← Chapters

သတ်ဖြတ်ခြင်း နတ်ဘုရား

Vol. 06 Ch. 283

သတ်ဖြတ်ခြင်း နတ်ဘုရား

Vol. 06 Ch. 283

လူတိုင်းကို လက်ဝှေ့ယမ်းပြလိုက်ပြီး နောက်ဆုတ်ရန် အချက်ပြလိုက်သည်။ ထန်ရှုသည် သူ၏ခြေလက်များအား ညင်သာစွာ လှုပ်ရှားလိုက်ပြီး

“ငါ့မှာ ကိုယ်လက်လှုပ်ရှားဖို့ အချိန်တောင် မရခဲ့လို့ ဒီနေ့တော့ မင်းတို့နဲ့အတူ ကစားရဦးမယ်။ ဆိုတော့ ဒီနေရာမှာ မင်းတို့လူတွေ အယောက်၂၀ကျော် ရှိတယ်။ မင်းတို့ တစ်ပြိုင်တည်းသာ တက်ခဲ့။ ငါ့ကို အလဲချနိုင်ရင် မင်းတို့ အသက်ရှင်မယ်။ အလဲမချနိုင်ရင်တော့ မင်းတို့ သေရမယ်။ ဒီတော့ကာ မင်းတို့ရဲ့အရည်အချင်း အစစ်အမှန်ကို ထုတ်ပြဖို့ ငါ မျှော်လင့်တယ်။”

“ဘာ…”

လူတိုင်း ကြောင်အသွားကာ ထန်ရှုအား မယုံကြည်နိုင်သော အမူအရာများနှင့် ကြည့်နေကြသည်။

လည်ပင်းတွင် ဓားမြှောင်များ အတင်ခံထားရသော ကျန်းထျန်းဘနှင့် ကျန်းချန်းရီတို့အား ညွှန်ပြလျက်

“မင်းတို့ ငါ့ကို သတ်နိုင်ရင် ငါ့လက်အောက်ငယ်သားတွေကို မင်းတို့ကို မနှောင့်ယှက်ဖို့ ပြောထားသလို မင်းတို့ရဲ့သူဋ္ဌေးတွေတောင်မှ အသက်ဘေးမှလွတ်မြောက်လိမ့်မယ်။ သူတို့က တအားချမ်းသာတော့ နောက်ဆိုရင် မင်းတို့ကို ဆိုးဆိုးဝါးဝါး ဆက်ဆံမှာမဟုတ်ပါဘူး။ လာစမ်းပါ။ ငါ မင်းတို့ကို အခွင့်အရေးတစ်ခု ပေးနေမှတော့ မင်းတို့ လုပ်နိုင် မလုပ်နိုင် စမ်းကြည့်သင့်တာပေါ့။”

အလိုလောဘကြီးမှုသည် လူသားတို့၏ အကျင့်စရိုက်သဘာဝထဲမှ တစ်ခုဖြစ်သည့်အပြင် အသက်ရှင်လိုသောစိတ်သည် သူတို့အား အကောင်းဆုံး စွမ်းရည်များ ပြသရန် စေ့ဆော်နေပေရာ ၂၄ယောက်သော တောင့်တင်းသန်မာသည့်လူများသည် အကြည့်များ လျင်မြန်စွာ ပြောင်းလဲသွားပြီး ခေါင်းညိတ်လိုက်ကြသည်။ ထိုအခိုက်အတန့်ရှိ အခြေအနေများသည် သူတို့အား ကူကယ်ရာမဲ့သော အခြေအနေသို့ တွန်းပို့နေခဲ့သည်။ အခုတိုက်ပွဲသည် သူတို့အတွက် သေရမည် ရှင်ရမည်ကို အဆုံးအဖြတ်ပေးတော့မည်ဖြစ်သည်။

“ကျား…”

