← Chapters

ဟောင်ကောင်မှ အိမ်ဂေဟာကြီး

Vol. 06 Ch. 274

ဟောင်ကောင်မှ အိမ်ဂေဟာကြီး

Vol. 06 Ch. 274

ဟောင်ကောင်ကျွန်းသည် ကမ္ဘာပေါ်ရှိ အချမ်းသာဆုံးမြို့တော်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အရှေ့တိုင်း၏ပုလဲသွယ်ဟု ကျော်ကြားပေသည်။ အချိန်များ ဖြတ်သန်းကာ တိုးတက်ဖွံ့ဖြိုးလာသည်နှင့်အမျှ ဟောင်ကောင်သည် ဈေးနှုန်းမြင့်မားသော နေရာတစ်ခု၊ ကမ္ဘာ့အစားအသောက်ကောင်းများတည်ရှိရာ ကောင်းကင်ဘုံ၊ ဈေးဝယ်ထွက်စရာ သုခဘုံနှင့် အိပ်မက်တို့၏မွေးဖွားရာ နေရာများအဖြစ် ထင်ရှားလာခဲ့ရပေသည်။

ဇိမ်ခံသဘောၤသည် ဗစ်တိုရီးယားဆိပ်ကမ်းတွင် ကျောက်ချခဲ့ရာ ကမ်းခြေရှိ မျက်လုံးပေါင်းများစွာတို့အား ဆွဲငင်လိုက်သည့်နှယ် ဖြစ်သည်။ ထိုဇိမ်ခံသဘောၤ၏ဈေးနှုန်းသည် ဆိပ်ကမ်းရှိအခြားဇိမ်ခံသဘောၤများထက် များစွာမြင့်မားလှသည်။

“သူဋ္ဌေး… ကားက ဒီဘက်မှာပါ။”

ဖုန်းတစ်ခု ပြောလိုက်ပြီးနောက် ထန်ရှုနောက်မှ ပါလာသော မိုအားဝမ်က ထန်ရှုအား တီးတိုးပြောလိုက်သည်။

“ထာဝရခန်းမက လူတွေက ဟောင်ကောင်မှာလည်း ရှိတာလား။”

ထန်ရှုက တအံ့တသြ မေးလိုက်သည်။

“ကျွန်တော်တို့ ဒီမှာ ဆိုင်ခွဲတစ်ခု ရှိတယ်။ နိုင်ငံတွင်းမှာ ထာဝရခန်းမက စုစုပေါင်းဆိုင်ခွဲ၅ခုရှိတယ်။ ကျင်းမန်ကျွန်းက ဆိုင်ခွဲကလွဲပြီး ဟောင်ကောင်နဲ့ မကာအိုမှာလည်း ဆိုင်ခွဲတွေရှိတယ်။ ဟောင်ကောင်ကို မလာခင် ဒီက ဆိုင်ခွဲတာဝန်ခံဆီ ကျွန်တော် ဖုန်းဆက်ထားတယ်။”

မိုအားဝမ်က ပြန်ဖြေသည်။

“ဒီလိုကိုး။” ထန်ရှု ခေါင်းညိတ်လိုက်သည်။

ထာဝရခန်းမတွင် ငွေကြေးများစွာရှိသည်ကို တွေးကြည့်ပါက ၎င်းတို့၏စီးပွားရေးသည် ကျင်းမန်ကျွန်းတစ်ခုတည်းတွင် ကန့်သတ်ထားခြင်းမဟုတ်ကြောင်း ညွန်ပြနေသည်။

တစ်ခဏမျှ တိတ်ဆိတ်နေပြီးမှ ထန်ရှုက စူးစမ်းလိုက်သည်။

“စားသောက်ဆိုင်စီးပွားရေးအပြင် ငါတို့ ဘာတွေလုပ်သေးလဲ။”

“ကျောက်မျက်ရတနာ၊ ရှေးဟောင်းပစ္စည်းနဲ့ အိမ်ခြံမြေစီးပွားရေးပါ။”

