ပျင်းရိပြီး ကံမကောင်းသော လူဝကြီး
Vol. 06 Ch. 289
လောင်ကမ်းခြေဟိုတယ်သည် အလွန်ကြီးမားပြီး အတွင်းပိုင်းအပြင်အဆင်သည်လည်း တင့်တယ်လှပသည်။ ဆောက်လုပ်မှုဒီဇိုင်းသည် အလွန်စိတ်လှုပ်ရှားဖွယ်ဖြစ်ကာ ဘန်ဂလိုတစ်လုံးစီသည် ကြီးမားကျယ်ပြန့်ပြီး တန်ဖိုးကြီးမားသော သီးနှံစိုက်ခင်းများနှင့် အရောင်အသွေးစုံလင်လှသော ပန်းခင်းများဖြင့် ပဏာရလှသည်။
နေရာတိုင်းတွင် ခန့်ညားလှသော အမျိုးသားများနှင့် မိန်းမလှလေးများဖြင့် စည်ကားနေသည်။ ၁၀မိနစ်အတွင်း ထန်ရှုသည် တန်ဖိုးကြီးကားများစွာအား မြင်တွေ့ခဲ့ရပြီး ကမ္ဘာတွင် အကန့်အသတ်နှင့်သာ ထုတ်လုပ်ကာ တရုတ်ပြည်တွင် မြင်တွေ့ရန် ရှားပါးလှသော တန်ဖိုး၁၀မီလီယံများစွာနှင့်အထက် ရှိသည့် ဘူဂတ်တီ ဗေရွန်ကားကိုပင် တွေ့လိုက်ရလေသည်။
“ကျွန်မ ထင်တာ မှန်မယ်ဆိုရင် မစ္စတာထန်က တရုတ်ပြည်က လာတာမဟုတ်လား။”
ဂျက်စမင်းက အတန်ငယ် ရင်းနှီးသည့်ဟန်ဖြင့် ထန်ရှုအား စကားဆိုသည်။ သူမသည် ခန်းမလမ်းတစ်လျှောက် ထန်ရှုအား လမ်းပြခေါ်လာစဉ်တွင် ထန်ရှုအား ဟိုတယ်၏ ဆောက်လုပ်ရေးပုံစံရှုခင်းအား အပြုံးဖြင့် ရှင်းပြလာခဲ့သည်။
“မှန်ပါတယ်။”
ထန်ရှုက ခေါင်းတစ်ချက်ညိတ်ကာ ဖြေလိုက်သည်။
“ဒီနေ့ခေတ် တရုတ်ပြည်ရဲ့စီးပွားရေးက တိုးတက်မှုမြန်ဆန်လာပြီး ရှင်တို့တိုင်းပြည်ကလူတွေက ပိုပြီးချမ်းသာလာကြတယ်။ လောင်ကမ်းခြေဟိုတယ်ကို လာတဲ့ ၅ပုံ၁ပုံက ရှင်တို့တိုင်းပြည်ကလူတွေချည်းပဲ။” အိုင်ဂျက်စမင်းက အပြုံးဖြင့် စကားဆိုသည်။
“အဲ့လောက်တောင် များတာလား။” ထန်ရှုက အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
“လောင်ကမ်းခြေဟိုတယ်ရဲ့ဂုဏ်သတင်းက ရှင်တို့နိုင်ငံမှာ ပျံ့နှံ့နေလို့လည်း ဖြစ်နိုင်ပါတယ်။ အဲ့ဒါကြောင့် ရှင်တို့တိုင်းပြည်က ဧည့်သည်တော်တွေက ဒီမှာ တည်းဖို့ သဘောကျကြတယ်။ ဈေးနှုန်းက အတော်အတန် မြင့်တယ်ဆိုပေမယ့်လည်း သူတို့ အဲ့ဒီဈေးနှုန်းကို ဂရုမစိုက်ကြဘူး။ ဒီမှာရှိတဲ့ ကာစီနိုကလည်း ရှင်တို့တိုင်းပြည်က ဧည့်သည်တော်တွေ အများဆုံး သွားကြတဲ့နေရာပဲလေ။”
ကာစီနိုတစ်ခုရှိတာလား။
