ပိုက်ဆံဖြုန်းခြင်း
Vol. 06 Ch. 285
ထန်ရှု မျက်ခုံးအစုံအား ပင့်တင်မိရင်း
“အစ်ကိုလီက ယန်အာကို သိလို့လား။”
ယန်အာ…
လီကျွီရန်က တစ်ချက်ကြောင်သွားပြီး
“ညီလေးထန်…ယန်အာက ဘယ်သူလဲ။”
ထန်ရှုက အေးဆေးစွာ တုံ့ပြန်လိုက်သည်။ “ဂူယန်အာလေ။”
လီကျွီရန်၏မျက်လုံးများတွင် အံ့အားသင့်သွားဟန် ဖြစ်ပေါ်သွားရသည်မှာ ထန်ရှုသည် ဂူယန်အာအား သူ၏ကလေးသဖွယ် ခေါ်ဝေါ်နေခြင်းကိုပင်။ သိရမည်မှာ လွန်ခဲ့သော နှစ်၂၀ကျော်က ဂူယန်အာသည် အသက်၂၀ ၀န်းကျင်ရှိဟန်တူပေရာ ယခုအချိန်ဆိုပါက အသက်၅၀ခန့်ရှိလောက်ပြီ မဟုတ်ပါလော။
“ဂူယန်အာ … သူဋ္ဌေးဂူ ဟုတ်တယ်။ လွန်ခဲ့တဲ့ နှစ်၂၀ကျော်က ပြည်ပကနေ ကုန်သယ်တော့ မတော်တဆ တစ်ခု ငါ ကြုံတွေ့ခဲ့ရတာကြောင့် သူဋ္ဌေးဂူဆီမှာ မျက်နှာပူပူနဲ့ပဲ အကူအညီ တောင်းခဲ့ရသေးတယ်။”
ထန်ရှုက အံ့အားသင့်လျက်
“သူမက စီနီယာကို ကူညီခဲ့လား။”
လီကျွီရန်က ခေါင်းညိတ်ပြပြီး
“ကူညီခဲ့တယ်။ ငါ့ကို ဆုံးရှုံးမှုအကြီးစားတစ်ခုကနေ ကယ်တင်ပေးလိုက်တာ။ သူမက အဲ့ဒီအတွက် ငွေကြေးမယူခဲ့ပဲ ငါ့ဆီက ၂ချက်ပဲ တောင်းဆိုခဲ့တယ်။”
“သူမက ဘာတွေ တောင်းဆိုခဲ့တာလဲ။”
ထန်ရှု သိချင်သွားရသည်။
“ပထမအချက်က ထာဝရခန်းမကို စုံစမ်းဖို့ လူထပ်မလွှတ်ဖို့ရယ်၊ ဒုတိယအချက်က ထန်ရှုလို့ခေါ်တဲ့ လူတစ်ယောက်ကို ရှာပေးစေချင်တာပဲ။ ငါ့ကို ပန်းချီကားတစ်ချပ်တောင်မှ ပေးထားခဲ့တယ်။ ညီလေးက ထန်ရှုလို့ ခေါ်ပေမယ့် ရုပ်ရည်သွင်ပြင်ကျတော့ ပန်းချီကားထဲကနဲ့ မတူဘူး။”
ထန်ရှုလား။
ထန်ရှု တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ပန်းချီကားထဲမှ ပုံသည် သေချာပေါက် ယခုလက်ရှိ သူနှင့် ခြားနားနေပေသည်။
“ကြည့်ရတာ ယန်အာက ကျွန်တော့်အတွက် အများကြီးလုပ်ခဲ့တာပဲ။ စီနီယာလီ ဖြစ်နိုင်မယ်ဆိုရင် စုံစမ်းဖို့ လူထပ်မလွှတ်ပါနဲ့တော့။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျား ဘာမှ ရှာတွေ့မှာ မဟုတ်ဘူး။ ယန်အာက လွန်ခဲ့တဲ့ ၁၀နှစ်ကတည်းက ကျန်းမာရေးမကောင်းဘူး။ အဲ့ဒါကြောင့် အခုလက်ရှိ ထာဝရခန်းမကို စီမံအုပ်ချုပ်နေတဲ့သူက သူမရဲ့တပည့် ဂူရှောင်ရွှဲ့ပါ။ ဘာပဲဖြစ်ဖြစ် အနာဂတ်မှာ ထာဝရခန်းမကို ကြည့်ရှုစောင့်ရှောက်ပေးဖို့ စီနီယာကို ဒုက္ခပေးရပါဦးမယ်။”
