တုန်လှုပ်ဖွယ်ကောင်းသော
Vol. 06 Ch. 286
သူငယ်ချင်း ဖြစ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သောကြောင့် ချီချန်းရှန်သည် ဒုချန်ဇီအကြောင်း ခေါင်းအစခြေအဆုံး သိသည်။ သို့သော်လည်း နှစ်ဦးလုံးမှာ စီးပွားရေးသမားများ ဖြစ်သောကြောင့် စီးပွားရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုအတွက် ဒုချန်ဇီက ပိုက်ဆံတောင်းခြင်းသည် သာမန်မျှသာ ဖြစ်သဖြင့် သူ့အနေနှင့် လက်ခံနားလည်ပေးရသည်သာဖြစ်သည်။
မည်သို့သော သတင်းမျိုးက ၁ဘီလီယံ ထိုက်တန်ပါသနည်း။
ဒုချန်ဇီအား ပိုက်ဆံလွှဲပေးပြီးနောက်တွင် သူ၏ဖုန်းသည် ထပ်မံမြည်လာခဲ့သည်။ ချီချန်းရှန်သည် တိတ်ဆိတ်သော ထောင့်တစ်ခုတွင် မတ်တတ်ရပ်လိုက်ကာ ဖုန်းဖြေလိုက်သည်။
“ညီအစ်ကို ချီ… ဖုန်းထဲမှာ ပြောရတာ အဆင်မပြေလို့ ဖြစ်နိုင်မယ်ဆိုရင် မင်း ငါ့ဆီလာလိုက်တာ ပိုကောင်းတယ်။ ဒါပေမယ့် မြန်လေ ကောင်းလေပဲ။” ဒုချန်ဇီ၏အသံသည် ဖုန်းထဲမှ ထွက်ပေါ်လာသည်။
“ငါ အခုပဲ လာလိုက်မယ်။” ချီချန်းရှန်က ခပ်လေးလေးအသံဖြင့် ပြောလိုက်သည်။
“ခဏလေး။ ဖုန်းမချနဲ့ဦး။ ဒီအဖြစ်အပျက်က မင်းရဲ့သားနဲ့လည်း ဆက်နွယ်နေတော့ သူ့ကို ခေါ်လာတာ အကောင်းဆုံးဖြစ်လိမ့်မယ်။”
“မင်း ဘာကို ဆိုလိုတာလဲ။”
“မမေးပါနဲ့။ လာမှာသာ လာခဲ့ပါ။ ငါ ပြောပြပါမယ်။”
ဖုန်းပြောမှု ပြီးသွားသည်နှင့် ချီချန်းရှန် မျက်မှောင်ကြုပ်သွားသည်။ တစ်ချက် စဉ်းစားလိုက်ပြီးနောက် သူသည် ချီချန်းချင်၏ ဖုန်းနံပါတ်အား ခေါ်လိုက်သည်။ သားဖြစ်သူသည် အနီးနားတွင် ရှိနေမှန်းသိရသောအခါ သူ့ဆီလာရန် ခေါ်လိုက်သည်။
ဟိုတယ်၏ဝင်ပေါက်တွင်
ဘန်တလေကားတစ်စီးသည် ဝင်ပေါက်၏ အပြင်ဘက်တွင် ဖြည်းညှင်းစွာ ထိုးဆိုက်လာပြီး ချီချန်းရှန်သည် ၎င်းအနီးတွင် ရပ်နေသည်။ ထို့နောက် သူသည် ဟိုဟိုဒီဒီ မျှော်ကြည့်လိုက်သောအခါ ပေါ်ရှေးကားတစ်စီးသည် လျင်မြန်စွာ အနားကပ်လာသည်။ သူ၏မျက်ဝန်းများထဲတွင် အေးစက်စက်အလင်းတစ်ချက် လက်ကနဲ ဖြတ်သွားသည်။ ဒုချန်ဇီ ပြောမည့် မကောင်းသတင်းသည် သူ၏သားဖြစ်သူ လုပ်ခဲ့သော အရှုပ်ထုပ်တစ်ခုခုနှင့် ပတ်သက်နေမည်ကို သူ ခပ်ရေးရေး သဘောပေါက်နေသည်။
