← Chapters

ဈေးအပြိုင်ပေးကြခြင်း

Vol. 06 Ch. 277

ဈေးအပြိုင်ပေးကြခြင်း

Vol. 06 Ch. 277

ထိုအခိုက်အတန့်တွင် ထျန်းလီ၏အပြုအမူသည် နိုင့်ထက်စီးနင်း နိုင်လှပြီး စွမ်းအားကြီးသည့်ဟန်ရှိသည်။ သူမသည် အစဉ်အမြဲ ပြုံးနေတတ်ပြီး ထာဝရခန်းမတွင် ငွေသုံးရန်အတွက် ကမ္ဘာ့နေရာအနှံ့မှ လာရောက်ကြသော ဧည့်သည်တော်များအား လှိုက်လှဲစွာ နှုတ်ဆက်တတ်ပေသည်။ သို့သော် ယခုမူ သူမ၏သူဋ္ဌေးအား ပြစ်မှားစော်ကားလိုက်ခြင်းသည် သူမအား အနိုင်ကျင့်သည်ထက် ပိုမို ပြင်းထန်သောသက်ရောက်မှုရှိပေသည်။

သူမသည် ဂူယန်အာကိုယ်တိုင် လေ့ကျင့်ပေးထားသော လက်ရွေးစင်အဖွဲ့ထဲမှ တစ်ယောက်ဖြစ်သည်။ ပြည်ပသို့ တစ်ကြမ်စေလွှတ်ခြင်းခံရပြီး သေခြင်းရှင်ခြင်း လေ့ကျင့်မှုကိုလည်း ဖြတ်ကျော်ခဲ့ပြီးဖြစ်သည်။ သူမ သတ်ဖြတ်ခဲ့သောလူများအား ရေတွက်မည်ဆိုပါက ဂဏန်းသုံးလုံးထက်ပင် ကျော်လွန်နေခဲ့ချေပြီ။ သူမ၏ဖော်ရွေတတ်သောစရိုက်သည် ရန်သူများအား ဖုံးကွယ်ထားသော နည်းလမ်းတစ်ခုသာ ဖြစ်တော့သည်။

“ငါ နင့်ကို ထွက်သွားဖို့ အခွင့်အရေးတစ်ခု ပေးမယ်။ ငါတို့ ထာဝရခန်းမကို လာတောင်းပန်ဖို့ နင်တို့အကြီးအကဲတွေကို ပြောလိုက်။ အဲ့လိုမှမဟုတ်ရင် မင်းရဲ့ကံကြမ္မာကလည်း သူတို့၂ယောက်ထက် ပိုပြီးကောင်းလာမှာမဟုတ်တော့ဘူး။”

ကြောက်ရွံ့ကာ သတိရှိနေမှုသည် ဒုရန်၏မျက်နှာထက်တွင် ပေါ်ပေါက်လာသည်။ လဲကျနေသော လူအယောက်၂၀အား ကြည့်ကာ သူ၏တံတွေးအား ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။ ထျန်းလီ ခေါ်ဆောင်လာသော လူ၆ယောက်ကို တစ်ဖန် ကြည့်လိုက်မိသည်။

တစ်ခဏမျှ ငြိမ်သက်သွားပြီးမှ သူက ဖြည်းညှင်းစွာ စကားဆိုလိုက်သည်။

“ဒီနေ့ကိစ္စကြီးမှာ ကျွန်တော်က အစောကြီးကတည်း ပါဝင်ပတ်သက်မိသွားခဲ့ကတည်းက မိသားစုက အကြီးအကဲတွေသာ ရှေ့ဆက်လာရမှာကို ကျွန်တော် စိုးရိမ်နေခဲ့မိတယ်။ သူတို့ လာတောင်းပန်ပါ့မလား ဆိုတာကိုတော့ ကျွန်တော် သေချာ မပြောနိုင်ပါဘူး။ ကျွန်တော် အခု နှုတ်ဆက်ခဲ့ပါတယ်။”

