← Chapters

ပစ္စည်းများအား အောင်မြင်စွာ ရရှိခြင်း

Vol. 06 Ch. 278

ပစ္စည်းများအား အောင်မြင်စွာ ရရှိခြင်း

Vol. 06 Ch. 278

လေလံပွဲမှ ရာပေါင်းများစွာသော ဧည့်သည်များသည် တိတ်ဆိတ်သွားကြသည်။ ထိုကျောက်တုံးလေးအား မီလီယံ၅၀၀နှင့် ဝယ်ယူခြင်းသည် မတန်လှချေဟု တွေးမိနေကြသည်။

လူတိုင်းက ကျိချွိမိန်အား အနည်းငယ်ထူးဆန်းသော အမူအရာဖြင့် ကြည့်နေကြသည်။

လူအများအပြားက စိတ်တွင်းမှ ကြိတ်ကာ အတင်းပြောနေကြသည်။

“ဒါ မီလီယံပေါင်းများစွာ ချမ်းသာသူတွေရဲ့ ဖြုန်းတီးမှုများလား။”

တစ်ဖက်တွင် လေလံပွဲတင်ဆက်သူ ကျန်းရှင်းယာသည် မည်သူမျှ လေလံဈေးနှုန်းအား ထပ်မတိုးချင်သည်ကို မြင်နေရသောကြောင့် ပြုံးလိုက်ပြီး

“လူကြီးမင်းတို့ထဲက ဘယ်သူမှ ထပ်မတိုးကြဘူးဆိုရင်တော့ သည်ကျောက်တုံးကို ခုံနံပါတ်၀၁၂၅က ဂုဏ်သရေရှိ အမျိုးသမီးက ပိုင်ဆိုင်သွားပြီဖြစ်ပါတယ်။ စင်မြင့်နောက်ကို အခု သွားပြီး ပေးချေမှု ပြုလုပ်မလား လေလံပွဲပြီးတဲ့အထိ စောင့်ပြီးမှ ပေးချေမှုကိုလည်း ပြုလုပ်မလားရှင်။”

“ကျွန်မ အခုပဲ သွားလိုက်မယ်။”

ကျိချွိမိန်က ရပ်လိုက်ပြီး ထန်ရှုဆီသို့ ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်ပြီးနောက် ထွက်ခွာသွားသည်။

သို့သော်လည်း သူမ၏အပြုအမူကြောင့် လူအများစု၏အကြည့်များသည် ထန်ရှုဆီသို့ ရောက်ရှိလာသည်။

ကျန်းရှင်းယာပင်လျှင် အံ့အားသင့်သွားသည်။ သူမသည် အခန်းဖော်သူငယ်ချင်းဖြစ်ခဲ့သူ အိုးရန်လူလူအား ထန်ရှုအကြောင်း မေးမြန်းခဲ့ပြီးဖြစ်သည်။ အိုးရန်လူလူက ထန်ရှုအကြောင်းများစွာ မပြောခဲ့သော်လည်း သူမ ပြောခဲ့သည်အရာများကပင် တိတ်တဆိတ် အံ့သြတုန်လှုပ်နေစေရန် လုံလောက်နေပြီဖြစ်တော့သည်။

လေလံပွဲသည်  ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် စိတ်ဝိညာဉ်ကျောက်တုံးနှင့်အတူ ကျိချွိမိန် ပြန်လည်ရောက်ရှိလာသည်။ သူမသည် ထန်ရှုအား လှမ်းပေးလိုက်ရင်း လေသံတိုးတိုးဖြင့်

“လေးစားရတဲ့သခင်… ကျွန်မတို့ ဝယ်ဖို့လိုအပ်တာကို အောင်အောင်မြင်မြင် ရခဲ့ပြီဆိုတော့ ပြန်ကြမလား။ ဒါမှမဟုတ် လေလံပွဲမှာ ဆက်ကြည့်ဦးမလား။”