၂၄ယောက်သော လူများသည် ဝံပုလွေအုပ်မှ သားကောင်တွေ့သည့်နှယ် ထန်ရှုဆီသို့ ရှေးရှူပြေးသွားရင်း လက်သီးအတွဲလိုက်ဖြင့် ထိုးနှက်လိုက်ကာ ထန်ရှုအား တစ်ခါတည်း သတ်ရန် ရည်ရွယ်လိုက်ကြသည်။

“ဟမ့်…”

နောက်ဆုတ်ရမည့်အစား ထန်ရှုက တိုက်ပွဲအတွင်း ခုန်ဝင်လိုက်ကာ သူ၏ညာခြေအား ဝှေ့ယမ်းကာ ကန်လိုက်ပြီး ကန်ချက်တစ်ချက်တည်းဖြင့် လူတစ်ယောက်၏လက်သီးအား ကျိုးကြေသွားစေသည့်အပြင် ထိုအရှိန်ဖြင့် နောက်တစ်ယောက်၏လက်အား ထိမှန်သွားကာ အခြားလူတစ်ယောက်အား လဲပြိုသွားစေသည့် ဖိအားဖြစ်ပေါ်စေသည်။

“ဖုန်း…ဖုန်း…”

ထန်ရှုသည် ရန်သူများ၏အလျင်ထက် အဆများစွာ မြန်ဆန်သော အလျင်ဖြင့် လှုပ်ရှားတိုက်ခိုက်နေခဲ့သည်။ ဆက်တိုက်ဆိုသလိုပင် ကန်ချက်ငါးကြိမ် ထုတ်ပြီး လက်သီး၇ချက် ထိုးခဲ့သည်။ ထိုတိုက်ခိုက်မှုများနှင့်အတူ အရိုးကျိုးသံများ၊ ရန်သူ ၇ ယောက် ၈ယောက်၏အော်မြည်သံများ ထွက်လာကာ လွင့်ပျံပြုတ်ကျလာခဲ့သည်။ ထိုအချိန်မှာပင် ထန်ရှု၏ပုံရိပ်သည် ရုတ်တရက် ပေါ်လာပြီး သူ၏လက်သီးအစုံသည် လက်ချောင်းများအဖြစ် ဖြန့်ထုတ်လိုက်ကာ အခြားလူ၂ယောက်၏လည်မျိုသို့ ထိုးစိုက်လိုက်ခြင်းဖြင့် လဲပြိုသွားစေသည်။

သည်ဟာသည် သိမ်းကျုံးသတ်ဖြတ်နေခြင်းသာ ဖြစ်တော့သည်။ တစ်ဖက်သတ် သတ်ဖြတ်နေမှု တစ်ခုအလားပင် ဖြစ်တော့သည်။

ကျားတစ်ကောင်သည် သိုးတစ်အုပ်ထဲသို့ တစ်ရှိန်ထိုး ပြေးဝင်သွားသည့်အလား ထန်ရှုလှုပ်ရှားသော အကြိမ်တိုင်းတွင် တစ်ဖက်ရန်သူများမှာ သေခြင်း သို့မဟုတ် ကိုယ်လက်အင်္ဂါမစုံခြင်းများနှင့်သာ ကြုံတွေ့နေခဲ့သည်။

ခန်းမတစ်ခုလုံးရှိ လူတိုင်းသည် ထန်ရှု လှုပ်ရှားရာနေရာတိုင်းသို့ မျက်တောင်မခတ် လိုက်ကြည့်နေမိကြပြီး တုန်လှုပ်နေခဲ့ကြရာ စွမ်းအားရှိသော ထျန်းလီနှင့်ဟောင်လဲ့တို့ပင် ခြွင်းချက်မရှိ ဖြစ်ရသည်။ သူမတို့၂ယောက်သည် စွမ်းအားကြီးသော ခွန်အားနှင့် မရေမတွက်နိုင်သော တိုက်ပွဲများအား ကြုံတွေ့ရသည်မှာ ရက်စက်ကြမ်းတမ်းသော လေ့ကျင့်မှုစကတည်းပင် ဖြစ်ပေသည်။ သို့သော် ထန်ရှုသည် အသက်၂၀အရွယ်သာ ရှိသေးသည် မဟုတ်တုံလော။