“ငါတို့က စီးပွားရေးလုပ်ငန်းလုပ်တာ များလှချည်လား။ ရှောင်ရွှဲ့က လုပ်ငန်းအားလုံး စီမံခန့်ခွဲတာလား။”

ထန်ရှု အံ့အားသင့်စွာ မေးလိုက်သည်။

မိုအားဝမ်က ရယ်မောလိုက်ရင်း

“မဟုတ်ဘူး သူဋ္ဌေးရ။ သူဋ္ဌေးလေးက အားလုံးခြုံငုံပြီး အုပ်ချုပ်စီမံခန့်ခွဲတာ။ ကျွန်တော်တို့ ထာဝရခန်းမရဲ့ စီးပွားရေးလုပ်ငန်းတစ်ခုစီကို စီမံခန့်ခွဲတဲ့ အထူးခေါင်းဆောင်တစ်ယောက်စီရှိတယ်။ ဟောင်ကောင်၊ မကာအို၊ ပေကျင်းနဲ့ ရှန်ဟိုင်းတို့မှာရှိတဲ့ စားသောက်ဆိုင်တွေကို ထျန်းလီက အုပ်ချုပ်တယ်။ ဟောင်လဲ့က ကျောက်မျက်ရတနာစီးပွားရေးကို ဦးစီးပြီးတော့ ချန်းရှောင်ဟွားက ရှေးဟောင်းပစ္စည်းရောင်းဝယ်ရေးကို စီမံတယ်။ အိမ်ခြံမြေစီးပွားရေးကိုတော့ ကျင်းချန်းက တာဝန်ယူထားပါတယ်။”

မကြာမီပင် ထန်ရှုသည် စားသောက်ဆိုင်စီးပွားရေးအား အုပ်ချုပ်သူ ထျန်းလီအား တွေ့ခဲ့သည်။ သူမသည် စမတ်ကျကျ ဝတ်စားထားပြီး လှပသော ဆံနွယ်များပိုင်ရှင်ဖြစ်ကာ ရွှေကိုင်းမျက်မှန် တပ်ဆင်ထားသဖြင့် သူမအား အသက်၄၀ခန့် မြင်ရစေသည်။ ခြုံငုံကြည့်မည်ဆိုပါက သူမသည် စာရင်းကိုင်တစ်ယောက်၏အငွေ့အသက်အား ပေးနေသည့်ဟန်ရှိသည်။

“ဟိုင်း သူဋ္ဌေး…”

ထန်ရှုက သူမအား ကြည့်မိနေသကဲ့သို့ ထျန်းလီကလည်း တူညီစွာ ပြန်ကြည့်နေသည်။ သို့သော် ထန်ရှုမှာ အလွန်ငယ်ရွယ်နေသောကြောင့် သူမသည် အတော်အံ့အားသင့်နေသည်။

ထန်ရှုသည် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“စီစဥ်တာ တော်ပါတယ်။ နေရာထိုင်ခင်းလည်း စီစဉ်ပေးပါဦး။ အဲ့ဒီမှာ ကျွန်တော်တို့ ဒီနေ့ နေပြီး မနက်ဖြန် ပြန်မယ်။”

“အိမ်စီစဉ်ပေးထားပြီးသားပါ သူဋ္ဌေး။”

ထျန်းလီက ထန်ရှုအတွက် တံခါးဖွင့်ပေးလိုက်ရင်း လေးလေးစားစား ဖြေလိုက်သည်။

“အာ… အကြီးအကဲထျန်းလား။”

အံ့အားနေသင့်သော အသံတစ်ခုသည် ရုတ်တရက် အနီးအနားမှ ထွက်လာပြီး သက်လတ်ပိုင်း လူတစ်ယောက်သည် အနောက်တွင် အမျိုးသား၊ အမျိုးသမီးများစွာ လိုက်ပါလျက် ရုတ်တရက် ပေါ်လာသည်။