ထန်ရှု တစ်ချက်တွေးတောလိုက်ပြီးမှ ပြန်ဖြေလိုက်သည်။

“ခင်ဗျား အရင်ပြန်နှင့်လိုက်ပြီး ဒီကျောက်တုံးကို ယူသွားပါ။ အားဝမ်ကို အဖော်ခေါ်သွားချေ။ ကျွန်တော် ဒီမှာ အခြားဝယ်ဖို့ကောင်းတာလေးတွေ ရှိမရှိ ကြည့်ဖို့ နေခဲ့ဦးမယ်။”

“ကောင်းပြီ သခင်။”

ကျိချွိမိန်က နာခံလိုက်ပြီး စိတ်ဝိညာဉ်ကျောက်တုံးအား သူမအား မပေးမီ ကြည့်ရှုစစ်ဆေးနေသော ထန်ရှုအား ကြည့်ရင်း စောင့်နေသည်။ တစ်စုံတစ်ခုအား သတိရသွားသည့်အလား ကျိချွိမိန်က ဘဏ်ကတ်တစ်ကတ်အား ထုတ်လိုက်ပြီး ထန်ရှုအား လှမ်းပေးကာ

“သခင်… ဒီထဲမှာ ၉.၅ ဘီလီယံ ရှိနေသေးတယ်။ သခင်နှစ်သက်တာတွေ့ခဲ့ရင် လွတ်လွတ်လပ်လပ် ဝယ်နိုင်ပါတယ်။”

သူ့တွင် ပိုက်ဆံပါမလာသောကြောင့် ထန်ရှုသည် ငြင်းဆန်ခြင်းမပြုချေ။ ထိုကတ်အား ယူထားလိုက်ပြီး ကျိချွိမိန် ထွက်ခွာသွားသည်ကို ကြည့်နေရင်း သူမသည် အမှန်တကယ်ပင် စဉ်းစားပေးတတ်သည်ကို ဝမ်းနည်းနေမိသည်။

ငွေကြေး၊ ကြွယ်ဝမှု … ထိုအရာသည် စကားနှင့်ဖော်ပြနိုင်ရုံ ပိုင်ဆိုင်မှုများသာ ဖြစ်သည်။

သူသည် ငွေကြေးကြွယ်ဝမှုအား ဂရုမစိုက်သော်လည်း သူ၏ကျင့်ကြံမှုအတွက် အရင်းအမြစ် ပြတ်လတ်နေသည်။ ယုံကြည်ရသော သစ္စာရှိလက်အောက်ငယ်သားများအား ချက်ချင်း လေ့ကျင့်ပေးလိုသည်။ အကျိုးဆက်အားဖြင့် ၎င်းသည် အရင်းအမြစ်များစွာ လိုပေလိမ့်မည်။ သူ့တွင် ပိုက်ဆံမရှိပါက များပြားလှသောကိစ္စရပ်များအား  ကိုင်တွယ်ရန် ခက်ခဲလိမ့်မည်ဖြစ်သည်။ ယခင်ကဆိုလျှင် ထာဝရခန်းမမှ ငွေကြေးယူရသည်ကို အနေရခက်လိမ့်မည်ဖြစ်သော်လည်း ယခုမူ သူသည် ကျိချွိမိန်အား ဆေးလုံးသန့်စင်ဖော်စပ်ရန် အဖိုးမဖြတ်နိုင်သည့် ပါဝင်ပစ္စည်းများစွာ ပေးထားပြီဖြစ်သောကြောင့် ထိုကဲ့သို့ အနေရခက်မှုမျိုးတော့ မဖြစ်တော့ပေ။

သို့သော်လည်း ကျိချွိမိန် ထွက်ခွာသွားပြီး ၂မိနစ်အကြာတွင် လေလံစင်မြင့်ထက်မှ ကျန်းရှင်းယာက အပြုံးဖြင့် ပြောဆိုလိုက်သည်။

