားပါဦး။ မှတ်ထားပေးပါ။ သူတို့မှာ ပြိုင်ဖက်ကင်း စွမ်းရည်တွေ ရှိတာတွေ စွမ်းအားကောင်းဖို့လိုတာတွေကို ငါ ဂရုမစိုက်ဘူး။ ငါ ဂရုစိုက်တာက သူတို့ရဲ့ပင်ကိုယ်သဘာဝနဲ့ သစ္စာရှိမှုကိုပဲ။”

“နားလည်ပါပြီ။”

ဂူရှောင်ရွှဲ့က ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။

ထန်ရှုနှင့် ဂူရှောင်ရွှဲ့တို့ အပြန်အလှန်စကားပြောနေသည်ကို ကြားနေရသော ထာဝရခန်းမမှ ကားမောင်းသူ ကိုလူထွားသည် အတော်ကြီးပင် ထိတ်လန့်တုန်လှုပ်နေမိပြီး အံ့အားသင့်နေသော အရိပ်အယောင်များပါ သူ၏မျက်ဝန်းမှ ထွက်ပေါ်လာခဲ့သည်။

သူတို့အားလုံးသည် ဂူယန်အာမှ မွေးစားထားသော အထီးကျန်မိဘမဲ့ကလေးများဖြစ်ကြပြီး ကျွမ်းကျင်ပညာရှင်များ၏ ပြင်းထန်စွာ လေ့ကျင့်သင်ကြားပေးမှုကို ခံယူခဲ့ရသူများလည်း ဖြစ်ပေသည်။ ထိုမွေးစားကလေးများသည် ဂူယန်အာအပေါ် အကြွင်းမဲ့သစ္စာရှိမှုကို ပြသရန်အတွက် ဂူယန်အာသာ ဆန္ဒရှိပါက ရန်သူစခန်းများအား ချိုးဖျက်ခြင်း သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းအမှုတို့ကို ပြုရန်အတွက် သူတို့၏ဓားများအား ချက်ချင်းဆွဲထုတ်ကြပေလိမ့်မည်။ ထိုနည်းတူစွာ သူတို့သည်လည်း ဂူယန်အာ သို့မဟုတ် ဂူရှောင်ရွှဲ့သည် သာမန်လူသားများ မဟုတ်သည်ကို သိရှိထားကြသည်။ ထိုနှစ်ယောက် လျှောက်လှမ်းနေသော ခရီးလမ်းသည် အနှောင့်အယှက်များစွာဖြင့် သွေးခင်းသောလမ်း ဖြစ်သော်လည်း ထိုလမ်းခရီးသည် သူတို့အား အလွန့်အလွန် စွမ်းအားကြီးသော ကျွမ်းကျင်ပညာရှင်များ ဖြစ်လာစေလိမ့်မည်။

အထူးသဖြင့် သူသည် ထန်ရှုနှင့် ဂူရှောင်ရွှဲ့တို့ ပြောနေသောစကားများအား ရှင်းလင်းစွာ ကြားနေရပေရာ ထန်ရှု ရည်ညွှန်းသည့် အင်မော်တယ်ကမ္ဘာသည် သူ့အား အံ့သြတုန်လှုပ်မှုအဖြစ်ရဆုံးနေရာ ဖြစ်တော့သည်။

အင်မော်တယ်မြင့်မြတ်သူအရှင်သခင်များနှင့် သန်းရာပေါင်းများစွာ အင်မော်တယ် စစ်တပ်ကြီးများ။

ထိုအရာသည် သူ တစ်ခါဖူးမျှ စိတ်မကူးကြည့်ခဲ့ဖူးသည့် ကမ္ဘာ ဖြစ်ပြီး သူ့အား အထင်ကြီးအားကျစိတ်များ တဖွားဖွား ဖြစ်ပေါ်လာစေသည့်အပြင် ချက်ချင်းပင် အလွန်သန်မာသည့် ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်ဖို့ကို မစောင့်နိုင်သည့်တိုင်အောင် ဖြစ်ရပေသည်။ ထိုအင်မော်တယ်ကမ္ဘာသို့ သူလည်း သွားလိုလှသည်။ အင်မော်တယ်ကမ္ဘာ၏ ကြီးကျယ်ခမ်းနားမှုအား မျက်ဝါးထင်ထင် တွေ့မြင်စေကာ ထိုနေရာမှ ပညာရှင်များနှင့် တိုက်ခိုက်လိုလှပေသည်။

“ငါတို့ ထာဝရခန်းမကို ရောက်တဲ့အခါ မင်းလေ့ကျင့်ပေးထားတဲ့ အဲ့ဒီကလေး၂၀ဆီကို ငါ့ကို တစ်ခေါက်လောက် လိုက်ပြပါဦး။ အဲ့ဒီအထဲက ၁၀ယောက်ကို ငါနဲ့အတူ ခေါ်သွားရလိမ့်မယ်။” ထန်ရှု၏စကားသံက ထွက်ပေါ်လာသည်။

