← Chapters

သင်ခန်းစာတစ်ခုအတွက် များပြားလှသော တန်ဖိုး

Vol. 06 Ch. 287

သင်ခန်းစာတစ်ခုအတွက် များပြားလှသော တန်ဖိုး

Vol. 06 Ch. 287

ထျန်းလီ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ချိတ်လာကာ ပြောလိုက်သည်။

“အဲ့ဒီတော့ ဘာဖြစ်လဲ။ အရမ်းဆိုးတယ် ဒါမှမဟုတ် သူဋ္ဌေးက ရက်စက်လွန်းအားကြီးတယ်လို့ နင် တွေးနေတာလား။”

“သူ ရက်စက်လည်း ငါ့အတွက်က အဆင်ပြေပါတယ်။ နို့မဟုတ်ရင် ဒီလောက် ရန်သူတွေအများကြီးကို ငါတို့ ဘယ်လို တိုက်ခိုက်နိုင်ပါ့မလဲ။ သူဋ္ဌေးဂူ နောက်ဆုံးပေါ်ထွက်ခဲ့တာ နှစ်ပေါင်းများစွာ ကြာသွားပြီး သူဋ္ဌေးလေးကပဲ စီးပွားရေးကို ဦးစီးနေရတာ။ အရေးကြီးပြီး လိုအပ်တဲ့ကိစ္စတွေကို သူမက ဘယ်လို ခံစားချက်မဲ့လဲဆိုတာ နင်လည်း အသိသားနဲ့။ ကိစ္စတော်တော်များများကို ငါတို့တွေကိုပဲ လွှဲထားတာလေ။ သူဋ္ဌေးလေး အဲ့လို စိတ်မဝင်စားလို့လည်း ရေရှည်မှာ ဒီလိုသာဆက်သွားရင် ထာဝရခန်းမရဲ့တိုးတက်ကျယ်ပြန့်မှုတွေကို ထိခိုက်လာမှာတောင် ငါ အတော်စိတ်ပူနေမိသေးတယ်။ အခုတော့ ငါ့ရဲ့စိုးရိမ်မှုတွေက မလိုတော့ပါဘူး။” ဟောင်လဲ့က ရယ်မောရင်း ပြောသည်။

ခေါင်းညိတ်ထောက်ခံလျက် ထျန်းလီက

“ငါရောပဲ နင့်လို တွေးမိတယ်။ အခုလက်ရှိ သူဋ္ဌေးရဲ့လုပ်ကိုင်တာကို အားရတယ် ငါတို့အကြိုက်ပဲ။ ငါတို့ရဲ့ထာဝရခန်းမက သူ့ရဲ့ဦးဆောင်မှုအောက်မှာဆိုရင် ပိုပြီးတော့ ကောင်းလာလိမ့်မယ်လို့ ငါ ယုံတယ်။”

သူမတို့၂ယောက်သာ ခန်းမထဲ ကျန်တော့သည့် အချိန်တွင် သူမ၏အပြုံးများအား ပြန်ရုတ်သိမ်းကာ ဟောင်လဲ့က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“နင် ငါတို့ရဲ့သူဋ္ဌေးအသစ်အကြောင်း စိတ်ဝင်စားလား။”

“သေချာပေါက် စိတ်ဝင်စားတာပေါ့။” ထျန်းလီက တစ်ခဏမျှ တိတ်ဆိတ်သွားကာ ဖြည်းညှင်းစွာ ဖြေလိုက်သည်။

“ဟုတ်တယ်။ သူက အတော် လျှို့ဝှက်ဆန်းကြယ်တယ်။ သူက ရုတ်တရက် ပေါ်လာပြီး ငါတို့ ထာဝရခန်းမရဲ့သူဋ္ဌေး ရုတ်တရက် ဖြစ်လာတယ်။ သူ အလွန် ငယ်တာကလွဲပြီး သူ ဘယ်သူလဲ ဘယ်ကလဲဆိုတာကို ငါတို့ ဘာမှ မသိကြဘူး။ သူဋ္ဌေးကြီးနဲ့ တူညီတဲ့နေရာက လာတယ်ဆိုတဲ့ သဲလွန်စတစ်ခုပဲ ငါ့မှာရှိတယ်။”

