ယာဉ်မတော်တဆမှု
Vol. 06 Ch. 275
စာရွက်စာတမ်းများအား ထုတ်ယူပြီးနောက် ထန်ရှုသည် ဓာတ်ပုံတစ်ထပ်အား အရင်ဆွဲထုတ်ကြည့်လိုက်သည်။ စာရွက်စာတမ်းများအား အလျင်စလို မဖတ်သေးဘဲ ဓာတ်ပုံများကိုသာ ဂရုတစိုက် ကြည့်လိုက်သည်။
အပြာရောင်သမုဒ္ဒရာကြီးတစ်စင်းအတွင်းမှ ကြီးမားသောကျွန်းတစ်ကျွန်းအား တောင်တန်းများ နှင့် စိမ်းလန်းစိုပြည်သော သစ်ပင်များ ဝန်းရံလျက်ရှိနေသော ပုံများဖြစ်ပြီး အလွန်လှပသော ကျွန်းကြီးဖြစ်သည်။ ကျွန်း၏အလယ်ကျကျတွင် ဥရောပဆန်ဆန် ရဲတိုက်ကြီးတစ်ခုက ခမ်းနားစွာ တည်ရှိနေပြီး ညီညာပြန့်ပြူးသော လမ်းမတစ်ခုသည် နေရာ၃ခုသို့ ဦးတည်ပြသနေခဲ့သည်။ တစ်ခုမှာ ရဲတိုက်ဆီသို့၊ တစ်ခုမှာ ယာဉ်ရပ်နားရာနေရာသို့ဖြစ်ပြီး နောက်ဆုံးတစ်ခုမှာ လေယာဉ်ဆိုက်နားရာ နေရာသို့ဖြစ်သည်။
တောင်ကိုးလုံးသည် ပင်လယ်ဆီသို့ ဦးတည်ဖြာထွက်လျက်ရှိပြီး တောင်တစ်လုံးစီတွင် သေးငယ်သော ဥရောပစတိုင် အဆောက်အဦးတစ်ခုစီတည်ရှိလျက်နေသည်။ ပင်လယ်ဆီသို့ ဦးတည်နေသော တောင်တွင် လမ်းတစ်ခုတည်ရှိနေသကဲ့သို့ ဇိမ်ခံသဘောင်္များ ကျောက်ချထားသော ကိုယ်ပိုင်ဆိပ်ကမ်းလည်း ရှိသည်။
“ဒါ နဂါးကိုးကောင်ကျွန်းပဲ။ နဂါးကိုးကောင်အန်ထုတ်ပုလဲ။”
သူက ဓာတ်ပုံများအား စိုက်ကြည့်နေရင်း ပိုမိုဂရုတစိုက် ကြည့်မိလေ ပိုမိုကျေနပ်ပီတိဖြစ်ရလေဖြစ်သည်။ အင်မော်တယ်ကမာတွင် သူ ကျင့်ကြံလေ့ရှိသော ကျွန်းအား နဂါးကိုးကောင်အန်ထုတ်ပုလဲ လျှို့ဝှက်နေရာဟုခေါ်သည်။ ယခုကျွန်းအား ဂရုတစိုက်ကြည့်မိရင်း ၎င်းသည် သူ၏စိတ်တွင်းမှ အရာနှင့်ဆင်တူသည်ဟု ခံစားမိသည်။ အင်မော်တယ်ကမ္ဘာမှ နဂါးကိုးကောင် အန်ထုတ်ပုလဲသည် ယခုနဂါးကိုးကောင်ကျွန်းထက် အဆပေါင်းများစွာ ကြီးမားသည်။
“နဂါးကိုးကောင်ကျွန်းမှာ ပထဆုံးလုပ်ရမည့်အရာက အနီးဆုံး အိမ်ခြံမြေဆောက်လုပ်ရေးလုပ်ငန်းကို ဆက်သွယ်ပြီး တတ်နိုင်သမျှ မြန်မြန် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ်။ စိတ်မကောင်းစရာတစ်ခုက လုံမိသားစုရဲ့ကုမဏီက ဒီနယ်မြေမှာ လာမဖွင့်ထားတာပဲ။ နို့မို့ဆိုရင် ပိုပြီးလွယ်ကူသွားမှာ။”