ထျန်းလီ လှည့်ကြည့်လိုက်ရာ ထိုသူအား မြင်သော် သူမ၏မျက်ခုံးများသည် အနည်းငယ်တွန့်သွားရသည်။ ထိုသူသည် ဟောင်ဖုန်းကြော်ငြာလုပ်ငန်းမှ သူဋ္ဌေးကြီး ဟောင်ဖူဖြစ်ပြီး ဟောင်ကောင်ထာဝရခန်းမ၏ ပုံမှန်စားသုံးသူတစ်ယောက်လည်း  ဖြစ်သည်။ သူမက ခပ်ဖွဖွ ပြုံးလိုက်ပြီး ခေါင်းညိတ်နှုတ်ဆက်လိုက်သည်။

“ဟယ်လို သူဋ္ဌေးဟောင်…”

ဟောင်ဖူက ရယ်မောလိုက်ရင်း

“အကြီးအကဲထျန်းနဲ့ ဒီနေရာမှာ အမှတ်မထင် ဆုံရလိမ့်မယ်လို့ ထင်မထားမိဘူး။ မနေ့က ကျွန်တော် မင်းကို ဂေါ့ဖ်ကစားဖို့ ဖိတ်သေးတယ်။ စိတ်မကောင်းစရာက အကြီးအကဲထျန်းက အချိန်အားမရှိဘူး။ ဒါနဲ့ ဒီပုဂ္ဂိုလ်တွေက…”

ထန်ရှုအား လှည့်ကြည့်လိုက်ရင်း ထျန်းလီက တုံ့ဆိုင်းစွာ အဖြေပေးလိုက်သည်။

“သူဋ္ဌေးဟောင်…ဒါက ကျွန်မရဲ့သူဋ္ဌေးပါ။ ဂေါ့ဖ်ကစားဖို့အတွက်ကတော့ နောက်မှ ကျွန်မတို့ ဒီအကြောင်း ပြောကြတာပေါ့။ ကျွန်မရဲ့သူဋ္ဌေးက အခုမှ ဟောင်ကောင်ရောက်ပြီး ခရီးပန်းနေလို့ သူဋ္ဌေးဟောင်ကို အဖော်မလုပ်ပေးနိုင်တော့ဘူး။ နောက်မှ စကားပြောကြမယ်နော်။”

ဟောင်ဖူက ထန်ရှုအား အေးဆေးစွာ အကြည့်ရောက်သွားသည်။ ထာဝရခန်းမအကြောင်းအား သူ များစွာ သိထားသော်လည်း ပိုင်ရှင်သူဋ္ဌေးမှာ ထိုမျှငယ်ရွယ်သောသူတစ်ယောက်ဖြစ်လိမ့်မည်လို့ မမျှော်လင့်ထားမိပေ။

စက္ကန့်အနည်းငယ်ကြာပြီးနောက် သူ၏အိတ်ကပ်ထဲမှ လုပ်ငန်းလိပ်စာကတ်အား ဆွဲထုတ်ကာ ထန်ရှုဆီသွားပြီး အပြုံးဖြင့် ပြောလိုက်သည်။

“ဟယ်လို…ငါက ဟောင်ဖူပါ။ ဟောင်ဖုန်းကြော်ငြာလုပ်ငန်းပိုင်ရှင်လည်း ဖြစ်ပါတယ်။ မင်းကို ဒီနေ့တွေ့ရတဲ့အတွက် ဂုဏ်ယူရပါတယ်ကွာ။ ဒီကလူကြီးမင်းရဲ့နာမည်လည်း သိပါရစေလား။”

ထန်ရှုက လုပ်ငန်းလိပ်စာကတ်အား ယူလိုက်ပြီး မျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် ခပ်ဖွဖွ ပြောလိုက်သည်။

“ကျွန်တော့်မျိုးရိုးနာမည်က ထန်ပါ။ ကျွန်တော့်မှာ လုပ်ငန်းလိပ်စာကတ်မရှိတဲ့အတွက် တောင်းပန်ပါတယ်။”