ထန်ရှုက စိတ်ခံစားချက်များစွာဖြင့် သက်ပြင်းချလိုက်ရင်း လီကျွီရန်အား အပြုံးဖြင့် ပြောလိုက်သည်။
လီကျွီရန်၏အမူအရာ လက်ကနဲ ဖြစ်သွားကာ အလျင်စလို တုံ့ပြန်လိုက်သည်။
“ထာဝရခန်းမကို ဂရုစိုက်ပေးဖို့အတွက်ဆိုရင် ဖြစ်ပြီလို့သာ တွေးလိုက်တော့။ ဒါပေမယ့် သူဋ္ဌေးဂူကရော။ ဆရာဝန်တစ်ယောက်ရှာဖို့ ငါ ကူညီပေးဖို့ လိုသေးလား။ ရွှမ်းချင်ဒေသက ကြယ်တာရာမှာ နတ်ဆေးသမားတော် ပေါ်လာတယ်လို့ ငါ ကြားထားတယ်။ မင်း သဘောတူရင် ငါကိုယ်တိုင် အဲ့ဒီကိုသွားပင့်ပြီး ကျင်းမန်ကျွန်းကို ခေါ်ခဲ့မယ်။”
သူ့အား ထူးဆန်းသော အမူအရာဖြင့် ကြည့်ရင်း ထန်ရှုတစ်ယောက် ရယ်ရမလို ငိုရမလို ဖြစ်သွားကာ
“ကြယ်တာရာက နတ်ဆေးသမားတော်သတင်း ပျံ့တာ မြန်လှချည်လား။ ဟောင်ကောင်ထိတောင် ရောက်နေတာလား။”
လီကျွီရန်က ရယ်မောလိုက်ရင်း
“မြို့တော်က သူငယ်ချင်းတစ်ယောက်ဆီက ကြားလာတာ မကြာသေးဘူး။ သူပြောတာ ထန်…”
ရုတ်တရက် သူ၏မျက်နှာမှ အပြုံးသည် အေးခဲသွားကာ မယုံကြည်နိုင်ဟန်အမူအရာများသည် မျက်ဝန်းထဲတွင် ဖြစ်ပေါ်လာသည်။
“အဲ့ဒီထန်က ဘာဖြစ်လို့လဲ။”
ထန်ရှု ဇဝေဇဝါ ဖြစ်သွားသည်။
ထန်ရှုအား တွေဝေစွာဖြင့် ကြည့်ကာ လီကျွီရန်က မေးလိုက်သည်။
“ငါ သိထားတဲ့ ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံကြီးက နတ်ဆေးသမားတော်ရဲ့ နာမည်ကလည်း ထန်ရှုပဲ။ မြို့တော်က ငါ့သူငယ်ချင်းက ပြောတာက ပေကျင်းထန်မိသားစုခေါင်းဆောင်ရဲ့ နာတာရှည်အဆုတ်ရောဂါကို ထန်ရှုက ကုပေးရုံတင်မကဘူး ထန်ရှုက သူ့ရဲ့သွေးရင်းမြေးတဲ့။ မင်းကလည်း ရွှမ်းချင်ဒေသက လာတာလို့ ငါ့ကို မပြောနဲ့နော်။”
ထန်ရှု ရယ်ချင်စိတ်အား မြိုသိပ်မထားနိုင်တော့ပဲ