တိတ်တဆိတ် သက်ပြင်းချလိုက်ရင်း ထန်ရှုက စာရွက်စာတမ်းများအား အသေးစိတ်ဖတ်လိုက်သည်။ သို့သော် ရောင်းချသူများ ပေးလိုက်သော သတင်းအချက်အလက်များများ အလွန်အသေးစိတ်မပါဝင်သောကြောင့် ထိုအချက်အလက်များ၏မှန်ကန်မှုအား သူ အများကြီး မယုံကြည်ထားပေ။
“ဒေါက်…ဒေါက်…ဒေါက်…”
စာရွက်စာတမ်းများအား ဖတ်ရှုလေ့လာနေစဉ်အတွင်းမှာပင် တံခါးခေါက်သံကြားရသည်။
“ဝင်ခဲ့ပါ။”
ထန်ရှုက ဖတ်လက်စ စာရွက်စာတမ်းများအား ချလိုက်ကာ ပေါ့ပါးစွာ ပြောလိုက်သည်။
တံခါးပွင့်လာပြီး ကျိချွိမိန်က သူ့အား ပြောလာသည်။
“လေးစားရတဲ့သခင်… သွားဖို့ အချိန်ရောက်ပြီ။”
ထန်ရှုက ခေါင်းညိတ်ပြရင်း
“ကျွန်တော့်ကို စောင့်ပေးပါ။ အောက်ကို သိပ်မကြာဘဲ လာခဲ့မယ်။”
“ကောင်းပါပြီသခင်။”
ကျိချွိမိန် ထွက်ခွာသွားသည်နှင့် ထန်ရှုက စာရွက်စာတမ်းများအား သိမ်းဆည်းကာ ဖိုင်တွဲထဲ ပြန်ထည့်ပြီး အိတ်ထဲ ပြန်သိမ်းလိုက်သည်။ ထို့နောက် ရေချိုးခန်းထဲတွင် မျက်နှာဝင်သစ်လိုက်ပြီးနောက် ခြံဝင်းအတွင်းသို့ ဆင်းလာလိုက်သည်။ ထိုနေရာတွင် ရပ်ထားသော ကားနှစ်စီးမှာ ထျန်းလီလာရောက် ကြိုဆိုခဲ့သော ကားနှစ်စီးမဟုတ်တော့ဘဲ ရိုးရွိက်စ်နှင့် ဟန်းမားကားများ ဖြစ်နေသောကြောင့် သူ အံ့အားသင့်သွားသည်။
“ကျွန်တော်တို့ လာခဲ့တဲ့ကားတွေက ဘယ်ရောက်သွားတာလဲ။”
ထန်ရှုက အံ့အားသင့်စွာ မေးလိုက်သည်။
ရိုးရွိက်စ်ကားရှေ့တွင် ရပ်နေသော မိုအားဝမ်က အပြုံးဖြင့် ပြန်ဖြေသည်။
“အဲ့ဒါတွေက ကားဂိုဒေါင်ထဲမှာပါ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က သူဋ္ဌေးလေးက ကားအမျိုးအစား စုံစုံလင်လင် စုဆောင်းရတာ ကြိုက်တော့ ဒီဟာကို ကျွန်တော် ပြည်ပက အော်ဒါမှာပေးခဲ့တာ။”