အနီးရှိ အဆောက်အဦးအတွင်းမှ ချီချန်းချင်သည် လူအယောက်၂၀ ဆော်ပလောအတီးခံလိုက်ရသည်ကို ကြည့်ပြီး ကြက်သေ သေနေမိသည်။ ထပ်ပြီးအရိုက်ခံလိုက်ရသော ကျန်းယုနှင့် ချန်းဖေးတို့ကိုလည်း တစ်ဖန် ကြည့်မိသည်။ ထျန်းလီကို သူ သိသော်လည်း သူမသည် ထိုကဲ့သို့ စွမ်းအားမျိုး ပိုင်ဆိုင်ထားလိမ့်မည်ဟု သူ မမျှော်လင့်ထားမိပေ။ သူမနှင့်ပါလာသော လူထွားကြီး၆ယောက်ကိုလည်း ထာဝရခန်းမတွင် လုံခြုံရေးအစောင့်များအဖြစ် သူ မြင်ဖူးနေကျဖြစ်သည်။ ထိုသူများကိုလည်း ထိုကဲ့သို့ အားကြီးသောစွမ်းအားမျိုး ပိုင်ဆိုင်ထားမည်ဟု သူ မထင်ခဲ့မိချေ။

အခု သူတို့ တိုက်ခိုက်ချိန် ဘယ်လောက်ပဲ သုံးလိုက်ရလဲ။ တစ်မိနစ်တောင်မပြည့်သည့် မိနစ်ဝက်မျှသာ!

ထိုလူ၆ယောက်မှ လက်နက်များနှင့်လူအယောက်၂၀အား လှဲသိပ်လိုက်သည့်အချိန်သည် မိနစ်ဝက်မျှသာ ဖြစ်သည်။

သူတို့အားလုံးသည် အထူးတပ်ဖွဲ့မှ အငြိမ်းစား ယူထားကြသည့် စစ်သားဟောင်းများ ပေလော။

သည်အဖြစ်အပျက်တွင် သူ မပါဝင်ခဲ့သည်မှာ အတော် ကံကောင်းလှသည်ဟု ချီချန်းချင် ရုတ်တရက် တွေးမိသွားသည်။ သို့မဟုတ်ပါက သူသည်လည်း အခုချိန်တွင် ပြင်းထန်စွာ အရိုက်ခံနေရလောက်ပြီ ဖြစ်သည်။

“ဒါပေမယ့်လည်း ထျန်းလီက ကျန်းယုနဲ့ ချန်းဖေးကို ရိုက်ရဲတယ်။ ထာဝရခန်းမကို ကျန်းအုပ်စုနဲ့ ဝမ်ယွမ်အိမ်ခြံမြေက ပြသနာရှာမှာကို မကြောက်ဘူးလား။ သည်အုပ်စု၂စုရဲ့အင်အားက ထာဝရခန်းမထက် ပိုပြီးအားကောင်းတာ လူတိုင်းသိနေတာပဲကို။”

ချီချန်းချင် ပဟေဠိဖြစ်သွားရသည်။

လမ်းမထက်တွင်

“သူတို့၂ယောက်ကို ခေါ်ခဲ့။ ကျန်တဲ့သူတွေက မင်းတို့ ထရပ်နိုင်ပြီဆိုရင် မင်းတို့ရဲ့အလုပ်ရှင်ကို ချက်ချင်းသွားရှာ။ ၂နာရီအတွင်း ထာဝရခန်းမကို လာဖို့ ပြောလိုက်။ အဲ့လိုမှမဟုတ်ရင်တော့ ဒီနှစ်ယောက်ရဲ့ခြေလက်တွေက သုံးစားလို့ရပါ့မလားလို့ဆိုတာ ငါ အာမ မခံဘူး။” ထျန်းလီက အေးစက်တင်းမာသောလေသံဖြင့် ပြောသည်။

ထိုသို့ ပြောပြီးသည်နှင့် သူမသည် အဝေးတစ်နေရာကို လှမ်းကြည့်လိုက်ပြီး တည်ငြိမ်စွာ စောင့်နေခဲ့သည်။ ထို့နောက် သူမက အခုလေးတင် ရောက်လာသော ယာဉ်ထိန်းရဲ၂ယောက်အား လက်ပြနှုတ်ဆက်လိုက်သည်။

