လီကျွီရန်၏ဖိတ်ကြားမှု
Vol. 06 Ch. 279
ကျန်းရှင်းယာသည် တုန်လှုပ်စွာဖြင့် ထန်ရှုအား ကြည့်ရင်း အာစေးမိနေခဲ့ကာ သူမ ကြားလိုက်ရသည်ကို ယုံကြည်ရန် ခက်ခဲလျက်ရှိသည်။ သူမ၏ရင်ခုန်သံသည် ယခင်ကထက်ပင် ပိုမိုမြန်လာသယောင် ရှိသည်။
သူ့ရဲ့လက်အောက်ငယ်သားတဲ့လား။
ယွမ်ဘီလီယံပေါင်းများစွာဖြင့် လေလံဝင်ဆွဲကာ လေလံပွဲလာသူများအား အံ့သြတုန်လှုပ်စေခဲ့ပြီး လီကျွီရန်ကိုပင် မျက်နှာသာ မပေးခဲ့သော ထိုအမျိုးသမီးကြီးသည် ထန်ရှု၏ လက်အောက်ငယ်သားတဲ့လား။
တစ်နည်းဆိုရပါလျှင် သူမ ဝယ်သွားခဲ့သော ကျောက်တုံးနှင့် ဂျင်ဆင်းသည် သူမ၏ဆရာသခင် ထန်ရှုအတွက်ပေလား။
သူမအား ကြည့်ရင်း ထန်ရှု ရယ်ချင်သွားရသည်။
သူမ၏ကြက်သေ သေနေသော မျက်နှာလေးသည် အတော်ပင် ချစ်စရာကောင်းသည်ကို သူ တွေ့ရှိရပြီး အထူးသဖြင့် သူမ၏မျက်ဝန်းနက် တောက်တောက်လေးများနှင့် ချစ်စရာကောင်းလှသည့် တုန်လှုပ်သွားသောအကြည့်လေးသည် ချစ်စရာကြောင်ကလေးတစ်ကောင်သဖွယ်ဖြစ်သည်။
ရုတ်တရက် ထန်ရှု၏မျက်နှာသည် ဝင်းလက်သွားကာ မေးလိုက်သည်။
“မင်းမှာ တခြားလုပ်စရာတစ်ခုခု ရှိသေးလား။”
တံတွေးတစ်ချက်မျိုချလိုက်ရင်း ငေးကြောင်နေရာမှ နိုးလာသော ကျန်းရှင်းယာက ခေါင်းခါပြလိုက်ကာ
“လေလံတင်ဆက်တာပြီးသွားရင် ကျွန်မမှာ ဘာမှလုပ်စရာ မရှိဘူး။”
“မင်း ဟောင်ကောင်နဲ့ ရင်းနှီးကျွမ်းဝင်လား။” ထန်ရှုက မေးသည်။
“ဒါပေ့ါ။ ကျွန်မက ဒီကပဲလေ။”
“အဲ့ဒါဆို မင်းမှာ အချိန်ရှိလား။ ဟောင်ကောင်ကို ရောက်ဖူးတာ ဒါ ပထမဆုံးအကြိမ်လေ။ မနက်ဖြန်ကျရင် ပြန်ရတော့မယ်။ ညက နုပျိုလတ်ဆတ်နေသေးတယ်။ ကျွန်တော်လည်း ဒီအနီးနား လျှောက်ကြည့်ဖို့ အချိန်မရဘူးဆိုတော့ တစ်နေရာရှာပြီး တစ်ခုခု စားကြမလား။”
ထန်ရှုက အပြုံးဖြင့် ပြောသည်။
“ရှင်က မနက်ဖြန် သွားတော့မှာလား။” ကျန်းရှင်းယာက အံ့အားသင့်စွာ မေးသည်။
“ဟုတ်တယ်။ ကျွန်တော် ပြည်ပမှာလုပ်စရာရှိလို့ သွားရဦးမယ်။” ထန်ရှုက ပြန်ဖြေသည်။
“အဲ့ဒါဆို ခဏစောင့်ပါဦး။ ကျွန်မရဲ့အိတ်ကလေး သွားယူလိုက်ဦးမယ်။ ဟောင်ကောင်က အစားအသောက်သုခဘုံလို့ ကျော်ကြားတယ်လေ။ ရှင့်ကို ဒေသထွက် ထူးခြားတဲ့အစားအစာတွေကို မြည်းစမ်းကြည့်ဖို့ ခေါ်သွားပေးမယ်။”