“အခုပြသမယ့် ပစ္စည်းလေးကတော့ သက်တမ်းရင့်ဂျင်ဆင်းတစ်ခုဖြစ်ပါတယ်။ ကျွန်မသိရသလောက်ဆိုရင် ကျင်းမန်ကျွန်းမှာ ကျင်းပခဲ့တဲ့ လေလံပွဲမှာလည်း ဒီလိုဂျင်ဆင်းတစ်ခုကို လေလံတင်ခဲ့ဖူးပါတယ်။ ဒီတစ်ခုကိုပါ ထပ်ပေါင်းတွက်မယ်ဆိုရင် လွန်ခဲ့တဲ့၃နှစ်အတွင်း လေလံပွဲတွေမှာ မမြင်ခဲ့ရဖူးတဲ့ အရာ၂ခု ဒီနှစ်ထဲမှာ ထွက်ပေါ်ခဲ့တာပါ။ ဒီဂျင်ဆင်းရဲ့ကြမ်းခင်းဈေးက ၁၀၀မီလီယံဖြစ်ပြီး တစ်ခါတိုးတိုင်းမှာ ၅မီလီယံအောက် နည်းလို့မရပါဘူး။ အခု လေလံပွဲ စလိုက်ကြရအောင်လားရှင်။”

ထန်ရှု၏မျက်ဝန်းများထဲမှ အရောင်များလက်လာသည်။ သူသည် လေလံပွဲ၏ကတ်တလောက်ကို မဖတ်ရသေးသောကြောင့် စိတ်ဝိညာဉ်ငြိမ်သက်ကျောက်တုံးအပြင် အခြားမည်သည့်အရာများ ပါဝင်မှန်း မသိထားချေ။ သူ၏စိတ်ဝိညာဉ်အာရုံသည် လင်ဗန်းထဲမှ သက်တမ်းရင့်ဂျင်ဆင်းအား ဖုံးလွှမ်းသွားလိုက်သောအခါ သူ၏အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။

“နှစ်၃ထောင်ဂျင်ဆင်းများလား။”

ချက်ချင်းဆုံးဖြတ်ချက်တစ်ခု ချလိုက်ကာ ထန်ရှုသည် သူ၏ဖုန်းအား ကိုင်လိုက်ပြီး မိုအားဝမ်ဆီ ဆက်လိုက်သည်။

“ဟုတ်ကဲ့ သူဋ္ဌေး။” မိုအားဝမ်၏အသံ ထွက်ပေါ်လာသည်။

“ကျိချွိမိန်ကို ပြန်လာဖို့ ပြောပေးပါ။”

ထန်ရှုက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

“ဟုတ်…”

ဖုန်းပြောပြီးသည်နှင့် သူ၏အကြည့်များသည် နှစ်၃ထောင်ဂျင်ဆင်းပေါ်တွင်သာ မြဲမြံနေတော့သည်။

“၁၅၀ မီလီယံ။”

ဆယ်စက္ကန့်တိတ်ဆိတ်သွားပြီးနောက် တစ်စုံတစ်ယောက်မှ မီလီယံ၅၀ထိ တန်းတိုးပေးလိုက်သည်။ လူအများအပြားက မျက်မှန်နှင့် ထိုလူအား သိကြသည်။ ဟောင်ကောင်မှ ထင်ပေါ်ကျော်ကြားသူ ခယ်ကျန်းထောင်ဖြစ်သည်။

“၁၆၀ မီလီယံ”

လူအများအပြားသည် ခယ်ကျန်းထောင်အား သိလင့်ကစား သူတို့သည် ထိုသက်တမ်းရင့်ဂျင်ဆင်းအား ရယူရန် ဆုံးဖြတ်ထားသောကြောင့် သည်တစ်ကြိမ်တွင် နောက်ဆုတ်မပေးလိုကြချေ။

“၂၀၀ မီလီယံ”

ခယ်ကျန်းထောင် ဈေးထပ်တိုးပေးလိုက်သည်။

“၂၁၀ မီလီယံ”

“၂၅၀ မီလီယံ”

“၂၆၀ မီလီယံ”

“၂၇၀ မီလီယံ”

“…”

လူတစ်ဒါဇင်ခန့်က ဈေးအား အဆက်မပြတ်တိုးပေးနေသောကြောင့် ဂျင်ဆင်း၏ဈေးနှုန်းမှာ တရိပ်ရိပ် မြင့်တက်နေခဲ့သည်။ ၅မိနစ်မှ ၆မိနစ်အတွင်း ၃၅၀ မီလီယံ ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ သို့သော် ဦးဆောင်နေသူမှာ ခယ်ကျန်းထောင်သာ ဖြစ်သည်။

