← Chapters

အလည်သွားခြင်း

Vol. 06 Ch. 284

အလည်သွားခြင်း

Vol. 06 Ch. 284

တောတွင်းဥပဒေ - အားကြီးသူက အားနည်းသူအား အနိုင်ယူကာ အုပ်စိုးသည်။

အင်မော်တယ်ကမ္ဘာတွင် နှစ်ပေါင်းတစ်သောင်း နေထိုင်ခဲ့စဉ်က ထန်ရှုသည် သည်စည်းမျဉ်း၏ အဓိပ္ပာယ်အား ကောင်းစွာ သဘောပေါက်ခဲ့သည်။ ယခုနေထိုင်ရာ ကမ္ဘာကြီးသည်လည်း ထိုကဲ့သို့ တိုက်ပွဲဝင်စိတ်များဖြင့် ပြင်းထန်နေသော ဘုံတစ်ခု မဟုတ်သည့်တိုင် အခြားသူများအား ပြစ်မှားပြီး မတိုက်ခိုက်သင့်အောင် ထိုစည်းမျဉ်း၏အနှစ်သာရကို လိုအပ်ပါက ကိုင်စွဲထားရပေဦးမည်။

သူသည် ရက်စက်သော သားသတ်သမား မဟုတ်သော်လည်း သနားညှာတာမှုမရှိ သတ်ဖြတ်ခဲ့သည်။ ပထမအချက်အနေဖြင့် သူသာ မသတ်ခဲ့ပါက သည်နေ့ သေဆုံးရမည့်သူမှာ သူသာဖြစ်ပေလိမ့်မည်။ ဒုတိယအချက်အနေဖြင့် ထိုလူများသည် မကောင်းမှုများစွာကို ကျူးလွန်ခဲ့သော မကောင်းသောလူများသာ ဖြစ်သည်။ ထိုသူများသည် ကြောက်မက်ဖွယ်ကောင်းသော နောက်ခံများရှိသည့် အရိပ်များအောက်တွင် ရှိနေသောကြောင့် ဥပဒေအရ ကိုင်တွယ်လို့မရသောသူများ ဖြစ်ပေရာ ထိုသူများ၏မကောင်းမှုအပြစ်များအတွက် သူသည် အပြစ်ပေးရမည့် နတ်ဆိုးတစ်ယောက် ဖြစ်ကိုဖြစ်ရပေတော့မည်။ ဆိုရိုးရှိသည်မှာ လူဆိုးတစ်ယောက်အား သတ်ဖြတ်ခြင်းသည် သာမန်လူများအတွက် ကယ်ဆယ်ရေးဖြစ်နိုင်သည်။

လူကောင်းများ၏အသက်သည် တန်ဖိုးရှိပြီး မကောင်းသောလူများ၏အသက်သည် အဖိုးမတန်သောကြောင့် လူဆိုးများအား သတ်ဖြတ်ရခြင်းအတွက် ထန်ရှု စိတ်သန့်သည်။ သို့သော်လည်း ယနေ့ညတွင် စိတ်ဝင်စားဖွယ်ရာ အချက်များကို သူတွေ့ခဲ့ရသည်။ ထျန်းလီနှင့်ဟောင်လဲ့သည် နူးညံ့ကာ အားနည်းသည့်ဟန်ရှိသော်လည်း ဂူယန်အာမှ လေ့ကျင့်သင်ကြားပေးထားသော ကျွမ်းကျင်ပညာရှင်များလည်း ဖြစ်နေကြသည်။

ငွေကြေးအရင်းအမြစ်များသည် လူတစ်ယောက်၏ အင်အားအတွက် အခြေခံအုတ်မြစ်များဖြစ်သည်။ ဂူယန်အာသည် ထျန်းလီနှင့်ဟောင်လဲ့တို့အား ထာဝရခန်းမနှင့် ခမ်းနားသောအနာဂတ် ကျောက်မျက်လုပ်ငန်းအား စီမံခိုင်းထားပေရာ ထိုနှစ်ယောက်အား မည်မျှ ယုံကြည်မှုရှိကြောင်း သိနိုင်သည်။ ဂူယန်အာ ယုံကြည်ရသောသူများအား ထန်ရှုသည် မေးခွန်းထုတ်စရာပင် မလိုချေ။