ကျန်းရှင်းယာ၏အနောက်မှ လူတစ်ချို့အား တွေ့လိုက်ရသောကြောင့် ထန်ရှု မျက်ခုံးတွန့်သွားသည်။
လီကျွီရန်သည် အသက်ကြီးပြီဖြစ်သော်လည်း သူ၏ဘော်ဒီသည် ကျစ်လျစ်သန်မာဆဲဖြစ်ကာ အကူအညီမလိုသေးချေ။ သူ၏ခြေလှမ်းတိုင်းသည် တည်ငြိမ်မှန်ကန်ဆဲဖြစ်သည်။ သူ၏ဘေးတွင် ပါရှိသော လူလတ်ပိုင်းအရွယ် သက်တော်စောင့်နှစ်ယောက်သည် သူ့အား အဖော်လုပ်ပေးရန်လိုက်လာသည်။
“ညီလေး… မင်းရဲ့နာမည် သိပါရစေလား။”
“ထန်မျိုးရိုးက ထန်ရှုပါ။”
လီကျွီရန်က ဖြည်းညှင်းစွာ ခေါင်းညိတ်ပြကာ ထန်ရှုရှေ့တွင် ရပ်လိုက်သည်။ သူက အပြုံးဖြင့်
“ငါထင်တာ မှန်ရင် ငါနဲ့ယှဉ်ပြိုင်ပြီး ဂျင်ဆင်းဝယ်သွားတဲ့ အမျိုးသမီးကြီးကို မင်း သိနေတယ် ဒါမှမဟုတ် မင်းနဲ့ နက်ရှိုင်းတဲ့ ဆက်ဆံရေးတစ်ခုရှိတယ် ဟုတ်တယ်မလား။”
“ခင်ဗျားထင်တာ မှန်ပါတယ်။ သူမက ကျွန်တော့်လက်အောက်ကပါ။”
ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
လီကျွီရန် တစ်ခဏမျှ တွေတွေကြီး စိုက်ကြည့်မိသွားသည်။ ထိုအမျိုးသမီးသည် သူ၏အရှေ့မှ လူငယ်၏လက်အောက်ကမှန်း သူ ထင်မထားမိခဲ့ပေ။ သူက ချက်ချင်း ပြုံးလိုက်ပြီး
“ညီလေးထန်… ကြည့်ရတာ မင်းက အတော်စိတ်ဝင်စားဖို့ကောင်းပြီး ရှာမှရှားတဲ့လူငယ်လေးပဲ။ ညီလေးပြောတဲ့အတိုင်း သာဆိုရင် အသက်ကြီးတဲ့ သူမကို နိုင့်ထက်စီးနင်း လုပ်ထားသလိုဖြစ်နေမှာပေါ့။ သူမက အငြိမ်းစားယူပြီး ဘဝကို ပျော်ရွှင်အေးချမ်းစွာ နေသင့်ပြီမဟုတ်ဘူးလား။”
ထန်ရှုက ခေါင်းယမ်းလိုက်ရင်း ပြန်ပြောလိုက်သည်။
“ခင်ဗျားကရော။ အစ်ကိုလီကျွမ်ရန်ကိုယ်တိုင်က အငြိမ်းစားယူပြီး ကျန်တဲ့ဘဝသက်တမ်းကို အေးအေးချမ်းချမ်း နေလိုစိတ်ရှိရဲ့လား။”
“အာ…” လီကျွန်ရန် တစကန့်မျှ ကြောင်အသွားရပြီးမှ အားပါးတရ ရယ်မောလိုက်ပြီး စကားဆိုလိုက်သည်။
“ညီလေးထန်က တကယ်ကို စိတ်ဝင်စားစရာပဲ။ ဒါနဲ့ ညစာအတူစားဖို့ ညီလေးမှာ အချိန်ရှိပါသလား။”
“ကျွန်တော် စိတ်မကောင်းပါဘူး။ သူမကို အခုလေးတင် ဖိတ်ပြီးသားဖြစ်နေတယ်။”