“အဖေ… ကျွန်တော့်ကို ဒီကို အမြန်လာဖို့ ခေါ်တာ ဘာများဖြစ်လို့လဲ။”
ချီချန်းချင်၏ကိုယ်မှ အရက်နံ့ခပ်ဖျော့ဖျော့ ရနေသည်။ ယနေ့အဖြစ်အပျက်အား သူ တွေ့မြင်ပြီးနောက် တည်ငြိမ်ခြင်းငှာ မစွမ်းသာသဖြင့် ထိုခံစားချက်အား ဖြေဖျောက်ရန် အလို့ငှာ သူငယ်ချင်းအချို့အား သူနှင့်အဖော်လုပ်ပြီး အရက်သောက်ပေးရန် သူ တောင်းဆိုခဲ့သည်။ သို့သော် ဖခင်မှ ဖုန်းခေါ်လာမှုကြောင့် သူ့အတွက် အနှောင့်အယှက်ဖြစ်သွားခဲ့ရသည်။
ချီချန်းရှန်က လေးပင်သောအသံဖြင့်
“ကားပေါ်တက်။ မင်းနဲ့ ငါ တစ်နေရာ သွားဖို့ရှိတယ်။”
သူ၏ပေါ်ရှေးကားသော့အား ဟိုတယ်လုံခြုံရေး ဝန်ထမ်းဆီ အပ်လိုက်ပြီး ချီချန်းချင်က ဘန်တလေကားထဲသို့ ဝင်လိုက်ကာ သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
“ကျွန်တော့်ကို ဘယ်ကို ခေါ်သွားမလို့လဲ အဖေ။”
“ဒုချန်ဇီက ငါ့ဆီ အခုပဲ ဖုန်းဆက်လာတယ်။ အရေးကြီးတဲ့ သတင်းတစ်ချို့ရောင်းချင်တယ်လို့ ပြောတယ်။ အဲ့ဒီသတင်းက ဘယ်လောက်တန်မယ်လို့ မင်းထင်လဲ။” ချီချန်းရှန်က သူ့အား အေးစက်စွာ နှာတစ်ချက် မှုတ်လိုက်ရင်း ပြောသည်။
ဒုချန်ဇီ ဟုတ်လား။ အဲ့ဒါ ဒုရန်ရဲ့အဖေ မဟုတ်လား။
ရင်ထဲတွင် ဆောက်တည်ရာမရ ပိုဖြစ်လာရပြီး ချီချန်းချင်က ခေါင်းယမ်းပြသည်။
“ကျွန်တော် မသိဘူး။”
“၁ ဘီလီယံ” ချီချန်းရှန် ပြောလိုက်သည်။
ချီချန်းချင် ကြက်သေသေသွားကာ သူ၏မျက်လုံးများသည် ပန်းကန်ပြားလောက် ချက်ချင်းပင် ပြူးကျယ်လာသည်။
“အဖေ သဘောတူလိုက်တာလား။”
“ငါ ဒုချန်ဇီအကြောင်း ကောင်းကောင်းသိတယ်။ သတင်းက တန်ဖိုးမရှိဘူးဆိုရင် သူ ငါ့ကို ဈေးကိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် သူ့ဆီ မသွားခင် မင်းကို မေးချင်တာရှိတယ်။ မင်း ကိစ္စကြီးတစ်ခု လုပ်ခဲ့မိလား။”