ထိုစကားကို ကြားသည်နှင့် ထန်ရှု၏မျက်နှာထက်တွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ပေါ်ထွက်လာသည်။ သူ၏မှတ်ဉာဏ်ထဲတွင် လုံကျန့်ယုအား ကူညီခဲ့သော ကစားပွဲနှင့် ကျားလွေဒေါင်၏လောင်းကစားပွဲများအား ပြန်လည် သတိရလာသည်။ ထိုလောင်းကစားပွဲနှစ်ခုမှ သူ အကျိုးအမြတ်များစွာ ရရှိခဲ့ဖူးသည်။
ဒီကို ရောက်လာပြီးမှတော့ သူ အနည်းငယ်ကစားသင့်သလား။
အတွေးတစ်ချက် ဖြစ်ပေါ်လာပြီး လျင်မြန်စွာ သူ ဆုံးဖြတ်ချက်ချလိုက်သည်။ ကိစ္စဝိစ္စများ ပြီးသည့်အခါ အားလပ်ချိန်အနည်းငယ်ရှိပါက ကာစီနိုတစ်ခုသွားကာ ကစားနည်းအချို့ ကစားရန်ဖြစ်သည်။ သူ့အနေဖြင့် နိုင်ငံခြားတိုင်းပြည်တစ်ခုတွင် လောင်းကစားရသည့် အတွေ့အကြုံအား လိုချင်သည့်နည်းတူ အဆင်ပြေပါက ငွေကြေးလည်း ရှာနိုင်ပေလိမ့်မည်ဖြစ်သည်။
လက်ရှိသူ့တွင် အတိတ်ကလို မဟုတ်ဘဲ ပိုမိုချမ်းသာနေပြီဖြစ်သည်။
ကျိချွိမိန်ပေးထားသော ဘဏ်ကတ်ထဲတွင် ၈ဘီလီယံ ရှိနေသေးသည်။ မူလက သူသည် ထိုကတ်အား ဂူရှောင်ရွှဲ့အား ပြန်ပေးရန် စဉ်းစားထားသော်လည်း ဟောင်ကောင်တွင် ကျန်းထျန်းဘ၊ ချန်းကျန်းရီ၊ ဒုကျန်ဇီနှင့် ချီချန်းရှန်တို့နှင့် မတော်တဆ ဖြစ်ပွားပြီးနောက် သူ့လက်ထဲတွင် ရှိသော ၈ဘီလီယံထက်မကသော ကြီးမားသော အနာဂတ်တစ်ခုအား ထာဝရခန်းမအတွက် ရရှိခဲ့သည်။
ထို့ကြောင့် သူသည် ထို၈ဘီလီယံအား နဂါးကိုးကောင်ကျွန်း ပြန်လည်တည်ဆောက်ရာတွင် အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း ထိုကျွန်းမှာ အလွန်ကြီးမားသောကြောင့် သူ၏စိတ်ကူးထဲမှ ပြန်လည်တည်ဆောက်ခြင်း အစီအစဉ်အရဆိုပါက ၈ဘီလီယံအသာထားဘိ ၈၀ဘီလီယံပင် လောက်ငမည်မဟုတ်ပါချေ။ ထို့ကြောင့် ကာစီနိုမှ ငွေကြေးအချို့အနိုင်ရပါက အနာဂတ်တွင် သူ့အတွက် ပိုပြီး သက်တောင့်သက်သာ ရှိလိမ့်မည် ဖြစ်သည်။
ကျန်းမာရေး ကလပ်တွင်…
အိုင်ဂျက်စမင်းက ထန်ရှုအား အတွင်းသို့ ခေါ်ဆောင်လာသောကြောင့် မိန်းမလှလေး၄ယောက် ပေါ်ထွက်လာသည်။ ညအိတ်ဝတ်စုံနှင့် နူးညံံ့သော ဖိနပ်လေးများအား ဝတ်ဆင်ထားသော ထိုမိန်းမလှလေးများသည် ထန်ရှုအား အရိုအသေပေးလိုက်ကြသည်။ ထိုအထဲမှ တစ်ယောက်က ပီသသော အင်္ဂလိပ်စကားဖြင့်
“ကြိုဆိုပါတယ် လူကြီးမင်း။ ဘယ်လိုဝန်ဆောင်မှုများ ရွေးချယ်ထားသလဲဆိုတာ သိပါရစေ။”
အိုင်ဂျက်စမင်းက သူမအား ပြန်ဖြေလိုက်သည်။