“ထပ်မပြောလည်း ရပါပြီဗျာ။ ကျွန်တော့်အကြောင်းကို စုံစမ်းဖို့ အစ်ကိုလီလွှတ်ထားတဲ့သူတွေထက်စာရင် အစ်ကိုလီက အခု အများကြီး ပိုသိနေပါပြီ။ ဟုတ်ပါတယ်။ ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံက ထန်ရှုက ကျွန်တော်ပါပဲ။ ဒါပေမယ့် လက်ရှိ အဲ့ဒီမှာ ကျွန်တော့်အခြေအနေက တရားဝင် အမြဲသမားတော် မဟုတ်ပါဘူး။ ထန်မိသားစုဆိုရင် ထန်ယွမ်သဲ့က ကျွန်တော့်အဖေ၊ ထန်ကောရှန့်က ကျွန်တော့်အဘိုးပါ။”
“ဟမ်…”
ထန်ရှု၏ပုံရိပ်အား သိရသောအခါ လီကျွီရန် တုန်လှုပ်သွားရသည်။ ထန်မိသားစု၏မျိုးရိုးဆက်ခံသူကြောင့်သာလျှင်မဟုတ် ထန်ကောရှန့်၏မြေးဖြစ်နေသည်ဆိုပါလျှင်တောင် လီကျွီရန် တုန်လှုပ်နေမည်မဟုတ်ချေ။ သို့သော် သူသည် နတ်ဆေးသမားတော်တစ်ယောက်လည်း ဖြစ်နေချေသေးသည်။ ပိုပြီးအရေးကြီးသည့်အချက်မှာ ထာဝရခန်းမ၏ပိုင်ရှင်ပါ ဖြစ်နေခြင်းပင် ဖြစ်တော့သည်။
ထိုကဲ့သို့များပြားလှသော ဂုဏ်ထူးဝိသေသများကြောင့် လီကျွီရန်သည် သူကိုယ်တိုင် သာမန်ထက်ထူးကဲသော အခြအနေအား ပိုင်ဆိုင်ထားသော်ငြား တုန်လှုပ်နေဆဲဖြစ်သည်။
“သိပ်လည်း မအံ့သြပါနဲ့လေ။ ကျွန်တော်သာ ယန်အာကို ကုနိုင်တယ်ဆိုမှတော့ ကုပြီးတာ ကြာပြီးပေါ့ဗျာ။ နောက်ပြီး သူမက ကျွန်တော် သဘောကျရတဲ့ တပည့်တစ်ယောက်ပဲဟာ။”
ထန်ရှုက ပေါ့ပါးစွာ ပြောသည်။
ခေါင်းကို ညိတ်ရင်း သူ၏တုန်လှုပ်နေမှုမှ ပြန်လည်သက်သာရာရလာသော လီကျွီရန်က
“မင်းက နတ်ဆေးသမားတော် တစ်ယောက်လည်း ဖြစ်တယ်။ သဘာဝအားဖြင့်…”
သူ၏စကားများသည် တစ်ဝက်တစ်ပျက်နှင့် တစ်ဖန် ရပ်သွားရပြန်သည်။
တပည့်တစ်ယောက် ဟုတ်လား။ ဂူယန်အာက သူ သဘောအကျဆုံး တပည့်တစ်ယောက်လို့ ထန်ရှု ပြောလိုက်တာလားလို့။
အာ… ဒါကြီးက ဘယ်လိုဟာသကြီးလဲကွာ။
ထန်ရှုက ထပ်မံ မရှင်းပြတော့ဘဲ လီကျွီရန် တုန်လှုပ်နေပုံအား ကြည့်ရုံသာ ကြည့်နေရင်း သူ၏ခေါင်းအား ယမ်းလျက်
“ဒါနဲ့… ယန်အာနဲ့ ကျွန်တော့်ရဲ့ပတ်သက်ဆက်နွယ်မှုကို လျှို့ဝှက်ထားပေးပါ။ စီနီယာလီ တခြားအထွေအထူး ကိစ္စမရှိရင်လည်း ပြန်လို့ရတယ်နော်။”