ချီချန်းချင်၏မျက်နှာထက်မှ စိတ်မသက်မသာမှုမှာ ပိုပြီး ထင်ရှားလာခဲ့သည်။ သူသည် တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးနောက် အမှန်တရားအား မဖုံးကွယ်ရန် တွေးတောလိုက်ပြီး ခါးသီးစွာ ပြောလိုက်သည်။
“အဖေ… ကျွန်တော် ကိစ္စကြီးတစ်ခု ရှုပ်ခဲ့မိတယ်။ ဒီနေ့ …”
ဒီနေ့ ဖြစ်ပျက်သမျှအရာရာအား ပြောပြလိုက်ပြီး ချီချန်းချင်က အဆုံးသတ်ခါနီးတွင်
“သူက အဖေ့ကို လာတောင်းပန်စေချင်တာ။ ကျွန်တော်က အဲ့ဒါကို မလိုအပ်ဘူးလို့ ထင်တယ်။ ကျွန်တော်က ပြသနာကို ဖန်တီးတဲ့သူ မဟုတ်ဘူးလေ။ သူတို့ကို အားပေးစကား နည်းနည်းပဲ ပြောရုံလေး ဆိုတော့။”
ချီချန်းရှန်၏မျက်ဝန်းအစုံမှ အေးစက်မှုသည် ပိုမိုသိပ်သည်းလာပြီး သားဖြစ်သူအား လေးနက်သော လေသံဖြင့် မေးလိုက်သည်။
“ကျန်းယုနဲ့ ချန်းဖေးတို့၂ယောက်ကို ထာဝရခန်းမရဲ့အထွေထွေမန်နေဂျာ ထျန်းလီ ဖမ်းခေါ်သွားတာကို မင်း တကယ် မြင်လိုက်တာလား။”
ချီချန်းချင်က လျင်မြန်စွာ ခေါင်းညိတ်ပြပြီး ပြန်ဖြေသည်။
“အသေအချာပါပဲ။ ဒါပေမယ့် ဒုရန်က အဲ့ဒီအချိန်တုန်းက ဘာလို့ အဖမ်းမခံရလဲဆိုတာ ကျွန်တော် တအား သိချင်တာပဲ။”
သူ၏မျက်လုံးများအား ဖြည်းညှင်းစွာ မှိတ်လျက် ချီချန်းရှန်၏အတွေးများသည် ထိုတိုက်ဆိုင်မှု အကြောင်းအား အဆက်မပြတ် စဉ်းစားနေခဲ့သည်။ သူသည် ထာဝရခန်းမအကြောင်းအား သိသည်။ သူ၏သူငယ်ချင်းများအား ထိုနေရာတွင် ဧည့်ခံတတ်သောကြောင့် သူသည်ပင် ပုံမှန်ဖောက်သည်တစ်ဦး ဖြစ်နေပေသည်။ ထျန်းလီအကြောင်းလည်း နည်းနည်း သိပြီး သူမနှင့် ခဏခဏ ဆုံတွေ့ဖူးသည်။ ထိုအမျိုးသမီးသည် နွေးထွေးပျူငှာကာ စားသုံးသူများအား လှိုက်လှိုက်လှဲလှဲဆက်ဆံတတ်ပေသည်။
သူ စဉ်းစားမရသည့်အချက်မှာ ထျန်းလီသည် မည်သည့်အတွက်ကြောင့် သူမ၏ပုံမှန်ပုံစံနှင့် သွေဖီစွာ ကျန်းယုနှင့် ချန်းဖေးတို့အား အင်အားသုံးပြီး ခေါ်ဆောင်သွားဝံ့သနည်းကိုပင်ဖြစ်သည်။ သိရမည်မှာ ထိုလူရွယ်၂ယောက်သည် သာမန်မဟုတ်သော နောက်ခံကိုယ်စီ ရှိကြပြီး ထိုနောက်ခံများသည် ထာဝရခန်းမနှင့် ယှဉ်ပါက ပိုမိုအင်အားကြီးမားကြပေသည်။