“ဟယ်လို အစ်မကြီး။”

ယာဉ်ထိန်းရဲ၂ဦးမှာ အတန်ငယ် ချီတုံချတုံ ဖြစ်နေသော်လည်း နောက်ဆုံးတွင် အနားလာရန် ရွေးချယ်လိုက်သည်။

“ဒီနေ့ ယာဉ်တိုက်မှုကို နင်တို့လည်း ရှင်းရှင်းလင်းလင်း စုံစမ်းကြလိမ့်မယ်လို့ ငါ ယုံပါတယ်။ မင်းတို့ မသိရင် မသိတဲ့အတိုင်းပဲနေဖို့ သတိရပါ။ ဒီကောင်လေး၂ယောက်ရဲ့နောက်ခံကို သိနေတဲ့အတွက် ငါတို့ကို မမျှမတ ဆက်ဆံဖို့ ယောင်လို့တောင် မတွေးထားလိုက်နဲ့။ အခု ကားကို သယ်သွားဖို့ တစ်ယောက်ယောက်ကို ဖုန်းဆက်ပါ။ ငါ အာဏာရှိရဲအရာရှိနဲ့ တွေ့ဖို့ တစ်ယောက်ယောက် လွှတ်လိုက်မယ်။”

ထျန်းလီက ခပ်တည်တည်ဖြင့် ပြောလိုက်သည်။

“နားလည်ပြီ အစ်မကြီး။”

ရဲအရာရှိ၂ယောက်သည် လူထွားကြီး၆ဦးအား အမှတ်တမဲ့ ကြည့်လိုက်ပြီး နာခံစွာ ခေါင်းညိတ်ပြလိုက်သည်။

၆နာရီ…

သက်တန့်ရောင် လေလံစံအိမ်အတွင်းတွင် ဖြစ်သည်။

ရာပေါင်းများစွာသော ဧည့်သည်တော်များသည် ယနေ့ညလေလံပွဲတွင် ဆင်နွှဲရန် ရောက်ရှိနေကြပြီ ဖြစ်သည်။ အရှေ့ဝင်ပေါက်အား ပိတ်ထားလိုက်ပြီဖြစ်ပြီး လေလံစင်မြင့်ပေါ်ရှိ တောက်ပစွာ လင်းလက်နေသော မီးအလင်းရောင်မှတစ်ပါး အခန်းအတွင်းရှိ မီးများအားလုံးနီးပါး မှိတ်ထားလိုက်ပြီဖြစ်သည်။

“သာယာလှတဲ့ ညနေခင်းပါ ဂုဏ်သရေရှိ အမျိုးသား အမျိုးသမီးများရှင့်…”

မိတ်ကပ်ခပ်ဖျော့ဖျော့ လိမ်းထားပြီး လှပသော ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးငယ်တစ်ဦးသည် လေလံစင်မြင့်ဆီသို့ ခြေလှမ်းမှန်မှန်ဖြင့် ထွက်လာခဲ့သည်။ သူမက တောက်ပသောအပြုံးဖြင့် စကားစလိုက်သည်။

“ဒီညရဲ့လေလံတင်ဆက်သူအဖြစ် အမှတ်မထင် လုပ်ဖြစ်သွားတာလို့ ကျွန်မကို လူတိုင်းတွေးနေကြမယ် ထင်ပါရဲ့နော်။ အမှန်တော့ ကျွန်မ အဆိုတော်တစ်ယောက် ဖြစ်စဉ်ကတည်းက ပြည်ပလေလံစံအိမ်တွေမှာ လေလံတင်ဆက်သူ တစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့တာ နှစ်တစ်ဝက်နီးပါး ရှိပါပြီ။ ပြောချင်တာက ကျွန်မ အရည်အချင်း ရှိပါတယ်ပေါ့။”

“ဟား…ဟား…ဟား…”