ထျန်းလီက ဖျော့တော့သော အပြုံးဖြင့် သူမအား ကြည့်ကာ မေးလိုက်သည်။

“သူဋ္ဌေးကြီး ဘယ်နေရာက လာတယ်ဆိုတာ နင်သိတယ်လို့တော့ ငါ့ကို မပြောဘူးမဟုတ်လား။”

“ဟင့်အင်း။ ငါ မသိပါဘူး။” ဟောင်လဲ့က ခေါင်းယမ်းကာ ဖြေလိုက်သည်။

ထျန်းလီက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး လေးနက်သော အသံဖြင့်

“သူဋ္ဌေးအသစ်ရဲ့မူလသရုပ်က ဘာလဲဆိုတာ အသာထား။ ငါတို့ သတိရနေဖို့ လိုတာ တစ်ခုပဲရှိတယ် ငါတို့ရဲ့အသက်ကို သူဋ္ဌေးကြီးက ပိုင်တယ်ဆိုတာပဲ အဲ့ဒါမို့ သူမရဲ့အမိန့်တိုင်းကို အောင်မြင်အောင် ဆောင်ရွက်ရမယ်။ နောက်ပြီး ငါတို့ရဲ့လက်ရှိသူဋ္ဌေးကလည်း အပေါ်ယံသာ နူးညံ့ဟန်ရှိပေမယ့် သူ့ရဲ့အရိုးထဲမှာ ရက်စက်မှုနဲ့ အညှာအတာကင်းမဲ့မှုတွေ ရှိတာမို့ သူ့ကို အချိန်တိုင်း တလေးတစား ဆက်ဆံပေးရမှာဖြစ်တယ်။”

“ဒါပေမယ့် သူဋ္ဌေးက ငါတို့လိုချင်နေတဲ့ အဲ့ဒီအခွင့်အရေး ပေးတယ်လေ။ ငါ့ဘဝကို သူ လိုချင်တယ်ဆိုရင်တောင် ငါ ဘယ်တော့မှ ငြင်းမှာမဟုတ်ဘူး။ နောက်ပြီး ငါတို့ …”

သူမ စကားပင် မဆုံးသေး လူထွားကြီးတစ်ယောက် ခန်းမတံခါးဝတွင် အလျင်စလို ပေါ်လာသည်။

“GM နဲ့ အကြီးအကဲဟောင်… ချီလုပ်ငန်းစုရဲ့စီအီးအို ချီချန်းရှန်နဲ့ သူ့ရဲ့သား ချီချန်းချင် လာပါတယ်။ အပြင်မှာ အခု စောင့်နေကြတယ်။”

ထျန်းလီက သူမ၏မျက်ခုံးများအား ပင့်တင်လိုက်ပြီး မထီတထီဟန်ဖြင့်

“သားအဖ၂ယောက်တည်း လာတာလား။”

“ဟုတ်ကဲ့။ သူတို့၂ယောက်တည်းပါ။”

“ကြည့်ရတာ သူ သတင်းတွေ ကြားပြီးပြီထင်တယ်။ အထဲပေးဝင်လိုက်ပါ။” ထျန်းလီက ပေါ့ပါးစွာ ပြောလိုက်သည်။

“ဟုတ်ကဲ့။” လူထွားကြီး နာခံကာ လျင်မြန်စွာ ထွက်ခွာသွားသည်။

ဟောင်လဲ့က ပခုံးတွန့်ကာ ရယ်မောလိုက်ရင်း

“ဒီဟာကိုတော့ နင် ကိုင်တွယ်ဖို့ ငါ ထားခဲ့တော့မယ်။ ငါ အနားခဏ ပြန်ယူပြီး မနက်ဖြန် ခမ်းနားသော အနာဂတ် ကျောက်မျက်လုပ်ငန်းက ကိစ္စလေးတွေ လက်စသွားသတ်ထားလိုက်မယ်။ ကျင်းမန်ကျွန်းက ရုံးချုပ်ကို သဘက်ခါ သွားကြမယ်။ အိုး ဘုရားသခင်  … ကျွန်မတော့ စိတ်လှုပ်ရှားနေပါပြီ။”