“မင်းတို့ ဒီညမှာ ကောင်းကောင်း လုပ်ခဲ့ကြတယ်။ ရှေးဟောင်းပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းကို တာဝန်ယူနေတဲ့ ချန်းရှောင်ဟွားနဲ့ အိမ်ခြံမြေလုပ်ငန်းကို တာဝန်ယူနေတဲ့ ကျင်းချန်းတို့ကိုပါ ခေါ်ပြီး ကျင်းမန်ကျွန်းကို ပြန်သွားပါ။ အဲ့ဒီမှာ အကြီးအကဲကျိကို တွေ့ပြီး မိုညီအစ်ကို သင်ပေးသလိုမျိုး မင်းတို့၄ယောက်ကို သင်ပေးဖို့ ငါက ပြောလိုက်တယ်ဆိုတဲ့ ငါ့ရဲ့အမိန့်ကို ပြောလိုက်ပါ။”

ထန်ရှုက ကုလားထိုင်မှ ဖြည်းညှင်းစွာ ထလိုက်ပြီး ခပ်ဖွဖွ အပြုံးဖြင့် ပြောလိုက်သည်။

“ဘာရီး…”

ထျန်းလီနှင့် ဟောင်လဲ့တို့နှစ်ယောက် ကြက်သေသေသွားကာ မယုံကြည်နိုင်ဟန်များပင် ဖြစ်သွားရသည်။ စက္ကန့်အနည်းငယ် ကြာသောအခါ ထိုမယုံကြည်နိုင်ဟန်များသည် ဝမ်းသာပျော်ရွှင်မှုအဖြစ် ကူးပြောင်းသွားခဲ့လေတော့သည်။

သူတို့ စိတ်လှုပ်ရှားနေကြသည်။

အင်မော်တယ်ဖြစ်ဖို့ ကျင့်ကြံနည်းစနစ်အား သင်ယူရန် သူတို့နှစ်ယောက် အမြဲ အိပ်မက်မက်ခဲ့ရသည်။ နောက်ဆုံးတော့ ထိုအိပ်မက်သည် တကယ်ဖြစ်လာခဲ့ပြီ ဖြစ်ပေသည်။

ဝမ်းသာလုံးဆို့နေသော ထိုနှစ်ယောက်အား လစ်လျူရှုလျက် ထန်ရှုသည် စီးကရက်တစ်လိပ်အား မီးညှိဖွာရှိုက်လိုက်ပြီး တုန်လှုပ်နေသော ဒုသားအဖနှစ်ယောက်ဆီသို့ လျှောက်လာကာ ပေါ့ပါးသော လေသံဖြင့် စကားဆိုလိုက်သည်။

“ခင်ဗျားက ဟိုနှစ်ယောက်နဲ့ ပြသနာ မရှင်းခင်မီမှာ ကျွန်တော့်ကို စောင့်ဖို့ ရွေးခဲ့တာဆိုတော့ အခု စကားပြောချင်ပြီလား။”

ဒုချန်ဇီ၏နှုတ်ခမ်းများသည် အကြိမ်အနည်းငယ်ခန့် ရှုံ့မဲ့သွားရပြီး ဒုယန်၏မျက်နှာအား ပြင်းထန်စွာ ရိုက်လျက် အမိန့်ပေးလိုက်သည်။

“ဒူးထောက်…။”

ထိတ်လန့်တုန်လှုပ်နေသော ဒုရန်က ထန်ရှု၏အရှေ့တွင် ချက်ချင်း ဒူးထောက်လိုက်သည်။

နဖူးထက်တွင် အေးစက်သော ချွေးများ တစ်တောက်တောက် စီးကျနေသည်ကို သုတ်လိုက်ရင်း ဒုချန်ဇီက နာကျင်စွာ ပြောလိုက်သည်။

“မင်းက ထန်မျိုးရိုး မဟုတ်လား။ နာမည်ကြီးအဆိုတော်လေးက ခုနက အဲ့လိုခေါ်လိုက်သလိုပဲ။ သူဋ္ဌေးထန်… ငါ့သားက အလွန်သမားရိုးကျဆန်တဲ့ အမှားတစ်ခု လုပ်ခဲ့မိပါတယ်။ မင်း ခွင့်လွှတ်ပေးပါလို့ တောင်းဆိုချင်ပါတယ်။ ကျေးဇူးပြုပြီး သူ့အသက်ကို ချမ်းသာပေးပါ။ ငါ့မှာ စီးပွားရေးလုပ်ငန်းတွေက များလို့ ဘယ်စီးပွားရေးရဲ့ရှယ်ယာကို ပေးရမလဲဆိုတာ ဆုံးဖြတ်ရခက်နေတယ်။ မင်းကို တောင်းပန်တဲ့အနေနဲ့ ၂ဘီလီယံချက်လက်မှတ်ပေးရင်ရော ဘယ်လိုသဘောရလဲ။”