“ဒီညရဲ့လေလံပွဲကို နာမည်ကြီး ကြယ်တစ်ပွင့်က လာပြီး တင်ဆက်ပေးမယ်လို့ မမျှော်လင့်ထားခဲ့မိဘူး။ ကြည့်ရတာ လေလံစံအိမ်က ပိုက်ဆံအများကြီး သုံးထားတာပဲ။”

“ဝိုး… မျက်လုံးထဲ စွဲနေပြီကွာ။ ဒီကောင်မလေးကို ပိုကြည့်မိလေ သူမက ပိုလှလာလေပဲ။”

“အာ… လေလံတင်ဆက်သူက မမျှော်လင့်ပဲ သူမလေးပါလား။”

“…”

ထိုင်ခုံတွင် ထိုင်နေသော ထန်ရှုမှာ လေလံပွဲလာတက်စဉ် အသိအကျွမ်းတစ်ယောက်နှင့် မထင်မှတ်ပဲ ဆုံရလိမ့်မည်ဟု သူ မထင်ထားမိချေ။

ထိုအသိအကျွမ်းဟောင်းသည် သူ့ထံမှ မိုဘိုင်းဖုန်းအား ငှားရမ်းပြီး အကြွေးများတင်သွားဖူးသော ကျန်းရှင်းယာပင် ဖြစ်တော့သည်။ မေးရန် မလိုလောက်အောင်ပင် ကျန်းရှင်းယာသည် ယနေ့ညတွင် အလွန်တရာမှ ချောမောလှပနေပြီး အိုးရန်လူလူ၊ ခန်းရှ၊ မုဝမ်ရင်တို့နှင့်ပင် ယှဉ်နိုင်လောက်ပေသည်။ ပြုံးနေသော ကျန်းရှင်းယာသည် လက်အိတ်အဖြူဝတ်ဆင်ထားသော သူမ၏လက်ကလေးအား ညင်သာစွာ မြှောက်လိုက်ပြီး ရယ်ရယ်မောမောဖြင့်

“လူတိုင်းက ဒီညမှာ ပစ္စည်းကောင်းတွေပဲ ရသွားချင်ကြတယ်ဆိုတာ ကျွန်မ သိပါတယ်။ ဒါကြောင့်မို့ ရှည်ရှည်ဝေးဝေး မပြောတော့ပဲ ဒီညရဲ့လေလံပွဲကို စတင်လိုက်ကြောင်း ကြေညာလိုက်ပါတယ်ရှင်။ ပထမဆုံး လေလံတင်မယ့်အရာကတော့ မင်မင်းဆက်ရဲ့တော်ဝင်မီးဖိုဆောင်က ကြွေလက်ဘက်ရည်အိုးတစ်စုံ ဖြစ်ပါတယ်။ တော်ဝင်နန်းတော်က တစ်ကြိမ်အသုံးပြုထားတယ် ဆိုတာကိုလည်း စစ်ဆေးအတည်ပြုပြီးပြီမို့ လက်ဘက်ရည်ပါတီကို နှစ်သက်သူတိုင်း စုဆောင်းထားချင်စရာ ပစ္စည်းလေးပါပဲ။”

“စတင်မယ့်ဈေးနှုန်းက ၅မီလီယံဖြစ်ပြီး တစ်ခါတိုးတိုင်း အနည်းဆုံး တစ်သန်းတိုးရမှာ ဖြစ်ပါတယ်။ အခု လေလံစဖွင့်လိုက်ပါပြီ။”

ချက်ချင်းပင် လူအများစုက ဈေးစတင်ပေးကြသည်။

“၅.၁ မီလီယံ”

“၅.၅ မီလီယံ”

“…”

မိနစ်အနည်းငယ်အတွင်းမှာပင် ထိုမင်မင်းဆက်၏တော်ဝင်မီးဖိုဆောင်မှ လက်ဘက်ရည်အိုးတစ်စုံ၏ ဈေးနှုန်းသည် ၈.၈မီလီယံထိ မြင့်တက်သွားကာ အဖိုးကြီးတစ်ဦးမှ ဝယ်ယူသွားခဲ့သည်။