ထျန်းလီတစ်ယောက် ဟောင်ကောင်တွင် ထာဝရခန်းမ၏ခြေကုပ်ရနေမှုအား ဆုံးရှုံးမည်ကို မကြောက်ရွံ့ခြင်းပေလော။
မိနစ်အနည်းငယ် ကြာပြီးနောက် ချီချန်းရှန် ကျန်းထျန်းဘနှင့် ချန်းကျန်းရီဆီ ဖုန်းခေါ်ပြီး ထူးခြားသော အခြအနေကို မေးရန် ဆုံးဖြတ်လိုက်သည်။ ကျန်းထျန်းဘဆီ ဖုန်းဆက်ရာ အကြာကြီးနေမှ ဖုန်းကိုင်သည်နှင့် ကြုံရပြီး
“ညီအစ်ကိုကျန်း … ငါပါ အဖိုးကြီးချီ။ မင်းအနားယူတာ အနှောင့်အယှက်ဖြစ်သွားလား။”
“မင်း ပြောစရာရှိရင် မြန်မြန်သာ ပြော။”
ဒေါသသံ စွက်နေသော စိတ်မကြည်သည့်အသံသည် ကျန်းထျန်းဘဆီမှ ထွက်ပေါ်လာသည်။
ချီချန်းရှန် တစ်ခဏမျှ ကြောင်သွားကာ စိတ်ရှုပ်ထွေးသွားရပြီးမှ
“ညီအစ်ကိုကျန်း … ထာဝရခန်းမက လူတွေနဲ့ မင်းရဲ့သား ပဋိပက္ခ ဖြစ်တယ်လို့ ငါ့သားဆီက ခုလေးတင် ကြားရလို့။ ဘာတွေ ဖြစ်ခဲ့တာလဲ။”
“သိချင်ရင် ကိုယ့်ဘာသာ စုံစမ်းကွာ။”
ကျန်းထျန်းဘ ဖုန်း ချက်ချင်း ချသွားသည်။
ဖုန်းချသွားသံအား နားထောင်ရင်း ချီချန်းရှန်တစ်ယောက် တွေဝေသွားကာ ရင်ထဲတွင် မွန်းကြပ်လာရပြီး မစဉ်းစားတတ်လောက်အောင် ဖြစ်ရသည်။ သူသည် ကျန်းထျန်းဘနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိသော်လည်း သည်နေ့တွင် သူ့အား မည်သို့ ဆက်ဆံနေပါသနည်း။ ကျည်ဆံယမ်းမှုန့်များအား စားမိထားသောသူတစ်ယောက်နှယ် ရှူးရှူးရှားရှားနှင့် ပေါက်ကွဲတော့မည့်အလားဖြစ်နေခဲ့သည်။
သူလည်း ဘာအမှားမှ မလုပ်ထားပါလျက်ကနဲ့။
ချီချန်းရှန် သူ၏စိတ်အား စုစည်းကာ ခေါင်းသာ ယမ်းလိုက်မိပြီး ချန်းကျန်းရီဆီ ဆက်လိုက်သည်။
“ဘာကိစ္စလဲ။”
အသံတိုးတိုးပြတ်ပြတ်ဖြင့် ချန်းကျန်းရီဆီမှ ထူးသံထွက်လာသည်။
ချီချန်းရှန်က ရယ်မောလိုက်ရင်း
“အဖိုးကြီးချန်း… အသံက မသာမယာနဲ့ ဘာတွေ ဖြစ်နေလို့လဲ။”
ချန်းကျန်းရီဆီမှ ဒေါသသံစွက်နေသောအသံဖြင့်
“နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း ရှာဖွေထားရတဲ့ ကိုယ့်ပိုင်ဆိုင်မှုတစ်ဝက်နီးပါး ဆုံးရှုံးသွားရတဲ့အခါ မင်းသာဆိုရင်ရော ပျော်နိုင်မလား။”