“ဂိုဒေါင်ထဲမှာ အခု ကားစုစုပေါင်း ဘယ်နှစ်စီးရှိတာလဲ။” ထန်ရှုက မေးလိုက်သည်။
“လေးစီး။ မနေ့ကကား၂စီးကလွဲပြီး ကျန်တဲ့၂စီးက ပြိုင်ကားတွေချည်းပဲ။” မိုအားဝမ်က ပြန်ဖြေသည်။
“ဒီကား၂စီးယူလာတာ ကြီးကျယ်တယ် မထင်ရဘူးလား။”
ထန်ရှုက အနေရခက်သောအပြုံးဖြင့် စကားဆိုသည်။
မိုအားဝမ်က သဘောကျစွာ ရယ်မောရင်း
“သူဋ္ဌေး…ဒါက ဟောင်ကောင်လေဗျာ။ ဒီကျွန်းမှာ တန်ဖိုးကြီးကားတွေ အများကြီးပဲ။”
ထန်ရှု၏အနေရခက်သောအပြုံးသည် ချက်ချင်း ပျောက်ကွယ်သွားသည်။ တွေးကြည့်မည်ဆိုပါက ဟောင်ကောင်ကဲ့သို့ ဈေးကြီးလှသော နေရာများတွင် လူချမ်းသာများစွာ ရှိပြီး အင်တာနက်နှင့် တီဗွီသတင်းများတွင် ဟောင်ကောင်မှ လူချမ်းသာများသည် အထူးသဖြင့် ဇိမ်ခံကားနှင့် အဖိုးတန်ကားမျိုးစုံအား ဝယ်ယူရသည်ကို နှစ်သက်လေ့ရှိကြောင်း ဖော်ပြလေ့ရှိသည်။
“ကြည့်ရတာ အချမ်းသာဆုံး လီကျွီရန်ကလည်း ဟောင်ကောင်ကပဲနေမှာ။”
ထိုအတွေးအား တွေးရင်း ထန်ရှုသည် မိုအားဝမ် တံခါးဖွင့်ပေးသော ကားပေါ်သို့ တက်လိုက်သည်။ သည်ဟာသည် ရိုးရွိက်စ်ကားတစ်စီးအား ထန်ရှု ပထမဆုံးအကြိမ် စီးဖူးခြင်းဖြစ်သည်။ အတွင်းခန်းအပြင်အဆင်သည် အလွန်တရာမှ တန်ဖိုးကြီးသောဇိမ်ခံပစ္စည်းများဖြင့် ပြင်ဆင်ထားပြီး စီးရသည်မှာ အလွန်ဇိမ်ကျလှပေသည်။ ကားအတွင်းတွင် ဆိုဖာများ၊ စားပွဲအသေးစားများ၊ LCD တီဗွီနှင့် ရေခဲသေတ္တာတစ်လုံး ပါရှိပေသည်။
“လူချမ်းသာတွေရဲ့ဘဝက တကယ်ကို ကြီးကျယ်ဖြုန်းတီးတာပဲ။”
ထန်ရှု စိတ်တွင်းမှ သက်ပြင်းချလိုက်သည်။
မိနစ်၂၀ကြာပြီးနောက် ထန်ရှု အိပ်ငိုက်လာခဲ့ချိန်တွင် ရုတ်တရက် ကား လှုပ်ခါသွားသည်ကို ခံစားမိလိုက်ပြီး ဘေးသို့ ယိမ်းယိုင်သွားကာ လမ်းဘေးရှိခြံစည်းရိုးအား တိုက်မိသွားသည်။
“ဘာဖြစ်တာလဲ။”
ထန်ရှု ရုတ်ခြည်းပင် နိုးသွားကာ မေးမြန်းလိုက်သည်။
ထိုအချိန်တွင် မိုအားဝမ်သည် ကားအား ရပ်လိုက်ပြီးဖြစ်သည်။ သူသည် ထန်ရှုအား လှည့်ကြည့်ကာ အပြုံးဖြင့်