ကျန်းရှင်းယာက ချိုလွင်သောအသံဖြင့် ရယ်မောလိုက်ပြီး

“ဂုဏ်ပြုပါတယ် ခုံအမှတ် ၀၂၄၆မှ လူကြီးမင်းရှင့်။ စင်မြင့်နောက်ကို အခု သွားပြီး ပေးချေမှု လုပ်နိုင်သလို လေလံပွဲပြီးတဲ့အထိ စောင့်ပြီးမှ ပေးချေမှုကိုလည်း ပြုလုပ်နိုင်ပါတယ်ရှင်။ အခု ဒုတိယ ပစ္စည်းကို စတင်ပါတော့မယ်ရှင်။ ဒီပစ္စည်းလေးက …”

ကျန်းရှင်းယာ၏ ကျက်သရေရှိလှသော လှုပ်ရှားမှုနှင့် သွက်လက်သော အစီအစဉ်များ၏အောက်တွင် လေလံပွဲသည် ပျင်းရိဖွယ်မကောင်းဘဲ သက်ဝင်လှုပ်ရှားနေခဲ့သည်။ သူမ၏စကားအရာကျွမ်းကျင်လိမ်မာမှုနှင့် လူတိုင်း၏ စိတ်နှလုံးအား နှိုးဆော်တိုက်တွန်းနိုင်မှုတို့ကြောင့် ပစည်းအားလုံးနီးပါး အလွန်မြင့်မားလှသော ဈေးနှုန်းဖြင့် ရောင်းချနိုင်ခဲ့သည်ချည်းဖြစ်သည်။

၂နာရီ ကြာပြီးနောက် …

ရှေးဟောင်းလက်ရေးလှစာပန်းချီအား လေလံတင်ပြီးနောက်တွင် ကျန်းရှင်းယာသည် အပြုံးတစ်ပွင့်အား ဆင်မြန်းလိုက်ရင်း

“အခု ပြမယ့်ပစ္စည်းလေးကတော့ အလွန်ဆန်းကြယ်တဲ့ ကျောက်တုံးတစ်ခုပါ။ ဒီကျောက်တုံးလေးက အလွန်ကို သမားရိုးကျအရာတော့ မဟုတ်လောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ရဲ့ ကျွမ်းကျင်တဲ့ရာဖြတ်တွေတောင်မှ အဲ့ဒါကို သတ်မှတ်လို့မရနိုင်လောက်အောင်ကို ထူးခြားနေခဲ့တာပါ။ ကျွန်မ လူတိုင်းကို ပြောနိုင်တာတစ်ခုကတော့ ဒီကျောက်တုံးလေး ဝတ်ထားမယ်ဆိုရင် ဆန်းကြယ်တဲ့ အကျိုးသက်ရောက်မှုကို ရရှိမှာဖြစ်ပါတယ်။ သူ့မှာ စိတ်ကို တည်ငြိမ်အေးချမ်းစေပြီး သက်တောင့်သက်သာဖြစ်စေတဲ့ အစွမ်းသတ္တိ ပိုင်ဆိုင်ထားခဲ့တာပါ။ အစက ကျွန်မတို့ လေလံစံအိမ်ရဲ့သူဋ္ဌေးကိုယ်တိုင် သိမ်းထားခဲ့ချင်ပေမယ့် ဒီပစ္စည်းလေးကို ပိုင်ဆိုင်ထားတဲ့သူက လေလံတင်ဖို့ ယုံကြည်စွာ အပ်နှံထားတာမလို့ သူ့ရဲ့ဆန္ဒအတိုင်း ကျွန်မတို့ လုပ်ပေးရုံသာ ရှိတော့တာပေါ့။ ဒါကြောင့်မို့ သူဋ္ဌေးကြီးကိုယ်တိုင် လိုချင်နေတဲ့ ဒီပစ္စည်းလေးကို လေလံပွဲမှာ ရှင်တို့ရနိုင်မလားဆိုတာတော့ ကျွန်မ စိုးရွံ့မိပါတယ်ရှင်။”

“ကြမ်းခင်းဈေးက ၁မီလီယံပါ။ တစ်ကြိမ်ဈေးတိုးပေးတိုင်းမှာ အနည်းဆုံး တစ်သန်းထက် မနည်းရပါဘူး။”