ဟောင်ဖူ၏မျက်နှာထက်မှ အပြုံးသည် အေးခဲသွားပြီး ပုံမှန်အမူအရာသို့ ချက်ချင်းပြန်ရောက်သွားခဲ့သည်။ သူသည် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး ထန်ရှုသည်လည်း လုပ်ငန်းလိပ်စာကတ်တစ်ခုတော့ ရှိရမည်ဟု သူ ယုံကြည်ထားသည်။ ယခုကဲ့သို့ ဖြေကြားချက်သည် တစ်ဖက်လူမှ  လုပ်ငန်းလိပ်စာကတ် မလဲလိုသည်သာမက သူနှင့်အပေါင်းအဖော်မလုပ်လို ဟူသော အဓိပ္ပာယ်အား ရည်ညွှန်းသကဲ့သို့ရှိပေသည်။

“ကိစ္စ မရှိပါဘူး။ မစ္စတာထန်က ထာဝရခန်းမရဲ့သူဋ္ဌေးဖြစ်ပြီးတော့ ငါတို့စီးပွားရေးလောက အတော်လျှို့ဝှက်ဆန်းကြယ်တဲ့ ပုံရိပ်တစ်ခုပါပဲ။ ထာဝရခန်းမရဲ့ပိုင်ရှင်ကို ဘယ်သူလဲဆိုတာကိုသိချင်နေခဲ့တာ အချိန်တွေအကြာကြီး ရှိခဲ့ပေမယ့် အခုလို လူငယ်တစ်ယောက်မှန်းတော့ ထင်မထားမိခဲ့ဘူး။ သူဋ္ဌေးထန်က အခုမှ ဟောင်ကောင်ကို ရောက်တာဆိုတော့ ငါ မနှောင့်ယှက်တော့ဘူး။ မင်းမှာ အချိန်ရလို့ရှိရင် အချိန်မရွေး သောက်ဖို့ခေါ်လိုက်ပါ။” ပြေပြစ်သောစကားတို့နှင့် ဟောင်ဖူက ပြုံးကာ ပြောလိုက်သည်။

“ကောင်းပါပြီဗျ။”

ထန်ရှုက ခေါင်းညိတ်ပြပြီး ကားပေါ်သို့ တက်သွားတော့သည်။ ထို့နောက် ကားနှစ်စီး စက်နှိုးလာပြီး လမ်းမတစ်ဆုံး လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

ဟောင်ဖူ၏အနောက်တွင် ပါလာသော အမျိုးသား အမျိုးသမီးများအနက် သက်လတ်ပိုင်း လူတစ်ယောက်က သူ့အား ကြည့်ကာ မျက်နှာခပ်တည်တည်ဖြင့် ပြောလိုက်သည်။

“အဖိုးကြီးဟောင် … အဲ့ဒီလူငယ်လေးက ဘဝင်ရူးနေတာလား။ သူက ထာဝရခန်းမက သူဋ္ဌေးပိစိလေးပဲကို မင်းက ဘာဖြစ်လို့ သူ့ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေရတာလဲ။”

ဟောင်ဖူက လှည့်ကြည့်ကာ မချိပြုံး ပြုံးလိုက်ပြီး

“သူ့ကို စားသောက်ဆိုင်တစ်ဆိုင်ရဲ့ သူဋ္ဌေးပိစိလေးလို့ မင်းတကယ်တွေးနေတာလား။ ဟာဟဟ… ထာဝရခန်းမက သာမန်စားသောက်ဆိုင်မဟုတ်ဘူး။”

သက်လတ်ပိုင်းလူက စိတ်ရှုပ်ထွေးသွားဟန်ဖြင့်

“ဘယ်လို သာမန်မဟုတ်တာလဲ။”