“ပြိုင်ကား အနည်းအကျဉ်းပါ။ တစ်စီးက မီးနီကို ဖြတ်လာပြီး ကျွန်တော်တို့ကားကို တိုက်မိတာ။”
ထန်ရှု ကားပြတင်းပေါက်မှ လှမ်းကြည့်လိုက်ရာ အနီးတွင် ပြိုင်ကားနီတစ်စီးသည် အတားအဆီးတုံးအား တိုက်မိထားသည်ကို တွေ့ရသည်။ လူရွယ်တစ်ယောက်နှင့် မိန်းကလေးတစ်ယောက် ကားထဲမှ ထွက်လာသည်။ လူရွယ်သည် နားကွင်းများ ဝတ်ဆင်ထားပြီး သူ၏ဆံပင်အား ခရမ်းရောင်ဆိုးထားကာ ကြည့်ကောင်းသော ရုပ်ရည်သွင်ပြင်ရှိပြီး ယခုအခါ စိတ်ဆိုးသော အမူအရာတစ်ခုဖြစ်နေသည်။ မိန်းကလေးကမူ ဆက်စီကျသော အဝတ်အစားများဝတ်ဆင်ထားပြီး ထိတ်လန့်သွားမှုကြောင့် အတော်ပင် ဖြူဖျော့နေလေသည်။
“ကျွီ…”
ထိုအချိန်မှာပင် အခြားပြိုင်ကား၃စီးသည်လည်း ထိုးဆိုက်လာသည်။ ထိုကားများမှ မည်သူမှ ဆင်းမလာကြသော်လည်း ဟွန်းသံများ ဆူညံနေအောင် တီးနေကြသည်။
မိုအားဝမ်အား ကြည့်ပြီး ထန်ရှုက သူ၏မျက်ခုံးများအား တွန့်ချိုးကာ
“အပြင်ထွက်ပြီး သူတို့ကို ကြည့်လိုက်။ ကျွန်တော်တို့မှာ အချိန်အကန့်အသတ်ရှိနေလို့ ဒီနေရာမှာ ကြာနေလို့ မဖြစ်ဘူး။”
“ဟုတ်… သူဋ္ဌေး”
ကားပေါ်မှ ဆင်းလာသော ခရမ်းရောင်ဆံပင်နှင့် လူရွယ်က လက်သီးလက်မောင်းတန်းကာ အော်ဟစ်လိုက်သည်။
“မင်းက ဘယ်လိုကောင်လဲကွ။ ရိုးရွိက်စ်ကားတစ်စင်း မောင်းလာတာနဲ့ပဲ ငါ့ကားကို မင်းက တိုက်ရဲတယ်ပေါ့လေ။ ငါ ဘယ်သူလဲဆိုတာ မင်းသိလား။”
“မင်းက ဘယ်သူတုန်း။” မိုအားဝမ်က မှုန်ကုတ်ကုတ်ကြည့်ကာ ပြန်မေးလိုက်သည်။
လူရွယ်က ရိုးရွိက်စ်ကားဘောနပ်ဖုံးအား ဗုန်းကနဲ ရိုက်လိုက်ပြီး ကျယ်လောင်သောအသံဖြင့်
“ကျန်းယု…။ ငါ့နာမည်ကို ကြားဖူးလား။”
မိုအားဝမ်က အေးစက်တင်းမာသော အမူအရာဖြင့် တုံ့ပြန်လိုက်သည်။
“တစ်ခါမှ မကြားဖူးဘူး။ မင်းက ငါ့ကားကို တိုက်ခဲ့တယ်။ ဒီကိစ္စကို တခြားသူတွေ လာပြီးဆောင်ရွက်လိမ့်မယ်။ မင်းက သူတို့နဲ့ လျော်ကြေးပေးဖို့အတွက် ဆွေးနွေးလိုက်ပါ။”