ထိုအခိုက်အတန့်တွင် ထန်ရှုက သူ၏စိတ်ဝိညာဉ်အာရုံအား ထုတ်လွှင့်လိုက်ပြီး ကျန်းရှင်းယာ ကိုင်ဆောင်ထားသည့် ဗန်းလေးထက်မှ ထုပ်ပိုးထားသည့် ပစ္စည်းအား လျင်မြန်စွာ စစ်ဆေးလိုက်သည်။ သူ၏ခံစားတွေ့ရှိချက်အရ ထိုအရာသည် အမှန်တကယ်ပင် စိတ်ဝိညာဉ်ကျောက်တုံးမှန်း သူ ဆုံးဖြတ်လိုက်ပြီးဖြစ်ပြီး အကောင်းဆုံး အရည်အသွေးပင် ရှိနေခဲ့သည်။

“ကမ္ဘာမြေက သေချာပေါက်ကို အင်မော်တယ်ကမ္ဘာနဲ့ ဆက်သွယ်မှုတစ်ခု ရှိတယ်။ နို့မဟုတ်ရင် ဒီလိုအဖိုးတန် ပစ္စည်းတွေ ဒီမြေပေါ်မှာ ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး။”

တွေးတောပြီး သက်ပြင်းကြိတ်ချကာ ထန်ရှုသည် ချက်ချင်းပင် ဈေးပေးလိုက်သည်။

သူသည် ကမ္ဘာမြေ၏လေလံပွဲတွင် တစ်ကြိမ်ဆင်နွှဲထားဖူးသောကြောင့် တစ်စုံတစ်ယောက်သည် သူတို့နှစ်သက်သော ပစ္စည်းအား အမှန်တကယ်ဝယ်ယူလိုပါက သူတို့၏ငွေကြေးအား နောက်ပိုင်းတွင် စတင်ပြသလိမ့်မည်ဖြစ်သည်။

“၁.၁ မီလီယံ။”

“၁.၂ မီလီယံ။”

ဧည့်သည်၂ယောက်၏လေလံဈေးပေးမှုအပြီးတွင် လေလံနေရာသည် တိတ်ဆိတ်သွားသည်။

ထိုအခြေအနေအား ကြည့်ပြီး ကျန်းရှင်းယာက သူမ၏စိတ်နှလုံးအား မဆုံးရှုံးစေရဘဲ အပြုံးလေးဖြင့်

“ရှေးတုန်းက ပြောကြတယ်။ ကျောက်စိမ်းက လူတွေကို ထောက်ပံ့မှုပေးသတဲ့။ ကျွန်မတို့လေလံစံအိမ်ရဲ့ ကျွမ်းကျင်ရာဖြတ်တွေက သည်ကျောက်တုံးလေးကလည်း လူတွေကို ထောက်ပံ့ပေးနိုင်ပြီး ကျန်းမာရေးကောင်းစေမယ်လို့ ယုံကြည်ထားကြတယ်။ ဆိုတော့ ကျွန်မက လူတိုင်း စိတ်အားထက်သန်စွာ လေလံဈေးပေးကြမယ်လို့ မျှော်လင့်ထားတယ်။ ကျွန်မတို့အတွက် အကျိုးကျေးဇူးဖြစ်ထွန်းစေတဲ့ပစ္စည်းတွေက အဖိုးလည်း ထိုက်တန်သလို ရှားလည်း ရှားပါးပါတယ်။”

“၂ မီလီယံ”

သူမ စကားဆုံးသွားသည်နှင့် တစ်စုံတစ်ယောက်က ချက်ချင်း ဈေးပေးလိုက်သည်။

“၂.၅ မီလီယံ”

“၂.၈ မီလီယံ”

“…”

“၈ မီလီယံ”