“သူက မစ္စတာထန်ပါ။ ထိုင်းအနှိပ်ကို သူ ရွေးထားတယ်။ သူ့အတွက် စီစဉ်ပေးပါဦး။ ကျွန်မ အနားယူတဲ့နေရာမှာ စောင့်နေပါမယ်။ ဝန်ဆောင်မှုပြီးရင် ကျွန်မကို အကြောင်းကြားပေးဖို့ မမေ့ပါနဲ့။”
“ကောင်းပါပြီရှင်။”
ဟိုတယ်၏ဒုတိယဥက္ကဋ္ဌအဖြစ် အိုင်ဂျက်စမင်းအား ထိုမိန်းကလေးများမှ သိကြသောကြောင့် သူမအား လေးစားစွာဖြင့် ဆက်ဆံကြသည်။
“ကျွန်မနဲ့ လိုက်ခဲ့ပါ မစ္စတာထန်။”
မိန်းမလှလေးတစ်ယောက်မှ ဖိတ်ခေါ်သည့်အမူအရာ ပြကာ ထန်ရှုအား အတွင်းရှိ အထူးကောင်းမွန်စွာ ပြင်ဆင်ထားသည့် ကော်ရစ်ဒါထောင့်တစ်နေရာသို့ ခေါ်ဆောင်သည်။ ထိုကဲ့သို့ ကော်ရစ်ဒါ၂ခုအား ဖြတ်သန်းပြီးနောက် လှပစွာ ပြင်ဆင်ထားသော ခန်းမထဲသို့ ရောက်လာပြီး ထန်ရှုအား အခန်းထဲသို့ လမ်းပြကာ မေးလိုက်သည်။
“မစ္စတာထန်… သီးသန့်ခန်းတစ်ခု လိုလား ဒါမှမဟုတ် အများနဲ့အတူ သုံးမလား။ သီးသန့်ခန်းမှာဆိုရင် နှိပ်တဲ့ ဝန်ထမ်းရှိမယ့်အပြင် ဝန်ဆောင်မှုပေးဖို့ ဝန်ထမ်း၂ယောက် သီးသန့်ရှိမယ်။ အများခန်းမှာဆိုရင် ကုတင်၃လုံးနဲ့ နှိပ်တဲ့ဝန်ထမ်း၃ယောက်ရယ်၊ ဝန်ဆောင်မှုပေးဖို့ ဝန်ထမ်း၃ယောက်ရယ် ရှိပါမယ်။”
ထန်ရှု တစ်ချက်စဉ်းစားလိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ကျွန်တော့်ကို အများခန်းပဲ ခေါ်သွားပါ။ သီးသန့်ခန်းဆိုရင် အရမ်း အသုံးအဖြုန်းကြီးရာ ကျပါတယ်။”
“ကောင်းပါပြီ။”
မိန်းမလှလေးက ထန်ရှုအား အခြားခန်းမတစ်ခုသို့ ခေါ်သွားကာ အခန်းတစ်ခုအား တံခါးဖွင့်လိုက်သည်။ ထိုအချိန်တွင် အခန်းထဲ၌ ထိုင်းအနှိပ်ခံယူနေသော အခြားဧည့်သည်တစ်ယောက် ရှိနှင့်နေသည်။ ထိုဧည့်သည် ဆူဖြိုးသော ကိုယ်ခန္ဓာ၊ ကြီးမားသောနားရွက်များနှင့် ဆံပင်တိုတိုဖြစ်ပြီး တုတ်ခိုင်သော လည်ပင်းအထက်တွင် ရွှေဆွဲကြိုးတုတ်တုတ်တစ်ကုံးအား ဆွဲထားသည်ကို ခရစ်စတယ်မီးရောင်အောက်တွင် တွေ့မြင်နိုင်သည်။
ထိုလူဝကြီးသည် ထန်ရှု ရောက်လာသည်ကို တွေ့သောအခါ မိန်းမလှလေး၏ထိုင်းအနှိပ်ခံနေရာမှ ထန်ရှုအား တစ်ချက်စိုက်ကြည့်လိုက်ရင်း အသံနက်ဖြင့်
“ဂျပန်တစ်ယောက်လား။”
“တရုတ်။”
ထန်ရှုက နဖူးအား ပင့်တင်ကာ မန်ဒရင်းဘာသာဖြင့် ပြောလိုက်သည်။