“ထာဝရခန်းမရဲ့ရုံးချုပ်က ကျင်းမန်ကျွန်းမှာ ရှိတာ။ငါ ကျင်းမန်ကျွန်းကို အကြိမ်ပေါင်းမနည်း ရောက်ဖူးသလို ရုံးချုပ်ကို သွားလည်ဖူးတယ်။ စားသောက်ဆိုင်အကြောင်း ပြောရမယ်ဆိုရင်တော့ အဲ့ဒီမှာဆိုရင် ထာဝရခန်းမက အထက်တန်းကျတဲ့ ခြံဝင်းနဲ့ အိမ်ကြီးတစ်လုံးလည်း ရှိတယ်။ သူတို့ဆိုင်ခွဲတွေက ဟောင်ကောင်၊ မကာအို၊ ပေကျင်းနဲ့ ရှန်ဟိုင်းတို့မှာ ရှိတာ။ အဲ့ဒါကြောင့် နှစ်စဉ်ဝင်ငွေက ကြီးမားတယ်။”

သက်လတ်ပိုင်းလူက စောဒကတက်လိုက်သည်။

“ထာဝရခန်းမက လုပ်ငန်းစုအသေးစားလေး မဟုတ်ရင်တောင် မင်းရဲ့ ဟုန်ဖန်းကြော်ငြာလုပ်ငန်းထက် ပိုကြီးနိုင်ပါ့မလားကွာ။”

ထိုသူအား တစ်ချက်ကြည့်လိုက်ပြီး ဟောင်ဖူက ခေါင်းယမ်းကာ

“မင်း ငါပြောလိုက်တာ မကြားလိုက်ဘူးလား။ အဲ့ဒီထာဝရခန်းမက သူဋ္ဌေးက လျှို့ဝှက်ဆန်းကြယ်ပါတယ်ဆို။ သူ့မှာ စားသောက်ဆိုင်လုပ်ငန်းတစ်ခုပဲ ရှိတယ်လို့ မင်းထင်နေတာလား။ ငါသိရသလောက်ဆိုရင် ဒီစားသောက်ဆိုင်လုပ်ငန်းက ခမ်းနားသောအနာဂတ်ဆိုတဲ့ ကျောက်မျက်ရတနာလုပ်ငန်းနဲ့ နက်ရှိုင်းတဲ့ ဆက်နွယ်မှုရှိတယ်။ တစ်နည်းပြောရမယ်ဆိုရင် လုပ်ငန်းနှစ်ခုက ပိုင်ရှင်တစ်ယောက်တည်းဆိုတဲ့ သဘောပဲ။ ငါ့ရဲ့ကြော်ငြာလုပ်ငန်းက ခမ်းနားသောအနာဂတ်ကျောက်မျက်လုပ်ငန်းနဲ့ ယှဉ်နိုင်မယ်လို့ မင်းထင်လား။”

“ဘယ်လို…”

ထိုသက်လတ်ပိုင်းလူ၏မျက်နှာအနည်းငယ် ပျက်သွားသကဲ့သို့ အခြားအမျိုးသားများနှင့် အမျိုးသမီးများသည်လည်း အံ့အားသင့်သွားကြသည်။

သူတို့အားလုံး ခမ်းနားသောအနာဂတ် ကျောက်မျက်လုပ်ငန်းအား သိကြသည်။ ထိုစီးပွားရေးလုပ်ငန်းစုသည် အနည်းဆုံး ပိုင်ဆိုင်မှုသည် ဘီလီယံများစွာ ရှိပေသည်။ ထိုလုပ်ငန်းအား ဦးစီးနေသော ဟောင်လဲ့မှာ နာမည်ကြီး အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်လည်း ဖြစ်သည်။ ဟောင်ကောင်မှ များပြားလှစွာသော စီးပွားရေးလုပ်ငန်းရှင်များသည် နာမည်ကြီး ဟောင်လဲ့မှ အလုပ်လုပ်ပေးနေသော ခမ်းနားသောအနာဂတ် ကျောက်မျက်ရတနာ လုပ်ငန်းကြီး၏ လျှို့ဝှက်သော သူဋ္ဌေးအကြောင်းအား သိလိုကြပေသည်။

“ခမ်းနားသောအနာဂတ် ကျောက်မျက်ရတနာလုပ်ငန်းနဲ့ ထာဝရခန်းမရဲ့သူဋ္ဌေးသာ အတူတူပဲဆိုရင် အဲ့ဒီလူငယ်လေးရဲ့ပုံရိပ်က အလွန်ကို သာမန်မဟုတ်ဘူးဆိုလိုတာပဲ။”