မိနစ်အနည်းငယ်အတွင်းတွင် ဈေးနှုန်းသည် ၈မီလီယံအထိ မြင့်တက်သွားသည်။ ကြမ်းခင်းဈေးထက် ၈ဆ ပိုများနေပြီဖြစ်သည်။ နောက်ဆုံးတွင် လူအနည်းငယ်သာ ထိုကျောက်တုံးအား လေလံဝင်ဆွဲကြပြီး ဈေးတိုးမြင့်ပေးသူမှာ နှစ်ယောက် ၃ယောက်သာ ရှိတော့သည်။

ထန်ရှုသည် ကျိချွိမိန်အား လှည့်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ သူမသည် ခုံနံပါတ်ပါသော ကတ်ပြားအား မြှောက်ပြကာ လေးနက်စွာ ပြောလိုက်သည်။

“၁၀ မီလီယံ”

“၁၁ မီလီယံ”

အသံတစ်သံ ထွက်ပေါ်လာသည်။

“၂၀ မီလီယံ”

ကျိချွိမိန်က သူမ၏ကတ်အား မြှောက်ပြကာ ထပ်ဈေးပေးလိုက်သည်။

“၅၀ မီလီယံ”

တစ်ဖက်လူမှလည်း လေးနက်သော အသံဖြင့် ဈေးပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် ရှေ့ဆုံးတန်းမှ လေလံဆွဲနေသော အဖိုးအိုသည် ကျိချွိမိန်အား လှည့်ကြည့်လာသည်။

ထူးမခြားသည့်ဟန်ဖြင့် ကျိချွိမိန်က သူမ၏ခုံနံပတ်ကတ်အား မြှောက်ကာ ဈေးထပ်ပေးလိုက်သည်။

“၁၀၀ မီလီယံ”

အဖိုးအို၏မျက်နှာ အနည်းငယ် ပျက်သွားပြီး စိတ်ဓာတ်ကျသွားသည့်ဟန်ဖြင့်  ကြည့်နေသည်။ အချိန်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် သူက ခုံနံပါတ်ကတ်အား မြှောက်ကာ ပြောလိုက်သည်။

“၂၀၀ မီလီယံ”

“၅၀၀ မီလီယံ”

ကျိချွိမိန်က သူမ၏ခုံနံပတ်ကတ်အား မြှောက်ကာ ဈေးထပ်ပေးလိုက်သည်။

ရုတ်ခြည်းပင် လေလံပွဲနေရာသည် ဝေါကနဲ ပွက်လောရိုက်သွားကာ လူအားလုံးသည် ကျိချွိမိန်အား ကြည့်လာကြသည်။ ကျောက်တုံးလေး၏ကြမ်းခင်းဈေးမှာ ၁မီလီယံမျှသာ ဖြစ်သောကြောင့် အစက ထိုသူများသည် ထိုကျောက်တုံး၏ဈေးနှုန်းအား နည်းနည်းမှပင် ဂရုမစိုက်မိကြချေ။ သို့သော် အချိန်တိုအတွင်း ၎င်း၏ဈေးနှုန်းသည် ၅၀၀မီလီယံအထိ မြင့်တက်သွားခဲ့ရာ ထိုမျှသောငွေကြေးသည် သည်လေလံပွဲတွင် ယခုချိန်တိုင်အောင် ပထမဆုံးသော ငွေကြေးပင် ဖြစ်တော့သည်။ မယုံကြည်နိုင်ဖွယ်ရာအဖြစ်ဆုံးအချက်မှာ သိန်းရာနှင့်ချီပြီး သို့မဟုတ် မီလီယံနှင့်ချီပြီး ဈေးတိုးပေးခြင်းမျိုးအား လက်ရှိလေလံဈေးပေးခြင်းတွင် မရှိခဲ့ဖူးရာ မီလီယံ ရာနှင့်ချီပြီး ပေးလိုက်ခြင်းသည် အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေရသည်။

“အာ… ဒီကျောက်တုံးက တကယ်ပဲ ရတနာတစ်ခု ဖြစ်နေလေရော့သလား။”