ထျန်းလီက ခေါင်းညိတ်ပြလိုက်ရင်း

“သူဋ္ဌေးက မနက်ဖြန် ဒီက ထွက်သွားတော့မှာဆိုတော့ ငါတို့လည်း သဘက်ခါ သွားလို့ရပါပြီ။”

၂မိနစ် ကြာပြီးနောက် ထျန်းလီသည် ခန်းမထဲတွင် တစ်ယောက်တည်း ထိုင်နေလျက် အေးစက်စက် အမူအရာဖြင့် ချီချန်းရှန်တို့ သားအဖ ဝင်လာသည်ကို  ကြည့်နေသည်။

“အကြီးအကဲ ထျန်း…”

အနေရခက်သော အပြုံးဖြင့် ချီချန်းရှန်က ထျန်းလီရှေ့သို့ ရောက်လာသည်။

“ကိစ္စတစ်ခုခု ရှိလို့လား။” ထျန်းလီက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

ချီချန်းရှန်က သူ၏အိတ်ကပ်ထဲမှ ချက်လက်မှတ်တစ်စောင်အား ထုတ်ကာ ထျန်းလီအား ကောင်းမွန်စွာ ကမ်းပေးရင်း

“အခုညမှပဲ ဒီနေ့ပြသနာတွေကို ငါ ကြားရလို့ပါ။ ဒီချက်လက်မှတ်လေးကို ထာဝရခန်းမရဲ့သူဋ္ဌေးကို တောင်းပန်တဲ့ အနေနဲ့ ကျေးဇူးပြုပြီး လက်ခံပေးပါ။”

“ရှင့်ကို သတင်းတွေ ဘယ်သူတွေ ပြောတာလဲ။” ထျန်းလီက ချက်လက်မှတ်အား မယူသေးဘဲ မေးလိုက်သည်။

“ဒုချန်ဇီ ပြောတာ။ အဲ့ဒီသတင်းအတွက် ငါ့ကို ၁ဘီလီယံ တောင်းတယ်လေ။”

ချီချန်းရှန်က ပြောပြသည်။

ထျန်းလီက သူမ၏မျက်ခုံးများအား ပင့်တင်လိုက်ရင်း

“ဒုချန်ဇီက ရှင့်ကို ရိတ်လိုက်တာပေါ့။ ဘာပဲဖြစ်ဖြစ် အဲ့လိုမျိုးသတင်းကိုတောင် ရှင်က ဈေးကြီးပေးဝယ်တယ်ဆိုတော့ အကြောင်းစုံ သိပြီးသားဖြစ်နေလိမ့်မယ်လို့ ကျွန်မ ယုံတယ်။ ထာဝရခန်းမက ဒီငွေ၁ဘီလီယံလောက်ကို ဂရုစိုက်မယ်လို့ ရှင်တွေးနေတာလား။”

“အကြီးအကဲထျန်း… ငါ့မှာ ပိုက်ဆံ အဲ့လောက်အများကြီး မရှိပါဘူး။ ၅၀၀မီလီယံကို ဒုချန်ဇီကို ပေးလိုက်ရတယ်။ အခုပေးဖို့ ၁ဘီလီယံကို ငါ့သူငယ်ချင်းဆီက ချေးလာတာပါ။ ကျန်းဂရုနဲ့ ဝမ်ယွမ်အိမ်ခြံမြေက ငါ့ထက်ပိုချမ်းသာပါတယ်။ အဲ့ဒါကြောင့်မို့ အခုပေးတဲ့ ငွေပမာဏက ငါ့အတွက် အကန့်အသတ်ကိုတောင် ရောက်နေတဲ့ ပမာဏပါ။”

“ကောင်းပြီလေ ဒါကို စဉ်းစားပေးလိုက်မယ်။” ချီချန်းရှန်၏စကားကို ကြားသည့် ထျန်းလီက ချက်လက်မှတ်အား လက်ခံလိုက်သည်။