သတ်လတ်ပိုင်းလူက သူ၏လေသံနှင့် သဘောထားအား ပြောင်းလဲကာ စကားဆိုလိုက်သည်။

ဟောင်ဖူက သက်ပြင်းချလိုက်ပြီး

“တရုတ်ပြည်က ကြီးမားတဲ့နိုင်ငံတစ်ခုဖြစ်ပြီးတော့ ပုန်းကွယ်နေတဲ့ အင်အားကြီးပုံရိပ်တွေရဲ့ မျိုးဆက်တွေကလည်း အများကြီးပဲ။ တော်တော်များများက အင်အားများစွာရှိပေမယ့် လူသိထင်ရှားမနေကြဘူး။ ထန်မျိုးရိုးလူငယ်လေးက ငါတို့နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုကို မတုံ့ပြန်တာ အတော်ဆိုးတာပဲ။”

သတ်လတ်ပိုင်းလူက ရယ်မောလိုက်ပြီး

“မင်းကွာ … အခုမှ ငါတို့ သူနဲ့ စတွေ့တာလေဗျာ။ သူနဲ့ မကြာခဏ ဆုံဖြစ်ကြရင် သူနဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့ အခွင့်အရေးပိုရလာမှာပေါ့။ ဒါနဲ့ ငါ့ဆီ လိုက်ပြီး လက်ဘက်ရည်သောက်ရင်ရော။ ဒီည လေလံပွဲကို ငါတို့လည်း သွားကြမှာ။”

“အိုကေ သွားကြစို့။”

ဟောင်ဖူက လှည့်ပြီးပြုံးပြလိုက်သည်။

ချန်ရွှီပင်လယ်အော်လမ်း ၁၃၊ ဟောင်ကောင်။

ခမ်းနားကြီးကျယ်သော အိမ်တစ်လုံးသည် စတုရန်းပေ ၁၈၀၀၀ဧရိယာအား ဖုံးလွှမ်းထားကာ မီလီယံသန်းပေါင်းများစွာ တန်ကြေးရှိလေသည်။ သုံးထပ်အဆောက်အဦးကြီးအပြင် ဂိုဒေါင်တစ်လုံး၊ အားကစားခန်းမ၊ လက်ဘက်ရည်စံအိမ်၊ ရေပူစမ်း ရေနွေးငွေ့အခန်း နှင့် ရေကူးကန်တစ်ခုပါဝင်ပေသည်။

အဖိုးတန်ဇိမ်ခံကားနှစ်စီး ခြံရှေ့သို့ ဆိုက်ရောက်လာသောအခါ အနက်ရောင်ဝတ်စုံနှင့် လုံခြုံရေးအစောင့်နှစ်ဦးမှ အရိုအသေပြုလိုက်ပြီး ဂိတ်တံခါးအား ရီမုတ်ကွန်ထရိုးလ်ဖြင့် လှမ်းဖွင့်ပေးလိုက်သည်။

ပင်မအဆောက်အဦး၏တံခါးရှေ့တွင်…

ရေကူးကန်တစ်ကန်သည် ဥယျာဉ်ထဲတွင် ရှိနေပြီး ၎င်းအနီးတွင် အမျိုးသား အမျိုးသမီး၁၀ယောက်စီသည် ဘေးတစ်ဖက်တစ်ချက်တွင် စီရပ်နေကာ ပင်မအိမ်သို့ သွားရာလမ်းကလေးအဖြစ် ဖော်ဆောင်ထားပြီး ထိုသူများ၏အာရုံများသည် ဆိုက်ရောက်လာသော ကားနှစ်စီးပေါ်တွင်သာရှိသည်။

“သူဋ္ဌေး… ကျွန်မတို့ ရောက်ပြီ။”

ကားမောင်းသူဘေးရှိ ထိုင်ခုံတွင် ထိုင်ကာလိုက်ပါလာသော ထျန်းလီက ကားပေါ်မှ ဆင်းကာ ထန်ရှုဘက်မှကားတံခါးအား သွားဖွင့်ပေးလိုက်ပြီး တလေးတစား ပြောလိုက်သည်။