ထန်ရှုက ခေါင်းယမ်းလျက် အဖြေပေးသည်။
ထန်ရှုမှ သူ၏ဖိတ်ခေါ်မှုအား ငြင်းဆန်မည်ကို မမျှော်လင့်ထားသဖြင့် လီကျွီရန် တစ်ဖန် အံ့အားသင့်သွားရသည်။
အလှလေးခန်းရှမှ သူ၏ဖိတ်ခေါ်မှုအား ငြင်းဆိုခဲ့သည်မှတစ်ပါး နှစ်ပေါင်းများစွာအတွင်း မည်သူမျှ သူ့အား ငြင်းဆန်ခဲ့ခြင်းမရှိခဲ့ပေ။
ထိုအခိုက်အတန့်တွင် ကျန်းရှင်းယာသည်လည်း လီကျွီရန်ကိုယ်တိုင် လာလိမ့်မည်ဟု ထင်မထားသောကြောင့် အံ့သြတုန်လှုပ်နေသည်။ သူ၏ရည်ရွယ်ချက်သည် ထန်ရှုအား ညစာစားရန် ဖိတ်ခေါ်မှုအတွက်ဖြစ်ပြီး အံ့သြအတုန်လှုပ်ရဆုံးသည် ထန်ရှုမှ ထိုဖိတ်ကြားချက်အား ငြင်းဆန်လိုက်ခြင်းပင် ဖြစ်တော့သည်။ လီကျွီရန် မည်မျှ သြဇာအာဏာရှိသည်ကို တွေးမိရင်း အလျင်အမြန် ပြောလိုက်သည်။
“မစ္စတာထန်… ကျွန်မက ကိစ္စမရှိပါဘူး။”
တစ်ခဏ တိတ်ဆိတ်သွားပြီးမှ ထန်ရှုက ပေါ့ပေါ့ပါးပါး ဆိုုလိုက်သည်။
“ခင်ဗျား စိတ်မရှိရင် ကျွန်တော်တို့တတွေ ညစာ အတူစားကြတာပေါ့။ ခင်ဗျားက ဒီမှာ အိမ်ရှင်ဆိုတော့ ကြိုက်တဲ့နေရာ ရွေးပါလေ။”
ကျန်းရှင်းယာက လီကျွီရန်အား တိတ်ဆိတ်စွာ ကြည့်လိုက်သည်။ လီကျွီရန်က ပြုံးလျက်
“ကောင်းပြီ။ ညီလေးထန်က ဟောင်ကောင်ဒေသခံ မဟုတ်ဘူးဆိုတော့ ငါက အိမ်ရှင်လုပ်လို့ရမလား။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ ပေကျင်းကို သွားတော့ သူငယ်ချင်းတစ်ယောက် လက်ဘက်ခြောက်ကောင်း တစ်ချို့ပေးလိုက်တယ်။ အဲ့ဒါကို အတူမြည်းစမ်းကြည့်ရင်ရော ဘယ်လိုလဲ။”
“ကျေးဇူးပြုပြီး လမ်းပြပါ။”
ထန်ရှုက တည်ငြိမ်စွာ ပြောသည်။
ထိုအချိန်မှာပင် ခယ်ကျန်းထောင်သည် သူတို့အရှေ့သို့ ရောက်လာကာ အပြုံးဖြင့် စကားဆိုလိုက်သည်။
“ဦးလေးလီ … ညီလေး … ကျွန်တော်ရော လိုက်လို့ရမလား။”
“ကျန်းထောင် … ဂျင်ဆင်းကို မင်း မဝယ်လိုက်နိုင်ကတည်းက ဝယ်တဲ့သူရဲ့အကြောင်းကို သိချင်နေတယ်မဟုတ်လား။”
လီကျွီရန်က ရယ်မောရင်း ပြောသည်။
ခယ်ကျန်းထောင်အား ကြည့်ရသည်မှာ အနေခက်သွားသည့်ဟန်ရှိသော်လည်း သိပ်မကြာမီပင် သူ၏အမူအရာသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားကာ ပြုံးလိုက်ရင်း