ထိုအသက်၂၀အရွယ် လူငယ်လေး၏စွမ်းအားသည် သူမတို့ မျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့ပေသည်။

“အံ့သြစရာကောင်းလိုက်တာ။”

ထျန်းလီ နှစ်ထောင်းအားရ ရေရွတ်လိုက်မိသည်။

ထိုအခိုက်အတန့်တွင် ဟောင်လဲ့၏မျက်နှာထက်တွင် အလေးအနက်ထားသော အမူအရာတစ်ခုအား မြင်တွေ့နိုင်ပြီး

“သူဋ္ဌေးက စွမ်းအားကြီးတဲ့ ခွန်အားတစ်ခု ပိုင်ထားတာပဲ။ ငါကိုယ်တိုင် သူနဲ့တိုက်ခိုက်ရင်လည်း သိုင်းကွက်၃ကွက်ပြီးတာနဲ့ သူ ငါ့ကို သတ်သွားမှာပဲ။”

ထျန်းလီက သူမအား လှည့်ကြည့်လိုက်ရင်း ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း

“သူ ဘယ်သူလဲဆိုတာ မမေ့လိုက်နဲ့ဦး။ သူ့အတွက် ဒီပုရွက်ဆိတ်လေးတွေကို သတ်ဖို့အတွက် အားကုန်တောင် သုံးဖို့မလိုဘူး။”

ဟောင်လဲ့က စိတ်သက်သာရာ ရသွားဟန်ဖြင့် မချိပြုံး ပြုံးလိုက်ပြီး

“ဒါမှန်တယ်။ သူဋ္ဌေးကို သာမန်လူတွေနဲ့ ဘယ်နှိုင်းယှဉ်လို့ရပါ့မလဲ။ သူဋ္ဌေးလေးသာ ဒီနေရာမှာ ရှိရင်လည်း ဒီလူတွေကို လျှပ်တစ်ပြက်အတွင်း သတ်ပစ်လိမ့်မယ်ဆိုတာ ငါ သေချာပြောရဲတယ်။”

လက်ရှိတွင် သူမတို့၂ယောက်စလုံးသည် ပြိုင်ဖက်ကင်းမဲ့သော နတ်ဘုရားကျင့်စဉ်တစ်ခု ရရှိနိုင်မည့် အခွင့်အရေးရှိသည်ကို သိရပြီးကတည်းက ထိုအခွင့်အရေး ရယူရန်ကို မအောင့်အည်းနိုင် ဖြစ်နေရသည်။ တစ်ချိန်တွင် သူတို့သည်လည်း နဂါးဂိတ်အား ဖြတ်ကျော်သွားနိုင်သည့် ငါးကြင်းတစ်ကောင်အလား ဖြစ်သွားကြလိမ့်မည်။

ရှင်းလင်းသော ခြားနားမှုကြောင့် ထာဝရခန်းမ၏လူများတွင် အတွေးများစွာ ဖြစ်ပေါ်နေသကဲ့သို့ ကျန်းထျန်းဘ၊ ချန်းကျန်းရီ၊ ကျန်းယုနှင့် ချန်းဖေးတို့၄ဦးသည်လည်း လွန်မင်းစွာ ကြောက်ရွံ့မှုများ ဖြစ်ပေါ်နေခဲ့သည်။ သူတို့ ပြီးဆုံးသွားပြီဆိုသည်ကို သူတို့ သိနေခဲ့ပြီဖြစ်သည်။ သူတို့တွေးနေသကဲ့သို့ ထန်ရှုနှင့် ထာဝရခန်းမမှ လူများသည် ရိုးရှင်းသောလူများ မဟုတ်ကြပေ။