ပြောပြီးသည်နှင့် မိုအားဝမ်က ထျန်းလီဆီ ဖုန်းဆက်လိုက်သည်။
ကျန်းယုက လှောင်ပြောင်လိုသောလေသံဖြင့်
“ငါက မင်းကို လျော်ကြေးပေးရမယ်ဟုတ်လား။ ဟာသပဲ။ မင်းတို့က ဘယ်သူတွေလဲ။ အထဲမှာ ဘယ်လိုကြီးမြတ်တဲ့ လူ ပါနေတာလဲ။ ထွက်လာပြီး ငါ့ကို တွေ့စမ်းပါ။”
မိုအားဝူနှင့် ကျိချွိမိန်က ဟန်းမားကားထဲမှ ထွက်လာသည်။ စိတ်တိုတတ်သော မိုအားဝူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ကြိမ်းမောင်းလိုက်သည်။
“ငါ မင်းကို ဒီကနေထွက်သွားဖို့ အခွင့်အရေးတစ်ခု ပေးလိုက်မယ်။ မင်း ဘယ်သူလဲဆိုတာ ငါတို့ စိတ်မဝင်စားဘူး။ လူတစ်ချို့က မင်းဘယ်သူလဲဆိုတာ စစ်ဆေးပြီး မင်းနဲ့ လျော်ကြေးကိစ္စ လာစကားပြောလိမ့်မယ်။”
ကျန်းယု မျက်မှောင်ကြုပ်သွားသည်။ ထိုကဲ့သို့ တဇွတ်ထိုးဒေါသကြီးသူများနှင့်ရန်ဖြစ်ပါက သူ မတိုက်ခိုက်နိုင်သည်ကို သူ သိသည်။ သို့သော်လည်း အခြားလူများမှ သူ့အား ကြိမ်းမောင်းသည်ကို လက်မခံနိုင်ဘဲဖြစ်နေသည်။ ချက်ချင်းပင် သူသည် အခြားပြိုင်ကားများအား ဟွန်းမတီးတော့ရန် အချက်ပြလိုက်သည်။
“အာယု ဒီလိုကိစ္စလေးတောင် မင်း မဖြေရှင်းနိုင်ဘူးလား။”
လူရွယ်၃ယောက်သည် ဆက်စီကျစွာ ဝတ်စားဆင်ယင်ထားသည့် မိန်းကလေးတစ်ဦးစီအား ပွေ့ဖက်ရင်း ကျန်းယုဆီ ပြုံးလျက် လျှောက်လာသည်။ သူတို့သည် မိုညီအစ်ကို၂ဦးအား ကြည့်ပြီးနောက် နောက်ဆုံးတွင် ကျိချွိမိန်၌ အဆုံးသတ်သွားသည်။ လူရွယ်တစ်ယောက်က လှောင်ပြောင်လိုဟန်ဖြင့်
“အာယု… ငါ ပြောတဲ့အတိုင်းပဲ မင်းက တကယ်ကို နမော်နမဲ့နိုင်လွန်းတယ်။ ငါတို့ကားတွေရဲ့ အရှိန်က မြန်တယ်မဟုတ်လား။ မင်း ကားမောင်းနေချိန်မှာ ကောင်မလေးကို နမ်းရှုံ့နေတာလား။ ဟား..ဟား..ဟား.. တစ်ချက်ကြည့်လိုက်ပါဦး။ ဒီအဖွားက အရမ်းကို အသက်ကြီးနေပြီ။ မင်းကြောင့် သူမ ထိတ်လန့်သွားရင် မင်းအပြစ်ပဲနော်။”
ကျန်းယုက လှောင်ရယ်ရယ်လိုက်ပြီး မိုညီအစ်ကို၂ယောက်အား လက်ညှိုးထိုးပြကာ ပြောသည်။