“ဟုတ်တယ်ဗျ။ ဂျင်ဆင်းအတွက် ၂ဘီလီယံ သုံးသွားတာ ကျွန်တော့်ကို ဝယ်တဲ့သူအကြောင်း တအားသိချင်သွားစေတယ်။”
ခယ်ကျန်းထောင်ဆီမှ သံသယဖြစ်စရာ ဘာမျှ မရှိချေ။ အဘယ့်ကြောင့်ဆိုသော် လေလံပွဲတွင် အမြင့်ဆုံးဈေးပေးနိုင်သောသူသည် သူ လိုချင်သော ပစ္စည်းရလိမ့်မည်ဖြစ်သည်။ လီကျွီရန်နှင့် သူသည်လည်း ၁ဘီလီယံထက် ပိုကာ ဈေးပေးကြသေးသည်။
ထန်ရှုဘက်လှည့်ကာ လက်ကမ်းပေးလိုက်ရင်း ခယ်ကျန်းထောင်က အပြုံးဖြင့် မိတ်ဆက်လိုက်သည်။
“ငါက ခယ်ကျန်းထောင်ပါ။”
လက်ဆွဲနှုတ်ဆက်လိုက်ကြပြီးနောက် ထန်ရှုက “ကျွန်တော်တို့ သွားကြမလား။”
လေလံစံအိမ်အတွင်းမှ သူတို့ထွက်လာကြစဉ်တွင် ကားများသည် အပြင်ဘက်တွင် ရောက်နှင့်နေပြီဖြစ်သည်။ ဧည့်သည်များစွာသည် မပြန်ကြသေးဘဲ အုပ်စုငယ် ၂စု၊ ၃စု ဖွဲ့ကာ စကားစမြည်ပြောနေကြသည်။ လီကျွီရန်နှင့် ခယ်ကျန်းထောင်တို့ ထွက်လာကြသောအခါ ထိုသူများသည် သူတို့၂ယောက်ဆီသွားကာ နှုတ်ဆက်ကြသည်။ လီကျွီရန်ကိုယ်တိုင်ကလည်း ဖော်ဖော်ရွေရွေ ပြန်လည်နှုတ်ဆက်ကာ လူတိုင်းအား အပြုံးဖြင့် တုံ့ပြန်သည်။ လီကျွီရန်တို့အဖွဲ့ ကားပေါ်တက်ကာ ထွက်ခွာသွားကြပြီးနောက် ထိုလူအုပ်ကြီးသည် အကြောင်းအရာတစ်ခုအား ဆွေးနွေးပြောဆိုလာကြသည်။
“လီကျွီရန်နဲ့ ခယ်ကျန်းထောင်တို့နောက်က ပါသွားတဲ့ လူငယ်လေးက ဘယ်သူလဲ။ ငါမှတ်မိသလောက်တော့ သူက လေလံပွဲမှာ ဂျင်ဆင်းဝယ်တဲ့ အမျိုးသမီးကြီးနဲ့အတူထိုင်နေခဲ့တာမဟုတ်လား။”
“ဒီလူငယ်လေးရဲ့ပုံရိပ်က ဘာလဲ။ လီကျွီရန်နဲ့အတူ ဘယ်လိုများ ထွက်သွားနိုင်တာလဲ။”
“နာမည်ကြီးအဆိုတော် ကျန်းရှင်းယာကလည်း အဲ့ဒီလူငယ်လေးနဲ့ သာမန်မဟုတ်တဲ့ ဆက်ဆံရေးတစ်ခု ရှိနေပုံပေါ်တယ်။ သူတို့ အတူတူ ကားပေါ်တက်သွားကြတာ။”
“အဲ့ဒီလူငယ်လေးကို အရင်က တွေ့ဖူးလား။ ဘယ်မိသားစုက လာတာတဲ့လဲ။”
“…”
ရေနက်ကမ်းခြေ ၇၉၊ လီကျွီရန်၏အိမ်တော်
ကားငါးစီးသည် အိမ်တော်၏ဝင်ပေါက်တွင် ဖြည်းညှင်းစွာ ရောက်လာပြီး ကားရပ်နားရာနေရာတွင် ရပ်ဆိုက်ခဲ့သည်။ ထန်ရှုနှင့် ကျန်းရှင်းယာသည် ဟန်းမားကားပေါ်မှ ဆင်းလာသည်။ ထန်ရှုသည် လီကျွီရန်၏အိမ်တော်အား စိတ်ဝင်စားနေသည်။ သူ၏အိမ်တော်သည် ဒီနှစ်များတွင် အမြဲပင် လျှို့ဝှက်ဆန်းကြယ်နေပြီး မည်သည့်သတင်းသမားများမှ အိမ်တော်အား ဓာတ်ပုံမရိုက်နိုင်ခဲ့ချေ။