ထိုသူတို့၏တိုက်ခိုက်မှုစွမ်းအားများသည် အလွန်အမင်း စွမ်းအားကြီးရုံသာမက အညှာအတာ ကင်းမဲ့သူများလည်း ဖြစ်ကြသည်။ ယခု လက်ရှိအခြေအနေသည် သည်ကဲ့သို့ ဖြစ်လာပြီဆိုမှတော့ ကျန်းထျန်းဘတို့ ၄ယောက်၏ဘဝများသည် အဆုံးသတ်သွားပြီကို သူတို့ကိုယ်တိုင် ကောင်းစွာ သိရှိလိုက်ပြီဖြစ်သည်။

ထိုကဲ့သို့သောသူများအား ပြစ်မှားခဲ့မိသည့်အတွက် သူတို့၄ယောက် နောင်တရရုံသာရှိတော့သည်။ ထန်ရှုနှင့် ထာဝရခန်းမမှ လူများသည် သည်မျှ ကြောက်စရာကောင်းသော စွမ်းအား ရှိမှန်းကိုသာ သိခဲ့ပါက သူတို့တွင် သတ္တိပေါင်း ထောင်ပေါင်းများစွာ ရှိသည့်တိုင် ထိုသူများအား ပြစ်မှားရဲမည်မဟုတ်ပါချေ။

“ကောင်းကင်ကြီးက ငါတို့အပေါ်မှာ ရှိပြီးတော့ ကမ္ဘာမြေကြီးက ငါ့ရဲ့အသိသက်သေဖြစ်ပါစေ။ ဒီနေ့ ငါ မသေရင် ဒီကောင်းကျိုးမပေးတဲ့သားကို ငါကိုယ်တိုင် ဆုံးမရမယ်။”

ချန်းကျန်းရီက သူ၏မျက်လုံးများအား မှိတ်ကာ တီးတိုးရေရွတ်လိုက်သည်။

“အဆုံးသတ်သွားပြီ။”

နောက်ဆုံးကျန်သည့်လူအား သတ်ပြီးနောက်တွင် ထန်ရှုက သူ၏လက်များပေါ်မှ သွေးများအား ခါလိုက်ပြီး ကျန်းထျန်းဘနှင့် ချန်းကျန်းရီတို့ဖက်သို့ လှည့်ကြည့်လိုက်သည်။ ထို့နောက် သူ၏အကြည့်များသည် ကျန်းယုနှင့် ချန်းဖေးဆီသို့ ရောက်သွားသည်။

“ခင်ဗျားတို့၂ယောက် အခု ရူးသွားပြီလား။” ထန်ရှုက ခပ်ဖွဖွ ပြုံးကာ မေးလိုက်သည်။

ကျန်းယုနှင့် ချန်းဖေးတို့မှာ ကြောက်ရွံ့လှသောကြောင့် အားနည်းချိနဲ့စွာ ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ သူတို့သည် ဟောင်ကောင်၏အပျော်အပါးမက်သော လူရွယ်လေးများဖြစ်ပြီး မောက်မာသော၊ ဘဝင်မြင့်သော၊ ထင်ရာစိုင်းတတ်သူများ ဖြစ်သည်။ သို့သော် လူရာနှင့်ချီသေဆုံးသည်ကို မျက်ဝါးထင်ထင် ကြည့်ပြီး သူတို့ အမှန်တကယ် ထိတ်လန့် ကြောက်ရွံ့နေခဲ့ပြီဖြစ်သည်။ မည်သည့်နေရာတွင်မှ ထပ်ပြီး မောက်မာရဲတော့မည်မဟုတ်ချေ။

“ဒုန်း…”

ချန်းဖေးက ရုတ်ခြည်းပင် သတ္တိမွေးကာ မတ်တတ်ရပ်လိုက်ပြီး ထန်ရှုဆီ ဒူးထောက်သွားကာ အကြိမ်ကြိမ် အရိုအသေပေးရင်း ငိုယိုကာ ပြောလိုက်သည်။