“၃ဘီလီယံ။ ပြီးရင် ခင်ဗျားထွက်သွားလို့ရပြီ။”

ညှိနှိုင်းမှုအကြီးစား မဖြစ်ခဲ့ဘဲ ပြသနာအား ငွေကြေးဖြင့် ဖြေရှင်းနိုင်သောကြောင့် ဒုချန်ဇီ စိတ်တွင်းမှ တိတ်တဆိတ် သက်သာရာရသွားခဲ့သည်။ သူ၏ချမ်းသာမှုသည် ၁၀ဘီလီယံအထက်တွင် ရှိသောကြောင့် ၃ဘီလီယံသည် များပြားလှသော ငွေပမာဏဖြစ်သော်လည်း သူ တတ်နိုင်ပါသေးသည်။ ထိုငွေထက်စာလျှင် ကျန်းအုပ်စုနှင့် ဝမ်ယွမ်အိမ်ခြံမြေ၏ ၄၉%ရှယ်ယာသည် ကျန်းထျန်းဘနှင့် ချန်းကျန်းရီတို့၏ အခြေခံကျသော ငွေကြေးရင်းမြစ်များ ဖြစ်ပေသည်။

“ငါ့ကို အချိန်နည်းနည်းလောက် ပေးလို့ရမလားလို့ တောင်းဆိုလို့ရမလား သူဋ္ဌေးထန်။ ၃ဘီလီယံကို ငါ ရအောင်ပေးနိုင်ပါတယ် ဒါပေမယ့် အချိန်က နည်းလွန်းတယ်။”

“၃ရက်… ဒါ ကျွန်တော် ပေးနိုင်တာပဲ။” ထန်ရှုက မျက်နှာသေဖြင့် ပြောလိုက်သည်။

“၃ရက်ဆို လုံလောက်ပါတယ်။” ဒုချန်ဇီက လျင်မြန်စွာ ပြောလိုက်သည်။

ထန်ရှုက လက်ကို ဝှေ့ယမ်းလိုက်ရင်း

“ကောင်းပြီ။ ခင်ဗျား သွားနိုင်ပြီ။ မှတ်ထားပါ။ ခင်ဗျားရဲ့သားကို ခင်ဗျား မျက်နှာသာပေးနိုင်ပေမယ့် နောက်ထပ်ပြစ်မှုတွေ မကျူးလွန်အောင် စောင့်ကြည့်ထားပါ။”

ဒုချန်ဇီက အလျင်အမြန် အဖြေပေးလိုက်သည်။

“အိမ်ပြန်ရောက်တာနဲ့ အမှား အမှန်ကို ခွဲခြားသိဖို့၊ ဘယ်လိုမကောင်းမှုမျိုးကိုမှ မလုပ်ဖို့ သူ့ကို သေချာပေါက် ငါကိုယ်တိုင် ဆုံးမမှာပါ။”

ဒုချန်ဇီနှင့် သူ၏လူများ အကြောက်တရားနှင့် ထွက်ခွာသွားသည်ကို ကြည့်ရင်း ထန်ရှု ရုတ်တရက် ပြောလိုက်သည်။

“ခင်ဗျားတို့လက်နက်တွေအားလုံး ဒီမှာ ထားခဲ့။”

“ဟုတ်ကဲ့”

ဒုချန်ဇီ၏အမိန့်ကိုပင် မစောင့်တော့ဘဲ သူ၏လူများက ယူဆောင်လာသော လက်နက်များအား ကြမ်းပြင်ပေါ်သို့ အလျင်စလို ပစ်ချလိုက်သည်။ ထိုသူများအတွက် ထန်ရှုသည် ရက်စက်ကြမ်းကြုတ်ကာ ညှာတာမှုကင်းမဲ့သည့် သတ်ဖြတ်ခြင်း နတ်ဘုရားတစ်ယောက်ဟု ထင်မှတ်ရသည်။ သူ၏ဆန္ဒအတိုင်း မလုပ်ခဲ့ပါလျှင် သူတို့သည် ထာဝရခန်းမမှ အသက်ရှင်လျက် ထွက်ခွာနိုင်မည်မဟုတ်ဟု တွေးမိစေသည်။