ပြောပြီးသည်နှင့် ချန်းကျန်းရီသည်လည်း ဖုန်းတန်းချသွားသောကြောင့် ချီချန်းရှန် ကြောင်တောင်တောင် ဖြစ်သွားရသည်။
ဘာဖြစ်တာ။ အနှစ်နှစ်အလလ ပင်ပင်ပန်းပန်း ရှာဖွေထားရတဲ့ မိသားစုပိုင်ပစ္စည်းတွေ ရုတ်တရက် ဆုံးရှုံးရတယ်ဟုတ်လား။
ရုတ်တရက် အေးစက်မှုသည် သူ၏ရင်တွင်းမှသည် မျက်လုံးများထိ ပျံံ့နှံ့သွားသည်။ ထူးဆန်းသော အတွေးတစ်ခုသည် သူ၏ရင်တွင်းတွင် ချက်ချင်း ဖြစ်တည်သည်။
ကျန်းထျန်းဘနှင့် ချန်းကျန်းရီတို့ ထာဝရခန်းမရဲ့လူတွေလက်ထဲမှာ ရှုံးနိမ့်သွားတာလား။
သူ၏စိတ်ထဲမှ ထိုအတွေးသည် စက္ကန့်ပိုင်းမျှသာ ကြာပြီး ချက်ချင်း လွင့်ပြယ်သွားသည်။ ထိုအတွေးမှာ ဖြစ်နိုင်ခြင်းမရှိဟု သူ ထင်သောကြောင့် ဖြစ်သည်။ ထာဝရခန်းမတွင် အရည်အချင်း ရှိသည့်တိုင်အောင် ကျန်းထျန်းဘနှင့် ချန်းကျန်းရီတို့အား တစ်ချိန်တည်းတွင် ရင်ဆိုင်ရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။
စင်ရှာစွေ့တွင်…
ချီချန်းရှန်သည် ချီချန်းချင်အား ခေါ်ဆောင်ကာ ဒုမိသားစု၏နေအိမ်သို့ ရောက်လာသည်။ သူသည် ဒုချန်ဇီအား တွေ့သောအခါ ချက်ချင်းပင် ကျယ်လောင်စွာ မေးလိုက်သည်။
“ညီအစ်ကို ဒု မင်း အခု ပြောလို့ရပြီလား။”
အချင်းချင်း လက်ဆွဲနှုတ်ဆက်ကြပြီးနောက် ဒုချန်ဇီက ချီချန်းရှန်၏အနောက်အား ကြည့်လိုက်ပြီး ခေါင်းကိုယမ်းကာ ပြောလိုက်သည်။
“ငါ့ အခန်းကို လိုက်ခဲ့။ အဲ့ဒီအကြောင်းကို အပြင်မှာပြောဖို့ အဆင်မပြေဘူး။”
စာကြည့်ခန်းထဲတွင် ချီချန်းရှန်တို့အား ထိုင်ရန် အချက်ပြလိုက်ပြီးနောက် ဒုချန်ဇီက ခါးသီးသောဟန်ဖြင့် သက်ပြင်းချလျက် စကားစလိုက်သည်။
“ညီအစ်ကို ချီ … မင်းမှာ ရှိတဲ့ ငွေကို တစ်ခါမှ အရင်တုန်းက တစ်ခါမှ မတောင်းခဲ့ဖူးပါဘူး။ ဒါပေမယ့် အခု အခြေအနေက မတူတော့မို့ ငါ့ကို အပြစ်မတင်ဖို့ မျှော်လင့်ပါတယ်ကွာ။ ငါတို့ မွေးထုတ်လိုက်တဲ့ သားလိမ္မာလေးတွေက ဒုက္ခကို ဖိတ်ခေါ်လာပြီး ကျေးဇူးဆပ်လိုက်ကြတယ်လေ။”