“ညီအစ်ကို … ငါ မှားခဲ့ပါတယ်။ ကျေးဇူးပြုပြီး ထောက်ထားညှာတာပေးပါ။ နောက်ပိုင်း မင်းကို လမ်းမှာတွေ့ရင်တောင် ချက်ချင်း လမ်းကူးလာပါ့မယ်။ ငါ တောင်းပန်ပါတယ်။ ငါ့ကို မသတ်ပါနဲ့။”

ကျန်းယုက နေရာမှာပင် ရှိနေသေးသော်လည်း ချန်းဖေးကဲ့သို့ပင် သူလည်း ငိုကြွေးကာ ညှာတာပေးရန် ဒူးထောက်တောင်းပန်နေခဲ့သည်။

ထန်ရှု ခေါင်းယမ်းမိသည်။ ချမ်းသာသောမိဘများ၏ လူပေါ့ကြော့သားသမီးများသည် ငယ်ရွယ်စဉ်ကတည်းက သက်တောင့်သက်သာ ရှိလှသောဘဝတွင် နေထိုင်ကြီးပြင်းလာရသောကြောင့် သန်မာသောသူများကို ကြောက်ရွံ့သည့် သဘာဝရှိပြီး အားနည်းသူများကိုသာ အနိုင်ကျင့်ရဲကြသောသူများသာ ဖြစ်သည်။ သင်သာ ထိုသူများအား ပြင်းထန်စွာ မရိုက်ပါက နာကျင်မှုဆိုသည်မှာ မည်သည့်အရာမှန်း သူတို့သိလိမ့်မည် မဟုတ်ချေ။

ထန်ရှုသည် အမှန်တကယ် လူမသတ်လိုသော်လည်း ထာဝရခန်းမမှ သူ၏လက်အောက်ငယ်သားများအား ခြောက်လှန့်ရန် ရည်ရွယ်ကာ လုပ်ခဲ့ခြင်းဖြစ်သည်။ ထျန်းလီ၊ ဟောင်လဲ့နှင့် မိုညီအစ်ကို၂ယောက်မှ သူ့အား ကြည်ညိုလေးစားသောအကြည့်ဖြင့် ကြည့်နေကြသည်ကို မြင်ရသည့်အတွက် သူ၏ရည်ရွယ်ချက် အောင်မြင်ခဲ့သည်ကို သူ သိလိုက်ပေသည်။

ထို့ကြောင့် ထန်ရှုသည် ကျန်းထျန်းဘနှင့် ချန်းကျန်းရီတို့အား သတ်ရန် အစီအစဉ် မလုပ်တော့ပေ။ သည်နေ့တွင် အသတ်ခံရသောလူများလွန်းလှချေသည်။ ဟောင်ကောင်တွင် သူ၏အဆက်အသွယ် မရှိသောကြောင့် ထိုအလောင်းများအား ရှင်းလင်းရန် သူ့တွင် နည်းလမ်းမရှိသည့်နည်းတူ သည်နေရာတွင် အချိန်များစွာ ကုန်နေသည်ကိုလည်း ထွက်သွားချင်ပြီဖြစ်သည်။

သူ၏ကုလားထိုင်ဆီသို့ မသွားမီ ထန်ရှုသည် ထိတ်လန့်ဖြူဖျော့နေသော ကျန်းရှင်းယာအား ကြည့်ကာ မေးလိုက်သည်။

“ဘယ်လိုလဲ။ ကြောက်နေပြီလား။”

သူမက ခြေလှမ်းဝက်မျှ နောက်ဆုတ်လိုက်ပြီး ခေါင်းကို ငုံ့ထားကာ မည်သည့်စကားမျှ ပြန်မပြောချေ။

ထန်ရှုက ခေါင်းယမ်းလိုက်ရင်း

“ငါ မင်းကို အစောကတည်းက မေးပါတယ်။ မင်းမှ လက်မခံချင်ခဲ့တာ။ ဒီမြင်ကွင်းတွေကို ကြည့်ဖို့ မင်းအတွက် အဆင်ပြေမှာမဟုတ်ဘူးလို့ ငါတွေးမိတယ်လေ။ ဘာပဲဖြစ်ဖြစ် ငါ မင်းကို ပြန်ပို့ပေးမယ်။”