လီကျွီရန် တုတ်တုတ်မျှ မလှုပ်ဘဲ ထန်ရှုအား တွေတွေကြီး စိုက်ကြည့်နေသည်။ သူ၏အရှေ့မှ လူငယ်လေးသည် အတော်ကြီးကို လျှို့ဝှက်ဆန်းကြယ်သော လူသားတစ်ယောက် ဖြစ်နေသည်။
ထန်ရှု၏ပြန်စေချင်သော စိတ်ဆန္ဒအား မြင်ရတောမှ လီကျွီရန်က ထရပ်လိုက်ကာ တုံံ့ပြန်လိုက်သည်။
“ဒါဆို ငါ သွားတော့မယ်။”
သူ့အား လိုက်ပို့ပြီးသည်နှင့် ထန်ရှု အပေါ်ထပ်သို့ တက်ခဲ့သည်။ ယနေ့သတ်ဖြတ်ခဲ့ခြင်းများသည် သူ၏အပေါ် မကောင်းသော အကျိုးသက်ရောက်မှု မရှိသောကြောင့် အိပ်ရာထက်တွင် ခြေချိတ်ထိုင်ကာ ကျင့်ကြံမှုကို စတင်လိုက်သည်။
သူ၏ကျင့်ကြံမှုအား ဇွဲရှိရှိဖြင့် ကျင့်ကြံမှုကြောင့် အသားသန်မာခြင်းအဆင့်အား အချိန်မရွေး ထိုးဖောက်နိုင်ပေသည်။ ထိုအဆင့်သို့ ရောက်ရှိပါက သူ၏ခွန်အားသည် အဆများစွာ တက်သွားလိမ့်မည် ဖြစ်သည်။ သူ့ကိုယ်သူ ကမ္ဘာပေါ်တွင် ပြိုင်ဖက်ကင်းဟု မပြောနိုင်သည့်တိုင် သူ၏ပြိုင်ဖက်မှာ လူနည်းစုမျှသာ ဖြစ်ပေလိမ့်မည်။
စင်ရှာစွေ့ အိမ်ရာ၊ ဟောင်ကောင်…
ဥရောပစတိုင်ဆောက်လုပ်ထားသော တန်ဖိုးကြီး အိမ်ထဲတွင် ဒုယန်က ဒုကျန်ဇီ၏အရှေ့တွင် နာကျင်နောင်တရနေသောမျက်နှာဖြင့် ဒူးထောက်နေသည်။
ပဋိပက္ခအသေးစားလေးတစ်ခုကြောင့် သူ၏မိသားစုသည် ၃ဘီလီယံအား လျော်ကြေးအဖြစ် ပေးရတော့မည်ဖြစ်သည်။ သူသည် စိတ်ကြီးဝင်ကာ မောက်မာလေ့ရှိသူဖြစ်သော်လည်း ထိုအခိုက်အတန့်တွင် အမှားကြီးတစ်ခု သူ လုပ်ခဲ့မိပြီဆိုသည်ကို ကောင်းစွာ နားလည်လိုက်တော့သည်။
ထိုအချင်းအရာကြောင့် သူသည် အပြစ်ပေးခံရကာ ဒူးထောက်ရန် ဖိအားပေးခံရခြင်းဖြစ်သည်။ သူသည် အမှားအား ဝန်ခံထားသော်လည်း ထိုအပြစ်ပေးခံရမှုသည် သူ့အား ဒေါသထွက်စေသည်။ သို့သော် သည်တစ်ကြိမ်တွင် မည်သည့်ဆင်ခြေမျှ သူ မပေးချေ။
“မင်းအမှားကို မင်း သိပြီလား။”
အချက်ပေါင်းများစွာ ရိုက်ပြီးနောက် ဒုယန်အား ထပ်မရိုက်တော့ဘဲ ဒုချန်ဇီက ဆိုဖာသို့ သွားကာ ထိုင်ချလိုက်ပြီး အေးစက်သော မျက်ဝန်းများဖြင့် မေးလိုက်သည်။ သူ၏ဇနီးဖြစ်သူ ပိုင်ယွဲ့ချင်က ဖူးယောင်နေသော သားဖြစ်သူ၏မျက်နှာအား ကြည့်ရင်း ဆိတ်ဆိတ်နေ နေရသော်လည်း စကားပြောလိုသည့်ဟန် ရှိနေသည်။