ကားပေါ်မှဆင်းလာသော ထန်ရှုသည် တစ်ဖက်တစ်ချက်တွင် မတ်တတ်ရပ်နေသော အမျိုးသား အမျိုးသမီးများအား ကြည့်ကာ ဖြည်းညှင်းစွာ မေးလိုက်သည်။

“ဒါက ဘယ်နေရာလဲ။”

“ဒါက သူဋ္ဌေးလေး ဟောင်ကောင်မှာ ဝယ်ထားတဲ့ ခြံနဲ့ အိမ်ပါ။ သူဋ္ဌေးလေးက ဟောင်ကောင်ကို တစ်နှစ် ၂ကြိမ်လာပြီး ဒီမှာပဲ နေတာပါ။ မနေ့က အကြီးအကဲကျိ ဟောင်ကောင်လာမယ်သတင်းကြားတော့ ဒီအိမ်ကို ကြိုပြီး သန့်ရှင်းရေးလုပ်ထားတာ။ နေ့စဉ်ထိန်းသိမ်းစောင့်ရှောက်နေတဲ့ အိမ်အကူတွေကလွဲပြီး ဘယ်သူမှ ဒီမှာ မနေကြဘူး။”

ထျန်းလီက တလေးတစား ရှင်းပြသည်။

ထန်ရှုက ခေါင်းညိတ်လိုက်ရင်း ပင်မအဆောက်အဦးဆီသို့ လမ်းလျှောက်လိုက်သည်။

အိမ်ကြီးသည် ခမ်းနားလှကာ နှစ်သက်ဖွယ်ကောင်းသော အတွင်းအပြင်အဆင်များဖြင့် ပြင်ဆင်ဖွဲ့စည်းထားသည်။ ဘေးဘီ လျှောက်ကြည့်လိုက်ရင်း ထန်ရှုသည် တောင်တံခါးမှ သူ၏အိမ်ထက်ပင် သည်အိမ်ကြီးအား အတော် သဘောကျနေပေသည်။

“အနားယူချင်ပြီလား ဒါမှမဟုတ် တစ်ခုခု လိုအပ်သေးလား သူဋ္ဌေး။”

ဘေးမှ လိုက်ပါလာရင်း ထျန်းလီက သိမ်မွေ့စွာ မေးလိုက်သည်။

ထန်ရှုက ဆိုဖာပေါ်ထိုင်ချလိုက်ကာ ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်သည်။

“ကျွန်တော် အနားယူပြီးမှပဲ လေလံပွဲကို သွားလိုက်မယ်။ ခင်ဗျား လုပ်စရာရှိတာ လုပ်ပါ။ တစ်ခုခု လိုအပ်ခဲ့ရင် ကျွန်တော် ဆက်သွယ်လိုက်ပါမယ်။”

“ကောင်းပါပြီ။”

ထျန်းလီက ခေါင်းညိတ်ပြပြီး လှည့်ထွက်သွားသည်။

ဘေးတွင် ရပ်နေသော ကျိချွိမိန်နှင့် မိုညီအစ်ကို၂ယောက်အား ကြည့်ရင်း

“ချွိမိန်… အချိန်ရသေးတယ်။ သူတို့၂ယောက်ကို ကျင့်ကြံမှုနည်းစနစ်တွေ ပြပေးလိုက်ပါ။ ကျွန်တော် အနားယူနှင့်တော့မယ်။ သွားဖို့အချိန်ရောက်ရင် ကျွန်တော့်ကို ခေါ်လိုက်ပါ။”