“ဒီနောက်လိုက်၂ယောက်က ငါ့ကို စော်ကားတယ်။ ငါ အဲ့ဒီအတွက် အတော်ကြီးကို မပျော်ရွှင်ဘူးကွ။ မင်းတို့ထဲက ဘယ်သူမဆို သူတို့ကို သင်ခန်းစာတစ်ခုပေးဖို့ ငါ့ကို ကူညီပေးရင် ဒီည အံ့သြစရာကောင်းတဲ့အချိန်လေး ဖြစ်အောင် ငါ ခေါ်သွားပေးမယ်။”
လူရွယ်က မျက်လုံးပြူးပြလိုက်ရင်း ဆဲဆိုလိုက်သည်။
“ချီးပဲ။ စမတ်ကျတဲ့သူတစ်ယောက်က တဇွတ်ထိုးဒေါသကြီးသူများနဲ့ ရန်မဖြစ်ဘူးဆိုတာ မင်း မသိဘူးလားကွ။ သူတို့ကို တစ်ချက် ကြည့်စမ်းပါဦး။ သောက်ကျိုးနည်းအောင် သန်မာထွားကျိုင်းတဲ့သူတွေ။ သူတို့တွေနဲ့ မင်း ရန်ဖြစ်မယ်ဆိုရင် မင်းက ကိုယ့်ဒုက္ခကို ရှာတာပဲဖြစ်ရမယ်။ ကောင်းပြီ။ ဒီတစ်ခါတော့ ငါ လုပ်ပေးလိုက်မယ်။ ငါတို့ မြန်မြန်လုပ်မှ ဖြစ်မယ်။ ယာဉ်ထိန်းရဲတွေ ဒီကို ရောက်လာရင် ပြသနာတွေ ထပ်ရှင်းနေရဦးမယ်။”
မိုညီအစ်ကို၂ယောက်အား လက်ညှိုးထိုးကာ ကျန်းယုက ခြေတစ်လှမ်းဆုတ်ရင်း ကြုံးဝါးလိုက်သည်။
“မင်းတို့၂ယောက် စောင့်နေပါ။ ငါ မင်းတို့ကို မှတ်ထားတယ်။ ဒီဖေဖေကြီးကို စောင့်နေ။ ငါ့ကို အရိုအသေ ပေးပြီး ကန်တော့ရအောင် လုပ်ပြမယ်။”
“အတော် လေကြီးတာပဲ။”
ထန်ရှုက ကားပေါ်မှ ဆင်းလာကာ ထိုလူရွယ်များအား အေးစက်သောအကြည့်ဖြင့် တစ်ချက်ဝေ့ကြည့်လိုက်ပြီး ခံစားချက်ကင်းမဲ့သောအမူအရာဖြင့် ပြောလိုက်သည်။
“သူ ပြောတာကို ခင်ဗျားတို့၂ယောက် ကြားလား။ ဒီလို ကောင်လေးတစ်ယောက်အတွက် လက်သီးသုံးပြီး ခင်ဗျားတို့ကို အရိုအသေပေးဖို့လုပ်ရအောင် မထိုက်တန်ဘူးလို့ ကျွန်တော့်ကို မပြောနဲ့။”
မိုညီအစ်ကိုနှစ်ယောက် တခဏ ကြောင်သွားပြီးနောက် မိုအားဝူက အားရပါးရ ပြုံးလိုက်ပြီး လှုပ်ရှားလိုက်ရာ ချက်ချင်းပင် ကျန်းယု၏အရှေ့သို့ ရောက်သွားကာ ထိုသူအား ပြင်းထန်စွာ ရိုက်လိုက်သည်။