ကျန်းရှင်းယာက ဖြည်းညှင်းစွာ ခေါင်းမော့လာပြီး ထန်ရှုအား ကြည့်ကာ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးမှ

“ထန်ရှု… လူတွေကို သတ်တာ ကောင်းတဲ့ အလုပ်မဟုတ်ဘူးနော်။”

ထန်ရှုက လှည့်ကာ နေရာအနှံ့မှ အလောင်းများအား လက်ညှိုးထိုးပြလိုက်ပြီး

“ဒီလူတွေက သေဖို့ကောင်းတဲ့ မကောင်းဆိုးရွားကောင်တွေပဲ။ ငါသာ လုံလောက်အောင် မသန်မာခဲ့ဘူးဆိုရင် သူတို့အစား သေရမယ့်သူက ငါပဲ။ မင်းတောင်မှ ဓားစာခံ ဖြစ်သွားလိမ့်မယ်။ ငါတို့က ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးမှာ ရှိနေတယ်ဘာတွေ ငါ့ကို လာမပြောနဲ့နော်။ ဟမ့်… တောတွင်းဥပဒေအရ အားနည်းတဲ့သူတွေက သန်မာတဲ့သူတွေရဲ့ သတ်တာ ခံရမယ်ဆိုတာ ဘယ်အချိန်ပဲဖြစ်ဖြစ် မပြောင်းလဲတဲ့ အမှန်တရားပဲ။ သည်လမ်းက အနာဂတ်မှာ ငါ လျှောက်လှမ်းမယ့် လမ်းလည်း ဖြစ်တယ်။ အဲ့ဒါကြောင့် မင်း ငါ့ကို ကြည့်တဲ့အခါ သာမန်လူတွေရဲ့အတွေးအခေါ် အယူအဆတွေကို မသုံးပါနဲ့။”

ကျန်းရှင်းယာ နှုတ်ခမ်းလေး ပွင့်ဟပြီး မည်သို့ပြန်ပြောရမည်ကိုပင် မသိတော့ပါချေ။

“ငါ မင်းကို တစ်ယောက်ယောက်ကို လိုက်ပို့ခိုင်းလိုက်မယ်။ အချိန်ကလည်း နောက်ကျနေပြီ။ မင်းလည်း စားချင်စိတ်ရှိတော့မှာမဟုတ်ဘူးလို့ ငါထင်တယ်။ ဒီည ဖြစ်ပျက်တာတွေကို မေ့လိုက်တာ အကောင်းဆုံးပဲ။ အိမ်ပြန်ရောက်ရင် ကောင်းကောင်း အိပ်လိုက်ပါ။ မနက်ဖြန်ဆိုရင် နေ့သစ်တစ်ခု အစပြုမှာပါ။”

ကျန်းရှင်းယာ ငြိမ်သက်နေပြီးမှ တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။ ထန်ရှုက ကုလားထိုင်တွင် ပြန်ထိုင်လိုက်သည်။ ထာဝရခန်းမမှ အစောင့်တစ်ယောက် လာပေးသော သန့်ရှင်းသည့် မျက်နှာသုတ်ပုဝါတစ်ထည်အား လက်ခံလိုက်ကာ သူ၏မျက်နှာနှင့် လက်များအား သုတ်လိုက်ရင်း ဖြူဖျော့နေသော ကျန်းထျန်းဘနှင့် ကျန်းချန်းရီတို့အား ကြည့်လျက် အပြုံးဖြင့် စကားစလိုက်သည်။

“ခင်ဗျားတို့၂ယောက်ရော ဘယ်လိုလဲ။ တစ်ခုခု ပြောချင်တာများ ရှိသေးလား။”