များလှစွာသော လူတို့က တိတ်တဆိတ် ခန့်မှန်းနေကြသည်။

ထိုအခိုက်အတန့်တွင် အဖိုးအိုသည် ကသိကအောက်ဖြစ်နေသော အမူအရာဖြစ်ပေါ်နေခဲ့သည်။ လူအများစုက သူ့အား သိကြသည်။ သူသည် ဟောင်ကောင်ရှိ လူချမ်းသာများတွင် တစ်ဦးအပါအဝင်ဖြစ်သော ဖျော်ဖြေမှုတောင်ပံကြီး ဂူဝေ့ဒေါင်ဖြစ်သည်။ သူသည် သက်တန့်ရောင်စံလေလံစံအိမ်၏ ရှယ်ယာပိုင်ရှင်များထဲမှ တစ်ယောက်လည်း ဖြစ်သည်။ ထိုကဲ့သို့ ဆန်းကြယ်ပြီး အကျိုးကျေးဇူးများလှဟန် ရှိသော ကျောက်တုံးအား တစ်စုံတစ်ယောက်သည် သူနှင့် ယှဉ်ပြိုင်ကာ ဈေးအမြင့်ဆုံးပေးလိမ့်မည်ဟု မထင်ထားခဲ့မိပေ။

၅၀၀မီလီယံသည် သူ့အတွက် ဘာမှ မဟုတ်သော်လည်း တစ်ဖက်လူ၏အမူအရာသည် ထိုကျောက်တုံးအား လုံးဝအရယူမည့်ဟန်ရှိသည်ကို သူ မြင်နိုင်သည်။ ထို့ကြောင့် သူသာ ဈေးတိုးပေးလိုက်ပါက တစ်ဖက်လူမှလည်း ဈေးထပ်ပေးလိမ့်မည်ကို သူ ကောင်းစွာ သတိပြုမိသည်။ ဖြစ်နိုင်သည်က သည်လေလံပွဲကြောင့် သူသည် ထိုသူများနှင့် ငြိသွားနိုင်ပေလိမ့်မည်။

ထို့ကြောင့် ထားလိုက်ပါတော့။ ကြည့်ရသည်မှာ သူသည် ထိုကျောက်တုံးလေးအား ရထိုက်သည့်ကံ ပါလာသည့်ဟန်မရှိပါချေ။

ဂူဝေ့ဒေါင်က ခေါင်းကို ယမ်းကာ စွန့်လွှတ်လိုက်သည်။

ထိုအချိန်တွင် ကျန်းရှင်းယာ၏အကြည့်များသည် ကျိချွိမိန်ဆီတွင် ရှိမနေဘဲ ထန်ရှုထိုင်နေသည့် နေရာပေါ်တွင် ကျရောက်နေသည်။ ထန်ရှုအား သည်နေရာတွင် တွေ့ရလိမ့်မည်ဟု သူမ ထင်မထားမိခဲ့ပေ။ ထန်ရှုသည်လည်း သူမအား  ကြည့်နေသည်ကို ကျန်းရှင်းယာ တွေ့ရှိသွားသောအခါ သူမ၏မျက်နှာထက်မှ အပြုံးသည် ပိုမိုတောက်ပလာသည်။ သတိမထားမိလိုက်ဘဲ ထန်ရှုအား မသိမသာ ခေါင်းညိတ်ပြလိုက်မိရင်း သူမက အပြုံးဖြင့် စကားဆိုလိုက်သည်။

“ကြည့်ရတာ တစ်စုံတစ်ယောက်က ပုလဲတစ်လုံးကို အကဲဖြတ်နိုင်တဲ့ အမြင်စွမ်းရည် ရှိတယ်နဲ့တူတယ်ရှင့်။ ခုံနံပါတ် ၀၁၂၅က ဂုဏ်သရေရှိအမျိုးသမီးက မီလီယံ၅၀၀ ပေးထားပါတယ်။ တစ်စုံတယောက်ကများ ဈေးထပ်ပိုပေးချင်ပါသေးလား။ မရှိတော့ဘူးဆိုရင်တော့ ဒီအဖိုးတန်ကျောက်တုံးလေးကို ၀၁၂၅က ဂုဏ်သရေရှိအမျိုးသမီးက ပိုင်ဆိုင်သွားမှာ ဖြစ်ပါတယ်။”

***

All Chapters