ဂူရှောင်ရွှဲ့က အံ့အားသင့်စွာဖြင့်

“ဆရာအဘိုး… သူတို့ကို ဘယ်ခေါ်သွားမလို့လဲ။”

“ငါ ပစိဖိတ်ထဲ ကိုယ်ပိုင်ကျွန်းတစ်ခု ဝယ်ထားတယ်။ အဲ့ဒါကို ကျင့်ကြံမှု နေရာအဖြစ် အဆင့်မြှင့်ဖို့ ပြင်ဆင်နေတယ်။ ပြီးရင် အဲ့ဒါက ငါတို့ရဲ့ဌာနချုပ် ဖြစ်လာလိမ့်မယ်။ ဒါနဲ့ ငါမှတ်မိနေတဲ့ လူ၂ယောက်ရှိတယ် မိုအားဝမ်နဲ့ မိုအားရှို့လေ။ သူတို့ကိုလည်း ငါနဲ့အတူ ခေါ်သွားရဦးမယ်။ အဲ့ဒီနေရာကို သူတို့နှစ်ယောက်ကို စီမံအုပ်ချုပ်ဖို့ ပေးထားလိုက်မယ်။”

“ဟုတ်ကဲ့။” ဂူရှောင်ရွှဲ့ ခေါင်းညိတ်ပြလိုက်သည်။

ထာဝရခန်းမတွင်…

ကားရပ်နားရာနေရာတွင် ကားရပ်လိုက်ပြီးနောက် ထန်ရှုသည် ဂူရင်အား ခေါ်ဆောင်ပြီး ဂူရှောင်ရွှဲ့ကို ကြည့်ကာ ပြောလိုက်သည်။

“ငါ ယန်အာ့ကို အခု တွေ့ချင်တယ်။”

ဂူရှောင်ရွှဲ့က ခေါင်းညိတ်သည်။ သူမတို့အား နှုတ်ဆက်ကြသော လုံခြုံရေးများအား ပြန်လည်နှုတ်ဆက်လိုက်ပြီးနောက် ထန်ရှုနှင့်ဂူရင်အား ခေါ်ဆောင်ကာ ပင်လယ်ဆီသို့ လာခဲ့သည်။

“ဆရာသခင်… ဝါး… ပင်လယ်ကြီး!”

ဂူရင်သည် သက်တူရွယ်တူများထက် ပိုမိုရင့်ကျက်သည့်ဟန်ရှိသော်လည်း သူမသည် ကလေးတစ်ယောက်သာ ဖြစ်သည်။ နေရောင်ခြည်အောက်တွင် ပင်လယ်လှိုင်းများ တောက်ပနေသည်ကို ကြည့်ပြီး ချက်ချင်းပင် စိတ်လှုပ်ရှားလာသည်။

ဖျော့တော့သောအပြုံးဖြင့် ထန်ရှုသည် သူမအား ချီလိုက်ကာ ကမ်းခြေတွင် ဆိုက်ကပ်ထားသော လှေပေါ်သို့ ခုန်တက်လိုက်သည်။ ဂူရှောင်ရွှဲ့သည် လေထဲတွင် ရှိနေပြီး လှေသည် အလိုအလျောက် ပင်လယ်ဆီသို့ ရွက်လွှင့်သွားတော့သည်။

“ဖွင့်လိုက်ပါ။” ထန်ရှုက ပြောသည်။

ဂူရှောင်ရွှဲ့က ခေါင်းညိတ်ပြပြီး လက်ဟန်သင်္ကေတများ ပြုလုပ်လိုက်ရာ သူတို့ရှေ့မှ ပင်လယ်ရေသည် နှစ်ခြမ်းကွဲသွားပြီး ပင်လယ်အောက်ခြေသို့ ဦးတည်နေသော လူသွားလမ်းလေး ပေါ်လာခဲ့သည်။

“ဝိုး… အရမ်းမိုက်တာပဲ။”

ဂူရင်၏မျက်လုံးများ ပြူးကျယ်သွားကာ ရေရွတ်မိတော့သည်။

ထန်ရှုက ရှင်းပြသည်။

“မင်းလည်း ပြင်းပြင်းထန်ထန် ကြိုးကြိုးစားစား လေ့ကျင့်ရင် နောက်ပိုင်း ဒီလို လုပ်နိုင်လာမှာပါ။”

တည်ငြိမ်သောအကြည့်ဖြင့် ဂူရင်က ဖြည်းညှင်းစွာ ခေါင်းညိတ်ပြပြီး အလေးအနက်ပြောလိုက်သည်။