ကျိချွိမိန် ပြန်ရောက်လာသည်ကို ကြည့်ပြီး ထန်ရှုက ခပ်ဖွဖွ ပြောလိုက်သည်။

“သက်တမ်းရင့်ဂျင်ဆင်းတစ်ခုကို အခု လေလံတင်နေတယ်။ ဘယ်ဈေးပဲဖြစ်ဖြစ် ကျွန်တော်တို့ ဝယ်ရမယ်။ အဲ့ဒါက ယန်အာကို အကြီးအကျယ် အကျိုးရှိစေလိမ့်မယ်။”

ကျိချွိမိန်၏အမူအရာ ပြောင်းသွားကာ အလျင်စလို မေးလိုက်သည်။

“သခင် ဈေးနှုန်းက အခု ဘယ်လောက်ဖြစ်သွားပြီလဲ။”

“၃၅၀ မီလီယံ”

သူမက ခေါင်းညိတ်ပြပြီး ခုံနံပါတ်ကတ်အား ထောင်လိုက်ကာ အော်လိုက်သည်။

“၅၀၀ မီလီယံ”

“ဝိုး…”

လေလံပွဲတစ်ခုလုံးသည် ကျိချွိမိန်၏အော်သံကြောင့် အုတ်အုတ်ကျက်ကျက် ထပ်မံဖြစ်သွားရပြန်သည်။ လေလံပွဲကို လာရောက်ကြသည့် ရာပေါင်းများစွာသော လူချမ်းသာများ၏တီးတိုးစကားသံများ ထွက်လာကြသည်။

“အဲ့ဒီအမျိုးသမီးကြီးက ဘယ်သူလဲ။ ခုနကမှ ကျောက်တုံးတစ်တုံးကို ၅၀၀မီလီယံနဲ့ ဝယ်သွားတယ်။ အခုလည်း ချက်ချင်း ၁၅၀မီလီယံ တိုးပေးလိုက်ပြန်ပြီ။ သူမရဲ့ပိုက်ဆံတွေကို မီးရှို့ချင်နေတာလား။”

“ဒီဂျင်ဆင်းက အများဆုံးရှိမှ ၁.၂ ဘီလီယံမဟုတ်လား။ ဒါပေမယ့် အဲ့ဒါကို ၅၀၀မီလီယံ သုံးတာက ဖြုန်းတီးရာ မကျဘူးလား။”

“သူမရဲ့ပုံရိပ်က ဘာများလဲ။ အရင်တုန်းက ဘာလို့များ မတွေ့ဖူးတာပါလိမ့်။”

“သူမအကြောင်း စုံစမ်းဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်။ လေလံပွဲမပြီးခင် သိဖို့လိုတယ်။”

“ဒီနေ့ညကတော့ တကယ်ကို ပွဲကြီးပွဲကောင်းတစ်ခု ကြည့်ရတာပဲ။ ဒါပေမယ့် ငါ့ကို သက်တမ်းရင့်ဂျင်ဆင်းရိုင်းလေးတစ်ခုကို ၅၀၀မီလီယံ သုံးခိုင်းစေချင်ရင်တော့ လုံးဝကို ဟင့်အင်းလို့  ငြင်းရမှာပဲ။ လက်လျော့ပေးလိုက်နိုင်တယ်။”

“…”

“၆၀၀ မီလီယံ”

ခန်းမ၏နောက်နားဆီမှ စာကြည့်မျက်မှန်တပ်ကာ တရုတ်ရိုးရာဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ယောက်က ရုတ်တရက် သူ၏နံပါတ်ကတ်ပြားအား  မြှောက်ကာ  ဈေးတိုးပေးလိုက်သည်။ လူတိုင်း၏အကြည့်များသည် ထိုသူထံသို့ ရောက်သွားသောအခါ ထိုသူများ၏အမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားသည်။

လီကျွီရန်လား။

ဈေးတိုးပေးလိုက်သောသူမှာ လီကျွီရန်ဖြစ်မည်မှန်း မည်သူမျှ ထင်မထားမိကြချေ။ သူတို့အားလုံး လီကျွီရန်သည် လေလံစံအိမ်သို့ ရောက်ရှိနေမှန်းပင် မသိထားကြပေ။