“ညီလေး ထန်… ငါ့နေရာက ကောင်းရဲ့လား။”
ပင်မခန်းမထဲသို့ ဝင်လာကြပြီး လီကျွီရန်ကာ ပထမထပ်ရှိဧည့်ခန်းထဲမှ ဆိုဖာတွင် ထိုင်လိုက်ကာ ပြုံးရွှင်စွာ မေးလိုက်သည်။ ထန်ရှုထံမှ အလွန်သာမန်မဟုတ်သည့် အမူအရာအား သူ ခံစားမိနေသည်။ ထို့ကဲ့သို့သော အော်ရာသည် မြင့်မားသောအခြေအနေရှိသည့်သူများထံမှသာ တွေ့မြင်နိုင်ပေသည်။ ထို့ကြောင့် သူသည် ထန်ရှုအကြောင်း ပိုမို သိလိုလာခဲ့သည်။
“ကောင်းတယ်ဗျ။ ဆောက်ထားတဲ့ပုံစံရော၊ အတွင်းပုံစံနဲ့ အပြင်အဆင်ရော၊ ပရိဘောဂတွေ နေရာချထားပုံရော အထူးခြားဆုံးနဲ့ အရေးကြီးဆုံးက ဒီနေရာက ဖုန်းရွှေက တကယ်ကောင်းတယ်။ တစ်ယောက်ယောက်ကို ဒီဟာအတွက် တောင်းဆိုခဲ့တယ်မဟုတ်လား။”
ထန်ရှုက အေးဆေးစွာ ပြောလိုက်သည်။
လီကျွီရန် တုန်လှုပ်သွားရကာ အံ့အားသင့်စွာ မေးလိုက်သည်။
“ညီလေးက ဖုန်းရွှေအကြောင်းကောင်းကောင်းသိနေတာလား။”
“ကျွန်တော် နည်းနည်းပါးပါး သိတာပါ။”
ထန်ရှုက ရယ်မောကာ ပြောလိုက်သည်။
လီကျွီရန်၏အမူအရာတွင် လေးစားသောဟန် ထွက်ပေါ်လာသည်။ သူသည် ဖုန်းရွှေအား အခိုင်အမာ ယုံကြည်သည်။ ထိုဖုန်းရွှေဆရာများသည် ဟောင်ကောင် သို့မဟုတ် ကမ္ဘာပေါ်တွင် မြင့်မားသော အခြေအနေတစ်ခုဖြင့် ရှိကြသည်။
“ညီလေးထန်ရဲ့ဆရာက ဘယ်သူလဲဆိုတာ သိပါရစေ။”
ထန်ရှုက ခေါင်းယမ်းပြကာ
“မပြောပြနိုင်တဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ်။ ဆရာ့ရဲ့မှာကြားချက်အရ ဒါက ပြောပြဖို့ အဆင်မပြေလို့ပါ။”
လီကျွီရန်၏မျက်နှာထက်တွင် စိတ်မကောင်းဖြစ်သည့်ဟန် ပေါ်လာကာ ထိုအတွေးအား သူ၏စိတ်ထဲတွင် နောက်သို့ ပို့လိုက်သည်။ သည်တစ်ကြိမ် ထန်ရှုအား သူ ဖိတ်ကြားခြင်းသည် ဂျင်ဆင်းအား ထန်ရှု မည်သို့အသုံးပြုမည်ကို မေးရန်နှင့် အပိုဖြစ်ပါက ပြန်ဝယ်ရန်အတွက် ဖြစ်သည်။
“ညီလေးထန် ဘယ်ကလာတာလဲ။ မင်းရဲ့စကားပြောဟန်ကို နားထောင်ရတာ ဒေသခံတော့ မဟုတ်ဘူးလေ။”