“ငါ့ကို ပြောပြဦး။” ချီချန်းရှန် မျက်မှောင်ကြုပ်သွားသည်။
လေးနက်သောအသံဖြင့် ဒုချန်ဇီက ပြန်ပြောလိုက်သည်။
“မင်းရဲ့သားကို ခေါ်လာတယ်ဆိုကတည်းက သူတို့၄ယောက်က ထာဝရခန်းမရဲ့သူဋ္ဌေးနဲ့ ပြသနာတစ်ခု ဖြစ်ခဲ့တယ်ဆိုတာတော့ သိပြီးရောပေါ့။”
“ငါ နည်းနည်းတော့ ကြားပြီးပါပြီ။” ချီချန်းရှန်က ခေါင်းတစ်ချက်ညိတ်ကာ ဖြေသည်။
ဒုချန်ဇီက ခေါင်းကို ယမ်းလိုက်ပြီး
“ထျန်းလီက ကျန်းထျန်းဘနဲ့ ချန်းကျန်းရီတို့ရဲ့သားတွေကို ထာဝရခန်းမမှာ ဖမ်းထားခဲ့တယ်။ အဲ့ဒါကြောင့် သူတို့က ငါ့ကို ချက်ချင်းဆက်သွယ်လာပြီး ငါတို့၃ယောက်သား လူ၂ရာနီးပါးလောက်ကို ခေါ်လို့ ထာဝရခန်းမကို သင်ခန်းစာပေးမယ်ဆိုပြီး ချီတက်သွားကြတာ။ ဒါပေမယ့် ရလဒ်ကတော့ ကျန်းထျန်းဘနဲ့ ချန်းကျန်းရီလက်အောက်ကလူ ၁၀၀ကျော်လောက် သေသွားတယ်။ သူတို့ရဲ့ ကုမ္ပဏီရှယ်ယာ ၄၉% စွန့််လွှတ်လိုက်ရသလို ငါလည်း ငါတို့သားအဖ၂ယောက်နဲ့ ငါ့လူတွေ အသက်ရှင်ဖို့အတွက် ၃ဘီလီယံ ထာဝရခန်းမကို ပေးရမယ်။”
“ဘာ…”
ချီချန်းရှန် တုန်လှုပ်သွားကာ အယောင်ယောင်အမှားမှားဖြင့် ထရပ်လိုက်မိသည်။
တုန်လှုပ်စရာ ကောင်းလှပေသည်။ သူ၏အနားတွင် မိုးကြိုးတစ်စင်း ပစ်ခွင်းလိုက်သည့်နှယ်ပင် ဖြစ်တော့သည်။
ဒုချန်ဇီ၊ ကျန်းထျန်းဘနှင့် ချန်းကျန်းရီတို့၃ယောက်၏ အတွင်းဇာတ်လမ်းအကြောင်းအား သူ ကောင်းစွာ သိပေသည်။ ထိုသူများသည် ငွေကြေးကြွယ်ဝကာ သြဇာအာဏာရှိသူများဖြစ်ကြသည်။ ထို၃ယောက်၏ အင်အားပေါင်းလိုက်ပါက ဟောင်ကောင်တွင် လီကျွီရန်အား ယှဉ်ပြိုင်နိုင်ရန် အနည်းငယ်သာ အင်အားနည်းပေမည်။
ထာဝရခန်းမက မည်ကဲ့သို့ တည်ရှိနည်းမျိုးဖြစ်ပါသလဲ။ ထို၃ယောက်၏ပေါင်းခြင်းအင်အားတောင်မှ ထာဝရခန်းမအား မယှဉ်ပြိုင်နိုင်သေးခြင်းပင်လော။
“ညီအစ်ကို ဒု … ငါ့ကို နောက်တာ မဟုတ်ပါဘူးနော်။” တဆတ်ဆတ်တုန်နေသော နှုတ်ခမ်းအစုံဖြင့် ချီချန်းရှန်က ပြောလိုက်သည်။
ဒုချန်ဇီက လေးနက်သော မျက်နှာဖြင့် ခေါင်းယမ်းပြလျက်