မိနစ်အနည်းငယ်ကြာသော် ထန်ရှုနှင့် မိုညီအစ်ကိုတို့သည် ထာဝရခန်းမမှ ထွက်ကာ ဟန်းမားကားဖြင့် ချန်ရွှီပင်လယ်အော်၁၃လမ်းသို့ ပြန်လာကြသည်။ သူသည် နဂါးကိုးကောင်ကျွန်းသို့ သွားရောက်ရမည် ရှိသေးသောကြောင့် ကောင်းမွန်စွာ အနားယူရန် လိုအပ်သည်။

ရေနက်ကမ်းခြေ ၇၉လမ်း…

လက်ဖက်ရည်များအား အရသာခံ စုပ်သောက်နေရင်း လီကျွီရန်နှင့် ခယ်ကျန်းထောင်တို့ စကားဖောင်ဖွဲ့လျက် ရှိသည်။

“သူဋ္ဌေး…”

အံ့အားသင့်နေသော အမူအရာရှိနေသော သက်တော်စောင့်တစ်ယောက် ရောက်လာကာ လွီကျွီရန်အား ခေါ်လိုက်သည်။

လွီကျွီရန်က သူ၏မျက်ခုံးများအား ပင့်တင်လိုက်ကာ

“စုံစမ်းတာ အခြေအနေ ဘယ်လိုရှိလဲ။”

“ထန်ရှုအကြောင်း စုံစမ်းတာ အချိန်တိုအတွင်း မပြီးသေးပေမယ့် ရွှမ်းချင်ဒေသက ကျွန်တော့်အဆက်အသွယ်နဲ့ စကားပြောခဲ့ရလို့ ရလဒ်အချို့တော့ ရလာခဲ့တယ်။ ဒါပေမယ့် ထာဝရခန်းမထဲမှာ အခြေအနေတစ်ခုရှိနေတယ်။ ကျွန်တော်တို့ စုံစမ်းမှုအရဆိုရင် လေလံပွဲလာတဲ့လမ်းမှာ ထန်ရှုက သခင်လေးတစ်ဖွဲ့နဲ့ ပြသနာတက်ခဲ့တယ်။ ကျန်းအုပ်စုက အကြီးဆုံးသား ကျန်းယု၊ ဝမ်ယွမ်အိမ်ခြံမြေလုပ်ငန်းက အမွေဆက်ခံမယ့်သူ ချန်းဖေး၊ ဒုကန်ဝိုင်လုပ်ငန်းက သူဋ္ဌေးလေး ဒုရန်နဲ့ ကန်းရုံလျှပ်စစ်ပစ္စည်းထုတ်လုပ်ရေးက ချီချန်းချင်တို့အဖွဲ့ပဲ။”

“ထန်ရှု လေလံပွဲတက်နေတုန်း ထာဝရခန်းမရဲ့ အထွေထွေမန်နေဂျာ ထျန်းလီက ကျန်းယုနဲ့ ချန်းဖေးကို ခေါ်သွားခဲ့တယ်။ ထန်ရှု ဒီကို ရောက်နေတဲ့အချိန်မှာ ကျန်းအုပ်စုရဲ့သူဋ္ဌေး ကျန်းထျန်းဘ၊ ဝမ်ယွမ်အိမ်ခြံမြေလုပ်ငန်းရဲ့သူဋ္ဌေး ချန်းကျန်းရီနဲ့ ဒုကန်ဝိုင်လုပ်ငန်းက ဒုချန်ဇီတို့က လူအယောက် ၁၀၀ကနေ ၂၀၀၀န်းကျင်ရှိတဲ့ အဖွဲ့ကို ဦးဆောင်ပြီး ထာဝရခန်းမဆီကို သွားကြတယ်။ သိပ်မကြာခင် ထန်ရှု အဲ့ဒီကို ရောက်လာတာပဲ။”

လွီကျွီရန်က မျက်လုံးတစ်ချက်စွေကာ ကြည့်လိုက်ရင်း ဖြည်းညှင်းစွာ မေးလိုက်သည်။

“နောက်ဆုံးရလဒ်က ဘာဖြစ်သွားလဲ။”