“ရွှမ်းချင်ဒေသကပါ။” ထန်ရှုက ပြောသည်။
“ပြည်မရဲ့တိုးတက်မှုက အခုဆိုရင် အလွန်မြန်တယ်။ အရင်တုန်းက ငါ ရွှမ်းချင်ကို ရောက်ဖူးပြီးတော့ အဲ့ဒီမှာ ချမ်းသာတဲ့မိသားစုတွေ အများကြီးပဲ။ ဒါပေမယ့် ထန်မိသားစုအကြောင်းတော့ မကြားဖူးခဲ့ဘူး။ ဒါပေမယ့် ကျောက်တုံးနဲ့ ဂျင်ဆင်းကို ငွေအများကြီးပေးပြီး ဝယ်နိုင်ပုံထောက်ရင် မြင့်မားတဲ့နောက်ခံရှိတဲ့ မိသားစုတစ်စု ဖြစ်လိမ့်မယ်လို့တော့ ငါ မှန်းဆမိပါတယ်။”
“ဖုန်းမြည်သံ…”
ထန်ရှု၏ဖုန်းသည် ရုတ်တရက် မြည်လာသည်။ သူသည် ဖုန်းအား ထုတ်ကာ ခေါ်ဆိုသူအား ကြည့်လိုက်ရာ မျက်မှောင်အနည်းငယ် ကြုတ်သွားပြီးမှ ဖြေလိုက်သည်။
“ထန်ရှု ပြောနေပါတယ်။”
“သူဋ္ဌေး… ကျွန်မ ထျန်းလီပါ။ ဟောင်ကောင်က ကျွန်မတို့စားသောက်ဆိုင်နားမှာ လူတစ်အုပ်ကြီး ရောက်နေတယ်။ ကျွန်မ မှန်းတာ မှန်ရင် သူတို့က ကျန်းအုပ်စု၊ ဝမ်ယွမ်အိမ်ခြံမြေနဲ့ ဒုကန် ဝိုင်လုပ်ငန်းကပဲ ဖြစ်လိမ့်မယ်။ ဟောင်လဲ့က ခမ်းနားသောအနာဂတ် ကျောက်မျက်လုပ်ငန်းက အစောင့်တွေနဲ့ ဒီကို ရောက်နေပြီ။ သူဋ္ဌေး ဘာအမိန့်ပေးမလဲ။”
ထန်ရှု၏မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသောအရိပ်အယောင်တစ်ခု ဖြတ်သန်းသွားကာ သူ၏အမူအရာသည်လည်း အေးစက်သွားပြီး လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
“ကျွန်တော် အဲ့ဒီကို တအောင့်နေ ရောက်မယ်။ ကျွန်တော် မရောက်ခင် သူတို့ တိုက်ခိုက်ရဲရင် ပြန်တိုက်ပါ။”
“ဟုတ်” ထျန်းလီက လေးစားစွာ ပြောလိုက်သည်။
ဖုန်းချပြီးနောက် ထန်ရှုက အံ့အားသင့်စွာ ကြည့်နေသည့် လီကျွီရန်နှင့် ခယ်ကျန်းထောင်တို့အား ကြည့်ကာ ပြောသည်။
“လူကြီးမင်းတို့ … ကျွန်တော် ဖြေရှင်းစရာ ကိစ္စလေး ရှိနေလို့ သွားရတော့မယ်။ အခွင့်အရေးတစ်ခု ရှိမယ်ဆိုရင် ကျွန်တော်တို့ နောက်မှ ထပ်တွေ့ကြတာပေါ့။ မစ္စတာခယ်ရဲ့မေးခွန်းအတွက် ကျွန်တော် ပြောရမယ်ဆိုရင် ကောင်းကင်ဘုံနဲ့နေရာကို အမှီပြုတာထက် မိမိကိုယ်ကို အမှီပြုတာက ပိုကောင်းပါတယ်ဗျာ။ နောင်တစ်ချိန် ခင်ဗျားမှာ အချိန်ရလို့ရှိရင် ဒီမှာရှိတဲ့ ကျွန်တော့်စီးပွားရေးလုပ်ငန်း ထာဝရခန်းမကို အလည်လာပြီး ကြည့်ရှုပေးပါဦး။”