“ဟုတ်ကဲ့ အဖေ။ ကျွန်တော် သိပါပြီ။” ဒုရန်က မော့ကြည့်ကာ ခါးသီးစွာ ပြောလိုက်သည်။
“ကိုယ့်အမှားကို သိတယ်ဆိုရင် နောင်ကို အမှားမလုပ်မိအောင် ဂရုစိုက်ပါ။ အဲ့ဒီလိုမှ မဟုတ်ရင် ငါတို့စီးပွားရေးကို တစ်ချိန်မှာ မင်း ဦးစီးလာရတဲ့အခါ အနှေးနဲ့အမြန်ဆိုသလို ကုန်သွားလိမ့်မယ်။ ဒီလိုအဖြစ်မျိုးသာဆိုရင် ငါ မသေခင် လှူသွားတာမှ ကောင်းဦးမယ်။ အနည်းဆုံးတော့ နာမည်ကောင်းကို ထိန်းသိမ်းနိုင်သေးတာပေါ့။”
ဒုရန်က အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“အဖေ … ဒီနေ့လိုအဖြစ်အပျက်သာ မဖြစ်ခဲ့ရင် ကျွန်တော် အကျင့်ဖြစ်နေလို့ လုပ်နေမိဦးမှာပါ။ ဒါပေမယ့် ခုတော့ မတူတော့ဘူး။ ဒီနေ့ ကျွန်တော် မြင်တွေ့ခဲ့ရတာတွေက ဘဝမှာ ထိတ်လန့်တုန်လှုပ်ဆုံးအရာပဲ။ ကျွန်တော် ကျိန်ဆိုပါတယ် ဒီလိုအဓိပ္ပာယ်မရှိတာမျိုးတွေကို ထပ်လည်းမလုပ်သလို အချိန်လည်း မဖြုန်းတီးတော့ပါဘူး။ ကုမ္ပဏီမှာ အဖေ့ကို လိုက်ပြီး ကူညီပါ့မယ်။ အောက်ခြေကနေစပြီး လုပ်စေချင်ရင်လည်း ကျွန်တော် မငြင်းပါဘူး။”
သားဖြစ်သူ၏မျက်နှာထက်မှ အလေးအနက်ထားသည့် အမူအရာအား အကဲခတ်ကြည့်ရှုရင်း ဒုချန်ဇီ နောက်ဆုံးတွင် စိတ်ချမ်းသာသွားခဲ့သည်။ သို့သော်လည်း ၃ဘီလီယံဟူသည့် လျော်ကြေးပမာဏသည် သူ၏စီးပွားရေးအား ရိုက်ခတ်နိုင်မှုပမာဏဖြစ်ပေရာ သူ စုဆောင်းပြီးသည်နှင့် တစ်ဖက်လူအား ပေးရပေဦးမည်။
“ထပါ။”
ဒုရန်က ဖြည်းညှင်းစွာ ထလိုက်ပြီး တစ်ခဏမျှ တိတ်ဆိတ်နေပြီးမှ
“အဖေ ထာဝရခန်းမအကြောင်း ဘယ်လောက်သိလဲ။ ထန်မျိုးရိုးရဲ့နောက်ခံက ဘာလဲ။ ဘယ်လိုဖြစ်ပြီး သူက တအား ကြောက်စရာကောင်းနေရတာလဲ။”
ဒုချန်ဇီက ခါးသီးစွာ ပြုံးလိုက်ပြီး
“မင်းက ငါ့ကို မေးတော့ ငါက ဘယ်သူကို သွားမေးရမှာလဲ။ သူတို့တွေ စွမ်းအားကြီးမှန်းသိရင် ငါ မင်းကို အဲ့ဒီကို ခေါ်သွားပါဦးမလား။ အား … မေ့လိုက်တော့။ အနည်းဆုံးတော့ ငါတို့မိသားစုက အခြေအနေကောင်းပြီး လုပ်ငန်းတွေ ဟန်မပျက် ထိန်းထားနိုင်လို့ လက်အောက်ငယ်သားတွေကို ကယ်လိုက်နိုင်တယ်ပဲ တွေးရမှာပေါ့ကွာ။ ဒါပေမယ့် ကျန်းထျန်းဘနဲ့ ချန်းကျန်းရီတို့ကတော့ သွားပြီ … အနည်းဆုံး ၃ပုံ၂ပုံတော့ အရှုံးခံလိုက်ရပြီပေါ့။ မင်းတို့အားလုံး ဘယ်သူမှ သက်တောင့်သက်သာ နေနိုင်တော့မှာမဟုတ်ဘူး။”