သက်တော်စောင့်က မချိပြုံး ပြုံးလိုက်ရင်း

“ကျန်းထျန်းဘ၊ ကျန်းယု၊ ချန်းကျန်းရီနဲ့ ချန်းဖေးတို့က ဒဏ်ရာတွေနဲ့ ထာဝရခန်းမထဲက ထွက်လာပေမယ့် သူတို့နောက်က ပါသွားကြတဲ့ လူတွေကတော့ ဘယ်သူမှ ထွက်မလာတော့ဘူး။ ဒုချန်ဇီတို့သားအဖကလည်း လူတွေ ခေါ်သွားတာပဲ။ ဒါပေမယ့် သူတို့လူတွေကတော့ အကုန်လုံးပြန်ထွက်လာနိုင်ကြတယ်။ ပြီးတော့ ဒုချန်ဇီက သူ့သားကို ရိုက်ထားတာမှ တော်တော်ပြင်းထန်တဲ့ပုံပဲ။”

လွီကျွီရန် မျက်မှောင်ကြုပ်သွားကာ

“ဆိုတော့ မင်းပြောချင်တာက ကျန်းထျန်းဘနဲ့ ချန်းကျန်းရီတို့ရဲ့လူတွေကို ထာဝရခန်းမက ဓားစာခံလုပ်ထားတယ်ဆိုလိုတာလား။”

သက်တော်စောင့်က ပြောသည်။

“မဟုတ်ဘူး။ သူတို့အားလုံး သေသွားကြတာ။”

“ဘာ…”

လွီကျွီရန်နှင့် ခယ်ကျန်းထောင်က အလန့်တကြား မတ်တတ်ရပ်လိုက်မိကြသည်။

အားလုံးသေသွားကြတာ။

၁၀၀ကနေ ၂၀၀အတွင်းရှိတဲ့လူများက ထာဝရခန်းမထဲကို ဝင်သွားကြကာ ဒုချန်ဇီ၏လူများသာ ပြန်ထွက်လာနိုင်ပြီး ကျန်သူများမှာ သေသွားကြသည်လား။

“ဒေါက်…ဒေါက်…ဒေါက်…”

တံခါးခေါက်သံ ထွက်ပေါ်လာသည်။

သက်လတ်ပိုင်းလူတစ်ယောက်သည် အခန်းတွင်းသို့ ဝင်လာပြီး အလျင်စလို ပြောလိုက်သည်။

“သူဋ္ဌေး… ထာဝရခန်းမရဲ့အခြေအနေကို စောင့်ကြည့်ဖို့ လွှတ်ထားလူတွေနဲ့ အဆက်အသွယ် ပြတ်သွားပြီ။ ဒါပေမယ့် အဆက်အသွယ်မပြတ်ခင် ကျွန်တော်တို့ လူတစ်ယောက်ဆီက စကား၂လုံးရခဲ့တယ်။”

“ဘာစကားတွေများလဲ။”

လွီကျွီရန်က လေးနက်စွာ မေးလိုက်သည်။

“အဲ့ဒီစကားနှစ်ခွန်းက ဘာလဲ။” ခယ်ကျန်းထောင်ကလည်း မေးသည်။

“ကယ်ပါ။”

သက်လတ်ပိုင်းလူက တုန်လှုပ်နေသောအသံဖြင့် ဖြေသည်။

လွီကျွီရန် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ခါးသီးစွာ ပြုံးကာ ခေါင်းယမ်းမိသည်။

“ဒီအခြေအနေက အရင်တုန်းကနဲ့ အတူတူပဲ။ တူညီတဲ့အမှားကို ငါ ထပ်လုပ်မိလိမ့်မယ်လို့  မထင်ခဲ့မိဘူး။ ကြည့်ရတာ ငါ ခရီးထပ်ထွက်ရတော့မယ် ထင်တယ်။”

ကြက်သေ သေနေရာမှ လန့်နိုးလာသော ခယ်ကျန်းထောင်သည် ထိုစကားအား ကြားသည်နှင့် အမြန်စကားဆိုသည်။

“ဦးလေးလီဆိုလိုတာက ထန်ရှုဆီ ကိုယ်တိုင်သွားပြီး လူတွေ လွှတ်ဖို့ တောင်းဆိုချင်တာလား။”

လွီကျွီရန်က မချိပြုံး ပြုံးလိုက်ပြီး

“အဲ့ဒါက လွဲပြီး ငါ ဘာများ လုပ်နိုင်ဦးမှာလဲ။ သူဋ္ဌေးဂူက စွမ်းအားကြီးပေမယ့် သူက သတ်ဖြတ်ဖို့ အမိန့်ပေးတာ ရှားတယ်။ ထန်ရှုက တကယ်လုပ်…ဟူး… ငါ လုပ်နိုင်သမျှ ဘာမဆို လုပ်ရမှာပဲ။”