ထိုသို့ပြောပြီးနောက် ကျန်းရှင်းယာဘက်လှည့်ကာ
“ကြည့်ရတာ မင်း ငါ့ကို ဒီည ဟောင်ကောင်ကိုလိုက်ပြပေးမယ့် အစီအစဉ်ကတော့ ဖျက်ရလိမ့်မယ်ထင်တယ်။ ငါ ဟောင်ကောင်ကို နောက်တစ်ခေါက်လာဖြစ်ရင် မင်းကို ဆက်သွယ်လိုက်ပါမယ်။”
“ကျွန်မလည်း ရှင်နဲ့လိုက်ခဲ့မယ်။”
ကျန်းရှင်းယာက လျင်မြန်စွာ ပြောလိုက်သည်။
တစ်ချက်တွေဝေသွားပြီးမှ ထန်ရှု ခေါင်းညိတ်လိုက်သည်။
ထန်ရှုအား မတ်တတ်ရပ်ကာ ကြည့်ရင်း လီကျွီရန်က အံ့အားသင့်စွာ စကားဆိုလာသည်။
“ညီလေးထန်… ငါ ထာဝရခန်းမအကြောင်း သိတယ်။ သူတို့ရုံးချုပ်က ကျင်းမန်ကျွန်းမှာ ရှိတာ။ ဒါပေမယ့် အဲ့ဒီလုပ်ငန်းစုရဲ့သူဋ္ဌေးကြီးက မင်းဖြစ်လိမ့်မယ်လို့ ထင်မထားခဲ့မိဘူး။ ခုနက ဖုန်းလာပုံအရ ထာဝရခန်းမမှာ ပြသနာအချို့ကြုံနေရတာလား။ ဟောင်ကောင်မှာ ငါ့အဆက်အသွယ်အချို့ရှိတယ်။ ငါ ကူညီပေးလို့ရမလား။”
ထန်ရှုက ခေါင်းယမ်းပြရင်း
“ကျွန်တော့်ဘာသာပဲ ရှင်းပါမယ်။”
လီကျွီရန်နှင့် ခယ်ကျန်းထောင် ကြည့်နေစဉ်မှာပဲ ထန်ရှုနှင့် ကျန်းရှင်းယာတို့သည် ကားပေါ်တက်ကာ လျင်မြန်စွာ ထွက်ခွာသွားကြသည်။ လီကျွီရန်က သက်တော်စောင့်တစ်ယောက်ဘက်သို့ လှည့်ကာ
“ထန်ရှုအကြောင်း စုံစမ်းဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်။ ပြီးတော့ အဲ့ဒီမှာ ဘာတွေဖြစ်လဲဆိုတာပါ စုံစမ်းလာခဲ့ပါ။”
“နားလည်ပါပြီ။”
သက်တော်စောင့်က အဖြေပေးကာ ထွက်ခွာသွားသည်။
“ဦးလေးလီကို ကြည့်ရတာ ထန်ရှုကို အလေးထားနေပုံပဲ။ ဒါ ဦးလေးရဲ့ပုံစံမဟုတ်ပါဘူး။” ခယ်ကျန်းထောင်က အပြုံးဖြင့် ပြောလိုက်သည်။
“ဒီလူငယ်လေးက အတော်ကြီး လျှို့ဝှက်ဆန်းကြယ်နေတယ်လို့ ငါ ခံစားမိတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက မြင့်မားတဲ့တစ်ယောက်ယောက်ဆီမှာ ရခဲ့တဲ့ အော်ရာတစ်ခု သူ့မှာရှိတယ်။ ဒီလို အသက်၂၀၀န်းကျင် လူငယ်လေးဆီမှာ လူတိုင်းရဲ့အထက်မှာရှိနေသလိုမျိုး ယုံကြည်ဖို့ခက်တဲ့ ခံစားချက်ရနေတာ ငါ ရှာရမယ်။ သူ့အကြောင်းကို ငါ အတော်စိတ်ဝင်စားနေတာ။”
***