ပါးတစ်ချက် ရိုက်လိုက်ရုံမျှဖြင့် ကျန်းယုအား ၄မီတာ ၅မီတာအထိ လွင့်စင်သွားအောင် လုပ်နိုင်ခဲ့ပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားသည်။ မိုအားဝမ်ကလည်း တိုက်ခိုက်မည်ဟု လေလုံးထွားခဲ့သော လူရွယ်ဆီသို့ ကန်ချက်တစ်ချက်ထုတ်လိုက်သည်။
ခေါင်းကိုယမ်းလိုက်ပြီး ထန်ရှုက ဟမ်းမားကားဆီသို့ ပြန်လှည့်လျှောက်သွားခဲ့သည်။ သူ့အနေဖြင့် ထိုကဲ့သို့ သူငယ်နှပ်စားများဖြင့် အချိန်မဖြုန်းတီးလိုပေ။
“ယီးပဲ။ ရပ်လိုက်စမ်း။”
အခြားလူငယ်၂ယောက်၏မျက်နှာ အကြီးအကျယ်ပျက်သွားကာ တစ်ယောက်က အသံကျယ်လောင်စွာဖြင့် ကြိမ်းမောင်းလိုက်သည်။
မိုအားဝူက မှုန်ကုပ်ကုပ်ပြုံးလိုက်ပြီး ထိုသူအား လက်သီးတစ်ချက်ကြွေးကာ မြေပြင်ပေါ် လှဲသိပ်စေလိုက်သည်။ သူသည် ထိုနေရာတွင်ပင် ရပ်နေသေးပြီး ဖြူဖျော့နေသော ကျန်ရှိနေသည့်လူရွယ်အား ကြည့်ကာ အသံတင်းတင်းဖြင့် မေးလိုက်သည်။
“ပြောစမ်း ဒီခွေးကောင်တွေက ဘယ်သူတွေလဲ။”
ထိုလူရွယ်၏ခြေထောက်များသည် တဆတ်ဆတ်တုန်ရီနေသော်လည်း လေသံမာနေဆဲဖြစ်သည်။
“ခင်ဗျားတို့ကတော့ ကံဆိုးပြီပဲ။ ကျန်းယုက ကျန်းအုပ်စုသူဋ္ဌေးရဲ့အကြီးဆုံးသား။ ချန်းဖေးက ဝမ်ယွမ်အိမ်ခြံမြေလုပ်ငန်းက အမွေဆက်ခံသူ၊ ဒုရန်က ဒုကန်ဝိုင်လုပ်ငန်းက အငယ်ဆုံးသခင်လေး။ ခင်ဗျားတို့ ဘယ်သူပဲဖြစ်နေနေ ဒီ၃ယောက်ကို ရိုက်လိုက်မှတော့ ဆိုးရွားတဲ့တန်ကြေးပေးရတော့မယ်။”
“မင်းကရော။ ဘယ်မိသားစုက သခင်လေးလဲ။” မိုအားဝမ်က လှောင်သလိုမေးလိုက်သည်။
ထိုလူရွယ်က သတိလက်လွတ် နောက်ဆုတ်ပြီးမှ
“ငါ ခင်ဗျားတို့ကို မစော်ကားထားဘူးလေ။ အဲ့ဒါမို့ ငါ့ကို ရိုက်ဖို့ မလိုဘူး။ ငါ…ငါက ချီမိသားစုက ချီချန်းချင်။”
ထိုလူငယ်အား အေးစက်စွာ ကြည့်လိုက်ပြီး မိုအားဝမ်က မျက်နှာသေဖြင့် ပြောလိုက်သည်။
“မင်းက သက်သာသွားတယ်မှတ်ပါ။ သူတို့ကို ခေါ်ပြီး ဒီနေရာကနေ ထွက်သွားလိုက်စမ်း။ မင်းတို့တွေ ငါ့ရှေ့မှာ ထပ်ပြီး ပေါ်လာဦးမယ်ဆိုရင် ဒါ့ထက်ဆိုးမယ်မှတ်။ ငါတို့သူဋ္ဌေးရဲ့ကားကို တိုက်တဲ့အတွက် လျော်ကြေးပေးရမယ်လို့ ကျန်းမိသားစုက အကြီးအကဲတွေကို ပြောလိုက်”