“ကျွန်တော်ပါ ဦးလေးလီနဲ့ လိုက်ခဲ့မယ်။” ခယ်ကျန်းထောင်က အမြန်ပြောလိုက်သည်။

“မလိုက်ပါနဲ့။ ငါ့ဘာသာ သွားတာက ပိုကောင်းလိမ့်မယ်။ မင်း လိုက်လာရင် ကောင်းမယ်မထင်ဘူး။ ထန်ရှုရဲ့အိမ်ကို ရှာဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်။”

“ကျွန်တော်တို့ ထန်ရှုအိမ်ကို ရှာထားပြီးပါပြီ။ အဲ့ဒါက ချန်ရွှီပင်လယ်အော်၁၃လမ်းမှာပါ။”

လီကျွီရန်က ခေါင်းညိတ်ကာ သက်တော်စောင့် ၂ယောက်ကို ခေါ်ပြီး ကားဖြင့် လျင်မြန်စွာ ထွက်ခွာသွားရာ အနောက်မှ ကားများစွာလည်း လိုက်ပါသွားကြသည်။

ချန်ရွှီပင်လယ်အော်၁၃လမ်းတွင်…

ထန်ရှုသည် ပြန်ရောက်ပြီးနောက် ရေမိုးချိုးအဝတ်အစားလဲလိုက်သည်။ ကျင့်ကြံမှုအတွက် စရန် ပြင်ဆင်လိုက်စဉ် သူ၏အခန်းတံခါးအား ခေါက်သံ ကြားရသည်။

“တစ်ခုခုများ ဖြစ်လို့လား။” ထန်ရှုက အခန်းတံခါးဖွင့်ကာ မေးလိုက်သည်။

မိုအားဝမ်က တလေးတစား ပြန်ဖြေသည်။

“သူဋ္ဌေး… လီကျွီရန် လာပါတယ်။”

ထန်ရှုက မျက်လုံးများအား မှေးစင်းကာ စဉ်းစားလိုက်ရာ ချက်ချင်းဆိုသလိုပင် သူရောက်လာရသည့် အကြောင်းရင်းအား နားလည်သွားခဲ့သည်။ လီကျွီရန်တစ်ယောက်တည်း လာသည်မှာ ထင်ရှားသည်။ သူ၏ချမ်းသာကြွယ်ဝမှုအား စိတ်မဝင်စားသော်လည်း ထန်ရှုက ခေါင်းညိတ်လျက်

“သူ့ကို ဧည့်ခန်းထဲ ခေါ်သွားပါ။ ကျွန်တော် မကြာခင် ရောက်မယ်။”

“ဟုတ်ကဲ့။” မိုအားဝမ် ဖြေကာ ထွက်သွားသည်။

တစ်ခဏမျှ စဉ်းစားလိုက်ရင်း ထန်ရှုသည် သူ၏ဖိနပ်အားစီးကာ အခန်းထဲမှ ထွက်လာခဲ့သည်။ ဒီနေ့ ထာဝရခန်းမတွင် ဖြစ်သော အကြောင်းအရာသည် ဖုံးဖိရန် မလွယ်ပေ။ သေနတ်သံအတွဲလိုက်သည် အခြားသူများအား သေချာပေါက် သိချင်စိတ်ကို ဖြစ်ပေါ်စေလိမ့်မည်။ ထိုအသံသည် ရဲဋ္ဌာနကိုပင် အချက်ပေးနိုင်ပေသည်။ လီကျွီရန်သည် ဟောင်ကောင်တွင် အချိန်အများဆုံး နေထိုင်သောကြောင့် ရဲဋ္ဌာနနှင့် သူ့တွင် အဆက်အသွယ်များ ရှိရပေမည်။ ထန်ရှုသည် သူ၏အမိန့်အောက်မှ လက်အောက်ငယ်သားများ၏ အသက်များအား စောင့်ရှောက်ပေးချင်သည်မှာ အသေအချာပင်။

အိမ်တော်ထိန်းအား လက်ဘက်ရည်ချပေးရန် မှာကြားပြီးနောက် ထန်ရှုသည် ဧည့်ခန်းထဲသို့ ဝင်လာသည်။