သက်လတ်ပိုင်းလူဝကြီးက တစ်ချက်မျှ တွေဝေသွားပြီး သူ၏မျက်နှာထက်တွင် အပြုံးသဲ့သဲ့တစ်ချက် ပေါ်ထွက်လာကာ သူ၏လက်အား ထန်ရှုဆီသို့ မြှောက်ပြလိုက်ပြီး
“ငါက မင်းကို ဂျပန်တစ်ယောက် ထင်နေတာ။ ဟေး ညီငယ်လေး … လာ ငါ့အနားက ကုတင်ကို ယူလိုက်။”
ထန်ရှုက ခပ်ဖွဖွ ပြုံးလိုက်ရင်း မိန်းမလှလေးအား ကြည့်ကာ
“ဒီဟာက ငါ့အတွက် ထိုင်းအနှိပ်ခံတာ ပထဆုံးအကြိမ်မို့ မနှိပ်ခင် ငါ ဘာတွေ လုပ်ဖို့လိုဦးမလဲ။”
မိန်းမလှလေးက အကြံပေးသည်။
“အဝတ်လဲခန်းမှာ ရှင့်အဝတ်အစားတွေ လဲဖို့ လိုတယ်။ ရေချိုးချင်တယ်ဆိုရင် ဘေးအခန်းက ရေချိုးခန်းပါ။ တစ်ယောက်က ရှင့်ကို လိုက်ပြပေးပါလိမ့်မယ်။ ပြီးရင် ထိုင်းအနှိပ်ဝန်ဆောင်မှု ပေးပါမယ်။ ရှင် လိုအပ်တာ တစ်ခုခုရှိလို့ ဝန်ထမ်းတွေကို ခေါ်လိုက်ရင် အကောင်းဆုံး ဝန်ဆောင်မှု ပေးပါလိမ့်မယ်။”
“နားလည်ပြီ။”
ထန်ရှုက ခေါင်းညိတ်ကာ မိန်းကလေးအား ထွက်သွားနိုင်သည့်အကြောင်း အချက်ပြလိုက်သည်။ ထို့နောက် သူသည် အဝတ်လဲခန်းသို့ သွားကာ သူ၏အဝတ်အစားများအား လဲကာ ညအိတ်ဝတ်စုံ ပြောင်းလိုက်သည်။ ထို့နောက် ရေချိုးခန်းသို့ သွားကာ ၀တ်စုံအားချွတ်ပြီး ရေမိုးချိုးသည်။ ပြီးနောက် ညအိပ်ဝတ်စုံပြန်လဲကာ အများအနှိပ်ခန်းသို့ ပြန်လာခဲ့သည်။
“လူကြီးမင်းရှင့် … ကျွန်မက ရှင့်ကို နှိပ်ပေးမယ့်သူ ဖြစ်ပြီးတော့ သူမက ရှင့်ကို ဧည့်ခံပေးမယ့်သူ ဖြစ်ပါတယ်။ ရှင် လိုအပ်တာရှိရင် ကျွန်မတို့ကို ပြောနိုင်ပါတယ်။ အခု ရှင် စအနှိပ်ခံတော့မလား။”
ထန်ရှု တွေ့ခဲ့သော ပထမ မိန်းမလှလေးနှင့် ယှဉ်နိုင်လောက်အောင် လှပသော နောက်ထပ်မိန်းမလှလေးတစ်ယောက်က အဝါရောင်ဝတ်စုံဝတ်ဆင်ထားသောမိန်းကလေးတစ်ယောက်နှင့်အတူ နောက်မှလိုက်ပါလာပြီး ထန်ရှုအား မေးလိုက်သည်။
ထန်ရှုက သူမအား ခေါင်းညိတ်ပြကာ အတွင်းခံလေးသာ ဝတ်ဆင်ထားသော သက်လတ်ပိုင်း လူဝကြီးအား ကြည့်လိုက်ပြီး သူလည်း ရေချိုးခန်းမှလဲလာသော ဝတ်စုံအား ချွတ်ကာ အနားရှိ ကုတင်တစ်လုံးပေါ်သို့ လဲလျောင်းလိုက်သည်။
သက်လတ်ပိုင်း လူဝကြီးက ထန်ရှု၏လှုပ်ရှားမှုအား မျက်စိတစ်ချက် စွေကြည့်လိုက်ပြီး ပြုံးကာ မေးလိုက်သည်။
“ညီငယ်လေး … ဒီဟာက မင်းရဲ့ပထမဆုံးအကြိမ် ထိုင်းအနှိပ်ခံဖူးတာလား။ စိတ်လှုပ်ရှားနေလား။ စိတ်ကို လျှော့ထားလိုက် ကောင်လေး။ နှိပ်တာလေးကို ခံစားလိုက်။ ဒီနေရာမှာ ငါတို့က နတ်ဘုရားတွေလိုပဲ။”