“ငါ့ကို ကြည့်။ ငါ နောက်နေတယ်များ မင်းထင်နေတာလား။ ကျန်းထျန်းဘနဲ့ ချန်းကျန်းရီတို့ရဲ့လက်မရွံ့လူမိုက်တွေ အားလုံး အသတ်ခံလိုက်ရပြီး သူတို့ပိုင်ဆိုင်မှု ထက်ဝက်နီးပါးလောက် ဆုံးရှုံးသွားရတာ။ မင်း ငါ့ကို မယုံရင် သူတို့ကို ဖုန်းဆက်မေးကြည့်လိုက်။”
ရုတ်ခြည်းပင် ချီချန်းရှန်က သူ ဖုန်းဆက်သည့်အချိန်တွင် ကျန်းထျန်းဘနှင့် ချန်းကျန်းရီတို့နှစ်ယောက် ကောင်းကောင်းမွန်မွန် လေသံဖြင့် ပြောဆိုခြင်းမရှိသည်မှာ မည်သည့်အကြောင်းကြောင့် ဖြစ်ရသည်ကို သူ နားလည်သွားခဲ့ပြီဖြစ်ပေသည်။
ထိုသူတို့သည် ဆိုးရွားသောအခြေအနေတစ်ခုသို့ ကျရောက်နေခြင်းပင်ဖြစ်သည်။
အတွေးတစ်ခု ဝင်လာပြီး ချီချန်းရှန်၏မျက်နှာသည် စာရွက်တစ်ရွက်အလား ဖြူဖျော့သွားရသည်။ တစ်စုံတစ်ခုကို သိရှိသွားသည့်အလား သူ၏မျက်လုံးမှာ ပြူးကျယ်သွားပြီး အလျင်စလို မေးလိုက်သည်။
“မင်းဆိုလိုတာက တစ်ဖက်လူက ငါ့ကိုပါ ဆော်ဦးမှာတဲ့လား။”
ဒုချန်ဇီက မချိပြုံး ပြုံးကာ ပြောလိုက်သည်။
“ညီအစ်ကို ချီ … မင်းလည်း ဒီမြင်ကွင်းအခြေအနေကို ကိုယ်တိုင် မြင်တွေ့တယ်လို့ စိတ်ကူးကြည့်လိုက်စမ်းပါ။ ကြမ်းပေါ်မှာ လူသေအလောင်း၁၀၀ကျော်ရဲ့သွေးတွေနဲ့ ဖုံးလွှမ်းလို့။ တစ်ဖက်လူက အလွန်အမင်းကို ရက်စက်ပြီး အကြင်အနာကင်းမဲ့တယ်ဆိုတာကို စကားလုံးနဲ့တောင် ဖော်ပြခြင်းငှာ မစွမ်းသာဘူး။ အထူးသဖြင့် ထာဝရခန်းမရဲ့ပိုင်ရှင်ပဲ။ အသက်၂၀ ၀န်းကျင်လောက်ပဲ ရှိဦးပေမယ့် လူအယောက်၂၀ကျော်ကို တစ်ယောက်တည်း ဆော်လိုက်တာနော်။ ငါတို့မိသားစု၃ခုကို တန်ရာတန်ကြေးတောင်းပြီးချိန်မှာ မင်းကို အလွတ်ပေးမယ်လို့များ တွေးနေတာလား။”
ချီချန်းရှန်၏နှုတ်ခမ်းများ အကြိမ်အနည်းငယ်မျှ မဲ့ရွဲ့သွားရသည်။ သူသည် ဘေးကို လှည့်ကာ ချီချန်းချင်၏မျက်နှာအား ဖြောင်းကနဲ မြည်အောင် ရိုက်လိုက်ရာ သားဖြစ်သူခမျာ နောက်သို့ လန်သွားကာ ကြမ်းပေါ်လဲကျလုနီးပါး ဖြစ်သွားရသည်။