ဒုရန် ခေါင်းငုံ့ထားရာမှ ရုတ်တရက် မော့လာပြီး တစ်ချက်မျှ တွေဝေနေပြီးမှ
“အဖေ… ဒီနေ့အဖြစ်အပျက်မှာ ကျွန်တော်ရယ်၊ ကျန်းယုရယ်၊ ချန်းဖေးရယ်အပြင် နောက်တစ်ယောက် ရှိသေးတယ်။ ထန်ရှုက အကြီးအကဲတွေကို တောင်းပန်ဖို့ လာခိုင်းတာကို ကျွန်တော် မှတ်မိသေးတယ်။”
“ဘယ်သူလဲ။” ဒုချန်ဇီက တစ်ခဏ အံ့အားသင့်သွားကာ မေးလိုက်သည်။
“ချီချန်းချင်” ဒုရန်က ဖြေလိုက်သည်။
မျက်တောင်များ တဖျတ်ဖျတ်ခတ်လျက် ဒုချန်ဇီ၏မျက်ဝန်းများထဲတွင် အလင်းရောင် တစ်ချက်လက်သွားသည်။
“ငါ့ကို မညာနဲ့နော်။ ချီချန်းချင်က ဒီပြသနာထဲမှာ တကယ်ပါလို့လား။”
“ပါတယ်။ ဒါပေမယ့် သူက အရိုက်မခံရဘူး။” ဒုရန်က လေးနက်စွာ ပြောလိုက်သည်။
ဒုချန်ဇီက အေးစက်စွာ စုပ်သတ်လိုက်ကာ သူ၏ဖုန်းကိုထုတ်ပြီး ဖုန်းခေါ်လိုက်သည်။
စင်ရှာစွေ့ရှိ ဟိုတယ်တွင် ချီချန်းရှန်သည် ခမ်းနားသော ခန်းမကြီးထဲရှိ သူငယ်ချင်းတစ်ယောက်၏ဧည့်ခံပွဲအား တက်ရောက်နေသည်။ ချစ်စရာကောင်းသော အလင်းရောင်များသည် အခန်းထောင့်တိုင်းတွင် ရောင်ပြန်ဟပ်လျက်ရှိရာ အိပ်မက်လေအလား ဝိုးတဝါးနှင့် ခမ်းနားသစ်လွင်လှသည်။ ဥရောပစတိုင် ပြုလုပ်ထားသော စားပွဲများနှင့် ကုလားထိုင်များနှင့် အရက်ဘားများသည် အဖြူဆွတ်ဆွတ် ခြယ်သထားရာ သန့်ရှင်းထည်ဝါလှသော အငွေ့အသက်အား ရရှိစေသည်။
“ဖုန်းမြည်သံ…”
အိတ်ကပ်ထဲမှ ဖုန်းမြည်လာသောကြောင့် သူ၏စကားစများ ပြတ်တောက်သွားရသည်။ အနားမှ လူများအား တောင်းပန်သည့်အကြည့်ဖြင့် ကြည့်လိုက်ရင်း ချီချန်းရှန်သည် ဖုန်းကို ထုတ်ကြည့်လိုက်ရာ ခေါ်ဆိုသူအား တွေ့သဖြင့် အပြင်ဘက်သို့ လျှောက်လာလိုက်ပြီး ရယ်ရယ်မောမော ဖုန်းပြန်ဖြေလိုက်သည်။
“ညီအစ်ကို ဒု …. ဘာကိစ္စများ ဖြစ်လို့လဲ။”