အရှေ့မြောက်ပိုင်းလေသံဖြင့် ပြောနေသော လူဝကြီး၏စကားအား ကြားရသော် ထန်ရှု၏စိတ်ထဲ ရယ်ချင်သွားရသည်။
နှိပ်မည့် မိန်းကလေးက သူမ၏ဝတ်ရုံအား ချွတ်ကာ သူမ၏ကိုယ်ခန္ဓာတွင် အတွင်းခံဝတ်စုံလေးသာ ချန်ထားသည်။ ထို့နောက် သူမသည် လိမ်းနှိပ်ရာတွင် သုံးမည့်ဆီ၊ သန့်ရှင်းသော ပုဝါများနှင့် နှိပ်ရာတွင် အသုံးပြုမည့် အခြားအသုံးအဆောင်ပစ္စည်းများအား စတင်ပြင်ဆင်လိုက်သည်။
မကြာမီ နှိပ်မည့်မိန်းကလေး၏ ဖြူဝင်းသော လက်အစုံသည် ထန်ရှု၏ခန္ဓာကိုယ်အား ညင်သာစွာ ထိတွေ့လာရာ ထန်ရှု ကြက်သီးမွေးညှင်းများထကာ ခံစားမှုအတော်ကောင်းသွားရသည်။ ထိုအချိန်မှာပင် ထန်ရှုသည် စိတ်တွင်းမှ ကြိတ်ကာ နောင်တရမိသည်။ သည်ကဲ့သို့ အတွေ့အကြုံဟုသာ သူ စောစောသိခဲ့ပါက သီးသန့်အခန်းတစ်ခုအား သူ ယူမိမည်ဖြစ်ပေသည်။ (ငထန်တို့ကတော့ကွာ ဟွန်း ဟွန်း ဟွန်း…)
ထိုင်းအနှိပ်သည် အမှန်တကယ်ပင် လူတစ်ယောက်အား နေရထိုင်ရကောင်းမွန်စေကာ သက်တောင့်သက်သာ ရှိစေသည်။
ထိုနှိပ်ပေးသည့် မိန်းကလေးသည် တကယ်ကို ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်ကို ထန်ရှု ရှင်းလင်းစွာ ခံစားမိသည်။ သူမသည် လူတစ်ယောက်အား မည်ကဲ့သို့ နှိပ်နယ်ပေးရမည်ကို နက်ရှိုင်းစွာ သိရှိထားရုံမျှမက လူ့ခန္ဓာကိုယ်ရှိ သွေးကြောမှတ်များနှင့် မရီဒျာန်အမှတ်များကိုပင် နက်နဲသော ဗဟုသုတ ရှိနေသည်ကို ထန်ရှု ခပ်ရေးရေးပင် ပြောနိုင်ပေသည်။
သူမ၏ထိုင်းအနှိပ်သည် ပုံမှန်မဟုတ်သော်လည်း လူတစ်ယောက်အား နေရထိုင်ရကောင်းမွန်စေကာ သက်တောင့်သက်သာဖြစ်စေသည်။
သက်လတ်ပိုင်း လူဝကြီးမှာ သူနှင့်နိုင်ငံတူသော လူတစ်ယောက်အား သည်နေရာတွင် တွေ့ရသဖြင့် အနည်းငယ် စိတ်လှုပ်ရှားနေသည်။ သူ၏လက်မောင်းများပေါ်တွင် ခေါင်းတင်လျက် ထန်ရှုအား ကြည့်ရင်း မေးလိုက်သည်။
“ညီလေး … မင်းရဲ့နာမည် ငါ့ကို ခုထိ မပြောရသေးဘူး။ ဘယ်ဒေသက လာတာလဲ။ ငါ့နာမည်က လီလောင်ရှမ်း။ သူငယ်ချင်းတွေကတော့ ဂီဇာလီ-ဖက်တီးလို့ ခေါ်ကြတယ်။ ငါက တရုတ်ပြည်မြောက်ပိုင်း ဖူချန်က လာတာ။”
“ကျွန်တော့်နာမည်က ထန်ရှု။ ရွှမ်းချင်ဒေသ ကြယ်တာရာက လာတာပါ။”