“ညီအစ်ကို ဒု… ကျန်တဲ့ မီလီယံ ၅၀၀ကို ဒီကိစ္စ ဖြေရှင်းပြီးတာနဲ့ မင်းအကောင့်ဆီ ငါ လွှဲလိုက်ပါမယ်။”
ပြောပြီးသည်နှင့် ချီချန်းရှန်တစ်ယောက် ချီချန်းချင်အား တရွတ်တိုက်မတတ် ဆွဲခေါ်ကာ ထွက်ခွာသွားသည်။
ထာဝရခန်းမ၏မြောက်ဘက်ဆိုင်ရှိခန်းမတွင် လူတစ်ရာကျော်အလောင်းအား ရှင်းလင်းပြီး သွေးများအား ဆေးကြောသန့်စင်ထားသော်လည်း ခန်းမတွင်းတွင် သွေးနံံ့ ခပ်ဖျော့ဖျော့ ရနေဆဲပင်ဖြစ်သည်။
“ငါတို့ ကျင်းမန်ကျွန်းကို ဒီညပဲ ပြန်ကြမလား။”
ဟောင်လဲ့က သန့်ရှင်းရေးဝန်ထမ်းများနှင့် လုံခြုံရေးဝန်ထမ်းများ ဆိုင်မှထွက်ခွာသွားသည်ကို ပျော်ရွှင်စွာ ကြည့်နေရင်း မေးလိုက်သည်။
ထျန်းလီက ခေါင်းကို ယမ်းကာ ပြုံးလိုက်ပြီး
“ရှင်းစရာ ကိစ္စအသေးလေးတစ်ခု ကျန်နေသေးတယ်။”
“ဟမ်” ဟောင်လဲ့ ဇဝေဇဝါ ဖြစ်သွားသည်။ “ကိစ္စသေးတစ်ခု ရှိနေသေးတာလား။ ဘာများလဲ။”
ထျန်းလီ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ပွင့် တွဲလွဲခိုလာကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။
“တစ်ချို့လူတွေ မလာသေးဘူးလေ။ ဒီနေ့ သူတို့မလာရင် ငါကိုယ်တိုင် သွားဖို့ ရည်ရွယ်ထားတယ်။”
“ဘယ်သူလဲ။” ဟောင်လဲ့က အံ့အားသင့်စွာ မေးသည်။
“ချီချန်းရှန်…”
“ချီချန်းရှန်ကလည်း ဒီနေ့ညကိစ္စမှာ ပတ်သက်နေတာလား။”
ဟောင်လဲ့၏မျက်ခုံးများ တွန့်ချိုးသွားရသည်။
ထျန်းလီက ပခုံးများတွန့်ကာ ပြုံးလိုက်ရင်း
“သူ့ရဲ့သားလိမ္မာလေးကို အရှုပ်ထုပ်လုပ်အောင် ပျိုးထောင်ခဲ့ပြီးပြီဆိုတော့ ရှင်းပေးရမယ့် သူ့ရဲ့တာဝန်ဝတ္တရားကနေလည်း ဘယ်တော့မှ လွတ်မြောက်နိုင်မှာမဟုတ်ဘူးပေါ့။”
ခေါင်းကိုညိတ်ကာ တွေးတွေးဆဆ ပုံစံဖြင့် ဟောင်လဲ့က ရုတ်တရက် ပြောလိုက်သည်။
“ထျန်းလီ… ငါတို့ရဲ့အခုသူဋ္ဌေးက ငွေလုပ်တဲ့ စက်တစ်ခုနဲ့ တူတယ်ဆိုတဲ့ ခံစားချက်များ နင် ခံစားမိသေးလား။ တစ်ညတည်းနဲ့ ရှာသွားတဲ့ပိုက်ဆံက ထာဝရခန်းမနဲ့ ခမ်းနားသောအနာဂတ်၂ခုပေါင်းပြီး ရှာတာရဲ့ ၁၀နှစ်ကျော်တန်ဖိုးထက်တောင် များမလားမသိဘူးနော်။”
***