“ဆရာသခင်… သမီး အပြင်းအထန် လေ့ကျင့်ရမယ်။ ဂိုဏ်းတူ တူမလေးရှောင်ရွှဲ့လိုပဲ စွမ်းအားကြီးဖို့လိုတယ်။”

ဂိုဏ်းတူ တူမလေးဟုတ်လား။

ကူကယ်ရာမဲ့သော ခံစားမှုသည် ဂူရှောင်ရွှဲ့၏နှလုံးသားထဲမှ မြင့်တက်လာခဲ့ပြီး သူမ၏နှုတ်ခမ်းများ မဲ့ရွဲ့သွားရသည်။ ဝါစဉ်အရ သူမသည် အမှန်တကယ်ပင် ဂူရင်၏ ဂိုဏ်းတူ တူမလေး ဖြစ်သော်လည်း ဂူရင်၏အသက်အရွယ်က သူမအား စိတ်ဓာတ်ကျစေသည်။

ပင်လယ်ပြာပြာ ပွင့်သွားပြီးနောက် ထန်ရှုတို့သည် ပင်လယ်အောက်ကြမ်းပြင်သို့ ဆင်းလာခဲ့ကြသည်။ ရွှေရောင်တောက်ပသော ရောင်ခြည်တော်အား ထုတ်လွှတ်လျက်ရှိသော စေတီတော်အား ကြည့်လိုက်ရင်း ထန်ရှု ပြောလိုက်သည်။

“ဖွင့်လိုက်ပါ။”

“ကောင်းပြီ။”

ဂူရှောင်ရွှဲ့က လျင်မြန်စွာ လက်ဟန်သင်္ကေတ လုပ်လိုက်ကာ လေးနက်သောအသံဖြင့် ပြောလိုက်သည်။

“ကောင်းကင်နဲ့ မြေကြီးက ဦးခိုက်ရသော အင်ပါယာများထဲမှ ငါသည်သာလျှင် အကြီးမြတ်ဆုံးသော အုပ်စိုးသူဖြစ်သည်။”

ရွှေရောင်အလင်းများ ထုတ်လွှတ်ပြီးနောက် စေတီတော်၏တံခါးသည် ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။

ဂူရင်အား ဂူရှောင်ရွှဲ့ဆီ လွှဲပြောင်းပေးလိုက်ရင်း ထန်ရှုက စကားဆိုသည်။

“ရင်ရင်ရဲ့ ကျင့်ကြံမှုက နိမ့်နေသေးတော့ အထဲက အအေးဒဏ်ကို ခံနိုင်မှာမဟုတ်ဘူး။ မင်းရဲ့အစစ်အမှန်စွမ်းအင်နဲ့ ကာကွယ်ပေးပါ။”

၂မိနစ်ကြာပြီးနောက် ထန်ရှုသည် ခုနစ်လွှာမှ ရေခဲကုတင်အနီးသို့ ရောက်ရှိနေပြီဖြစ်သည်။ ကုတင်ထက်တွင် သတိလစ်မေ့မျောနေသော ဂူယန်အာအား ကြည့်ရင်း သူ၏အမူအရာသည် နူးညံ့သွားရကာ သူမအား ညင်သာစွာ ချီမလျက် ငြိမ်သက်စွာ ပွေ့ဖက်ထားသည်။

သူမအား ကြည့်ရင်း ထန်ရှု၏နှလုံးသားသည် သက်တောင့်သက်သာ တည်ငြိမ်လာသည်ဟု တစ်ဖန် ခံစားရသည်။ သူ၏အဖွားနှင့် တွေ့ဆုံခြင်း သို့မဟုတ် ထန်မိသားစုတွင် ဘိုးဘေးကန်တော့ခြင်းတို့တွင် သူ တွေ့ကြုံလာခဲ့ရသော ကောင်းခြင်း ဆိုးခြင်း စိတ်ခံစားမှုများနှင့် သည်အခိုက်အတန့်လေးတွင် အားလုံး ပျောက်ကွယ်သွားရပြီဖြစ်ပေသည်။

သံယောဇဉ်ဟု ရည်ညွှန်းပြောဆိုရမည်ဆိုပါက ထန်ရှုသည် တပည့်များစွာ လက်ခံထားခဲ့သော်လည်း ဂူယန်အာသည်သာ သူနှင့်အနီးကပ်ဆုံး လူတစ်ယောက်ဖြစ်သည်။ သူမအား သမီးလေးတစ်ယောက်သဖွယ် သူကိုယ်တိုင် ပြုစုပျိုးထောင်လာခဲ့ပြီး သိုင်းပညာရပ်များနှင့် ကျင့်ကြံမှုနည်းလမ်းများကိုလည်း တိုက်ရိုက်လမ်းညွှန်သင်ကြားပေးထားခဲ့သည်။ အတိတ်ဘဝတွင် မိခင်ကြီးအား သူသည် အမြဲသတိရနေခဲ့ရသောအကြောင်းကြောင့်ပင် မိခင်ကြီးပြီးနောက် ဂူယန်အာသည် သူကိုယ်တိုင် ဂရုတစိုက် ရှိခဲ့သော သံယောဇဉ်များ ပုံအပ်ထားသော သူတစ်ယောက် ဖြစ်တော့သည်။