အမှန်တော့ ထန်ရှု စကားပြောရန် တွန့်ဆုတ်နေသော်လည်း ထိုလူသည် သူနှင့် တစ်နိုင်ငံတည်းသားဖြစ်နေသောကြောင့် အလွန်အမင်း သီးခြားဆန်နေခြင်းမျိုးလည်း မဖြစ်ချင်ပေ။
ဂီဇာဖက်တီးလီသည် ကြယ်တာရာဒေသအား သိသောကြောင့် သက်ပြင်းတစ်ချက် ချကာ ချီးကျူးလိုက်သည်။
“အာ.. ကြယ်တာရာက နေရာကောင်းတစ်ခုပဲ။ ငါ အဲ့ဒီကို အကြိမ်အနည်းငယ်လောက် ရောက်ဖူးတယ်။ အထူးသဖြင့် လုံစားသောက်ခန်းမကိုပေါ့။ အဲ့ဒီက အထူးခန်းမမှာ တစ်ညနေခဲ့ဖူးတယ်။ အဲ့ဒါက ငါ့ကို ကောင်းမွန်တဲ့ အမြင်ကို ပေးစေတယ်။”
“ခင်ဗျား လုံခန်းမမှာ တစ်ညနေခဲ့ဖူးလိမ့်မယ်လို့ ထင်မထားမိဘူး။ ကြည့်ရတာ ကြယ်တာရာမှာ သူငယ်ချင်းတစ်ယောက် ရှိတဲ့ပုံပဲ။”
ထန်ရှုက အပြုံးဖြင့် ပြောသည်။
ဂီဇာဖက်တီးလီက တခိခိရယ်မောရင်း
“ဒါပေါ့။ ငါက သံမဏိလုပ်ငန်းကို လုပ်တော့ ပြည်တွင်းစီးပွားရေးလောကမှာ သူငယ်ချင်းတွေရော တခြားသိတဲ့သူတွေရော အများကြီး ရှိတယ်။ ဥပမာပြောရရင် မင်းတို့ကြယ်တာရာက အဆုံးမဲ့ဂုဏ်ရည်ဆေးဝါးလုပ်ငန်းရဲ့သူဋ္ဌေးကြီးပေါ့။ အဖိုးကြီးချန်းက ငါနဲ့ ခင်လာတာကြာပြီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်ပဲ။ ကြယ်တာရာကို နှစ်ကြိမ်သွားလည်တာ သူ့ဆီကို သွားတာလေ။”
အဖိုးကြီးချန်းလား။
ထန်ရှု အံ့အားသင့်စွာဖြင့်
“ခင်ဗျားပြောတာ ချန်းကျီကျုံးလား။”
“ဟုတ်တယ်။ ချန်းကျီကျုံးပါ။ အာ ညီငယ်လေး မင်းလည်း သူ့အကြောင်း ကြားဖူးတယ်လား။”
ဂီဇာဖက်တီးလီက ခေါင်းညိတ်ကာ ပြုံးသည်။
“ဟုတ်တယ်ဗျ။”
ထန်ရှုက တစ်ချက်ပြုံးကာ ပြန်ဖြေသည်။
ဂီဇာဖက်တီးလီက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ရင်း
“ဒါကလည်း အံ့သြစရာတော့ မရှိပါဘူး။ အဆုံးမဲ့ဂုဏ်ရည်ဆေးဝါးလုပ်ငန်းရဲ့ရုံးချုပ်က ကြယ်တာရာမှာ ရှိနေပြီး အဖိုးကြီးချန်းက စီးပွားရေးလောကမှာ နာမည်ကြီးဆိုတော့ မင်း သူ့ကို သိတာ မထူးဆန်းပါဘူး။ သူနဲ့တွေ့တာကလည်း အတော်ရယ်စရာကောင်းတယ်ကွ။ ငါတို့နှစ်ယောက်စလုံးက သိုင်းပညာအဖွဲ့အစည်းတစ်ခုက အဖွဲ့ဝင်တွေဖြစ်ပြီးတော့ သူက ငါ့ကို ဆိုးဆိုးရွားရွား အလဲထိုးခဲ့တယ်။ အဲ့ဒါနဲ့ပဲ ငါ ကြယ်တာရာကို သူနဲ့တိုက်ခိုက်ဖို့ နှစ်ခေါက်သွားရှာခဲ့တယ်။ ငါ့ရဲ့အဖိုးရေ အဲ့ဒီလူရဲ့ခွန်အားက အတော်ကောင်းတယ်ကွ။ ငါ တိုးတက်အောင် ပြင်ဆင်ပြီး သူ့ကို သွားရှာပေမယ့် သူက အမြဲတမ်း ငါ့ထက် ခြေတစ်လှမ်းသာနေသလို ခံစားရတယ်။”