ချန်းကျန်းရီက မည်သည့်စကားမျှ မဆိုချေ။

ကျန်းထျန်းဘက နာကျင်ခါးသီးနေသော အမူအရာဖြင့် သက်ပြင်းချလိုက်ပြီး

“အနိုင်ရသူက ဘုရင်ဖြစ်ပြီး ရှုံးနိမ့်သူက အမြဲ ဗီလိန်ပါပဲ။ ငါတို့က ရှုံးသွားတဲ့အတွက် အရှုံးသမားက ရှုံးနိမ့်တာကို လက်ခံရတော့မှာပေါ့။ မင်း သတ်ချင်ရင် ငါတို့ကို သတ်လိုက်ပါ။”

လက်မကို ထောင်ပြပြီး ထန်ရှုက ချီးကျူးလိုက်သည်။

“ကောင်းတယ်။ ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် သိသားပဲ။ ခင်ဗျားတို့ ဒီနေ့သေရမှာကို ရှင်းရှင်းလင်းလင်း သိနေတာ၊ သေခြင်းရဲ့မျက်နှာတစ်ဖက်က ကြမ်းတမ်းတယ်လို့ သိနေတာ ကောင်းတယ်။ ဒါပေမယ့် ကျွန်တော်က ခင်ဗျားတို့ဖြစ်ချင်သလို ပေးမဖြစ်နိုင်ဘူး။ တစ်ခါတရံမှာ လူတစ်ယောက်က သေချင်တယ်ဆိုတာတောင် သူ့ဆန္ဒအတိုင်း ဖြစ်ဖို့ဆိုတာ အလွန်ခက်ခဲသားဗျ။”

ကျန်းထျန်းဘ၏ရင်ထဲအေးစက်လာရပြီး သူက ညည်းတွားလိုက်သည်။

“မင်း ဘာလိုချင်လို့လဲ။”

“သိပ်မများပါဘူး။ ခင်ဗျားတို့ကိုလည်း သွားခွင့်ပေးလိုက်မယ်။” ထန်ရှုက ပြောသည်။

သူတို့ကို သွားခွင့်ပေးမှာတဲ့လား။

ကျန်းထျန်းဘ  မယုံနိုင်ဟန်ဖြင့် ထန်ရှုအား ကြည့်မိသကဲ့သို့ ချန်းကျန်းရီသည်လည်း သူ နားကြားမှားလေသလားဟု မယုံကြည်နိုင်ဟန် အမူအရာဖြင့် စိုက်ကြည့်လာသည်။

“ဒါက တကယ်ကို ရိုးရှင်းပါတယ်။ အခြေအနေအမျိုးမျိုးကို ခင်ဗျားတို့လက်ခံသရွေ့ အရိုက်လည်း မခံရသလို ခင်ဗျားတို့ရဲ့အသက်လေးကိုလည်း ထိန်းသိမ်းထားနိုင်လိမ့်မယ်။ ခင်ဗျားတို့ရဲ့သက်တောင့်သက်သာရှိလှတဲ့ ဘဝလေးလည်း ပျက်စီးမှာ မဟုတ်ဘူး။”

အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ရင်း ကျန်းထျန်းဘက လေးနက်စွာ မေးလိုက်သည်။

“ဘာအခြေအနေများလဲ။”

ထန်ရှုက ပေါ့ပါးသောလေသံဖြင့်

“ပထမတစ်ခုက ကျန်းဂရုနဲ့ ဝမ်ယွမ်အိမ်ခြံမြေရဲ့ ရှယ်ယာ ၄၉%”

“သဘောတူတယ်။”

“ပြသနာ မရှိဘူး။”

ကျန်းထျန်းဘနှင့် ချန်းကျန်းရီတို့က တုံ့ဆိုင်းခြင်းမရှိဘဲ အဖြေပေးလိုက်ကြသည်။

မိမိ၏အသက်ကလေးနှင့် ယှဉ်လာပါက ချမ်းသာကြွယ်ဝမှုအား အလေးမထားနိုင်ပါပေ။ ရှယ်ယာများကို မဆိုထားဘိ သူတို့သေသွားပါက အရာရာကို ထားခဲ့ရမည်မဟုတ်ပေလော။