ထိုသို့ ပြောပြီးသည်နှင့် မိုအားဝမ်၊ မိုအားဝူနှင့် ကျိချွိမိန်တို့သည် ကားဆီလှည့်ထွက်သွားသည်။ မကြာမီ ဟမ်းမားကားသည် ထွက်ခွာသွားပြီး ရိုးရွိက်စ်ကားအား ယာဉ်တိုက်မှုဖြစ်သောနေရာတွင် ထားရစ်ခဲ့သည်။ ထိုကိစ္စအတွက် ထျန်းလီ မကြာမီရောက်လာပြီး ဖြေရှင်းလိမ့်မည်ဖြစ်သောကြောင့် သူတို့ဂရုစိုက်ရန် မလိုချေ။
ချီချန်းချင်နှင့် ခပ်ဟော့ဟော့ မိန်းကလေး၄ယောက်တို့သည် ကျန်းယု၊ ချန်းဖေးနှင့် ဒုယွမ်တို့အား မတ်တတ်ရပ်နိုင်ရန် ထူမပေးလိုက်သည်။ ချီချန်းချင်က ခေါင်းကို ယမ်းလိုက်ရင်း
“ကျန်းယု ချန်းဖေး မင်းတို့ ဒီတစ်ခေါက် အရမ်း အလျင်စလို လုပ်လွန်းအားကြီးတယ်။ ရိုးရွိုက်ကားရဲ့တန်ဖိုးက အနည်းဆုံး ယွမ်မီလီယံဆယ်ချီတယ်နော်။ ဒီလိုကားမျိုးပိုင်တဲ့သူက ရိုးရှင်းမှာမဟုတ်ဘူးလို့ ငါ စိုးရွံ့နေမိတယ်။ ဒါပေမယ့်လည်း အဲ့ဒီလူငယ်လေးကို ငါ ဟောင်ကောင်မှာ တစ်ခါမှ မတွေ့ဖူးဘူး။ ငါမှန်းတာ မှန်မယ်ဆိုရင် သူက ဟောင်ကောင်အပြင်ဘက်က လာတာပဲဖြစ်မယ်။”
ကျန်းယု၏ပါးမှာ ယောင်ကိုင်းနေပြီး နှုတ်ခမ်းထောင့်မှ သွေးစီးကြောင်းတစ်ခု ဖြစ်ပေါ်နေသည်။ သူသည် လွင့်စင်သွားကာ ခေါင်းနှင့် မြေကြီး ပြင်းထန်စွာ ရိုက်မိသွားခြင်းဖြစ်သည်။ သူ၏ယောင်ကိုင်းနေသော ပါးအား ဖုံးကွယ်လိုက်ရင်း မုန်းတီးစွာ ပြောလိုက်သည်။
“သူ ဘယ်သူပဲဖြစ်ဖြစ် ငါ သောက်ဂရုမစိုက်ဘူး။ ငါ့ကို ရိုက်ရဲမှတော့ အတုံ့အလှည့်တော့ ပြင်ဆင်ထားရမှာပဲ။ သူတို့ ငါ့ကို တောင်းပန်ပြီး အရိုအသေမပေးရင် ငါ့ရဲ့မျိုးရိုးနာမည်ကို ပြောင်းပစ်မယ်။”
တူညီသောဒေါသနှင့် အမုန်းတရားတို့ဖြင့် ချန်းဖေးကလည်း ဟစ်အော်လိုက်သည်။
“ဟောင်ကောင်မှာ ငါတို့ သွားရှုပ်လို့မရတာ လူနည်းစုပဲရှိတယ်။ ဒါပေမယ့် ဒီကောင်လေးကတော့ သေချာပေါက် အဲ့ထဲက မဟုတ်ဘူး။ သူ့ကို ရှာပြီးသတ်ဖို့ ငါ လူတစ်ချို့ လွှတ်လိုက်မယ်။”
***