ထန်ရှု၏မျက်နှာထက်မှ အပြုံးသည် ပိုမိုသိပ်သည်းလာခဲ့သည်။ သည်ဂီဇာဖက်တီးလီသည် နည်းနည်းလေးမျှ ရှိုးတိုးရှန်းတန်းမဖြစ်ဘဲ သူ့ကိုယ်သူ ပြောဆိုနေပေရာ ထိုအချက်သည် ထန်ရှုအား သူ့အပေါ် အမြင်ကောင်းအချို့ ဖြစ်ပေါ်စေသည်။ မကြာခဏဆိုသလို သူတို့၏အားနည်းချက်အား အခြားသူများသို့ အမှန်အတိုင်း ပြောပြတတ်သောလူများသည် ပွင့်ပွင့်လင်းလင်းနှင့် အကျင့်စရိုက်ကောင်း ရှိကြသေးသူများ ဖြစ်သည်။
“ချန်းကျီကျုံးက တကယ်ကို ခွန်အားကောင်းတစ်ရပ်ရှိတယ်။ ခင်ဗျား ခုချိန် ကြယ်တာရာကို သွားရင် သူရိုက်တာကို ပိုပြီးတောင် ခံရနိုင်လိမ့်မယ်။”
ထန်ရှုက ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။
ဂီဇာဖက်တီးလီက တစ်စက္ကန့်မျှ ကြောင်သွားပြီးမှ အံ့အားသင့်စွာ မေးလာသည်။
“မင်း သူ့ကို သိတာလား။”
“ဟုတ်တယ်။ ကျွန်တော် သူ့ကို သိပါတယ်။”
ထန်ရှုက ခေါင်းညိတ်ကာ အဖြေပေးသည်။
ထန်ရှုအား အကဲထပ်မံခတ်လိုက်ရင်း ဂီဇာဖက်တီးလီက ထပ်ပြောသည်။
“ချန်းကျီကျုံးနဲ့ ရင်းရင်းနှီးနှီး သိတဲ့သူက ရှားတယ်။ ညီငယ်လေး မင်းရဲ့နောက်ခံက သာမန်မဟုတ်ဘူးမလား။ ဒီအစ်ကိုကြီးကို ပြောပြပါဦး။ ကြယ်တာရာမှာ မင်းရဲ့မိသားစုက ဘာလုပ်တာလဲ။”
“ကျွန်တော်က အခုမှ တက္ကသိုလ်ဝင်ခွင့် အောင်ပြီးခါစ ကျောင်းသားလေးတစ်ယောက်ပါဗျာ။ စက်တင်ဘာမှ ကျောင်းစတက်ရမှာပါ။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း အသေးလေးတစ်ခု လုပ်နေပြီး အဲ့ဒါက ဆေးပင်တွေနဲ့ ချိတ်ဆက်နေတယ်လေ။ ဒါကြောင့်မို့ သူ့ကို သိတာပါ။” ထန်ရှုက တစ်ချက်ပြုံးကာ ပြောလိုက်သည်။
ထန်ရှု ပြောလိုက်သည့်အခါ ဂီဇာဖက်တီးလီမှာ ချက်ချင်း နားလည်သွားပြီး အံ့အားသင့်စွာ သက်ပြင်းတစ်ချက်ချကာ ချီးကျူးလိုက်သည်။
“မင်းက တကယ် အံ့သြဖို့ကောင်းတာပဲ ညီငယ်လေး။ ဒီအသက်အရွယ်လေးနဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခု ထူထောင်နိုင်ခဲ့ပြီ။ သောက်ကျိုးနည်း … ငါ မင်းအရွယ်တုန်းကဆိုရင် ကောင်မလေးတွေကို ဖွန်ကြောင်ပြီး သူငယ်ချင်းတွေနဲ့ နေ့တိုင်း သောက်စားပျော်ပါးနေခဲ့တာကွာ။”
***