“ဒုတိယအခြေအနေက ဒီလူတွေရဲ့သေဆုံးမှုက ကျွန်တော်တို့နဲ့ ပတ်သက်မှုမရှိစေရဘူး။ သူတို့ရဲ့အလောင်းတွေကိစ္စကို ခင်ဗျားတို့ ဖြေရှင်းပြီး သတင်းတွေကိုပါ ရှောင်ရှားပေးပါ။ သတင်းအနည်းငယ် ထွက်လာတာနဲ့ လူတစ်ချို့ကို ခင်ဗျားတို့မိသားစုဆီ ကျွန်တော် စေလွှတ်ရလိမ့်မယ်။” ထိုနှစ်ယောက်၏အဖြေအား ကျေနပ်သွားသော ထန်ရှုက ဆက်ပြောလိုက်သည်။

“နားလည်ပါပြီ။”

ကျန်းထျန်းဘနှင့် ချန်းကျန်းရီတို့သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ရင်း တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။

“ထာဝရခန်းမနဲ့ ခမ်းနားသော အနာဂတ်က အကူအညီလိုလာရင် သူတို့ကို ကူညီပေးရမယ်။ အချိန်ကန့်သတ်ချက်က ၁၀နှစ်။ ဒီ၁၀နှစ်အတွင်းမှာ ခင်ဗျားတို့လုပ်ခဲ့တာ ကောင်းရင် ဒီနေ့ဖြစ်ခဲ့တာကို ပယ်ဖျက်ပေးရုံတင်မကဘူး ခင်ဗျားတို့လည်း ဆုအချို့ ရလိမ့်မယ်။”

“သဘောတူတယ်။”

“သဘောတူတယ်။”

ကျန်းထျန်းဘနှင့် ချန်းကျန်းရီတို့ ထပ်ဖြေလိုက်သည်။

“လေးခုမြောက်နဲ့ နောက်ဆုံးတောင်းဆိုမှုကတော့ ခင်ဗျားတို့ရဲ့အသုံးမကျတဲ့ သားနှစ်ယောက်ကို ပြည်ပ လွှတ်လိုက်စမ်းပါဗျာ။ ဒီတိုင်းပြည်မှာ နေခိုင်းရင် ခင်ဗျားတို့အတွက်ရော သူတို့အတွက်ပါ ဘေးဆိုးကို ထိုင်စောင့်နေသလိုပဲဖြစ်မှာ။”

ထန်ရှုက လက်ကို ယမ်းလိုက်ပြီး ထျန်းလီအား ကြည့်လိုက်သည်။

“အလောင်းတွေကို စီစဉ်ဖို့ သူတို့ကို အကူအညီပေးလိုက်ပါဦး။ ခုနက တောင်းဆိုခဲ့တာအတွက် ခင်ဗျားမှာလည်း တာဝန်ရှိတယ်။ ဘာလဲဆိုတော့ သူတို့ဆီက ရမယ့်ရှယ်ယာတွေကို စီစဉ်လုပ်ရမှာဖြစ်တယ်။ နောက်ပြီး ရှယ်ယာတွေ ရောင်းမလား ဒါမှမဟုတ် နှစ်စဉ်အစုအပေါ်အမြတ် ယူမလားဆိုတာတော့ ခင်ဗျား ဆုံးဖြတ်ပါ။”

“ငါ ရောင်းမယ်။” ထျန်းလီက တုံ့ဆိုင်းခြင်း မရှိဘဲ ဖြေလိုက်သည်။

ထန်ရှုက ခပ်ဖွဖွ ပြုံးလိုက်ပြီး “ကျွန်တော် ပြောခဲ့သလိုပဲ အဲ့ဒါ ခင်ဗျား စီစဉ်ပါ။”

***

All Chapters