ချီချန်းရှန်၏စိတ်တွင်းတွင် တိတ်တဆိတ် စိတ်သက်သာရရသွားကာ အလျင်စလို ပြောလိုက်သည်။

“ဒီလိုဆိုမှဖြင့် အကြီးအကဲထျန်းကို မနှောင့်ယှက်တော့ပါဘူး။ သွားလိုက်ပါဦးမယ်။”

“နေပါဦး။”

ထျန်းလီက ရုတ်တရက် ပြုံးလိုက်သည်။

“ရှင် ပြန်သွားရင် ဒုချန်ဇီကို သတင်းတစ်ခု ပါးပေးစမ်းပါ။ အကြောင်းပြချက် လုံးဝမရှိဘဲ ၁ဘီလီယံ ရထားတဲ့ သူ့အတွက် စံနမူနာတစ်ခု ဖြစ်လိမ့်မယ်လို့။”

ချီချန်းရှန်၏မျက်လုံးများ အရောင်လက်သွားကာ ချက်ချင်း ပြောလိုက်သည်။

“စိတ်မပူပါနဲ့။ ငါ ပြောလိုက်ပါမယ်။”

ထာဝရခန်းမမှ ထွက်လာပြီးနောက် ချီချန်းရှန်၏မျက်နှာထက်တွင် လှောင်ရိပ်တစ်ခု ပေါ်ထွက်လာပြီး ဒုချန်ဇီဆီ ဖုန်းဆက်လိုက်သည်။

“ညီအစ်ကို ဒု… ငါ့ကို သတင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ငါ ဖြေရှင်းပြီးခဲ့ပြီ။ ဒါပေမယ့် ငါ ပြန်လာခါနီးမှာ ထျန်းလီက မင်းကို သတင်းစကားတစ်ခု ပါးခိုင်းလိုက်တယ်။”

“ဘာများလဲ။” ဒုချန်ဇီ အရေးတကြီး မေးလိုက်သည်။

“တစ်ယောက်တည်း အစာကောင်းတွေ ကြိတ်မစားနဲ့တဲ့။”

အစားကောင်းတွေ သိမ်းပြီး ကြိတ်စားတာလား။

ဒုချန်ဇီ အနားမယူသေးရသေးသော်လည်း သူ၏မျက်နှာ ပျက်သွားသည်။ အချိန်အတန်ကြာမျှ တိတ်ဆိတ်သွားပြီးနောက် သူက ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ငါ ဘာလုပ်ရမယ်ဆိုတာကို သိပြီ။”

“နောက်မှ တွေ့ကြတာပေါ့။”

ဖုန်းပြောပြီးသည်နှင့် ချီချန်းရှန်သည် အနားမှ သားဖြစ်သူ ချီချန်းချင်အား လှည့်ကြည့်လိုက်သည်။ သူ့သားသာ မဟုတ်ပါက တစ်ညတည်းနှင့် ၂ဘီလီယံ ကုန်ရသည့်အတွက် အသေရိုက်သတ်မိလိမ့်မည် ဖြစ်သည်။

ထိုအရာသည် ယွမ် ၂ဘီလီယံ ဖြစ်သည်။ ချီမိသားစုအနေဖြင့် စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုနှင့် ပိုင်ဆိုင်မှုအများအပြား ရှိသည်ဆိုသော်လည်း ၂ဘီလီယံဆိုသည့် ပမာဏမှာ ကြီးစွာသော အကျိုးသက်ရောက်မှု ရှိပေသည်။

“အဖေ … ကျွန်တော် အမှားတစ်ခု လုပ်မိပါတယ်။ နောက်အနာဂတ်မှာ ဘယ်လိုအမှားမျိုးမှ မဖြစ်စေရတော့ဘူးလို့ ကျွန်တော် ကတိပေးတယ်။”