“ဟုတ်ကဲ့ သခင်။” ကျိချွိမိန်က တလေးတစား ခေါင်းညိတ်သည်။

မိုအားဝမ်နှင့်မိုအားရှို့တို့၏မျက်ဝန်းများထဲတွင် ပျော်ရွှင်သောအရိပ်အယောင်များ ပေါ်ထွက်လာသည်။ ထန်ရှုသည် သူတို့၏သူဋ္ဌေးဖြစ်သည်မှာ ကံကောင်းလှသည်ဟု ရုတ်တရက်ပင် ခံစားမိသည်။ သူတို့၏သာမန်ဘဝအတိုင်း နေထိုင်သွားပါက အချိန်တိုအတွင်း ကျင့်ကြံမှုနည်းစနစ်အား သင်ပြပေးမည့်သူ ရှိမည်မဟုတ်ချေ။

“ကျေးဇူးတင်ပါတယ် သူဋ္ဌေး။”

မိုညီအစ်ကိုနှစ်ယောက်သည် စိတ်လှုပ်ရှားမှုအား မမျိုသိပ်ထားနိုင်တော့ဘဲ ဒူးထောက်ကာ အရိုအသေပေးလိုက်သည်။

ထန်ရှုက ခေါင်းယမ်းပြရင်း

“ကျွန်တော့်ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ ကျွန်တော် ဘာတွေးလဲဆိုတာ ခင်ဗျားတို့လည်း သိတာပဲ။ သစ္စာရှိမှုက အရေးကြီးဆုံးပဲ။ ခင်ဗျားတို့ရဲ့ လုပ်ရည်ကိုင်ရည်နဲ့ ဒီနှစ်တွေအတွင်းမှာ ဘယ်လောက်စိတ်အားထက်သန်ပြီး သစ္စာရှိလဲဆိုတာ ရှောင်ရွှဲ့က ကျွန်တော့်ကို ပြောပြထားတယ်။ သူမက တအား စိတ်ကျေနပ်ရသလိုပဲ ကျွန်တော့်ကိုလည်း စိတ်ကျေနပ်အောင် လုပ်နိုင်လိမ့်မယ်လို့ ခင်ဗျားတို့ကို ကျွန်တော် မျှော်လင့်ထားပါတယ်။”

“ဟုတ်။” မိုညီအစ်ကို၂ယောက်က တည်ငြိမ်စွာ ဖြေလိုက်ကြသည်။

သူ၏လက်အား ဝှေ့ယမ်းပြပြီး ကိုယ့်အလုပ်ကို လုပ်ကြရန် အချက်ပြလိုက်ပြီးနောက် သူသည် ဒုတိယထပ်သို့ တက်လာခဲ့သည်။ ပင်မအခန်းသို့ ရောက်သောအခါ ထိုအခန်း၏အတွင်းပိုင်း အပြင်အဆင်သည် မိန်းကလေးဆန်လှသည်ကို သူ တွေ့ရှိခဲ့သည်။ အဝတ်လဲခန်းတွင်လည်း အမျိုးသမီးအဝတ်အစားများနှင့် အသုံးအဆောင်များအား စီရီစွာ ထားရှိထားသည်ကို တွေ့ရသောကြောင့် သည်အခန်းသည် ရှောင်ရွှဲ့ ယခင်က အသုံးပြုသောအခန်းဖြစ်မည်ကို သူ နားလည်လိုက်သည်။

ချက်ချင်းပင် သူသည် တခြားအခန်းအား ရှာကာ သူ၏လက်ဆွဲအိတ်အတွင်းမှ ကိုယ်ပိုင်ကျွန်းနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ ထုတ်ယူလိုက်သည်။ သူ ထိုကျွန်းကို ဝယ်စဉ်က သက်ဆိုင်သော စာရွက်စာတမ်းများအား ဥပဒေနှင့်အညီ ရရှိထားသော်လည်း များပြားလှသည့် ကိစ္စရပ်များကြောင့် သေချာစေ့ငုစွာ မဖတ်ရှုရသေးပါချေ။ ထို့ကြောင့် သူ အပြင်မထွက်ခင် အချိန်ယူပြီး ထိုနေရာတွင်ရှိနေသည့် အခြေအနေများနှင့် ရင်းနှီးစေရန်အတွက် နားလည်အောင် လုပ်ထားရန် ဆုံးဖြတ်လိုက်သည်။

***

All Chapters