ထန်ရှုလည်း လှည့်ကြည့်ရာ လီကျွီရန်ကို မြင်သော် သူ၏မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားရသည်။ သူသည် ဟောင်ကောင်မှ စူပါဘီလျံနာ သူဋ္ဌေးကြီးများစွာအား မသိသော်လည်း လီကျွီရန်အား သူ သိပေသည်။ ထိုလူသည် အာရှတွင် ဒဏ္ဍာရီလာ အချမ်းသာဆုံးဖြစ်ပြီး သူ၏ဓာတ်ပုံများအား ထန်ရှု မကြာခဏ မြင်ဖူးထားသည်။

ကျိချွိမိန်သည် နောက်သို့လှည့်ကြည့်လိုက်သည်။ သူမ၏နံပါတ်အား တစ်ဖန် မြှောက်လိုက်ကာ လေးနက်သောအသံဖြင့် ထပ်အော်လိုက်သည်။

“၁ဘီလီယံ”

“ဘာ”

လေလံပွဲတစ်ခုလုံးရှိ ဧည့်သည်များ ကြက်သေ သေသွားကြသည်။ ကျိချွိမိန်က လီကျွီရန်အား သက်တမ်းရင့် ဂျင်ဆင်းရိုင်းတစ်ခုအတွက် ၄၀၀ မီလီယံအထိ တိုးပေးကာ ယှဉ်ပြိုင်ရဲလိမ့်မည်ဟု သူတို့ မထင်ထားကြချေ။

နောက်တန်းမှ လီကျွီရန်ကိုယ်တိုင်ပင် အံ့သြသွားရသည်။ တစ်စုံတစ်ယောက်က လေလံဈေးအား ၁ဘီလီယံအထိ တိုးပေးလိမ့်မည်ဟု သူ မတွေးထားခဲ့ပါချေ။ အစက သူ ယုံကြည်ထားသည်မှာ သူ၏လေလံဈေး ၆၀၀မီလီယံသည် ပွဲသိမ်းရိုက်ချက်ဖြစ်ပြီး ဂျင်ဆင်းသည် သူ့ဟာ ဖြစ်လာလိမ့်မည်ဟုသာ။ သူသည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးမှ ကတ်အား တစ်ဖန်မြှောက်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“၁.၁ ဘီလီယံ”

“၂ ဘီလီယံ”

ကျိချွိမိန်က ငွေကြေးအား  ဂရုမစိုက်ချေ။ ပိုက်ဆံအား မီးရှို့ရမည်ဆိုပါလျှင်တောင်မှ နှစ်သုံးထောင်ဂျင်ဆင်းထက် သက်တမ်းပိုသော ဂျင်ဆင်းများအား ရရှိစေရန် သူမ လုပ်ရပေမည်။ သူမ၏ဆရာသခင်အတွက် ထိုအရာများသည် အကျိူးကျေးဇူးအနည်းငယ်မျှသာ ပေးနိုင်သော အရာများသာ ဖြစ်သည်။ ထိုအထဲမှ တစ်ခုကို သူမ ရှာတွေ့မည်ဆိုပါက ငွေကြေး သုံးစွဲသည်ကို အသာထား သတ်ဖြတ်လုယူရမည်ဆိုပါလျှင်တောင် သူမ လုပ်မည်သာဖြစ်သည်။

လီကျွီရန် တွေဝေသွားပြီးနောက် ခေါင်းကို ယမ်းလိုက်သည်။ သူသည် အမှန်တကယ်ချမ်းသာပြီး ၂ဘီလီယံသည် သူ့အတွက် အနည်းအကျဉ်းမျှသာ ဖြစ်သော်လည်း ထိုဂျင်ဆင်းအား ဝယ်ယူရန်အတွက် မထိုက်တန်ဟု သူထင်သည်။