သူ့အဖေ၏ဒေါသကို သိသော ချီချန်းချင်က အလျင်အမြန် ပြောလိုက်သည်။

ချီချန်းရှန် အသက်ပြင်းပြင်းတစ်ချက် ရှူကာ ဒေါသအား ဖိနှိပ်လိုက်သည်။

သင်ခန်းစာ တစ်ခု ရရန်အတွက် ငွေသုံးလိုက်ရခြင်း။

၂ဘီလီယံယွမ် သုံးလိုက်သဖြင့် သားဖြစ်သူ၏ အကျင့်ဆိုးအား ပယ်ပျောက်စေနိုင်ပြီး မိသားစု၏စီးပွားရေးလုပ်ငန်းအား ကောင်းစွာ လုပ်ကိုင်လွှဲပြောင်းယူနိုင်မည်ဆိုပါက အဆင်ပြေကောင်းမွန်သည်ဟု ဆိုနိုင်ပေသည်။

သို့သော်လည်း တန်ဖိုးကား ကြီးမားလွန်းလှချေသည်။

နောက်တစ်နေ့မနက်ခင်းတွင် ထန်ရှု အိပ်ရာမှ နိုးလာသည်။ ပြီးခဲ့တဲ့ညက လေးနာရီကြာ ကျင့်ကြံပြီးနောက် သူ အိပ်ရာဝင်ခဲ့သည်။ သူ၏လက်ရှိကျင့်ကြံမှုအဆင့်အရ ၁၅ရက်တိုင်တိုင် မအိပ်ရလျှင်တောင် ပြသနာမရှိပါချေ။ သို့သော်လည်း သူ၏စိတ်ဝိညာဉ် အားပြည့်စေရန် အိပ်စက်ရန်အတွက် သူ ရွေးချယ်လိုက်ခြင်းဖြစ်သည်။

“သူဋ္ဌေး…”

ဆိုဖာမှ ထကာ ထျန်းလီက လေးစားစွာ နှုတ်ဆက်လိုက်သည်။

“မနေ့က ကိစ္စဆောင်ရွက်တာတွေကို အသေးစိတ်ဆောင်ရွက်ရဲ့လား။ ဘာတွေ ထပ်ဖြစ်သေးလဲ။”

“အကုန်လုံး ဆောင်ရွက်ပြီးပါပြီ။ လီကျွီရန်ကလည်း မနေ့ညက ဖုန်းဆက်တယ်။ သူ့အကူအညီနဲ့ တခြားဘာပြသနာမှ ထပ်မရှိတော့ဘူး။ ကျန်းထျန်းဘနဲ့ တခြားလူတွေကလည်း ဒီအကြောင်းကို ဖုံးဖိဖျောက်ဖျက်လိုက်ကြတော့ အေးဆေးပါပဲ။” ထျန်းလီက ပြောသည်။

ထန်ရှုက ထီမထင်ဟန်ဖြင့်

“သူတို့အသက်ရှိနေသရွေ့  တစ်ခွန်းမှတောင် ဟရဲတော့မှာမဟုတ်ဘူး။ ဒါနဲ့ ခင်ဗျား မနက်စာ စားပြီးပြီလား။”

“မစားရသေးဘူး သူဋ္ဌေး။” ထျန်းလီက ခေါင်းယမ်းပြသည်။

“လာ …. ကျွန်တော်နဲ့အတူ မနက်စာ စားကြတာပေါ့။ စားပြီးတာနဲ့ ကျွန်တော်လည်း လေယာဉ်စီးဖို့ သွားတော့မယ်။”

ထျန်းလီက နာခံစွာဖြင့် ထန်ရှု၏အနောက်မှ နေကာ ထမင်းစားခန်းသို့ ထွက်လာကြသည်။

အိမ်တော်ထိန်းနှင့် အခိုင်းအစေများမှ ပြင်ပေးထားသော မနက်စာ စားပွဲတွင်  ထန်ရှုနှင့် ထျန်းလီတို့ ထိုင်လိုက်ကြသည်။

“သူဋ္ဌေးပြန်သွားပြီးနောက်မှ ချီချန်းချင်ရဲ့အဖေ ချီချန်းရှန် လာသွားတယ်။ သူ့သားကို တောင်းပန်ဖို့ ခေါ်လာသလို ယွမ်၁ဘီလီယံကိုလည်း တောင်းပန်တဲ့အနေနဲ့ ပေးသွားတယ်။”