“ငါ မင်းကို သတင်းတစ်ခု ရောင်းဖို့ရှိတယ်။” ဒုချန်ဇီ၏တည်ငြိမ်သောအသံသည် ထွက်ပေါ်လာသည်။
ချီချန်းရှန် အံ့အားသင့်သွားပြီး လှမ်းနေသော ခြေလှမ်းများပင် ရပ်တန့်သွားရသည်။
“ဘာသတင်းများလဲ။”
“အခု မမေးနဲ့ဦး။ မင်း ဝယ်မယ်ဆိုရင် ငါ့ကို ၅၀၀မီလီယံ အရင် လွှဲလိုက်။ ဒီကိစ္စကို သိသွားတဲ့အခါကျမှ နောက်ထပ် ၅၀၀မီလီယံ လွှဲပေး။ ဒီသတင်းအတွက် ၁ဘီလီယံဆိုတာ ဈေးကြီးတယ်လို့တော့ ငါ မထင်ဘူး။”
ဒုချန်ဇီက လေးနက်စွာ ပြောသည်။
ချီချန်းရှန်က တိမ်များကို ကြည့်ရင်း ပေါ့ပါးစွာ ပြောလိုက်သည်။
“ညီအစ်ကိုဒူ… မင်းအရင်မပြောပဲနဲ့ ဒီသတင်းက ၁ဘီလီယံ ထိုက်တန်လားဆိုတာ ငါ ဘယ်လိုသိမှာလဲ။”
“ညီအစ်ကို ချီ … ငါတို့ သိခဲ့ကြတာ ဘယ်လောက်ကြာနေပြီလဲ။ ငါ့ကို လိမ်ညာပြီး အမြတ်ထုတ်မယ့်လူလို့ မင်းတကယ်ပဲ တွေးသလား။ မင်း ဒီညမှာ ထွက်သွားပြီး ဘာမှ မလုပ်ဘူးဆိုရင် မင်း ဆိုးဆိုးဝါးဝါး အဆုံးသတ်ရလိမ့်မယ်လို့ ငါ ပြောနိုင်တယ်။ မင်းရဲ့ချီလုပ်ငန်းစုရောပဲ။ မင်း ပေးဆပ်ရမယ့်တန်ဖိုးက ၁ဘီလီယံထက်တောင် ကျော်သွားလိမ့်မယ်။”
“မင်း ဘာပြောချင်တာလဲ။”
ဒုချန်ဇီသည် အရေးမကြီးပါက ထိုသို့ မပြောတတ်ကြောင်း ချီချန်းရှန် သိနေသောကြောင့် တွေဝေသွားသည်။
“မင်း ဝယ်မှာလား မဝယ်ဘူးလားသာ ငါ့ကို ပြောပါ။” ဒုချန်ဇီက မေးလိုက်သည်။
တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ချီချန်းရှန် ဖြည်းညှင်းစွာ ပြောသည်။
“ဒီသတင်းက ဒီလောက်ဈေးအမြင့်နဲ့ ထိုက်တန်တယ်ဆိုရင် ငါ သဘောတူတယ်။ မဟုတ်ရင်တော့ ငါ့ပိုက်ဆံ ၅၀၀မီလီယံ မင်း ပြန်ပေးရမယ် ညီအစ်ကို ဒူ။ မင်းအကောင့်ထဲ မကြာမီ ရောက်လိမ့်မယ်။”
“ပြသနာမရှိဘူး။”
ဖုန်းပြောမှု ပြီးဆုံးခဲ့ပြီဖြစ်သည်။
ချီချန်းရှန်သည် မျက်မှောင်ကြုပ်လိုက်ရင်း သက်ပြင်းတစ်ချက် ချမိသည်။ မည်သည့်ပြသနာမှန်း သူ သေချာမသိသော်လည်း ဒုချန်ဇီသည် သူ၏ချီလုပ်ငန်းစုနှင့်ပတ်သက်သည့် မကောင်းသောသတင်းအား သိထားဟန်ရှိပြီး ထိုသတင်းသည်လည်း ပြင်းထန်ပေလိမ့်မည်။
***