သူသည် စီးပွားရေးသမားတစ်ယောက်ဖြစ်သည်။ ငွေကြေးသုံးဖြုန်းရာတွင် သတ်မှတ်ထားသော စံနှုန်းရှိသည်။ ဝယ်ယူရန် မထိုက်တန်သော အရာများအတွက် ဝယ်ယူရန် ယှဉ်ပြိုင်လိမ့်မည်မဟုတ်ချေ။

လေလံပွဲမှ ရာပေါင်းများစွာသော သူဋ္ဌေးများသည် ပြောစရာစကားများ ပျောက်ဆုံးသွားသကဲ့သို့ ရှိကြပြီး မည်သို့စကားဆိုရမည်ကိုပင် မသိကြတော့ချေ။ သူတို့သည် ကျိချွိမိန်အား ထူးဆန်းသော အမူအရာဖြင့်သာ  ကြည့်နေမိကြသည်။

ကျိချွိမိန်သည် လီကျွီရန်အား ယှဉ်ပြိုင်ရဲလိမ့်မည်ဟု မည်သူတစ်ဦးတစ်ယောက်ကမျှ တွေးမထင်ကြချေ။ သူမကမူ ရုတ်ခြည်းပင် ၉၀၀မီလီယံတိုးပေးလိုက်ရာ ဂျင်ဆင်းသည် ၂ဘီလီယံအထိပင် ဈေးနှုန်းရသွားခဲ့သည်။

ထိုအခိုက်အတန့်တွင် ကျန်းရှင်းယာသည်လည်း အံ့သြတုန်လှုပ်လျက်ရှိသည်။ သူမသည်လည်း ဂျင်ဆင်းသည် ၂ဘီလီယံအထိပင် ဈေးနှုန်းရသွားခဲ့လိမ့်မည်ဟု ထင်မထားချေ။ အစက ထိုဂျင်ဆင်းသည် ၅၀၀မီလီယံရလျှင်ပင် သူ့အကန့်အသတ်ဖြစ်သည်ဟု တွေးထားခဲ့သည်။ သို့သော် ယခု သူမ မျှော်လင့်ထားသည်ထက် ၄ဆမြင့်မားနေခဲ့သည့်ပုံရှိသည်။

သို့သော်လည်း သူမသည် စိတ်တွင်းမှ ကြိတ်ပျော်ရုံပဲရှိပါသေးသည်။ သူမနှင့် လေလံစံအိမ်ကြားရှိ သဘောတူညီမှုစာချုပ်အရ လေလံပစည်းတစ်ခု ရောင်းထွက်တိုင်း ကော်မရှင်အနေဖြင့် တစ်ထောင်ပုံတစ်ပုံ ရရှိမည်ဖြစ်သည်။ ကြမ်းခင်းဈေး၏ ၁၀ဆခန့်မြင့်တက်သွားပါက တစ်ထောင်ပုံနှစ်ပုံ ကော်မရှင်ခ ရရှိမည်ဖြစ်သည်။

“ဒီညအတွက် ကော်မရှင်ခကတော့ ဂဏန်း၈လုံးထက် နည်းမှာမဟုတ်ဘူးပေါ့။”

ကျန်းရှင်းယာ စိတ်တွင်းမှ အူမြူးနေခဲ့သည်။

ချက်ချင်းပင် သူမသည် လီကျွီရန်က ဈေးတိုးပေးလိုဟန်မရှိသည်ကို သတိပြုမိလိုက်သောကြောင့် စကားစလိုက်သည်။

“ဈေးထပ်ပေးမယ့်သူ ရှိဦးမလားရှင်။ မရှိတော့ဘူးဆိုရင်တော့ ဒီဂျင်ဆင်းကို ခုံနံပါတ်၀၁၂၅က ဂုဏ်သရေရှိအမျိုးသမီးကြီးက ရရှိသွားပြီဖြစ်ပါတယ်။ ဒီဂျင်ဆင်းလေး ရသွားတဲ့အတွက် ဂုဏ်ပြုပါတယ်ရှင်။”

အကြိမ်အနည်းငယ်ခန့် မေးသော်လည်း မည်သူမျှ ထွက်မလာသောကြောင့် ကျန်းရှင်းယာက ကြေညာပေးလိုက်ခြင်းဖြစ်ပေသည်။