ထျန်းလီက မနက်စာ စားရင်း ပြောပြသည်။

ထန်ရှုက ခေါင်းညိတ်လိုက်ရင်း

“ဒီဟာကို ကျင်းမန်ကျွန်းကို လျော်ကြေးအဖြစ် ယူသွားပြီး ဂူရှောင်ရွှဲ့ကို ပေးလိုက်ပါ။ ကျွန်တော့်မှာ လုပ်စရာတွေက များတော့ ထာဝရခန်းမကို နည်းနည်းပါးပါးပဲ စီမံနိုင်လိမ့်မယ်။ နောက်ပိုင်း ကိစ္စရှိရင် သူမကို ရှာနိုင်တယ်။ မရှင်းနိုင်တဲ့ ကိစ္စတွေ ရှိရင်သာ ကျွန်တော့်ကို ဆက်သွယ်လိုက်ပါ။”

ထျန်းလီက တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက်

“သူဋ္ဌေးက ထာဝရခန်းမကို ပုံမှန် အုပ်ချူပ်မှာ မဟုတ်ဘူးလား။”

“ကျွန်တော်က ဒီနှစ်မှ တက္ကသိုလ်ဝင်တန်း အောင်ပြီးခါစ ကျောင်းသားတစ်ယောက်လေ။ ရွှန်းချင်ဒေသမှာတော့ ကျွန်တော့်အမှတ်က ထိပ်သီးအမှတ် ဖြစ်သွားသေးတယ်။ ရှန်ဟိုင်းတက္ကသိုလ်မှာ ကျောင်းသွားတက်ဖို့ လုပ်ရဦးမယ်။”

ထျန်းလီ၏မျက်လုံးများ ပြူးကျယ်သွားရသည်။ ထန်ရှုသည် တက္ကသိုလ်ဝင်တန်းအောင်ပြီးခါစ ကျောင်းသားတစ်ယောက် ဖြစ်လိမ့်မည်ဟု သူမ ထင်မထားမိချေ။ ပိုပြီး ထင်မထားမိသည်မှာ ရွှန်းချင်ဒေသတွင် ပထမစွဲခဲ့သော ထိပ်သီးကျောင်းသား တစ်ယောက်ဖြစ်နေသည်ကိုပင်။

“သူဋ္ဌေး… တက္ကသိုလ်တက်ဖို့က လိုအပ်တယ်လို့ သူဋ္ဌေးစိတ်ထဲမှာ ထင်တာလား။” ထျန်းလီက စူးစမ်းလိုက်သည်။

ထန်ရှုက မချိပြုံး ပြုံးလိုက်ရင်း

“ကျွန်တော့်ထင်မြင်ချက်ကို မေးတယ်ဆိုရင် ဒါဟာမလိုဘူးလို့ ဖြေရမှာပဲ။ ဒါပေမယ့် ကျွန်တော့်အမေရဲ့အကြီးမားဆုံး အိပ်မက်က ကျွန်တော့်ကို တက္ကသိုလ်တစ်ခုခုက ဘွဲ့ရယူစေချင်တာလေ။”

ထျန်းလီ၏မျက်လုံးများထဲတွင် အလင်းတစ်ချက် လက်သွားပြီး သူမ၏ခေါင်းကို ငုံ့ကာ ထပ်စကားဆိုလိုက်သည်။

“သူဋ္ဌေး…ငါ မေးခွန်းတစ်ခု မေးလို့ရမလား။ သူဋ္ဌေး ဖြေချင်စိတ်မရှိရင် မဖြေလို့လည်း ရပါတယ်။”

“မေးပါ။ ကျွန်တော့်အရှေ့မှာ သတိကြီးစွာ ထားပြီး အနေရခက်တဲ့ပုံစံမျိုး မဖြစ်ပါနဲ့။ ကျွန်တော့်ရန်သူတွေအတွက် သွေးချောင်းစီးအောင် လုပ်တယ်ဆိုပေမယ့် ကျွန်တော့်လက်အောက်က လူတွေအတွက် လုံးဝကွဲပြားပါလိမ့်မယ်။ ယုံကြည်ချက်ထားစမ်းပါဗျ။”