“ညီလေး ထန် … ငါတို့ ထပ်တွေ့ကြပြန်ပြီ။”

ဆိုဖာတွင် ထိုင်နေသော လီကျွီရန်က ထရပ်ကာ ထန်ရှုအား ပြုံးပြီး နှုတ်ဆက်လိုက်သည်။

ထန်ရှုက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ရင်း တုံ့ပြန်သည်။

“တိုတောင်းတဲ့ ညလေးမှာ ၂ခါတောင်တွေ့တာဆိုတော့ ကြည့်ရတာ ကျွန်တော်တို့၂ယောက်အကြားမှာ နက်ရှိုင်းတဲ့ ရေစက်ရှိပုံပေါ်တယ်။”

လီကျွီရန်က မချိပြုံးပြုံးလိုက်ရင်း

“တကယ်ကို နက်ရှိုင်းတာပေါ့။ ညီလေးနဲ့တင်မကဘူး ထာဝရခန်းမနဲ့ပါ ရေစက်ရှိနေတာ။ ဒါနဲ့ ငါ အတိတ်တုန်းက ကျင်းမန်ကျွန်းက ထာဝရခန်းမကို စုံစမ်းဖို့ လူလွှတ်ထားမိဖူးတယ်။ ရလဒ်ကတော့ အကုန်အဖမ်းခံရပြီး အာဖရိကက မိုင်းတွင်းမှာ အလုပ်သမားတွေအဖြစ် အပို့ခံလိုက်ရတယ်လေ။”

“ဒီနေ့ည ဖြစ်ပျက်တာကို ခင်ဗျား သိလား။” ထန်ရှုက ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။

လီကျွီရန်က ခေါင်းညိတ်ပြရင်း

“အင်း ငါ ကြားတယ်။ အဲ့ဒါကြောင့်လည်း ညီလေးထန်များ ငါ့အကူအညီလိုလေမလားဆိုပြီး လာမေးတာပဲ။ ဟောင်ကောင်က စီးပွားရေးလောကမှာဖြစ်ဖြစ် နိုင်ငံရေးလောကမှာဖြစ်ဖြစ် ငါ့မှာလည်း နည်းလမ်းတွေ ရှိပါတယ်။”

ထန်ရှုက နှုတ်ခမ်းများ ကော့တက်သွားအောင် ပြုံးလိုက်ရင်း

“ကြည့်ရတာ စီနီယာလီက ကျွန်တော့်ကို ကူညီဖို့လာတာပဲ။ ဒီလိုဆိုမှတော့ စီနီယာရဲ့ကြင်နာမှုကို ကျွန်တော် လက်ခံပါမယ်။ လာ … လက်ဘက်ရည် သောက်ကြရအောင်။”

အိမ်တော်ထိန်း လက်ဘက်ရည်လာချပေးသည်ကို ကြည့်ရင်း လီကျွီရန် တစ်ချက် တုံ့ဆိုင်းသွားပြီးနောက် လေသံတိုးတိုးဖြင့်

“ညီလေး ထန်… ငါ့ရဲ့လူတွေ…”

ထန်ရှုက လက်ကို ဝှေ့ယမ်းလိုက်ရင်း

“စီနီယာလီ… ကျွန်တော့်လက်လက်ရည်က စီနီယာရဲ့လက်ဘက်ရည်လောက် မကောင်းပေမယ့် ကျေးဇူးပြုပြီး မငြင်းပါနဲ့။ လက်ဘက်ရည်သောက်ပြီး အိမ်ပြန်ရောက်တဲ့အခါ စီနီယာရဲ့လူတွေ ပြန်ရောက်နေလိမ့်မယ်ဆိုတာ ကျွန်တော် သေချာပေါက် ပြောနိုင်တယ်။”

သဲလွန်စ၏အနောက်မှ အဓိပ္ပာယ်အား နားလည်သွားသဖြင့် လီကျွီရန်က ပျော်ရွှင်သွားပြီး ရယ်ရယ်မောမောဖြင့်

“ညီလေး ထန် … ဒီလိုဆိုမှဖြင့် ထာဝရခန်းမမှာ ငါ အကြွေးတင်နေပါပြီ။ သူဋ္ဌေးဂူနဲ့ နောက်ဆုံးတွေ့တာ နှစ်၂၀ကျော်သွားပြီ။ သူမ နေကောင်းရဲ့လား။”

***

All Chapters