“ယန်အာ… ဆရာသခင် မင်းကို ထပ်လာကြည့်တယ်လေ။”

သူမ၏မျက်နှာထက်တွင် ဝဲကျနေသော လှပသည့်ဆံနွယ်လေးများအား ဖယ်ရှားပေးရင်း ထန်ရှု နူးညံ့စွာ ပြောလိုက်သည်။

ဘေးတွင် ဂူရင်သည် ဂူယန်အာအား စူးစမ်းသောအကြည့်ဖြင့် ကြည့်နေသည်။ သူမသည် လိမ်မာပါးနပ်သော မိန်းကလေးတစ်ယောက် ဖြစ်သောကြောင့် သူမ၏ဆရာသခင်သည် ဂူယန်အာအား အမှန်တကယ် ဂရုစိုက်မှုရှိသည်ကို သိနားလည်ပြီး သူမ၏စိတ်ထဲတွင်လည်း တစ်စုံတစ်ခု ဆုံးရှုံးသွားသကဲ့သို့ ခံစားမိရသည်။ သို့သော်လည်း သူမသည် ဂူရှောင်ရွှဲ့၏ဘေးတွင် တိတ်ဆိတ်စွာ ရပ်စောင့်နေသည်။ ဆရာသခင် ပွေ့ဖက်ထားသော အမျိုးသမီးလေးသည် သူမ၏စီနီယာအစ်မကြီး ဖြစ်မည်ဟု သူမ ခန့်မှန်းထားပြီးဖြစ်သည်။

ဂူရှောင်ရွှဲ့သည် ထိုမြင်ကွင်းအား ကြည့်ကာ ကျေနပ်ပီတိဖြစ်နေမိသည်။ ထန်ရှုမှ သူမ၏ဆရာသခင်အပေါ်တွင် ထားရှိသော စိုးရိမ်ပူပန်မှုနှင့် သံယောဇဉ်တို့အား သူမ ခံစားမိနိုင်သည်။ ရှေးမဆွကဆိုပါလျှင် သူမ၏ဆရာသခင်သည် ဆရာအဘိုးအတွက် များစွာနာကျင်ခံစားပေးခဲ့ရသည်မှာ မထိုက်တန်လှဟု သူမ တွေးထင်ခဲ့ဖူးသည်။

သို့သော် လက်ရှိတွင် သူမ နောက်ဆုံးတော့ နားလည်ခဲ့ရပြီဖြစ်သည်။ ဆရာသခင်နှင့် ဆရာအဘိုးကြားရှိ စိတ်ခံစားမှုနှင့် သံယောဇဉ်များသည် လိမ်ညာဟန်ဆောင်မှုမရှိ ပကတိ အစစ်အမှန် အခြေအနေများဖြစ်ကြပြီး သူတို့၏ စကားအခွန်းတိုင်းနှင့် လုပ်ဆောင်ချက်များသည်လည်း နှလုံးသားမှ လာသည့် စစ်မှန်သော အဓိပ္ပာယ်များသာ ဖြစ်တော့သည်။

“ဆရာသခင် ကျေးဇူးပြုပြီး မြန်မြန် သတိရလိုက်ပါတော့။ ရွှဲ့အာ ဆရာအဘိုးကို ရှာတွေ့ပါပြီ။ ဆရာသခင်သာ တွေ့ရင် သေချာပေါက် တအား ပျော်ရွှင်နေမှာပါ။”

လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ဂူရှောင်ရွှဲ့ စိတ်တွင်းမှ တိတ်တဆိတ် ဆုတောင်းနေမိခဲ့သည်။

ဂူရင်အား လှည့်ကြည့်ရင်း ထန်ရှုက စကားဆိုလာသည်။

“ဒါ ရင်ရင့်ရဲ့စီနီယာ ဂိုဏ်းတူအစ်မ ဂူယန်အာလို့ ခေါ်တယ်။ ဆရာ့ကြောင့် သူမက အခက်အခဲတွေ အများကြီးနဲ့ နာကျင်ခံစားခဲ့ရတယ်။ အခု သူမက ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတော့ ဆက်တိုက်ဆိုသလို သတိလစ်မေ့မျောနေတာလေ။ နောက်ဆိုရင် ဆရာ့ကို လေးစားသလိုမျိုး အစ်မကြီးကိုလည်း လေးစားရမယ်နော်။”

***

All Chapters