ထန်ရှုက အပြုံးဖြင့် ပြောလိုက်သည်။

“သူဋ္ဌေးကြီးက ငါတို့ကို ငယ်ငယ်ကတည်းက မြေတောင်မြှောက်ပေးလာတာ။ သူမသာ မရှိရင် ငါတို့ အခုထိ အသက်ရှင်ဦးမှာမဟုတ်ပါဘူး။ သူဋ္ဌေးကြီးက ငယ်ငယ်ကတည်းက ထန်ရှုလို့ခေါ်တဲ့ လူတစ်ယောက်ကို ရှာဖို့ အမြဲပြောပြဖူးတယ်။ အဲ့ဒီလူက သူဋ္ဌေးမဟုတ်လား။”

“မှန်တယ်။ အဲ့ဒါ ကျွန်တော်ပါပဲ။”

ထန်ရှုက ဖြေသည်။

“အဲ့ဒါဆို သူဋ္ဌေးနဲ့ သူဋ္ဌေးကြီးရဲ့ပတ်သက်မှုက …” ထျန်းလီ မေးသည်။

“ယန်အာက ကျွန်တော့်တပည့်မလေးပါ။”

ထန်ရှုက ပေါ့ပါးစွာ ပြောသည်။

“ဘယ်လို…” ထျန်းလီ မယုံကြည်နိုင်ဖြစ်သွားရပြီး အယောင်ယောင်အမှားမှားဖြင့် ထရပ်မိသည်။

ထန်ရှုက မချိပြုံး ပြုံးလိုက်ပြီး

“တစ်ချို့အရာတွေက လျှို့ဝှက်ချက်တစ်ခုအဖြစ် သိမ်းထားရတယ်။ အခုအချိန်မှာ ခင်ဗျားမှာ ဒီအကြောင်းတွေ သိဖို့ အရည်အချင်းမပြည့်သေးဘူး။ တစ်ချိန်ကျ ခင်ဗျားရဲ့ကျင့်ကြံမှုက တခြားကမ္ဘာကိုသွားဖို့ အတွက် ကျွန်တော့်အနောက် လိုက်မီလာခဲ့ရင် နားလည်လာလိမ့်မယ်။”

တစ်ခြားကမ္ဘာကိုလား။

ထျန်းလီ၏မျက်နှာထက်တွင် အံ့အားသင့်သွားမှု ဖြစ်ပေါ်လာကာ ထန်ရှုအား ကြည့်လိုက်သည်။ ကမ္ဘာပေါ်တွင် တခြားကမ္ဘာတစ်ခုရှိသည်ကို  သူမ မတွေးမိဖူးသောကြောင့် သူမ၏ရင်ထဲတွင် မုန်တိုင်းထန်နေလျက်ရှိသည်။

“သူ..သူဋ္ဌေး ပြောတဲ့ တခြားကမ္ဘာက ဘာကြီးလဲ ဘယ်နေရာမှာရှိတာလဲ။”

ထန်ရှုက လေးနက်သော အမူအရာဖြင့်

“အခုတော့ ခင်ဗျား သိဖို့ မလိုသေးဘူး။ အင်မော်တယ်အဆင့်ကို ရောက်တဲ့အခါကျရင် ကျွန်တော် ပြောပြမှာပါ။ အခုတော့ ဒီမှာပဲ ရပ်ကြစို့ရဲ့။ ကျွန်တော် ပြောပြတဲ့စကားတွေကိုလည်း တစ်ခြားလူတွေကို မပြောပါနဲ့။”

“ဟုတ်ကဲ့” ထျန်းလီ လေးစားစွာ ပြောလိုက်သည်။

ထန်ရှုက သူ၏လက်အား ဝှေ့ယမ်းကာ သူမအား ပြန်ထိုင်ရန် အချက်ပြပြီး မနက်စာ ဆက်စားလိုက်သည်။

***

All Chapters