ကျိချွိမိန်သည် စင်မြင့်အနောက်ဘက်သို့ ငွေပေးချေမှုများ ပြုလုပ်ရန် ဝင်သွားခဲ့သည်။

နောက်လေလံပစ္စည်းများတွင် ထန်ရှု မပါဝင်တော့ချေ။

ည၁၀နာရီ…

လေလံပွဲ ပြီးဆုံးခဲ့ပြီဖြစ်သည်။ ဧည့်သည်များသည်လည်း မတ်တတ်ရပ်ကာ ထွက်ခွာရန် အဆင်သင့်ရှိနေကြသည်။ ကျန်းရှင်းယာသည် သူမ၏အဖြူရောင်လက်အိတ်အား ချွတ်ကာ ထန်ရှု၏အရှေ့သို့ ပြုံးကာရောက်လာသည်။ သူမ၏အကြည့်များသည်  ကျိချွိမိန်ဆီသို့ တစ်ချက် ရောက်သွားပြီးမှ ထန်ရှုဆီသို့ ရောက်လာသည်။

“ဟယ်လို မစ္စတာထန် ကျွန်မတို့ ထပ်တွေ့ကြပြန်ပြီနော်။”

သူမအား ခေါင်းညိတ်ပြရင်း လူအများအပြားက သူမအား ကြည့်နေသည်ကို ထန်ရှု သဘောပေါက်လိုက်သောကြောင့် ချက်ချင်း တုံ့ပြန်လိုက်သည်။

“မိသားစုဝင်ရော ကျန်းမာပါရဲ့လား။ ခင်ဗျားလိုအပ်တဲ့ ဆေးဝါး ရသွားတယ်လို့ ကျွန်တော် ချန်းကျီကျုံးဆီက ကြားပါတယ်။”

ကျန်းရှင်းယာက အေးချမ်းစွာ ခေါင်းညိတ်ပြရင်း ကျေးဇူးတင်သော အမူအရာဖြင့် ပြန်ဖြေလာသည်။

“သူ ကျန်းမာနေပါပြီ။ ကျေးဇူးတင်ပါတယ် မစ္စတာထန်။ ရှင့်ကြောင့်သာ မဟုတ်ရင် ကျွန်မ….”

လက်ကို မြှောက်ကာ သူမအား စကားဖြတ်လိုက်ပြီး ကျိချွိမိန်အား လှည့်ကြည့်လိုက်ကာ

“အားဝမ်က ခင်ဗျားကို ဗစ်တိုးရီးယား ဆိပ်ကမ်းကို စောင့်ရှောက်ပြီး လိုက်ပို့လိမ့်မယ်။ ကျင်းမန်ကျွန်းကို ချက်ချင်းပြန်ပြီး ဒီဂျင်ဆင်းကိုလည်း ယူသွားပါ။ ယန်အာကို ဆေးမကုမီ ကျွန်တော် ပြန်လာတာကို စောင့်ပေးပါ။”

“နားလည်ပါပြီ။” သူမ၏အိုမင်းသော မျက်နှာထက်တွင် လေးစားမှုအား ဖော်ပြလျက် ကျိချွိမိန်က နာခံကာ မိုအားဝမ်နှင့်အတူ ထွက်ခွာသွားသည်။ မိုအားဝူက ထန်ရှု၏ဘေးတွင် လှံတစ်ချောင်းသဖွယ် မတ်မတ်ကြီး ရပ်နေသည်။

ကျိချွိမိန် ထွက်ခွာသွားသည်ကို ကျန်းရှင်းယာက တအံ့တသြ ကြည့်နေရင်း ထန်ရှုအား ပြန်လှည့်ကြည့်ကာ စပ်စုလိုက်သည်။

“ထန်ရှု…ဒီအမျိုးသမီးကြီးကို ရှင် သိတာလား။ ရှင့်စကားကို နားထောင်နေတာကို  ကြည့်ရတာ…”

“ကျွန်တော့်ရဲ့လက်အောက်ငယ်သားပါ။”

ထန်ရှုက အေးချမ်းစွာ ပြောလိုက်သည်။

***

All Chapters